02 June, 2010

၉၀/၁၀ နိယာမ



ဘဝရဲ့ ၁၀ ရာခိုင်နှုန်းကို သင့်အပေါ်မှာ ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဘဝရဲ့ ၉၀ ရာခိုင်နှုန်းကတော့ သင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ အပေါ် မူတည်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့…။
ကျွန်တော်တို့မှာ ဖြစ်ပျက်လာမယ့် ၁၀ ရာခိုင်နှုန်း အတွက် ထိန်းချုပ်လို့ မရနိုင်ပါဘူး။
ကျန်တဲ့ ၉၀ ရာခိုင်နှုန်း ကတော့ မတူပါဘူး။ သင်ဆုံးဖြတ်ရမယ့် ၉၀ ရာခိုင်နှုန်းပါ။ ဘယ်လိုလဲ ဆိုတော့… သင့်ရဲ့ တုံ့ပြန်မှုအရ ဖြစ်လာတာ မို့လို့ပါ။
သင်က မီးနီ ကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ တုံ့ပြန်မှုကိုတော့ ထိန်းချုပ်နိုင်တယ်လေ။
လူတွေကို အရူးလုပ်ခွင့် မပြုပါနဲ့။ သင်ဘယ်လို ပြန်တုံ့ပြန်မယ်ဆိုတာကို ထိန်းချုပ်လို့ ရနိုင်ပါတယ်။
ဥမမာ တစ်ခု ပြပါဦးမယ်…။

သင့် မိသားစုနဲ့ မနက်စာ စားနေတုန်း သင့်ရဲ့ သမီးငယ်က ကော်ဖီခွက်ကို တိုက်ချမိလို့ သင့်ရဲ့ အလုပ်သွားမယ့် ရှပ်အင်္ကျီကို စွန်းပေသွားတယ် ဆိုပါစို့။ ဘာဖြစ်မယ် ဆိုတာကို သင် လိုက် ချုပ်ထိန်းလို့ မရပါဘူး။ ဖြစ်ပြီးတဲ့ နောက်မှာရော.. သင့် တုံ့ပြန်မှုက ဘယ်လိုလဲ ဆိုတာတော့ ဆုံးဖြတ်လို့ ရတဲ့ အရာပါ။

သင် ကျိန်ဆဲလိုက်မယ်။ သင့်သမီးလေးကို ကော်ဖီမှောက်ချတဲ့ အတွက် ဒေါသ ထွက်ပြီး ဆူမယ်။ အကျိုးကတော့ ကလေး ငိုသွားမယ်။ အဲဒီနောက်တော့ သင့်ဒေါသက သင့်အမျိုးသမီး ဘက်ကို လှည့်သွားဦးမယ်။ ခွက်ကို စားပွဲ အစွန်းမှာ ထားလို့ ဆိုပြီး သူ့ကို ဝေဖန်ဦးမယ်။ အဲဒီမှာ စကား စစ်ပွဲလေး ဖြစ်သွားဖို့ပဲ ရှိတော့တယ်လေ။

သင် အပေါ်ထပ်ကို ဒေါသတကြီး တက်ပြီး ရှပ်အင်္ကျီ ပြန်လဲမယ်။ သင်အောက်ပြန်ရောက်လာတော့ ငိုနေရတာနဲ့ မနက်စာပြီးတာ နောက်ကျ၊ ကျောင်းသွားဖို့ နောက်ကျနေတဲ့ ကလေးမကို တွေ့မယ်။ အဆုံးတော့ သူမ ဘတ်စ်ကား နောက်ကျသွားတယ်။

သင့်အမျိုးသမီးလည်း အလုပ်ကို ကမန်းကတမ်း သွားလိုက်ရတယ်။ သင်လည်း ကားကို မြန်မြန်မောင်းပြီး သမီးကို ကျောင်းပို့ဖို့လုပ်တယ်။ နောက်ကျနေတော့ တစ်နာရီ မိုင် ၃၀ ထက်ပိုပြီး မိုင် ၄၀ နှုန်းနဲ့ မောင်းသွားတယ်။ ၁၅မိနစ်လောက် နောက်ကျပြီး ဒဏ်ကြေးလည်း ဆောင်လိုက်ရပြီးမှပဲ ကျောင်းကို ရောက်တော့တယ်။ သင့်သမီးလည်း နှုတ်တောင် မဆက်နိုင်ပဲ ကျောင်းကို ပြေးရတယ်။ မိနစ်၂၀လောက် နောက်ကျပြီး ရုံးကိုရောက်မှပဲ သင့် လက်ဆွဲအိတ် မေ့ကျန်ခဲ့တာကို သတိရတော့တယ်။

