25 May, 2010

မိုးဦးညနေ


နွေနေပူကိုမုန်းလို့
သွေးရူးသွေးတန်းမျှော်နေတဲ့
မိုးတိမ်တွေ မလာခင်
ခေတ္တခဏ ကင်းစင်တဲ့ ကောင်းကင်အောက်၊
ဆောင်းရာသီတုန်းက
နှင်းမြူတွေရဲ့ ပြန်ပေးဆွဲခံထားရတဲ့
ဟိုဝေးဝေးက တောင်တန်းတွေ
လွတ်မြောက်လာတဲ့ညနေ။

မနေ့ကမိုးက လန်းဆန်းစေလို့
ပုရစ်ဖူးတွေ စိမ်းစိုတဲ့တောတန်းထဲ
တောပန်းတွေ အစွမ်းကုန်ပွင့်နေတာ
ပွင့်ဖတ်တွေ မကြွေတော့မယ့်အတိုင်း။

အလင်းမပျောက်တပျောက်ကောင်းကင်ထဲ
လခြမ်းကွေးကို ငေးနေတုန်းမှာပဲ
တောင်တန်းတွေကို ပွေ့ဖက်နမ်းလို့ အားရသွားတဲ့
အဲဒီမိုးတိမ်တွေက
ကောင်ကင်ကို အပိုင်စီးလိုက်လေတယ်။

ခြေခင်းလက်ခင်း မဆန့်ရတော့မယ့် ညနေတွေ
များလာမှာ ကြိုသိနေပေမယ့်
မိုးကို ဝေးဝေး ခေါ်ဆောင်စေမယ်ဆို
အဲဒီလေကြမ်းတွေကိုလည်း မမျှော်ပါဘူး။
ငါ့ပတ်ဝန်းကျင်ကို ကန္တာရသဲတွေ မသယ်ဆောင်လာပါနဲ့၊
တဖွဲဖွဲမိုးကိုပဲ ငါမျှော်ခဲ့တာပါ၊
အစိမ်းရောင်တွေကို မကျိုးပဲ့စေချင်ဘူး၊
သနားစရာ တဲအိုတွေကို မပြိုစေချင်ဘူး၊
တစ်ချိန်ချိန်မှည့်လာမယ့် သီးကင်းတွေကိုလည်း မကြွေစေချင်ဘူး။

ငါ့ဘာသာ ဘယ်လိုပဲစိတ်ကူးကူး
အဲဒီညနေကတော့
မကြာခဏ လေပြင်းကို သူငယ်ချင်းဖွဲ့တယ်၊
အုံနဲ့ကျင်းနဲ့ မိုးစက်တွေခေါ်ပြီး ပါတီလုပ်မြဲလုပ်ဆဲပဲ။

သိင်္ဂါကျော် 

(ပုံကို ဒီနေရာက ယူပါတယ်)

13 comments:

thaingarra said...

ဟုတ်တယ်ဗျာ ...

မန္တလေးမှာ မနေ့တစ်နေ့လောက်က စ လို့ မှ

မိုးညနေအကြောင်း နည်းနည်း ထိတွေ့ဖြစ်တယ်

တစ်ညနေ ...

မဖြစ်ဖြစ်အောင် ခြေညောင်းလက်ဆန့်

လုပ်မိတာလေး အကြောင်းတော့ ...

ကြုံရင် ပြောပြချင်ပါသေးတယ် ... :) :)

မောင်သီဟ said...

မိုးတွေရွာပြီဗျို့း)ပျော်တယ်ပျော်တယ်း)

Flower said...

ဘယ်လိုဘဲ ရွာရွာ လောလောဆည်တော့ ဈေးဦးပေါက်သွားတဲ့ မိုးဦးလေးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြတာပေါ့သိင်္ဂါရေ..
ကဗျာလေးက တော်တော်ကောင်းတယ်..
ရာသီနဲ့ ကွက်တိပါဘဲ..

လသာည said...

အရေးအဖွဲ့လေး ကောင်းလိုက်တာ။ သိဂ်ီကျော်ရဲ့ မိုးတိမ်တွေနဲ့ အတူ ကိုယ်တောင် လွင့်မျောမိသွားတယ်..

blackroze said...

မိုးတွေအများကြီးရွာပါစေနော်..

ကိုဇော် said...

မျှော်လှချည့်လား ညီမရဲ့. .
မိုးကို မျှော်တာလား . .
မိုးနဲ့ အတူ ရောက်လာမဲ့ တစ်ယောက်ကိုလား :)

မြတ်မွန် said...

မိုးလေးတွေ တသွင်သွင် သွန်းဖြို့းလို့..
မြို့ရွာလေးတွေ..အေးချမ်းကာ..
ရေတွေ ဖောဖောသီသီ သုံးနိုင်ပါစေ..

သူကြီးမင်း (တုံးဖလား) said...

မိုး မိုး မိုး
အသံလေးကြားရတာနဲ့ အေးမြလှပါပြီ။ ပြည့်ပြည့်၀၀လေး ရွာသွန်းချပေးပါ။

မြစ်ကျိုးအင်း said...

မိုးလေ မှန်ရုံလောက်ဆို တော်ပါပြီလေ။
တဲအိုတွေတော့မပြိုစေချင်ဘူး။

ချိုကျ said...

ခြေခင်းလက်ခင်း မဆန့်ရတော့မယ့် ညနေတွေ
များလာမှာ ကြိုသိနေပေမယ့်
မိုးကို ဝေးဝေး ခေါ်ဆောင်စေမယ်ဆို
အဲဒီလေကြမ်းတွေကိုလည်း မမျှော်ပါဘူး။
ငါ့ပတ်ဝန်းကျင်ကို ကန္တာရသဲတွေ မသယ်ဆောင်လာပါနဲ့၊
တဖွဲဖွဲမိုးကိုပဲ ငါမျှော်ခဲ့တာပါ၊
အစိမ်းရောင်တွေကို မကျိုးပဲ့စေချင်ဘူး၊
သနားစရာ တဲအိုတွေကို မပြိုစေချင်ဘူး၊
တစ်ချိန်ချိန်မှည့်လာမယ့် သီးကင်းတွေကိုလည်း မကြွေစေချင်ဘူး။

နှစ်သက်မိတဲ့ အဖွဲ့လေးပဲ ကိုသိဂါင်္ံကျော်ရေ.....

ပေါ့ဆိမ့် said...

ကဗျာလေးက ဖတ်လို့ကောင်းတယ်။ ကဗျာလေးထဲမှာ အကြင်နာသံတွေ ပါနေတယ်လေ..

Moe Myint Tane said...

တောင်ကျချောင်းရေတွေ ဒလဟော စီးဆင်းလာသမျိုး ပေးချင်တဲ့ မက်ဆေ့ခ်ျလေးတွေကို လှလှပပလေးဖွဲ့နွဲ့သွားတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မင်းအိမ်ဖြူ said...

ကြိုက်၏