(၁)
အခန်းကျဉ်းကလေး။ သီချင်းတွေ ဝတ္တုတွေမှာ ရေးသလို မှောင်မည်း တိတ်ဆိတ်၍တော့ မနေပါ။ လေးပေ မီးချောင်း တစ်ချောင်းက အခန်းကျဉ်းလေးကို လင်းထိန်နေဖို့ လုံလောက်လေသည်။ ကားလမ်းမ ထက်မှ ၂၄နာရီ ကြားနေရသော ကားသံတွေကတော့ ဒီအခန်းလေးကို ဘယ်တော့မှ တိတ်ဆိတ်သော အခန်းလေး ဖြစ်ခွင့်မပေး။ အိပ်ချိန် မရောက်မချင်း ဖွင့်ထားတတ်သော တီဗွီဇာတ်ကားထဲမှ စကားပြောသံကတော့ ညနက်လျှင် သူများအခန်းများမှ ကြားမည်စိုး၍ တိုးထားတတ်သောကြောင့် သူမ ကိုယ်တိုင်ပင် သဲကွဲစွာ မကြားရတတ်။ ဘာကိုမှ မလုပ်ချင်၊ မစဉ်းစားချင်သည့် အခါမျိုးတွင် ထိုင်းစလောင်းမှ လာနေသည့် နိုင်ငံခြားကား တစ်ခုခု ဖွင့်ကာ ဇာတ်လမ်းကို သေချာ နားလည်သည် ဖြစ်စေ မလည်သည် ဖြစ်စေ၊ တစ်ပိုင်းတစ်စမှ စ၍ဖြစ်စေ ကြည့်နေမြဲ။
အခန်းကျဉ်းလေးထဲတွင် စားပွဲတစ်လုံး၊ တီဗွီတစ်လုံး၊ သစ်သားကုလားထိုင်ပေါ် တင်ထားသည့် တက္ကသိုလ် ပထမနှစ်ကတည်းက သုံးခဲ့သော သံသေတ္တာဟောင်းတစ်လုံး။ အဲဒီတုန်းကတည်းက အသစ်ဝယ်ခဲ့သည် မဟုတ်ပဲ အိမ်မှာ ရှိသည့် သံသေတ္တာကို ပြန်ပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း မှတ်မိနေသေးသည်။ တက္ကသိုလ် ပထမနှစ် တက်မည် ဆိုတော့ အသိ အန်တီတစ်ယောက် လက်ဆောင်ပေးခဲ့သည့် အလတ်စား မှန်ဝိုင်းကလေးလည်း ဒေါက်ကလေး နည်းနည်း ကျိုးနေပေမယ့် ခုချိန်ထိ သနပ်ခါးလိမ်းချိန်တွင် ကြည့်နေဆဲ။ သနပ်ခါးမှုန်တွေ ကပ်နေသည်ကိုတောင် တစ်နှစ်နေမှ တစ်ခါလောက်သာ မှန်တိုက်ဖို့ သတိရတတ်သူ။ အနှစ် ၂၀ အတွင်း မှန်အသစ်တစ်ချပ် မဝယ်ခဲ့သည့် မိန်းမ တစ်ယောက်က ခုချိန်မှာ နှုတ်ခမ်းနီကိုတော့ အဖြစ်ရှိအောင် ဆိုးတတ်နေပါပြီ။ အသက်ကြီး ရာထူးကြီးနေပြီ ဖြစ်သည့် မိန်းမ တစ်ယောက်က မျက်နှာပြောင်နှင့် မနေသင့်ကြောင်းကိုတော့ သူမ နားလည်သည်။
ယခုအချိန်ထက် ရာထူး လေးဆင့် နိမ့်စဉ် လွန်ခဲ့သော ၁၀ နှစ်ကျော်ကလည်း ဘေးချင်းကပ် ပုံစံတူ အဆောင်က ဒီလို အခန်းကျဉ်းလေးထဲမှာ သုံးနှစ်တာ နေခဲ့ဖူးသည်။ ခုလို ရာထူးနှင့် ပြန်ရောက်လာတော့လည်း ဒီလို အခန်းကျဉ်းလေးထဲမှာ မပြောင်းမလဲ နေရဆဲပင်။ ဒီအခန်းကျဉ်းလေးထဲ ပြန်ရောက်မှ မစဉ်းစားချင်ပဲ ထားထားသည့် ဘဝအခြေအနေကို ခဏ ခဏ စဉ်းစားမိ နေလေသည်။
