23 September, 2013

ထွက်ခွာခြင်းက ကပျာကရာနိုင်လေရဲ့

စိမ်းပြာရောင် တောင်တန်းများ…။ တလွန့်လွန့် မြစ်ရေ ကြည်လဲ့လဲ့များ…။ အစိမ်းရောင် သစ်ပင်တန်းများ…။ ရောင်နီက အမြဲတမ်း မလင်းတလင်း ဖြစ်နေသော အရပ်ဒေသ။ ခရမ်းရောင် ပန်းပွင့်များက လေမတိုက်ပဲ ယိမ်းက နေတတ်သည်။ အမှိုက်တစ်စ မရှိသော မြေညိုရောင် လမ်းမများက ကွေ့ကောက်နေသော်လည်း လှပသည်။ စိမ်းသက်ခြင်း ရနံမရှိသော လေပြေ ခပ်အေးအေး က မွှေးမြနေသယောင်…။

ဒီအရပ်ဒေသမှာ ကျွန်တော့်စိတ်ကို ကျွန်တော်ပိုင်သည်။ ကျွန်တော့်ကိုယ်ကို ကျွန်တော်ပိုင်သည်။ ဒီအရပ်ဒေသမှာ ကျွန်တော့်ကို လွှမ်းမိုး ချုပ်ချယ်မယ့်သူ မရှိ။ ဆူပူ ဆုံးမမယ့်သူ မရှိ။ ဒီအရပ်ဒေသမှာ ကျွန်တော်မုန်းသည့် ပွစိပွစိ အသံတွေ၊ ဆူပူသံတွေ၊ အတင်းတုတ်သည့် လေသံ သဲ့သဲ့တွေ မရှိ။ ငြိမ်းချမ်းလှသည်။ ဒီအရပ်မှာ ကျွန်တော် ဘယ်သူ့ကိုမှ မှီခိုစရာ မလို။ ကျွန်တော့်ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်ပြောမယ့်သူ မရှိ။

 “မင်း အစ်ကိုကြီးဆို တစ်ခါမှ စာမေးပွဲ မကျဖူးဘူး၊ ဆေးတက္ကသိုလ်မှာ ဒီလောက် စာတွေ ခက်တာတောင် ပြန်ဖြေခဲ့ရတဲ့ ဘာသာဆိုတာ ရှားရှားပါးပါး၊ မင်းကျမှပဲ နှစ်ဝက် စာမေးပွဲကို လေးဘာသာ ကျရတယ်လို့”
ဖေဖေရဲ့ ဆူပူ ကြိမ်းမောင်းသံကို ကြားယောင်နေမိသေးသည်။
“မင်း ညီလေးဆို သူ့ဟာသူ ဂိုက် လုပ်ပြီး သူ့ကျောင်းစားရိတ်သူ ရှာနေတာ၊ နင်က သူ့ဆီကနေတောင် ပိုက်ဆံ ချေးသုံးသေးတယ်ဆို တော်တော် လိမ္မာတဲ့ အစ်ကိုပဲ”
မေမေက သူ အသုံးအဖြုံးကြီးလှတယ် လို့ အပြစ်ဆိုချင်သည်။
နှစ်ယောက်သားက တစ်ချိန်လုံး တစ်ရစပ် ပွစိ ပွစိနှင့် ဘာတွေ ပြောနေခဲ့မှန်းကို မမှတ်မိနိုင်တော့ပါ။ အဲဒါတွေကြောင့် အိမ်မပြန်ချင်တာကိုပဲ အတင်းကာရော ဖုန်းတွေ တဂွမ်ဂွမ် ဆက်ခေါ်လို့ ကျောင်းပိတ်ရက်မှာ မပြန်ချင်ပဲ ပြန်သွားခဲ့ရခြင်း ဖြစ်သည်။

စာမေးပွဲ ကျခြင်းက ဘဝမှာ ဘယ်နှရာခိုင်နှုန်းလောက်များ အရေးပါနေပါလိမ့်။ ကျွန်တော်က အဲဒါကို နားလည်ဖို့ မကြိုးစားချင်သူ ဖြစ်တာ သူတို့ကလည်း နားမလည်နိုင်။ စာမေးပွဲ တစ်ခါကျခြင်းက ဘဝကို ဘယ်လောက်တောင်များ အောက်ကျ နောက်ကျ ဖြစ်သွားစေလို့ ကြက်တူရွေး စာအံခြင်းများကို မက်မက်မောမော လုပ်နေရမတဲ့လဲ။ ဘွဲ့တစ်ခုရခြင်းက ဘဝကို ဘယ်လောက်တောင်များ ပြောင်းလဲ သွားစေမှာတဲ့လဲ။ လူတွေရဲ့ အထင်ကြီးမှုကို ကျွန်တော်က ထမင်းစား ရေသောက်လောက်မျှ မက်မောခြင်း မရှိတာသည် ကျွန်တော့်မိဘတွေ အတွက်တော့ တစ်ဒုက္ခ။

