29 September, 2010

အိန္ဒိယ ၅ (ဒေလီ ၊ အဂါရာ)


ခုတလော စာရေးရမှာ ပျင်းနေပါတယ်..။ ပြီးခဲ့တဲ့ ပိတ်ရက်က ခရီးသွားနေလို့ မရေးဖြစ်တာလည်း ပါပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မနက်စောစော ၆ နာရီခွဲလောက် Express Bus နှစ်စီးနဲ့ Delhi ကိုထွက်ခဲ့ကြပါတယ်။ CDAC က စီစဉ်ပေးတဲ့ Trip ပါ။ ၁၀ နာရီ ခွဲလောက်ကျတော့ လမ်းမှာ တွေ့တဲ့ Macdonald ဆိုင်မှာ ရပ်ပေးပါတယ်။ ဆိုင်နေရာလေးက သာသာယာယာနဲ့ စားလို့လည်း မဆိုးပါဘူး။


အဲဒီနောက် ဆက်ထွက်လာတာ ဒေလီ ကို ရောက်ဖို့ တော်တော်ကြာပါတယ်။ ဒေလီ က အိန္ဒိယရဲ့ မြို့တော် ဖြစ်ပေမယ့် မြို့စွန်ဘက်မှာတော့ တော်တော်ကို သားသားနားနား မရှိပဲ ညစ်ပတ်နေတာကို တွေ့ရပါတယ်။ မြို့ထဲကို စဝင်လာတာနဲ့ လမ်းဘေးမှာ တဲထိုးနေတဲ့ လူတွေကို တွေ့ရတာပါပဲ။ လမ်းတွေ၊ ရေပိုက်လိုင်းတွေ.. တစ်မြို့လုံးမှာလည်း ပြင်နေတဲ့ နေရာတွေချည်းပါပဲ...။ ဆောက်နေတာတွေလည်း အများကြီးပါပဲ။ ကိုယ်တို့ အခုနေနေတဲ့ Chandigarh မှာတော့ အဲလိုမရှိပဲ နေရာတိုင်း သပ်ရပ် သန့်ရှင်းနေတာ ဆိုတော့ အားလုံးက ပြောကြတော့တာပေါ့...။ ဒေလီက ညစ်ပတ်တယ် လို့..။

Traffic ကလည်း ရှုပ်လိုက်တာ မပြောပါနဲ့တော့။ တချို့နေရာတွေများဆို တရွေ့ရွေ့ သွားနေရတာပါ။ အဲလို နဲ့ပဲ Indian Gate ကို ရောက်တော့ ၂ နာရီ ကျော်နေပါပြီ။ 




Indian Gate ဘေးက ရေကန်ထဲမှာ အပျော်စီး လှေလေးတွေလည်း စီးလို့ရပါတယ်။ နေပူကျဲကျဲ အချိန်မို့ ကိုယ်တို့ကတော့ လမ်းဘေး အရိပ်ထဲက ပလက်ဖောင်းမှာပဲ ထိုင်နေပြီး ပြောထားတဲ့ အချိန် ၃ နာရီ ခွဲကာနီးကျတော့ ကားဆီကို ပြန်ခဲ့ပါတယ်။ အားလုံး ဗိုက်တွေလည်း ဆာနေကြပါပြီ။ အနီးအနားမှာလည်း ဘာမှ ဝယ်စားစရာ မရှိပါဘူး။ အဲဒီမှာ လေ့လာရေးလာတဲ့ အိန္ဒိယ အဖွဲ့တစ်ဖွဲ့က ထမင်းတွေ စားနေကြတာကိုကြည့်ပြီး ပိုဆာလာပါတယ်။

Indian Gate က ထွက်လာပြီး တည်းမယ့် ဟိုတယ်ကို တော်တော် ရှာလိုက်ရပါတယ်။ Haryana Tourism ဟိုတယ် (Hermitage Surajkund) ကို ၇ နာရီလောက်မှ ရောက်ပါတယ်။ 

နောက်တစ်နေ့ကျတော့ Agra က Tajmahar ကို သွားပါတယ်။ လမ်းမှာတော့ ထုံးစံအတိုင်း Macdonald ဆိုင်တစ်ဆိုင်မှာ ရပ်ပါတယ်။ အောက်ကပုံကတော့ လမ်းမှာ ဖြတ်ခဲ့ရတဲ့ ယမုန်နာ မြစ်ပါ။

Tajmahar ကိုရောက်ဖို့အတွက် အပေါက်ဝမှာ စီးလာတဲ့ ကားကြီးတွေကို ရပ်ပြီး Battery သုံး ကားလတ် တွေနဲ့ ဆက်သွားရပါတယ်။ ကုလားအုတ်တွေ ဆွဲတဲ့ လှည်းတွေလည်း ရှိပါတယ်။ လက်ဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေလည်း အများကြီးပဲမို့ အားလုံးလိုလိုပဲ အပြန်မှာ လက်ဆောင်ပေးဖို့ ပစ္စည်းလေးတွေ ဝယ်ခဲ့ကြပါတယ်။