ဘွဲ့ သုံးဆင့် ရခဲ့သည်။ ရာထူးတိုး ကံကောင်းသည်ဟု အများက ပြောကြသည်။ ဘဝက ပူပင်စရာ မရှိ ပြည့်စုံသည်ဟု အများက ထင်ကြသည်။ Facebook ပေါ်က ဓာတ်ပုံတွေထဲမှာ အမြဲတမ်း ပြုံးနေတတ်သည်။ ကျောင်းတုန်းကတည်းက ခုချိန်ထိပင် အများနည်းတူ အဖိုးတန်အဝတ်အစားတွေ များများစားစား မဝယ်နိုင် မဝတ်နိုင်၊ လက်ဝတ်ရတနာ မဝတ်နိုင်သူ ဖြစ်သော်လည်း ဘယ်သူကမှ သူမကို ကျပ်တည်းသော အိမ်က လာသည်ဟု မထင်ခဲ့ကြ။ သူမကလည်း လက်ဝတ်လက်စား ဝတ်ရမှာလည်း တကယ့်ကို ဝါသနာမပါသည်မို့ ဈေးသက်သာသော အဝတ်အစားလေးများနှင့်ပင် စတိုင်ကျအောင် ဝတ်တတ်သော သူမကို ဘယ်သူကမှလည်း ထူးထူးထွေထွေ အထင်လည်း မသေးခဲ့ကြပါပေ။ သူမက မျက်နှာသာ အလှမပြင်သော်လည်း အဝတ်ကိုတော့ မလိုက်မဖက် ကောက်ဝတ်တာမျိုး ဘယ်တော့မှ မလုပ်တတ်။ သူမ၏ သေတ္တာဟောင်းလေးထဲမှ ယူနီဖောင်း မဟုတ်သည့် အပြင် ဝတ်စုံ အများစုသည် ယခင်က သူမ အမေ ပေးထားသည်များနှင့် နောက်ပိုင်း သူမ တပည့်လေးများ၊ သူငယ်ချင်းများက မေတ္တာနှင့် ပေးထားသည့် လက်ဆောင်များသာ ဖြစ်ပြီး သူမက ချုပ်ခသာ စိုက်ခဲ့ရ၍ သေတ္တာတစ်လုံး ပြည့်နေခြင်းသာ။ သူမလို အနေအထားနှင့်က ပေါ်သမျှကို ဝယ်ဝတ်နိုင်သည့် အနေအထားမျိုး မဟုတ်ခဲ့။
(၂)
တစ်ခါတစ်ရံတော့ အတိတ်ကံ အကြောင်းကို တွေးမိတတ်သည်။ တစ်ချို့ မိန်းမတွေ မွေးလာကတည်းက ပြီးပြည့်စုံသော မိသားစုမှာ လူဖြစ်လာသည်။ မရှိဆိုသော စကားကို မကြားဖူးသော သူများ။ အိမ်ထောင်ရက်သား ကျတော့လည်း တန်းတူ ရည်တူ ကိုယ့်ကို လိုလေသေးမရှိ ထားနိုင်သူနှင့်သာ ဖူးစာဆုံကြသူများ ရှိသည်။ သူမက တက္ကစီခ နှမြောလို့ ဘတ်စ်ကားနှင့် သွားရမှာလည်း ပင်ပန်းလို့ အခန်းအောင်း နေတဲ့ အခါမျိုးမှာ ကားလှလှတွေနှင့် လာခေါ်နိုင်သည့် မိဘ၊ ချစ်သူ ရှိသူတွေကို ကြည့်ရင်းလည်း အတိတ်ကံ အကြောင်းကို တွေးမိသည်။ အဲသလိုမျိုးနှင့် သူမ ဘဝကို နှိုင်းယှဉ်ကြည့်တော့ မိုးပေါ်ကို အရမ်းကြီး မျှော်ကြည့်ရာ ရောက်သည်။ အဲဒီတော့လည်း သွားရင်း လာရင်း အောက် ငုံကြည့်မိတော့ လမ်းဂွဆုံတွေမှာ ကလေး တစ်ဖက်နှင့် တောင်းစားသူတွေ၊ ဆေးလိပ် ကွမ်းရာ ပန်းရောင်းသူတွေကို မြင်ရသည်။
