29 June, 2011

အွန်လိုင်းပေါ်က ကူးချ ကိစ္စ


အမှန်တော့ ဒီကိစ္စကို ရေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် လောလောဆယ် ဘာမှလည်း မရေးဖြစ်နေတာနဲ့ ရေးစရာ ရှာလိုက်တယ်ပဲ ပြောပါတော့။

Ning.com တွေရဲ့ ထုံးစံအတိုင်း ကူးချ တစ်ပုဒ်တွေ့လို့ပါ။ ကိုယ်က သိတာ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်က ကူးပြီး mail ပို့်လိုက်လို့ပါ။ နင် တစ်ခါက ရေးဖူးတဲ့ အကြောင်းနဲ့ တူတယ်။ နင်များ နာမည် တစ်မျိုးနဲ့ ရေးတာလား တဲ့၊ သူငယ်ချင်းက မေးထားလို့ ကြည့်လိုက်တော့ တော်တော်တော့ တူတယ်။ အဲဒါနဲ့ ning site ကို သွားတော့ sign in မဝင်ရသေးတာနဲ့ ဖတ်မရတော့ ထားထားလိုက်တယ်။ မကြည့်ဖြစ်တော့ဘူး။ ငါရေးတာတော့ မဟုတ်ပါဘူး လို့...သူငယ်ချင်းကို တော့ စာပြန်လိုက်တယ်။ ဒီနေ့တော့ အဖွဲ့ဝင်လိုက်ပြီး ဝင်ကြည့်ဖြစ်လိုက်တယ်။

အောက်က link မှာပါ။ ဇွန် ၁၇၊ ၂၀၁၁ က တင်ထားတဲ့ စာပါ။

http://forverfriends.ning.com/profiles/blogs/2863689:BlogPost:4282316

အဲဒီ ဝတ္တုတိုက ကိုယ် အောက်က Link မှာ တင်ခဲ့တဲ့ “မစစ်မှန်သော ချစ်ခြင်းတို့ မည်သည်” ဝတ္တုနဲ့ လူနာမည်တွေက လွဲလို့ အားလုံး တူနေတာ တွေ့ရပါတယ်။

http://theingara.blogspot.com/2008/08/blog-post_13.html

ကိုယ်က file နှစ်ခုကို ယှဉ်ဖွင့်ပြီးတော့ ဖတ်ကြည့်ပြီးပါပြီ။ Word ထဲမှာ Find and Replace လုပ်ထားတယ်လို့ ထင်ရပါတယ်။ ကိုယ့် blog ထဲက ယူတာတော့ ဟုတ်မယ်မထင်ပါ။ အဲဒီ ဝတ္တုတိုက လောကအလှ online မဂ္ဂဇင်း မှာ ဖော်ပြပြီးသားမို့ အဲဒီက ကူးယူတာ ဖြစ်နိုင်ပါတယ်။

http://www.lawka-ahla.com/news.php?extend.847.8 မှာပါ။

အခု လောကအလှက link ကို ပြန်ရှာရင်းနဲ့ အဲဒီ ning blog မှာ ဖော်ပြထားတဲ့ တစ်ခြား ဝတ္တုတစ်ချို့ကိုလည်း လောကအလှမှာ တွေ့လိုက်တော့ အဲဒီက ကူးထားတာမှန်း သေချာ သွားပါတယ်။

ကိုယ့် ဝတ္တုထဲက စာသား တစ်ချို့နဲ့ သူ့ ဝတ္တုထဲက စာသားတစ်ချို့ကို နှိုင်းယှဉ် ပြလိုက်ပါဦးမယ်။

ကိုယ့်ဝတ္တုရဲ့ အစက
“ခက်ဝေလွင် က လူတိုင်းကို ကိုယ့်လိုပဲ ထင်ပြီး ယုံကြည်မိသည်။ အရာတိုင်းမှာ တူမျှသော အသွားအပြန် ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရကြောင်း အချိန်နှောင်းမှ သိလာရသောအခါ
လုပ်ရက်သူတို့ အပေါ် အတော်စိတ်ပျက်သွားသည်။ ပြန်လှည့် မကြည့်ချင်လောက်အောင် စိတ်ကုန်တာကို ဘယ်လို စကားလုံးနဲ့ ပြောရမှန်းတောင် မသိပါ။”

