04 August, 2011

ကြိုက်တာ မကြိုက်တာ .. ရောက်တတ်ရာရာ ..


အဖြူရောင်နတ်သမီး ရဲ့ ကြိုက် မကြိုက် ပို့စ်ကို သွားဖတ်မိရာက သူက ကိုယ့်ကို သတိရသွားပြီး တဂ်ထားလိုက်တော့ ခက်သွားပါတယ်။ ကိုယ်က တကယ်တော့ အဲဒါမျိုး မရေးချင်ပါဘူး။ ကြိုက်တာ မကြိုက်တာကို အဲလောက် သတ်သတ်မှတ်မှတ်ကြီး မတွေးဖူးဘူးလေ။ ဘာပဲဖြစ်ဖြစ် တဂ်တဲ့လူက ခင်လို့ မင်လို့ တဂ်မှတော့ မရေးပဲ နေလို့ မကောင်းတာနဲ့ပဲ အနည်းအကျဉ်းလေးတော့ ရေးမှပဲလို့ စဉ်းစားပြီးတော့ ရောက်တတ်ရာရာလေး ရေးလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ်တော့ သိပ်မပြောချင်ပါဘူး။ ပြောရလောက်အောင် ဘာမှလည်း ထူးထူးခြားခြား မရှိပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ကြည့်ရင်တော့ မကြိုက်တာတွေ များနေလိမ့်မယ် ထင်တယ်။ မျက်နှာက ယောက်ျားဆန်သလို အလှပြင်ဖို့လည်း စိတ်မဝင်စားတဲ့ သူမို့ ယောက်ျားလေးလို နေရတာကို သဘောကျတဲ့သူပါ။ ဆယ်တန်းလောက်အထိ ရှပ်အင်္ကျီလို စပို့ရှပ်လို ယောက်ျားလေးပုံစံတွေပဲ ဝတ်ပြီး နေလာခဲ့ရာက တက္ကသိုလ် တက်မှ နည်းနည်း ပြောင်းသွားတာပါ။ အင်္ကျီတွေဆိုလည်း ready made အင်္ကျီခပ်ပွပွတွေ ဝတ်ရတာ သဘောကျပါတယ်။ ခုနောက်ပိုင်းတော့ အင်္ကျီပွပွ ဝတ်ရင် ပိုပြီး ဝဝတုတ်တုတ် အဒေါ်ကြီး ပုံများ ပေါက်မလား ဆိုပြီး နည်းနည်းပါးပါး သပ်သပ်ရပ်ရပ် fit ဖြစ်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ကြိုးစားနေပါတယ်။ အလုပ်မှာလည်း အလုပ်သဘာဝအရ မြန်မာအင်္ကျီတွေပဲ ဝတ်ရတာ ဆိုပေမယ့် သူများလို ကွက်တိ ကျပ်ထုပ်နေတဲ့ ပုံစံမျိုး မဝတ်တတ်ပါဘူး။ အသက်ရှူကျပ်တယ်လို့ ထင်လို့ပါ။ အဝတ်အစား အသုံးအဆောင် အရောင်ကိုတော့ ထင်းနေတဲ့ အရောင်ရင့်တွေထက် ခပ်ဖျော့ဖျော့တွေကို ပိုကြိုက်ပါတယ်။ မီးခိုးရောင်တို့၊ အပြာနုတို့၊ ပန်းရောင်အနုတို့ စသဖြင့်ပေါ့။ ဖိနပ်မြင့်မြင့် ထူထူတွေကိုတော့ သဘောကျတတ်တယ်။

