03 September, 2009

အိမ်ပြန်လမ်းများ




















နေစောင်းပြီ ဆိုတာနဲ့
နာရီကို ကြည့်ပြီး
ဆင်းချိန်ကို မျှော်ကြသူတွေရဲ့
အပြန်လမ်းများ...။

လာကြိုတဲ့ ကားပေါ်ထိုင်ရင်း
မဝင်သေးတဲ့ နေကိုကြည့်
အိမ်က ထမင်းဝိုင်းမှာ
ဘာဟင်း ပါမလဲ တွေးရင်း
ပြန်ကြသူတွေ။

ချစ်သူ့လက်ကို တွဲပြီး
လောကကြီးကိုမေ့
အပြန်လမ်းကိုတောင်
ဆွဲဆန့်ထားချင်စိတ်နဲ့ လျှောက်ကြသူတွေ။

ကျပ်သိပ်ပိတ်လှောင် ဘတ်စ်ကားထဲက
နိစ္စဓူဝ ဘဝတွေလည်း
ပညာရေး၊ အချစ်ရေး၊
အလုပ်အရေး၊ မိသားစုအရေး
အတွေးမော ကိုယ်စီနဲ့ ခရီးဆက်ကြ။

နေမမြင် လမ်းများထဲ
မစွန်းထင်းစေလိုတဲ့ သိက္ခာနဲ့
ကြောက်စိတ်ကို အားတင်း
လာကြိုသူ ကင်းတဲ့ဘဝမှာ
ခပ်သုတ်သုတ် လျှောက်ပြန်နေကြ
မိန်းမငယ်လေးတွေ။

ပြန်ရောက်တဲ့အခါ
ကြိုနေမယ့် ထမင်းဝိုင်းလည်း မရှိ
ပြန်ရတဲ့လမ်းမှာ
တွဲကူဖေးမမယ့် သူလည်း မရှိ
မိသားစုရဲ့ အဝေးမှာ
ကိုယ့်ဘဝကိုယ် ကျောင်းကြသူတွေရဲ့
အပြန်လမ်းကလည်း
အထီးကျန်။

ပက်ကျိတွေ အစာရှာထွက်တဲ့
ညနေခင်းလမ်းပေါ် လျှောက်ရင်း
ဝင်သွားတဲ့ နေကို မကြည့်အားခဲ့တဲ့ သူတွေရဲ့
အပြန်လမ်းတွေ။

Bus ၊ MRT
ကိုယ်ပိုင်ကား၊ လိုင်းကား
တက္ကစီ၊ ဆိုင်ကယ်
စက်ဘီး၊ ဆိုင်ကား
ထော်လာဂျီ၊ မော်တော်
စီးတော်ယာဉ် အမျိုးမျိုးနဲ့
အိမ်ပြန်ကြသူတွေ။

မတူညီတဲ့ အိမ်ပြန်လမ်းများထဲ
နောက်တစ်ရက် အတွက် မျှော်လင့်ချက်နဲ့
လှုပ်ရှားသွားလာကြသူတွေ
ကမ္ဘာမဆုံးသရွေ့တော့
ရှိနေမြဲ ရှိနေဆဲ...။

သိင်္ဂါကျော်
2.9.2009
8:15 PM

3 comments:

ဝက်ဝံလေး said...

ဟုတ်ပါ့ မမရယ် အပြန်လမ်းတွေ မတူသလို လျှောက်တဲ့လမ်းတွေလဲ မတူပါဘူး နော်

ဆော်တီးးး မမ နံမည် ပြန်ပြင်လိုက်ပြီနော် ဟိဟိ မှားတဲ့ အခါလဲ မှားပေမပေါ့နော့် ပညာရှိ သတိဖြစ်ခဲတဲ့ ဟားဟားးးးးးးးးးးးးးးးးးး

yangonthar said...

အစ်မရေ ကဗျာလေးက ကောင်းလိုက်တာ
အထီးကျန်ခြင်းရဲ့ ခါးသက်မှုတွေအောက်မှာ
မလူးသာမလွန့် သာရှိနေကြရတယ်ဗျာ
ခင်တဲ့
ရန်ကုန်သား
အေးမြသာယာပါစေ :D

purplemay said...

ကိုယ့်ဘ၀ကိုယ်ကျောင်းသူတွေရဲ့ အပြန်လမ်းက အထီးကျန်လွန်းပါတယ် ...။
ဒါပေမယ့် ဒီလို စာလေးတွေဖတ်လိုက်ရတော့လည်း ဘ၀ကြီးက နေပျော်သားနော်...။