08 September, 2010

မြင်းနှစ်ကောင်

 

ကျွန်တော့်အိမ်ကနေ လမ်းပေါ်ထွက်လိုက်ရင် မြင်းနှစ်ကောင် နေတဲ့ ကွင်းပြင်တစ်ခုရှိပါတယ်။ အဝေးကနေ ကြည့်ရင်တော့ မြင်းတစ်ကောင်စီက တစ်ခြားမြင်းတွေလိုပါပဲ။ ဒါပေမယ့် အနီးကပ်ကြည့်ရင်တော့ စိတ်ဝင်စားစရာ ကောင်းတာ တွေ့ရပါလိမ့်မယ်။ တစ်ကောင်က မျက်မမြင်ဖြစ်နေလို့ပါ။

သူ့ရဲ့ ပိုင်ရှင်က ဒီမြင်းကို မသုံးတော့ပေမယ့် သူ့ကို လုံလုံခြုံခြုံ သက်တောင့်သက်သာ နေနိုင်အောင် လုပ်ပေးထားပါတယ်။ ဒါကိုက အံ့သြစရာလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ခင်ဗျား အဲဒီနား ရပ်ပြီး နားထောင်ကြည့်စမ်းပါ။ ခေါင်းလောင်းသံလေး ကြားရလိမ့်မယ်။ အဲဒါကတော့ ကွင်းပြင်ထဲက တစ်ခြား ပိုငယ်တဲ့ မြင်းလေး ဆီက လာတာပါ။ အဲဒီမြင်းရဲ့ ခေါင်းပိုင်းက ဦးခက်ကြိုးနဲ့ သေးငယ်တဲ့ ကြေးဝါရောင် ခေါင်းလောင်းလေး တစ်လုံး ကို တွဲချည်ထားပါတယ်။ ဒါက မျက်မမြင်မြင်းအတွက် သူ့အဖော် ဘယ်နေရာမှာလဲ ဆိုတာ သိပြီး သူ့နောက်ကို လိုက်ဖို့ အတွက်ပါပဲ။

ခင်ဗျား ဒီမြင်းနှစ်ကောင်ကို ရပ်ကြည့်နေရင် မြင်မှာပါ။ ခေါင်းလောင်းနဲ့ မြင်းကလည်း သူ့အဖော် မျက်မမြင်ကို အမြဲတမ်း ရှိမရှိ စစ်နေပြီး မျက်မမြင်မြင်းကလည်း ခေါင်းလောင်းသံကို နားထောင်ပြီး သူ့အဖော်က လမ်းမှားကို ဦးဆောင်မှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုနဲ့ သူ့အဖော်ဆီ ခပ်ဖြည်းဖြည်း လျှောက်သွားနေတာကိုလေ..။

ခေါင်းလောင်းနဲ့ မြင်းက ညနေတိုင်း မြင်းစောင်းကို ပြန်တဲ့ အချိန်ကျရင်လည်း ခဏခဏ နောက်ပြန်လှည့်ကြည့်ဖို့ ရပ်လိမ့်မယ်၊ သူ့အဖော် မျက်မမြင်က ခေါင်းလောင်းသံ ကြားလောက်အောင် မဝေးတဲ့ နေရာမှာ ရှိနေတာ သေချာတော့မှ ဆက်သွားလိမ့်မယ်။

ဒီမြင်းနှစ်ကောင်ရဲ့ ပိုင်ရှင်လိုပဲ ဘုရားသခင်ကလည်း ကျွန်တော်တို့ဟာ အပြစ်ကင်းပြည့်စုံသူတွေ မဟုတ်ပေမယ့် ကျွန်တော်တို့ကို ဘယ်တော့မှ ပစ်မထားပါဘူး။ ကျွန်တော်တို့မှာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ရှိနေရင်တောင်မှပေါ့...။

သူ ကျွန်တော်တို့ကို စောင့်ကြည့်ပြီး ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ ကူညီဖို့ တစ်ခြားသူတွေကို စေလွှတ်ပါလိမ့်မယ်။ တစ်ခါတလေလည်း ကျွန်တော်တို့ဟာ မျက်မမြင်မြင်းလိုပဲ၊ ဘုရားသခင် စေလွှတ်ထားတဲ့ ကျွန်တော်တို့ ဘဝထဲက တစ်စုံတစ်ယောက်ရဲ့ ခေါင်းလောင်းသံကို နားထောင်ရင်း ရှေ့ဆက်သွားရတာမျိုး ရှိမယ်။ တစ်ခါတလေတော့လည်း ကျွန်တော်တို့က ရှေ့ဆောင်လမ်းပြတဲ့ မြင်းလိုမျိုး တစ်ခြားလူတွေကို သူတို့ရဲ့ လမ်းကြောင်းမှန်အောင် ကူညီပေးရတာမျိုး ရှိမယ်။

Two Horses (Author Unknown) ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

11 comments:

thawzin said...

သိင်္ဂါကျော် ပြောသလို မြစ်နှစ်ကောင်ကို ပိုင်တဲ့ ပိုင်ရှင်လို အပြစ်မကင်းသောလူသားတွေအပေါ် ဘုရားသခင်ကောင်းချီးပေးနိုင်ပါစေဗျာ။

ကြည်ဖြူပိုင် said...

သိပ်ကိုမှန်ကန်ပြီး
ကောင်းမွန်တဲ့ဘာသာပြန်လေးပါလားမသိင်္ဂါရေ
ဖတ်ပြီးတော့ အားတက်မိတယ်

flowerpoem said...

တကယ်ကို ဖတ်ပြီးအားတက်မိပါတယ် မသိင်္ဂါရေ. . ကောင်းလိုက်တဲ့ ဥပမာလေးပါရှင်..

မေပယ်လ် said...

သားသားက မြင်းစီးချင်တာ:P

မောင်သီဟ said...

ပညာပေးပို့စ်လေးဖတ်သွားတယ်ဗျာ့း)

Crystal said...

အဓိပ္ပါယ်နက်ရှိုင်းပါပေတယ်....

နေ၀သန် said...

တွေးစရာလေး ရတယ်ဗျာ....း))

Cameron said...

သိဂါင်္ရေ...စာတွေတော်တော်ရေးဖြစ်နေတာပဲ....
ဒသနကောင်းတဲ့ စာလေးတစ်ပုဒ်ပဲ.....

ခင်တဲ့
မိုးငွေ့

လသာည said...

အဓိပ္ပါယ်လေး အရမ်းကောင်းတယ်။

လင်းဒီပ said...

မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ဖြစ်ရမယ်ဆိုတာလေး... ကောင်းတယ် ...။

ငြိမ်းစိုးဦး said...

ယုံကြည်မှု တူညီကြခြင်း ၏ အကျိုးကျေးဇူး
ထင်ရှားစေတာ ကို ၀မ်းသာရပါတယ် ...
ငြိမ်းစိုးဦး