Showing posts with label ဝတၱဳတို. Show all posts
Showing posts with label ဝတၱဳတို. Show all posts

03 October, 2017

အသက် ၄၀ ရှိပြီ ဖြစ်သည့် မိန်းမ တစ်ယောက် အကြောင်း




(၁)
အခန်းကျဉ်းကလေး။ သီချင်းတွေ ဝတ္တုတွေမှာ ရေးသလို မှောင်မည်း တိတ်ဆိတ်၍တော့ မနေပါ။ လေးပေ မီးချောင်း တစ်ချောင်းက အခန်းကျဉ်းလေးကို လင်းထိန်နေဖို့ လုံလောက်လေသည်။ ကားလမ်းမ ထက်မှ ၂၄နာရီ ကြားနေရသော ကားသံတွေကတော့ ဒီအခန်းလေးကို ဘယ်တော့မှ တိတ်ဆိတ်သော အခန်းလေး ဖြစ်ခွင့်မပေး။ အိပ်ချိန် မရောက်မချင်း ဖွင့်ထားတတ်သော တီဗွီဇာတ်ကားထဲမှ စကားပြောသံကတော့ ညနက်လျှင် သူများအခန်းများမှ ကြားမည်စိုး၍ တိုးထားတတ်သောကြောင့် သူမ ကိုယ်တိုင်ပင် သဲကွဲစွာ မကြားရတတ်။ ဘာကိုမှ မလုပ်ချင်၊ မစဉ်းစားချင်သည့် အခါမျိုးတွင် ထိုင်းစလောင်းမှ လာနေသည့် နိုင်ငံခြားကား တစ်ခုခု ဖွင့်ကာ ဇာတ်လမ်းကို သေချာ နားလည်သည် ဖြစ်စေ မလည်သည် ဖြစ်စေ၊ တစ်ပိုင်းတစ်စမှ စ၍ဖြစ်စေ ကြည့်နေမြဲ။

အခန်းကျဉ်းလေးထဲတွင် စားပွဲတစ်လုံး၊ တီဗွီတစ်လုံး၊ သစ်သားကုလားထိုင်ပေါ် တင်ထားသည့် တက္ကသိုလ် ပထမနှစ်ကတည်းက သုံးခဲ့သော သံသေတ္တာဟောင်းတစ်လုံး။ အဲဒီတုန်းကတည်းက အသစ်ဝယ်ခဲ့သည် မဟုတ်ပဲ အိမ်မှာ ရှိသည့် သံသေတ္တာကို ပြန်ပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း မှတ်မိနေသေးသည်။ တက္ကသိုလ် ပထမနှစ် တက်မည် ဆိုတော့ အသိ အန်တီတစ်ယောက် လက်ဆောင်ပေးခဲ့သည့် အလတ်စား မှန်ဝိုင်းကလေးလည်း ဒေါက်ကလေး နည်းနည်း ကျိုးနေပေမယ့် ခုချိန်ထိ သနပ်ခါးလိမ်းချိန်တွင် ကြည့်နေဆဲ။ သနပ်ခါးမှုန်တွေ ကပ်နေသည်ကိုတောင် တစ်နှစ်နေမှ တစ်ခါလောက်သာ မှန်တိုက်ဖို့ သတိရတတ်သူ။ အနှစ် ၂၀ အတွင်း မှန်အသစ်တစ်ချပ် မဝယ်ခဲ့သည့် မိန်းမ တစ်ယောက်က ခုချိန်မှာ နှုတ်ခမ်းနီကိုတော့ အဖြစ်ရှိအောင် ဆိုးတတ်နေပါပြီ။ အသက်ကြီး ရာထူးကြီးနေပြီ ဖြစ်သည့် မိန်းမ တစ်ယောက်က မျက်နှာပြောင်နှင့် မနေသင့်ကြောင်းကိုတော့ သူမ နားလည်သည်။

ယခုအချိန်ထက် ရာထူး လေးဆင့် နိမ့်စဉ် လွန်ခဲ့သော ၁၀ နှစ်ကျော်ကလည်း ဘေးချင်းကပ် ပုံစံတူ အဆောင်က ဒီလို အခန်းကျဉ်းလေးထဲမှာ သုံးနှစ်တာ နေခဲ့ဖူးသည်။ ခုလို ရာထူးနှင့် ပြန်ရောက်လာတော့လည်း ဒီလို အခန်းကျဉ်းလေးထဲမှာ မပြောင်းမလဲ နေရဆဲပင်။ ဒီအခန်းကျဉ်းလေးထဲ ပြန်ရောက်မှ မစဉ်းစားချင်ပဲ ထားထားသည့် ဘဝအခြေအနေကို ခဏ ခဏ စဉ်းစားမိ နေလေသည်။

ဘွဲ့ သုံးဆင့် ရခဲ့သည်။ ရာထူးတိုး ကံကောင်းသည်ဟု အများက ပြောကြသည်။ ဘဝက ပူပင်စရာ မရှိ ပြည့်စုံသည်ဟု အများက ထင်ကြသည်။ Facebook ပေါ်က ဓာတ်ပုံတွေထဲမှာ အမြဲတမ်း ပြုံးနေတတ်သည်။ ကျောင်းတုန်းကတည်းက ခုချိန်ထိပင် အများနည်းတူ အဖိုးတန်အဝတ်အစားတွေ များများစားစား မဝယ်နိုင် မဝတ်နိုင်၊ လက်ဝတ်ရတနာ မဝတ်နိုင်သူ ဖြစ်သော်လည်း ဘယ်သူကမှ သူမကို ကျပ်တည်းသော အိမ်က လာသည်ဟု မထင်ခဲ့ကြ။ သူမကလည်း လက်ဝတ်လက်စား ဝတ်ရမှာလည်း တကယ့်ကို ဝါသနာမပါသည်မို့  ဈေးသက်သာသော အဝတ်အစားလေးများနှင့်ပင် စတိုင်ကျအောင် ဝတ်တတ်သော သူမကို ဘယ်သူကမှလည်း ထူးထူးထွေထွေ အထင်လည်း မသေးခဲ့ကြပါပေ။ သူမက မျက်နှာသာ အလှမပြင်သော်လည်း အဝတ်ကိုတော့ မလိုက်မဖက် ကောက်ဝတ်တာမျိုး ဘယ်တော့မှ မလုပ်တတ်။ သူမ၏ သေတ္တာဟောင်းလေးထဲမှ ယူနီဖောင်း မဟုတ်သည့် အပြင် ဝတ်စုံ အများစုသည် ယခင်က သူမ အမေ ပေးထားသည်များနှင့် နောက်ပိုင်း သူမ တပည့်လေးများ၊ သူငယ်ချင်းများက မေတ္တာနှင့် ပေးထားသည့် လက်ဆောင်များသာ ဖြစ်ပြီး သူမက ချုပ်ခသာ စိုက်ခဲ့ရ၍ သေတ္တာတစ်လုံး ပြည့်နေခြင်းသာ။ သူမလို အနေအထားနှင့်က ပေါ်သမျှကို ဝယ်ဝတ်နိုင်သည့် အနေအထားမျိုး မဟုတ်ခဲ့။

(၂)
တစ်ခါတစ်ရံတော့ အတိတ်ကံ အကြောင်းကို တွေးမိတတ်သည်။ တစ်ချို့ မိန်းမတွေ မွေးလာကတည်းက ပြီးပြည့်စုံသော မိသားစုမှာ လူဖြစ်လာသည်။ မရှိဆိုသော စကားကို မကြားဖူးသော သူများ။ အိမ်ထောင်ရက်သား ကျတော့လည်း တန်းတူ ရည်တူ ကိုယ့်ကို လိုလေသေးမရှိ ထားနိုင်သူနှင့်သာ ဖူးစာဆုံကြသူများ ရှိသည်။ သူမက တက္ကစီခ နှမြောလို့ ဘတ်စ်ကားနှင့် သွားရမှာလည်း ပင်ပန်းလို့ အခန်းအောင်း နေတဲ့ အခါမျိုးမှာ ကားလှလှတွေနှင့် လာခေါ်နိုင်သည့် မိဘ၊ ချစ်သူ ရှိသူတွေကို ကြည့်ရင်းလည်း အတိတ်ကံ အကြောင်းကို တွေးမိသည်။ အဲသလိုမျိုးနှင့် သူမ ဘဝကို နှိုင်းယှဉ်ကြည့်တော့ မိုးပေါ်ကို အရမ်းကြီး မျှော်ကြည့်ရာ ရောက်သည်။ အဲဒီတော့လည်း သွားရင်း လာရင်း အောက် ငုံကြည့်မိတော့ လမ်းဂွဆုံတွေမှာ ကလေး တစ်ဖက်နှင့် တောင်းစားသူတွေ၊ ဆေးလိပ် ကွမ်းရာ ပန်းရောင်းသူတွေကို မြင်ရသည်။

မဟုတ်သေးဘူး။ သူမဟာ လောဘကြီးသူပဲ။ ကျေနပ်နှစ်သိမ့်နိုင်သူလို့ ကိုယ့်ကိုယ်ကို ပြောရင်း လျှောက်လက်စ လမ်းကို ဆက်လျှောက်နေပေမယ့်… တကယ်တော့ မဟုတ်ဘူး။ ရောင့်ရဲနိုင်လို့  မဟုတ်ဘူး။ ဒီအလုပ်ကို ဝါသနာပါပြီး သံယောဇဉ် ကြီးတာလည်း ရာခိုင်နှုန်း ခပ်နည်းနည်း။ တကယ်တော့ သတ္တိ မရှိတာရယ်၊ ပျင်းတာရယ်၊ မစွန့်စားရဲ တာရယ်…။ အဲဒါနဲ့ ပဲ သိသိရက်နဲ့ လမ်းသစ် ပြောင်းလျှောက်ဖို့ ဝန်လေး။ အချိန်မီ ပြောင်းလျှောက်သူတွေ၊ ဘယ်လို ကြိုးစားခဲ့ရလည်း သိနေသည်။ ဘယ်လို အောင်မြင်ကြီးပွား သွားလည်း သိနေသည်။ သူမကတော့ ကိုယ့်ကိုယ်ကို အဖြစ်မရှိဘူး လို့  ထင်နေဆဲ။ ကျောင်းတုန်းကလည်း သူမက ဘယ်တုန်းကမှ ထိပ်ဆုံးက မဟုတ်ခဲ့…။ အလယ်အလတ်မှာပဲ အမြဲ နေခဲ့သူ…။

ဖတ်ဖူးထားသည့် စကားတစ်ခွန်း ရှိသည်။ ဆင်းဆင်းရဲရဲ မွေးလာတာ ကိုယ့်အပြစ် မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲ သေသွားရရင်တော့ ကိုယ်အသုံးမကျလို့ပါပဲတဲ့။ အဲသလိုမျိုး အဓိပ္ပါယ် ဆန်ဆန်။ ဒါပေမယ့် သူမက ဘဝကို ရေဆန် ပြန်ကူးရမှာ ကြောက်နေပြန်သည်။ ရေစုန်မှာ မျောနေမိသည့် လမ်းက သက်သာတယ် မဟုတ်ပေမယ့်၊ ပင်ပန်းနေရင်တောင် လုပ်နေကျလေး မဟုတ်လား။ ရေဆန်လို အဆင်မသင့်လျှင် လက်ဗလာ ပြန်ဖြစ် မသွားနိုင်ဘူးလေ။

ဘာဖြစ်လို့ အဲသလောက်တောင် ငြီးငြူ နေတာလဲ။ အဲဒီ လခက တစ်ယောက်စာတော့ ကောင်းကောင်း လောက်ပါတယ် လို့ ။ မှန်တော့ မှန်သားပေါ့။ သူမမှာ ထောက်ပံ့ရမည့် သားသမီး မရှိပေမယ့် ထောက်ပံ့ရမယ့် မိဘ ရှိတာကို လူတွေက ဘာလို့မမြင်ပါလိမ့်။ ဒီအသက် အရွယ် ရောက်လာသည့် ပညာအများကြီး သင်ပေးထားပြီးတဲ့ တစ်ဦးတည်းသော သမီးက မထောက်ပံ့နိုင်လျှင် တစ်သက်လုံး အစိုးရဝန်ထမ်း လုပ်လာပြီး ပင်စင်ယူလိုက်သည့် မိဘများက ပင်စင်လစာနှင့် ထမင်ကြမ်းခဲ ယပ်ခတ်ပြီး စားနေရမှာတဲ့လား။ ပင်စင်လစာ ဆိုတာကလည်း သားဆိုး မြေးဆိုးတွေ မရှိတာတောင်မှ ထမင်းနှစ်နပ် ဝဝလင်လင် စားနိုင်သည့် ပမာဏမျိုးမှ မဟုတ်ပေပဲ။

အသက်ကြီးသွားသည့် မိဘတွေ ဆိုတာ ကလေးတွေလို ပြန်ဖြစ်သွားတတ်သေးတာ။ ကလေးတွေ ဆိုတာက ကိုယ့်မိဘ အခြေအနေ ဘယ်လိုလဲ မသိပဲ သူတို့ ပူဆာ ချင်တာကိုသာ  ပူဆာတတ်သူတွေ မဟုတ်လား။ မိဘတွေမှာ ကိုယ့်သားသမီးကို သူများ တန်းတူ မဝယ်မချမ်း ပေးနိုင်ရင် စိတ်ထဲ မကောင်းဖြစ်ရ။ ကိုယ့်မိဘတွေ သူတို့ လှူချင်သလောက် မလှူပေးနိုင်၊ သူတို့ သွားချင်တာ သူတို့ ဝယ်ချင်တာ စိတ်ရှိသလို လုပ်မပေးနိုင်တဲ့ သားသမီးတစ်ယောက် ရင်ထဲမှာလည်း အဲသလိုပဲ ရှိတတ်တာပါ။ ဘယ်သူ့ရဲ့  သားသမီးကတော့ ငွေ ဘယ်လောက် ပို့ နိုင်တယ် ဆိုတာမျိုး၊ ဘယ်သူတွေကတော့ သူ့ သားသမီး ရှိရာ နိုင်ငံရပ်ခြားမှာ အေးအေးလူလူ လိုက်သွားနေတယ် ဆိုတာမျိုး၊ ဘယ်သူတွေကတော့ ဗုဒ္ဓဂါယာ သွားကြတယ် ဆိုတာမျိုးတွေကို ဥပေက္ခာ ပြုထားရတာ လွယ်တယ် များ မှတ်လို့ …။ ဒီအချိန်ရောက်မှတော့ ဒီလမ်းကို လျှောက်ခိုင်းခဲ့တာ အမေတို့ ပဲ ရယ်လို့ လည်း ပြောမနေချင်တော့ပါဘူး။

(၃)
ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမပဲ ဖြစ်ဖြစ် ပျော့ညံချိန် တစ်ချိန်တော့ ရှိတတ်တာပဲ။ လူတိုင်း လိုလိုမှာပါပဲ…။  ပြီးပြည့်စုံတဲ့သူ ဆိုခဲ့ရင်တောင် အထီးကျန်ခြင်းက တစ်ထောင့် တစ်နေရာမှာ ရှိနေတတ်သည်။ အခွင့်အရေး ရတဲ့အခါ ပူးဝင်ဖို့ ပေါ့။

တစ်ယောက်တည်း နေတိုင်း အထီးကျန်နေတာ မဟုတ်ပါဘူး လို့  ကြွေးကြော်တတ်သူတွေထဲမှာ သူမက ထိပ်ဆုံးက ပါသူပါ။ တစ်ယောက်တည်း နေရခြင်းက ပျော်မွေ့စရာ ကောင်းတာလည်း ခံစားချက်တူသူတွေကြား ငြင်းစရာ မလိုတဲ့ အချက်ပဲ မဟုတ်ပါလား။ ဟင်းချက်ပျင်းရင် ရှိတာနဲ့ စား အခန်းအောင်းပြီး တီဗွီ ကြည့်နေချင် နေ၊ ကော်ဖီတစ်ခွက်၊ သီချင်းတစ်ခွေနဲ့  စာအုပ်ဖတ်နေချင်နေ၊ တစ်နေကုန် အပြင်ထွက်ပြီး Shopping ပတ်ချင်သလောက် ပတ်ပတ်။ တစ်ယောက်တည်း ပျော်မွေ့ တတ်သူတွေမှာ လုပ်စရာတွေ အပြည့်။

သို့ပေမယ့်လည်းပေါ့လေ ပြောခဲ့သလိုပဲ။ တစ်ခါတလေတော့ အထီးကျန်ခြင်းက ရှိမှန်းမသိအောင် ရှိနေတတ်တာပါ။ သူမတစ်သက် သူမကို ဂရုစိုက်မယ့်သူ၊ ချစ်မယ့်သူ (မိဘတွေကလွဲရင်) မရှိခဲ့စဖူး။ ငယ်ငယ်က လူ ၁၀၀ လောက် ရှိတဲ့ အတန်းထဲမှာ သူမကို မှတ်မိ သိရှိတဲ့ သူက ၁၀ ယောက်လောက်သာ ရှိခဲ့တာ။ ၅ ယောက်ကတော့ ခုချိန်ထိ သူငယ်ချင်းကောင်း ဖြစ်နေတာ တစ်ခုတော့ ကံကောင်းပါရဲ့။ ဒီလိုမျိုး ပတ်ဝန်းကျင်က ဂရုစိုက်မိဖွယ် မရှိတဲ့ မိန်းမတစ်ယောက်မှာ ချစ်သူ မရှိခဲ့တာ အံသြစရာတော့ မဟုတ်ပါ။

လူစိမ်းတွေနဲ့ အပြင်မှာ မြန်မြန် မရင်းနှီးလွယ်တဲ့ သူမက အင်တာနက်ပေါ်က ဘဝမှာတော့ လူစိမ်းတွေနဲ့ စကားစမြည်တွေ ဆိုဖူးပါရဲ့။ ဒါကလည်း တစ်ယောက်တည်း ပျော်မွေ့တတ်သူရဲ့ အတွင်းစိတ်ကို ချိုးဖောက်လိုက်ခြင်းပါပဲ။ ရိုးရိုးသားသား သူငယ်ချင်းတွေ ရှိခဲ့ဖူးသည်။ တတိယဘွဲ့ အတွက် စိတ်ကျဉ်းကျပ်ချိန်မှာ ထွက်ပေါက်ရှာခြင်းလည်း ဖြစ်ခဲ့သည်။  အဲဒီအချိန်က လူတွေက ခုခေတ်လို လွယ်လွယ် ကျူကြသူတွေ မဟုတ်ပါ။ သူမလိုပဲ သူငယ်ချင်းရှာလိုသူတွေလည်း ရှိခဲ့ဖူးသည်။

အဲဒီနောက်ပိုင်း ခေတ်မှာတော့ online ပေါ်တက်တိုင်း အပျော်ရှာချင်သူ အထင်နဲ့ ကျူတာတွေလည်း ခံရဖူးသည်။ သူမလည်း အိပ်မက်ဘဝတစ်ခု ထွက်ပေါက်ရှာချင်တဲ့ အခိုက်အတန့်တွေမှာ တစ်ယောက်စ နှစ်ယောက်စ ပြောဖူးပါသည်။ ပြောတဲ့သူတွေလည်း လွယ်လွယ်ပြော။ မေ့တဲ့အခါလည်း လွယ်လွယ်မေ့ကြ။ ပြင်ပဘဝကို အမှန်အတိုင်း မမြင်နိုင်တဲ့အခါ စစ်မှန်မှု ဆိုတာ ဘယ်အခါမှ မရှိတတ်တာ သဘာဝပါ။ နောက်တော့ ဟန်ဆောင် ပန်ဆောင်တွေ ပြောကြတဲ့ ဘဝကို သူမက ငြီးငွေ့ လွယ်လာသည်။

ပတ်ဝန်းကျင်က သူငယ်ချင်း ဆိုသူတွေကိုလည်း သူမက အရာရာတိုင်း ပြောမပြတတ်ခဲ့ဘူး။ အဲဒါကလည်း တစ်ခါတရံ ရင်ဖွင့်ဖော် လိုမိတဲ့ အကြောင်းများလား။ တကယ်ဆို အဲသလိုလည်း မဟုတ်ပြန်ဘူး။ တစ်ယောက်ယောက်ကို ချစ် ကြည့်ချင်ခဲ့တာ။ ခဏတာလောက်ပဲ။ တစ်ယောက်တည်း ပျော်မွေ့ တယ်ဆိုတာ တကယ် မဟုတ်ပဲ လူကြားကောင်းရုံ ပြောတာလား ကိုယ့်ကိုယ်ကို အထင်ရောက်မိ။

