10 August, 2011

မြစိမ်းရောင် ကမ်းရိုးတန်းသစ်ပင်




အမြဲတမ်းတော့လည်း
မုန်တိုင်းထန် မနေခဲ့ပါဘူး
အဲဒီ ကမ်းရိုးတန်းမှာ ...။

ငှက်တွေ တစ်အုပ်ပြီးတစ်အုပ်
မွေးရပ်မြေ စွန့်ခွာတာကို ငေးကြည့်ရင်း
အဲဒီမှာပဲ အမြစ်တွယ်နေခဲ့သူ။

နှစ်တွေ ကြာလာတော့
သက်တမ်းရင့်ပြီး အပင်မြင့်လာခဲ့တယ်
အဲဒီ ကမ်းရိုးတန်းမှာပဲ
နေဒဏ် လေဒဏ် ခံရင်း
တစ်ခါတရံလည်း
မုန်တိုင်းကို အံတုရင်းပေါ့။
အပင်မြင့်လာလေလေ
လေတိုက်ခံရလေလေနဲ့
မုန်တိုင်းတွေ ကြားထဲ
အကိုင်းအခက်တွေ ကျိုးတဲ့အခါကျိုး
အသီးအပွင့်တွေ ကြွေတဲ့ အခါ ကြွေနဲ့
နေသာလာတော့လည်း
ရွက်နုဖားဖား ပြန်ဝေလို့...။

အဲဒီ ကမ်းရိုးတန်းမှာပဲ
အမြင်မတော်တာတွေလည်း
မြင်ရဖူးတယ်။
အကြားမတော်တာတွေလည်း
ကြားရဖူးတတယ်။
အနိဌာရုံတွေလည်း
ခံစားရဖူးတယ်။
သံယောဇဉ်တွေလည်း များခဲ့ဖူးတယ်။
မုဒိတာတွေလည်း ပွားခဲ့ဖူးတယ်။
ဒီလိုနဲ့ပဲ
ဦးနှောက်လည်း အကြောတင်းလာတယ်။
နှလုံးသားလည်း အရောင်ရင့်လာတယ်။
ခံစားချက်တွေလည်း အေးစက်လာတယ်။

ဒီလိုနဲ့ပဲ
အတောင်မပါတဲ့ သစ်တစ်ပင်ဟာ
စိမ်းလန်းနေဆဲ
ခိုကိုးရာမဲ့နေဆဲ
အထီးကျန်နေဆဲ
ဘုရားပေးသနားမယ့်
အတောင်ပံတစ်စုံ အတွက်
အိပ်မက် မက်နေဆဲ...။

သိင်္ဂါကျော်

18 comments:

မအိမ်သူ said...

ကမ်းရိုးတန်းသစ်ပင်ရဲ့ နှလုံးသားခံစားချက်လေးတွေကို မျှဝေခံစားသွားရင်း... အတွေးတွေနဲ့ပြန်သွားပြီ..............

Cameron said...

ကဗျာကောင်းလေးတစ်ပုဒ်ကိုလာခံစားသွားပါတယ်...ဘလော့ဒိုင်ဂျက်မှာ ကဗျာလေးပါတဲ့အတွက်လည်း ၀မ်းသာပါတယ်...။

Anonymous said...

ကဗျာလေးကောင်းတယ်ဗျာ
အားမာန်တွေပါတယ်
ခံစားသွားပါတယ်

မောင်ဘကြိုင်
တောင်ပံတစ်စုံကိုကျွန်တော်လည်းမျှော်လင့်နေမိတယ်

စံပယ်ချို said...

အဲဒီတောင်ပံအတွက်နဲ့
jasmine လဲစောင့်စားခဲ့ရကြာပါပြီ။
ကဗျာခေါင်းစဉ်လေးကိုလဲ သဘောကျမိတယ်။
ချမ်းမြေ့ပါစေရှင်။

ဆူးသစ် said...

ကျွန်တော်က ကဗျာသမားမို့ ကဗျာကို ပိုခံစားတတ်ပါတယ်။ ဒီကဗျာကို ဖတ်သွားပါတယ်။ ကျန်တဲ့စာတချို့လည်း ဖတ်သွားပါတယ်။

လင်းဒီပ said...