မဟုတ်သေးဘူး။ သူမဟာ လောဘကြီးသူပဲ။ ကျေနပ်နှစ်သိမ့်နိုင်သူလို့ ကိုယ့်ကိုယ်ကို ပြောရင်း လျှောက်လက်စ လမ်းကို ဆက်လျှောက်နေပေမယ့်… တကယ်တော့ မဟုတ်ဘူး။ ရောင့်ရဲနိုင်လို့ မဟုတ်ဘူး။ ဒီအလုပ်ကို ဝါသနာပါပြီး သံယောဇဉ် ကြီးတာလည်း ရာခိုင်နှုန်း ခပ်နည်းနည်း။ တကယ်တော့ သတ္တိ မရှိတာရယ်၊ ပျင်းတာရယ်၊ မစွန့်စားရဲ တာရယ်…။ အဲဒါနဲ့ ပဲ သိသိရက်နဲ့ လမ်းသစ် ပြောင်းလျှောက်ဖို့ ဝန်လေး။ အချိန်မီ ပြောင်းလျှောက်သူတွေ၊ ဘယ်လို ကြိုးစားခဲ့ရလည်း သိနေသည်။ ဘယ်လို အောင်မြင်ကြီးပွား သွားလည်း သိနေသည်။ သူမကတော့ ကိုယ့်ကိုယ်ကို အဖြစ်မရှိဘူး လို့ ထင်နေဆဲ။ ကျောင်းတုန်းကလည်း သူမက ဘယ်တုန်းကမှ ထိပ်ဆုံးက မဟုတ်ခဲ့…။ အလယ်အလတ်မှာပဲ အမြဲ နေခဲ့သူ…။
ဖတ်ဖူးထားသည့် စကားတစ်ခွန်း ရှိသည်။ ဆင်းဆင်းရဲရဲ မွေးလာတာ ကိုယ့်အပြစ် မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲ သေသွားရရင်တော့ ကိုယ်အသုံးမကျလို့ပါပဲတဲ့။ အဲသလိုမျိုး အဓိပ္ပါယ် ဆန်ဆန်။ ဒါပေမယ့် သူမက ဘဝကို ရေဆန် ပြန်ကူးရမှာ ကြောက်နေပြန်သည်။ ရေစုန်မှာ မျောနေမိသည့် လမ်းက သက်သာတယ် မဟုတ်ပေမယ့်၊ ပင်ပန်းနေရင်တောင် လုပ်နေကျလေး မဟုတ်လား။ ရေဆန်လို အဆင်မသင့်လျှင် လက်ဗလာ ပြန်ဖြစ် မသွားနိုင်ဘူးလေ။
ဘာဖြစ်လို့ အဲသလောက်တောင် ငြီးငြူ နေတာလဲ။ အဲဒီ လခက တစ်ယောက်စာတော့ ကောင်းကောင်း လောက်ပါတယ် လို့ ။ မှန်တော့ မှန်သားပေါ့။ သူမမှာ ထောက်ပံ့ရမည့် သားသမီး မရှိပေမယ့် ထောက်ပံ့ရမယ့် မိဘ ရှိတာကို လူတွေက ဘာလို့မမြင်ပါလိမ့်။ ဒီအသက် အရွယ် ရောက်လာသည့် ပညာအများကြီး သင်ပေးထားပြီးတဲ့ တစ်ဦးတည်းသော သမီးက မထောက်ပံ့နိုင်လျှင် တစ်သက်လုံး အစိုးရဝန်ထမ်း လုပ်လာပြီး ပင်စင်ယူလိုက်သည့် မိဘများက ပင်စင်လစာနှင့် ထမင်ကြမ်းခဲ ယပ်ခတ်ပြီး စားနေရမှာတဲ့လား။ ပင်စင်လစာ ဆိုတာကလည်း သားဆိုး မြေးဆိုးတွေ မရှိတာတောင်မှ ထမင်းနှစ်နပ် ဝဝလင်လင် စားနိုင်သည့် ပမာဏမျိုးမှ မဟုတ်ပေပဲ။