သူနဲ့ ဖုန်းပြောရခြင်းကို သာယာတတ်လာသည်။ သူ့ မတိုင်ခင်ကလည်း အဲသလိုပဲ တစ်ယောက်စ နှစ်ယောက်စ ပြောဖူးပါသည်။ အပျင်းပြေ၊ အားပါနားပါရယ်လို့ အကြောင်းပြချက်နဲ့။ အဲသလိုလေးနဲ့ပဲ မကြာမတင် ပြီးသွား။ အခုတော့ အဲသလိုလေး ပြီးသွားချင်ပြီ ဆိုတာ ခဏ ခဏ တွေးရင်း ခုထက်ထိ မပြီးနိုင်သေး။ သူ့ဘက်ကလည်း နောက်တစ်ယောက် မရှိသေး၊ သူမဘက်ကလည်း နောက်တစ်ယောက် မရှိသေးတော့ သူ့ ဘက်က ပြီးမသွားသေးသလို သူမ ဘက်ကလည်း ပြီးသွားဖို့ကို အားနာပါးနာ။ ချစ်သူရယ်လို့ တရားဝင် ကတိကဝတ်မျိုး မရှိခဲ့ပါဘူး လို့ သူမဘက်က ထင်သည်။ သူဟာ သူငယ်ချင်းကောင်းပါ။ (သူကတော့ အဲလိုပြောတိုင်း စိတ်ဆိုးတတ်သည်။) သူငယ်ချင်း အရင်းတွေကိုတောင် မငြီးငြူူဖူးတဲ့ စကားတွေ သူ့ကို ပြောဖူးသည်။ ရင်ဖွင့်ဖော် လိုအပ်ရုံ သက်သက်လား။ တကယ် ချစ်မိခဲ့သလား။ မသေချာပါဘူး။ ဘယ်လို ခံစားချက်နဲ့ပဲ ဖြစ်ဖြစ်..။ သူ့ဘက်ကလည်း မလာနိုင်ဘူး။ သူမဘက်ကလည်း မသွားနိုင်ဘူး။ တစ်ခါတစ်လေ ဝတ္တုဖတ်ပြီး မျက်ရည်ကျရသလို ကိုယ့်ဇာတ်လမ်းကိုယ် ဆင်ကြည့်မိရင်း သူမ မျက်ရည်ကျဖူးသည်။ ဒါပေမယ့် ပြီးသွားရင်လည်း ဘာမှ မဖြစ်ဘူးလို့  ယုံကြည်ချက်ကတော့ သူမမှာ ရှိနေဆဲ။ သူမထက် သာတဲ့ မိန်းမနဲ့ ထပ်တွေ့ခဲ့ ရင် သူပြောင်းလဲသွားနိုင်တယ် လို့ သံသယလည်း ရှိနေဆဲ။ သူမလည်း သူ့ ထက် သာပြီး သူမကို ချစ်လာတဲ့သူ နောက်တစ်ယောက် တွေ့ခဲ့ရင် ပြောင်းလဲ သွားမလား ကိုယ့်ကိုယ်ကိုလည်း သံသယ ရှိသည်။

သူမရဲ့ သူဟာ ရင်ဖွင့်ဖော် သူငယ်ချင်းကောင်း အဆင့်နဲ့တင် ကျေနပ်လိုက်ရသူ။ တစ်ခါတလေတော့လည်း ပတ်ဝန်းကျင် အလယ်မှာ ချစ်သူရယ်လို့ ရဲရဲဝံ့ဝံ့ လက်ဆွဲ ပြနိုင်တဲ့ သူ တစ်ယောက်ယောက်တော့ ရှိဖူးချင်သည်။ ယူဖြစ်သည် ဖြစ်စေ၊ မယူဖြစ်သည် ဖြစ်စေ။ မယူချင်တာကတော့ တကယ် အတည်ပါပဲ။ တစ်ယောက်တည်း ပျော်မွေ့ လိုစိတ်က တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ် ရှိကို ရှိနေသေးတာ။ သူမက ယူဖို့ စိတ်ကူး မရှိဘူး လို့ ပြောတိုင်း နင်က ငါ့ကို အပျော်ကြံတာလား လို့ သူအမြဲ ပြောတတ်သည်။ သူမကလည်း ဟုတ်တယ် လို့ အမြဲပဲ ပြော။ သူ့ မှာ ဒါကို စိတ်ဆိုးဖို့  အခြေအနေလည်း မရှိပြန်ဘူး။ ဒါနဲ့ပဲ ဖုန်းမင်းသမီး ဇာတ်လမ်းကလည်း မပြတ်ပါ။

(၄)
လူတိုင်း လူတိုင်း မှာ အိပ်မက် တွေ ရှိကြသည်။ သူမလည်း တစ်ခြားလူတွေလိုပဲ အိပ်မက်တွေ မက်ဖူးသည်။ အိပ်မက်လောကမှာ နေရင် ပြင်ပက အခြေအနေတွေကို မေ့ထားလို့ ရသည်။ ဘယ်တော့မှ အစစ်အမှန် မဖြစ်နိုင်မယ့် အိပ်မက်မျိုးတွေလည်း အများကြီး ရှိသည်။ သူမ ချစ်သော ယောကျ်ား တစ်ယောက်နဲ့ အေးချမ်းသော ဘဝမှာ နေထိုင်ခြင်း။ သံမဏိခဲလို မိန်းမမှာလည်း စိတ်ရူးပေါက်ချိန် အိပ်မက်တွေ ရှိသည်။ ကံကောင်းခြင်းများဖြင့် မိဘများကို ပြည့်စုံစွာ ထားနိုင်ခဲ့တယ် ဆိုသော သာမန် အိပ်မက်တွေလည်း ရှိသည်။ အိပ်မက်က နိုးလာရင်တော့ မပြောင်းလဲခြင်း ထဲမှာ ငြီးငွေ့ဖွယ် အသက်ရှင်ဆဲ ဖြစ်ကြောင်း သူမကိုယ် သူမ ပြန်လည် တွေ့ရှိရသည်။

ဘွဲ့သုံးဆင့် ရပြီး နှစ်ပေါင်း ၁၅ နှစ်ကျော်မှာ ကံကောင်းထောက်မစွာ အချိန်တန်လို့ တိုးခဲ့သော ရာထူးများနှင့် ရခဲ့သော လခ ဆိုတာက ခုခေတ်မှာ ပထမဘွဲ့ ရပြီးတာနဲ့  သိပ်မကြာခင် တန်းရနိုင်တဲ့ လခကိုမှ မမှီနိုင်ပါ။ အစိုးရဝန်ထမ်းနဲ့  အပြင်ဝန်ထမ်း ကြား ဝင်ငွေ ခြားနားမှု ဆိုတာ လူတကာ သိတဲ့ ကိစ္စ ဖြစ်ပါရဲ့ ။ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတာ ဗိုက်ပြည့်စေနိုင်တာ မဟုတ်ဘူး ဆိုတာ မသိလို့ မှ မဟုတ်လေပဲ။ ကိုယ်က ထောက်ပံ့ရတဲ့ မိဘ မဟုတ်ပဲ ကိုယ့်ကို ထောက်ပံ့နိုင်တဲ့ မိဘ နဲ့  ညီအစ်ကို မောင်နှမ ရှိသူတွေသာ အစိုးရဝန်ထမ်း လုပ်သင့်တယ် လို့  အလုပ်ထဲကို အသစ်ဝင်လာမယ့် သူလေးတွေကို ပြောပြချင်ပါသေးသည်။

သူမမှာ အိပ်မက်ကို လက်လှမ်း မမှီနိုင်တာကလွဲရင် ပြောပလောက်စရာ အများသိအောင် မရှိဘူး။ အရာရာက အဆင်ပြေပြေ ချောမွေ့ နေသလိုပဲ။ နှစ်ပေါင်းများစွာ ပုံမှန် ဖြစ်ခဲ့ပါရဲ့ ။ ငြီးငွေ့ ခြင်းက အမြစ်တွယ်လာတာ တစ်ခုပါပဲ။ ငြီးငွေ့ ခြင်းက အန္တရာယ် မရှိဘူး ဆိုပေမယ့် ဖယ်ရှားဖို့ မလွယ်ကူနိုင်ပါ။ တက်ကြွမှုတွေ၊ စိတ်အားထက်သန်မှုတွေကို ပါးလျှလာအောင် တိုက်စားနိုင်သည်။ မကြိုးစားကြည့်ချင်ဘူး။ အတိတ်ကံကိုပဲ ပုံချထားချင်သည်။

ပူညံ ပွစိ သူမ မိဘတွေလည်း အသက်ကြီးလာ၊ သူမကလည်း ပင်စင်ယူတဲ့အထိ အသက်ကြီးလာ။ အဲဒီလို အချိန်ထိ စစ်စစ်စီစီနဲ့  ကျပ်ကျပ်တည်းတည်း အသက်ရှင်သွားရရင် သူမ ကိုယ်တိုင်တောင် ရူးများ သွားလေမလား။ တိုင်ပင်ဖော် မရှိ။ အသက်ကြီးကြီး လူကြီး သုံးယောက်က စိတ်ရော လူရော ကျန်းမာရေး မကောင်းနိုင်တော့တဲ့ အချိန်မှာ သူမ တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းမလဲ။ လူတကာ ဖြတ်သန်းရမယ့် အချိန်ဆိုပေမယ့် သူမက သတ္တိနည်းတဲ့ တစ်ကိုယ်ကောင်း သမား အတွေး တွေးမိတာလည်း ဖြစ်နိုင်သည်။ အသက်ကြီးလာမယ့် ဘဝဟာ လူတိုင်းအတွက် ပုံမှန်ပါပဲ။ သူမကတော့ မဖြတ်သန်းချင်တော့။ စောစောစီးစီး ထွက်ခွာသွားချင်သည်။

အဆင်ပြေပြေ ဘဝတစ်ခု ရှိနေတာနဲ့ပဲ ထွက်ပေါက် တစ်ခု မရှာချင်ရတော့ဘူးလား။ ဘဝ လွယ်လွယ် ပြတ်စေချင်တာ ဒိဌိအယူ တဲ့လား။ ဒီ ဘဝ ပြတ်သွားရင် နောက် ဘဝ လာမယ် ဆိုတာ သိပါရဲ့။ နောက်ဘဝ ရောက်တဲ့အခါ ရှေ့ ဘဝအကြောင်း မှတ်မိနိုင်မှာ မဟုတ်တော့ဘူးလေ။ ပိုပြီး ကံဆိုးချင်ဆိုးမယ်။ ဒုက္ခများချင်များမယ်။ အဲဒီအကြောင်းကိုတော့ ခုကတည်းက တွေးဖို့ မလိုဘူး ထင်ပါရဲ့ ။ ဘယ်သူမှ မသိနိုင်တဲ့ အရာပါ။ ဘာပဲဖြစ်ဖြစ် အသက်ကြိုးတစ်ချောင်း ပြတ်ဖို့ရာ ကိုယ်တိုင်ရဲ့ ပယောဂတော့ မပါစေလိုပါ။ နာကျင်မှာကိုလည်း ကြောက်သေးသည်။ တိုက်ပေါ်က ခုန်ချ၊ တံတားပေါ်က ခုန်ချ၊ ဘယ်လောက်များ မိုက်မဲလိုက်ကြတဲ့ လူတွေလဲ။ အိပ်ဆေးသောက်ပြီး မသေခဲ့ရင်၊ ကားရှေ့ ပြေးဝင်လို့ မသေခဲ့ရင် ဒုက္ခဟာ အတိုင်းအဆမရှိ ပိုကြီးလာဖို့သာ ရှိတာ မဟုတ်လား။ ဒါပေမယ့် ဘာမှ မခံစားရပဲ ထွက်ခွာသွားရမယ် ဆိုရင်ဖြင့် သူမလည်း ကြိုးစားကြည့်မိလေမလား မသိနိုင်ပါ။ ရှေ့ ပြပြမှာ ထွက်ပေါက် အလင်းရောင် တစ်ခုသာ ရှိနေတယ် ဆိုရင် ဘာဖြစ်လို့ မကြိုးစားရဲရမလဲ။

စိတ်ရူးပေါက်မိတဲ့ အိပ်မက်တွေထဲမှာ လွတ်မြောက် သွားချင်တာလည်း ပါသည်။ အိပ်မက်က နိုးလာတော့ အရာအားလုံးက အရင်အတိုင်း သတ္တိမရှိတဲ့ လမ်းကြောင်းဟောင်းထဲ။ အနာဂါတ်မရှိတဲ့ လူတစ်ယောက် နဲ့လည်း စကားစမြည် ပြောမိနေဆဲ။ တစ်ယောက်တည်း ဖြတ်သန်းဖို့ ကြောက်မိတဲ့ အချိန်ရှိပေမယ့် သူနဲ့လည်း လက်မတွဲနိုင်ဘူး။ အဲဒါက ပိုပြီး ကြောက်ဖို့ ကောင်းတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်သွားနိုင်လို့ …။

သူမက ခုထက်ထိ မရင့်ကျက်နိုင်သေးဘူး။ အိပ်မက်တွေ ဂယောက်ဂယက် မက်တတ်တုန်းပဲ။ ဘာကိုမှလည်း အားသွန်ခွန်စိုက် မကြိုးစားရသေးပဲ ခြေကုန် လက်ပန်းတွေ ကျလို့ ။ ရူးသွပ်မှုနဲ့ အထီးကျန်မှုက ဘယ်သူမှ မသိနိုင်တဲ့ အတွင်းထောင့် တစ်နေရာမှာ…။

သိင်္ဂါကျော်

3.10.2017
11:10 PM


19 October, 2016

အရိုးစု သက်သေ

Blog မှာ ဝတ္တု မတင်ဖြစ်တာ အတော်ကြီးကို ကြာခဲ့ပါပြီ။ ဒီ စုံထောက် ဝတ္တုလေးကိုလည်း ၂၀၁၄ အောက်တိုဘာ မှာ စထားခဲ့တာပါ။
အကြာကြီး ပစ်ထားခဲ့ပြီး ၂၀၁၆ အောက်တိုဘာ မှပဲ အဆုံးသတ် ဖြစ်ပါတော့ တယ်။ 
ဖုန်တက်နေတဲ့ ဒီ blog လေးမှာ တင်သမျှကို မပျက်မကွက် လာအားပေးကြတဲ့ blog ချစ်သူများကိုလည်း   ကျေးဇူး တင်ပါတယ်။
*************************************************************************

(၁)
ငွေဆည်းဆာ ဟိုတယ် လုပ်ငန်းစုသည် လအတော်ကြာ ဝယ်ယူနိုင်ဖို့ ကြိုးစားခဲ့ရသော နှစ်ထပ် တိုက်ခံအိမ်ဟောင်း တစ်လုံးပါဝင်သည့် မြေကွက်ကို နောက်ဆုံးမှာတော့ ဝယ်ယူနိုင်ခဲ့လေပြီ။ သူတို့သည် ဤနေရာတွင် အပန်းဖြေ စခန်းနှင့် ဟိုတယ် အသစ် ဆောက်လုပ်ရန် လွန်ခဲ့သော လများကပင် စီစဉ်ခဲ့ပြီး ဝယ်ယူရန် သတ်မှတ်ထားသည့် မြေကွက် အားလုံးကိုလည်း ဝယ်ယူနိုင်ခဲ့ပြီး ဤမြေကွက် တစ်ခုသာ ကျန်နေခဲ့ခြင်းပင်။ ယခုတော့ ဤခြံကွက် ပိုင်ရှင်၏ မျိုးဆက် မိသားစု ထံမှ ဝယ်ယူနိုင်ခဲ့ပြီ ဖြစ်သဖြင့် သူတို့၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ချက်ချင်းပင် စတင်တော့မည် ဖြစ်သည်။

တိုက်အိမ်သည် လူမနေသည်မှာ ကြာပြီ ဖြစ်သဖြင့် ဟောင်းနွမ်းနေပုံပေါက်သော်လည်း တိုက်၏ အုတ်နံရံထုများမှာ ရှေးလက်ရာ ဖြစ်သောကြောင့် ခိုင်ခံလှသည်။ သူတို့သည် စီမံကိန်း ဖြစ်သောကြောင့်သာ ဖြိုဖျက်ရခြင်း ဖြစ်ပြီး လူနေရန်သာ ဆိုပါက ဆေးအသစ် ပြန်သုတ်ရုံနှင့် ကောင်းကောင်း နေ၍ ရပါသည်။ သူတို့သည် တိုက်အဟောင်းကြီးကို ဖြိုဖျက်လိုက်ပြီးနောက်မှ ခြံနောက်ဘက်ရှိ ရေတွင်းဟောင်းတစ်တွင်းကို မြင်မိကြခြင်း ဖြစ်သည်။ ရေတွင်းပေါ်တွင် သွပ်အဟောင်းများကို ဖုံးထားပြီး လူနေစဉ်ကတည်းကပင် ထိုရေတွင်းကို သုံးခဲ့ပုံ မပေါ်ပါ။ သို့သော် ရေတွင်းသည် ကောနေသည် မဟုတ်ပဲ ရေများစွာ ထွက်နေဆဲ ဖြစ်သောကြောင့် ဆောက်လုပ်ရေး ကာလအတွင်း ထိုရေတွင်းမှ ရေသုံးစွဲရန် ဆုံးဖြတ်ကြပြီးနောက် ရေတွင်းကို ဆယ်ခဲ့ကြသည်။ မမျှော်လင့်ပဲ ထိုရေတွင်းထဲမှ လူအရိုးစု တစ်ခုကို တွေ့ ရှိခဲ့ကြခြင်း ဖြစ်သည်။

အရိုးစု တွေ့ရာနေရာသို့ မှုခင်းတပ်ဖွဲ့ မှ စိမ်းဝတီ၊ ရဲစွမ်းနိုင် တို့ နှင့် အတူ မှုခင်းဆရာဝန် ဒေါက်တာ ဇလပ်ဖြူလည်း ပါလာသည်။ (ဒေါက်တာဇလပ်ဖြူသည် ခန္ဓာဗေဒဆိုင်ရာ ပါရဂူဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်သည်။) ရေတွင်းထဲမှ အရိုးစုသည် မြေပေါ်သို့ ရောက်နေလေပြီ။ အသား အရိအရွဲ တို့  တစ်စမှ မရှိတော့ သော်လည်း အရိုးတို့ကတော့ တောင့်တင်း ခိုင်မာနေလျှက် ရှိသေးသည်။ ဆယ်ယူသူတို့သည် နားလည်မှု ရှိစွာဖြင့် ဆယ်ယူထားသောကြောင့် အရိုးစုသည် ပုံပျက်နေပြီ ဖြစ်သော်လည်း ပြန်ဆက်ကြည့်လိုက်သောအခါ ရုပ်လုံးပေါ်လာသည်။ အတိုအစကလေးကအစ တော်တော်များများ ဆယ်ယူရရှိပြီး ဒေါက်တာက ပြန်ဆက်ပေးထားသည်။ တာလပတ်စ တစ်ခုပေါ်တွင် အရိုးစုကို ပုံစံမပျက် တင်ထားသည်။ သေသူ၏ အရပ်သည် ၆ပေ နီးပါးမျှ ရှိသည်။

စိမ်းသည် ခန္ဓာဗေဒ ကျွမ်းကျင်သူ တစ်ဦးမဟုတ်သော်လည်း အလောင်းပေါင်းများစွာကို မြင်ဖူးခဲ့သူ အနေနှင့် ဤအရိုးစုသည် ယောက်ျားတစ်ယောက်၏ အရိုးစုဟု ထင်သည်။ စိမ်းထင်သည့် အတိုင်းပင် ဒေါက်တာဇလပ်ဖြူ ကလည်း လူရွယ် အမျိုးသားတစ်ယောက်၏ အလောင်းဖြစ်လိမ့်မည် ထင်ကြောင်း ပြောသည်။ သူမ၏ ခန့်မှန်းချက်အရ ဤအရိုးစု သေဆုံးခဲ့သည်မှာ  အနည်းဆုံး ၁၀နှစ်ကျော် ကြာခဲ့ပြီ ဟု ဆို၏။ မူလ ခြံပိုင်ရှင်မှာလည်း မရှိတော့သဖြင့် စတွေ့ ခဲ့သော ရေတွင်းဖော်သည့် အလုပ်သမားများကိုသာ အနည်းအပါး မေးမြန်း၍ အရိုးစုကို သယ်ယူခဲ့ရသည်။
#####

စိမ်းဝတီ တို့သည် ဌာနသို့ ပြန်ရောက်သောအခါ ပထမဆုံး အနေနှင့် ထိုအရိုးစုသည် မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ကြရမည် ဖြစ်သည်။ အရိုးစု၏ မျက်နှာပိုင်းကို ဓါတ်ပုံရိုက်ယူ၍ ကွန်ပျူတာဖြင့် အသားများဖြည့်စွက်တာ မျက်နှာတစ်ခုကို ရုပ်လုံးပေါ်စေပြီးလျှင် တစ်နိုင်ငံလုံးရှိ အသက် ၂၀ ကျော်အရွယ် အမျိုးသားများ၏ မျက်နှာများဖြင့် တိုက်ဆိုင် စစ်ဆေးကြည့်ရသည်။ နွယ်နီနိုင်က နာရီ အတော်ကြာဦးမည် ဖြစ်သော ထို တိုက်ဆိုင် စစ်ဆေးမှုကို စောင့်ကြည့်နေခိုက် စိမ်းဝတီသည် ဒေါက်တာဇလပ်ဖြူနှင့် အတူ အရိုးစု၏ သေဆုံးသော အကြောင်းအရာကို သိရှိဖို့ရန် လေ့လာလျှက် ရှိသည်။ ရဲစွမ်းနိုင် ကတော့ အရိုးစုကို တွေ့ ခဲ့သည့် မူလ ခြံပိုင်ရှင်များ အကြောင်းကို စုံစမ်းရှာဖွေရန် ပြင်လျှက်ရှိသည်။

ဒေါက်တာ ဇလပ်ဖြူသည် စေ့စပ်သေချာသူ ဖြစ်သည့်အားလျော်စွာ မကြာခင် အချိန်အတွင်းမှာပင် အရိုးစုကို လေ့လာရင်း သူမ တွေ့ရှိသမျှကို ပြောပြသည်။
“ဦးခေါင်းခွံနောက်ဘက်မှာ အက်ရာလေးတစ်ခု တွေ့တယ်၊ သေသူကို နောက်ဘက်ကနေ သစ်သားတုတ်လို မာတဲ့အရာနဲ့ အရိုက်ခံခဲ့ရတဲ့ ပုံပဲ၊ ဒါပေမယ့် အဲဒီ ဒဏ်ရာက သေလောက်တဲ့ အထိတော့ မဟုတ်ဘူး.. စိမ်းရဲ့ ”
“အဲဒီတော့ သေသူကို နောက်ကနေ တစ်ခုခုနဲ့ ရိုက်ပြီး မေ့သွားတဲ့ အချိန်မှာ ရေတွင်းထဲ ပစ်ချလိုက်တာ နေမှာပေါ့”
“ခြေထောက်မှာလည်း ဒဏ်တွေ ရှိနေတယ်၊ ခြေဖဝါးတစ်ခုကလည်း ပြတ်နေတယ်၊ ရေထဲပစ်ချတာ ဒီအတိုင်းမဟုတ်ဘူး၊ ရေပေါ်ပြန်ပေါ် မလာအောင် ခြေထောက်မှာ ခဲဆွဲပြီး ချထားတာ”
ဒေါက်တာ ဇလပ်ဖြူက ပြောသည်။
“အင်း…၊ ဘယ်သူကများ လုပ်ပါလိမ့်နော်”
“အဲဒီခြံရဲ့ ရေတွင်းထဲမှာ ဆိုတော့ အဲဒီ ခြံရှင်တွေပဲ တရားခံ ဖြစ်ဖို့ များမှာပေါ့”
ဟု ဒေါက်တာ ဇလပ်ဖြူက ပြောသည်။
#####