တစ်ချို့တွေလို ယောက်ျားစိတ် ပေါက်နေတာမဟုတ်ပေမယ့် ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့တော့ အမြဲလိုလို တွေးမိပါတယ်။ ယောက်ျားလေး ဖြစ်ခဲ့ရင် မိန်းကလေးထက်ပိုပြီး လွတ်လပ်ခွင့် လုပ်ပိုင်ခွင့်တွေ များမယ်လို့ ထင်တယ်လေ။ ဥပမာ တစ်ယောက်တည်း ရုပ်ရှင်ရုံ သွားကြည့်တာမျိုး၊ တစ်ယောက်တည်း ညဘက် လျှောက်သွားတာမျိုး မှာ ယောက်ျားလေး ဆို သင့်တော်ပြီး မိန်းကလေးဆို မသင့်တော်ဘူးလေ။ အခု စင်ကာပူ ရောက်နေတဲ့ သူငယ်ချင်း (မိန်းကလေး) မသွားခင်က ကိုယ်တို့ နှစ်ယောက် အပတ်တိုင်း ရုပ်ရှင်ရုံ သွားကြည့်ဖြစ်ကြတယ်။ နိုင်ငံခြားကားတွေကို တစ်ခါတလေ အခွေ ကြည့်ပြီးတာတောင် ရုံမှာ ကြည့်ရတာ ပိုကောင်းတယ် ဆိုပြီး သွားသွားကြည့်တယ်။ နိုင်ငံခြား ကြည့်စရာ မရှိတော့ရင် ဗမာကား ကြည့်ပြန်ရော.. ကြည့်ပြီးရင် နှစ်ယောက်သား ဝေဖန်လို့ မဆုံးပြန်ဘူး။ ခု သူ အဖော်မရှိတော့ ကိုယ်လည်း ရုပ်ရှင်ရုံ မသွားဖြစ်တော့ဘူးလေ။ အခွေပဲ ဝယ်ကြည့်ဖြစ်တော့တယ်။ 

ကိုယ်က ရုပ်ရှင်ဆို နိုင်ငံခြားကား Action ကားတွေ ပိုကြိုက်တယ်။ ငယ်ငယ်တည်းက အိမ်က အဘိုးကစပြီး ဂျိန်းစဘွန်းကားတွေ ဘာတွေ ကြိုက်ခဲ့တာ ဆိုတော့ ခုထိ အဲဒါမျိုးပဲ ကြိုက်တယ်။ ငယ်ငယ်က တီဗွီကလာတဲ့ The Guns of Navarone ဆို ခုထိ မှတ်မိနေတယ်။ ခုနောက်ပိုင်း တီဗွီ ဇာတ်လမ်းတွဲ ဆိုလည်း 5 series ရတုန်းက  ကြည့်ဖြစ်တဲ့ CSI ဇာတ်လမ်းတွဲတွေ၊ 4400 တို့၊ Lost တို့ ကိုရီးယားရှေးဟောင်း အမှုဖော်တဲ့ ဇာတ်လမ်းတို့၊ အိန္ဒိယမှာ သင်တန်းတက်တုန်းက ကြည့်ဖြစ်တဲ့ Lies To me တို့လို ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်။ Action ကားတွေ ကြည့်စရာ မရှိတော့ရင် လူသတ်ကား၊ သရဲကားတွေ ကြည့်တယ်။ သွေးသံရဲရဲ အသားပေးတာထက် ကိုရီးယား သရဲကားတွေလို ကြောက်စရာ ကောင်းတာမျိုးကို ပိုကြိုက်တယ်။ တစ်ခါတလေတော့ အဖော်ကောင်းရင် Drama ကား ကောင်းကောင်းလေးတွေလည်း ကြည့်ဖြစ်တာပဲ။ ဗွီဒီယိုအခွေ ခေတ်ကတည်းက နိုင်ငံခြားကားတွေပဲ ငှားကြည့်ဖြစ်တာ... DVD ခေတ်ကျတော့လည်း အပတ်တိုင်း ဝယ်ဝယ် ကြည့်နေတာပါပဲ။ အဲဒါအပြင် မြဝတီ၊ MRTV၊ MRTV 4 တို့က လာတဲ့ ကိုရီးယား ကားတွေလည်း အလွတ်မပေးချင် ပြန်ဘူး။ မြဝတီက လာတဲ့ ဂျာမန်ရုပ်ရှင်လား မသိ၊ ဥရောပ စကားပြောနဲ့ ကားတွေလည်း အားပေးတာပဲ။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့်လည်း ကြည့်ဖြစ်နေတုန်းပဲ။ အဲဒါတွေ ကြည့်မယ့် အချိန် စာရေးဖြစ်ရင်ကောင်းမှာပဲလို့ စိတ်ထဲတွေးမိပေမယ့်လည်း တွေးတာလောက်နဲ့ပဲ ရပ်ထားလိုက်တာ။