အသက်ကြီးသွားသည့် မိဘတွေ ဆိုတာ ကလေးတွေလို ပြန်ဖြစ်သွားတတ်သေးတာ။ ကလေးတွေ ဆိုတာက ကိုယ့်မိဘ အခြေအနေ ဘယ်လိုလဲ မသိပဲ သူတို့ ပူဆာ ချင်တာကိုသာ ပူဆာတတ်သူတွေ မဟုတ်လား။ မိဘတွေမှာ ကိုယ့်သားသမီးကို သူများ တန်းတူ မဝယ်မချမ်း ပေးနိုင်ရင် စိတ်ထဲ မကောင်းဖြစ်ရ။ ကိုယ့်မိဘတွေ သူတို့ လှူချင်သလောက် မလှူပေးနိုင်၊ သူတို့ သွားချင်တာ သူတို့ ဝယ်ချင်တာ စိတ်ရှိသလို လုပ်မပေးနိုင်တဲ့ သားသမီးတစ်ယောက် ရင်ထဲမှာလည်း အဲသလိုပဲ ရှိတတ်တာပါ။ ဘယ်သူ့ရဲ့ သားသမီးကတော့ ငွေ ဘယ်လောက် ပို့ နိုင်တယ် ဆိုတာမျိုး၊ ဘယ်သူတွေကတော့ သူ့ သားသမီး ရှိရာ နိုင်ငံရပ်ခြားမှာ အေးအေးလူလူ လိုက်သွားနေတယ် ဆိုတာမျိုး၊ ဘယ်သူတွေကတော့ ဗုဒ္ဓဂါယာ သွားကြတယ် ဆိုတာမျိုးတွေကို ဥပေက္ခာ ပြုထားရတာ လွယ်တယ် များ မှတ်လို့ …။ ဒီအချိန်ရောက်မှတော့ ဒီလမ်းကို လျှောက်ခိုင်းခဲ့တာ အမေတို့ ပဲ ရယ်လို့ လည်း ပြောမနေချင်တော့ပါဘူး။
(၃)
ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမပဲ ဖြစ်ဖြစ် ပျော့ညံချိန် တစ်ချိန်တော့ ရှိတတ်တာပဲ။ လူတိုင်း လိုလိုမှာပါပဲ…။ ပြီးပြည့်စုံတဲ့သူ ဆိုခဲ့ရင်တောင် အထီးကျန်ခြင်းက တစ်ထောင့် တစ်နေရာမှာ ရှိနေတတ်သည်။ အခွင့်အရေး ရတဲ့အခါ ပူးဝင်ဖို့ ပေါ့။
တစ်ယောက်တည်း နေတိုင်း အထီးကျန်နေတာ မဟုတ်ပါဘူး လို့ ကြွေးကြော်တတ်သူတွေထဲမှာ သူမက ထိပ်ဆုံးက ပါသူပါ။ တစ်ယောက်တည်း နေရခြင်းက ပျော်မွေ့စရာ ကောင်းတာလည်း ခံစားချက်တူသူတွေကြား ငြင်းစရာ မလိုတဲ့ အချက်ပဲ မဟုတ်ပါလား။ ဟင်းချက်ပျင်းရင် ရှိတာနဲ့ စား အခန်းအောင်းပြီး တီဗွီ ကြည့်နေချင် နေ၊ ကော်ဖီတစ်ခွက်၊ သီချင်းတစ်ခွေနဲ့ စာအုပ်ဖတ်နေချင်နေ၊ တစ်နေကုန် အပြင်ထွက်ပြီး Shopping ပတ်ချင်သလောက် ပတ်ပတ်။ တစ်ယောက်တည်း ပျော်မွေ့ တတ်သူတွေမှာ လုပ်စရာတွေ အပြည့်။
သို့ပေမယ့်လည်းပေါ့လေ ပြောခဲ့သလိုပဲ။ တစ်ခါတလေတော့ အထီးကျန်ခြင်းက ရှိမှန်းမသိအောင် ရှိနေတတ်တာပါ။ သူမတစ်သက် သူမကို ဂရုစိုက်မယ့်သူ၊ ချစ်မယ့်သူ (မိဘတွေကလွဲရင်) မရှိခဲ့စဖူး။ ငယ်ငယ်က လူ ၁၀၀ လောက် ရှိတဲ့ အတန်းထဲမှာ သူမကို မှတ်မိ သိရှိတဲ့ သူက ၁၀ ယောက်လောက်သာ ရှိခဲ့တာ။ ၅ ယောက်ကတော့ ခုချိန်ထိ သူငယ်ချင်းကောင်း ဖြစ်နေတာ တစ်ခုတော့ ကံကောင်းပါရဲ့။ ဒီလိုမျိုး ပတ်ဝန်းကျင်က ဂရုစိုက်မိဖွယ် မရှိတဲ့ မိန်းမတစ်ယောက်မှာ ချစ်သူ မရှိခဲ့တာ အံသြစရာတော့ မဟုတ်ပါ။