သင့်ရဲ့တစ်နေ့တာက ဆိုးဆိုးဝါးဝါးအဖြစ်နဲ့ စတင်ခဲ့တယ်။ ဆက်ပြီးတော့ ဆိုးဆိုးသွားတယ်။ သင်အိမ်ကို ပြန်ရောက်တော့ သင့်အမျိုးသမီး၊ သမီးလေးနဲ့ သင်နဲ့ ကြားမှာ အဖုအထစ်ကလေး တစ်ခု ရှိနေသလို ဖြစ်နေတာ သင်တွေ့ရလိမ့်မယ်။

ဘာကြောင့်လဲ…။ သင် မနက်က ပြုမူလှုပ်ရှားခဲ့တဲ့ တုံ့ပြန်မှု အတွက်ပါပဲ။ ဘာကြောင့် အဆင်မပြေတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာလဲ။
-       ကော်ဖီက ဖြစ်စေတာလား…
-       သင့်သမီးငယ်က ဖြစ်စေတာလား..
-       ယာဉ်ထိန်းရဲကြောင့်လား…
-       သင့်ကြောင့် ဖြစ်သွားတာလား…

အဖြေကတော့ နောက်ဆုံးအချက်ပါ။
ကော်ဖီနဲ့ပတ်သက်ပြီး သင်ချုပ်ကိုင်လို့ မရပါဘူး။ ဒါပေမယ့် တစ်နေ့လုံး အဆင်မပြေ ဖြစ်အောင် လုပ်တာကတော့ သင့်ရဲ့ ၅ စက္ကန့်အတွင်း တုံ့ပြန်မှုကြောင့်ပါပဲ။

ကော်ဖီ မှောက်ကျသွားတော့ သမီးလေးကလည်း ငိုချင်နေတဲ့ အချိန်။ သင်ကသာ “သမီးရေ.. ကိစ္စမရှိပါဘူးကွာ၊ နောက်တစ်ခါတော့ ပိုဂရုစိုက်လုပ်ပေါ့ ဟုတ်လား” လို့ ကောင်းကောင်းမွန်မွန် ပြောလိုက်မယ်။ လက်သုတ်ပဝါတစ်ထည် ဆွဲယူပြီး အပေါ်ထပ် မြန်မြန်တက်လိုက်မယ်။ ရှပ်အင်္ကျီအသစ်တစ်ထည် မြန်မြန်လဲ၊ လက်ဆွဲအိတ်ကလေး ဆွဲပြီး ဆင်းလာတဲ့ အချိန်မှာ ပြတင်းပေါက်ကနေ ကလေး ကျောင်းကားပေါ် တက်သွားတာကို မြင်လိုက်ရမှာပဲ။ အမျိုးသမီးလည်း သူအလုပ်သူ ပုံမှန်အတိုင်း သွားမယ်။ သင်လည်း အလုပ်ကို ၅မိနစ်လောက်တောင် စောရောက်ပြီး ဝန်ထမ်းတွေကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်နိုင်မယ်။ သင့်ရဲ့ဘော့စ် ကလည်း ချီးကျူးမယ်။ တစ်နေ့တာက ဘယ်လောက်ကောင်းသွားသလဲ။

ခြားနားချက် ကို မြင်နိုင်မယ် ထင်ပါတယ်။ မတူညီတဲ့ ဇာတ်ညွှန်းနှစ်ခုမှာလေ..။ စတင်တာကတော့ အတူတူပါပဲ…။ အဆုံးသတ်ကသာ မတူညီတာပါ။

ဘာကြောင့်လဲ…။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ တုံ့ပြန်မှုကြောင့်ပါပဲ။ ဖြစ်ပျက်မှုရဲ့ ၁၀ ရာခိုင်နှုန်းကို မတားဆီးနိုင်ပေမယ့် ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ သင့်အပြုအမူက ပြဌာန်းတာပါ။

