21 February, 2013

လရောင်အောက်မှာ ပွင့်တဲ့ပန်း


အကြောင်းတိုက်ဆိုင်ရင် သတိရတတ်ပါတယ်
သူပြောဖူးတဲ့ စကားတစ်ခွန်းတစ်လေ
ချိုမြိန်တဲ့ သစ်သီးတွေ ရာသီကုန်ရင်တောင်
ငှက်တွေ ဘယ်တော့မှ မမေ့သလိုမျိုး...။

မိုးတွေ အကြိမ်ကြိမ်ရွာတယ်...
မိုးတွေ အကြာကြီးခေါင်တယ်..
ဒါပေမယ့်
သစ်ပင်တွေ ဘယ်တော့မှ မိုးကို မမေ့သလိုမျိုး
ငါ့ နှလုံးသားထဲ ဖြတ်သွားဖြတ်လာတွေ သိပ်မများခဲ့ပါဘူး..
သတိရခြင်းတွေ သူ့နေရာနဲ့သူ သိမ်းထားတယ်...။

မင်း မေ့လိုက်နိုင်ပါတယ်..
မင်း ပြောင်းလဲနိုင်ပါတယ်..
ကတိတစ်ခု အတွက် မင်းကို ငါ မတုပ်နှောင်ဖူးတဲ့ အတွက်
မျိုးစေ့တွေ လေလွင့်ရာ ပန်းတွေ ပွင့်တတ်သလိုမျိုး
အချစ်တွေလည်း နေရာပြောင်းပြီး ပွင့်နိုင်တယ် မဟုတ်လား...။

တစ်ချို့ပန်းကလေးတွေ
လရောင်အောက်မှာမှ ပွင့်တတ်သလိုမျိုး
မပြောဖြစ်တော့မယ့် ငါ့ချစ်ခြင်းတွေ
တိတ်တဆိတ် ပွင့်ခဲ့ဖူးတယ်...
အများအမြင် နေရောင်အောက်မှာတော့ ငုံရုံကလေး ငုံလို့..။

ငှက်တွေ အသိုက်သစ်အတွက် အိပ်မက်မက်ဖူးကြသလိုမျိုး
မပြောကောင်း မဆိုကောင်း ချို့ယွင်းချက်တွေ မရှိတဲ့ ငါလည်း
အိပ်မက်တွေ မက်ဖူးပါရဲ့
လရောင်အောက်က ပန်းပွင့်လေးကို
မြတ်မြတ်နိုးနိုး နမ်းရှိုက်သူ တစ်ယောက် အကြောင်း...။

အိပ်မက်ကတော့ အိပ်မက်ပဲပေါ့..
တော်မဝင်တဲ့ ဇာတ်လမ်းတွေကို
ငါ့ နေရောင်အောက်မှာ နေရာမပေးနိုင်တဲ့အခါ
ငါ့အတ္တတွေနဲ့ငါ လှလှပပ ပျော်မွေ့လို့
ငါ့ရှင်သန်ခြင်းတွေနဲ့ငါ အချိန်တွေတောင် မလောက်မငဖြစ်လို့..
ဒီလိုပါပဲ..
ဒီလိုပါပဲလေ...။

သိင်္ဂါကျော်
(ခုတလော ဘလော့ကို ပစ်ထားတာ ကြာသွားပါတယ်.. မအားသေးတာရယ်.. စိတ်မပါသေးတာရယ်ကြောင့်  ဝတ္တု မရေးဖြစ်တာတောင် ကြာနေပါပြီ.. sorry ပါနော်...)

11 comments:

Aunty Tint said...

ဝတ္ထုမရေးဖြစ်သေးလဲ ကဗျာကောင်းလေး တစ်ပုဒ်ဖတ်ခွင့်ရသွားတယ် ကျော်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ဟိုတုန်းက တစ်ယောက်ယောက်ကို တမ်းတ သတိရနေတာကို ပုံဖေါ်ပြသွားတဲ့ နမ်းစားလေးတွေကို
အတော့်ကို သဘောကျမိတယ်ဗျာ။

မိုးနတ်ကြယ်စင် said...

မိုက်စ် ပါ မမကျော်ရေ...
ပျောက်နေတာ ကြာပြီလို့တော့တွေးမိသားးးး
မ အလုပ်ရှုပ်နေလို့များလား လို့လဲ မကြာခဏ
တွေးမိပါရဲ့....ဒီလိုပါပဲလေ
ဒီလိုပါပဲ....တခါတခါတော့ စိတ်မပါဘူးဆိုတာလဲ
ဖြစ်မိရဲ့ ....မအားသေးတဲ့ အခါလဲရှိမိပါရဲ့...
ဘာပဲဖြစ်ဖြစ်မျှော်နေတယ်နော်... မ စာတွေကဗျာတွေ
ကိုလေ....ဆက်လက်ထုဆစ်နိုင်ပါစေ...
ချစ်တဲ့...မိုးနတ်

ချစ်စံအိမ် said...

ကဗျာကောင်းလေးလာရောက်ဖတ်ခဲ့ပါတယ်....

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးက .... ကောင်းလိုက်တာမမရေ..
ခံစားအားပေးလျှက်..

ဟန်ကြည် said...

မျိုးစေ့တွေ လေလွင့်ရာ ပန်းတွေပွင့်နိုင်သလို
အချစ်တွေ နေရာပြောင်းပြီး ပွင့်နိုင်တယ်...

အင်မတန်လှတဲ့ နိမိတ်ပုံ...ထက်လိုက်တဲ့ အတွေး...၀ထ္ထုတင် ပိုင်တယ်အောက်မေ့နေတာ ကဗျာလည်း နိုင်တာပဲကိုး...
ကဗျာကောင်းတစ်ပုဒ် ဖတ်ရတဲ့အတွက် ကျေးဇူးတင်ရမှာပါပဲ...

Cameron said...

ဘာရေးရေးကောင်းနေတော့တာပဲ နောက်ထပ် ၀တ္ထုအသစ်ကလေးကိုလည်းမျှော်နေပါတယ်..။

စံပယ်ချို said...

အကြောင်းတိုက်ဆိုင်သည်ဖြစ်စေ
မတိုက်ဆိုင်သည်ဖြစ်စေ
အမြဲလိုလိုသတိတရရှိနေတတ်ပါတယ် ကျော်ရေ
မေ့လဲမေ့ဘူး
ပြောင်းလဲမှုလဲမရှိဘူးနော်

San San Htun said...

ကဗျာလေးကို တကယ်ကြိုက်တယ်...

အလွမ်းမြို့ said...

မိုးငွေ့ပြောသလိုဘဲ ဘာတွေရေးရေးကောင်းနေ
တာဘဲဆိုတာမှန်တယ်။ ဝတ္တုတိုလေးတွေရော
ကဗျာလေးပါ ဖတ်ကောင်းတယ်။

ချစ်ခြင်းအားဖြင့်
အလွမ်း

ကြည်ဖြူပိုင် said...

မသိင်္ဂါရေ.....
မရောက်လာဖြစ်တာ နှစ်နဲ့ကိုချီကြာနေပြီ....
ဒီနေ့တော့ အရင်ကလည်ခဲ့ဖူးတဲ့ အိမ်လေးတွေကို
သတိရလို့မို့ ....ရောက်လာခဲ့ပါတယ်...
နှစ်သစ်မှာပျော်ရွှင်ကြည်နူးချမ်းမြေ့ပါစေ....း)