နွေဦးသစ်ရွက်တွေ ကြွေတယ်..
နွေဦးရွက်နုတွေ သစ်တယ်..
သစ်ရွက်တစ်ရွက်ရဲ့ သက်တမ်း
အရမ်းတိုတောင်းနေတာကိုပဲ မင်းမြင်မယ်
နွေဦးတွေ တစ်ခါပြီးတစ်ခါ လာနေတာ
ဘယ်လောက် မြန်တဲ့အကြောင်း
မင်း သတိထားမိမယ် မထင်ဘူး...။
ကလေးလေးတွေ တစ်ယောက်ပြီးတစ်ယောက်
မင်း မျက်စိရှေ့ ကြီးပြင်းလာကြတာကိုပဲ မင်းမြင်မယ်
အချိန် သင့်တာရော မသင့်တာရော
တဖြုတ်ဖြုတ် ဆုံးပါးကြတဲ့ အသက်တွေ အကြောင်း
မင်း သတိထားမိမယ် မထင်ဘူး...။
အရေပြားတစ်ထောက်က ဘာများအရေးပါသတဲ့လဲ
အရွယ်ကို ဘယ်သူကများရော လက်ဆွဲခေါ်ထားနိုင်သတဲ့လဲ
ဇရာကို မိတ်ကပ်လိမ်း ပန်းပန်ကြသူတွေ များနေတယ်
မင်းအလှအပနဲ့ ရမ္မက်ခေါ်ဆိုမှုက ဘာ့အတွက်များလဲ
နုပျိုမှုကို ထာဝရသိမ်းနိုင်မယ် ထင်သူတွေ များနေတယ်။
မင်းပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ မြေတွေကို
ဘယ်ချိန်ထိ ပိုင်နိုင်မတဲ့လဲ
မင်းသေသွားတဲ့အခါ ၆ပေ တစ်ကွက်တောင်မှ အနိုင်နိုင်မဟုတ်လား။
မင်းပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ စည်းစိမ်ဥစ္မာတွေကို
ဘယ်ဘဝအထိ သယ်ယူသွားနိုင်မယ် ထင်နေသလဲ
ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်နေကြတာ ကမ္ဘာအစမှ အဆုံးတိုင်ပဲလား
ဒီနေ့ ကမ္ဘာကြီး ပျက်သွားခဲ့ရင်
မင်း ပိုင်ဆိုင်တာတွေထက် မင်းကိုယ်တိုင်ရော တင်ကျန်နိုင်မှာတဲ့လား။
မင်းကိုလည်း ဘာကမှ မပိုင်ဘူး
မင်းကလည်း ဘာကိုမှ မပိုင်ဘူး
အရှိထက် အသိက ခက်ခက်နေကြဆဲ
ငါတို့ ကိုယ်၌က အချိန်မရွေး ကြွေကျနိုင်တဲ့
နွေဦးသစ်ရွက်တွေပါပဲလေ..
ဘာအတွက်များ မာနတွေနဲ့ ငြင်းခုန်နေကြဦးမလဲ...။
သိင်္ဂါကျော်

11 comments:
သံဝေဂရစေတဲ့ နွေဦးသံဝေဂကဗျာလေး ဖတ်သွားတယ် ကျော်ရေ..
၆ပေတစ်ကွက်တောင် အစိုးမရတော့ပါဘူး နောင်ကိုမြေကွက်အစား ပြာအိုးပဲထားခွင့်ပြုတော့မယ်လို့ကြားလို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘယ်အရာမှမပိုင်ပါလားဆိုတာကိုပေါ်လွင်စေတယ်
သံဝေဂရစရာကဗျားကလေး ကောင်းလိုက်တာ
တကယ်ပဲ နွေဦးရဲ့ကဗျာလေးထဲမှာ သံဝေဂလေးတွေနဲ့ရယ်...
(မရောက်ဖြစ်တာ အတော်ကြာသွားပြီဗျ)
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
အချိန်တန် ခွဲခွာရစမြဲ၊ ချန်ထားရစမြဲ။ ဒါပေမယ့် နောက်ဆုံးလက်ကျန်အချိန်လေးအထိကို တွယ်ဖက်ထားချင်တဲ့ လူ့သဘာဝဆန္ဒတွေက နောက်ဆုံးစအချိန်အထိ တငွေ့ငွေ့လောင်မြိုက်လို့..။
အရာရာဟာမမြဲတဲ့သဘောပါဘဲအမရယ်..
တရားသဘောဆိုပေမယ့် အဲ့လို ကြုံလာတဲ့အခါ ခံနိုင်ရည် မရှိဘူး မမရယ်....:(
သိပြီးလက်မခံလိုတဲ့ အကြောင်းအရာတွေ...
ဝေချိန်တန်ဝေ ကြွေချိန်တန်ကြွေတာ သဘာဝမို့ ကြွေရရင်လည်း မကြောက်ပေါင်ကွယ်...ဝေခွင့်ရတဲ့ အချိန်ခဏမှ အလှဆုံးပွင့်ပြခဲ့ပြီးပြီပဲ...
တစ်ခုပဲ စိုးရိမ်တယ်...တစ်ခက်ကြွေပေမယ့် တစ်ရွက်မဝေမှာကိုပဲ...
အင်း ..... သံ ဝေ ဂ တွေ ....
မင်းကိုလည်း ဘာကမှ မပိုင်ဘူး
မင်းကလည်း ဘာကိုမှ မပိုင်ဘူးနော်..။
Post a Comment