ကာရံတွေ နောက်နေတဲ့
အဲဒီမြစ်ကမ်းပါးနံဘေး
စံပယ်တွေတောင် မမွှေးတော့ဘူး။
မရေမရာတာတွေကို ဝါးမြိုခဲ့ရတာလည်း
ရာစုနှစ်တွေ များလာတဲ့နောက်
မသေချာတာတွေလည်း
စက္ကန့်တွေထက်တောင် များဦးမယ့်ပုံမျိုးနဲ့။
ကျန်နေခဲ့ရတာကို
ကျင့်သားရနေသူ တစ်ယောက်အတွက်
ထပ်တစ်ခါ ကျန်မနေချင်မှုနဲ့
ကိုယ်ကိုယ်တိုင် ထားရစ်ခဲ့တော့လည်း
ပျော်မနေနိုင်ပဲ
အလွဲတွေသာ လွဲလာခဲ့တယ်။
ရင်ဘတ်ထဲမှာ ယုံကြည်မှုမထည့်နိုင်ပဲ
အပြုံးတုတွေ ဖောဖောသီသီ ပေးရင်း
ပုတ်သင်တွေ အရောင်ပြောင်းသလို
အိပ်မက်တွေလည်း အပြောင်းကြီး ပြောင်းလာခဲ့ရတယ်။
မျှော်လင့်ချက်တွေ ဝိုင်မြစ်ထဲ နစ်ဆဲမို့
အတာင်မဲ့ခြေထောက်တွေ ကူးခတ်မှု မရပ်ပေမယ့်
အဲဒီချိုမြမှုက ပျံသန်းမှုကို တားဆီး၊
ခရီးတစ်ထောက်မှာ အတွေးတွေ အိုမင်းရင့်ရော်ရင်း
လူကလည်း အဟောင်းထည်လို ဖြစ်လာရဲ့။
အဲဒီနွေတွေထဲ
စက္ကူပန်းလိုမှ
ကိုယ့်ကိုယ်ကို မရှင်သန်နိုင်ရင်
ခေါင်းဝှက်ပြီး ပုန်းနေဖို့တစ်ခုပဲ ကျန်တာပေါ့။
မှော်ရုံတောထဲ
ဘယ်မင်းသားကိုမှ မျှော်မနေတဲ့
ငါ့ကိုယ်ငါလည်း
အိန်ဂျယ်လို့ ဘယ်တော့မှမသတ်မှတ်ခဲ့ပါဘူး။
အဲဒီနွေတွေထဲ
ငါ့စိတ်ကူးတွေ မှန်ကန်ဖို့တစ်ခုပဲ
မျှော်လင့်ပါရဲ့။
သိင်္ဂါကျော်
11.5.2010
2:45 PM
20 comments:
ရင်ဘတ်ထဲမှာ ယုံကြည်မှုမထည့်နိုင်ပဲ
အပြုံးတုတွေ ဖောဖောသီသီ ပေးရင်း
ပုတ်သင်တွေ အရောင်ပြောင်းသလို
အိပ်မက်တွေလည်း အပြောင်းကြီး ပြောင်းလာခဲ့ရတယ်။
<<<<<<တစ်ပုဒ်လုံးကိုကြိုက်တယ်မမ
ဒါပေမယ့်ဒီစာသားလေးကတော့
အနော့်ရင်ကိုတအားထိတယ်
ကဗျာလေးဖတ်ပီး အကြောင်းတိုင်းကို ခံစားသွားတယ်..
စာရေးတာလဲကောင်း
ကဗျာရေးတာလဲကောင်း
ဖတ်လို့လဲကောင်းပါရဲ့
သိင်္ဂါရေ..
ကဗျာလေးကို သဘောကျပေမဲ့
ပူလွန်းတဲ့နွေကိုတော့ မုန်းမိတယ်ကွယ်..
နွေမြန်မြန် ကုန်ပါစေ
မျှော်လင့်ချက်က ဝိုင်မြစ်ထဲ နစ်နေဆဲ တဲ့လား
ချိုမြိန်စွာ မျှော်လင့်ပုံလေး ဖွဲ့ထားတာ မြင်ယောင်မိတယ်။ ကဗျာရေးလည်း ကောင်းပါ့ဗျာ။
ဟုတ်တယ် သူတို့ပြောတာကျွန်တော်လက်ခံပါတယ်
း) ခံစားမိတယ်ထပ်တူ
မျှော်လင့်ချက်ထဲမှာတော့ ပုန်းနေမိပါသေးတယ်ဗျာ။
မြင်သာ ထင်သာတဲ့ ကဗျာလေးပါပဲ။
ကဗျာရေးလည်းကောင်းလိုက်တာသိင်္ဂါရေ..။ ရင်ထဲကို
ထိသွားတာပါပဲလား...။
ခင်တဲ့
သဒ္ဓါ
မမရေ..သိပ်ကောင်းတာပဲ ...