“အသုံးကို မကျတဲ့ကောင်၊ ငါတို့သားလို့ ပြောဖို့တောင် ရှက်တယ်။ အကြီးရော အငယ်ရော လိမ္မာပါရက်နဲ့ အလယ်ခေါင်ကျမှ ဘယ်လို ဗီဇမျိုး ဖြစ်လာတယ် မသိပါဘူး”
ဖေဖေ့ စကားသံကို ကြားယောင်မိလျှင် ကျွန်တော် ထိုအိမ်သို့ ဘယ်တော့မှ မပြန်တော့ဘူး ဆိုသည့် စိတ်မျိုး ဖြစ်မိသည်။
“နင့်ရုပ်ကို ပြင်စမ်း၊ ဆူပုတ်ပုတ် လုပ်မနေနဲ့၊ မိဘကိုပဲ မကျေနပ်တဲ့ ရုပ်နဲ့၊ ငါတို့ပေးတဲ့ ပိုက်ဆံ မယူပဲ နင့်ဘဝနင် ရပ်တည်လို့ ရလို့လား၊ ဒီနှစ် ကျလို့ကတော့ နောက်နှစ် ကျောင်းမထားတော့ဘူး၊ မိဘက ပြည့်စုံတယ် ဆိုပြီး ပေါ့ပေါ့ နေတတ်တဲ့သူကို ငါအမုန်းဆုံးပဲ”
မေမေ့ကို ပြန်ပြောဖို့ စကားလည်း ကျွန်တော့်မှာ မရှိခဲ့ပါ။ ထိုအိမ်ကို နောက်ထပ် ပြန်မလာတော့ဘူး ဆိုသည့် ဆုံးဖြတ်ချက်က ခိုင်မာလာသလို..။ ထိုအိမ်က ပိုက်ဆံကို မယူပဲ မရပ်တည်နိုင်သော ဘဝမှာ ထိုအိမ်ကို ပုန်ကန်လို့ရော ဖြစ်နိုင်ပါ့မလား..။
*****

ဒီအရပ်မှာတော့ စိတ်မဝင်စားပဲ နားထောင်ချင်ယောင် ဆောင်ရခြင်းတွေ မရှိ။ စိတ်မပါပဲ သင်ယူရခြင်း၊ ကျက်မှတ်ရခြင်းတွေ မရှိ။ တစ်ချိန်ကတော့ ကျွန်တော်လည်း လိမ္မာတဲ့ ကျောင်းသားလေးလို ဟန်ဆောင်ဖူးသည်။ စာမှန်မှန် မကျက်သည့်တိုင် ကျောင်းတော့ မှန်မှန်တက်ခဲ့သည်။ အတန်းထဲကို စဝင်လာကတည်းက စာတွေ တရပ်စပ်သင်နေတတ်သော မျက်မှန်နှင့် ရုပ်တည်နှင့် ဆရာမကို ကျွန်တော် တစ်စက်မှ သဘောမကျခဲ့ပါ။ အရှေ့ခုံတန်းက မိန်းကလေးတွေ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်နေရသည်။ ကျွန်တော့်အတွက်တော့ ဂြိုဟ်သား ဘာသာစကားတွေ သင်နေသလိုပင်။ ပုံနှိပ်စာအုပ်ကို ဖွင့်ထားသော်လည်း ဘယ်စာမျက်နှာကို သင်နေသည်ကို ကျွန်တော်မသိခဲ့တဲ့ အကြိမ်တွေ များသည်။


ကျွန်တော်က တစ်ခြား ဘာကိုမှလည်း စိတ်မဝင်စားသူ ဖြစ်ခဲ့ဖူးသည်။ ကျွန်တော် စိတ်ဝင်စားတာ တစ်ခုတော့ ရှိသည်။ တွေးတော ငေးမောရခြင်းနှင့် စိတ်ကူးများကို ချရေးရခြင်း။ အတန်းထဲမှာ ရုပ်မချောသော ဆရာမများ သင်နေသည့် ပျင်းရိငြီးငွေ့စရာ သင်ခန်းစာတွေကို နားထောင်နေမည့်အစား ကျွန်တော့် ဇာတ်လမ်းထဲက ချစ်စရာ ကောင်မလေးကို စိတ်ကူးနေရခြင်းက ပိုကောင်းသည့်အကြောင်း ကျွန်တော်သိတာ ကြာပြီ ဖြစ်သော်လည်း ထုံးစံများကို မတွန်းလှန်ချင်သဖြင့် ဟန်ဆောင်ပန်ဆောင် နားလည်ချင်ယောင် ဆောင်နေရခြင်း ဖြစ်သည်။

ကျွန်တော်နှင့် ပုံမှန် ပေါင်းသင်းဖြစ်သော အချစ်ဆုံး သူငယ်ချင်းက တစ်ယောက်သာ ရှိသည်။ တစ်နေ့တော့ သူကပြောသည်။ Game ကစားတာက စွဲတတ်သည် ဆိုသည့်အကြောင်း။ ကျွန်တော်က ဘယ်အရာမှ ကျွန်တော့်ကို စွဲလမ်းအောင် မလုပ်နိုင်သည့်အကြောင်း ပြန်ပြီး လောင်းကြေး ထပ်ခဲ့သည်။