(၂)
ရဲစွမ်းနိုင်သည် ငွေဆည်းဆာ ဟိုတယ် ပိုင်ရှင်ကပြောပြသဖြင့် ခြံရောင်းခဲ့သည့် ပိုင်ရှင်များကို သိရှိခဲ့ပြီး လိုက်လံစုံစမ်းခဲ့သည်။ ထိုခြံ ပိုင်ရှင်များမှာ ဦးသာအိုး၊ ဒေါ်ခင်ခင် တို့ ဖြစ်ပြီး သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ ခင် ဆေးလိပ်ခုံသည် ထိုခေတ်က နာမည်ကြီး ဆေးလိပ်ခုံ ဖြစ်သည်။ သားကြီးက တစ်နယ်တစ်ကျေးတွင် အိမ်ထောင်ကျပြီးနေထိုင်ရာ သမီးငယ် ခင်ခင်သာ တစ်ယောက်သာ မိဘများနှင့်အတူ နေထိုင်လေသည်။ ထိုခေတ်က ထိုအရပ်တွင် သဌေးဟု ခေါ်နိုင်သူများမှာ သိပ်မရှိပါ။ ဦးသာအိုးတို့ မိသားစုနှင့် ဦးအုပ်စိုးတို့ မိသားစုတို့ လောက်သာ ရှိသည်။ ဦးအုပ်စိုးသည် ဇနီးသည် ဆုံးပြီးနောက် နောက်ထပ် အိမ်ထောင်မပြုပဲ သားနှစ်ယောက်နှင့် အတူ နေထိုင်သည်။ သားကြီးသည် မိဘများ စပ်ဟပ်မှုဖြင့် လူကုံထံ သမီးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့ပြီး သားငယ်ကို ဦးသာအိုး၏ သမီး ခင်ခင်သာ နှင့် နှစ်ဖက်မိဘက သဘောတူထားကြသည်။ ယခုအချိန်တွင် နှစ်မိသားစုလုံးမှာ ယခုအခါ ထိုအရပ်ရှိ အိမ်ယာများကို ရောင်းချကာ မြို့ကြီးတွင် အခြေချ နေထိုင် နေကြပြီ ဖြစ်သည်။ မြို့ ပေါ်တွင် လူတွေက များလှသည်။ ဘယ်နေရာတွင် နေထိုင်ပြီး ဘာအလုပ်လုပ်ကိုင်သည်ကို သိရန် စုံစမ်းကြရဦးမည် ဖြစ်၍ ဌာနသို့ ပြန်လာခဲ့တော့သည်။

ရဲစွမ်းနိုင်သည် အိမ်ရှင် မိသားစုများ အကြောင်း စိမ်းဝတီနှင့် နွယ်နီနိုင်တို့ကို ပြောပြနေစဉ်မှာပင် ဒေါက်တာ ဇလပ်ဖြူဆီမှ ဖုန်းဝင်လာသည်။ ဒေါက်တာ ဇလပ်ဖြူသည် အရိုးစုကို စစ်ဆေး နေရင်းမှ ထူးခြားမှု တစ်ခုကို တွေ့သဖြင့် စိမ်းဝတီကို ဖုန်းဆက်လိုက်သည်။
“စိမ်းရေ သေသူရဲ့  ပခုံးရိုး အောက်ဘက်မှာ ဒဏ်နည်းနည်းတွေ့တယ်၊ သိပ်မထင်ရှားလို့ သေချာကြည့်မှ တွေ့တာ”
“အဲဒါက ဘာသဘောလဲ”
“ဘာကြောင့်လဲ ဆိုတာ ကိုယ် စဉ်းစားနေတာ၊ ဘယ်လိုပုံစံမျိုး ဖြစ်တာလဲ ဆိုတာ ကြည့်နေတာ”
ပြောရင်းနှင့်ပင် ဒေါက်တာ ဇလပ်ဖြူက မှန်ဘီလူးဖြင့် သူမ ပြောသော နေရာကို သေချာ ကြည့်နေပြန်သည်။
“အလေးအပင် မ ရင်းနဲ့  ခါးမျက်သွားတာတို့ ဘာတို့ မှာ တစ်ခါတစ်လေ အရိုးအက်တဲ့အထိ ဖြစ်တတ်တယ်၊ အဲသလို ပုံစံမျိုး၊ ဒါပေမယ့် ဒီနေရာက အလေးအပင် ဆွဲလို့ ဖြစ်တာ၊ အလေးတုံး မ လို့ ဖြစ်တဲ့ နေရာနဲ့ မတူဘူး”

စိမ်းက သူမ ပြသော နေရာကို ကြည့်ရင်း
“ပခုံးပေါ်မှာ ထမ်းရင်ရော ”
“ဘာ..”
“ပခုံးပေါ်မှာ အလေးအပင် ထမ်းတဲ့လူတွေလေ၊ ကုန်ထမ်းတဲ့ အလုပ်သမားတွေ မြင်ဘူးတယ် မဟုတ်လား၊ ဇလပ်ရဲ့  အဲသလိုရော..”
“ဟုတ်တယ်၊ အဲဒါပဲ ကုန်ထမ်းတဲ့လူ၊ ဆန်အိတ်တို့ ပဲအိတ်တို့  ထမ်းတဲ့ အလုပ်သမား ဖြစ်နိုင်တယ်”
“အဲဒီ အိမ်က ပွဲရုံ ဖွင့်ခဲ့တာလေ၊ ရေတွင်းရှိတဲ့ ခြံက မိသားစုတွေက၊ သူတို့ အလုပ်သမားဟောင်းတွေထဲက ဘယ်သူ ပျောက်ခဲ့သလဲ ဆိုတာ စုံစမ်းရမယ်”
#####

နွယ်နီနိုင်က ဦးသာအိုး၊ ဒေါ်ခင်ခင် နှင့် ခင်ခင်သာ တို့ အကြောင်း အချက်အလက် သိမ်းဆည်းထားရာ မှတ်တမ်း (Database) ထဲတွင် ရှာနေစဉ် ရဲစွမ်းနိုင်နှင့် စိမ်းဝတီတို့က အခင်း ဖြစ်ပွားရာ နေရာသို့ ပြန်လာခဲ့ကြသည်။ ထိုအရပ်ရှိ ပွဲရုံများ အကြောင်းနှင့် ပွဲရုံတွင် အလုပ်လုပ်ခဲ့သူများ အကြောင်းကို နေရာ အနှံ လိုက်စုံစမ်းကြသည်။ အလုပ်သမား အများအပြား ရှိသော ပွဲရုံ ဆို၍ ဦးအုပ်စိုးနှင့် သားနှစ်ယောက် ပိုင်ဆိုင်သော စိုးမိသားစု ပွဲရုံသာ ရှိခဲ့သည်။

နေ့တစ်ဝက် ကုန်ပြီးနောက် စိုးမိသားစု ပွဲရုံမှ ထွက်သွားသော အလုပ်သမားတစ်ယောက် အကြောင်း သိရှိခဲ့ရသည်။ ထိုသူမှ လွဲ၍ ပျောက်နေသည် ဆိုသူ ဘယ်သူမှ မရှိပါ။ ယခုတိုင်အောင် အားလုံး အသက်ရှင်လျှက် ရှိကြသည်။ ထိုသူ့ နာမည်က အောင်မြ ဖြစ်သည်။ ပွဲရုံ အလုပ်သမား လုပ်နေသော်လည်း အတန်းပညာ ၁၀ တန်းအထိ တက်ဖူးသူ ဖြစ်သည်။ ဦးအုပ်စိုး၏ ကွယ်လွန်သူ ဇနီး ဘက်မှ တူတစ်ယောက် ဖြစ်သည်။ မိဘများ ဆုံးပါးသွားပြီးနောက် ဦးအုပ်စိုးတို့ အိမ်သို့ ရောက်လာခဲ့သည်။ ဦးအုပ်စိုး၏ ဇနီး ဒေါ်မြင့်မြင့် ကွယ်လွန်ပြီးနောက် မောင်အောင်မြကို ကျောင်းဆက်မထားတော့ပဲ ပွဲရုံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။

သေသူသည် ဦးသာအိုးတို့ ခြံထဲရှိ ရေတွင်းထဲတွင် ရောက်နေသော်လည်း ဦးသာအိုးတို့ အလုပ်သမား မဟုတ်ပဲ ဦးအုပ်စိုးတို့ ပွဲရုံမှ အလုပ်သမား ဖြစ်နေသည်။ စိမ်းဝတီ တို့ အနေနှင့် မိသားစု နှစ်ခုစလုံးကို ရှာဖွေ၍ မေးမြန်းရန် လိုအပ်နေပြီ ဖြစ်သည်။
#####

(၃)
ဦးသာအိုးတို့ မိသားစု အကြောင်း မတွေ့ရှိသေးသော်လည်း နွယ်နီနိုင်၏ ကြိုးစားရှာဖွေမှုဖြင့် ဦးအုပ်စိုးတို့နှင့် ပတ်သက်၍ သိလာရသည်။ စိုးထရေးဒင်း ကုမ္ပဏီ ၏ ဖုန်းနံပါတ်ကို သိပြီးနောက် ဦးစိုးမြင့်ဦးနှင့် တွေ့ ရန် ချိန်းဆိုကာ စိမ်းဝတီနှင့် ရဲစွမ်းနိုင် တို့ နှစ်ယောက်က သွားတွေ့ လိုက်ကြသည်။ နွယ်နီနိုင်ကတော့ သေဆုံးသူသည် ကိုအောင်မြ ဆိုသူ ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ကြိုးစားနေသည်။

စိမ်းဝတီတို့ သွားတော့ ဦးစိုးမြင့်ဦးကို အဆင်သင့် တွေ့ရသည်။
“ဒီလိုပါ ဦးစိုးမြင့်ဦးတို့ မိသားစု အရင်တုန်းက လုပ်ခဲ့တဲ့ ပွဲရုံ က ကိုအောင်မြ ဆိုတဲ့ အလုပ်သမား တစ်ယောက် အကြောင်း သိချင်လို့ပါ” ဟု ရဲစွမ်းနိုင်က မေးတော့
“အောင်မြ… အောင်မြ ဆိုတာ ဘယ်သူလဲ မသိဘူး၊ အလုပ်သမားတွေက အများကြီး ဝင်လိုက် ထွက်လိုက်နဲ့  ကျူပ်တို့  မသိပါဘူး”
ဟု ဆိုသည်။ သူ့ မျက်နှာကို ကြည့်၍ သူ လိမ်နေသည်ကို စိမ်း သိပါသည်။
“ဟုတ်ရဲ့လား၊ စဉ်းစားကြည့်ပါဦး ကိုအောင်မြ ဆိုတာ ဦးစိုးမြင့်ဦး အမေ ဒေါ်မြင့်မြင့်ရဲ့ တူလေ ခင်ဗျားတို့ အိမ်မှာတောင် အတူ နေခဲ့တာ မဟုတ်လား”
စိမ်းဝတီက ထပ်မေးတော့ စိုးမြင့်ဦး မျက်နှာ ပျက်သွားသည်။ ဘူးခံ ငြင်းနေ၍ မဖြစ်ကြောင်း သိသွားပုံရသည်။

“သြော.. အဲဒီ အောင်မြလား သူက အိမ်က ထွက်သွားတာ ကြာပြီ၊ ပွဲရုံကလည်း ထွက်သွားတယ်၊ ဘယ်ရောက်နေလဲ ကျူပ်တို့ မသိဘူး၊ အဆက်အသွယ်လည်း မရှိပါဘူး”

“ဦးသာအိုးကို တော့ သိတယ် မဟုတ်လား၊ သူတို့ ခြံထဲက ရေတွင်းဟောင်းထဲမှာ အရိုးစု တစ်ခု တွေ့တယ်၊ ကျွန်တော်တို့က ကိုအောင်မြ အလောင်းလို့ ထင်တယ်၊ ဒါကြောင့် လာမေးကြည့်တာပါ”
ရဲစွမ်းနိုင်က ရှင်းပြသည်။

“ဟုတ်လား၊ ကျူပ်တော့ သိပ်မထင်ဘူး၊ သူက မြို့ က ထွက်တော့မယ် ဆိုပြီး ပွဲရုံကရော၊ အိမ်ကရော ထွက်သွားတာပဲလေ၊ ကြာလှပြီ၊ အမေက ခေါ်လာပေမယ့် သူနဲ့ ကျူပ်တို့က အပေါင်းအသင်း မဟုတ်ဘူး၊ သူ့အကြောင်း ကျူပ် သိပ်မသိဘူး”

“သူ ဘာလို့  ပွဲရုံကရော အိမ်ကပါ ထွက်သွားတယ် ဆိုတာတော့ သိရမှာပေါ့နော်၊ ခင်ဗျားတို့နဲ့ မပြေလည်တာရော ရှိခဲ့လား၊ ခင်ဗျားတို့က နှင်ထုတ်ခဲ့တာလား”
“မရှိပါဘူး၊ သူ တစ်ခြားမြို့ကို ပြောင်းပြီး အလုပ်လုပ်မယ် လို့ ပြောသွားတာပဲလေ၊ သူ့စိတ်နဲ့ သူ ထွက်သွားတာပါ၊ ကျူပ်တို့ ဘာမှ မပြောခဲ့ဘူး”

“သူ့မှာ တစ်ခြားပြဿနာတွေ ဘာတွေ ရှိတာရော ကြားမိလား၊ သူ့ကို မကျေနပ်တဲ့ လူတွေ ဘာတွေရော ရှိလား”

“ကျူပ်တို့ အလုပ်သမားတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို လိုက်သိနေရလောက်အောင် မအားဘူး ဗျ၊ ဒီလောက်ဆို တော်လောက်ပြီ ထင်တယ်၊ ကျူပ်မှာ အလုပ်တွေ ရှိသေးတယ်၊ ဒီလူနဲ့ ကျူပ်တို့ ဘာမှ မပတ်သတ်တော့ဘူး ဆိုတာပဲ မှတ်ထားပေးပါ”

“ဟုတ်ပါပြီ၊ ကျေးဇူးတင်ပါတယ်”

စိမ်းဝတီ နှင့် ရဲစွမ်းနိုင် တို့  ပြန်ခဲ့ရသည်။ အကြောင်းတော့ သိပ်မထူးခဲ့ပါ။ သို့သော် ထိုလူ၏ ပြောပုံ ဆိုပုံကို စိမ်း သိပ်မကြိုက်ပါ။ သေချာပေါက် သူတို့ မိသားစု နှင့် အောင်မြ ဆိုသူတို့ အကြား တစ်ခုခုတော့ ရှိကို ရှိလိမ့်မည် ဟု စိမ်း ထင်နေသည်။

စိမ်းတို့ ပြန်လာသောအခါ နွယ်နီနိုင်က သေဆုံးသူမှာ ကိုအောင်မြ ဆိုသူ ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဟု ဆိုသည်။ အရိုးစု၏ မျက်နှာ ပုံစံကို ဖြည့်စွက် ပုံဖော်ပြီး နိုင်ငံသား အချက်အလက်များ သိမ်းဆည်းရာ Database နှင့် တိုက်စစ်ကြည့်သောအခါ ကိုအောင်မြ ဆိုသူနှင့် တော်တော်လေး တူနေသည်ကို တွေ့ခဲ့ရသည်။ သေဆုံးသူ မည်သူ ဖြစ်သည် သေချာသောအခါ ထိုလူ့ အကြောင်းကို လိုက်လံ စုံစမ်းရတော့မည် ဖြစ်သည်။
#####

(၄)
စိမ်းဝတီနှင့် ရဲစွမ်းနိုင်သည် စုံစမ်းရင်းနှင့် ကိုအောင်မြနှင့် ပွဲရုံတွင် အလုပ်အတူ လုပ်ဖူးသော အလုပ်သမား တစ်ယောက်ကို တွေ့သွားသည်။ ထိုလူ့ နာမည်က ကိုမြင့်ဆိုင် ဖြစ်သည်။ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် နေထိုင်ရင်း ပွဲရုံတစ်ခုတွင် စာရေးလုပ်နေသည်။ ကိုမြင့်ဆိုင်ဆီမှ ကိုအောင်မြနှင့် ပတ်သက်သော အကြောင်းစုံကို သိလိုက်ရသည်။

ကိုအောင်မြသည် ရွာကျောင်းတွင် အလယ်တန်းအောင်ပြီးနောက် အဖေ ပိုးကိုက်၍ ဆုံးပါးပြီးနောက် အဒေါ်ဖြစ်သူက ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်သည်။ တစ်ဦးတည်းသောသားဖြစ်ပြီး သူ့ အမေကလည်း အဖေ မဆုံးမီကပင် ရောဂါဖြင့် ဆုံးပါးခဲ့သည်။ ဆွေမရှိ မျိုးမရှိသူမို့ ပျောက်ဆုံးနေခဲ့သော်လည်း ဘယ်သူကမှ လူပျောက်တိုင်ကြားမှု မရှိခဲ့ခြင်းပင်။
 
အောင်မြနှင့် ဦးသာအိုး၏သမီး ခင်ခင်သာ တို့သည် အထက်တန်းကျောင်းတွင် ကျောင်းနေဘက်များ ဖြစ်ခဲ့ပြီး လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြသည်။ ဦးအုပ်စိုး၏ သားငယ် စိုးမြင့်ဦးနှင့်လည်း အရွယ်တူ ဖြစ်သော်လည်း စိုးမြင့်ဦးက ရှစ်တန်းတွင် စာမေးပွဲ တစ်နှစ်ကျပြီး တစ်တန်းငယ်ခဲ့သည်။ စိုးမြင့်ဦးကလည်း ခင်ခင်သာကို ချစ်ကြိုက်ခဲ့သော်လည်း ခင်ခင်သာက အောင်မြကိုသာ ရွေးချယ်ခဲ့သည်။ ထိုအကြောင်းကြောင့် နဂိုကတည်းက မိခင်ဖြစ်သူက အိမ်ခေါ်ထားခြင်းကို သဘောမကျသော သားအဖ သုံးယောက်က အောင်မြက ပို၍ အမြင်မကြည်ဖြစ်လာခဲ့သည်။ အောင်မြကို ၁၀ တန်း ဆက်မတက်ဖြစ်အောင် အမျိုးမျိုး နှောက်ယှက်ကာ ပွဲရုံတွင် အလုပ်သမား ဖြစ်အောင် လုပ်လိုက်ကြသည်။

မိဘများမသိအောင် တိတ်တဆိတ် အနေအထိုင် ဆင်ခြင်ကြသော်လည်း စိုးမြင့်ဦး ကြားဝင်သောကြောင့် ခင်ခင်သာ၏ မိဘများ သိရှိသွားပြီး အောင်မြနှင့် လုံးဝ သဘောမတူကြောင်း ခင်ခင်သာကို ဆူပူကြပြီး အောင်မြကိုလည်း ပက်ပက်စက်စက် ပြောဆိုခဲ့ကြသည်။ ခင်ခင်သာကို ကျောင်းမှ ထုတ်ပြီး အိမ်ထဲတွင် ပိတ်ထားမည် လုပ်သောကြောင့်လည်း အောင်မြက သူပဲ အနစ်နာခံကာ ကျောင်းထွက် ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ခင်ခင်သာနှင့် လမ်းခွဲပါမည်ဟု ကတိပါပေးပြီး သူ့ ဦးလေး ပွဲရုံတွင် အလုပ်သမား ဝင်လုပ်ခဲ့သည်။ သူ့အဒေါ် အိမ်တွင်လည်း မနေတော့ပဲ ပွဲရုံနှင့် နီးသော နေရာမှာ အိမ်ခန်းလေး ငှားနေခဲ့သည်။ ခင်ခင်သာက ကျောင်းဆက်တက်ပြီး ဆယ်တန်းအောင်သွားခဲ့သည်။ စိုးမြင့်ဦးက ကိုးတန်းအောင်သည်။

ခင်ခင်သာသည် သူ့အိမ်မှ အိမ်ဖော်အမျိုးသမီး အကူအညီနှင့် အောင်မြနှင့် ပြန်ဆက်သွယ်ဖြစ်ခဲ့သည်။ ကျောင်းတွေ ဖွင့်တော့ ခင်ခင်သာ့ မိဘများက တစ်နှစ်လုံး မြို့ကြီးမှာ ထားရမည်ကို စိတ်မချသောကြောင့် အဝေးသင်တက္ကသိုလ် တက်ခိုင်းခဲ့သည်။ ခင်ခင်သာသည် အောင်မြနှင့် တိတ်တဆိတ် ဆက်သွယ်မြဲ ဖြစ်သည်။ စိုးမြင့်ဦး ဆယ်တန်းအောင်ပြီးနောက် ခင်ခင်သာကို စိတ်မချဟု ဆိုကာ သူ့ မိဘများကို တောင်းရမ်း စေခဲ့သည်။ ခင်ခင်သာ့ မိဘများကလည်း ဦးအုပ်စိုး၏ သား ဆိုလျှင်တော့ ပြောစရာ မရှိပဲ သဘောတူခဲ့သည်။