လူစိမ်းတွေနဲ့ အပြင်မှာ မြန်မြန် မရင်းနှီးလွယ်တဲ့ သူမက အင်တာနက်ပေါ်က ဘဝမှာတော့ လူစိမ်းတွေနဲ့ စကားစမြည်တွေ ဆိုဖူးပါရဲ့။ ဒါကလည်း တစ်ယောက်တည်း ပျော်မွေ့တတ်သူရဲ့ အတွင်းစိတ်ကို ချိုးဖောက်လိုက်ခြင်းပါပဲ။ ရိုးရိုးသားသား သူငယ်ချင်းတွေ ရှိခဲ့ဖူးသည်။ တတိယဘွဲ့ အတွက် စိတ်ကျဉ်းကျပ်ချိန်မှာ ထွက်ပေါက်ရှာခြင်းလည်း ဖြစ်ခဲ့သည်။ အဲဒီအချိန်က လူတွေက ခုခေတ်လို လွယ်လွယ် ကျူကြသူတွေ မဟုတ်ပါ။ သူမလိုပဲ သူငယ်ချင်းရှာလိုသူတွေလည်း ရှိခဲ့ဖူးသည်။
အဲဒီနောက်ပိုင်း ခေတ်မှာတော့ online ပေါ်တက်တိုင်း အပျော်ရှာချင်သူ အထင်နဲ့ ကျူတာတွေလည်း ခံရဖူးသည်။ သူမလည်း အိပ်မက်ဘဝတစ်ခု ထွက်ပေါက်ရှာချင်တဲ့ အခိုက်အတန့်တွေမှာ တစ်ယောက်စ နှစ်ယောက်စ ပြောဖူးပါသည်။ ပြောတဲ့သူတွေလည်း လွယ်လွယ်ပြော။ မေ့တဲ့အခါလည်း လွယ်လွယ်မေ့ကြ။ ပြင်ပဘဝကို အမှန်အတိုင်း မမြင်နိုင်တဲ့အခါ စစ်မှန်မှု ဆိုတာ ဘယ်အခါမှ မရှိတတ်တာ သဘာဝပါ။ နောက်တော့ ဟန်ဆောင် ပန်ဆောင်တွေ ပြောကြတဲ့ ဘဝကို သူမက ငြီးငွေ့ လွယ်လာသည်။
ပတ်ဝန်းကျင်က သူငယ်ချင်း ဆိုသူတွေကိုလည်း သူမက အရာရာတိုင်း ပြောမပြတတ်ခဲ့ဘူး။ အဲဒါကလည်း တစ်ခါတရံ ရင်ဖွင့်ဖော် လိုမိတဲ့ အကြောင်းများလား။ တကယ်ဆို အဲသလိုလည်း မဟုတ်ပြန်ဘူး။ တစ်ယောက်ယောက်ကို ချစ် ကြည့်ချင်ခဲ့တာ။ ခဏတာလောက်ပဲ။ တစ်ယောက်တည်း ပျော်မွေ့ တယ်ဆိုတာ တကယ် မဟုတ်ပဲ လူကြားကောင်းရုံ ပြောတာလား ကိုယ့်ကိုယ်ကို အထင်ရောက်မိ။
သူနဲ့ ဖုန်းပြောရခြင်းကို သာယာတတ်လာသည်။ သူ့ မတိုင်ခင်ကလည်း အဲသလိုပဲ တစ်ယောက်စ နှစ်ယောက်စ ပြောဖူးပါသည်။ အပျင်းပြေ၊ အားပါနားပါရယ်လို့ အကြောင်းပြချက်နဲ့။ အဲသလိုလေးနဲ့ပဲ မကြာမတင် ပြီးသွား။ အခုတော့ အဲသလိုလေး ပြီးသွားချင်ပြီ ဆိုတာ ခဏ ခဏ တွေးရင်း ခုထက်ထိ မပြီးနိုင်သေး။ သူ့ဘက်ကလည်း နောက်တစ်ယောက် မရှိသေး၊ သူမဘက်ကလည်း နောက်တစ်ယောက် မရှိသေးတော့ သူ့ ဘက်က ပြီးမသွားသေးသလို သူမ ဘက်ကလည်း ပြီးသွားဖို့ကို အားနာပါးနာ။ ချစ်သူရယ်လို့ တရားဝင် ကတိကဝတ်မျိုး မရှိခဲ့ပါဘူး လို့ သူမဘက်က ထင်သည်။ သူဟာ သူငယ်ချင်းကောင်းပါ။ (သူကတော့ အဲလိုပြောတိုင်း စိတ်ဆိုးတတ်သည်။) သူငယ်ချင်း အရင်းတွေကိုတောင် မငြီးငြူူဖူးတဲ့ စကားတွေ သူ့ကို ပြောဖူးသည်။ ရင်ဖွင့်ဖော် လိုအပ်ရုံ သက်သက်လား။ တကယ် ချစ်မိခဲ့သလား။ မသေချာပါဘူး။ ဘယ်လို ခံစားချက်နဲ့ပဲ ဖြစ်ဖြစ်..