ဒီနေရာမှာ ၉၀/၁၀ နိယာမ နဲ့ ပတ်သက်ပြီး နည်းလမ်းတွေ ပြောချင်ပါတယ်။ တစ်စုံတစ်ယောက်က သင်နဲ့ ပတ်သက်ပြီး မကောင်းတာ တစ်ခုခု ပြောတယ် ဆိုပါစို့။ ထိခိုက်ခံစား မလွယ်ပါနဲ့။ မကောင်းတဲ့ ကိစ္စက သင့်ကို အထိခိုက်မခံပါနဲ့။ သင့်တော်သလို တုံ့ပြန်လိုက်ပါ။ တစ်နေ့လုံး အဲဒါကို တွေးပြီး ခံစားမနေပါနဲ့။ မှားယွင်းတဲ့ တုံ့ပြန်မှု ရလာဒ်က မိတ်ဆွေ သူငယ်ချင်း ဆုံးရှုံးတာ ကစလို့ အလုပ်ပြုတ်တဲ့ အထိ ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုတွေလည်း များနေပါလိမ့်မယ်။

သင့်အလုပ်ကို ဆုံးရှုံးသွားတယ် ဆိုပါစို့။ ဘာကြောင့် အိပ်နေတာ စိတ်ပျက်အားငယ်တာမျိုး လုပ်နေမလဲ။ သင့် အားအင်တွေကို နောက်ထပ် အလုပ်တစ်ခု ရှာတဲ့နေရာမှာပဲ သုံးလိုက်ပါ။ လေယာဉ်ပျံနောက်ကျနေတယ်.. ဒါဆိုလည်း ဒီနေ့အတွက် အစီအစဉ်တွေကို ပြန်ပြင်လိုက်ရုံပေါ့။ လေယာဉ် အချိန်မီ ရောက်ဖို့အတွက် ဘာကြောင့် စိတ်ပင်ပန်းအောင် လုပ်နေမလဲ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်လုပ်လို့ ရတာမှ မဟုတ်ပဲ။ ကြာနေတဲ့ အချိန်အတွင်းမှာ ကိုယ် လေ့လာစရာရှိတာ လေ့လာနေပါ။ တစ်ခြား ခရီးသည်တွေနဲ့ မိတ်ဆွေဖွဲ့ချင်လည်း ဖွဲ့ပါ။ ဘာကြောင့် စိတ်ဖိစီးအောင် နေမလဲ။ ဒါဟာ အမှားအယွင်းလေး တစ်ခု သက်သက်ပဲ။ အခု သင်  ၉၀/၁၀ နိယာမ ကို သိသွားပြီပဲ။ ဒါကို လက်တွေ့အသုံးချလိုက်ပါ။ အံသြစရာ ရလာဒ်ကို တွေ့ရပါလိမ့်မယ်။ သင်ကြိုးစားကြည့်မယ်ဆိုရင် ဘာမှလည်း အရှုံးရှိမှာ မဟုတ်ပါဘူး။

လူသန်းပေါင်းများစွာဟာ ဖြစ်ဖို့မထိုက်တန်တဲ့ စိတ်ဖိစီးမှုတွေ၊ စမ်းသတ်စစ်ဆေးမှုတွေ၊ ပြဿနာတွေ အသည်းကွဲတာတွေ ကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရပါတယ်။ ကျွန်တော်တို့ အားလုံး ၉၀/၁၀ နိယာမ ကို နားလည်ပြီး အသုံးချနိုင်ဖို့ လိုပါတယ်။

ဒါက သင့်ဘဝကို ပြောင်းလဲစေနိုင်မှာပါပဲ။

Mail ထဲက ရတဲ့ Stephen Covey ရဲ့ Discover the 90/10 Principle ကို ပြန်ဆိုပါတယ်။ တစ်ခြား ပြန်ပြီးသားလည်း ရှိချင်ရှိမှာပါ။ သဘောကျလို့ တင်လိုက်ပါတယ်။

သိင်္ဂါကျော်

17 comments:

Anonymous said...

wow! good post. Thanks for sharing.

I am also want to read English story.
I am very lazy to read. Teach me how to read and which book is good in start to read.


Myatnoe

Angel Shaper said...