ကျွန်တော်က ကောင်မလေးတွေကိုလည်း စိတ်မဝင်စား။ ပဲများတတ်သည့် မိန်းကလေးတွေကို လှည့်ကို မကြည့်ချင်။ ကျွန်တော်က နှုတ်ခမ်းနီ ဆိုးတတ်သည့် မိန်းကလေးတွေ၊ မော်ကွန်းထိန်း ပြောနေသည့်ကြားက ဆံပင်အရောင် ဆိုးတတ်သည့် မိန်းကလေးတွေကို မုန်းသည်။ ကျွန်တော့်ချစ်သူက နှုတ်ခမ်းနီမဆိုးတတ်၊ ဆံပင်အရောင်မဆိုးတတ်ပါ။ သို့သော် ကျွန်တော့်ချစ်သူက ဆရာတော့လုပ်တတ်သည်။ ဆေးလိပ်သောက်ကြည့်ဖို့၊ ဘီယာသောက်ကြည့်ဖို့ စွဲဆောင်တတ်သည့် အပေါင်းအသင်းတွေကိုလည်း မုန်းသည်။ ကျွန်တော့်ကို စောင့်ကြည့် အကဲခတ်နေမည့် မျက်လုံးတွေကိုလည်း မုန်းသည်။

ကျွန်တော်က မိုးရွာတဲ့ နေ့တွေကိုလည်း မုန်းသည်။ မိုးရွာတဲ့ နေ့မှာ မဖြစ်မနေ အပြင်ထွက်စရာ အကြောင်း ရှိလျှင် ပိုတောင် မုန်းသေးသည်။ ဥပမာ ကျောင်းတက်ရခြင်း။ စောစော အိပ်ရာထရခြင်းကိုလည်း မုန်းသည်။ စောစော အိပ်ရာဝင်ရခြင်းကိုလည်း မုန်းသည်။ နေပူကျဲတောက်သော ရာသီဥတုကိုလည်း မုန်းသည်။ ကျွန်တော်က ကျွန်တော့်အသားတွေ နေလောင်မှာကို အသေကြောက်သူ ဖြစ်သည်။

ဒီအရပ်မှာကတော့ ရာသီဥတုက အမြဲ သာယာနေပါသည်။ မိုးတွေ ရွာသွန်းခြင်း မရှိ။ နေပူလောင်ခြင်း မရှိ။ လမိုက်ညလို မှောင်မည်းခြင်းမျိုးလည်း မရှိ။ ဒီအရပ်က လူတွေက ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိ။ သစ်သီးတွေက ဘယ်တော့မှ မကြွေသလိုမျိုး အမြဲ ဝါဝင်းနေသည်။ မေမေ့ နှင်းဆီခင်းကို ဘယ်တော့မှ ကြည်နူးစိတ်နှင့် မကြည့်ခဲ့ဖူးသည့် ကျွန်တော်က ဒီအရပ်မှာ အမည်မသိ ပန်းတွေ အမြဲပွင့်တာကို အံ့သြ ငေးမောတတ် နေသည်။

ဒီအရပ်မှာ မလှပသည့် ချို့ယွင်းချက်က တစ်ခုလေးပဲ ရှိပါသည်။ ကျူးကျော်စော်ကားတတ်သည့် ရန်သူတော်တွေ ဖြစ်သည်။ ဒီလူတွေ ရှိလို့ ကျွန်တော် ဒီအရပ်ကို ရောက်လာရခြင်းပေါ့။ ကျွန်တော်က ဘယ်နေရာမှာမှ အသုံးမကျဘူး ဆိုတာ ဘယ်သူ ပြောခဲ့ဖူးသည့် စကားလဲ ဆိုတာ မေ့သွားဖို့ ဒီအရပ်က ကောင်မလေးက ကျွန်တော့်ကို သင်ပေးသည်။ အတန်းထဲက ကောင်မလေးတွေကို စေ့စေ့မကြည့်ဖူးသော ကျွန်တော်သည် အဲဒီကောင်မလေးကိုတော့ မကြည့်လို့မရသဖြင့် သူမ လှုပ်ရှားမှုတွေနောက် ထပ်ချပ်မခွာ လိုက်ခဲ့ရသည်။ အတူတူလက်တွဲပြီး ရန်သူတော်တွေကို ရင်ဆိုင်ခဲ့ရသည်။ အခုတော့ သူမနှင့် ကျွန်တော် တော်တော်တောင် ရင်နှီးနေပြီ။ သူမကို ကျွန်တော်က ကျွန်တော်သဘောကျသော်လည်း မဝတ်ရဲသော ပန်းရောင် ကိုယ်ကျပ် အင်္ကျီလေး ဝတ်စေပြီး သဘောကျနေခဲ့သည်။ ကျွန်တော့်ကို အထင်ကြီးသည့် ကလေးသူငယ်နှင့် သက်ကြီး ရွယ်အိုများလည်း ရှိသည်။ ရန်သူတော်တွေ လာလျှင် သူတို့ကို ကျွန်တော်က ဘေးကင်း လုံခြုံရာသို့ ပို့ပေးရသည်။ ကျွန်တော့်ကို အားကိုးသည့် လူမျိုးစု အကြီးအကဲလည်း ရှိသည်။ သူက ကောင်မလေး အဖေ ဖြစ်သည်။ သူက ကျွန်တော့်ကို အဖေ့လို မကောင်းပြောပြီး ဆူပူလေ့ရှိသူ မဟုတ်။ ကျွန်တော့် အကြံဉာဏ်တိုင်းကို လိုက်နာဆောင်ရွက်တတ်သူ ဖြစ်သည်။
*****