သူ့ဝတ္တုရဲ့ အစက
“ကျော်ဇင်ဟိန်း က လူတိုင်းကို ကိုယ့်လိုပဲ ထင်ပြီး ယုံကြည်မိသည်။ အရာတိုင်းမှာ တူမျှသော အသွားအပြန် ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရကြောင်း အချိန်နှောင်းမှ သိလာရသောအခါ
လုပ်ရက်သူတို့ အပေါ် အတော်စိတ်ပျက်သွားသည်။ ပြန်လှည့် မကြည့်ချင်လောက်အောင် စိတ်ကုန်တာကို ဘယ်လို စကားလုံးနဲ့ ပြောရမှန်းတောင် မသိပါ။”

ကူးယူ ဖော်ပြရင်လည်း ဘယ်က ကူးယူတယ် ဆိုတာကို ရိုးသားစွာ ဖော်ပြပေးသင့်ပါတယ်။ ခုဟာက idea တူတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပဲ စကားလုံးတိုင်းက အစ တူညီတာဖြစ်လို့ ကူးယူထားတာ သိသာနေပါတယ်။ Online ပေါ်မှာ လုပ်ချင်ရာ လုပ်လို့ ရနိုင်တယ် ဆိုပေမယ့် သူ့စည်း ကိုယ့်စည်း လိုက်နာပြီး ကိုယ့်လိပ်ပြာကိုယ် သန့်စင်စွာ နေနိုင်မယ့် စာမျိုးကိုပဲ ကိုယ့်ရဲ့ ဘလော့မှာ ဖော်ပြသင့်ပါတယ်။ ဒါပေမယ့် ning.com ဆိုတာကလည်း စလာကတည်းက အဲဒီလို ကူးချ ကိစ္စ၊ သူများစာ ကိုယ့်စာ လုပ်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး နာမည်ကြီး လာပြီးသားမို့ ဘာမှ ထပ်ပြောဖို့တောင် မလိုလောက်အောင်ပါပဲ။

မရေးချင်ပေမယ့်လည်း သိတဲ့ အကြောင်းလေး မှတ်တမ်းတင်ချင်တာမို့ ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။

သိင်္ဂါကျော်

16 comments:

မေဓာဝီ said...

မသိင်္ဂါရေ ... အွန်လိုင်းပေါ်က ကူးချတွေကတော့ ဘယ်လောက်ပြောပြော ရှိနေအုံးမှာပဲ ထင်တယ်။
ကိုယ့်စာကြိုက်လို့ ရိုးရိုးသားသား ပြန်ဖော်ပြပေးတာက တမျိုး၊ ခုဟာက နာမည်လွှဲပြီး တင်ထားတာဆိုတော့ မရိုးသားတာ ရှင်းနေတာပဲ။ ခုလိုမှတ်တမ်းတင်ထားတာ ကောင်းပါတယ်။ ရှက်တတ်ရင် ရှက်ကြပေါ့၊ မရှက်တတ်ရင်တော့ တတ်နိုင်ဘူး :)

အဖြူရောင်နတ်သမီး said...

ဟုတ်တယ် မကြီးရေ..
ကိုယ်ရေးတဲ့စာ ကိုယ့်နာမည်လေးတော့ ထည့်ပေးသင့်တာပေါ့..။
တချို့ဆိုရင် နာမည်ကြီးစာရေးဆရာတွေရဲ့စာတွေ ဘုရားစာတွေ ကျမ်းစာတွေကနေကူးယူပြီး သူတို့ရေးသလိုလိုနဲ့ တင်နေကြတာ ဘလော့ဂ်လောကမှာတောင်တွေ့တွေ့နေရပါရောလား..။

လိပ်ပြာမသန့်လိုက်တာ သူတို့အစား..

pN said...

invitation လုပ်မှ membership ၀င်လို့ရမယ်။ membership မဟုတ်လို့ အပေါ်ကလင့်ကို သွားမရဘူး။

မိုးယံ said...