ခင်ခင်သာသည် အောင်မြနှင့် မပြတ်သေးကြောင်း စိုးမြင့်ဦးအစ်ကို စိုးတင့်ဦးက မတော်တဆ သိရှိသွားခဲ့သည်။ စိုးတင့်ဦးကလည်း စောစောစီးစီး မိန်းမယူနှင့် ပြီးသောကြောင့်သာ တည်တည်တံ့တံ့ ဖြစ်နေရသော်လည်း ခင်ခင်သာကို တိတ်တခိုး ချိတ်နေသူ ဖြစ်သည်။ ညီဖြစ်သူက ကြိုက်နေသောကြောင့်သာ ဦးစားပေးလိုက်ရသော်လည်း အောင်မြနှင့် ဖြစ်သွားမည်ကိုတော့ စိုးတင့်ဦးလည်း သဘောမတူနိုင်ပါ။ ထို့ကြောင့် ညီဖြစ်သူကို ပြောပြလိုက်ရာ စိုးမြင့်ဦးက အောင်မြကို ထိုးကြိတ် ရန်လုပ်ခဲ့သည့်အပြင် အမြန်ဆုံး လက်ထပ်ဖြစ်ရန် ကြိုးစားခဲ့သည်။ ကိုမြင့်ဆိုင်သည် အောင်မြနှင့် အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သဖြင့် ထိုအကြောင်းများ အားလုံးကို သိရှိနေခြင်း ဖြစ်သည်။

တစ်ညတွင် ဒေါ်မြင့်မြင့်၏ မွေးနေ့ ပွဲ ကျင်းပသောကြောင့် ပွဲရုံမှ အလုပ်သမား အချို့ပါ တက်ရောက်ခဲ့ကြသည်။ ကိုမြင့်ဆိုင်လည်း မွေးနေ့ပွဲ ကျင်းပရာ သူတို့ ခြံကြီးထဲ ရောက်နေခဲ့သည်။ ဦးသာအိုး၊ ဒေါ်ခင် နှင့် သမီးဖြစ်သူ ခင်ခင်သာလည်း ရောက်နေသည်။ ထိုညတွင် ဦးအုပ်စိုးက စိုးမြင့်ဦးနှင့် ခင်ခင်သာ တို့ ကို စေ့စပ်ပွဲ အနေနှင့် ကြေငြာဖို့  စီစဉ်ထားခဲ့သည်။ သို့သော် ဦးအုပ်စိုးက ကြေငြာလိုက်စဉ်မှာပင် ခင်ခင်သာက သူ သဘောမတူကြောင်း လူအများရှေ့တွင် ထကန့်ကွက်လိုက်သည်။ ဦးအုပ်စိုးနှင့် ဦးသာအိုးမှာ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ဦးသာအိုးက ထိုလက်ထပ်ပွဲကို သဘောမတူလျှင် သူ့ သမီး အဖြစ်မှ စွန့် လွှတ်မည် ဖြစ်ကြောင်း ပြောလိုက်သည်။ ဒေါ်ခင်က တားနေစဉ်မှာပင် ခင်ခင်သာက ထိုခြံထဲမှ ထွက်ပြေး သွားခဲ့သည်။ အားလုံးက ခင်ခင်သာသည် သူမတို့ အိမ်ကို အရင် ပြန်ပြေးသွားခြင်း ဖြစ်သည်ဟု ထင်လိုက်ကြသည်။

ထိုညက ခင်ခင်သာ ထွက်ပြေးသွားပြီးနောက် ဒေါ်မြင့်မြင့်၏ မွေးနေ့ပွဲလည်း ရုတ်ရုတ်သဲသဲ လို ဖြစ်သွားသည်။ ကိုမြင့်ဆိုင်တို့ အလုပ်သမားတစ်စုကတော့ မွေးနေ့ပွဲ ပြီးမှ သိမ်းဆည်းပြီး ပြန်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ သိမ်းဆည်း ကြသူများတွင် အောင်မြ မပါကြောင်း ကိုမြင့်ဆိုင် သတိထားမိခဲ့သည်။ အောင်မြလည်း မျက်နှာပူသဖြင့် စောစောစီးစီး ပြန်သွားပြီ ဟုသာ ထင်လိုက်သည်။ စိုးမြင့်ဦးတို့ ညီအစ်ကိုလည်း အရှက်ရသွား၍ ထင်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးကတည်းက ဧည့်သည်တွေ ရှေ့ကို ပြန်ရောက် မလာတော့ပါ။

နောက်မှ သိကြရသည်မှာ ခင်ခင်သာသည် ထိုညက အိမ်သို့ ပြန်မရောက်ခဲ့ပါ။ ထို့အတူ အောင်မြသည်လည်း အိမ်မှ ထွက်သွားပြီဟု ဦးအုပ်စိုးတို့ သားအဖများက ကြေငြာခဲ့ပြီး နောက်ရက်မှ စ၍ ပွဲရုံသို့ ရောက်မလာခဲ့တော့ပါ။ ကိုမြင့်ဆိုင်နှင့် တကွ ပတ်ဝန်းကျင်က အောင်မြနှင့် ခင်ခင်သာတို့ ခိုးရာ လိုက်ပြေးသွားပြီဟု ထင်ခဲ့ကြသည်။ ယခု စိမ်းဝတီတို့က အောင်မြ၏ အရိုးစု အလောင်းကို တွေ့ခဲ့ ကြောင်း ပြောသောအခါ ကိုမြင့်ဆိုင်မှာ ထင်မထားသည်ကို ကြားရသဖြင့် အံသြသွားရသည်။

ဖြစ်နိုင်သည်မှာ ကိုအောင်မြသည် ထို မွေးနေ့ ညတွင် အသတ်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။ ခင်ခင်သာကမူ ဘယ်သို့ ရောက်နေသည် မသိနိုင်ပါ။ ရေတွင်းပျက်ထဲမှ အရိုးမှာ တစ်ယောက်တည်းသာ ဖြစ်ပြီး နှစ်ယောက် မဟုတ်ပါ။ ခင်ခင်သာသည် ထိုညက သေဆုံးခဲ့ခြင်း မဟုတ်လျှင် တစ်နေရာရာတွင်တော့ ရှိနေရမည်။ ခင်ခင်သာ့ ဖခင် ဦးသာအိုးသည် ခင်ခင်သာ အောင်မြနှင့် ခိုးရာ လိုက်ပြေးသည် ထင်၍ သမီးကို စိတ်နာပြီး လုံးဝ လိုက်မရှာ၊ သတင်းလည်း မစုံစမ်းခဲ့ဟု သိရသည်။

ဦးသာအိုးသည် အောင်မြကို သမီးနှင့် သဘောမတူသူ ဖြစ်သောကြောင့် သူနှင့် သူ့ တပည့်များက အောင်မြကို သတ်ပြီး သူတို့ ခြံထဲရှိ ရေတွင်းပျက်ထဲတွင် မြှုပ်ထားနိုင်သည်။ သမီးကိုတော့ တစ်နေရာရာသို့ ပို့ပြီး ဇာတ်မြှုပ် ထားနိုင်သည်။ သို့မဟုတ် ခင်ခင်သာက ငြင်းသဖြင့် အရှက်ရသွားသော စိုးမြင့်ဦးသည်လည်း အောင်မြကို ရန်လုပ်နိုင်သည်။ တစ်ခါတုန်းကပင် အောင်မြကို စိုးမြင့်ဦးနှင့် အပေါင်းအသင်းများက ဝိုင်းဝန်း ရိုက်နှက်ဖူးသေးသည် မဟုတ်လား။

ထိုအချက်များက စိမ်းဝတီ၏ တွေးဆချက်သက်သက်သာ ဖြစ်နေသေးသည်။ ဦးသာအိုး၊ ဒေါ်ခင် နှင့် ခင်ခင်သာ တို့ ဘယ်ရောက်နေသည်ကို သိအောင် စုံစမ်းရဦးမည်။ နောက်ထပ် သက်သေ ဖြစ်နိုင်မည့် အချက်အလက်များကို ထပ်မံ စုဆောင်းရဦးမည်။ စိုးမြင့်ဦး သတ်သည် မှန်လျှင်ပင် သူ့ကို အရေးယူနိုင်သည့် သက်သေ အထောက်အထားက ဘာမှ မရှိပါ။ လူသတ်မှုကလည်း နှစ်ပေါင်းကြာခဲ့ပြီ ဖြစ်သောကြောင့် စိမ်းဝတီတို့ အနေနှင့် တရားခံရှာဖို့ ခက်နေဦးမည်ပင်။
#####

(၅)
စိမ်းဝတီတို့အတွက် ကံကောင်းချင်တော့ ရေတွင်းဆည်သော အလုပ်သမားများထဲက တစ်ယောက်က ရေတွင်းပျက်ထဲမှ ရသော လက်စွပ်တစ်ကွင်းကို လာရောက် အပ်နှံခြင်းပင် ဖြစ်သည်။ ရေတွင်းပျက်ကို ဆယ်သော နေ့ကပင် ပါလာခဲ့ခြင်း ဖြစ်သော်လည်း ထိုအလုပ်သမားက အခြားလူများ မမြင်ခင် တစ်ယောက်တည်း မြင်ခဲ့သောကြောင့် ဘယ်သူမှ မသိအောင် ကောက်ယူထားခဲ့သည်။ ချက်ချင်းကြီး သွားမရောင်းရဲသောကြောင့် အိမ်မှာ သိမ်းထားစဉ် ညဘက် အိပ်မက်ထဲတွင် ယောက်ျားတစ်ယောက်က လက်စွပ်ကို လူသတ်မှု စုံစမ်းရေး အဖွဲ့ထံသို့ ပေးအပ်ရန် ပြောသည် ဆို၏။ ညတိုင်း အိပ်မက်ပေးသည့်အပြင် ကုတင်ပေါ်မှ ဆွဲချခြင်း ပါးရိုက်ခြင်းတို့ပါ လုပ်လာသောကြောင့် မထားရဲတော့ပဲ လာအပ်ရခြင်း ဖြစ်သည်ဟု ထိုသူက ဆိုသည်။

လက်စွပ်က ရှေးလက်ရာ ယောက်ျားဝတ် လက်စွပ်ဖြစ်ပြီး အရည်အသွေး ကောင်းသော ကျောက်များဖြင့် ပြုလုပ်ထားသော နဝရတ် လက်စွပ်တစ်ကွင်း ဖြစ်သည်။ လက်စွပ်အတွင်းဘက်တွင် အက်စ် အက္ခရာ ပုံစံ ခပ်ရေးရေး ထွင်းထားသည်ကိုလည်း တွေ့ ရသည်။ နဝရတ် လက်စွပ်ဆိုသည်ကို လူတိုင်းမဝတ်တတ်ကြပါ။ ပြုလုပ်ပေးသူက သေချာ အစီအရင်ဖြင့် အဆောင်ကောင်း တစ်ခု ဖြစ်အောင် လုပ်တတ်ကြသည် ဟုလည်း ကြားဖူးသည်။ ထိုလက်စွပ် ပိုင်ရှင်သည် သေဆုံးသူနှင့် ပတ်သက်မည်မှာ သေချာသည်။

စိမ်းဝတီသည် အရင်ခေတ်က ထိုရပ်ကွက်ထဲတွင် နာမည်ကြီးခဲ့သော ပန်းထိမ်ဆိုင်များကို လိုက်စုံစမ်းသည်။ တချို့ ဆိုင်များမှာ မိဘများ လက်ထက်က လုပ်ကိုင်ခဲ့ပြီး ယခု မလုပ်တော့သဖြင့် စုံစမ်းမရ ဖြစ်ရသည်။ အရင်ခေတ်က ပန်းထိမ်လုပ်ခဲ့သော မိဘများ ဆုံးပါးသဖြင့် ဘာမှ မေးမရသည်လည်း ရှိသည်။ နောက်ဆုံးတွင် နေရာသစ်သို့ ပြောင်းလဲပြီး တိုးတက်အောင်မြင်နေသော ပန်းထိမ်ဆိုင် တစ်ဆိုင်သို့ ရောက်ခဲ့သည်။ ထိုဆိုင်သည် ဆွေစဉ်မျိုးဆက် ပန်းထိမ် လုပ်လာသော ဆိုင်ဖြစ်ပြီး ထိုအရပ်တွင် နာမည်အကြီးဆုံး ဆိုင်ဖြစ်ခဲ့သည်။ ယခု အနားယူနေပြီ ဖြစ်သော ပန်းထိမ်ဆရာ အဘိုးကြီးက သူလုပ်ပေးခဲ့သော နဝရတ် လက်စွပ်ကို ကောင်းကောင်း မှတ်မိသည်။ ကိုးပါးသီလခံယူကာ အဓိဌာန်ဝင်ပြီး အဆောင်အနေနှင့် သေချာလုပ်ပေးခဲ့သော လက်စွပ်ဖြစ်ကြောင်း ဇာတ်ကြောင်း ပြန်ပြောပြသည်။ လက်စွပ်ပိုင်ရှင်မှာ ဦးအုပ်စိုးပင် ဖြစ်သည်။ ဦးအုပ်စိုးသည် ထိုလက်စွပ် ပျောက်သွားပြီး နောက်ထပ် လက်စွပ်တစ်ကွင်းကို ထိုဆိုင်မှာပင် လာအပ်ခဲ့ကြောင်းလည်း သိရသည်။ နောက်ထပ် အပ်သော လက်စွပ်မှာတော့ အက်စ် အမှတ်အသား ထွင်းမပေးလိုက်ကြောင်း ပန်းထိမ်ဆရာ အဘိုးကြီးက ပြောပြသည်။

စိမ်းဝတီသည် ချက်ချင်းပင် ရေတွင်းပျက်ထဲတွင် တွေ့ရသော အရိုးစုကို သတ်သည့် တရားခံ ဝတ်ထားခဲ့သည်ဟု ယူဆခဲ့သော လက်စွပ်တစ်ကွင်းကို သက်သေ အနေနှင့် ရှာတွေ့ ထားကြောင်း သတင်းဖြန့် လိုက်သည်။ ဦးစိုးမြင့်ဦး မိသားစု ဆီသို့ သတင်းရောက်စေရန် ရည်ရွယ်ပြီး ဖြန့်ခြင်း ဖြစ်သည်။

ရဲစွမ်းနိုင်ကတော့ ဦးသာအိုးတို့ မိသားစု နောက်သို့ လိုက်နေဆဲဖြစ်သည်။ Facebook နှင့် internet ပေါ်မှာလည်း ရှာသည်။ အပြင်မှာလည်း ရှာသည်။ နောက်ဆုံးတော့ facebook ပေါ်တွင် ဦးသာအိုး မြေးဟု ထင်ရသော မိန်းကလေး တစ်ယောက်ကို တွေ့ရာမှ အစရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဦးသာအိုး၏ သားဖြစ်သူကို စုံစမ်း၍ ရခဲ့သည်။ ခင်ခင်သာမှာ ထိုညကစ၍ ပျောက်ဆုံးခဲ့ခြင်းမှာ အမှန်ပင် ဖြစ်သည်။ ဒေါ်ခင်သည် သမီးစိတ်နှင့် စောစီးစွာ ဆုံးပါးသွားခဲ့သည်။ ဦးသာအိုးကတော့ လွန်ခဲ့သော ၂ နှစ်လောက်ကမှ ဆုံးသွားခြင်း ဖြစ်သည်။ သားဖြစ်သူသည် အခင်းဖြစ်စဉ်က ထိုအရပ်မှာ မနေခဲ့သူ ဖြစ်သောကြောင့် ထိုသူနှင့်တော့ မသက်ဆိုင်ခဲ့ပါ။ သူတို့ မိသားစုသည် နောက်ပိုင်းတွင် ခင်ခင်သာကို လိုက်လံ စုံစမ်းရှာဖွေ ခဲ့သော်လည်း လုံးဝ စုံစမ်း မရခဲ့ကြောင်း သိခဲ့ရသည်။
#####

စိမ်းဝတီတို့ ဌာနသို့ သူခိုး နှစ်ခါ ဝင်သည်။ ပထမ တစ်ညက မမိလိုက်ပဲ လွတ်သွားသော်လည်း ဘာပစ္စည်းမှတော့ ပါမသွားပါ။ ရဲဌာနသို့ ဝင်ခိုးခြင်းသည် အဖိုးတန်ပစ္စည်း လိုချင်၍ မဟုတ်သည်မှာ သေချာသည်။ ဒုတိယညမှာတော့ သူခိုးကို မိလိုက်သည်။ စိမ်းဝတီနှင့် ရဲစွမ်းနိုင်က ရုံးခန်းတွင် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။ စိမ်းဝတီတို့ လွှင့်လိုက်သော သတင်းသည် ဦးစိုးမြင့်ဦးတို့ မိသားစုဆီ မျှော်လင့်သည်ထက်ပင် စောစီးစွာ ရောက်သွားခဲ့ပုံရသည်။ သူခိုးသည် ဖောက်ထွင်း ကျွမ်းကျင်သော နာမည်ကြီး ဖောက်ထွင်းဝိဇ္ဇာ ဖြစ်သည်။ ထိုသူ့ကို စစ်မေးလိုက်သောအခါ ဦးစိုးမြင့်ဦးက ငွေပေး၍ စေခိုင်းကြောင်း ဖော်တော့သည်။

ဦးအုပ်စိုးသည် အသက် ၆၅ နှစ် ကျော်ပြီ ဖြစ်သော်လည်း သန်တုန်း မြန်တုန်း ဖြစ်သည်။ ကုမ္ပဏီကိုလည်း သားကို ဦးစီးခိုင်းထားသော်လည်း သူက နောက်ကွယ်က ညွှန်ကြားနေဆဲ ဖြစ်သည်။ စိမ်းဝတီသည် ဦးအုပ်စိုးနှင့် တစ်ခေါက်လောက် တွေ့ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဦးအုပ်စိုးသည် သူ့ အိမ်တွင် စိမ်းဝတီကို ကောင်းကောင်းပင် လက်ခံတွေ့ဆုံသည်။ သေဆုံးသူ ကိုအောင်မြနှင့် ပတ်သက်ပြီး မေးသောအခါတွင်တော့ သူ့သား ဦးစိုးမြင့်ဦး နှင့် တစ်လေသံတည်း ထွက်ဆိုသည်။ ကိုအောင်မြသည် သူတို့အိမ်က ထွက်သွားခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး သူတို့ လုံးဝ မသိကြောင်း၊ သူတို့နှင့် လုံးဝ မပတ်သက်ကြောင်း ရုပ်မပျက်ပဲ ပြောနိုင်သည်။

ဦးအုပ်စိုး၏ လက်တွင် နဝရတ် လက်စွပ်တစ်ကွင်း ဝတ်ထားသည်ကို စိမ်းဝတီက သတိထားမိလိုက်သည်။ အဘိုးကြီးသည် နဝရတ် လက်စွပ် ကြိုက်ပုံရသည်။ စိမ်းဝတီက ရေတွင်း ဆယ်ယူရာမှ ရခဲ့သော လက်စွပ်ကို အဘိုးကြီးကို ပြလိုက်သည်။ အဘိုးကြီးက ပထမတော့ သာမန်လက်စွပ်ဟု ထင်ကာ သိပ်မကြည့်ပါ။ စိမ်းဝတီက အတွင်းဘက်သို့ ကြည့်ရန် ပြောတော့မှ အတွင်းဘက်က အမှတ်အသားကို ကြည့်ကာ အဘိုးကြီး ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။ စိမ်းက ထိုလက်စွပ်ကို ဦးသာအိုးတို့ အိမ်နောက် ရေတွင်းပျက်ထဲက ရခဲ့ကြောင်း ပြောသောအခါ အဘိုးကြီး မျက်နှာပျက်သွားသည်။ စိမ်းက မမေးရသေးပဲနှင့် သူ့ လက်စွပ်မဟုတ်ကြောင်း ငြင်းတော့သည်။ လက်စွပ်သက်သေနှင့် ဖမ်းဆီးစစ်ဆေး၍ ရကြောင်း ပြောခဲ့သော်လည်း တကယ်တမ်းတော့ ပြစ်ဒဏ် ရရန် သေချာလောက်သည့် သက်သေတော့ မဟုတ်သေးပေ။ ဘယ်လိုပင် ဖြစ်စေ ဦးအုပ်စိုးတို့ သားအဖကိုတော့ လွန်ခဲ့သော ၁၀ ကျော်က လူသတ်မှုနှင့် တရားစွဲဆို ရမည် ထင်သည်။
#####

(၆)
ဆရာလေး ဒေါ်ခေမာစာရီ သည် အသက် ၃၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သို့သော် သူမ၏ မွေးနေ့ကို မည်သူမှ မသိကြပါ။ သူမ ကျောင်းသို့ ရောက်နေသည်မှာတော့ ၁၀ နှစ်ကျော်ပြီဟု ဆရာတော်က ပြောပြ၍  သိကြရသည်။ မြစ်ရေထဲတွင် မျောပါလာသဖြင့် ပတ်ဝန်းကျင်က ဆယ်ယူ ဆေးရုံပို့ပြီးနောက် ဘာ စကားမှလည်း မေးမရ၊ ပြန်စရာ အိမ်လည်း မရှိသောကြောင့် ဆရာတော် ကျောင်းကို ပို့ ၍ သီလရှင် ဝတ်ပေးလိုက်ကြခြင်း ဖြစ်သည်။ ဆရာတော် ကျောင်းတွင် သီလရှင် ဆရာကြီး ဆရာလေး စုစုပေါင်း ၂၀ ကျော်ခန့် ရှိသည်။ ဆရာလေးသည် အနေအေးပြီး အားလုံးအပေါ် ကျိုးနွံသောကြောင့် ကျောင်းရှိ သီလရှင် ယောဂီ အားလုံးကလည်း ချစ်ခင်ကြသည်။ ဆရာလေးသည် သူ့ဘဝ အတိတ်အကြောင်းနှင့် ပတ်သက်ပြီး ဘာတစ်ခုမှ မမှတ်မိတော့သည်လား၊ မပြောလိုသည်လား မသိ၊ ဘာတစ်ခွန်းမှ ပြောဆိုခြင်း မရှိပါ။ ဘာတစ်ခုမှ မေးမြန်း၍ မရပါ။ တရားချိန်ကို မှန်မှန်တက်သည်။ ကူလုပ်စရာရှိလျှင် ကူလုပ်သည်။ ဘယ်သူ ခိုင်းခိုင်း မညည်းမညူ လုပ်ပေးသည်။ သို့အတွက် သူမကို ဘယ်သူကမှလည်း ဘာမှ စပ်စုမနေကြတော့ပေ။ ဤကျောင်းရှိ အမြဲတမ်း သီလရှင် စာရင်းတွင်သာ သွင်းထားလိုက်ကြသည်။