သူငယ်ချင်းက ကျွန်တော့်ကို စိတ်ပူစပြုသည်။ “မင်း အဲဒါကို စွဲလမ်းနေပြီ ငါ့လူ၊ မင်းပြောတော့ ဘာကိုမှ မစွဲလမ်းတတ်ဘူး ဆို၊ အခု ဖြတ်တော့၊ ငါ မင်းကို အစပြုပေးမိတာ မှားသွားတယ်”
“ငါ စွဲလမ်းတာ မဟုတ်ဘူး၊ ဖြတ်စရာ ကိစ္စဆို အချိန်မရွေး ဖြတ်လို့ရတယ် ကိုယ့်လူ၊ မဖြတ်ချင်သေးလို့ပါ၊ ငါ အဲဒီမှာ ပျော်တယ်ကွ” သူငယ်ချင်းကို ကျွန်တော်ပြောသည်။

သူ သိပ်စိတ်ပူနေမှာ စိုးသဖြင့် အဆောင် ပြန်လာပြီး ရေးလက်စ ဝတ္တုကို အဆုံးသတ်သည်။ ကျွန်တော် blog တစ်ခု လုပ်ဖို့ စိတ်ကူးရှိသော်လည်း မလုပ်ဖြစ်သေးပါ။ ကျွန်တော့်မှာ ရေးပြီးသား ဝတ္တုတွေ သုံး၊ လေး ပုဒ် လောက် ရှိသည်။ ဘယ် မဂ္ဂဇင်းကမှ အရေးလုပ် ဖော်ပြမှာ မဟုတ်သလို ကျွန်တော်ကလည်း ပို့ဖို့ စိတ်ကူး လုံးဝ မရှိပါ။ Internet မှာတော့ blog တစ်ခု လုပ်ပြီး တင်ချင်သည်။ ကောင်မလေးတို့ဆီ သွားနေရသည်နှင့် internet တောင် သုံးဖို့ အချိန်မရှိ ဖြစ်နေသည်။

စိတ်ပေါက်ပေါက် ရှိသည်နှင့် ကျွန်တော့် ဝတ္တုထဲက ကောင်မလေးကို သေခိုင်းလိုက်သည်။ အချစ်အတွက်ကြောင့် ရူးသွပ်ခြင်း..။ မိဘတွေက သဘောမတူသဖြင့်  ချစ်သူနှင့် မပေါင်းရတော့ဘူး ဆိုပြီး ကြိုးဆွဲချ သတ်သေ သွားခြင်း ဖြစ်သည်။ ရေးသာ ရေးသော်လည်း အချစ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းကို ကျွန်တော်က ဟားတိုက်ရယ်ချင်သည်။ အချစ်အတွက် အသက်ပင်သေသေ ဆိုတာကို မယုံကြည်နိုင်ပါ။ ကျွန်တော့်ချစ်သူ ဆရာဝန်မလောင်းလေးရော ကျွန်တော်နှင့် သူ့မိဘက သဘောမတူဘူး ဆိုလျှင် ကိုယ့်ကိုယ်ကို သတ်သေမှာတဲ့လား။ လုံးဝမှ မထင်ပါ။