ခက်တယ်ဗျာ... သူတို့ လုပ်တော့ ကိုယ်တွေပါ မနေတတ်.. ။ ကိုယ်တွေက သိစေချင် တာလေးတွေ ခံစားမိတာလေးတွေ ပြန်မျှတဲ့ကောင် ပေါက်ကရရေးတာတောင် တစ်ခုနဲ့တစ်ခု သုံးယူဇနာ ကွာတယ်။

အဲလို နံမည်တွေပြောင်းတာတော့ လွန်လွန်းတာပေါ့... တိုက်ရိုက်မဟုတ်လဲ ရတဲ့ ဆိုက်ကလေး ထည့်ပေါ့.. ဒီလိုမှ မဟုတ်လည်း ကိုယ်ရေးတာ မဟုတ်မှန်းသိသာအောင် လေးတော့ ပြပေါ့ကွယ်။ ခက်တယ် ခက်တယ်... ဘာမဟုတ်တာက အစ ကိုယ်ကျင့်တရားက မကောင်းကျတော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါဗျာ။

ဟန်ကြည် said...

နည်းပညာတိုးတက်လာလေလေ သူခိုးများလာလေလို့ ပြောရမယ်ထင်ပါရဲ့...သူများခိုးမှာမှန်းသိပေမယ့် မရေးဘဲကလည်း မနေနိုင်ပြန်တော့ ပို့စ်တင်လိုက်ကတည်းက ရေစက်ချပစ်လိုက်တာပဲ စိတ်အေးရမယ်ထင်ပါရဲ့...

မေသိမ့်သိမ့်ကျော် said...

အဲလိုမှတ်တမ်းထားသင့်ပါတယ်။ မှန်ကန်တဲ့လုပ်ရပ်ပါ။ အဲဒီကိစ္စတွေကိုလည်း ပပျောက်သွားစေချင်ပါတယ်။ အညွှန့်ခူးစားတဲ့ ကိစ္စတွေ က ပပျောက်သင့်ပြီ။ လူတွေလည်း စည်းကမ်းလေးတစ်ခုထားသင့်နေပါပြီ။ မိမိပို့စ်ကို ယူတင်စေဦးတော့ နာမည်လေးနဲ့ လင့်ခ်လေး ထည့်ပေးရင် ပီတိကိုစားနေကြတဲ့ ရေးသားသူတွေ ကျေနပ်နိုင်မှာပါ။

ခင်မင်လေးစားလျက်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်မမရေ... ညီမလေးလည်း နိုင်ဆိုဒ်တွေနဲ့ မကင်းတဲ့သူမို့ အဲဒီ ပြသနာတွေ အမြဲကြုံတွေ့ ရတယ် စာရေးသူတွေရဲ့ ခံစားချက်တွေကိုလဲ ..နားလည်တယ်
အဲလိုသူတွေလဲ အများသား...မမရေ.. နိုင်ဆိုဒ်တွေမှာက စုံလို့ပါပဲ....

ချော(အစိမ်းရောင်လွင်ပြင်) said...

တိုက်ရိုက်ကြီး ကူးတင်ပြီး ကိုယ်ရေးသလိုလိုနဲ့ နာမည်တွေ ဘာမှထည့်မထားတာတော့ မကြာခဏ ကြုံပါတယ်။ တွေ့ပေမဲ့ ဥပက္ခာပြုလိုက်ပါတယ်။
ဒါပေမဲ့ ခုလို နာမည်တွေပြောင်းတာမျိုးတော့ ပိုဆိုးတယ်လို့ ထင်ပါတယ်။ အစအဆုံးကူးတာကမှ ဆင်ခြေပေးလို့ရသေးရဲ့.. နာမည်တွေ ဘာတွေပြောင်းပြီး ကိုယ်ရေးသလိုလို လုပ်တာတော့ အလွန်ကိုဆိုးလွန်းပါတယ်။

kokoseinygn said...

စာတစ်ပုဒ်ဖြစ်ဖို့ ခံစားချက်ဝါသနာ
ေ၇းချင်စိတ်အချိန်စတဲ့ အကြောင်းကြောင်း
တွေရင်းရပါတယ်..
သူများရေးတာကို လွယ်လွယ်နဲ့ ကူးမချဖို့
ကြိုက်လို့ ဖေါ်ပြချင်လဲ..အသိပေးဖို့လိုပါတယ်။
ကိုယ်ချင်းစာတရားထွန်းကားကြပါစေ။

စံပယ်ချို said...