ပျံသန်းသွားတဲ့ ငှက်တွေအကြောင်း သတင်းကြားမိသေးလား ။
ပျံသန်းခြင်းမှာ စွန့်စားမှုလိုသလို
ရပ်တန့်နေခဲ့သူမှာလည်း ခံနိုင်ရည်နဲ့ သတ္တိနဲ့ ။

မင်းဧရာ said...

လေးလေးနက်နက်အတွေးလေးတွေနဲ့
ကဗျာလေးကိုဖတ်ခဲ့တယ်ဗျာ
တစ်ခါတစ်ရံ ကဗျာတို့ရဲ့ နံရန်မှာ
လောကဓံ ရဲ့ ရိုက်ခတ်မှု့ဒဏ်လေးတွေရှိနေတယ်။

Angelhlaing(May everybody be happy and healthy! said...

အတွေးတွေ ပြည့်နေတဲ့ ကဗျာလေးခံစားရင်း ရင်ထဲမှာ တစ်မျိုးပဲ...:( ခံစားအားပေးလျှက်ပါမမ..

mstint said...

မျှော်လင့်ချက်အိပ်မက်လေး အမြန်ဆုံးအကောင်ထည်ပေါ်လာပါစေလို့ ဆုတောင်းပေးသွားတယ်။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

အဲလိုကဗျာကောင်းတွေကို
ခံစားရတာသိပ်အရသာရှိတယ်
နောက်ပြီး ပုံကလေးကိုလဲကြိုက်တယ်
စိမ်းနေတာပဲ..

ခင်မင်တဲ့
မဒိုးကန်

သဒ္ဓါလှိုင်း said...

အိပ်မက်တွေ လက်တွေ့ဘဝမှာ အမြန်ဆုံးပြည့်စုံနိုင်ပါစေ.
ကဗျာကောင်းလေးက ခံစားချက်တွေ ကူးစက်သွားစေခဲ့တယ်.။
ခင်မင်လျက်
သဒ္ဓါ

မေသိမ့်သိမ့်ကျော် said...

ကဗျာလေးကိုဖတ်ပြီ လွမ်းဆွေးဆွေးလေး ခံစားလိုက်ရတယ်။ အထီးကျန်ခြင်းမှာ မျှော်လင့်ချက်လေးတွေ ရောစွက်နေတဲ့ ကဗျာလေးကို ဖတ်ရှုပြီး ရင်ကိုထိသွားတယ်။

ခင်တဲ့

မေသိမ့်သိမ့်ကျော် said...

ကဗျာလေးကိုဖတ်ပြီ လွမ်းဆွေးဆွေးလေး ခံစားလိုက်ရတယ်။ အထီးကျန်ခြင်းမှာ မျှော်လင့်ချက်လေးတွေ ရောစွက်နေတဲ့ ကဗျာလေးကို ဖတ်ရှုပြီး ရင်ကိုထိသွားတယ်။

ခင်တဲ့

သူကြီးမင်း (တုံးဖလား) said...

အားမာန်အပြည့်နဲ့ ထီးထီးကြီး ရပ်တည်နေတဲ့ သစ်ပင်ကြီးကို လေးစားမြတ်နိုးမိသလိုလိုဘဲ။

ခင်မင်လျက်

blackroze said...

ဘုရားရှင်ကအတောင်ပံတစုံကိုအမြန်ဆုံး
လက်ဆောင်အဖြစ်ပေးပါစေလို့..

ချစ်တဲ့ blackroze

jr said...

ဒါပေမယ့် အပင်လေးက အားတွေမာန်တွေနဲ့ စိမ်းစိမ်းလန်းလန်းနဲ့ ..

မြတ်မွန် said...

ကမ်းနားက သစ်တစ်ပင်ရဲ့..ဘဝအကြောင်းလေး လာဖတ်သွားတယ်..မမသိင်္ဂါကျော်

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကဗျာကလေးကိုရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်-