သူနှင့် ကျွန်တော် မထင်မှတ်ပဲ ချစ်သူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူက ကိုကြီးတို့ ဆေးကျောင်းက ဂျူနီယာ။ ကိုကြီးဆီ သွားရင်းနှင့် ခင်မင်ခဲ့ခြင်း ဖြစ်သည်။ သူက ခင်ခင်မင်မင် အရောဝင်သဖြင့် ကျွန်တော်လည်း ချစ်သူ စမ်းထားကြည့်လိုက်ခြင်း ဖြစ်သည်။ သူက ကျွန်တော်မုန်းသော မိန်းကလေးတွေ ပုံစံမျိုး ဆံပင်အရောင်ဆိုး၊ နှုတ်ခမ်းနီ ဆိုးပြီး အလှပြင်တတ်သူ မဟုတ်။ ရိုးရိုးလေးနှင့် ချစ်စရာကောင်းသူ ဖြစ်သည်။ သူ့ကို ကျွန်တော် တကယ် ချစ်မချစ် သိပ်တော့မသေချာပါ။ သို့သော်လည်း သူနှင့် ကျွန်တော် ဘယ်တော့မှ စကားမများ၊ ရန်မဖြစ်။ အမြဲတမ်း ပြေလည်သည်။ သူ ဆရာလုပ်တာတွေကို ပြန်မပြော နားမထောင် လုပ်တာက လွဲလျှင်ပေါ့။ ကျွန်တော့် ချစ်သူလေးကို သတိတော့ရသည်။ အိမ်ပြန်တုန်းက တစ်ခါ တွေ့ခဲ့ပြီးနောက် သူ့ ဆုံးမစကားတွေလည်း နားထောင်ခဲ့ရသေးသည်။ အဆောင် ပြန်ရောက်ပြီးမှ ဖုန်းမဆက်ဖြစ်သေး။ သူကလည်း စာကျက်စရာ ရှိသေးတာတွေ ဘာတွေနှင့် ဖုန်းဆက်လျှင်လည်း ကြာကြာပြောချင်တာ မဟုတ်တော့ ကျွန်တော်ကလည်း မဆက်ဖြစ်တာ များသည်။
*****

ရန်သူတော် ခေါင်းဆောင်က ရက်စက်သူဖြစ်သည်။ ခွန်အားကြီးပြီး မြန်ဆန်လှသူ ဖြစ်သည်။ သူ့ဘေးက နှစ်ယောက်မှာလည်း ထူးခြားသော အစွမ်းတွေ ရှိသည်။ ကျွန်တော့်မှာတော့ ခုထိ သူတို့လို အစွမ်းမျိုး မရသေး။ သို့သော် ကျွန်တော့်မှာ သူတို့ထက် နည်းဗျူဟာ ပိုပြည့်ဝသည်။ စာမေးပွဲ အောင်အောင် ဘယ်လို ကြိုးစားရမယ် ဆိုတဲ့ နည်းဗျူဟာမျိုးသာ မသိလျှင်နေမည်။ တိုက်ခိုက်မှုနှင့် ရှောင်တိမ်းမှုအတတ်မှာတော့ ကျွန်တော်က တစ်ဖက်ကမ်း ခတ်နေလေပြီ။ ကောင်မလေးနှင့် သူ့အဖေက ကျွန်တော့်အဖွဲ့သားတွေ ဖြစ်သည်။ ကျွန်တော်တို့က သူတစ်ပါးနယ်မြေကို သိမ်းပိုက်ဖို့ထက် ကိုယ်ပိုင်မြေကို သိမ်းပိုက် မခံရဖို့ အရေး ကြိုးစားနေသူများဖြစ်သည်။ ကျွန်တော်တို့ အရပ်က လိုတရမှုနှင့် လှပမှုကို သူတို့က မျက်စိကျကြသည်။

ဒီအရပ်ရဲ့ နယ်မြေအချုပ်အခြာအတွက် အမြဲတမ်း တိုက်ခိုက်နေရသည်။ ကျွန်တော်မရှိလျှင် ကောင်မလေးနှင့် သူ့အဖေ လူမျိုးစု ခေါင်းဆောင်တို့ နှစ်ယောက်တည်းသာ ဦးဆောင်ပြီး ခုခံရလိမ့်မည်။ အဲဒါကြောင့်လည်း ကျွန်တော်က ဒီအရပ်က မပြန်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။ ဒီအရပ်က လူတွေက ကျွန်တော့် အကူအညီကို လိုသည်။ ကျွန်တော့်ကို အားကိုးသည်။ ဒီအရပ်မှာ ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချနိုင်သည်။ မှားသည့်အခါ မှားပေမယ့် သူတို့က ကျွန်တော့်ကို ဘယ်တော့မှ အပြစ်မမြင်ပါ။ ကမ္ဘာပေါ်မှာ မမှားဖူးသည့်လူ ဆိုတာ ဘယ်မှာ ရှိလို့လဲလေ။