တစ်ညတွင်တော့ ဆရာလေး ဒေါ်ခေမာစာရီသည် အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။ ထိုအိပ်မက်ထဲတွင် သူသည် ခြံကြီး တစ်ခု နောက်တွင် ရောက်နေပြီး လူသုံးယောက်က လူတစ်ယောက်ကို ဝိုင်းဝန်း ရိုက်ပုတ်နေသည်ကို ကြည့်နေရသည်။ သုံးယောက်ထဲမှ တစ်ယောက်က အုတ်ခဲဖြင့် ထိုလူ၏ ခေါင်းကို ထုချလိုက်ပြီး မလှုပ်မယှက် ဖြစ်နေသော ထိုလူကို ရေတွင်းထဲ ပစ်ချလိုက်သည်ကို မြင်လိုက်ရသည်။ အိပ်မက်ထဲတွင် သူမသည် အသံမထွက်အောင် ကြိတ်၍ ငိုရှိုက်နေသည်ကို သိနေရသည်။ ထိုလူသုံးယောက် မြင်မသွားအောင် သူမက သစ်ပင်နောက်တွင် ပုန်းနေခြင်း ဖြစ်သည်။ ထိုလူ သုံးယောက် မသိအောင် သူမသည် တစ်ခြား တစ်ဘက်သို့ ပြေးထွက်လာခဲ့သည်။ ထိုအချိန်တွင် မောကြီးပန်းကြီး ငိုရှိုက်ရင်း အိပ်ရာမှ လန့်နိုးလာခဲ့သည်။ ထို အဖြစ်အပျက်ကို သူမ မသိပါ။ အိပ်မက်ထဲတွင် ဇာတ်လမ်းတစ်ခုလို မြင်ရခြင်း ဖြစ်သည်။ မနက် ၂နာရီခွဲတွင် အိပ်မက်မှ နိုးလာသော ဆရာလေးသည် ပြန်မအိပ်တော့ပဲ တရားထိုင်နေလိုက်သည်။

ဆရာလေးသည် နောက်နှစ်ညလောက် ထိုအိပ်မက်ကို ဆက်တိုက်မက်လေသည်။ နောက်ညမှာတော့ လူတစ်ယောက်က “ဆရာလေး၊ တပည့်တော်ကို မမှတ်မိတော့ဘူးလား၊ တပည့်တော်ကို သတ်ခဲ့တဲ့ လူတွေကို အပြစ်ရအောင် လုပ်ပေးပါ ဆရာလေး” ဟု ဆရာလေးကို တောင်းပန်လေသည်။ “တပည့်တော် အလောင်းကို ရဲတွေ တွေ့သွားပြီ၊ ဘယ်သူ သတ်လဲ ဆိုတာ သူတို့ ရှာနေကြတယ်၊ အဲဒီတုန်းက ဆရာလေး မြင်ခဲ့တာတွေကို ပြန်ပြောနိုင်မယ် ဆိုရင် တပည့်တော်ကို သတ်ခဲ့တဲ့ လူတွေကို သူတို့ အပြစ်ပေးနိုင်မှာပဲ” ဟု သူက ပြောသွားသည်။ သို့သော် ဆရာလေး စိတ်ထဲတွင် ထိုလူကို သိသလိုလို၊ မသိသလိုလို ဖြစ်နေသည်။ ထိုလူ၏ ပြောပုံအရ တစ်နေ့ညက မက်သော အိပ်မက်ထဲမှ အသတ်ခံလိုက်ရသူသည် ထိုသူ ဖြစ်မည်ဟု ထင်သည်။ ထိုသူသည် ဆရာလေးနှင့် မည်သို့ ပတ်သက်ခဲ့ဖူးသည် မသိပါ။

နောက်တစ်ညမှာတော့ ဆရာလေး အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအို တစ်ယောက်ကို တွေ့ရသည်။ ထိုအဘိုးက “သမီး၊ သနားစရာ ကောင်းတဲ့ ၃၁ ဘုံသား တစ်ယောက်ကို ကူညီရမယ်၊ သူ့ကို သတ်ခဲ့တဲ့ သူတွေကို အပြစ်မပေးနိုင်မချင်း သူက ဘယ်က အမျှပေးပေး သာဓု မခေါ်တဲ့အတွက် မကောင်းတဲ့ ဘဝကနေ မကျွတ်လွတ်နိုင်ဘူး ဖြစ်နေတယ်ကွယ်။ အခု သူ့ကို သတ်ခဲ့တဲ့ လူတွေ တရားဥပဒေက ပေးတဲ့ အပြစ်ကို ခံရဖို့ အချိန် ကျရောက်လာပြီ၊ သမီး ကူညီရမယ်၊ အဘိုး ပြတာကို ကြည့်ပါ” ဟု ပြောပြီး မြင်ကွင်းများကို ပြသည်။ ဆရာလေး စိတ်ထဲတွင် မှတ်ဥာဏ် သိစိတ်များ အလိုလို ဝင်လာသည်။ သီလရှင် ဘဝ မရောက်ခင်က လူအမည် ခင်ခင်သာ ဖြစ်ခဲ့သည့် အကြောင်း၊ သူမ၏ ချစ်သူ အသတ်ခံရသည့် အကြောင်းများကို အလိုလို မှတ်မိလာသည်။
#####

(၇)
မှုခင်း ရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ ဦးအုပ်စိုးနှင့် ဦးစိုးမြင့်ဦးကို လွန်ခဲ့သော ၁၀ နှစ်က လူသတ်မှု အတွက် တရားခံ အနေနှင့် တရားစွဲဆိုခဲ့ပါသည်။ သေဆုံးသူ ကိုအောင်မြနှင့် ဦးအုပ်စိုးတို့ ပတ်သက်မှုကို ကိုမြင့်ဆိုင်က သက်သေ ထွက်ဆိုပေးသည်။ သေဆုံးသူ၏ အလောင်းနှင့် အတူ တစ်နေရာတည်းမှ ရရှိခဲ့သော နဝရတ် လက်စွပ် ကို ပြုလုပ်ပေးခဲ့သော ပန်းထိမ်ဆရာ အဘိုးကြီးကလည်း ဦးအုပ်စိုး လက်စွပ်ဖြစ်ကြောင်း သက်သေ ခံနိုင်သည်။ ထိုသက်သေ လက်စွပ် ကို လာရောက် ခိုးယူရန် ဦးစိုးမြင့်ဦးက ကြိုးစားခဲ့ခြင်း လည်း ရှိသေးသည်။

သို့သော် လွန်ခဲ့သော ၁၀နှစ်က အမှုကို ထိုမျှလောက်သော သက်သေနှင့်တော့ ကျိန်းသေပေါက် အပြစ်ပေးနိုင်ဖို့ရာ မလွယ်မှန်းလည်း စိမ်းဝတီတို့ သိပါသည်။ သို့သော် ဘုရားဒကာ ကျောင်းဒကာ သဌေးကြီးများ အဖြစ် လက်ရှိရပ်တည်နေသော ဦးအုပ်စိုးတို့ သားအဖ နာမည် ပျက်ပြီး အပြစ်ဒဏ် အနည်းငယ်မျှ ခံရလျှင်ပင် သေဆုံးသူ အတွက် တစ်ခုခု လုပ်ပေးနိုင်ခြင်း ဖြစ်သည်ဟု စိမ်းဝတီတို့အဖွဲ့က ယူဆပြီး တရားစွဲခြင်း ဖြစ်ပါသည်။ တရားခံများက နာမည်ကြီး ရှေ့ နေ ငှား၍ အမှုကို ခုခံကြပါသည်။ တရားလို ရှေ့ နေ ဒေါ်ဝေဝေထက်ကလည်း တရားခံ အစစ်အမှန်များကို အပြစ်ဒဏ် ကျခံစေရန် တရားလိုရှေ့နေအဖြစ် ဆောင်ရွက်နေကြ အရည်အချင်းပြည့် ရှေ့နေ တစ်ယောက်ပင် ဖြစ်ပါသည်။

စိမ်းဝတီ နှင့် နွယ်နီနိုင်တို့ လည်း တရားခွင်တွင် နားထောင်နေကြပါသည်။ လိုအပ်ပါက သက်သေ အနေနှင့် ထွက်ဆို ပေးရန်လည်း ဖြစ်ပါသည်။ ရဲစွမ်းနိုင်နှင့် တရားရုံးတွင် ချိန်းထားသော်လည်း ခုထိ ရောက်မလာသေးပါ။

စိမ်းဝတီသည် ညက ဘုရားရှိခိုးရင်း အမှန်တရား ဘက်က နိုင်ပါစေကြောင်း ဆုတောင်း ခဲ့ပါသေးသည်။ ဦးအုပ်စိုး တို့ကို ပုဂ္ဂိုလ်ရေးအရ မုန်းလည်း မမုန်းပါ။ သေဆုံးသူသည်လည်း အသိအကျွမ်း မဟုတ်ပါ။ အမှန်တရားဘက်မှ နိုင်စေချင်၍ အပြစ်လုပ်ထားသူများ အပြစ်ဒဏ် ခံစေလိုခြင်းသာ ရှိပါသည်။ ညက စိမ်းဝတီသည် အိပ်မက်တစ်ခု မက်ခဲ့သည်။ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအို က စိမ်းဝတီကို “ဘာမှ မပူပါနဲ့ သမီး တရားလို ဘက်က သက်သေ တစ်ယောက် ရောက်လာ ပါလိမ့်မယ်၊ အဲဒီအခါ အားလုံး ပြီးသွားမှာပါ” ဟုပြောသွားသည်။

ဒေါ်ဝေဝေထက် တင်သွင်းသမျှကို တရားခံရှေ့ နေက ချက်ကျ လက်ကျ ကာကွယ်နိုင်နေသော်လည်း တရားသူကြီးက မှန်ကန်သော တရားသူကြီး ဖြစ်သောကြောင့် ဒေါ်ဝေဝေထက် ပြောသော အချက်အလက် သက်သေ များက မှန်ကန်ပြီး တရားခံရှေ့နေက အတင်းကြီး အကွက်ဆင် ကာကွယ် နေကြောင်း သိနေပုံရသည်။ အောင်မြနှင့် ရန်ငြိုး မရှိကြောင်း သူတို့၏ ယခင် အလုပ်သမားထဲမှ လူတစ်ယောက်ကလည်း လာရောက် ထွက်ဆိုသွားခဲ့သည်။ တရားသူကြီးက တရားလို ရှေ့နေကို နောက်ထပ် သက်သေ သွင်းလိုသလား ဟု မေးသည်။ ဒေါ်ဝေဝေထက်မှာ ပြောရန် ဆွံ့ အ နေသည်။ သူမမှာ နောက်ထပ် ထုတ်စရာ ဝှက်ဖဲ မရှိပါ။ ရှိသမျှကို အကောင်းဆုံး တင်ပြခဲ့ပြီးပြီ ဖြစ်သည်။

ထိုအချိန်တွင် ရဲစွမ်းနိုင်သည် အသက် ၃၀ ကျော်ခန့် အရွယ် အမျိုးသမီး တစ်ယောက်နှင့် အတူ တရားခွင်ထဲသို့ ရောက်ရှိလာသည်။ အမျိုးသမီး၏ မျက်နှာသည် ကြည်လင်နေသည်။ သီလရှင် လူထွက် ပုံစံ ခေါင်းတုံး နှင့် ဖြစ်သည်။
“တရားလိုဘက်က သက်သေကို သွင်းချင်ပါတယ်” ဟု ရဲစွမ်းနိုင်က ပြောလိုက်သည်။ စိမ်းဝတီနှင့် နွယ်နီနိုင်ပင် ပါးစပ် အဟောင်းသားနှင့် သူတို့ကို ကြည့်နေရသည်။
“သေဆုံးသူ ဦးအောင်မြ မသေဆုံးခင်က ချစ်သူ ဖြစ်ခဲ့ဖူးတဲ့ ဒေါ်ခင်ခင်သာ ပါ”
ရဲစွမ်းနိုင်က တရားသူကြီးနှင့် တကွ တရားခွင်မှ လူအားလုံး ကြားအောင် အသိပေးလိုက်ပါသည်။ ဦးစိုးမြင့်ဦး ပါးစပ်မှ “ခင်ခင်” ဟု အံသြတကြီး ထွက်သွားသည်။ ဒေါ်ခင်ခင်သာ ဖြစ်သည်မှာ သေချာပါသည်။ တရားသူကြီးက တရားလိုဘက်မှ သက်သေ အဖြစ် လက်ခံ လိုက်ပါသည်။

ဆရာလေး ဒေါ်ခေမာစာရီသည် သေဆုံးသူ ချစ်သူဟောင်း အတွက် အမှန်တရား ဖြစ်သော်လည်း တစ်ဘက်သားများ အတွက် ဒုက္ခပေးရာ ရောက်သော ကိစ္စ ဖြစ်သောကြောင့် သီလရှင် ဝတ်နှင့် မပြော မဆိုချင်သည့် အတွက် ခေတ္တ လူထွက်ကာ လူဝတ်ကြောင် အဝတ်ကို ဝတ်ခဲ့ခြင်း ဖြစ်သည်။ အိပ်မက်ထဲက အဘိုး ညွှန်ကြားသော အဆောက်အအုံ သို့ သွားရောက်ခဲ့ရာ အထူးမှုခင်းရဲတပ်ဖွဲ့၏ ရုံးခန်း ဖြစ်နေပါသည်။ ရုံးရှေ့ တွင် တရားရုံးသို့ လာရောက်တော့မည့် ရဲစွမ်းနိုင်နှင့် တွေ့ ဆုံခဲ့ခြင်းပင် ဖြစ်ပါသည်။

လွန်ခဲ့သော ၁၄ နှစ်က ဦးအုပ်စိုး၊ စိုးတင့်ဦး နှင့် စိုးမြင့်ဦး သားအဖ သုံးယောက်က ကိုအောင်မြကို မည်သို့ မည်ပုံ သတ်ခဲ့ပြီး ရေတွင်းဟောင်းထဲသို့ ပစ်ချထားခဲ့သည့် အကြောင်းများကို ဒေါ်ခင်ခင်သာက တိတိကျကျ ထွက်ဆိုခဲ့ရာ သားအဖ သုံးယောက်မှာ မည်သို့ မှ မငြင်းသာတော့ပါ။ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း အရိုးစု သက်သေ တစ်ခုမှ စတင်ကာ တရားခံများကို ထိုက်သင့်သော အပြစ်ပေးနိုင်တော့မည် ဖြစ်ပါသည်။

လောကီကိစ္စများ ပြီးဆုံးလျှင် ဒေါ်ခင်ခင်သာသည် ဒေါ်ခေမာစာရီ ဘဝသို့ ပြန်လည် ကူးပြောင်းမည် ဖြစ်ပါသည်။ သေဆုံးသူ ကိုအောင်မြ အတွက်လည်း ကုသိုလ်ကောင်းမှုပြုကာ အမျှအတန်းပေးဝေ၍ ကောင်းမွန်ရာ ဘုံဘဝသို့ ကူးပြောင်း စေရမည် ဖြစ်ပါတော့သည်။

(မှုခင်းဆိုင်ရာ စစ်ဆေးချက်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ရှိပါက နားလည် ပေးစေလိုပါသည်။)

သိင်္ဂါကျော်

19.10.2016
10:41 PM

03 April, 2015

ခွင့်လွှတ်ခြင်းငှာ မထိုက်တန်သော


လူတစ်ယောက်မှာ အချစ်တစ်ခုထက် ပိုရှိနိုင်သလား။ အချစ်ဆိုသည်က တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ချစ်နိုင်သည့်အရာလား။ ဒါမှမဟုတ် အချစ်ကို ပေါ့ပေါ့တန်တန် သဘောထားသူတို့က ပေါ့ပေါ့တန်တန် ခဏခဏ ချစ်နိုင်ကြသလား။ နွေ့အတွက်တော့ အချစ်သည် အခုအချိန်အထိ တစ်ခုတည်းသာ မပြောင်းမလဲ ရှိခဲ့သည်။ အချစ်နှင့် သစ္စာသည် အတူတွဲ ရှိသင့်သည့်အရာဟု နွေက သတ်မှတ်ထားသည်။ သစ္စာကို တန်ဖိုးမထားသူ တစ်ယောက်ကို နွေ့အနေနှင့် တန်ဖိုးထားသင့်ပါလား။ သစ္စာဖောက်တတ်သူက သစ္စာဖောက်လေတိုင်း နွေက ဖြစ်တတ်သည့် အရာပဲရယ်လို့  ခွင့်လွှတ်ပေးရမယ် တဲ့လား။ နွေလည်း ခံစားတတ်သည့် သာမန် မိန်းမသားတစ်ယောက်ပါပဲ။ မုန့်ကိုသာ ဝေစားမယ်၊ အချစ်ကို မခွဲဝေနိုင်ဘူး ဆိုသည့် မိန်းမတွေထဲက တစ်ယောက်သာ ဖြစ်သည်။ နွေ့ ခွင့်လွှတ်ခြင်းနှင့် မထိုက်တန်တော့သည့် တစ်နေ့တော့ ချစ်သူကို ထားခဲ့ရတော့မည်သာ ဖြစ်သည်။
*****
နွေနှင့် ကိုကို စတွေ့သည်က သမားရိုးကျ မဟုတ်သော (ခုခေတ်မှာတော့ သမားရိုးကျဟု ပြောလျှင်လည်း ရနေပြီ ဖြစ်သော) online သူငယ်ချင်းအဖြစ် စတွေ့ ခဲ့ခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော ၆နှစ်ကတော့ ခုလောက်ထိ ဖုန်းတွေထဲမှာ internet အသုံးမများသေးပါ။ နွေကလည်း Master Thesis လုပ်ရင်း internet သုံးဖြစ်သူ၊ ကိုကိုကလည်း ရုရှမှာ ဘွဲ့လွန် တက်နေသူမို့  internet အမြဲသုံးနေသူ ဖြစ်သောကြောင့် မမျှော်လင့်ပဲ တွေ့ခဲ့ကြခြင်း ဖြစ်သည်။ အစကတော့ ရိုးရိုး သူငယ်ချင်းပါပဲ။ နွေ့မှာ တစ်ခြား ပြောနေသူတွေလည်း ရှိခဲ့ပါသည်။ ကိုကို့ကိုတော့ သူများတွေနှင့်မတူပဲ နွေက စွဲလမ်းခဲ့သည်။ ကိုကိုကလည်း စကားပြောကောင်းသည်။ မိန်းကလေးတွေ ကျလောက်အောင် ပြောတတ်သောသူ ဖြစ်သည်။ နောက်တစ်ဆင့်တက်ပြီး ကိုကို့ ဓာတ်ပုံကို မြင်ရပြန်တော့လည်း သဘောကျသည့်စိတ်က ပိုပြီး တိုးလာရသည်။ ကိုကိုက မိန်းကလေးတွေ ကျချင်စရာ ဖြူဖြူချောချော စမတ်ကျကျ ရုပ်မျိုး။ နွေကလည်း နွေ့ပုံတွေထဲက အလှဆုံးထင်သည်များကို ရွေးပို့ဖြစ်သည်။ ကိုကို့နှင့် တစ်ရက်လောက် online မှာ မတွေ့ဖြစ်လျှင် နွေ့မှာ နေမရ ထိုင်မရအောင် ဖြစ်ခဲ့သည်။ ကိုကိုကလည်း နွေ့ကို သာမန် သူငယ်ချင်းထက် ပိုပြီး စိတ်ဝင်စားနေသည်ကို ခံစားမိသည်။

နောက်တော့ ထင်ထားသည့်အတိုင်းပင် ကိုကိုက နွေ့ကို ချစ်စကား ပြောလာသည်။ ရက် သိပ်ကြာကြာ မဆိုင်းခဲ့ဘူး ထင်ပါသည်။ နွေက ကိုကို ပေးစေချင်သည့် အဖြေကို ပေးလိုက်သည်။ နွေတို့ နှစ်ယောက် online ချစ်သူတွေ ဖြစ်လာခဲ့သည်။ နွေတို့ VZO မှာ chat ကြသည်။ အရင်ကတော့ viber တွေ video call တွေ ခေတ်မစားသေးပါ။ နွေ့မှာ ချစ်သူဆို၍ ကိုကို တစ်ယောက်တည်း ရှိသလို ကိုကို ကလည်း သူ ချစ်စကား ပြောဖူးသည်မှာ နွေတစ်ယောက်တည်းပါ ဟု ဆိုခဲ့သည်ကို နွေကလည်း မျက်စိမှိတ် ယုံခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် အဝေးကြီးမှာ ဝေးနေသော်လည်း စိတ်ချင်း နီးစပ်သည်ကို နွေက ဂုဏ်ယူစွာ သာယာခဲ့သည်။ နွေ့ အတွက်တော့ ကိုကို့လို လူမျိုး နောက်တစ်ယောက် မရှိနိုင်တော့တာ သေချာလှသည်။