။ သူ့ဘက်ကလည်း မလာနိုင်ဘူး။ သူမဘက်ကလည်း မသွားနိုင်ဘူး။ တစ်ခါတစ်လေ ဝတ္တုဖတ်ပြီး မျက်ရည်ကျရသလို ကိုယ့်ဇာတ်လမ်းကိုယ် ဆင်ကြည့်မိရင်း သူမ မျက်ရည်ကျဖူးသည်။ ဒါပေမယ့် ပြီးသွားရင်လည်း ဘာမှ မဖြစ်ဘူးလို့ ယုံကြည်ချက်ကတော့ သူမမှာ ရှိနေဆဲ။ သူမထက် သာတဲ့ မိန်းမနဲ့ ထပ်တွေ့ခဲ့ ရင် သူပြောင်းလဲသွားနိုင်တယ် လို့ သံသယလည်း ရှိနေဆဲ။ သူမလည်း သူ့ ထက် သာပြီး သူမကို ချစ်လာတဲ့သူ နောက်တစ်ယောက် တွေ့ခဲ့ရင် ပြောင်းလဲ သွားမလား ကိုယ့်ကိုယ်ကိုလည်း သံသယ ရှိသည်။
သူမရဲ့ သူဟာ ရင်ဖွင့်ဖော် သူငယ်ချင်းကောင်း အဆင့်နဲ့တင် ကျေနပ်လိုက်ရသူ။ တစ်ခါတလေတော့လည်း ပတ်ဝန်းကျင် အလယ်မှာ ချစ်သူရယ်လို့ ရဲရဲဝံ့ဝံ့ လက်ဆွဲ ပြနိုင်တဲ့ သူ တစ်ယောက်ယောက်တော့ ရှိဖူးချင်သည်။ ယူဖြစ်သည် ဖြစ်စေ၊ မယူဖြစ်သည် ဖြစ်စေ။ မယူချင်တာကတော့ တကယ် အတည်ပါပဲ။ တစ်ယောက်တည်း ပျော်မွေ့ လိုစိတ်က တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ် ရှိကို ရှိနေသေးတာ။ သူမက ယူဖို့ စိတ်ကူး မရှိဘူး လို့ ပြောတိုင်း နင်က ငါ့ကို အပျော်ကြံတာလား လို့ သူအမြဲ ပြောတတ်သည်။ သူမကလည်း ဟုတ်တယ် လို့ အမြဲပဲ ပြော။ သူ့ မှာ ဒါကို စိတ်ဆိုးဖို့ အခြေအနေလည်း မရှိပြန်ဘူး။ ဒါနဲ့ပဲ ဖုန်းမင်းသမီး ဇာတ်လမ်းကလည်း မပြတ်ပါ။
(၄)
လူတိုင်း လူတိုင်း မှာ အိပ်မက် တွေ ရှိကြသည်။ သူမလည်း တစ်ခြားလူတွေလိုပဲ အိပ်မက်တွေ မက်ဖူးသည်။ အိပ်မက်လောကမှာ နေရင် ပြင်ပက အခြေအနေတွေကို မေ့ထားလို့ ရသည်။ ဘယ်တော့မှ အစစ်အမှန် မဖြစ်နိုင်မယ့် အိပ်မက်မျိုးတွေလည်း အများကြီး ရှိသည်။ သူမ ချစ်သော ယောကျ်ား တစ်ယောက်နဲ့ အေးချမ်းသော ဘဝမှာ နေထိုင်ခြင်း။ သံမဏိခဲလို မိန်းမမှာလည်း စိတ်ရူးပေါက်ချိန် အိပ်မက်တွေ ရှိသည်။ ကံကောင်းခြင်းများဖြင့် မိဘများကို ပြည့်စုံစွာ ထားနိုင်ခဲ့တယ် ဆိုသော သာမန် အိပ်မက်တွေလည်း ရှိသည်။ အိပ်မက်က နိုးလာရင်တော့ မပြောင်းလဲခြင်း ထဲမှာ ငြီးငွေ့ဖွယ် အသက်ရှင်ဆဲ ဖြစ်ကြောင်း သူမကိုယ် သူမ ပြန်လည် တွေ့ရှိရသည်။