သူတို့က ကျွန်တော့်ကို မပြန်စေချင်ကြ။ အဲဒီအရပ်မှာ ရှိနေရသည့်အခါ ကျွန်တော့်မှာ ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိ။ အိပ်ချင်စိတ်လည်း မရှိ။ ကောင်မလေးနှင့် ကျွန်တော် လက်တွဲပြီး ရန်သူများကို တိုက်ခိုက်ကြသည်။ ကျွန်တော့်ဓါးသွားမှာ သွေးတစ်စက်စက် ကျလို့..။ ကောင်မလေးရဲ့ လှံဖျားမှာလည်း သွေးတစ်စက်စက် ကျလို့..။ ရဲရင့်ခြင်းက ကျွန်တော့် နှလုံးသွေးများထဲမှာ နစ်ဝင်လို့။ နယ်မြေကာကွယ်ရခြင်းက ကျွန်တော့် ဂုဏ်သိက္ခာကို ကျွန်တော် ယုံကြည်မိခြင်း၏ အစ။ ရဲဘော် ရဲဘက်တွေက သူရဲကောင်းစိတ် ရှိသူများချည်းသာ။ ကျွန်တော့်ကို စောင့်ကြည့်နေကျ စိမ်းသက်သက် မျက်လုံးပိုင်ရှင်တွေလို မဟုတ်။ ကျွန်တော့်ကိုယ်ကျွန်တော် လုံခြုံမှုကို စိတ်ချလက်ချ ရှိစေသည်။ ကျွန်တော်တို့ အဖွဲ့၏ စွမ်းအားကို ရန်သူတော်တွေ တော်တော် ခံစားသွားရသည်။ သူတို့ နောက်သို့ ပြန်ဆုတ်ခွာ သွားကြသည်။ သူတို့ရဲ့ မကောင်းဆိုးဝါး မျက်နှာများမှာ အစွမ်းကုန် ရှုံ့မဲ့လို့…။ ကျွန်တော်ကို ကျိန်းဝါးသွားသေးသည်။ “မင်း ထွက်မပြေးနဲ့နော်၊ နောက်တစ်ခေါက် တွေ့ကြမယ်” တဲ့…။
*****

ကျွန်တော့်အခန်းလေးသို့ ကျွန်တော် ပြန်လာခဲ့သည်။ ရေမိုးချိုးမည်။ ထမင်းထွက်စားမည်။ ဝတ္တုတစ်ပုဒ် စရေးမည်။ မနက်ဖြန်မနက် ကျောင်းတက်ချင် တက်မည်။ ကောင်မလေးတို့ ဒေသကို ခဏတော့ စိတ်ချ လက်ချ ထားခဲ့နိုင်သည်။ နက်ဖြန်ညမှ သွားမည်။

ထမင်းစားပြီး ပြန်ဝင်လာတော့ ဘယ်သူကိုမှ အပြင်မှာ မတွေ့သဖြင့် နှုတ်ဆက်ရ သက်သာသွားသည်။ မျက်နှာဖုံးစွပ်တွေကို ကျွန်တော်မုန်းသည်။ “အသုံးမကျတဲ့ ကောင်” ဆိုသော အဓိပ္ဗါယ်တွေကို သူတို့မျက်လုံးတွေထဲမှာ ကျွန်တော်က ဖတ်တတ်နေတော့ ခက်လှသည်။ သူတို့ပြုံးပြတာ တွေ့သော်လည်း ပြန်ပြုံးမပြချင်လှ။ အဲလို လုပ်ပြန်တော့လည်း ကျွန်တော်ပဲ မကောင်း ဖြစ်ရဦးမည်။ တစ်ယောက်ခန်းလေးထဲ နေရတာ ကျွန်တော် တော်တော် ကံကောင်းသည်။ နှစ်ယောက်ခန်းသာဆို သူများကို ဂရုစိုက်ရခြင်းတွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မွန်းကြပ်နေရဦးမည်။

ဝတ္တုရေးဖို့ ပြင်သည်။ ကျွန်တော့်မှာ laptop ရှိသော်လည်း ဝတ္တုကို ဗလာစာအုပ်ထဲမှာ ဘောလ်ပင်နှင့် ချရေးရခြင်းကိုသာ ကျွန်တော်က နှစ်သက်သည်။ ဘာက စရမှန်းမသိ။ တစ်လုံးမှ စာမျက်နှာပေါ် ရောက်မလာ။ ကောင်မလေးတို့ အရပ်ကို သွားချင်စိတ် ပေါ်လာပြန်သည်။ ဒီည သွားမိလျှင် မနက်ဖြန် မနက် ကျောင်းတက်နိုင်တော့မည် မဟုတ်။ စာကြောင်း အသစ်တွေ ထွက်မလာသဖြင့် စာကြောင်း အဟောင်းတွေကို ပြန်ဖတ်နေမိသည်။ ဟိုတစ်ရက်က ဇာတ်သိမ်းခဲ့သည့် ဝတ္တု။ ဇာတ်လမ်းထဲက ကောင်မလေးက လည်ပင်းကို ကြိုးကွင်းစွပ်၍ သေသွားသည်ဟု ကျွန်တော် ရေးခဲ့သည်။ လည်ပင်းကို ကြိုးကွင်းစွပ်လိုက်လျှင် ဘယ်လိုများပါလိမ့်လို့ စဉ်းစားမိပြန်သည်။ ကြိုးပေးသတ်တယ် ဆိုတာလည်း အဲလိုပဲ နေမှာလို့ တွေးသည်။ ဘယ်လိုများ ခံစားရမလဲ ဟု စမ်းသပ်ချင်လာသည်။