လောလောဆယ် အဆောင်နားမှာ စာအုပ်အငှားဆိုင် မရှိလို့ ငှားမဖတ်ဖြစ်ပေမယ့် စာဖတ်ရတာလည်း သဘောကျပါတယ်။ အိမ်ပြန်ရင်တော့ ဂမ္ဘီရမဂ္ဂဇင်းတွေရော၊ ဘာရော အကုန် ငှားဖတ်ဖြစ်တယ်။ အဒေါ်က စာဖတ် ဝါသနာပါတော့ ငယ်ငယ်တည်းက သူဖတ်တာ လိုက်ဖတ်ရင်းနဲ့ စွဲသွားတာလေ။ အမေက မြန်မာစာဌာနက ဆိုပေမယ့် သူက စာဖတ်တာ ဒီလောက် ဝါသနာ ပါလှတာ မဟုတ်ဘူး။ ငယ်ငယ်ကဆို သူ့ တက္ကသိုလ် စာကြည့်တိုက်က ရှိသမျှ ဘာသာပြန် စုံထောက်ဝတ္တုတွေ ကိုယ် ဖတ်ဖူးတယ်။ မိုးအေးအေးလေးမှာ ဝတ္တုကောင်းကောင်းလေး တစ်အုပ် ဖတ်ပြီး နှပ်ရတာလောက် ကောင်းတဲ့ အရသာ မရှိဘူးလို့ ထင်တယ်။

ခုတလော ကြိုက်နေတာ တစ်ခုက ရှိနေသေးတယ်။ အဆောင်မှာက internet က မရတော့ဘူး ဆိုတော့ အရင်က Farmville ထဲမှာ စိုက်ခဲ့ဖူးတာကိုတော့ မေ့လိုက်ပါပြီ။ ဒါပေမယ့် Laptop လေး ဖွင့်ပြီးရင် အလုပ် လုပ်မလိုလို ဘာလိုလိုနဲ့ နောက်ဆုံးမှာ Game ထဲရောက်ရောက် သွားပြန်ပါရော။ ပေါ့ပေါ့ပါးပါး Zuma Revenge တို့ Zombie တို့ ဘာတို့ ပေါ့။ အဲဒါတွေ လုပ်လုပ်နေလို့ စာက မရေးဖြစ်တာ.. :D ။

အစားအသောက် အကြောင်း ပြောရရင် ကောင်းမလား ဆိုပြီး စဉ်းစားလိုက်တော့ အဲလောက်ကြီး ကြိုက်တာ မကြိုက်တာ မရှိလှဘူးလို့ ထင်တယ်။ ငယ်ငယ်က မကြိုက်တာတွေလည်းခု နောက်ပိုင်းတော့ စားလို့ ဖြစ်သွားတာတွေ ရှိတယ်။ မနက်စာ ဆိုရင်တော့ ကိုယ့် အရပ်ဒေသက အသုပ်တို့ မုန့်ဟင်းခါးတို့ ဘာတို့ကို ပိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အိမ်ကိုယ် မနေရတာက များတော့ ရှိတဲ့ နေရာက အစားအသောက်တွေကိုပဲ စားဖြစ်တယ် ဆိုရင် စားလိုက်တာပါပဲ။ ရှမ်းစာတွေ ဘာတွေတော့ သိပ်မကြိုက်တတ်ဘူး။ မနက်စာ ဆိုရင် ကိုယ်သိပ်မကြိုက်တဲ့ လက်ရာနဲ့ အသုပ်တွေ မုန့်ဟင်းခါးတွေ စားတာထက် လက်ဖက်ရည်နဲ့ စားတဲ့ မုန့်မျိုးတွေ (နံပြားထောပတ်သုပ်၊ ပဲပလာတာ၊ အီကြာကွေး...) စားရရင် ပိုကြိုက်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် ကိုတော့ အအေးဘူးတွေ အအေးပုလင်း တွေထက် ပိုကြိုက်တယ် ပြောရမှာပဲ။ ပေါင်မုန့်လည်း ကြိုက်တယ်၊ ချိစ်လည်း ကြိုက်တယ်၊ ကွတ်ကီးတွေလည်း ကြိုက်တယ်။ ဝစေတဲ့ အစားအစာတွေ ပိုကြိုက်တတ်လို့ ခက်နေတယ်။