ကိုကို ကျောင်းပြီးလို့ ပြန်လာတော့ နွေလည်း ကျောင်းပြီးလို့ ဆရာမ ဝင်လုပ်နေပြီ ဖြစ်သည်။ ကိုကိုနှင့် ပထမဆုံး စ date လုပ်ပြီး တွေ့ ခဲ့သောနေ့က နွေ့ရင်ခုန်သံသည် ဆယ်ကျော်သက်ကလေးလို ရူးရူးမူးမူး လတ်ဆတ် နေခဲ့သည်။ ကိုကို့ ဓာတ်ပုံကို မြင်ဖူးထားခဲ့သော်လည်း video chat နှင့် chat ဖူးထားသော်လည်း၊ အပြင်မှာ တကယ်တွေ့တော့ ပုံထဲကလိုမှ ချောပါ့မလား၊ ပုပုသေးသေး ဖြစ်သော နွေ့ထက် ဘယ်လောက် အရပ် ပိုမြင့်မလဲ၊  မတွေ့ဖြစ်သော ကာလအတွင်း ဝဝတုတ်တုတ် ကြီး ဖြစ်နေပြီလား စသဖြင့် အတွေးတွေ ယောက်ယက်ခတ်အောင် တွေးနေသေးသည်။ နွေ့ကို အပြင်မှာ တွေ့ရင် ကိုကိုက ချစ်မှ ချစ်ပါဦးမလား၊ နွေ့ကို ရုပ်ဆိုးမလေးလို့ ထင်မှာလား၊ ကိုကို့ လို အသားမဖြူသူမို့  ကြိုက်မှ ကြိုက်ပါ့မလား စသဖြင့်လည်း တွေးမိသေးသည်။ 

ကိုကိုက ယောက်ျားတစ်ယောက် အနေနှင့် သိပ်တော့ အရပ်မြင့်သူ မဟုတ်သော်လည်း နွေ့ထက်တော့ ရှည်သည်ပေါ့။ ဓာတ်ပုံများထဲကလိုပင် ချောမော ခန့်ညားသူ ဖြစ်သည်။ နွေက ချစ်သော မျက်စိဖြင့် ကြည့်သောကြောင့်လားမသိ။ ကိုကို့မှာ အပြစ်ဆိုစရာ တစ်စုံတစ်ရာ မတွေ့ ခဲ့ရပါ။ ကိုကိုကလည်း နွေ့ကို အပြင်မှာ ပို ချစ်စရာ ကောင်းသည်ဟု ဆိုသည်။ ကိုကိုက နွေတို့နှစ်ယောက် ချစ်ခြင်းကို အတည်အကျ တန်ဖိုးထားသည်ဟု ပြောတော့ နွေ့ ရင်ထဲမှာ နှစ်သက်မှုက အတိုင်းမသိ ဖြစ်ခဲ့ရသည်။  နွေက ကိုကိုနှင့် တွေ့ ဆုံခဲ့ခြင်းကို ကံကောင်းခြင်း တစ်ခုအဖြစ် မှတ်ယူ တန်ဖိုးထားခဲ့ပါသည်။
*****

နွေက ကံမကောင်းစွာ မတည်မြဲခဲ့သော အိမ်ထောင်တစ်ခုမှာ မွေးဖွားခဲ့ရသော တစ်ဦးတည်းသော သမီး ဖြစ်သည်။ ရန်ကုန်သား ဖေဖေက မန္တလေးမှာ ကုန်ရောင်း ကုန်ဝယ် လာလုပ်ရင်း မန္တလေးသူ မေမေနှင့် ချစ်ကြိုက်ခဲ့သည်။ အဘိုးက မေမေ နှင့် ဖေဖေ့ကို သဘောမတူခဲ့သော်လည်း နောက်ဆုံးတော့ လက်ထပ်ဖြစ်ခဲ့သည်။ မေမေတို့ အိမ်ထောင်ရေး နှင့် ပတ်သက်ပြီး နွေ ကောင်းကောင်း မသိသော်လည်း မေမေ့ဘက် လိုက်နေခဲ့ရသော ဖေဖေ့ အတွက် မေမေ့ အဖေ နွေ့ အဘိုး နှင့် မေမေ့ ညီအစ်မများ ဆွေမျိုးများ ဒဏ်ကို တော်တော် ခံခဲ့ရသည်ဟု မေမေကတော့ ပြောဖူးပါသည်။ နွေ သိတတ်သော အရွယ် မရောက်ခင်ကပင် ကွဲကွာသွားခဲ့သော အဖေကို မကောင်းမြင်မိမည် စိုး၍ ဖြေပြောခြင်း ဖြစ်မည် ထင်ပါသည်။ မေမေတို့ ဇာတ်ကြောင်းကို သေချာ မသိနိုင်ခဲ့သောကြောင့် နွေ့ အသိဥာဏ်နှင့် ဘာမှ မဆုံးဖြတ်တတ်သော်လည်း နွေ အရွယ်ရောက်လာသည့် အချိန်တွင် နားလည်မိသည်က မေမေသည် ဖေဖေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ မနာကျည်းခဲ့ပဲ ယခုထိ ချစ်နေဆဲ ဆိုသည်ကိုပင်။

နွေ့ အဘိုးမှာလည်း ဝတ္တုဆန်သော အိမ်ထောင်ရေးမျိုး ရှိခဲ့သူ ဖြစ်သည်။ အဘိုးမှာ အိမ်ထောင် သုံးဆက်မျှ ရှိခဲ့ရာ နှစ်ဆက်ကတော့ အပြိုင်သဘောမျိုးပင် ဖြစ်ခဲ့သည်။ မေမေတို့ ညီအစ်မ သုံးယောက်သည် အဘိုး၏ ပထမ အိမ်ထောင်ဖက်မှ မွေးခဲ့ခြင်းဖြစ်ပြီး အဘွားသည် မေမေ အသက် ၁၆နှစ်လောက်မှာပင် ဆုံးပါးခဲ့သည်။ တတိယ နှင့် နောက်ဆုံး တစ်ယောက်က အဘိုးထက် အတော်ငယ် ခဲ့သည်။ ထိုတစ်ယောက်နှင့် လက်ထပ်ယူချိန်မှာ အဘိုးသည် ကလေး မရနိုင်အောင် လုပ်ထားပြီး ဖြစ်ခဲ့သည်။ သို့သော် အများအမြင်မှာတော့ အဘိုးသည် တတိယ အိမ်ထောင်နှင့် သားတစ်ယောက် ရခဲ့ပါသည်။ အဘိုးလက်ထဲမှာပင် ဖောက်ပြန်ခဲ့ခြင်းကို အဘိုးကိုယ်တိုင် သိသော်လည်း အချစ်ကြီးသူမို့လားမသိ၊ အဘိုးသည် လုံးဝ ပြဿနာ မလုပ်ပဲ ဆက်လက် ပေါင်းဖက် နေခဲ့ပါသည်။ မေမေတို့ ညီအစ်မများကသာ ထိုအကြောင်းကို သိသော်လည်း နွေတို့  ဦးလေးငယ် ကတော့ ထိုအကြောင်းကို လုံးဝ မသိခဲ့ပါ။ ယခုအခါ အဘိုး၏ အိမ်ထောင်ဖက် ဆုံးပါးသွားပြီ ဖြစ်သော်လည်း ဦးလေးငယ်ကို အဘိုးက သားတစ်ယောက်လိုပင် အမြဲ သဘောထားခဲ့ပါသည်။

နွေ့ အဘိုးက စည်းကမ်းကြီးသည်။ ညဆိုလျှင်လည်း အပြင်မထွက်ရ။ ယောက်ျားလေး သူငယ်ချင်းတွေ ပေါင်းတာလည်း မကြိုက်။ တစ်ခြား အများကြီး ဇီဇာကြောင်တာတွေ ရှိသေးသည်။ ဆရာမ အလုပ်ကိုလည်း အဘိုး သဘောကျ နွေ လုပ်ခဲ့ရခြင်း ဖြစ်သည်။ နွေ့အလို ဆိုလျှင် လခများများ ရမည့် အပြင်အလုပ်သာ လုပ်ချင်သည်။ နွေ အဒေါ် နှစ်ယောက်က အပျိုကြီးတွေ ဖြစ်ပြီး နွေ အရွယ်ရောက်ကတည်းက အပျိုကြီး လုပ်ဖို့ ယောက်ျားတွေ မကောင်းကြောင်း ပြောပြပြီး သူတို့ ဇာတ်သွင်းဖို့ ကြံကြပါသည်။ သူတို့ကလည်း ဇီဇာကြောင်ပြီး စည်းကမ်းကြီးသူတွေ သာဖြစ်သည်။ ဦးလေးငယ်ကတော့ တပ်ထဲ ဝင်ခဲ့ပြီး အိမ်ထောင်ကျလည်း ကံမကောင်းရှာပါ။ မကြာသေးခင်ကပင် ပြဿနာတွေ ဖြစ်ပြီး သူ့မိန်းမနှင့် ကွာရှင်းခဲ့သည်။ ကလေး နှစ်ယောက်ကိုတော့ အဘိုးကပင် ထောက်ပံ့ရဦးမည်။

စည်းကမ်းကြီးသော အိမ်ထောင်စုထဲမှာ ကြီးပြင်းခဲ့သူမို့ အပြင်မှာ ရည်စားမရှိခဲ့ပဲ ကိုကိုနှင့်ကျမှ online မှာ တွေ့ ခဲ့ခြင်း ဖြစ်သည်။ တကယ်ဆို ပတ်ဝန်းကျင် အနီးအနားက မပြေလည်သော အိမ်ထောင်ရေးများကို ကြည့်ပြီး စိတ်ကုန်သင့်နေသူ ဖြစ်သော်လည်း နွေကတော့ ကိုကိုနှင့် တစ်အိုးတစ်အိမ် ထူထောင်ဖို့ကို ချစ်သူ ဖြစ်စကပင် စိတ်ကူးယဉ် နေသူ ဖြစ်သည်။ မေမေ မရခဲ့သော၊ ဦးလေးငယ် မရခဲ့သော တစ်သက်တာ တည်တံ့မည့် အိမ်ထောင်တစ်ခုကို ကိုကိုနှင့် အတူ တည်ဆောက်ဖို့  ရည်မှန်းထားခဲ့သည်။
*****
ကိုကိုနှင့် ရင်းနှီးပြီးနောက် သိလာရသည်မှာ ကိုကို့ မိဘများက အညာမြို့လေး တစ်မြို့မှာ နေသည်။ အလုပ်အကိုင် ခိုင်ခိုင်မာမာ မရှိပါ။ ကိုကို့ အဖေ၏ ပင်စင် လစာ လေးသာ ရှိသည်။ အစ်မ တစ်ယောက်က အိမ်ထောင်ကျပြီး တစ်ခြားမှာ နေသော်လည်း မိဘကို အထောက်အပံ့ မပေးနိုင်ပါ။ ကိုကို သုံးဖို့ အနည်းအပါး ချန်ပြီး ကိုကို့ လစာကို မိဘကို လတိုင်း လွှဲရသည်။ နွေ့ မွေးနေ့ ၊ နွေတို့ အချစ် နှစ်ပတ်လည်နေ့  စသည်များမှာ ကိုကို ပေးသော လက်ဆောင်များက အမှတ်တရ ဖြစ်ရုံလောက်သာ ဖြစ်ပြီး တန်ဖိုးကြီးသော လက်ဆောင်မျိုး နွေ မရဖူးပါ။ နွေကတော့ ကိုကို့ မွေးနေ့ ၊ လူကြုံရှိသောအခါ စသည်များမှာ တန်ဖိုးကြီးသော ရှပ်အင်္ကျီ၊ နာရီ စသည်ဖြင့် ပေးဖူးသည်။ ခုလို ဖုန်း ဆင်းကတ် တစ်ကတ်ကို ၁၅၀၀၊ ၂၀၀၀ မရခင်က ကိုကို့ ကို ဆင်းကတ်ပါ ဝယ်ပေးဖူးသည်။ ကိုကိုက သူ ရသော ကတ်ကိုတော့ အိမ်ကို ပေးလိုက်ရသည် ဆိုတော့ ဖုန်းမဆက်ပဲ မနေနိုင်သည့် နွေကပဲ ဝယ်ပေးလိုက်ခြင်း ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အေးအတူ ပူအမျှ ချစ်သူတွေ လို့ သတ်မှတ်ပြီးသည့်နောက် သာသည် နာသည် နွေ မတွက်ချင်ပါ။

နွေက အချမ်းသာကြီး မဟုတ်သော်လည်း ပြည့်စုံ၍ လိုတာရနေသော မိသားစုထဲတွင် ကြီးပြင်းခဲ့ရသူမို့ မပြည်စုံမှုကို သဘောမကျပါ။ တကယ်တော့ နွေ့ စိတ်သဘောက ပေးသလောက်တော့ ပြန်ရချင်သည်။ အချစ်ပဲ ဖြစ်ဖြစ်၊ ဂရုစိုက်မှုပဲ ဖြစ်ဖြစ်၊ ပစ္စည်းပဲ ဖြစ်ဖြစ်။ နွေ့ ဘက်က လက်ဆောင် တစ်ခု ပေးလျှင် ကိုကို့ဘက်ကလည်း တန်ဖိုးမရှိသည် ဖြစ်စေ တစ်ခုလောက်တော့ သိတတ်စွာ ပြန်ပေးသည်ကို လိုချင်သည်။ နွေ့ဘက်က ဖုန်း တစ်ခါ စဆက်လျှင် ကိုကို့ ဘက်ကလည်း တစ်ခါ ပြန်ဆက်စေချင်သည်။

နွေကလည်း စိတ်တိုင်းကျ မဖြစ်လျှင် နည်းနည်းတော့ ရစ်ချင်သည်။ စိတ်ကို ထိန်းချုပ်မထားတတ်ပဲ စိတ်ထဲ ရှိသလို ပွင့်ပွင့်လင်းလင်း ပြောတတ်သော စရိုက်ရှိသည့် နွေနှင့် လျှို့ ဝှက် ဖုံးကွယ်လိုသော ကိုကို တို့ ခဏ ခဏ ပြဿနာ တတ်သည်မှာ အဆန်းမဟုတ်ပါ။ နွေက ဂရုစိုက်လည်း ခံလိုသည်။ ကိုကို့ ကိုလည်း အချိန်တိုင်း လှမ်းစစ်တတ်သည်။ ကိုကို့ကို ဖုန်းဆက် မရလျှင် စိတ်ပူသည်။ ကိုကို တစ်ခြား ကောင်မလေးတစ်ယောက်ယောက် နှင့် ပတ်သက်နေမှာကို နွေ အစိုးရိမ်ဆုံး၊ အပူပန်ဆုံး ဖြစ်သည်။ ကိုကိုက နွေ့ကို ကလေးဆန်လွန်းသည်၊ သဝန်တိုလွန်းသည် ဟု ထင်သည်။ ဘာမဟုတ်သည့် ပြဿနာလေးတွေ ခဏခဏ တက်ကြသော်လည်း နောက်ဆုံးတော့ ပိုချစ်ရသည့် နွေက လျှော့ပေးရသည်ပဲ ဖြစ်ပါသည်။

တစ်သက်တစ်ခါ မင်္ဂလာပွဲကိုလည်း နွေက လှလှပပ ခမ်းခမ်းနားနား ကျင်းပလိုသည်။ နွေသိသလောက် ကိုကို့ မိဘများဘက်က နွေ မျှော်လင့်သလောက် လုပ်ပေးနိုင်ဖို့ မရှိပါ။ နွေသည် ကိုကိုနှင့် နွေ့ အကြောင်း အိမ်ကို ပြောပြဖို့  တော်တော် သတ္တိမွေးခဲ့ရသည်။ မေမေ့ကို အရင်ပြောပြတော့ အေးဆေးသော မေမေကတော့ နွေ ချစ်သောသူကို သဘောတူသည်ပင်။ တဖြည်းဖြည်း စကားသွင်းရင်းနှင့် အဘိုးနှင့် အဒေါ်များက သဘောမတူချင် တူချင် တူလာသည်။ ကိုကို့ မိဘများဘက်ကလည်း နွေနှင့် သဘောတူပါသည်။ ကိုကို ပညာတတ်သလို နွေလည်း တတ်ပါသည်။ ကိုကိုက စစ်ဗိုလ် တစ်ယောက် ဖြစ်သလို နွေလည်း တက္ကသိုလ် ဆရာမ တစ်ယောက် ဖြစ်သည်။ နွေ့ အသိုင်းအဝိုင်းက ပြည့်စုံသလောက်ပင် ကိုကို့ ဘက်က မပြည့်စုံသည်ကိုတော့ နွေက သိပ်သဘောမကျချင်ပါ။ နှစ်ဦးအခြေအနေ အတူတူမှာ မင်္ဂလာပွဲကို နွေ့ဘက်က စိုက်ထုတ်၍ လုပ်ရမည် ဆိုလျှင် မဖြစ်သင့်ဘူး မဟုတ်လား။ အဘိုးက လုပ်ပေးမည် ဆိုလျှင်တောင် နွေက မလုပ်ချင်။ ဘာပဲဖြစ်ဖြစ် နွေတို့  ကိုယ့်ဘာသာကိုယ် ကြိုးစားသင့်သည်ဟု ထင်သည်။
 *****
သူငယ်ချင်းတွေကတော့ နွေက ကိုယ့်ဒုက္ခကိုယ် ရှာသည်ဟု ဆိုကြသည်။ နွေကလည်း ကိုကို့ကို နည်းနည်းလေးမှ စိတ်မချချင်ပါ။ ကိုကို အရင်က ဘယ်ကောင်မလေးတွေနဲ့ပဲ အီစီကလီ လုပ်လုပ်၊ နွေနှင့် ချစ်သူ ဖြစ်ပြီးနောက်တော့ မလုပ်သင့်တော့ဟု တားမြစ်ထားသည်။ ကိုကိုက နွေ့ မှာလည်း online သူငယ်ချင်းတွေ ရှိတာပဲ ဟု ပြန်ပြောသည်။ ကိုကို့ gmail password ကို တောင်းတော့လည်း မပေးခဲ့ပါ။ နွေ့ သူငယ်ချင်း ဆိုသည်တွေက သူငယ်ချင်းသက်သက် သာ ဖြစ်ကြောင်း ပြောတော့ ကိုကို့ မှာလည်း သူငယ်ချင်း အရင်းတွေပဲ ရှိတာမို့ မယုံသင်္ကာ ဖြစ်တာ မကြိုက်ဟု ဆိုသည်။

ချစ်သူ ဖြစ်ကာစ နှစ်တုန်းကတော့ ကိုကိုက ခွင့်ရက်ရတိုင်း နွေ ရှိရာ မန္တလေးသို့ လာ လာ တွေ့လေ့ရှိသည်။ နောက်ပိုင်း နှစ်တွေမှာတော့ တာဝန်တွေ များသည့်အကြောင်း၊ ခွင့်ရက် မရသည့် အကြောင်းတွေနှင့် မလာနိုင်တာ ကြာလာသောအခါ နွေကပဲ အားလပ်သည့် အခါများမှာ သွားတွေ့ရတော့သည်။ နွေကလည်း ပြဿနာကို မီးထွန်းရှာသူ တစ်ယောက် ဖြစ်နေသလား မသိပါ။ အဲသလိုသာ မလုပ်ခဲ့မိလျှင်လည်း ကိုကို့ အကြောင်း နွေ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး မဟုတ်လား။

ကိုကို့ဆီ သွားတွေ့ရင်းနှင့် ထုံးစံအတိုင်း ကိုကို့ ဖုန်းကို ကလိ ကြည့်မိသည်။ call history ထဲမှာ ခဏ ခဏ ခေါ်ထားသော ဖုန်းနံပါတ်တစ်ခုကို သွားတွေ့သည်။ မှတ်ထားသည်ကတော့ သာမန် မိန်းကလေး နာမည်တစ်ခုပင်။ ကိုကို့ ဘက်က ခေါ်သည်ထက် ဟိုဘက်က ခေါ်တာက ပိုများသည်။ အဲဒါတင်မက sms message များပါ အများကြီး တွေ့ရသည်။ ဒီတစ်ခေါက်က ကိုကို့ကို ကြိုမပြောပဲ အံ့သြ ဝမ်းသာ သွားအောင် ဆိုပြီး နွေက ရုတ်တရက် ရောက်ချ သွားသောကြောင့် ကိုကို ဖုန်းကို သန့် ရှင်းရေး လုပ်ဖို့ အချိန်မရလိုက်ခြင်း ဖြစ်သည်။ ကိုကို့ကို မေးတော့ ရိုးရိုး သူငယ်ချင်းပါ ဖြစ်ကြောင်း ပြောသည်။ သို့သော် နွေ့ မျက်စိနှင့် တွေ့နေရသော message များက ရိုးရိုး သူငယ်ချင်း မဟုတ်ကြောင်း သက်သေခံနေသည်။ ဘယ်အချိန်ကတည်းကလဲ မေးသည်ကို သေချာ ပြန်မဖြေပါ။ မကြာသေးသလိုလို၊ တစ်လ နှစ်လပဲ ရှိသေးသလိုလို ပြောသည်။ ထိုမိန်းကလေးကိုလည်း online ကပဲ တွေ့သည် ဆိုသည်ကတော့ မှန်လိမ့်မည် ထင်သည်။

“ဘာမှ မဟုတ်ပါဘူးကွာ၊ ကိုကိုက အားနာလို့ ပြန်ပြောနေတာပါ၊ သူ့ဘက်က တစ်ဖက်သတ် ဖြစ်နေတာ၊ ကိုကိုက ယောက်ျားလေး ဆိုတော့ ပစ်ပစ်ခါခါကြီး ဘယ်လိုလုပ်ပြောမလဲ၊ စိတ်ထဲ ထားမနေပါနဲ့ နွေလေးရာ၊ နောက်မပြောတော့ပါဘူး”

ကိုကိုက နွေ့လက်ထဲက ဖုန်းကို အတင်းလုယူပြီး message များ call log များကို ဖျက်ပစ်လိုက်သည်။ နွေ့ ဦးနှောက် ထဲမှာတော့ ထိုမိန်းကလေး၏ ဖုန်းနံပါတ်က မှတ်မိသွားပြီ ဖြစ်သည်။ ကိုကို့ အခန်းကို လျှောက်မွှေတော့ ထိုမိန်းကလေး ပေးထားပုံ ရသည့် လက်ဆောင်များကိုပါ နွေက တွေ့ သွားပြီး မေးတော့ ကိုကို က ငြင်းသေးသော်လည်း နောက်ဆုံးတော့ ဝန်ခံလိုက်ရသည်။ နွေတို့ အကြီးအကျယ် စကားများ ရန်ဖြစ်ပြီး ပြန်လာခဲ့သည်။ ပြန်လာပြီးနောက် နွေ ထိုမိန်းကလေးဆီ ဖုန်းဆက်လိုက်သည်။ ပေါ်တင်ပင် ကိုကိုနှင့် ပတ်သက်သမျှကို နွေ မေးတော့ သူမကလည်း ပွင့်ပွင့်လင်းလင်းပင် အားလုံး ပြောပြသည်။ သူမကလည်း နွေနှင့် ပတ်သက်၍ ခုမှ သိပုံရသည်။ သူမနှင့် ကိုကို ပတ်သက် သမျှကိုလည်း နွေ အားလုံးလိုလို သိသွားရသည်။