မှေးခနဲ အိပ်ပျော်သွားမိသည်။ ကျွန်တော် မအိပ်တာ နှစ်ညလောက် ရှိပြီကို ကျွန်တော်က သတိမထားမိပေမယ့် ခန္ဓာကိုယ်ကတော့ အမှတ်ထားဟန်တူသည်။ အိပ်မက်ထဲမှာ ကောင်မလေးနှင့် တွေ့သည်။ ကျွန်တော်ရေးသော ဇာတ်လမ်းထဲက ကောင်မလေး မဟုတ်။ ကျွန်တော့်ချစ်သူ ကောင်မလေးလည်း မဟုတ်။ ကျွန်တော် သွားနေကျ အရပ်ဒေသက ကောင်မလေး ဖြစ်သည်။ မကောင်းဆိုးဝါး မျက်နှာနှင့် ရန်သူတော်များကို ကောင်မလေး တစ်ယောက်တည်း သူကိုင်နေကျ လှံတစ်ချောင်းနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“မြန်မြန်လာပါ…၊ ရှင်မရှိလို့ မဖြစ်ဘူး၊ ဒီအရပ်ကို စွန့်မသွားပါနဲ့…၊ ဒီမှာပဲ အပြီးနေလိုက်ပါတော့…”
ကောင်မလေး အသံရော၊ တစ်ခြားလူတွေ အသံရော ကျွန်တော် ကြားရသည်။ ဝေးဝေးက ပဲ့တင်သံတွေလိုလို..။ နီးလာသလိုလို..။ ဝေးသွားသလိုလို…။ ကောင်မလေးကို ရန်သူတော်တွေ ဖမ်းသွားမှာကို ကျွန်တော် အဖြစ်မခံနိုင်ပါ။
“ငါ ဘယ်လို လာရမလဲ၊ ငါ အဲဒီမှာ အပြီး နေချင်တယ် ဘယ်လို လုပ်ရမလဲ”
ကျွန်တော်က တီးတိုး ပြန်မေးမိသည်။
“အဲဒါဆို ဒီမှာ မင်း အပြီးနေရလိမ့်မယ်”
အသံတစ်ခုက ပြတ်ပြတ်သားသား ပြောသည်။

ကျွန်တော် အလွန်ကြိုက်၍ သုံးခါပြန် ကြည့်ခဲ့သော avatar ဇာတ်ကားကို သတိရသွားသည်။ ဇာတ်သိမ်းခန်းမှာ မင်းသားက အဲဒီ အရပ်ကို အပြီးထွက်သွားခဲ့သည်။ သူချစ်သော မိန်းကလေးနှင့် မျိုးတူလူသား ဖြစ်သွားသည်။ အပြင်ဘက်က စိတ်ပျက်အားလျော့ရခြင်းတွေ မသန်စွမ်းခြင်းတွေနဲ့ ကင်းဝေးရာ သန်မာ ဖျတ်လတ်သော၊ အင်အားရှိသော လူသား ဖြစ်သွားသည်။

ကျွန်တော် အိပ်ရာက ကြည်ကြည်လင်လင် နိုးလာသည်။ “မင်း အဲဒီကနေ ထွက်ခွာခဲ့…၊ မင်းရဲ့ရှင်သန်ခြင်းကို စွန့်ခဲ့…” အသံကို ပြန်ကြားရသည်။ ကောင်မလေးနဲ့ အမြဲတမ်း အတူရှိဖို့အတွက် ကျွန်တော် လက်ရှိဘဝကနေ ထွက်ခွာမှ ဖြစ်နိုင်မည်။ ကျွန်တော် အိပ်ရာက ထလာခဲ့သည်။ ဝတ္တုထဲက ကောင်မလေး၏ ထွက်ခွာခြင်းကို သတိရသွားသည်။

ကျွန်တော့်မျက်စိက နိုင်လွန်ကြိုးခွေကို တွေ့သည်။ အဝတ်လှန်းကြိုး လုပ်ဖို့ ရည်ရွယ်ချက်နှင့် အိမ်ကနေ ယူလာခဲ့ခြင်းဖြစ်သည်။ အုတ်နံရံတွင် အဝတ်ကြိုးတန်းလုပ်ဖို့ သံရိုက်ပြီးသားက အသင့်ရှိနေသည်။ ရှင်သန်ခြင်းကို စွန့်ဆိုသော စကားကို စမ်းသတ်ကြည့်ချင်လာသည်။ ခုနကတည်းက တွေးတောနေသော လည်ပင်းကို ကြိုးကွင်းစွပ်ခံရသည့် ခံစားချက်ကို လည်း ကိုယ်တိုင် ခံစားဖူးသွားမည်။ ဒါနဲ့.. ကြိုးကို အဲဒီလို အစ်သွားအောင် ဘယ်လို ချည်ရတာပါလိမ့်။ ကျွန်တော်ဖတ်ဖူးသည့် မှုခင်း စာအုပ်တွေထဲက ပန်းချီသရုပ်ဖော် ကြိုးကွင်းများကို မြင်ယောင်လာသည်။

