01 October, 2010

မိုးနှောင်းအချစ်

မိုးဦးကလည်း ရွာဖူးပါတယ်
ခပ်ဖွဲဖွဲနဲ့ မည်မည်ရရမဟုတ်ပဲ
နောက်တော့လည်း စဲသွားခဲ့။

ဒီလိုနဲ့ မိုးခေါင်လာတာ
အနှောင်းကြီးတောင် နှောင်းခဲ့ပြီ။
ရွာစရာ တစ်စက်မှ မကျန်ဘူးလို့
ထင်ရလောက်အောင်ကို ခြောက်သွေ့ခဲ့။

မင်းကို တွေ့လိုက်တဲ့ ခဏမှာပဲ
ငါ့ကိုယ်ငါတောင် မသိလိုက်ပဲ
မုတ်သုံတွေ အုံဖွဲ့လာတယ်။

မင်းနှလုံးသားက
မိုးခေါင်ရေရှားရပ်ဝန်း မဟုတ်မှန်းလည်း
ငါအသိပါ ဘေဘီ၊

လျှံထွက်သွားမယ်မှန်း သိရဲ့နဲ့
ငါကိုယ်တိုင်ကိုက
ရွာချချင်နေတာ တစ်ခုပါပဲ။


နောက်ဆုံးမိုးမို့
တစ်စက်မှမကျန်အောင် ရွာချခဲ့ပါရဲ့၊
မာနတွေဖြိုချပြီး
တစ်ဘဝလုံး အရှုံးပေးဖို့
အသင့်ရှိခဲ့သူပါ။

ငါ့ဘဝအဓိပ္ပါယ်ကို
မင်းရေးပေးဖို့ မျှော်လင့်တာကလွဲရင်
ဘေဘီ
မင်းအလိုတော်အတိုင်းပဲ
အလွမ်းတွေ သိမ်းထားဆိုလည်း
သိမ်းထားရုံပါ။

သိင်္ဂါကျော်

10 comments:

မိုးယံ said...

အလွမ်းတွေ သိမ်းထားဆိုလည်း သိမ်းထားရုံပါ တဲ့လား။

ဒါဆို အလွမ်းတွေ ရင်မှာ အပြည့်နဲ့ ဆွေးစေ မပေါ့ဗျာ။

တစ်နေရာမှာ ဖွင့်ချလိုက်စမ်းပါ။ ၀ုန်းဒိုင်းကြဲသာ ရွာပစ်လိုက်ပါ ကမ္ဘာမြေ အေးချမ်းသွားစေလိမ့်မယ်။

ငြိမ်းချမ်းပါစေ
မိုးယံ

အင်ကြင်းသန့် said...

ကဗျာကောင်းလေး တစ်ပုဒ်ကို ခံစားသွားပါတယ်။

may16 said...

ကဗျာလေးက လွမ်းစရာတွေ ပြည့်နေပါတယ် မသိင်္ဂါရေ

ကိုဇော် said...

သူများတွေများ အချစ်မိုးတွေ စွေနေတတ်လိုက်တာ...

blackroze said...

အလွမ်းမိုးနှောင်းဆိုပါတော့...
အလွမ်းပြီးတော့..အချစ်မိုးအေးလေးလည်း
လာမှာပါ..သူငယ်ချင်း၇ယ်..

Anonymous said...

မင်းအလိုတော်အတိုင်းပဲ
အလွမ်းတွေ သိမ်းထားဆိုလည်း
သိမ်းထားရုံပါ။
အလာကြီးပဲ..စာရေးကောင်းရုံထင်ခဲ့
တာ..ကဗျာရေးလဲ ဂွတ်ထ..။:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံရော ကဗျာလေးရော ချစ်စရာ
ရွာစေချင်တဲ့နေရာမှာ အချစ်မိုးတွေ သည်းနိုင်ပါစေ..............း)

Cameron said...

ကဗျာလေးကောင်းလိုက်တာ....အလွမ်းဆိုတာ သိမ်းထားရုံသက်သက်ပဲထင်ပါရဲ့နော်....။

ခင်တဲ့
မိုးငွေ့

sosegado said...

နောက်ဆုံးမိုးတော့မလုပ်လိုက်ပါနဲ့ မိုးကသံသရာလည်တာမို့ပါ၊
ကဗျာလှလှလေးကို ခံစားသွားတယ်.

Anonymous said...

မိုးခေါင်တယ်ပြောရမလားပဲ အခုတအားပူနေတယ်
ရန်ကုန်မှား)

ကဗျာလေးကြိုက်တယ် မိုးခေါင်တဲ့ရပ်ဝန်းမဟုတ်ဖူးပေါ့

မောင်ဘကြိုင်