ဖော်ဖော်ရွေရွေ
စကားလုံးတွေ ပျောက်ဆုံးနေတယ်
ဘာကြောင့်မှန်းလည်း
ကိုယ်ကိုယ်တိုင်ပဲ နားမလည်တော့ဘူး။
ကိုယ့်ကိုယ်ကို တံခါးပိတ်ထားမိတဲ့ နေ့ရက်တွေ
တိတ်တဆိတ် နေပျော်သလိုလိုနဲ့
ကူကယ်ရာမဲ့သယောင် လုပ်ယူခံစား
မပြောပလောက် ပေမယ့်လည်း
အတွင်းလှိုက် ရူးသွပ်တဲ့ ဒဏ်ရာ
သေရာပါတော့မလား။
အပြင်ထုတ်မပြောဖြစ်တဲ့
စကားလုံးတွေနဲ့ပဲ နေထိုင်တော့မယ်
ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ လှပမှုနဲ့
တစ်စစီ ပြန့်ကျဲတဲ့ အတွေးတွေထဲ
တစ်စုံတစ်ယောက်ကို တမ်းတမှုတောင်မှ
ပါမှန်းမသိ ပါနေသေးရဲ့။
ကမ္ဘာကြီး ပူနွေးလာနေတဲ့ အကြောင်း
တစ်စုံတစ်ယောက် ပြောသံကြားလိုက်တယ်
တို့အားလုံး သွားမှာပဲတဲ့
နောက်တစ်ယောက်က ဆိုတယ်
ဘယ်လောက်ကြာမှ လဲ တဲ့။
အဲဒီနောက်
ယောက်ျားတွေက ကွန်ပျူတာဂိမ်းတွေ အကြောင်းပြော
မိန်းမတွေက ဟင်းချက်နည်း အကြောင်းပြော
ငါ ဘာမှ စိတ်မဝင်စားဘူး
စကားလုံးတွေ ပျောက်ဆုံးနေတုန်းပဲ။
ကိုယ့်ကိုယ်ကိုတောင် ရှာမတွေ့နိုင်မှတော့
စကားလုံးတွေ ပျောက်ဆုံးတာလောက်ကို
စကားထဲ ထည့်ပြောမနေချင်ဘူး
ဒါပေမယ့် ပြောမိနေပါရော..။
အပြင်မှာ မိုးတွေ ရွာနေတယ်
ဘယ်သစ်ရွက်မှာ တင်ကျန်တဲ့ မိုးစက်က ငါလဲ
မမြဲတဲ့ အရာတွေထဲက တစ်ခုအပါအဝင်ပါ
ဘာကိုများ ဆုပ်ကိုင်ထားဖို့ ကြိုးစားနေဦးမလဲ
ပျောက်ဆုံးသွားလည်း သွားပါစေပေါ့။
သိင်္ဂါကျော်
11 comments:
ကဗျာလေးအရမ်းကြိုက်တယ်..
ကဗျာအရမ်းကောင်းတယ်ဗျာ။ရေးတတ်လိုက်တာ
ကဗျာလေးကောင်းတယ်ဗျာ...ရေးသွားတာလေးတွေများ အားကျပါရဲ့.......
“ဘယ်သစ်ရွက်မှာ တင်ကျန်ခဲ့တဲ့ မိုးစက်ကငါလဲ”
အထီးကျန်ငြိမ်သက်တိတ်ဆိတ်ခြင်းကို ခံစားမိစေခဲ့တယ်။
တရားသဘောပါနေတယ်
အရမ်းကောင်းပါတယ့်
ကဗျာရေးတာလဲ ထက်တယ်နော်
အရာရာမမြဲတဲ့ သဘောတရားလေးကို မီးမောင်းထိုးပြသွားတယ် ကျော်ရေ။
ကဗျာကောင်းလေးတစ်ပုဒ် အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးက တစ်ပုဒ်လုံးအစအဆုံးကောင်းတယ် ဆွဲခေါ်လာလိုက်တာ နောက်ဆုံးပိုဒ်လေးရောက်တော့ တစုံတခုကိုခံစားမိသွားတယ်။ ဒါနဲ့စကားမစပ် ပန်းနုရောင် နှင်းဆီပန်းလေးတွေသိပ်လှနေကြတယ်...း)
ဖော်ဖော်ရွေရွေလဲရှိပါတယ် ခင်ခင်မင်မင်နဲ့လာရောက်ကဗျာဖတ်ခဲ့ပါတယ်
စဆုံးထိအောင်ကောင်းတဲ့ကဗျာလေးပါရှင် ။
ပျောက်ဆုံးခြင်းတွေ လာရှာသွားပါတယ်..ပန်းပွင့်ရောင်စုံလေးတွေ ဖူးပွင့်နေတာ လှလိုက်တာ...
အပြင်မှာ မိုးတွေ ရွာနေတယ်
ဘယ်သစ်ရွက်မှာ တင်ကျန်တဲ့ မိုးစက်က ငါလဲ။
အဲနားလေး အရမ်းကို သဘောကျမိတယ်။
လေးစားစွာဖြင့်
မြတ်
အပြင်မှာ မိုးတွေ ရွာနေတယ်
ဘယ်သစ်ရွတ်မှာ တင်ကျန်တဲ့ မိုးစက်က ငါလဲ
Post a Comment