27 May, 2010

ကိုယ့်ကိုယ်ကိုအထင်ကြီးတတ်အောင်


ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု ဆိုတာက ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မြင်တဲ့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ခံစားချက်တွေကို ဆိုလိုပါတယ်။ အဲဒီ ခံစားချက်တွေ ဆိုတာကလည်း ကျွန်တော်တို့ ကျင်လည်ရတဲ့ ဘဝရဲ့ အတွေ့အကြုံတွေ၊ မိသားစု အသိုင်းအဝိုင်း၊ လူမှုပတ်ဝန်းကျင်၊ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင် အနေအထားပေါ် အခြေခံနေပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားရတဲ့ အချိန်တွေ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ရှုံးနိမ့်ပြီလို့ ထင်တဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။ လူတွေ ကိုယ့်ကိုယ်ကို အထင်အမြင်မကြီးကြတာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်တည်လာတာပါ။ သူတို့ ကလေးဘဝတုန်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံခဲ့ရတာ၊ မိဘတွေဆီက လုံလုံလောက်လောက် အချစ်မခံခဲ့ရပဲ ကြီးပြင်းလာတဲ့ အချိန်တလျှောက်လုံး မှာလည်း အပြစ်တင် ဝေဖန်ခံရတာတွေပဲ ကြုံနေခဲ့ရတာ၊ မဖြစ်နိုင်တာ တစ်ခုခုကို ရည်မှန်းထားပြီး နောက်ပိုင်းမှာ ရှုံးနိမ့်မှု ကြုံရတာ၊ ကြီးပြင်းလာတဲ့ အချိန်မှာ မိသားစုရဲ့ အထောက်အပံ့ပေးမှု မရတာ၊ အလုပ်လက်မဲ့ ဖြစ်တာ စတဲ့အကြောင်းတွေကြောင့် ကိုယ့်ကိုယ်အထင်သေးမှုကို ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုမှ အထင်ကြီးမှုမရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အသက်မွေးမှုဘဝမှာရော၊ ကိုယ်ပိုင်ဘဝမှာရော၊ ဘယ်ပတ်ဝန်းကျင်မှာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ဝေဖန်မှုတွေကို ကြောက်ရွံနေတတ်သူ ဖြစ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် မချတတ်သူပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်း၊ လူမှုဆက်ဆံရေးမှာလည်း အားနည်းပြီး အမြဲတမ်း အဆိုးမြင် အတွေးတွေကိုပဲ တွေးနေတတ်သူပါ။ အဲဒီတော့ ပုံမှန်ဘဝမှာ အောင်မြင် ပျော်ရွှင်စွာ နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှုကို မြှင့်တင်ဖို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်အောင် လုပ်ဖို့အတွက် အောက်မှာ ရေးသားမယ့် အချက်ကလေးတွေကို သုံးကြည့်စေချင်ပါတယ်။
  • အဆိုးမြင်အတွေး အားလုံးကို ဖယ်ရှားပြီး အကောင်းမြင် အတွေးမျိုး တွေးတတ်အောင်ကျင့်ပါ။ နေ့စဉ် ဒိုင်ယာရီ တစ်ခု ထားပြီး သင့်ကိုယ်သင် နဲ့ ပတ်သက်တဲ့ ကောင်းတဲ့ အရာအားလုံးကို ချရေးထားပါ။ အဲဒီ ဒိုင်ယာရီ ကို နေ့တိုင်း ပုံမှန် ပြင်ပြီး သင့်ကိုယ်သင် ဂုဏ်ယူစေတဲ့ အချက်တွေ တွေ့လာရင် ထပ်ထည့်ပါ။ ဘတ်စ်ကားပေါ်မှာ အဘွားအို တစ်ယောက် လာလို့ ကိုယ့်ထိုင်ခုံက ထပေးလိုက်တာ လိုမျိုး ရိုးစင်းတဲ့ အချက်တွေပါ အားလုံး ထည့်ပါ။ သင့်ကိုယ်သင် အထင်သေးသလို ခံစားရတဲ့ အခါမျိုးမှာ အဲဒီ ဒိုင်ယာရီကို ဖတ်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။
  • သင့်ကိုယ်သင် သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တဲ့ အားသာချက်တွေ အားနည်းချက်တွေကို ကြည့်ပြီး သင် ဘာလဲ ဆိုတာ သိအောင်လုပ်ပါ။
  • သင်ဟာ အလွန်အရေးကြီးပြီး သူများနဲ့ မတူတဲ့လူ၊ အသိဥာဏ်ထက်မြက်တဲ့ လူ တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောပါ။ မှန်ရှေ့မှာရပ်ပြီး “ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” ၊ “ငါဟာ အောင်မြင်တဲ့သူ တစ်ယောက်ပဲ” စသဖြင့် ပြောပေးပါ။ သင့်အခန်းနံရံမှာလည်း ကောင်းတဲ့အတွေးအခေါ် စာစုတွေ ကပ်ထားပါ။
  • သင့်ရဲ့ သူငယ်ချင်းများကို ဂရုတစိုက် ရွေးချယ်ပါ။ သင့်ကို ဝေဖန် နှိမ့်ချ တတ်သူများကို အနားမှာ မထားပါနဲ့။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တတ်သူများနဲ့သာ မိတ်ဆွေဖွဲ့ပါ။
  • ဘဝမှာ ဖြစ်နိုင်တဲ့ ရည်မှန်းချက်ကိုပဲ ထားပါ။ မအောင်မြင်နိုင်လောက်တဲ့ အရာတွေကို မလုပ်ပါနဲ့။ သင့်ရဲ့ အားသာချက်၊ အရည်အချင်း၊ လုပ်နိုင်စွမ်းတွေ အပေါ်မူတည်ပြီး ပန်းတိုင်ကိုရွေးချယ်ပါ။
  • သင့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ချင်တယ်ဆိုရင် အကြံပေးချက်ကတော့ သင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို ဦးတည်ပြီး အလုပ်ကို ပြင်းပြင်းထန်ထန် တစိုက်မတ်မတ် လုပ်ပါ။ အဲဒါက သင့်ကို အောင်မြင်မှု အသေးစားလေးတွေ ရအောင် ကူညီပါလိမ့်မယ်။ အဲဒီနောက် သင့်ကိုယ်သင် အထင်ကြီးပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။
  • မကြာခဏ၊ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတတ်ကြပြီး ကိုယ့်ကိုယ်ကို အထင်မကြီးတာကလည်း သူတို့ကိုယ်သူတို့ စိတ်ပျက်စေပါတယ်။ ကလေးတွေရဲ့စိတ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတတ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ။ အကျိုးသက်ရောက်စေတဲ့ တစ်နည်းကတော့ ကလေးငယ်တွေကို ပြည့်ဝတဲ့ ဂရုစိုက်ယုယမှုနဲ့ ချစ်မြတ်နိုးမှု ပေးဖို့ပါပဲ။ သူတို့ကို ချီးမွမ်းပေးပါ၊ တခြားကလေးတွေနဲ့ သွားပြီး မနှိုင်းယှဉ်ပါနဲ့။ အားကစားလုပ်တာလိုမျိုး ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ပါစေ။ သူတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။ အဲဒါတွေက ကလေးတွေအတွက် ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို တည်ဆောက်စေနိုင်ပါလိမ့်မယ်။ 
အထက်ဖော်ပြပါ အချက်တွေက သင့်အတွက် ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်ကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ မိမိကိုယ်ကို အထင်ကြီးတတ်မှုက သင့်ဘဝကို ပဲ့ကိုင်တဲ့ နေရာမှာ အလွန်အရေးကြီးပါတယ်။ တာဝန်ယူတတ်တဲ့စိတ်၊ အမှီအခိုကင်းတဲ့စိတ်၊ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချလိုစိတ် တွေက ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားလာဖို့ နဲ့ ယုံကြည်မှု မြင့်မားလာဖို့ အတွက် သော့ချက်တွေပါပဲ။