သူမသည် ကိုကို နှင့် နွေ online မှာ စတွေ့သော အချိန်လောက် (အဲဒီထက်တောင် စောနိုင်သည်) ကတည်းက ကိုကိုနှင့် တွေ့ခဲ့သည်။ ကိုကို ပြန်လာတော့ အပြင်မှာ တွေ့ကြသည်။ လက်ဆောင်တွေ အပြန်အလှန် ပေးဖူးသည်။ နွေက စပ်စပ်စုစု သူမ ကိုကို့ ကို ဘာတွေ ပေးဖူးသလဲ ဟု မေးလိုက်မိသေးသည်။ သူမ ကိုကို့ကို ပေးထားသော စုံတွဲ ဖန်ခွက်ကလေး တစ်စုံကတော့ နွေ့ ဆီမှာ ကိုကို့ ချစ်သက်လက်ဆောင် အဖြစ် ရောက်နေပါသည်။ နွေပေးသော လက်ဆောင်တွေကတော့ ယောက်ျားလေး အသုံးအဆောင်များသာမို့  သူမဆီ ရောက်ဟန်မတူပါ။ သူမပဲ ရင်နာရမှာလား။ နွေပဲ ရင်နာရမှာလား မသိတော့ပါ။ သူမနှင့် ဖုန်းပြောပြီးပြီးချင်း ကိုကို့ လက်ဆောင်များကို နွေ ပစ်ပေါက်ခွဲ မိခဲ့သည်။ လက်စသတ်တော့ ကိုကိုသည် သူမ နှင့် နွေ့ကို တပြိုင်တည်းမှာ ပတ်သက် နေခဲ့ခြင်းပါလား။

နွေတို့ ချစ်သူ သက်တမ်း ၄နှစ် ကျော်လာပြီးနောက် နှစ်ဖက် မိဘကို အသိပေးခဲ့ပြီး နှစ်ဖက် မိဘကလည်း သဘောတူခဲ့ပါသည်။ နွေသည် ကိုကို့ မိဘများအိမ်ကို တစ်ခါ လိုက်သွားဖူးပြီး ကိုကိုသည်လည်း နွေ့ အဘိုးနှင့် အမေကို တစ်ခါ လာတွေ့ ဖူးပါသည်။ သူမ အပြောအရ သူမသည်လည်း ကိုကို့ မိဘများနှင့် တစ်ခါမက တွေ့ဖူးပါသည်။ သို့သော် ကိုကို့ အိမ်က သူမကို သဘောမကျဟု သူမက ပြောပြသည်။ သူမက တရုတ်သွေး စပ်သည်။ ဆယ်တန်းကျပြီး ဆက်မဖြေဖြစ်ပဲ ဈေးထဲတွင် အထည်ရောင်းနေသူဖြစ်သည်။ သူမ အိမ်နားမှာ အင်တာနက်ဆိုင် ရှိသောကြောင့် အမြဲသုံးဖြစ်သူ ဖြစ်ကာ ကိုကိုနှင့် တွေ့ခဲ့သည်။ ဝင်ငွေကောင်းသော်လည်း စစ်ဗိုလ်တစ်ယောက်၏ တက်လမ်းအတွက် သိပ်မသင့်တော်သူဟု သတ်မှတ်သောကြောင့်လားမသိ။ ကိုကိုရော သူ့မိဘများကပါ သူမနှင့် လက်ထပ်ဖို့ အထိ မရည်ရွယ်သည့် သဘောမှာ ရှိသည်။ နွေကတော့ သူတို့သားနှင့် သင့်တော်သူပေါ့။ မိဘ အသိုင်းအဝိုင်း တောင့်တင်းသည်။ ပညာတတ် ဘွဲ့ နှစ်ဘွဲ့ ရ တက္ကသိုလ် ဆရာမလည်း ဖြစ်သည်။ နွေ့ စိတ်ထဲမှာ နာကျည်းသွားသည်။ ၄ နှစ်လုံးလုံး ကိုကို့မှာ နွေ တစ်ယောက်တည်း ရှိသည်ဟု ယုံကြည်ထားခဲ့သည်မှာ ဘယ်လောက် ရူးမိုက်ခဲ့ပါသလဲ။

ကိုကို့ကို ဖြတ်ဖို့ နွေ ကြိုးစားကြည့်သည်။ ကိုကို ဖုန်းဆက်ပြီး ချော့တာကို မကိုင်မိဖို့ ကြိုးစားသည်။ သူငယ်ချင်းများကလည်း သစ္စာမရှိသော ချစ်သူကို ဖြတ်ဖို့ ပြောကြသည်။ ကိုကို မရှိပဲ နွေ နေနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုယ် မေးမိသည်။ တစ်သက်လုံး ကိုကို့ကို နောက်ထပ် မတွေ့ရဘူး ဆိုလျှင် နွေ နေနိုင်ပါ့မလား။ မစားနိုင် မအိပ်နိုင် ဖြစ်ရလောက်အောင် အထိ နွေ စိတ်ဖိစီးမှု များခဲ့ရသည်။ နွေ့ ဘက်က စ၍ ကိုကို့ကို ပြတ်ပြတ်သားသား လမ်းခွဲဖို့  မဖြစ်နိုင်ပါ။ ကိုကို ကိုယ်တိုင်က နွေ့ကို ထားရစ်ခဲ့လျှင်တော့ ဘယ်လိုမှ မတတ်နိုင်ပဲ ကျန်ခဲ့ရလိမ့်မည်။ နွေနှင့် သူမ ဘယ်သူ့ကို ရွေးမလဲ ဆိုတာ ကိုကို့ကို သာ ဆုံးဖြတ်ခိုင်းလိုက်ပါသည်။

နွေ့ကိုပဲ လက်ထပ်ဖို့ အစကတည်းက ဆုံးဖြတ်ပြီးသားပါ ဟု ကိုကို ပြောခဲ့သည်။ နွေလည်း ထင်ပါသည်။ နွေသည် သူမထက် ကိုကိုနှင့် ပိုသင့်တော်သည်ဟု ကိုကို ထင်သည်လေ။ သူမထက် နွေ့ကို ပိုချစ် မချစ်တော့ သိပ်မသေချာပါ။ ဘာပဲဖြစ်ဖြစ် နွေက မချစ်ပဲ မနေနိုင်သူ ဖြစ်သောကြောင့် အလျှော့ပေး ခွင့်လွှတ်လိုက်ရသည်။ ကိုကို့ ဆီက ကတိတစ်ခုတော့ တောင်းရပါသည်။ သူမကို ပြတ်ပြတ်သားသား ဖြတ်ဖို့ ပါ။ သူမ ပေးထားသော လက်ဆောင် ပစ္စည်းတွေ အားလုံး ပြန်ပေးဖို့ ။ သူမ ဖုန်းနံပါတ်ကို ဘလော့ပစ်ပြီး ဖုန်း လုံးဝ မဆက်ဖို့ ။ သူမကို လုံးဝ ထပ်မတွေ့ဖို့…။ ကိုကိုက ကတိပေးခဲ့သည်။ ကိုကို ဝမ်းနည်းနေမလား ဟု နွေ တွေးနေခဲ့မိသေးသည်။ မိဘကို ချစ်သော သားလိမ္မာ ဖြစ်လျှက် မိဘ သဘောမတူသူနှင့် ဆက်လက် ချစ်ခင် နေခြင်းက ကိုကို သူမ အပေါ် ထားသော စိတ်ပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကိုကို့ကို နွေ စောင့်ကြည့်မည်။ ကိုကို့ကတိအတိုင်း သူမကို ဖြတ်ခဲ့လျှင် နွေတို့ လက်ထပ်ဖို့ ကို စီစဉ်ထားသည့်အတိုင်း နောက်နှစ်လောက်မှာ လုပ်ကိုလုပ်မည်ဟု နွေ ဆုံးဖြတ်လိုက်သည်။
*****
ကိုကိုနှင့် တစ်အိုးတစ်အိမ် ထူထောင်လျှင် ကိုကိုက သူ့လခ အပြင် အပိုအလျှံ ရှာပေးနိုင်မည် မဟုတ်သည့်ပြင် သူ့ မိဘကိုလည်း ထောက်ပံ့ရဦးမည်။ နွေက မိဘအိမ်မှာလို သုံးချင် စွဲချင်သည် ဆိုလျှင် နွေ့ ဘာသာ ရှာနိုင်မှ ရမည်ဟု တွေးမိသည်။ နွေ ဆရာမ အလုပ်က ထွက်ပြီး ရန်ကုန်မှာ စီးပွားရေး လုပ်ကြည့်ချင်သည်။ မေမေက နွေ့ အလိုကို ဘယ်တော့မှ မငြင်းဆန်သူ ဖြစ်သော်လည်း အဘိုးကတော့ လုံးဝ လက်ခံ လိမ့်မည် မထင်ပါ။

နွေ ရန်ကုန် သွားချင်ရခြင်းမှာ တစ်ခြား အကြောင်းလည်း ရှိသည်။ ရန်ကုန်က ဖေဖေ နှင့် နွေ အဆက်အသွယ် ရခဲ့ပြီ။ နွေက စတင်ပြီး ရှာဖွေ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ ဖေဖေ့မှာ နောက်ထပ် အိမ်ထောင်နှင့် သားသမီး သုံးယောက်ပင် ထွန်းကားနေလေသည်။ မေမေက ဒီအတိုင်း နွေ့ကို တစ်ယောက်တည်း ပြုစု ပျိုးထောင်လာချိန်မှာ ဖေဖေကတော့ နောက်အိမ်ထောင်နှင့် ဒီသမီးတစ်ယောက်ကို သတိပင် မရတော့ပါ။ သြော် ယောက်ျား ဆိုတာ ဒီလိုပါပဲလေ ဟု နွေ ဖေဖေ့ကို စိတ်မနာမိအောင် ကြိုးစားပါသည်။ ဘာပဲဖြစ်ဖြစ် ငယ်ကတည်းက ဖခင် မေတ္တာ ငတ်ခဲ့သူမို့  ဖေဖေ့ မေတ္တာကို နည်းနည်းလေးပဲ ဖြစ်ဖြစ် လိုချင်သေးသည်။ ဖေဖေကလည်း ရန်ကုန်မှာ စီးပွားရေး အဆင်ပြေပြီး ပြည့်ပြည့်စုံစုံပဲ ဖြစ်နေသည် ဆိုတော့ နွေ ခဏ တဖြုတ် သွားနေလျှင်လည်း ဝန် မကြီးလောက်ဘူး ဟု ထင်သည်။

ကျောင်းပိတ်ရက်တွင် နွေ ရန်ကုန်က ဖေဖေ့အိမ်မှာ သွား နေဖြစ်သည်။ ဖေဖေကတော့ ဖော်ရွေပါသည်။ သူ့ မိသားစုနှင့်လည်း ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးသည်။ ကွဲကွာနေသော သမီးတစ်ယောက်ကို သတိရ မနေနိုင်အောင် သားနှစ်ယောက်၊ သမီးတစ်ယောက် နှင့် ဇနီးသည်နှင့် ဖေဖေ့ ဘဝက ပြည့်စုံနေပါသည်။ နွေ့ အဖေအရင်း ဆိုသော်လည်း သူစိမ်းတစ်ယောက်ထက် သိပ်မပိုဟု ခံစားရသည်။ နွေသည် လူတိုင်းကို ခင်မင် ရင်းနှီးလွယ်သူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ ဖြစ်သော်လည်း ဖေဖေ့ မိသားစုများ ကြားမှာ သူစိမ်းတစ်ယောက်လို အထီးကျန်နေခဲ့သည်။ ဖေဖေ့ညီ ဦးလေး ဆိုင်တွင် နွေ အလုပ်ဝင်လုပ်ကြည့်သည်။ ဦးလေးကလည်း သဘောကောင်းပါသည်။ သို့သော် အလုပ်သည် နွေ မျှော်လင့်သလို အဆင်မပြေပါ။ ဖေဖေက သူ့ စီးပွားရေး လုပ်ငန်းများတွင် နွေ့ကို ဝင်မလုပ်စေလိုပါ။

ဖေဖေနှင့် သူ့မိသားစုများ စိတ်ထဲတွင် နွေက အမွေလိုချင်၍၊ မုန့်ဖိုး လိုချင်၍ လာသည်ဟု ထင်နေလေသလား မသိပါ။ နွေ့ အနေနှင့်မူ မေမေနှင့် တစ်သက်လုံး အတူနေလာပြီးသည့်နောက် ဖေဖေနှင့် နည်းနည်းလောက် အတူနေကြည့်ချင်ရုံသာ ဖြစ်သည်။ ဖေဖေ့ဆီ လာပြီး အလုပ်လုပ်မည် ဆိုသည်ကလည်း ဖေဖေ့ အရင်းအနှီးကို မျှော်ကိုးသည်ထက် ဖေဖေ့ လမ်းညွှန်မှု၊ ဖေဖေ့ အဆက်အသွယ်လောက်ကိုသာ အကူအညီ လိုချင်သည့် သဘောဖြစ်သည်။ ဖေဖေသည် နွေဆိုသော သမီးတစ်ယောက်ကို တစ်သက်လုံး ရှိသည်ဟုပင် မမှတ်ခဲ့သည့်ပြင် မေမေ့ အုပ်ထိန်း စောင့်ရှောက်မှု အောက်မှာ ကောင်းမွန်စွာ လူလားမြောက်ပြီးသူမို့  သူ့မှာ တာဝန် တစ်စက်ကလေးမျှ မရှိဆိုသည့် သဘောထားမျိုး ထားနေသူ ဖြစ်ကြောင်း နွေ ကောင်းကောင်း သိလာသည်။ နွေ မေမေ့ ရင်ခွင်ကို ခဏတဖြုတ်ပဲ ဖြစ်ဖြစ် မစွန့်ခွာသင့်ကြောင်း အမြင်မှန် ရလာသည်။  နွေ ပြန်မည် ဆိုတော့ ဖေဖေက မုန့်ဖိုးတော့ ပိုပိုသာသာ ပေးလိုက်ပါသည်။ ဒါကလည်း တစ်သက်မှာ တစ်ခါလောက် တွေ့ရသော သမီးကို သနားသဖြင့် စွန့် ကြဲသည့် သဘောမျှသာ။

နွေ အလုပ်ထွက်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ကျောင်းကိုပဲ ပြန်လာခဲ့သည်။ ကိုကိုကလည်း ဟို မိန်းကလေးကို အဆက်အသွယ် လုံးဝ ဖြတ်ထားခဲ့သည်။ နွေတို့ နှစ်ယောက် နာမည်နှင့် ဘဏ်စာအုပ်မှာ လက်ထပ်ဖို့ အတွက် စုကြဖို့ နှစ်ဦးသဘောတူ လုပ်ထားကြသည်။ နွေသည် တစ်သက်တစ်ခါ မင်္ဂလာပွဲကိုတော့ ခမ်းခမ်းနားနား ဆောင်ချင်သူ ဖြစ်သည်။ နွေတို့  အသိုင်းအဝိုင်း မိတ်နှင့်ပင် ကြီးကြီးကျယ်ကျယ် ဖြစ်သွားမှာကလည်း သေချာနေသည်။ စုမိ ဆောင်းမိ ရှိပြီး နောက် နှစ်နှစ်လောက် ကြာမှ လက်ထပ်ကြဖို့ နွေက စိတ်ကူးတာပင်။ ဒီကြားထဲတော့ နွေ ကိုကို့ ဆီ သွားလည်သေးသည်။ နွေနှင့် ကိုကို ပြေလည် နေတော့ လောကကြီးလည်း အေးချမ်းသည်။

နောက်တစ်ခေါက်ကျတော့ ကိုကိုနှင့် ပြေပြေလည်လည် ဖြစ်နေသည့်တိုင်အောင် သဘောမကျချင်စရာ အကွက်တစ်ကွက်ကို မြင်ဖြစ်အောင် မြင်ခဲ့သေးသည်။ ကိုကို့ တပ်ထဲက တပ်ကြပ်ကလေးရဲ့ ဇနီး ကျပ်မပြည့်သော မိန်းကလေးနှင့် ကိုကိုရဲ့ ခင်မင်မှုက မျက်စိနောက်စရာ ဖြစ်နေသည်။ သူက ဆရာတို့  ဗိုလ်ကြီးတို့  ခေါ်တာ မဟုတ်ပဲ အစ်ကို လို့  ခေါ်သတဲ့။ နွေနှင့် ကိုကို အတူတူ ရှိနေဆဲ အချိန်မှာပင် ထို မိန်းကလေး ဆီမှ ဖုန်းဝင်လာသည်က အခါခါပါ။ ဘာမှတော့ ထွေထွေထူးထူး ပြောတာမဟုတ်။ သူ့ အမျိုးသားက သင်တန်းတက်နေသဖြင့် လောလောဆယ် မရှိသောကြောင့် ကိုကိုက အစစ အရာရာ အကူအညီ ပေးနေသည်တဲ။ သို့ပေမယ့်လည်း နွေ့ စိတ်ထဲမှာ ကလိ ကလိ နှင့်။ ကျပ်မပြည့်သူဟု ကိုကိုက ပြောထားသည့်ပြင် နွေကိုယ်တိုင် တွေ့တော့လည်း အမှန်တကယ် ဟုတ်နေသဖြင့် အဲသလို မိန်းကလေး၊ သူများ ဇနီးလည်း ဖြစ်နေသေးသူနှင့် ကိုကို့ကို စွပ်စွဲလျှင် မကောင်းတတ်သဖြင့်သာ ငြိမ်ပြီး ပြန်လာခဲ့ရသည်။ နွေ့ စိတ်ထဲတော့ တနုံ့ နုံ့ နှင့်။ နွေ ပို့သော ဟင်းတွေကို ဒီမိန်းကလေးနှင့် အတူတူ စားနေမှာ ဆိုတာမျိုးကိုတော့ တွေးဖြစ်အောင် တွေးမိနေသေးသည်။
*****
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာ နွေနှင့် ကိုကို အတွက် ထူးဆန်းသော ကိစ္စ မဟုတ်ပါ။ နွေကလည်း တစ်ခုခု မကျေလည်လျှင် ရစ်တတ်သည်။ ကိုကိုကလည်း သူ့ဘက်က အရမ်းမှားနေလျှင်သာ ပြေပြေလည်လည် ပြန် ချော့လေ့ ရှိပြီး သူမမှားဘူး ထင်သည့်အခါ ချော့လေ့ မရှိသူ ဖြစ်သည်။ အကြိမ်များစွာမှာ နွေ့ဘက်က စခေါ်ရတာသာ များခဲ့သည်။ ငွေရေး ကြေးရေး နှင့် ပတ်သက်၍လည်း အခါခါ ရန်ဖြစ်ရလေ့ ရှိသည်။ နွေတို့  လက်ထပ်ဖို့ စုထားသော နှစ်ယောက် နာမည်နှင့် ဘဏ် စာအုပ်ထဲက မဖြစ်မနေ အကြောင်းပြချက်များဖြင့် ကိုကို ထုတ်ယူသော အရေအတွက်က များပြီး နွေကတော့ ထုတ်ယူလေ့ မရှိပါ။

နွေ သဝန်တိုလွန်း၊ ပြဿနာ ရှာလွန်းသည်ကို မကြိုက်ဟု ဆိုသော ကိုကို့ ဘက်ကလည်း တမင်တကာ ပြဿနာ ရှာတာတွေ ရှိသည်။ နွေ့ ကို တစ်ခါ ချစ်ခွင့် တောင်းဖူးသော်လည်း နွေ့ဘက်က တကယ် ဖြူဖြူစင်စင် အစ်ကို လို အားကိုး ခင်မင်ရသော တပ်ထဲက သူငယ်ချင်း တစ်ယောက် ရှိသည်။ ကိုကိုနှင့် ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဖေဖေနှင့် ပတ်သက်လို့ပဲ ဖြစ်ဖြစ် နွေ ဝမ်းနည်းသည့် အခါ စိတ်ညစ်သည့်အခါ ရင်ဖွင့်ဖော် တိုင်ပင်ဖော် ဖြစ်ခဲ့သည်။ ထိုအစ်ကိုက ကိုကို့ထက် နွေ့ ခံစားချက်တွေကို စိတ်ရှည် လက်ရှည် နားထောင်ပေးပြီး နွေ့ကို အားပေးလေ့ ရှိသည်။ အဲဒါကိုပင် ကိုကိုက သူနှင့် ပြဿနာတက်တာတွေ သူများသွားပြောတယ် ဆိုပြီး အကြီးအကျယ် ပြဿနာလည်း ဖြစ်ဖူးသည်။ အဲဒီ အစ်ကို နှင့် ဆက်ဆံတာကို မကြိုက် ဆိုပြီး ပြဿနာ ရှာဖူးသည်။ (တကယ်တော့ သူ့ကို ပြောလို့ ပြန်ပြောခြင်း ဖြစ်သည်)

