31 May, 2012

တစ်ရံတစ်ခါဆီက မြို့


ရွှေအဆင်းဝင်းလက်
သမိုင်းအဆက်ဆက်က စေတီတော်တွေ…
အုတ်ရိုးရောင်မပျက် ရှေးအဆက်ဆက်ရဲ့
ကောင်းမှု လက်ရာ စေတီတော်တွေ…
အရှေ့ဘက်က ရောင်နီအောက်မှာ
တင့်တယ်နေတဲ့မြို့ ။

ခပ်လှမ်းလှမ်း
အစိမ်းရောင် လယ်ကွင်းတွေဆီက
စပါးသင်းနံ ရလာမယ့် အချိန်ကို
မျှော်လင့်နေတတ်တဲ့မြို့ ။

ညမွှေးပန်းရနံ့တွေ ဆောင်ယူလာတတ်တဲ့
ညလေ အေးအေးနဲ့  အတူ
လရောင်ဆမ်းတဲ့ သစ်ပင်တန်းတွေအောက်
ဂစ်တာသံတွေ လွင့်လာတာကို
သာယာတတ်တဲ့ မြို့ ။

ခေတ်အဆက်ဆက်မှာ
အနာတရတွေလည်း ရဖူးပါရဲ့ ၊
ခုတော့လည်း
လေးထောင့်စပ်စပ် မီးခံတိုက်တွေ နေရာမှာ
အထပ်မြင့် အသစ်တွေ တိုးပွားလား တိုးပွားရဲ့ ၊
အခြေအနေမဲ့တွေကတော့ အရင်လိုပါပဲ။
ရှေးတစ်ခေတ် ဘုရင်လို
တတိယမျက်လုံး မပိုင်ဆိုင်ပေမယ့်လည်း
ကိုယ်အားကိုယ်ကိုးတတ်ဖို့  ကြိုးစားနေတဲ့မြို့ ။

ဧရာဝတီရဲ့ ပွေ့ဖက်မှုထဲ
ဒဏ်ရာတွေကို ဖြေချတတ်ခဲ့တဲ့
မြေလတ်သူ မြေလတ်သားတွေရဲ့
ချစ်မြတ်နိုးခံ မြို့ ။

ဘယ်တော့မှ ကမ်းမကပ်တဲ့ သင်္ဘောတွေကို
လက်ပြနှုတ်ဆက်ရင်း
အနောက်ဘက်ကမ်း တောင်တန်းတွေဆီက
တေးသံကို နားစွင့်ရင်း
တံတားပေါ် ဖြန့်ခင်းထားတဲ့
လိမ္မော်ရောင် ဆည်းဆာကိုခံစားတတ်တဲ့ မြို့ ၊
စုန်ချီ ဆန်ချီ ဝင်ထွက်သွားလာသူတွေကို ကြိုဆိုရင်း
ဘယ်တော့မှ အိုမင်းခြင်း မရှိတဲ့မြို့ ။

အဲဒီမြို့ကို
ငါချစ်တယ်…။

သိင်္ဂါကျော်

11 comments:

Latt Latt said...

တစ်ရံတစ်ခါဆီက မြို့လေးအကြောင်း ခံစားသွားပါတယ်

ချစ်စံအိမ် said...

လာရောက်ခံစားသွားပါတယ် ရှင့်

ကိုအောင်(ပျူနိုင်ငံ) said...

တရုတ်နိုင်ငံက သူတို့လည်း ချစ်ပါတယ်တဲ့ ...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

သင်္ဘောတွေ ဖြတ်ရုံဖြတ်သွားပြီး ဘယ်တော့မှ ကမ်းမကပ်တာ ဝင်ခံစားပြီး တစ်မျိုးလေး ခံစားရတယ်
မီးရထားတွေ ဖြတ်ရုံဖြတ်သွားပြီး မရပ်တဲ့ အလည်ရောက်ခဲ့ဖူးတဲ့ ရွာကလေးတစ်ခုကိုလည်း သတိရသွားတယ်။
ကဗျာလေးက ခံစားချက်တွေ ကူးစက်စေတယ်

မြသွေးနီ said...

မြို့ကလေးရဲ့ အဖွဲ့အနွဲ့ထဲ စီးမျောခဲ့တယ်..

San San Htun said...

တစ်ရံတစ်ခါမြို့ လေးကို ဖတ်ပြီး ကိုယ့်ဇာတိမြို့ လေးကိုတောင် လွမ်းမိတယ်...

ဖြိုးဇာနည် said...

ရေးသီထားတာလေးတွေက ဆွဲခေါ်သွားတယ်

လွမ်းမိပါရဲ့ မွေးရပ်မြေရယ်

မိုးဇက် said...

ဘယ်တော့မှ ကမ်းမကပ်တဲ့ သင်္ဘောတွေကို လက်ပြနှုတ်ဆက်ရင်း
အနောက်ဘက်ကမ်း တောင်တန်းတွေဆီက
တေးသံကို နားစွင့်ရင်း
တံတားပေါ် ဖြန့်ခင်းထားတဲ့
လိမော်ရောင်ဆည်းဆာကိုခံစားတတ်တဲ့မြို့
စုန်ချီ ဆန်ချီ ဝင်ထွက်သွားလာသူတွေကို ကြိုဆိုရင်း
ဘယ်တော့မှ အိုမင်းခြင်းမရှိတဲ့မြို့ ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မနေ့ကတည်းက လာဖတ်ပြီး ကွန်မန့်ရေးမရလို့ ဒီနေ့လာရေးတာပါ သိင်္ဂါ။ တစ်ရံတစ်ခါတီက မြို့ကလေးကို တွေးမိတိုင်းလွမ်းဆွတ်မိတယ်။ အထူးသဖြင့် ၉၂ ခုနှစ်ရဲ့ အာရုဏ်ဦးကာလတွေ

သိ င်္ဂါ ရ said...

ကဗျာတွေ လာဖတ်ချင်ပါသေးတယ် ...။

မြို့ဖွဲ့ကို ဖတ်ရတဲ့အတွက် ... ကျေးဇူးပါ ... ခင်ဗျာ

မောင်သီဟ said...

ဘယ်မြို့ပါလိမ့်
ကျွန်တော့်ဇာတိမြို့လေးမှာလည်းဆိပ်ကမ်းလေးနဲ့
လွမ်းတယ် ငယ်ဘဝကိုလွမ်းတယ်