ကဗျာရေးလည်းကောင်းတယ်နော်..။
ကဗျာလေး တော်တော်လေး ဖတ်လို့ကောင်းတယ်။
“မျှော်လင့်ချက်တွေ ဝိုင်မြစ်ထဲ နစ်ဆဲမို့
အတာင်မဲ့ခြေထောက်တွေ ကူးခတ်မှု မရပ်ပေမယ့်
အဲဒီချိုမြမှုက ပျံသန်းမှုကို တားဆီး၊
ခရီးတစ်ထောက်မှာ အတွေးတွေ အိုမင်းရင့်ရော်ရင်း
လူကလည်း အဟောင်းထည်လို ဖြစ်လာရဲ့။”
ဆိုတဲ ကဗျာစာသားလေးလေး အကြိုက်ဆုံးပဲ...။ လူက အဟောင်းထည်ဖြစ်လာတယ်တဲ့.. တခါမှ မတွေးဖူးဘူး။ ဟုတ်တယ်နော်။။ ပတ်ဝန်းကျင်က အသစ်အဆန်းတွေသာ ပြောင်းသွားတာ လူကတော့ (ကိုယ်တိုင်ကတော့) အဟောင်းထည်လေး ဖြစ်နေမိတယ်။
ကဗျာစာကြောင်းတိုင်းကို နှစ်သက်မိပါတယ် မမ။
စကားမစပ် ။ မမရဲ့ ကဗျာတွေ ဖတ်မိတိုင်း မာကျောချင်ယောင်ဆောင်ထားတဲ့ မမနှလုံးသားက နူးညံ့သိမ်မွေ့မှုတွေ ထိတွေ့နေရတယ်။ =)
အစ်မရေ....ကိုယ်ကိုယ်တိုင် ထားရစ်ခဲ့မိတာက ကိုယ့်အပြစ်မို့ ပျော်မနေနိုင်တာများလားနော်....။ ကဗျာလေးကစာသားလေးကို တွေးမိသွားပါတယ် ။
အစ်မ ကဗျာတိုင်းကို နှစ်သက်မိပါတယ် အစ်မရေ....။
ဒီတစ်ပုဒ်လုံးလည်း ကြိုက်တယ်...း)
ကဗျာလေး ရေးထားတာ ကောင်းတယ် ...
စာသားလေးတွေကြိုက်တယ် ....
မမျှော်ဘူးဆိုပေမယ့် မှော်ရုံတောကို ဖြိုမယ့် မင်းသားတွေကတော့ တယောက်ပြီးတယောက် ကြိုးစားနေကြတုန်းပဲ... မိအိန်ဂျယ်...
းဝ)
ကဗျာလေးကို ခံစားမိပါတယ်
တွဲထားတဲ့ ပုံရိပ်လေးနဲ့လည်း လိုက်ဖက်တယ်
စိတ်ကူးတွေ မှန်ကန်ဖို့ ညီမလည်း မျှော်လင့်ပါတယ်..
လက်ရှိကိုယ်ခံစားနေရတဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်လွန်းတယ်...
“ကျန်နေခဲ့ရတာကို
ကျင့်သားရနေသူ တစ်ယောက်အတွက်
ထပ်တစ်ခါ ကျန်မနေချင်မှုနဲ့
ကိုယ်ကိုယ်တိုင် ထားရစ်ခဲ့တော့လည်း
ပျော်မနေနိုင်ပဲ
အလွဲတွေသာ လွဲလာခဲ့တယ်။”
ခံစားချက်ချင်းတိုက်ဆိုင်တာကို ထည့်မပြောတောင် ကဗျာက ကောင်းလွန်းနေတယ်။ စကားလုံးစီးဆင်းမှုကောင်းတယ်။ အတွဲအစပ်လှပတယ်။
“ခရီးတစ်ထောက်မှာ အတွေးတွေ အိုမင်းရင့်ရော်ရင်း
လူကလည်း အဟောင်းထည်လို ဖြစ်လာရဲ့။
အဲဒီနွေတွေထဲ
စက္ကူပန်းလိုမှ
ကိုယ့်ကိုယ်ကို မရှင်သန်နိုင်ရင်
ခေါင်းဝှက်ပြီး ပုန်းနေဖို့တစ်ခုပဲ ကျန်တာပေါ့။”....
-------------------------------------------------
ထိမိလွန်းတယ်..မရယ်...
အဲဒီနွေတွေထဲ
ငါ့စိတ်ကူးတွေ မှန်ကန်ဖို့တစ်ခုပဲ
မျှော်လင့်ပါရဲ့။
မှန်လိုက်လေခြင်းဗျာ စိတ်ကူးမမှန် ရင် အားလုံးဒုက္ခရောက်ကုန်မယ်
နွေလည် အိပ်မက် ဆိုကတည်းက ...
နည်းနည်းတောု့ပူမယ် ထင်သား ...
စိတ်ကူး နဲ့ တင် ဆွေးသွားတယ် ... :)
Post a Comment