Aastha Dogra ရဲ့ How to Raise Self Esteem ကို မှီငြမ်းပါသည်။

သိင်္ဂါကျော်

12 comments:

ကိုဇော် said...

အချက်လေးတွေ ကောင်းပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဆိုတာလည်း မြှင့်တင်သင့်တဲ့ အရာပါပဲ။ ကိုယ့်ကိုယ်ကိုယ်မှ မလေးစားရင် ဘယ်သူကမှ ကိုယ့်ကို လာလေးစားတော့မှာ မဟုတ်ပါဘူး။ လုပ်ကြည့်သင့်တယ်။

သူကြီးမင်း (တုံးဖလား) said...

ကြိုက်သွားပြီ။ တကယ်ထိရောက်တဲ့ ပို့စ်လေးပါဘဲ။ အဲဒီလို ကိုယ့်ကိုကိုယ် အထင်ကြီးဖို့ ကြိုးစားကြည့်လိုက်ဦးမယ်။ တစ်ခါတစ်ခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းနေတတ်လို့။

လသာည said...

အရမ်းမှတ်သားထိုက်တဲ့ ပိုစ်လေးပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးတတ်အောင် သင်ယူသွားပါတယ်..။

ချိုကျ said...

ဖတ် မှတ် လေ့လာသွားပါတယ် ခင်ဗျား...

Flower said...