ဝတာကို မကြိုက်ပေမယ့် မဝအောင် အစားလျှော့စားရမှာကို ပိုပြီး မကြိုက်ဘူး... :D ။ ရုပ်ရှင်ကြည့်ရင်းလည်း ရှိတဲ့ သွားရေစာတွေ လျှောက်လျှောက်စားချင်နေတာပဲ။ သူငယ်ချင်းတွေက အပိန်အသေးလေးတွေ ဖြစ်နေတော့ ကိုယ်က အဝဆုံး ဖြစ်နေရတာပါ။ တကယ်တော့ အရပ် ၅ပေ ၂ခွဲ၊ ပေါင် ၁၂၀ ဆိုတာ ပုံမှန်လောက်ပဲ မဟုတ်လား :D ။ အဲဒီထက် ထပ်မဝအောင် ထိန်းဖို့တော့ ကြိုးစားနေပါတယ်...။ အမှန်တော့ ပေါင် ၁၁၀ အထိ ကျချင်တာ..၊ ဒါပေမယ့်.. မဖြစ်နိုင်သေးဘူး ဟီးးး

ကိုယ့်ကိုယ်ကို မကြိုက်တာ တစ်ခုက ပေါင်းသင်း ဆက်ဆံရေးပေါ့။ ဖွယ်ဖွယ်ရာရာ ပျူပျူငှာငှာ မပြောတတ်ဘူး။ တွေ့တွေ့ချင်း ငယ်ပေါင်း ကြီးဖော်လို ရင်းနှီး သွားတတ်တဲ့ သူမျိုး မဟုတ်ဘူး။ တစ်ခါတလေမှာ ဘယ်လို ပြောလိုက်သင့်တယ် ဆိုတာ သိပေမယ့်လည်း ပါးစပ်က ဖွင့်ပြောဖို့ကို ခက်နေတတ်တာပါ။ အထက်ကိုလည်း မဖားတတ်၊ အောက်ကိုလည်း အရမ်း မရောတတ်တဲ့ သူပါ။ ဒါပေမယ့် ကိုယ့်ကို မုန်းနေတဲ့လူလည်း တစ်ယောက်မှတော့ မရှိဘူးလို့ ထင်ပါတယ်။ လူတိုင်းနဲ့ အရမ်းကြီး မရင်းနှီးတောင်မှပဲ ပုံမှန် ခင်ခင်မင်မင်တော့ ရှိကြပါတယ်။ သိပ်မရင်းနှီးတဲ့ သူတွေက ကိုယ့်ကို အရမ်းအေးတာပဲ လို့ မှတ်ချက် ချတတ်တယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ အဲလောက် အေးတာ မဟုတ်ပါဘူးတဲ့။ တစ်ခွန်းမခံ ပြန်ပြောတတ်တာ သူတို့ မသိလို့တဲ့ ... ပြောကြတယ်။ တစ်ခွန်းဆို တစ်ခွန်း ထိအောင် ပြောတတ်တယ် တဲ့..။

သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်၊ စားသောက်၊ ရုပ်ရှင် ကြည့်ရတာ ကြိုက်ပေမယ့် အမြဲတမ်း နေထိုင်မှု အတွက်တော့ လူအများကြီးနဲ့ အခန်းမှာ မနေချင်ဘူး။ ကိုယ့် Privacy နဲ့ကိုယ်၊ တစ်ယောက်ခန်းလေး ထဲမှာပဲ ကိုယ် လုပ်ချင်ရာ လုပ်နေချင်တယ်။ သီချင်းတွေ အမြဲတမ်း ဖွင့်ချင် ဖွင့်ထားမယ်။ အများနဲ့ နေတဲ့ အခန်းမှာဆို သူများ ဖွင့်တဲ့ သီချင်းတွေ နားထောင်နေရမှာမျိုးကို မကြိုက်ဘူး။ ကိုယ့်အခန်းထဲမှာ ကိုယ် ညနက်မှ မီးပိတ်ပြီး အိပ်ချင်တဲ့ အချိန်မှ အိပ်မယ်၊ သူများနဲ့ဆို အားနာနေရမယ်လေ။ အိမ် ဆိုရင်လည်း ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ နေရတာကို မကြိုက်ဘူး။ တိတ်ဆိတ်တဲ့ ရပ်ကွက်လိုမျိုးမှာပဲ နေချင်တယ်။

