06 September, 2010

အကြေးခွံနဲ့လူ


ခဏခဏ သပ်ချလည်း
ဘယ်တော့မှ ကွာကျမသွားဘူး။

အရိပ်မြင်တိုင်း ရန်သူထင်ပြီးရမ်း
ကိုယ်တိုင်မမြင်နိုင်လောက်အောင်
အတ္တအကြေးခွံတွေဖုံးလွှမ်းရင်း
အတွင်းထဲမှာလည်း ညစ်ပြီးရင်းညစ်နေသူ။

ဘယ်သူ့ကိုပဲ နင်းနင်း
တက်ရပြီးစတမ်းနဲ့
အထီးကျန်မှောင်မဲမှာကို
မမြင်မကန်း စမ်းသွားနေသလို
ဘဝရဲ့ ပျော်ရွှင်မှုကို မသိပဲ
သနားစရာ ရှင်သန်နေတဲ့သူပေါ့။

ခင်မင်မှုနဲ့
နံရံတစ်ခုခြားထားလေရဲ့
ကိုယ်တိုင်မပြောင်းလဲချင်မှတော့
နံရံက အလိုလိုပြိုမကျလေဘူး၊
ကိုယ့်အတ္တအကြေးခွံထဲ
ကိုယ်တိုင်ပိတ်မိနေတဲ့လူပေါ့။

ကိုယ်ကိုယ်တိုင်နဲ့ နှိုင်းပြီး
ယုံကြည်မှုကို
မမြင်ချင်ယောင်ဆောင်ထားသူပေါ့
ရဖို့ကလွဲပြီး
ဘာမှလည်း မပေးချင်ပဲ
လောဘအကြေးခွံကြားထဲ
ကောင်းဆိုးမသိပဲ ရူးမိုက်နေသူ။

ဆိုကြကြေးဆို
အကြေးခွံလည်း အရောင်စုံရှိတတ်တယ်
ဒေါသအကြေးခွံ၊ မောဟအကြေးခွံ၊
တဏှာအကြေးခွံ၊
ဒီလိုပါပဲ
ရောင်စုံငါးတွေလို
ရောစပ်ပြီးလည်း ပေါက်တတ်သေးရဲ့။

ဘယ်သူဟစ်ကြွေးရဲသလဲ
ငါ့မှာ အကြေးခွံတစ်စက်မှ မရှိပါဘူးလို့၊
ကိုယ်တိုင်ကို ညာလို့ရရင်တောင်
ဘုရားသခင်ကတော့ သိလိမ့်မယ်၊
ခွာချဖို့ကြိုးစားရင်းနဲ့ပဲ
Fungus မှိုတွေလို တစ်စတစ်စ ပွားများလာ
ဒီအကြေးခွံနဲ့လူတွေထဲ
ငါလည်း မပါဖို့
ကြိုးစားရဦးမယ်...။

သိင်္ဂါကျော်
29.8.2010
6:00 PM

9 comments:

SHWE ZIN U said...

ကျနော် လည်း ကြိုးစားမယ်နော်

ခင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပ်ကောင်းတဲ့ ကဗျာလေးပါဘဲ
အကြေးခွံတွေနဲ့လူစားတွေ လောကကြီးမှာ အများကြီးပေါ့သိင်္ဂါ.. မကြာခနတွေ့ရတယ်..
ကိုယ်တိုင်လည်း သတိထားရမယ် ..
ကိုယ့်ဆီက အကြေးခွံကို မခွာချနိုင်ဘဲ
သူတစ်ပါးရဲ့အကြေးခွံတွေကို ခွာချပေးဖို့ မကြိုးစားသင့်ဘူး။
သတိပေးလိုက်တဲ့ ကဗျာလေးအတွက် ကျေးဇူးသိင်္ဂါ

မေပယ်လ် said...

ကဗျာလေးက တရားဟောနေသလိုလေးပဲ..
ကိုယ့်ကိုကိုတော့ မညာပါဘူးမကြီးရယ်..အကြေးခွံတွေ များလွန်းနေတာ သိတယ်..
အတွေးလေးတွေ လန်းတယ် ကျေးဇူး..ကဗျာကောင်လေးများ ဆက်လက်မွေးထုတ်ပေးပါ

မိုးယံ said...

ဟုတ်ကဲ့ပါ အကြေးခွံတွေကို သန့်ရှင်းအောင် ကြိုးစားပါမယ်။ ကဗျာလေးက လန်းတယ်နော်


ငြိမ်းချမ်းပါစေ
မိုးယံ

ရွှေရတုမှတ်တမ်း said...

အကြေးခွံနဲ့ဆိုတော့ ရေကူးတတ်တာပေါ့....

ကိုဇော် said...

သံဃာတော်တွေကတော့ ကိုယ်တိုင် မျက်မှောက်မပြုနိုင်သေးပေမဲ့ သူများကို နည်းလမ်းပြတတ်ကြပါတယ်။ ကိုယ့်မှာ အကြေးခွံထူနေပေမဲ့ သူများကို အကြေးခွံကွာစေချင်တဲ့ စေတနာလို့ ထင်မိပါတယ်။

ကိုယ်ကောင်းပြီးမှ .....ဆိုတာကတော့ ဆိုးတယ် လို့ ခံယူမိလို့ပါ။

~ဏီလင်းညို~ said...

မသိင်္ဂါကျော်.......

ကဗျာကောင်းလေး....ခံစားမိသွားတယ်.....။
ကျေးဇူး........

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မြစ်ကျိုးအင်း said...

ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့လူစားမျိုးတွေလည်း ကြေးခွံတွေဖုံးနေတဲ့ လူစားတွေပါဘဲ။

နွေဆူးလင်္ကာ said...

ကျနော်ကတော့ ကဗျာ ကြေးခွံလေးပဲ လိုချင်တယ် ...