24 August, 2011

ဘဝ သို့ စိတ္တဇပန်းချီ


စစတုန်းကတော့
အဖြူရောင် စာရွက်တစ်ရွက်ပဲ
တဖြည်းဖြည်းနဲ့
ကိုယ့်ကိုယ်ကို ကောက်ကြောင်းဖော်ရင်း
ပန်းချီကား ဖြစ်ဖို့ မျှော်လင့်ရတယ်။

အနီးအနား
ဖြတ်သွားဖြတ်လာတွေကလည်း
ဝင်ဝင် အကြံပေးကြသေးရဲ့။

ကိုယ်တိုင်ကိုက
တစ်ချိန်မှာ
ယုံကြည်မှုနဲ့ ရေးဆွဲ
နောင်တစ်ချိန်ကျတော့
မယုံမကြည်နဲ့ ဖျက်ချင်လာပါရော။

အဲဒီဆေးသားက
ဖျက်ရင် ဖျက်ရာ သိသာမှာနော့၊
ဘယ်လောက်ပဲ အဖြူအုပ်အုပ်
နဂိုတိုင်း ကောင်းဖို့
မဖြစ်နိုင်ဘူး။

ကြာတော့လည်း
ဖျက်ရာ ပြင်ရာတွေနဲ့
ပန်းချီကား ဆိုရင်တောင်
စိတ္တဇ ပန်းချီပဲ ဖြစ်နိုင်တော့မယ်။

ဘယ်သူကတော့
ကိုယ့်ပန်းချီကိုယ်
ပျက်စီးစေချင်ပါ့မလဲ
အများအမြင်ထဲ
လှလှပပ ကြွကြွရွရွ
အားကျစေချင်တာပေါ့။

ဒါပေမယ့်လည်း
မတူညီနိုင်မှုတွေနဲ့
ဖန်တီးဖြစ်တဲ့ လက်ရာတွေ
လှလှ မလှလှ
ကြွကြွ မကြွကြွ
ခဲတစ်ခြစ်က စခဲ့တဲ့ ကောက်ကြောင်း
သက်တမ်း မကုန်မချင်းတော့
ဆွဲနေရဦးမယ်။

သိင်္ဂါကျော်

13 comments:

မဒမ်ကိုး said...

ဒါပေမယ့်ကောက်ကြောင်းတိုင်းမှာ
အဓိပ္ပါယ်တွေရှိနေမှာပါ မရယ်

ခင်တဲ့
မဒိုးကန်

Cameron said...

မသိဂါင်္ရဲ့ ဘ၀ပန်းချီကားတစ်ချပ်ကို လာရောက်ကြည့်ရှုလေ့လာသွားပါတယ်...။

ခင်တဲ့
မိုးငွေ့

ကိုအောင်(ပျူနိုင်ငံ) said...

မသိင်္ဂါကျော် ...
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...

mstint said...

ဘဝကို ပန်းချီတစ်ချပ်နဲ့ သရုပ်ဖော်သွားတာလေးလို့ ထင်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချယ်ရီမြေ said...

ဘာပဲပြောပြော မသိင်္ဂါကျော် ရေးဖြစ်နေတဲ့ခဲကြောင်းတိုင်းမှာ လှပတဲ့ရသ တစ်ခုတစ်ခုတော့ ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Anonymous said...

ကြိုက်တယ်၊
လှတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခဲတစ်ကြောင်းခြစ်မိမှတော့ ဆုံးအောင်ဆွဲမဲ့ စိတ်ထားကို သဘောကျတယ်။
ဘယ်အလုပ်မဆို စင်းလုံးချောမရှိနိုင်တဲ့အတွက် ဖျက်ရာပြင်ရာတော့ ရှိမှာပါဘဲ
မှားနေမှန်းသိလို့ ဖျက်ပြီး ပြင်လိုက်တာထက်
အမှားကြီးနဲ့ ဆက်ဆွဲနေတာက ပိုရုပ်ဆိုးတယ်နော်

စံပယ်ချို said...

လှလှ မလှလှ
ကြွကြွ မကြွကြွ
အဓိပ္ပါယ်ကတော့ ရှိနေတာပဲနော်..
ချမ်းမြေ့ပါစေရှင်။

kokoseinygn said...

စာသားကောင်း လေးတွေကို
လာဖတ်သွားပါတယ်........

blackroze said...

မသိင်္ဂါရေ..
ဆက်သာဆွဲပါ..ကျမတော့အားပေးတယ်..
ကိုယ့်ပန်းချီကိုယ်ဖန်တီးရတာလောက်
စိတ်ဝင်စားဖို့ကောင်းတာမရှိဘူး..

ချစ်တဲ့ blackroze

မိုးမြင့်တိမ် said...

ယုံကြည်မှုတစ်ခုနဲ့ပဲ စီးဆင်းရှင်သန်နေကြတာပါ။
ဘ၀ဆိုတာလဲ ရသအစုံပေးနိုင်တဲ့ ဇာတ်ခုံတစ်ခုံပဲလေ။ ကောက်ကြောင်းလေးတစ်ကြောင်းကနေပဲ ပုံတစ်ပုံဖြစ်လာခဲ့ရတာပါ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ညီရဲ said...

အင်း... လူတိုင်းလူတိုင်း ကိုယ့်ကောက်ကြောင်းနဲ့ ကိုယ် အလှပဆုံး ပုံဖော် ရေးဆွဲ နေကြတာပါပဲလေ။

ကျွန်တော် ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ခု ညီရဲသစ် နာမည်နဲ့ ဘလော့လေးတစ်ခု ဖန်တီးထားပါတယ်။ သူငယ်ချင်း လင့်လေးကိုလဲ ယူသွားပါတယ်။ အချိန်ရရင် တစ်ခေါက်လောက် လှည့်ဝင်လာခဲ့ဖို့ လဲ ဖိတ်ပါတယ် သူငယ်ချင်း...

မိုးခါး said...

အရုပ်ပေါ်ပြီးမှတော့ မဖျက်ချင်ပါနဲ့လေ ..း)