ကိုယ့်မှာ မိန်းမ မဆန်တဲ့ စရိုက်တွေ အများကြီး ရှိတယ်။ ဟင်းချက်ရတာလည်း မကြိုက်ဘူး။ တော်တော် ပျင်းစရာ ကောင်းတဲ့ အလုပ်လို့ ထင်တယ်။ ဒါပေမယ့်လည်း ဆယ်တန်းအောင်ပြီးကတည်းက တစ်ခြားမှာပဲ ကျောင်းတက်နေရတော့ ဘာပဲဖြစ်ဖြစ် ကိုယ်စားဖို့ ကိုယ် လုပ်နေရတာပါပဲ။ အဆင်ပြေရင်တော့ ဆိုင်က ဝယ်စားတယ်။ ထမင်းချိုင့်ဆွဲ စားတယ်။ အိမ်က ပို့တာတွေ စားတယ်။ နောက်ဆုံး ဘွဲ့လွန်ကျမှ ကိုယ့်ဟာကိုယ် စပြီး ချက်စား ဖြစ်တယ်။ ဒါပေမယ့် ဖွယ်ဖွယ်ရာရာတော့ မဟုတ်သေးပါဘူး။ ကြက်သား၊ ငါး၊ ပုစွန် အဆင်ပြေတာ ကြော်ပစ်လိုက်တာပဲ။ ပြီးတော့ ဟင်းသီး ဟင်းရွက် တစ်ခုခု ကြော်လိုက်တယ်။ ပြီးပြီပေါ့။ ထမင်းလေး တစ်နပ် စားဖို့ အရေး ဘယ်လောက်များ ပင်ပင်ပန်းပန်း လုပ်နေရဦးမလဲ လို့..။ ခုတော့ သူငယ်ချင်းတွေနဲ့ စုပြီး ချက်စားကြဆိုတော့ ကိုယ့် ဂျူတီ နေ့ကျရင်တော့ အားလုံး စားနိုင်အောင် ချက်ရတာပေါ့။ တစ်ယောက်တည်း တုန်းကလို ဖြစ်သလို လုပ်လို့ မဖြစ်တော့ဘူး။  ဟင်းချက်တယ် ဆိုတာ ဘာမှ မခက်ဘူး၊ မလုပ်ချင်လို့ နေတာ လို့ ကိုယ်ကလည်း အမြဲကြွေးကြော် လာခဲ့သူ ဆိုတော့ ဖြစ်အောင် လုပ်ရတာပေါ့။ 

