22 March, 2011

မင်းမရှိတဲ့နွေ



တစ်ခါလောက် ချစ်ကြည့်ဖူးချင်ပေမယ့်
ယုံကြည်လောက်စရာ အချစ်က
တစ်ခါမှ နီးနီးနားနား မလာခဲ့ဖူးဘူး။

အိပ်မက်ဆန်တဲ့ အချစ်နဲ့
မင်းရောက်လာတဲ့ အချိန်မှာလည်း
ဒါ ငါ့အကြိုက် မဟုတ်ခဲ့ဘူး။
ဒါပေမယ့်
တစ်စုံတစ်ယောက်ရဲ့ မြတ်နိုးမှုကို ခံယူဖို့
ငါနှစ်ချိုက်ခဲ့ရဲ့။
အချစ်ခံဖို့ မထိုက်တန်သူလို့
ငါ့ကိုယ်ငါ တစ်ဘဝလုံး ထင်နေတဲ့ အထင်ကို
မင်း ရိုက်ချိုး ပေးခဲ့တာ
ကျေးဇူး အနန္တပါ။

မင်းသိနေတယ်လို့ ထင်တဲ့
ငါ့ခံစားချက်ကို ငါမသိခဲ့ပေမယ့်
အနှောင်အတွယ်မဲ့ စကားတစ်ခွန်းကို
ဖြစ်သလို မပြောတတ်တာ ငါ့အကျင့်ပါ။

မင်းနဲ့ အတူ ရှိခဲ့တဲ့ ဆောင်းရက်တွေ
အိပ်မက်လို ပျောက်ဆုံးသွားချိန်မှာ
သတိရခြင်းတွေ တနင့်တပိုးနဲ့
ငါ နေထိုင်ဖြစ်မယ် ဆိုတာ
မင်း သိနိုင်မှာ မဟုတ်ဘူး။

မင်းကို ငါ ချစ်ခဲ့မိတယ် ထင်ပေမယ့်
မင်းကို မပြောခဲ့မိတာလည်း
တစ်သက်လုံး နောင်တ ရဖို့ မရှိပါပဲ
ဒီနွေရက်တွေထဲကျမှ
မင်းရဲ့ ဥပေက္ခာကြောင့် အထီးကျန်နေသလို။

ဝေးကွာမှု တစ်ခုအတွက်
ဘယ်သူ့ကိုမှ အပြစ်မတင်ချင်သူပါ၊
ဖြစ်တည်ခဲ့ဖူးတဲ့ အချစ်တစ်ခုအတွက်
အမှတ်တရတွေ သိမ်းဆည်းရင်း
ပန်းနုရောင် နွေရက်တွေ
မင်းနဲ့ အတူ ဖြတ်သန်းဖို့
ယုံကြည်ချက် မရှိပေမယ့်
မျှော်နေခွင့်တော့ ရှိချင်ရဲ့။

သိင်္ဂါကျော်
22.3.2011
10:25 AM

12 comments:

အင်ကြင်းသန့် said...

နွေကို ချစ်တဲ့သူတစ်ယောက်မို့လို့ "မင်းမရှိတဲ့နွေ" အကြောင်းကို လာခံစားသွားတယ်။း)

ဲမြတ်မွန် said...

ယုံကြည်ချက်မရှိပေမယ့်
မျှော်လင့်ခွင့်တော့ ရှိသင့်ပါတယ်နော်..။
ခံစားသွားပါတယ် မရေ..။
မလာတာကြာလို့ ဆော်တီးပါ..။
ခုမှ လင့်တွေ ပြန်ချိတ်လိုက်လို့။

crystal said...

ရင်ထဲမှာ အမှတ်တရတွေကို သိမ်းဆည်းရင်း ပွေ့ဖက်ရင်း မျှော်လင့်နေရသော အမျိုးသမီးလေး တစ်ဦးကို မိန်းမသားချင်းမို့ စာနာ နားလည်မိသားးးးး။ :)

အဖြူရောင်နတ်သမီး said...

သူ သိပါစေ...လို့ ဆုတောင်းရင်း..
ကဗျာလေး ၂ခေါက်တိတိဖတ်သွားပါတယ်..။
သူမချစ်လည်းနေပေါ့..
ကိုယ်ချစ်တယ်..နော်..နော်လို့
အာဘွား...

ahphyulay said...

အင်း ...
ဖြစ်တည်ခဲ့ ဘူးတဲ့  အချစ်တစ်ခုအတွက်
အမှတ်တရတွေသိမ်းမယ် ...
အဲ့ ဒီနေရာလေး ကြိုက်တယ်။

Angelhlaing(May everybody be happy and healthy! said...

လွမ်းမောစရာ ကဗျာ လေးပါလား မမရေ။
ခံစားအားပေး သွားလျှက်။
ကောင်းသောနေ့ လေးဖြစ်ပါစေ မမ။

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ကဗျာ

ဝေးကွာမှု တစ်ခုအတွက် ဘယ်သူကိုမှ အပြစ်မတင်ပါချင်ဘူးတဲ့

ဟုတ်တယ် . . . ဘယ်သူ့ကိုမှ အပြစ်မတင်တာ အေးချမ်းမှု အရှိဆုံးပဲလို့ ထင်တယ်း)

ခင်မင်စွာဖြင့်
ဗညားရှိန်

ချော(အစိမ်းရောင်လွင်ပြင်) said...

နွေရောက်တာနဲ့ ကဗျာလေးနဲ့တော့ကွက်တိပါဘဲ..
အထီးကျန်ခံစားချက်ကြီးတော့ မလိုချင်ပါဘူး
ဒါပေမဲ့ အသားကျနေပြီး)
မမျှော်လင့်တတ်တာတောင် ကြာနေပြီ

နှင်းဟေမာ said...

လွမ်းမောဖွယ်ကောင်းတဲ့ ကဗျာလေးကို လာရောက်ခံစားဖတ်ရူသွားပါတယ်......

သံယောဇဉ် said...

စာသားလေးတွေက ကောင်းတယ်..
အသေအချာဖတ်သွားပါတယ်။

မိုးယံ said...

မင်းကို ငါချစ်ခဲ့မိတယ် ထင်ပေမယ့်. မင်းကို မပြောခဲ့မိတာလည်း တစ်သက်လုံးနောင်တ ရဖို့ မရှိပါပဲ


မျှော်နေခွင့်လေးတော့ ရနိုင်ပါစေဗျာ

blackroze said...

ဖြစ်တည်ခဲ့ဖူးတဲ့ အချစ်တခုအတွက်
အမှတ်တရတွေသိမ်းဆည်းရင်းနဲ့...

အဲနေရာလေးကိုအရမ်းခံစားရတယ်..