ဘွဲ့သုံးဆင့် ရပြီး နှစ်ပေါင်း ၁၅ နှစ်ကျော်မှာ ကံကောင်းထောက်မစွာ အချိန်တန်လို့ တိုးခဲ့သော ရာထူးများနှင့် ရခဲ့သော လခ ဆိုတာက ခုခေတ်မှာ ပထမဘွဲ့ ရပြီးတာနဲ့ သိပ်မကြာခင် တန်းရနိုင်တဲ့ လခကိုမှ မမှီနိုင်ပါ။ အစိုးရဝန်ထမ်းနဲ့ အပြင်ဝန်ထမ်း ကြား ဝင်ငွေ ခြားနားမှု ဆိုတာ လူတကာ သိတဲ့ ကိစ္စ ဖြစ်ပါရဲ့ ။ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတာ ဗိုက်ပြည့်စေနိုင်တာ မဟုတ်ဘူး ဆိုတာ မသိလို့ မှ မဟုတ်လေပဲ။ ကိုယ်က ထောက်ပံ့ရတဲ့ မိဘ မဟုတ်ပဲ ကိုယ့်ကို ထောက်ပံ့နိုင်တဲ့ မိဘ နဲ့ ညီအစ်ကို မောင်နှမ ရှိသူတွေသာ အစိုးရဝန်ထမ်း လုပ်သင့်တယ် လို့ အလုပ်ထဲကို အသစ်ဝင်လာမယ့် သူလေးတွေကို ပြောပြချင်ပါသေးသည်။
သူမမှာ အိပ်မက်ကို လက်လှမ်း မမှီနိုင်တာကလွဲရင် ပြောပလောက်စရာ အများသိအောင် မရှိဘူး။ အရာရာက အဆင်ပြေပြေ ချောမွေ့ နေသလိုပဲ။ နှစ်ပေါင်းများစွာ ပုံမှန် ဖြစ်ခဲ့ပါရဲ့ ။ ငြီးငွေ့ ခြင်းက အမြစ်တွယ်လာတာ တစ်ခုပါပဲ။ ငြီးငွေ့ ခြင်းက အန္တရာယ် မရှိဘူး ဆိုပေမယ့် ဖယ်ရှားဖို့ မလွယ်ကူနိုင်ပါ။ တက်ကြွမှုတွေ၊ စိတ်အားထက်သန်မှုတွေကို ပါးလျှလာအောင် တိုက်စားနိုင်သည်။ မကြိုးစားကြည့်ချင်ဘူး။ အတိတ်ကံကိုပဲ ပုံချထားချင်သည်။
ပူညံ ပွစိ သူမ မိဘတွေလည်း အသက်ကြီးလာ၊ သူမကလည်း ပင်စင်ယူတဲ့အထိ အသက်ကြီးလာ။ အဲဒီလို အချိန်ထိ စစ်စစ်စီစီနဲ့ ကျပ်ကျပ်တည်းတည်း အသက်ရှင်သွားရရင် သူမ ကိုယ်တိုင်တောင် ရူးများ သွားလေမလား။ တိုင်ပင်ဖော် မရှိ။ အသက်ကြီးကြီး လူကြီး သုံးယောက်က စိတ်ရော လူရော ကျန်းမာရေး မကောင်းနိုင်တော့တဲ့ အချိန်မှာ သူမ တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းမလဲ။ လူတကာ ဖြတ်သန်းရမယ့် အချိန်ဆိုပေမယ့် သူမက သတ္တိနည်းတဲ့ တစ်ကိုယ်ကောင်း သမား အတွေး တွေးမိတာလည်း ဖြစ်နိုင်သည်။ အသက်ကြီးလာမယ့် ဘဝဟာ လူတိုင်းအတွက် ပုံမှန်ပါပဲ။ သူမကတော့ မဖြတ်သန်းချင်တော့။ စောစောစီးစီး ထွက်ခွာသွားချင်သည်။