အဲလိုတွေလဲရှိတာပဲလား
ရှက်စရာ ဆိုတာမသိလေရော့သလား
မရေးတတ်(မရေးနိုင်)ရင်မရေးပါနဲ့ပေါ့။
ကူးယူဖော်ပြပါတယ်ဆိုတဲ့စာကြောင်းလေးတော့ထဲ့သင့်
တာပေါ့နော်...

ahphyulay said...

အင်း...
ကိုယ်ကြိုက်တဲ့ စာကို ကိုယ်ကြိုက်သလိုပဲ
သူများတွေပါ ကြိုက်တဲ့  အရသာ၊ ကောင်း
တဲ့ အရသာ အဲ.. ကြီးကြီးကျယ်ကျယ်ပြော
ရရင် “ရသ” ပေါ့ ဗျာ၊ ပြန်မျှချင်ရင် မူလရေး
တဲ့  လင့်ကိုပြန်ထည့် ပေးတာဟာ ရိုးသားစွာ
မျှဝေခြင်း တစ်မျိုးပါပဲ။ စာကောင်းတွေ တင်တယ်ပေါ့ ဗျာ၊ အဲ့ လိုဖြစ်သင့် ပါလျှက်...။

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်က ပို့စ်ကို အပိုင်းလိုက် တင်တော့ တစ်ပိုင်းကို သာမန်တင်ပြီး နောက်တစ်ပိုင်းမှာ PDFနဲ့တင်တယ်၊ အဲဒီနည်းနဲ့ပဲ ကော်ပီသမား အန္တရယ်ကို ကာကွယ်တယ်၊ သူတို့က ဘယ်လို ပြောပြော မရဘူးဗျ ...

ရွှေပြည်သူ (ShwePyiThu) said...

တကယ်ကိုယ်ချင်းစာမိပါတယ် အစ်မသိင်္ဂါကျော်... ညီမ အစအဆုံးတင်ထားပြီးသား ကိုယ်ပိုင်ဝတ္ထုတိုလေးတစ်ပုဒ်ကို ကောင်မလေးတစ်ယောက်က Ning မှာ အခန်းဆက်တင်နေတာ ကြုံရဖူးပါတယ်။ မရိုးသားတဲ့ စိတ်အခံနဲ့ Plagiarism ကို နားမလည်တာ နှစ်ခုပေါင်းလိုက်တော့ အခုလို အကျည်းတန်တာတွေ ဖြစ်လာတာပါပဲ။ ဒီအကြောင်းတွေးမိတိုင်း သက်ပြင်းတွေ တလှေကြီးချမိပါတယ်...

rose said...

သြော်... စိတ်ပျက်စရာကြီး။ သူများ ရေးထားတာကို ကိုယ်ရေးထားသလိုလိုနဲ့ နာမည်တွေ ပြောင်းပြီး တင်တာ ရှက်စရာကြီးနော်။ အစ်မသိင်္ဂါရေ... နောက် အဲ့ဒါမျိုး သူတို့တွေ ကော်ပီ ထပ်မကူးနိုင်အောင် လုပ်ထားနော်။

မအိမ်သူ said...

အဲဒီလို သူများရေးထားတဲ့စာကို နှစ်သက်လို့ ရိုးရိုးသားသား ပြန်လည်ဖြန့်ဝေပေးတာမျိုး မဟုတ်ဘဲ ကိုယ်တိုင်ရေးသလိုလိုနဲ့ မျက်နှာပြောင်တိုက် ကူးချကြတဲ့ လူတွေကို ဘယ်လိုမှ နားလည်ကြည့်လို့ မရဘူး မသိင်္ဂါရေ.. ကိုယ်သိကြောင်းရေးလိုက်တာ မှန်ပါတယ်။

KMC@ချင်းလေး said...

အပေါ်ကမောင်နှမတွေပြောသွားကြ တာလုံလောက်နေပါပြီ..။ အစ်မသိင်္ဂါကျော်ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာနားလည်မိပေမယ့် ဘယ်လိုပြောရမှန်းမသိလို့စိတ်မကောင်း ပါဘူးလို့ပဲပြောပါရစေ..။ (ချမ်းမြေ့ကြပါစေ)