ကျွန်တော့်လည်ပင်းကို နိုင်လွန်ကြိုးခွေ ခေါက်တုံ့ရစ်ပြီး စွပ်လိုက်သည်။ ထို့နောက် အုတ်နံရံမှ သံကို ချည်သည်။ ကြိုးကွင်းက လည်ပင်းကို အစ်မလာပါ။ “ဘယ်လိုပါလိမ့်” ဟု ကျွန်တော် ဦးနှောက်ခြောက်သွားသည်။ ထွက်ခွာခြင်း ဆိုတာကလည်း လွယ်ကူသော အရာတော့ မဟုတ်ဘူးပဲ။ ကျွန်တော် ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲက ကိုယ့်ကိုယ်ကို သတ်သေပုံကို သတိရသွားသည်။ ကုလားထိုင်ပေါ်တက်၊ ထုပ်တန်းမှာ ကြိုးချည်ပြီး နောက် ကုလားထိုင်ကို ခြေထောက်နဲ့ ကန်လိုက်တဲ့အခါ လည်ပင်းက ကြိုးကွင်းက တင်းသွားသည်။ အဲဒါဆိုရင် လျှာများ ထွက်နေမှာလား။ ကျွန်တော့်ကိုယ် ကျွန်တော် ရုပ်ပျက်ဆင်းပျက် ကြီးတော့ မစီရင်ချင်ပါ။ ကျွန်တော့်အခန်းမှာ ထုပ်တန်းလည်း မရှိ။ ထိုင်ခုံလည်း မရှိပါ။

ဒီစမ်းသပ်မှုက မဟန်သေးပါဘူးဟု ကျွန်တော် စဉ်းစားသည်။ ထွက်ခွာမှုတို့ ရှင်သန်မှုတို့ ဘာမှ စဉ်းစားမနေပါနဲ့။ ပြန်အိပ်တာပဲ ကောင်းမည် ဟုတွေးလိုက်သေးသည်။
“မင်းခြေထောက်ကို ကွေးလိုက်လေ၊ ရှင်သန်ခြင်းကို ရပ်တန့်စေချင်ရင်.. မင်းခြေထောက်ကို ကွေးလိုက်..”
အသံက ဘယ်က လာသည်မသိ။ ကျွန်တော်သွားနေကျ နေရာက လူမျိုးစု အကြီးအကဲ များလား..။ သူက ကျွန်တော့်ကို သူ့သမီးနဲ့ ပေးစားချင်နေသည်။ ကျွန်တော် ပြန်ပြန် သွားတာကို မလိုလား။ အဲဒီမှာပဲ ကျွန်တော့်ကို အမြဲ နေစေချင်သည်။

သူ့စကားအတိုင်း ကျွန်တော့် ခြေထောက်ကို ကွေးလိုက်သည်။ ကြိုးကွင်းက ကျွန်တော့်လည်ပင်းမှာ တင်းခနဲ ဖြစ်သွားသည်။

အဲဒီအရပ်မှာ ကောင်မလေးက လှံတံကိုဝံ့၍ တိုက်ခိုက်နေဆဲ…။ ကျွန်တော် ဝင်လာတော့ သူ အားတက်သွားသည်။ ကျွန်တော့်ကို ကြည့်၍ အပြုံးတစ်ချက်နှင့် နှုတ်ဆက်သည်။ အဲဒီအပြုံးကို အမြဲမြင်နေရလျှင် ကျွန်တော့်မှာ ဘာမှ နောင်တ ရစရာ မရှိ။ ကျွန်တော့် ဓါးကို မြှောက်လိုက်သည်။ ကျွန်တော်တို့ နှစ်ယောက် ကျောချင်းကပ်မိသည်။ ရန်သူတွေ အဝေးကို ရှဲသွားသည်။ သွေးညှီနံများကြားမှ ပန်းရနံမွှေးမွှေးကို ကျွန်တော် ရလိုက်သည်။ ရောင်နီကတော့ ထုံးစံအတိုင်း မလင်းတလင်း…။

သိင်္ဂါကျော်

7 comments:

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ ...
ဂျူ

သိ င်္ဂါ ရ said...

ကဗျာကယာ နိုင်လေရဲ့ ...

sosegado said...

သုံးခါလောက်ဖတ်တာ် တကယ်ကို ကဗျာကယာနိုင်လေရဲ

တောင်ဇလပ် said...

ဖတ်သွားပါတယ်...အားပေးလျက်..

မောင်သီဟ said...

ကပျာကယာကိုလာအားပေးသွားတယ်ဗျာ့း)

မိုးဇက် said...

ရေးဟန်တော်တော်မိုက်လာတယ် ဒါမယ့် ဘဝနှစ်ခုလားတခုထည်းလား မကွဲပြားဘူး

Pyae Thaw (နည်းပညာ) said...

လာပြီးအားပေးသွားပါတယ်... အရမ်းကောင်းတဲ့ post တစ်ခုပါပဲ။ ကျွန်တော့်ဆိုဒ်ကို ပြန်လာလည်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