Tajmahar အထဲကို ဝင်ဖို့အတွက် တန်းစီနေတဲ့ သူတွေပါ။ အပေါက်ဝမှာ အိတ်တွေကိုလည်း စစ်ပါသေးတယ်။ စားစရာတွေနဲ့ တစ်ချို့ လက်ဆောင်ပစ္စည်းတွေကို အတွင်းကို ယူလို့ မရပဲ Locker ထဲမှာ ထားခဲ့ရပါတယ်။




နောက်တစ်နေ့ကျတော့ Qutub Minar ကိုသွားပါတယ်။ အုတ်နဲ့ ဆောက်ထားတဲ့ အမြင့်ဆုံး အဆောက်အအုံ ဖြစ်ပါတယ်။ ၂၃၇.၈ ပေ မြင့်ပါတယ်။ လေယာဉ်တွေကလည်း ခဏ ခဏ ဖြတ်သွားနေတာနဲ့ ဓါတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာတော့ အရမ်းကောင်းတဲ့ ရှေးဟောင်း လက်ရာအဆောက်အအုံ အပြိုအပျက်တွေ ရှိပါတယ်။

 
 
 
 


အဲဒီနောက်တော့ Lotus Temple ကို သွားကြပါတယ်။ ဘာသာတိုင်းအတွက် ဝတ်ပြုဖို့ လုပ်ထားတဲ့ အဆောက်အအုံပါ။
အချိန်ကလည်း သိပ်မရတာနဲ့ ကိုယ်တို့ကတော့ ဝတ်ပြုတဲ့ အခန်းထဲ မဝင်တော့ပဲ အောက်ဘက်က ရေကူးကန်နားမှာပဲ ဓါတ်ပုံသွားရိုက်ပြီး လျှောက်ကြည့်လို့ ပြန်ခဲ့ကြပါတယ်။

Lotus Temple ကပြန်တော့ Delhi ရဲ့ နာမည်ကြီးတဲ့ ဈေး Palika Bazaar ကို ဝင်ပါတယ်။ ဈေးက မြေအောက်ထပ်မှာ ဆောက်ထားတာပါ။ တနင်္ဂနွေနေ့လည်း ဖြစ်နေတော့ ဈေးထဲမှာတော့ တော်တော်ကို စည်ကားနေပါတယ်။ ဆိုင်ရှင်တွေ ဆိုတာလည်း တအားကို လက်ဆွဲ ခေါ်မတတ်ပါပဲ။ ပစ္စည်းတစ်ခုကို ကိုင်ကြည့်မိရင်ကိုပဲ မရောင်းရမချင်း အတင်း ပြောတော့တာပါပဲ။ တကယ်မလိုချင်တဲ့ ပစ္စည်းဆိုရင် မြန်မြန်ပဲ ထွက်လာရပါတယ်။ ဈေးကလည်း ထက်ဝက်လောက် ခွာစစ်မှ အဆင်ပြေတာပါ။ ပစ္စည်းတွေကတော့ တော်တော် ပေါပါတယ်။

 
 

ဈေးထဲကနေ ၃နာရီ၄၅ ပြန်ထွက်မယ်လို့ ပြောထားပေမယ့် ထုံးစံအတိုင်း တစ်ယောက်စောင့် တစ်ယောက်စောင့်နဲ့မို့ ၄နာရီခွဲလောက်မှပဲ ထွက်လာနိုင်ပါတယ်။  Chandigarh က ဟိုတယ်ကို တန်းပြန်တာတောင် ည ၉နာရီခွဲ ၁၀လောက်မှ ပြန်ရောက်ပါတယ်။ အားလုံးပဲ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်သလို ပျော်သွားကြပါတယ်။ Delhi နဲ့ ယှဉ်တော့မှ Chandigarh က ဘယ်လောက် ငြိမ်းချမ်းပြီး သန့်ရှင်း သာယာတယ်ဆိုတာ သိလိုက်ရသလိုပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ခရီးထွက်ရတယ် ဆိုရင်တော့ ဘယ်ကိုပဲ ဖြစ်ဖြစ် ဘယ်သူတွေနဲ့ပဲ ဖြစ်ဖြစ် ကိုယ်ကတော့ ပျော်တာပါပဲ...။ 

သိင်္ဂါကျော်

13 comments:

လသာည said...

အိန္ဒယကို ရောက်ကို ရောက်ဖူးချင်တာ။ ပျော်စရာကြီးနော်။

Anonymous said...

