ကောင်မလေးရေ...
နင်နဲ့ ပတ်သက်ရင်
နားမလည်နိုင်ခြင်းက ငါ့ကို ဖမ်းစားတယ်။
တစ်ခါတစ်လေတော့လည်း
နင့်ရဲ့ ငါ့အပေါ် သံယောဇဉ်ကို ငါခံစားမိပါရဲ့..။
တစ်ခါတစ်လေတော့လည်း
နင့်အသည်းနှလုံးက ငါ့အပေါ် အေးစက်ဆဲလို့ ငါထင်မိပါရဲ့..။
နင့်ကို ငါအရမ်းချစ်တယ် လို့ နေ့တိုင်း ပြောတာကို
နင်က ကြားရဖန်များလို့ အလေးမထားချင်ဘူး။
နင့်အသံကို ငါနေ့တိုင်း ကြားချင်တယ် လို့ ပြောတာကို
နင်က အပိုတွေ ပြောတယ်လို့ ထင်နေတယ်။
နင့်စကားကို နားထောင်ပြီး ငါဖုန်းမဆက်တဲ့အခါ
နင်က message တွေ စပို့တတ်တယ်။
ငါဖုန်းဆက်လို့ ငါ့ကို ချစ်လား မေးတဲ့အခါ
နင်ဘယ်တော့မှ ဝန်မခံချင်ဘူး။
ကောင်မလေးရေ...
နင့်ကို ငါ သိပ်ချစ်မိသွားတာက လွဲရင်
နင့်အကြောင်း ငါဘာမှ သိပ်မသိသလို
ငါ့အကြောင်းလည်း နင်ဘာမှ မမေးတတ်ဘူး။
ကောင်မလေးရေ...
နင်က ထားခဲ့ခံရမှာစိုးလို့ မချစ်ချင်တဲ့အကြောင်း ပြောတယ်၊
ငါက ထားခဲ့ခံရမှာစိုးလို့ နင်ချစ်တာကို ခံချင်တဲ့အကြောင်း ပြောတယ်၊
ဒီလိုနဲ့ပဲ
ညတာတွေ ရှည်တယ်၊ သံယောဇဉ်ကြိုးတွေ ရှည်တယ်
ဒီလိုနဲ့ပဲ
မပြတ်သားမှုတွေ ရှည်တယ်...။
ဒီလိုနဲ့ပဲ
နင့်ကို ပိုတိုးတိုး ချစ်မိနေတယ်...။
(သိင်္ဂါကျော်)
4 comments:
ကောင်မလေး နားလည်မှာပါ..။ ကောင်မလေး ကို လည်း နာလည်ပေးလိုက်ပါ နော်..။
အင်းး တိုက်ဆိုင်လှချည်ရဲ့....
မိုးနတ်တို့ အဖြစ်နဲ့တူနေပါရောလားကွယ် :(
တွက်စစ်ဖို့မလွယ်တဲ့ ပုဒ်စာ
အချိန်တွေက ဆရာပေါ့
ကြိုးလျော့လျော့ စောင်းတစ်လတ်
သံစဉ်တွေ ညှိတတ်ပါစေ ဗျာ ။
ကောင်မလေးကဗျာဖတ်ရင်း ကျွန်တော်လည်း ကောင်မလေးကိုတိုးတိုးချစ်သွားရတယ်
ကျွန်တော့်ကောင်မလေးကိုလေး)
မောင်ဘကြိုင်
Post a Comment