ကောင်းလိုက်တဲ့ ပိုစ့်...
ကျေးဇူးတင်လိုက်တာ မရယ်....
အခုလို စိတ်ခွန်အားပေးတဲ့ စာကောင်းတွေဖတ်ရလို့ ကျေးဇူးတင်တယ်နော်။
ဟုတ်တယ်....၉၀/၁၀ နိယာမကို နားလည်အောင် ကြိုးစားရမယ်... အသုံးနိုင်ရမယ် ဟုတ်တယ်...
ကျေးစ်

ကိုဇော် said...

ကောင်းလိုက်တာ ကျေးဇူးပဲ ညီမရေ. . . .
မှတ်သားသွားပါတယ်။

blackroze said...

မှတ်သားစ၇ာPost လေးပါဘဲ..

မြစ်ကျိုးအင်း said...

ဟုတ်တယ်နော် ခဏတာရဲ့ တုန့်ပြန်မှုမှာပဲ အကျိုးဆက်တွေ များစွာ ဖြစ်ခဲ့ရတာ ကိုယ်တွေ့ တွေပါပဲ။ ပိုပြီး သတိထား ဆင်ခြင်စေမယ့် ပို့စ်ကောင်းလေး တစ်ပုဒ်ပါ။

Maung Myo said...

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဒီလို လိုက်နာစရာကောင်းတဲ့ ပို့စ်လေးအတွက်တကယ်ကျေးဇူးပါ။

ဆောင်းယွန်းလ said...

အရမ်းမှတ်သားစရာကောင်းတဲ့ ပို့စ်တခုပါ..
အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်မိပါတယ်ညီမရေ။

မောင်သီဟ said...

အားရှိအောင် ပျားအုံကိုတုတ်နဲ့ထိုးလိုက်သလို
အားရှိစေတယ်ခင်ဗျာ့
ကျေးဇူးပဲဗျာ ဒါမျိုးတွေ မရေးတတ်ပေမယ့် ဖတ်ပြီးတော့ တော်တော်လေးသဘောကျတယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒေါသရဲ့ နောက်ကွယ်မှာ ရလိုက်တဲ့ အမှားတွေက အများကြီးပါဘဲ
တကယ်တမ်းတော့ ဒေါသကို ထိန်းချုပ်လို့ရင် လွယ်လွယ်လေးရယ်..
ဒါပေမဲ့ ကိုယ်တိုင်လည်း ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲနေမိတယ်..
ကောင်းမွန်တဲ့ သင်ခန်းစာများနဲ့ပိုစ့်ကလေးပါဘဲ..
မှတ်သားစရာပါ

လသာည said...

ဖတ်လို့ ကောင်းလိုက်တာ။ အကြိုက်ဆုံး ပိုစ်လေးပါပဲ..
ကျေးဇူးနော်။

ကျဆိမ့် said...

အမရေလာရောက် အားပေးသွားပါတယ် post
လေးကတော်တော် ဗဟုသုတရစေပါတယ် ကျေးဇူးပဲနော်..
ခင်တဲ...

သူကြီးမင်း (တုံးဖလား) said...

ဒီနိယာမလေး တကယ်အသုံးဝင်လောက်တယ်။ ကြိုးစားပြီး ပြုမူနေထိုင်ကြည့်ဦးမယ်။

ပန်းနုနှင်းဆီ said...

ဒီပိုစ့်လေးကို သဘောကျတယ် မသိင်္ဂါရေ
ကျေးဇူးပါနော်

purplemay said...

ဖတ်လို့ကောင်းလိုက်တာ အစ်မရယ် ။ တန်ဖိုးရှိတဲ့ ဘာသာပြန်လေးပါ...။

ရေသန့်  said...

ကြိုးစားကြည့် ပါမယ်

မိုးခါး said...

ဖတ်လို့ကောင်းလိုက်တာ အစ်မရယ် .. ကျေးဇူးပါ .. မဖတ်ဘူးသေးပါဘူး ..း)

Thwin said...

၉၀/၁၀ နိယာမ အတိုင်းဆို ကိုယ့်ရဲ့ ဆုံးဖြတ်ချက် အပြုအမူ တွေက အများကြီး ကို ဂရုစိုက် ရမှာနော်..။ အပြင်က လာမှာက ၁၀၊ ကိုယ်ကိုတိုင် ဆုံးဖြတ် ပြုမူရမှာက ၉၀ အများကြီးကို ကွာတာပဲနော်..။