09 August, 2013

ဆယ်ကျော်သက် အိပ်မက်မှား

ကောင်မလေးရဲ့ အသိတွေက
မြူနှင်းကျ မနက်ခင်းလို ဝေဝေဝါးဝါး
ဘဝ ဟာ ဘာလဲလို့ မသိနိုးနားနဲ့
လုပ်သင့်ခြင်း မလုပ်သင့်ခြင်းတွေလည်း
မှားမှားယွင်းယွင်း ရွေးချယ်လို့။

ကောင်မလေးက
လှပခြင်းကို ကိုးကွယ်တယ်
ကိုယ့်ကိုယ်ကို ခြယ်သလို့
တစ်မျက်နှာအလှကို ပီပီသသပြ
စတိုင်ကလည်း ကျကျနနထုတ်လို့
အချစ်ခံရခြင်းတွေကို သဘောကျ
လှလှပပ ကျေနပ်နေတဲ့အခါ
ကိုယ့်ကိုယ်ကို
စိတ်ကူးထဲက မင်းသမီးလေးလို့ ထင်တယ်။

ကောင်မလေးက
လွတ်လပ်ခြင်းကို ကိုးကွယ်တယ်
လူဆိုတာ လုပ်ချင်ရာ လုပ်သင့်သတဲ့။
ဘောင်တွေကို မုန်းလာတဲ့အခါ
စိတ်တွေက ဟိုမရောက် ဒီမရောက်နဲ့
သစ်ရွက်ကြွေတိုင်း ရယ်တတ်တဲ့ အရွယ်ကို
ခုထိ မလွန်မြောက်သေးသူ ဖြစ်နေတယ်။

ကောင်မလေးက
အချစ်ကို ကိုးကွယ်တယ်
အရွယ်တွေ အချိန်တွေ အခြေအနေတွေ
ဘာကိုမှ ကြည့်စရာ မလိုပါဘူးတဲ့
အချစ်ကို အချစ်နဲ့ တုံ့ပြန်တဲ့အခါ
လောကကြီးက သာယာတယ် ထင်သတဲ့။

လှပခြင်း နဲ့ အချစ်က ဘဝကို ချိုမြိန်စေတဲ့ အခိုက်အတန့်ကို
ဓါးသွားပေါ်က ပျားရည်စက်လို မက်မောရင်း
ကောင်မလေးက
သူ့ကိုယ်သူ မမြင်တော့ဘူး
ဘယ်အရွယ်မှာ ဘယ်အရာကို လုပ်သင့်တယ်
ဘယ်အရာကို မလုပ်သင့်ဘူး ဆိုတာ...။

တစ်သက်တာ စိတ်ချမ်းသာမှုက
သူတစ်ပါးပေးမှ ရရမယ့် အရာ မဟုတ်ဘူးဆိုတာ
ကောင်မလေး နားလည်ဖို့ ငယ်သေးတယ် ဆိုပေမယ့်
တစ်သက်တာ စိတ်ချမ်းသာမှုက
တန်ဖိုးရှိတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့
ရပ်တည်နိုင်မှုပေါ်မှာ မူတည်တယ် ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။

ကောင်မလေးတို့ အရွယ်မှာ
သင်ယူသင့်တာတွေကို သင်ယူနိုင်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။
စိတ်အလိုလိုက်ခြင်းက ဘဝကို ပျက်စီးစေနိုင်တယ်ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။

ပတ်ဝန်းကျင်လေးစားတဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ
ပညာပြည့်ဝမှုနဲ့ ဣနြေ္ဒ သိက္ခာ ကိုယ်ကျင့်တရား ပေါ်မှာ မူတည်နေတယ် ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။

သိင်္ဂါကျော်

3 comments:

တောင်ဇလပ် said...

ဖတ်သွားပါတယ်။ အခုမှ စ၊ ဖတ်ဖြစ်ပေမယ့် ကဗျာလေးကိုကြိုက်ပါတယ်။အားပေးလျက်...

Aunty Tint said...

ဒီကဗျာလေးဖတ်မိတော့ မဆီမဆိုင် မနေ့ကဖတ်တဲ့ ဂျာနယ်ထဲကဆယ်ကျော်သက်ကလေးတွေရဲ့ ဒေးပါတီကို သွားသတိရတယ် သိင်္ဂါကျော်ရေ...ကဗျာလေးကာင်း၏
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

သိပ်ကောင်းတယ် ကဗျာ လေးက
တခုခုကို လက်ညှိုး ထိုးပြနေသလိုလိုလေး
ခံစား လိုက်ရလို့ ။