အိမ်မှုကိစ္စတွေ လုပ်ရတာ ကြိုက်ကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း လုပ်နေရတာပဲလေ။ မိန်းမ ဖြစ်ရတာ မကြိုက်တဲ့ အထဲ အဲဒါလည်း ပါတယ်လေ။ မိန်းမ ဆိုတော့ တစ်ယောက်တည်း နေလည်း ကိုယ့်ဟာကိုယ် လုပ်၊ အိမ်ထောင် ကျတော့လည်း လုပ်ရဦးမှာ မဟုတ်လား။ တစ်ယောက်တည်း ကမှ ကိုယ်လုပ်ချင်တဲ့ အချိန်မှ ထလုပ်၊ မလုပ်ချင်ရင်လည်း ကိုယ့်ဟာကိုယ် စာပဲ ရေးနေနေ၊ ရုပ်ရှင်ပဲ ကြည့်နေနေ ဘယ်သူမှ ပြောမယ့်သူ မရှိဘူး။ အဲဒီ ဘဝက အကောင်းဆုံးနော်.. အပျိုကြီးတွေ စိတ်ကူးလွဲပြီး ဒုက္ခတွင်းထဲ ခုန်မဆင်းရလို့ ဆိုပြီး စိတ်မပျက်ပါနဲ့.. :P ။ ယောက်ျားလေး ဖြစ်ရမှာကို ကြိုက်တယ်.. ဆိုတာက... ယောက်ျားလေး ဆိုရင်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ချစ်လို့ရမယ်လေ..။ ခုခေတ်မှာ လှတ ပတ ကောင်မလေးတွေ ဒီလောက်များတာ...။ အိမ်ထောင်ပြုလိုက်ရင်လည်း အိမ်မှာ ကိုယ့်ကို ထမင်းဝိုင်း အဆင်သင့်နဲ့ အမောပြေမယ့် ရုပ်ကလေးနဲ့ ကြိုနေမယ့် မိန်းကလေးမျိုးကို ရှာယူလို့ ရနိုင်တယ်လေ...။ ဟဲဟဲ လျှောက်ပြောတာပါ။ တော်ကြာ တစ်မျိုး ထင်နေကြဦးမယ်။ ယောက်ျားလေး ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြင့်မြတ်တဲ့ ရဟန်းဘဝကို ရနိုင်တယ်လေ..။ ဒါကတော့ ငြင်းမရတဲ့အချက် မဟုတ်လား။ ကိုယ်ကတော့ နောင်ဘဝမှာလူဖြစ်ခဲ့ရင် စိတ်ထား မြင့်မြတ်တဲ့ ယောက်ျားပဲ ဖြစ်ချင်မိပါတယ်။ 

ရောက်တတ်ရာရာလျှောက်ရေးရင်းနဲ့ နည်းနည်းတောင် ရှည်သွားပါပြီ။ စာဖတ်သူ မျက်စိညောင်းအောင် နှိပ်စက်မိတယ် ဆိုရင်တော့ Sorry ပါ။ :)
သိင်္ဂါကျော်

12 comments:

Anonymous said...

ကိုရီးယား သရဲကားတွေကြိုက်တာတူ၏၊ သွေးသံရဲရဲတွေထက် တွေးပြီးကြောက်ရတာက ပိုဂွတ်တယ်.
AA.

SHWE ZIN U said...

အင်း အခုခေတ်မိန်းခလေး တွေ က လှတပတ နဲ့ ချစ်စရာတော့ ကောင်းပါရဲ့ ကိုယ့်ကို တောင်စကပ်လျှော်ခိုင်းသွားအုန်းမယ်ထင်တယ် အမောမပြေဘဲ ထမင်းချက်ကျွေးနေရမယ်

အဖြူရောင်နတ်သမီး said...

မကြီးနဲ့ တူတဲ့အချက်တွေရှိတယ်..
အခန်းထဲမှာ တယောက်ထဲနေတာမျိုး.. ကိုယ်အိပ်ချင်တဲ့အချိန်ကျမှ မီးမှိတ်အိပ်တာမျိုး..
သီချင်းအမြဲဖွင့်ထားတာမျိုး..
သရဲကားကြိုက်တာမျိုး..တွေ တူတယ်..။

မတူတဲ့ အချက်ကတော့ မကြီးက အလှပြင်တာမကြိုက်ဘူး၊ နတ်သမီးကတော့ ပြင်မှပြင်ပဲ..။
ပြီးတော့..“နောင်ဘဝမှာ မြင့်မြတ်တဲ့ ယောက်ျားလေးဘဝ ဖြစ်ချင်တယ်”ဆိုတဲ့ ဆုတောင်းနဲ့ ဆန့်ကျင်တဲ့ “မြင့်မြတ်တဲ့ မိခင်” (သို့) “မြင့်မြတ်တဲ့ အမျိုးသမီးဘဝ” ကိုပဲ နတ်သမီးက ဆုတောင်းနေမိတယ်( မိန်းခလေးဖြစ်မှ အလှပြင်ခွင့်ရမှာလေ..လှချင်တယ်..ဟိ)

တဂ်ပို့စ်လေးရေးပေးတဲ့ မကြီးကို အရမ်းကျေးဇူးတင်ပါတယ်နော်..အာဘွား..