ကိုယ့်ကိုယ်ကို အထင်ကြီးဖို့သိပ်လိုအပ်သလို
အထင်ကြီးတာ မလွန်ကဲဖို့လည်း လိုအပ်ပါသေးတယ်..
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းသွားရင်တော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တော့ဘဲ တစ်ဖြေးဖြေး ပတ်ဝန်းကျင်ရဲ့ အပြင်ဘက်ကလူ ဖြစ်သွားနိုင်ပါသေးတယ်
ဒီလိုလူမျိုးတွေလဲ တွေ့ဖူးခဲ့ပါတယ်..
ထိုက်သင့်တဲ့ကိုယ့်ကိုယ်ကို လေးစားမှု အထင်ကြီးမှုတော့ ရှိရပါမယ်..
ဒီပိုစ့်လေးဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ယူလိုက်ပါဦးမယ်..
ကျေးဇူး သိင်္ဂါရေ..

snow said...

<< မှန်ရှေ့မှာရပ်ပြီး “ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” >> .. ပြောရရင်တော့ အဲလိုကိုယ့်ကိုယ်ကို ထင်နေမိလွန်းလို့ကို ခက်နေတာဟ.. :D

သဒ္ဓါလှိုင်း said...

ကိုယ့်ကိုကိုယ်အထင်ကြီးဖို့အရေးကြီးပါတယ်။အများရဲ့
အမြင်မှာတော့ကိုယ့်ကိုကိုယ်အထင်ကြီးမှုဟာဘ၀င်မြင့်
နေတာပါလို့မထင်မှတ်ရအောင်ပေါ့နော်။ကိုယ့်ကိုကိုယ်
လည်းကြိုးစားရပါအုံးမယ်သိင်္ဂါရေ။

ခင်တဲ့
သဒ္ဓါ

မကေ said...

ကိုယ့်ကိုကိုယ် အထင်ကြီးမှုဆိုတာထက် လေစားမှုနဲ့ ယုံကြည်မှုရှိဖို့က ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။

ပေါ့ဆိမ့် said...

လူတော်တော်များများမှာ ကိုယ့်ကိုယ်ကို အနည်းနဲ့အများ အထင်ကြီးတဲ့စိတ်ရှိတာ အမှန်ပဲဗျ။ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ သတ္တိလည်း လိုမယ်ထင်တယ်။ ယုံကြည်မှုနဲ့ အထင်င်္ကြီးမှုလွန်ကဲရင် အန္တာရာယ် ရှိတတ်တယ်လေ။ တင်ပြထားတဲ့ အချက်ကလေးတွေက လိုက်နာသင့်တာလေးတွေ ဖြစ်တာတော့ ငြင်းလို့မရဘူးဗျ..။ ကောင်းတယ်ဗျာ..
(ကျနော်တို့ ဆင်တဲကဖေး ရဲ့ မိတ်ဆွေ site များ ထဲမှာ ထည့်ဖို့ သိင်္ဂါရဲ့ဘလော့ ကို လင့်ယူသွားတယ်ခင်ဗျ.. )

thaingarra said...

မှန်ရှေ့မှာရပ်ပြီး

“ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” ၊

“ငါဟာ အောင်မြင်တဲ့သူ တစ်ယောက်ပဲ”

စသဖြင့် ပြောပေးပါတယ် ...

အမေကပါ ၀င်ပြောတယ် ...

ငါ့သားတော့ နည်းနည်း ဂေါက်နေပြီ ... တဲ့

... :)

sosegado said...

Self Esteem နိုင်သလောက်လုပ်ပါတယ်၊ ကြောင်က ခြသေ့င်္ကိုမြင့်တဲ့ပုံ မိုက်တယ်၊

မြတ်ဖုန်းမို said...

ကောင်းတယ်
ကလေးတုန်းက ကျွန်တော်ဖတ်ခဲ့တဲ့ မှတ်ခဲ့တဲ့ စာတွေမှာ မိမိကိုယ်ကိုယ်နှိမ့်ချရမယ်လို့ ပဲ ပါတာကိုး။ ဒါကြောင့် ကျွန်တော်နှိမ့်ချခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှူနည်းတယ်။ ယုံကြည်မှူနည်းတယ်။ (လူတိုင်းအဲလိုဖြစ်သွားတယ်လို့ မဆိုလိုဘူးနော်။ ကျွန်တော့်စိတ်နဲ့ ကျွန်တော်ဖြစ်သွားတာပါ)။ ငယ်စဉ်ကလေးဘ၀ကသာ အဲလိုစာမျိုးလေးတွေ ဖတ်မိခဲ့ရရင်သိပ်ကောင်းမှာပဲ။
စာရေးသူလဲ ခံစားချက်ရှိပုံရတယ်။ နိဒါန်းမှာ ခံစားချက်ကိုတွေ့ နေရသလားလို့ ။ အကျိုးရှိစာတွေဆက်လက်ရေးသားနိုင်ပါစေ...