03 August, 2011

ညနေခင်း အလွမ်း


ဟိုဝေးဝေးက တိမ်ခိုးတွေ
လေနဲ့အတူ မျောလွင့်ရင်း
ဖျတ်ခနဲ အနီးအနား ရောက်လာသလိုမျိုး
ငါ တမ်းတလိုက်ချိန်တိုင်းမှာ
မင်း အနီးအနား ရောက်လာရင်
ကောင်းမယ်ထင်ရဲ့။

တောင်ကုန်းတလျှောက်
တိမ်မြူတွေ ဝိုင်းချိန်ဆို
အနီးအနားကို မမြင်နိုင်သလိုမျိုး
ထင်ထင်ရှားရှား မင်းပြစ်ချက်တွေကိုတောင်
မမြင်နိုင်သူ ဖြစ်ချင်ရဲ့။

“နောင်တများနဲ့ တစ်စစီ ကွဲရှ၊
ငါ့ရဲ့ အသည်းကွဲ ညနေခင်းများ” လို့
ဟဲလေး သီချင်းလည်း
မညည်းချင်သူပါ။

ချိတ်ချိတ်ချင်းမှ ချိတ်သတဲ့
တစ်ရစ် တစ်ရစ်နဲ့
မပြီးနိုင် မစီးနိုင်
အရှည်ကို ဆွဲဆန့်ရရင်
အငြင်းပွားမှုတွေက
တစ်ကမ္ဘာမက ကြာသွားနိုင်ရဲ့။

ငါ့မာနကိုပဲ သိုဝှက်လိုက်ပါ့မယ်
ပျော့ကျချင်လွန်းလို့
မင်းချော့ဖို့ကို စောင့်နေသူပေါ့။

အဖြူရောင် လီလီတွေ အစွမ်းကုန်ပွင့်တဲ့
ညနေခင်းတွေထဲတောင်
မွှေးရနံ့က မချိုမြနိုင်တာ
မင်းကို လွမ်းစိတ် တစ်ခုတည်းကြောင့်ပါ၊
ငါ့ရဲ့ ညနေခင်း အလွမ်းတွေကို
သိမ်းဆည်းနိုင်သူက
မင်း တစ်ယောက်သာ။

သိင်္ဂါကျော်

12 comments:

မော်ကွန်းသစ် said...

တစ်ရက်..နှစ်ရက်အတွင်း ချော့မည့်သူ ပေါ်လာသဖြင့် ညနေခင်းအလွမ်းတွေ တကမ္ဘာမက ပပျောက်စေ....

မဒမ်ကိုး said...

ဟုတ်တယ်..မင်းပြစ်ချက်တွေကို
မမြင်နိုင်တဲ့သူပဲ..ဖြစ်ချင်နေတယ်..


ခင်မင်လေးစားလျှက်
မဒမ်ကိုး

အင်ကြင်းသန့် said...

ကဗျာလေးကို လာခံစားသွားတယ် မသိဂါင်္....
(မသိဂါင်္ရေးတဲ့ကဗျာလေးတွေကို နှစ်သက်လို့...)

မအိမ်သူ said...

လီလီပန်း ဖြူဖြူလေးတွေနဲ့အတူ နုနုညံ့ညံ့ အလွမ်းကဗျာလေးကို ခံစားမိသွားပါတယ်။
ရိုးရှင်းတဲ့စာသားလေးတွေနဲ့ ဖွဲ့ဆိုထားတဲ့ကဗျာလေးကို ဖတ်ရတာ ရင်ထဲထိတယ်။

ညီလင်းသစ် said...

“ပျော့ကျချင်လွန်းလို့ မင်းချော့ဖို့ကို စောင့်နေသူပေါ့..”..၊

အဖွဲ့လေးက ရိုးရိုးလေး၊ ဒါပေမယ့် အရမ်းလှတယ်..။ နမိတ်ပုံတွေ အတုံးလိုက်၊ အတစ်လိုက် မပါဘဲနဲ့ကို ချစ်စရာ ကောင်းလွန်းတဲ့ ကဗျာလေးပါပဲ...။

မေသိမ့်သိမ့်ကျော် said...

အရမ်းကို နှစ်သက်မိတဲ့ ကဗျာလေးပါ။ ခံစားမိသွားတယ်။ နူးညံ့တဲ့ ခံစားချက်လေးတွေ ပေးစွမ်းနိုင်တဲ့ ကဗျာလေးကို သဘောကျသွားမိတယ်။


ခင်တဲ့

WMS said...

" ငါတမ်းတလိုက်ချိန်တိုင်းမှာ မင်းအနီးအနားရောက်လာရင် ကောင်းမယ်ထင်ရဲ့..."
.. agreed...!
After reading this, I happened to hum a song by The Moffatts:

"...when I think of you, I don't know what to do...
when will I see you again......?
I miss you like crazy....
Even More than words can say....
I miss you like crazy...
Every minute of every day.....
I'm so down when your love's not around...
I miss you, miss you, miss you....
I miss you like crazy......" ...

Anonymous said...

I like it very much!

မင်းဧရာ said...

အလိုလိုတောင် မချော့ခင်က ပျော့ခြင်နေတဲ့စိတ်က
ချော့မည့်သူကိုလည်း တိတ်တိတ်လေးမျှော်......
အမကြီးရေ.......
ချော့မယ့်သူ မြန်မြန်ပေါ်လာပါစေနော်။
ကဗျာလေးအရမ်းကောင်းတယ်
ကဗျာငတ်နေတာ ကြာလှပြီ ဘယ်သူမှမရေးကြဘူး။

kokoseinygn said...

ခံစားမှု စာစုတွေလာဖတ်သွားပါတယ်...။

Anonymous said...

ကဗျာလေး ရေးထားတာ ကောင်းတယ် ..

အားပေးသွားတယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အဖြူရောင်နတ်သမီး said...

ချော့တော့လည်း ပျော့ရတာပါပဲ..
မချော့လည်း ..ဟင်း.. ပျော့ရတာပါပဲ..
ကောင်းပါဘူး.. ချစ်တတ်လွန်းတာ..