Cameron said...

ဒီတဂ်ဂိမ်းလေး တော်တော်ကျယ်ပြန့်နေပြီပဲ....။ ပျော်စရာကောင်းပါတယ်... ဘယ်သူတွေဘာကြိုက်တယ် မကြိုက်ဘူးဆိုတာ သိရတယ်လေ...။ မိန်းကလေးကြိုက်တာချင်းတူတယ်... အပြင်မှာ ကောင်လေးတွေထက် ကောင်မလေးတွေကို ပိုငေးမိတယ် ခုခေတ်ကချစ်စရာလေးတွေ အသဲယားစရာ လှတပတကောင်မလေးတွေက အများကြီးလေ......။

ခင်တဲ့
မိုးငွေ့

မင်းဧရာ said...

ဟွန်း... ငပျင်းကြီးပဲဟ..........
စတာပါ အမကြီးရာ
ဒီလို တဂ်ပို့စ် လေးတွေဖတ်ရတာ
ပျော်စရာအရမ်းကောင်းလွန်းလို့
နောက်ထပ်ဘယ်သူတွေ တဂ်ထားသေးလည်လို့
လိုက်ကြည့်လိုက်အုံးမယ်။

စံပယ်ချို said...

တချို့တလေတူနေပြန်တယ်....
နှင်းဆီသခင်လေးရဲ့စာတွေဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်နော်.....
ကိုယ်က ရောမကားတွေ ကိုးရီးယားရာဇ၀င်တွေ
လုပ်ကြံခံရတဲ့ကားတွေ အရင်ကရုရှကားတွေကိုကြိုက်တယ်လေ....
အပြင်မှာ သူငယ်ချင်းဖြစ်ချင်မိတယ်။

Angelhlaing(May everybody be happy and healthy! said...

အကြိုက်လေးတွေ မကြိုက်လေးမှတ်ထားလိုက်ပြီမမ ... အပြင်မှာ မမပုံစံမျိုးတွေ့ရင် မမအထင်နဲ့ အတင်းလိုက်ခေါ်ရင် ကောင်မလားလို့...:):)

Anonymous said...

ကိုယ့်တဂ်ရင်သာစိတ်ပူတာ မရေးနိုင်လို့
သူများတဂ်ပို့စ်များဆို ဘယ်သို့ဘယ်ပုံပါလိမ့်နဲ့
အပြေးလွှားဖတ် ဟိဟိ သိချင်တာကိုး
း)
း)
အခုတော့သိပီ

မောင်ဘကြိုင်

mstint said...

မိန်းကလေးလို ပျော့ပျော့ပြောင်းပြောင်း နွဲ့နွဲ့နှောင်းနှောင်း မနေတတ်တာ တူတယ် အန်တီက ချက်ပြုတ်တာတော့ ဝါသနာထုံတယ်း)
သိင်္ဂါကျော် အကြောင်လေးတွေ အသေးစိတ်ဖတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

မရေ..

တယောက်ထဲဘဝကတော့အေးချမ်းတယ်..
စိတ်မရှုပ်ဘူး..လွတ်လပ်တယ်..
တခါတလေတော့နဲနဲပျင်းစရာ
ကောင်းသလားလို့လေ အဟီးးး

မအိမ်သူ said...

တူတာတွေတော်တော်များတယ်။ ပေါင်းသင်းဆက်ဆံရေးကတော့ ထပ်တူထပ်မျှပဲ။ ချက်တာပြုတ်တာတော့ ၀ါသနာပါတယ်။ ကျန်တာတွေလည်း အကုန်နီးပါးတူတယ်။ မိန်းကလေး ချောချောလှလှလေးတွေကို သဘောကျတတ်တာကအစ.. ဒါပေမယ့် ယောက်ျားလေးဖြစ်ချင်တဲ့ဆန္ဒတော့ လုံးဝမရှိပါဘူး။း))

jr said...

ရောက်တတ်ရာရာတွေ ဖတ်သွားပါတယ်။
ဂျူလဲ တစ်ခန်းထဲ တစ်ယောက်တည်းနေရတာ ကြိုက်တယ်။
း)