ကဲဗျာ ကွန်လည်းကောင်းတာနဲ့ ပထမဆုံးရောက်လာတယ် အိန္ဒိယအလည်တစ်ခေါက်
း)

မောင်ဘကြိုင်

Shinlay said...

တကယ်ရောက်သွားသလိုပါပဲ။ ကျေးဇူးတင်ပါတယ်။

အုပ်ကြီး said...

ဒါနဲ့ ဘာတွေများ ..ဝယ်လာသလဲဗျ :)

blackcoffee said...

ကိုယ်တိုင် ရောက်သွားတယ် ထင်ရလောက်အောင်ကို ဓာတ်ပုံတွေက ပြည့်စုံပါတယ်ဗျာ။ ဗဟုသုတလေးတွေ ဝေမျှပေးတဲ့ အတွက် ကျေးဇူးနော်။

ကိုဇော် said...

အိန္ဒိယရဲ့ အနုပညာထိန်းသိမ်းမှုကတော့ ကိုယ်တွေထက် သာပါတယ်။ သူတို့က ရိုးရာ အစွဲကြီးတာလဲ ပါမယ် ထင်တယ်။
ရောက်ဖူးချင်တဲ့ နေရာထဲမှာလည်း အဲဒီနေရာပါတယ်။
အခုတော့ ပုံလေးတွေ ကြည့်ခွင့်ရလို့ ကျေးဇူးပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ တာခ်ျ့မဟာကို ရောက်သွားခွင့်ရတာ ဂုဏ်ယူစရာဘဲ။
lotus temple ကလည်း ဒီဇိုင်းက အတော်မိုက်တယ်.
ပညာလည်း သင်ခွင့်ရ။ အလည်အပတ်လေ့လာရေးလည်း သွားခွင့်ရ
ဘယ်လောက်ကံကောင်းလဲ။
အားကျတယ်............
နောက်လဲ များများသွားပြီး
ပုံတွေများများတင်နော်။

snow said...

ပုံတွေတိုင်းမှာ အရိပ်တစ်ခုပါနေသလိုပဲနော်.. ပထမတော့ တောင်ရဲ့အရိပ်များလားလို့.. နောက်တော့ ပုံတိုင်းတွေ့နေရတော့မှ မဖြစ်နိုင်ဘူး ထင်လိုက်တာ... မှန်မှာ တစ်ခုခုကပ်နေလို့လား... :D

Anonymous said...

တကယ်ရောက်သွား သလိုပါပဲ။ ခရီးသွားရတာ ဝါသနာ
ပါတာမို့ ခုလို ခရီးသွား Post လေးတွေမြင်တိုင်း
အားကျမိတယ်။ ဗဟုသုတလေးတွေလည်း ယူသွားတယ်။
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

SHWE ZIN U said...

ပုံတွေ သိပ်ကောင်းတာဘဲ သေချာကြည့်သွားတယ် ပျော်စရာကြီး

ခင်တဲ့
ရွှေစင်ဦး

blackroze said...

ပုံလေးတွေမျှဝေထားလို့ကျေးဇူးပါနော်...
မရောက်ဖူးပေမဲ့ရောက်သွားသလိုပါဘဲလေ..

Anonymous said...

ဒေလီက ၂၀၁၁မှာ မြို့သစ်တည်နှစ်၁၀၀ပြည့်ပွဲနဲ့ အခု ၂၀၁၀မှာ Commonwealth Gameအတွက် ပြင်ဆင်နေလိုက်တာ တမြို့လုံး ကြွက်တွင်း တူးထားသလိုပဲဗျ။
နိုင်ငံတကာ အားကစားသမားတွေက game villageတွေ ညစ်ပတ်တယ်ပြောတော့ တာဝန်ခံ ပြန်ပြောတဲ့စကားလေးက မှတ်သားစရာ...
"See everyone has a different standard of cleanliness. The rooms of the Games village are clean according to you and me, but they have some other standard of cleanliness."

ဒေလီမှာက မြန်မာပြည်လူဦးရေရဲ့ ၅ပုံ၁ပုံလောက် ရှိတာမို့ စိတ်ရောကိုယ်ရော ညစ်ဖို့ကောင်းတယ်။
ဘာပဲပြောပြော ဒေလီထက်စာရင် ချန်ဒီဂတ်မှာ နေရတာ အတော် အေးချမ်းပါတယ်...။

jr said...

ဒေလီကိုလဲ ဆက်လာလည်သွားတယ်။း)
Lotus Temple က ဘာသာတိုင်းအတွက် ဆိုတော့ စိတ်ဝင်စားဖို့လဲ ကောင်းသလို အိုင်ဒီယာလေးလဲ ကောင်းတယ်နော်။
Lotus လို့ နာမည်ပေးထားတာလေးကိုလဲ သဘောကျမိတယ်။