အဆင်ပြေပြေ ဘဝတစ်ခု ရှိနေတာနဲ့ပဲ ထွက်ပေါက် တစ်ခု မရှာချင်ရတော့ဘူးလား။ ဘဝ လွယ်လွယ် ပြတ်စေချင်တာ ဒိဌိအယူ တဲ့လား။ ဒီ ဘဝ ပြတ်သွားရင် နောက် ဘဝ လာမယ် ဆိုတာ သိပါရဲ့။ နောက်ဘဝ ရောက်တဲ့အခါ ရှေ့ ဘဝအကြောင်း မှတ်မိနိုင်မှာ မဟုတ်တော့ဘူးလေ။ ပိုပြီး ကံဆိုးချင်ဆိုးမယ်။ ဒုက္ခများချင်များမယ်။ အဲဒီအကြောင်းကိုတော့ ခုကတည်းက တွေးဖို့ မလိုဘူး ထင်ပါရဲ့ ။ ဘယ်သူမှ မသိနိုင်တဲ့ အရာပါ။ ဘာပဲဖြစ်ဖြစ် အသက်ကြိုးတစ်ချောင်း ပြတ်ဖို့ရာ ကိုယ်တိုင်ရဲ့ ပယောဂတော့ မပါစေလိုပါ။ နာကျင်မှာကိုလည်း ကြောက်သေးသည်။ တိုက်ပေါ်က ခုန်ချ၊ တံတားပေါ်က ခုန်ချ၊ ဘယ်လောက်များ မိုက်မဲလိုက်ကြတဲ့ လူတွေလဲ။ အိပ်ဆေးသောက်ပြီး မသေခဲ့ရင်၊ ကားရှေ့ ပြေးဝင်လို့ မသေခဲ့ရင် ဒုက္ခဟာ အတိုင်းအဆမရှိ ပိုကြီးလာဖို့သာ ရှိတာ မဟုတ်လား။ ဒါပေမယ့် ဘာမှ မခံစားရပဲ ထွက်ခွာသွားရမယ် ဆိုရင်ဖြင့် သူမလည်း ကြိုးစားကြည့်မိလေမလား မသိနိုင်ပါ။ ရှေ့ ပြပြမှာ ထွက်ပေါက် အလင်းရောင် တစ်ခုသာ ရှိနေတယ် ဆိုရင် ဘာဖြစ်လို့ မကြိုးစားရဲရမလဲ။
စိတ်ရူးပေါက်မိတဲ့ အိပ်မက်တွေထဲမှာ လွတ်မြောက် သွားချင်တာလည်း ပါသည်။ အိပ်မက်က နိုးလာတော့ အရာအားလုံးက အရင်အတိုင်း သတ္တိမရှိတဲ့ လမ်းကြောင်းဟောင်းထဲ။ အနာဂါတ်မရှိတဲ့ လူတစ်ယောက် နဲ့လည်း စကားစမြည် ပြောမိနေဆဲ။ တစ်ယောက်တည်း ဖြတ်သန်းဖို့ ကြောက်မိတဲ့ အချိန်ရှိပေမယ့် သူနဲ့လည်း လက်မတွဲနိုင်ဘူး။ အဲဒါက ပိုပြီး ကြောက်ဖို့ ကောင်းတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်သွားနိုင်လို့ …။
သူမက ခုထက်ထိ မရင့်ကျက်နိုင်သေးဘူး။ အိပ်မက်တွေ ဂယောက်ဂယက် မက်တတ်တုန်းပဲ။ ဘာကိုမှလည်း အားသွန်ခွန်စိုက် မကြိုးစားရသေးပဲ ခြေကုန် လက်ပန်းတွေ ကျလို့ ။ ရူးသွပ်မှုနဲ့ အထီးကျန်မှုက ဘယ်သူမှ မသိနိုင်တဲ့ အတွင်းထောင့် တစ်နေရာမှာ…။
သိင်္ဂါကျော်
3.10.2017
11:10 PM
3 comments:
အမြဲတမ်းအားပေးပါတယ်... ရဲရဲဝင့်ဝင့် ရွေးချယ်ပါ။ ကိုယ်ရွေးတဲ့လမ်းကို နောင်တမရပဲ ဆက်လျှောက်ပါ။
မလိုက်ဖက်တာတွေကောက်ဝတ်တတ်လို့တခါတလေလူတွေအထင်သေးသလိုခံစားခဲ့ရတာရှိတယ်
ဖတ်ရတာအရသာရှိလိုက်တာ ကောင်းတယ်
Post a Comment