ခုနောက်ပိုင်းတော့ ကိုကို မကြိုက်သည်ကို နွေလည်း တတ်နိုင်သလောက် ဆင်ခြင်ခဲ့ပါသည်။ ဒါကိုပင် ပြောစရာ မရှိ နွေ နိုင်ငံခြား ခေတ္တသွားတုန်း တစ်ခြားနိုင်ငံက ယောက်ျားလေး လေးတွေ အပါအဝင် သူငယ်ချင်းတွေနှင့် လျှောက်လည်၊ ဓာတ်ပုံရိုက်တာကိုပင် ပြောချင်သည်။ နွေကလည်း ပြန်လာတော့ ခင်မင်မှု အရ ဆက်ပြီး chat မိသည်။ သူ့ ရှိတဲ့ပုံ၊ ကိုယ့်ရှိတဲ့ပုံ facebook မှာ tag ပြီး တင်ကြသည်ကို ကိုကိုက မျက်စိနောက်ကာ အပြစ်ပြောသည်။ တကယ်တော့ ကိုကို့မှာ ရှိတဲ့ အပြစ်ကို ဖုံးကွယ်လို၍ နွေ့ကို ပြဿနာ ရှာခြင်း ဖြစ်သည်ကို နောက်မှပင် နွေ သိလာရသည်။
*****
သုံးရက်ဆက် ပိတ်သော အပတ်မှာ နွေသည် ကိုကို့ကို ကြိုတင် အကြောင်းမကြားပဲ သွားလည်ဖို့ စီစဉ်ဖြစ်သည်။ တမင် အပြစ်ရှာတာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ခုတလော ကိုကိုနှင့် မပြေလည်သလို ဖြစ်နေသည်ကို နွေ့ဘက်ကပဲ မှားမှားမှန်မှန် အလျှော့ပေး ချော့မော့ဖို့ ရည်ရွယ်ချက်နှင့် သွားခဲ့ခြင်း ဖြစ်သည်။ ကိုကို အံ့သြ ဝမ်းသာသွားအောင် လာလည်း မကြိုခိုင်းပဲ ကိုကိုတို့ တပ်ထဲပဲ တန်းသွားပြီး အပေါက်ဝရောက်မှ ကြိုခိုင်းမည်ဟု တွေးထားခဲ့သည်။ ကိုကိုကလည်း အဲဒီမှာ ကြာပြီဖြစ်ပြီး နွေကလည်း ခဏ ခဏ လိုက်သွားဖူးသောကြောင့် အစောင့်တွေရော၊ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကရော နွေ့ကို သိနေကြပြီ ဖြစ်သည်။

အဲဒီနေ့က ကိုကို့ကို အပေါက်ဝထိပ် ရောက်နေပြီ ဆိုတာ ဖုန်းဆက်ပြီး လာခေါ်ဖို့ ပြောတော့ သူမအားသေးလို့  ခဏလောက် စောင့်ပါဟု ကိုကိုက ပြောသည်။ နွေလည်း လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင် ထိုင်စောင့်နေသည်။ ဆိုင်ပိုင်ရှင် လင်မယားက ကိုကို့ကို ကောင်းကောင်းသိပြီး နွေ့ကိုလည်း ကိုကိုနှင့် လက်ထပ်မည့် ချစ်သူဟု သိနေသည်။ နွေ ကိုကို့ကို စောင့်နေစဉ် အစ်မကြီးက နွေ့ကို ကြည့်ပြီး တစ်ခုခု ပြောချင်နေသည်ဟု စိတ်ထဲ ထင်လာအောင် သူမက ကောင်တာက ထပြီး နွေ့ အနားကို ရောက်ရောက်လာသည်။ နောက်တော့ မနေနိုင်တော့ပုံနှင့် နွေ့ စားပွဲကို လာထိုင်တော့သည်။ မိန်းကလေး ကိုယ်ချင်းစာပြီး နွေ သိသင့်သည်ထင်၍ ပြောပြချင်သည် ဟု စကားစလာလေသည်။

ကိုကို့ဆီ အမျိုးသမီး တစ်ယောက် လာလာနေသည်မှာ သုံးလေး လ ရှိပြီ ဖြစ်ကြောင်း၊ ညနေဘက် ကိုကို ရုံးဆင်းချိန်လောက် ရောက်လာတတ်ပြီး ကိုကို့ တိုက်ခန်းမှာပင် အိပ်၍ ပြန်တတ်ကြောင်း၊ ပိတ်ရက်များမှာလည်း တစ်နေကုန် နေတတ်ကြောင်း၊ ဒီဆိုင်ကိုလည်း နှစ်ယောက်တွဲပြီး ခဏ ခဏ လာတတ်ကြောင်း အိတ်သွန်ဖာမှောက် ပြောပြတော့သည်။ နွေလည်း ရုတ်တရက်တော့ တော်တော်ကြီး အံသြသွားသည်။ ကျောင်းမှာ အလုပ်ရှုပ်နေတာနှင့် နွေ နိုင်ငံခြား ခဏ သွားနေတာနှင့် ကိုကို့ဆီ မရောက်တာလည်း လေးလလောက်တော့ ရှိတော့မည်။ နွေ့ စိတ်ထဲမှာ ခါတိုင်းလိုပင် မသင်္ကာစိတ် မဖြစ်မိပဲ ပုံမှန် ထင်ထားမိသော အချိန်မှာ မထင်မှတ်ပဲ ကြားလိုက်ရတော့ ဘယ်လို ခံစားလိုက်ရမှန်းပင် ကိုယ့်ကိုယ်ကိုယ် မဝေခွဲနိုင်တော့ပါ။ အစ်မကြီး ယောက်ျားကလည်း ဝင်ပြောသည် ဆိုတော့ သူတို့ လင်မယားဟာ သက်သက်မဲ့ လုပ်ကြံပြောမည့် သူတွေ မဟုတ်တာလည်း နွေယုံသည်။ ကိုကို့  အိမ်နီးနားခြင်းတွေလည်း သိနေမှာ ဆိုတော့ ဒီကိစ္စဟာ တကယ်ကို ပေါ်တင် ဖြစ်နေသော ကိစ္စပင် ဖြစ်ရမည်။


ထိုအချိန်မှာပင် နွေ့ထက် အနည်းငယ် ကြီးမည့် ရှမ်းတရုတ် ကပြား ပုံစံ အမျိုးသမီး တစ်ယောက် ဝင်းအတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ ဆိုင်ကယ် တက္ကစီ ငှားပြီး ထွက်သွားသည်ကိုလည်း မြင်လိုက်ရသည်။ အစ်မကြီးက နွေ့ကို လက်တို့ ပြီး “အဲဒီ တစ်ယောက်ပေါ့၊ အခုလည်း အဲဒီအိမ်က ပြန်လာတာပဲ နေမှာ” ဟု ဆိုသဖြင့် နွေ့မှာ ထို အမျိုးသမီးကို မထင်မှတ်ပဲ မြင်လိုက်ရသည် အထိ ဖြစ်သွားသည်။ လက်ရှိ ချစ်သူကို ထားပြီး ကြိုက်ရလောက်အောင် ချောမောလှပပြီး စတိုင်လ်ကျနေသော ပုံမျိုးလည်း မဟုတ်ပါ။ သာမန် အသားဖြူဖြူ မျက်နှာပြားပြား တိုင်းရင်းသား ရုပ်မျိုးကို ဘာကြောင့်များ အလှကြိုက်တတ်သော ကိုကိုက အဲသလောက်ထိ ဖြစ်သွားရပါသလဲ။ နွေ နားမလည်တတ်တော့ပါ။ ဒေါသလည်း ပြောမပြတတ်အောင် ထွက်သည်။ နွေကတော့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ခု ဝါမဝင်ခင် မဖြစ်နိုင်ရင်တောင် ဝါကျွတ်လျှင် လက်ထပ်တော့မည် ဟု ကြေငြာပြီး စီစဉ်ဖို့ ကြိုးစားနေချိန်မှာ ကိုကို့ ဘက်က ဖောက်သွားလိမ့်မည်ဟု စိတ်ပင်မကူးမိခဲ့ပါ။

ခဏနေတော့ ကိုကို နွေ့ကို လာခေါ်သည်။ ခုနက မအားသေးဟု ပြောပြီး စောင့်ခိုင်းထားခြင်းမှာ ဟို အမျိုးသမီး မပြန်သေး၍ ဖြစ်မည်။ ကိုကို့  တိုက်ခန်းရောက်မှ ပြဿနာရှာရသည်။ နွေသည် ကိစ္စတစ်ခုသည် အောင့်အည်း မျိုသိပ်ထားနိုင်သူ မဟုတ်ပါ။ ဟန်ဆောင်၍ ပလီရခြင်းမျိုးကိုလည်း မကျွမ်းကျင်သူ ဖြစ်သည်။ ဤကိစ္စသည် နွေ့ ဘဝနှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။ ပထမ တစ်ခါက နွေ ခွင့်လွှတ်ပြီး ရှေ့ ဆက်ခဲ့သည်။ နောက်မဖြစ်စေရပါ ဟု ကိုကို ကတိပေးထားခဲ့သည်။ ယခုတစ်ခါ သစ္စာမဲ့ခြင်းကိုရော ကိုကို ဘယ်လို ဖြေရှင်းမလဲ နွေ သိလိုပါသည်။ နွေ ပေါ်တင်ပဲ ဖွင့်မေးတော့ ကိုကိုက ပထမတော့ မပြောလိုသေး။ နွေက သိထားပြီးသား ဖြစ်ကြောင်း အကြောင်းစုံပြောပြပြီး မေးတော့မှ ကိုကိုက ဝန်ခံသည်။

သူတို့ တွေ့တာ သုံးလလောက် ရှိပြီဟု ဆိုသည်။ စတွေ့သည်က ညဘက် ဘီယာဆိုင်မှာ တွေ့ခြင်း ဖြစ်သည်။ အမျိုးသမီးက ကျောက်မျက် အရောင်းအဝယ် ကိစ္စနှင့် ရောက်နေခြင်း ဖြစ်သည်။ ဇာတိကတော့ ရှမ်းပြည်နယ်ဘက်က ဖြစ်သည်။ ဘီယာဆိုင်မှာ ဆိုတော့ မိတ်ဆွေ ဖြစ်လွယ်သည်။ အမျိုးသမီးက ဘွဲ့ တွေ ဘာတွေ မရသော်လည်း စီးပွားရေးတော့ ကောင်းသည်။ ကိုကို့ မိသားစုကိုပင် တန်ဖိုး ကြီးကြီး လက်ဆောင်တွေ တော်တော်များများ ဝယ်ပေးဖူးပြီးပြီဟု သိရသည်။ နွေကတော့ အစတစ်ခု ရလျှင် အသေးစိတ် သိချင်သူပီပီ ကိုကို့ကို အသေးစိတ်တွေ မေးသည်။ ကိုကိုကလည်း မထူးတော့ပြီ ဆိုပြီး ပြောသည်။ သိရသမျှကလည်း နွေ့ အတွက် တစ်ခုမှ စိတ်ချမ်းသာစရာ မရှိပါ။

နွေ ပြဿနာ ရှာလွန်းသည်ဟု အကြောင်းပြပြီး ကိုကိုက နွေ့ကို စိတ်ကုန်သည် ဆိုသော စကားကို ပြောလာသည်။ ဆိုလိုချင်သည့် သဘောက နွေ့ကို အားနာ၍ မဖြတ်သေးသည့် သဘော၊ အချစ်ကုန် စိတ်ကုန် နေသည့် သဘောမျိုး ပြောလာသည်။ နွေကလည်း သည်းခံတတ်သည့်သူ မဟုတ်ပါ။ ကိုကို့ကို ဘယ်လောက် ချစ်ပါစေ၊ အောက်ကျို့ တောင်းပန်တာမျိုး၊ အပျော့ဆွဲ ဆွဲထားတာမျိုး လုံးဝ မလုပ်လိုပါ။ ကိုကိုကလည်း ဒီတစ်ခါတော့ ဘာမှ မဟုတ်ပါဘူး၊ အားနာလို့ပါ၊ နောက် မပတ်သက်ပါဘူး ဆိုတာမျိုး လုံးဝ မပြောသဖြင့် နွေ ပိုပြီး စိတ်တို ရသည်။ ထိုအမျိုးသမီးက နွေ့ထက် ကိုကို့ကို ပိုနားလည်ပေးသည်။ ကိုကို့  စိတ်တိုင်းကျ အားလုံး ဖြစ်စေသည်ဟု ပြောသည်။ ကိုကို့ အိမ်ကလည်း ထိုအမျိုးသမီးနှင့်ဆို သဘောတူသည် ဆိုတာကတော့ နွေ့ကို အလေးမထားရာ ကျသည်ဟု မြင်သည်။ နှစ်ဖက် မိဘ သိပြီးသော တရားဝင် ချစ်သူကိုမှ အားမနာပဲ နောက်တစ်ယောက် ကို လက်ခံပါသည် ဆိုတာကတော့ ကိုကို့ မိဘတွေလည်း လူကြီး မပီသရာ ကျသည် မဟုတ်ပါလား။ ထိုအမျိုးသမီးက ပေးနိုင် ကမ်းနိုင်သဖြင့် သဘောကျသွားတာလည်း ဖြစ်နိုင်သည်။ ကိုကို့ မိဘတွေကလည်း အသိဥာဏ်ကြီးသူတွေ မဟုတ်သည်ကို နွေ သိလိုက်ရပါသည်။ အကြီးအကျယ် ရန်ဖြစ် ပြဿနာတက်ပြီး နွေပြန်လာခဲ့သည်။

နောက်တစ်ရက်လောက် ကြာတော့ နွေတို့  နှစ်ယောက် နာမည်နှင့် လက်ထပ်ဖို့ စုထားသည့် ဘဏ်စာအုပ်ထဲက ကိုကို ထည့်ထားသမျှ အားလုံး နီးပါးကို ထုတ်ပြီး ပို့ပေးဖို့  ကိုကိုက ပြောလာသည်။ အပ်ထားသော ဘဏ်က နွေနေသော မြို့မှာ ဖြစ်ပြီး စာအုပ်ကိုလည်း နွေပဲ ကိုင်ထားသောကြောင့် ဖြစ်သည်။ အဲသလို ပြောခြင်းက နွေတို့ နှစ်ယောက် လက်ထပ်ဖို့ အတွက် ရှေ့ ဆက်ရန် မရှိတော့သည့် သဘောကို ဆောင်သည်။ နွေ ဝမ်းနည်းရမည်ထက် စိတ်နာရသည်က ပိုသွားသည်။ ၆ နှစ်လောက် သက်တမ်းရှိသော နွေ့အချစ်သည် ယခုမှ တွေ့သော အမျိုးသမီးကိုပင် မယှဉ်နိုင်တော့သည်ကို ပိုစိတ်နာသည်။ ကိုကိုက နွေ့ကို တကယ်ချစ်ခဲ့တာမှ ဟုတ်ရဲ့လား ဟု တွေးမိသည်။ သင့်တော်ရုံလောက်နှင့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်လား။ နွေ သူ့ဆီ ရောက်နေတုန်းက အားနာလို့ မပြောခဲ့သော စကားကို ဖုန်းထဲက ပြောသည်။ နွေတို့ နှစ်ယောက် ဇာတ်လမ်းကို တော်သင့်ပြီ၊ နွေ့အပေါ် သူ အချစ်ကုန်နေပြီ ဆိုသော သဘောမျိုး သွယ်ဝိုက် ပြောသည်။

နွေ သူနဲ့ ပတ်သက်သော ပိုက်ဆံတွေ အားလုံး ပြန်ပို့ ပေးလိုက်သည်။ နွေတို့ လက်ထပ်ဖို့ ဖျက်သိမ်းလိုက်ပြီဟု ကိုကို့ကို ပြောလိုက်သည်။ ကိုကို့ စိတ် နွေ့ ဆီ မရှိတော့တဲ့နောက်တော့ အတင်းအကျပ် ဆွဲမထားချင်တော့ပါ။ နွေ ရင်ကွဲရပါစေ၊ ဒီတစ်ခေါက်တော့ ထိုအမျိုးသမီး လက်ထဲက အတင်း ပြန်မလုချင်တော့ပါ။ ကိုကိုလည်း ဝမ်းသာမည် ထင်သည်။ အားနာပါးနာနှင့် နွေ့ကို မျက်နှာမပျက်အောင် ဟန်ဆောင်ပန်ဆောင် နေနေခြင်းကို နွေမလိုချင်ပါ။

ထိုအမျိုးသမီး၏ သူငယ်ချင်း ဆိုသည့် အမျိုးသမီးတစ်ယောက်ကလည်း နွေ့ဆီ ဖုန်းဆက်လာသေးသည်။ နွေ့ ဖုန်းနံပါတ်ကို ဘယ်လိုရသည်မသိ။ ကိုကို့ ဆီကပဲ ဖြစ်မည်ထင်သည်။ နွေနဲ့ အခြေအနေ ဘယ်လိုလဲ။ နွေနဲ့ ကိုကို ဘယ်တုန်းကတည်းက ချစ်တာလဲ ဆိုတာမျိုးမေးသည်။ ထိုအမျိုးသမီးနှင့် ကိုကို တွေ့တာ ကြာပြီ ဖြစ်တဲ့ အကြောင်း၊ ကိုကို့ မိသားစု နှင့်လည်း တွေ့ဖူးပြီး သဘောတူကြောင်း၊ သူတို့ နှစ်ယောက် တကယ် ချစ်ကြတာဖြစ်ကြောင်း၊ အတူနေကြတာလည်း ကြာပြီ ဖြစ်ကြောင်း စသည်ဖြင့် ပြောသည်။ နွေလည်း နွေတို့ တွဲနေတာ ဘယ်နှစ်နှစ် ရှိပြီ ဆိုတာ ပြောပြလိုက်သည်။ လက်ထပ်ဖို့ ရည်ရွယ်ထားသော်လည်း ယခုတော့ ဖျက်လိုက်ပြီ ဟု ပြောလိုက်သည်။
“အစ်မ လက်ထဲမှာ နောက်တစ်ယောက် မပြောင်းအောင်သာ သေချာ ထိန်းထားပါတော့၊ နွေကတော့ ကိုကို့ကို လက်လွှတ်လိုက်ပါပြီ။ နွေနဲ့ မထိုက်တန်လို့ သွားချင်တယ်ပဲ မှတ်လိုက်ပါတယ်၊ အစ်မ ဝဋ် မလည်ပါစေနဲ့ လို့  ဆုတောင်းပေးပါတယ်” ဟု ပြောလိုက်ဖြစ်သည်။

တက္ကသိုလ်ဆရာမ တစ်ယောက်ထက် ဘီယာဆိုင်မှာ တွေ့သော အမျိုးသမီးကိုမှ ပိုချစ်ချင်သော ကိုကို့ကို နွေ့ ဘက်ပါအောင် ဆွဲမထားလိုတော့ပါ။ တကယ်လို့များ နွေ ဒီအကြောင်းကို မသိပဲ ကိုကိုကလည်း ဖွင့်မပြောပဲ လက်ထပ်ခဲ့မိလျှင် နွေ့ဘဝ ဘယ်လို ဖြစ်သွားမလဲ မသိနိုင်ပါ။ ကိုကိုက နှစ်ယောက် အပြိုင်များ ထားချင်သလားတောင် မသိပါ။ တစ်သက်မှာ တစ်ယောက်သာ ချစ်ခဲ့မိသော ချစ်သူကို စွန့်လွှတ်ရခြင်းသည် ဘယ်လောက် နာကျင်ခံစားရသည်ကို ခံစားဖူးသူမှသာ သိနိုင်လိမ့်မည်။ ခဏတာ အအိပ်အစားပျက် ခံစား နာကျင်ရခြင်းသည် တစ်ဘဝစာ သစ္စာမရှိသူကို ပေါင်းရမည်ထက်တော့ တော်ပါသေးသည်ဟု အောက်မေ့ပါသည်။ ကိုကိုသည် သူ့အကျင့်ကို ပြင်နိုင်မည် မဟုတ်ပါ။ လက်ထပ်ပြီးခဲ့လျှင်လည်း ဒီလိုပင် နီးစပ်ရာနှင့် ဇာတ်လမ်း ဖြစ်ဦးမည်သာ ဖြစ်သည်။ နွေသာ လက်ထပ်ပြီးမှ ပြန် ကွဲကွာဖို့ ခဲယဉ်းသွားနိုင်သည်။ ယခု အခြေအနေက လက်မတင်ကလေး ဟု ပြောနိုင်သည်။ ကိုကိုနှင့် ပြတ်စဲ ရခြင်းအတွက် နွေ့ဘဝ ပျက်မသွားပါ။ နွေ့ ဘဝကို နွေ ဟန်မပျက် ဆက်လျှောက်နိုင်သည်။ လက်ထပ်ဖို့ ကြေငြာထားပြီးမှ ပျက်သွားရခြင်းအတွက် အကြောင်းစုံကို သိလျှင် ဘယ်သူမှ နွေ့ကို အပြစ်တင်မည် မဟုတ်ပါ။
*****
ကိုကို့ကို ဘယ်လောက်ပဲ စိတ်နာနေပါစေ၊ ဖုန်းပြောနေကျ အချိန်တွေမှာတော့ ကိုကို့ ကို သတိရမိဆဲ ဖြစ်သည်။ viber ဝင်လျှင်၊ facebook သုံးလျှင် ကိုကိုများ online ရှိသလား ကြည့်မိဆဲ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နွေ့ စိတ်ကတော့ ကိုကို့ကို စိမ်းကားနိုင်ဖို့ ကြိုးစားပြီး နေပါသည်။ အိမ်ကိုလည်း လက်မထပ် ဖြစ်တော့ကြောင်း ပြောပြီးပြီ။ သူငယ်ချင်းတွေကိုလည်း လက်ထပ်ပွဲ မဖြစ်နိုင်တော့ကြောင်း ကြေငြာလိုက်ပါပြီ။ facebook ဝင်ဖြစ်လျှင် နွေ့ ခံစားချက်ကလေးတွေ တစ်စွန်းတစ်စတော့ တင်ဖြစ်နေသေးသည်။

ရက်တော်တော်လေး ကြာတော့ ကိုကိုက နွေ့ကို online မှာ message ပို့လာသည်။ စကားစ ပြောလာသည်။ သူ့ဘက်က မပြတ်ချင်ပါ ဆိုသည့်အကြောင်း…။ တစ်လတောင် မကြာသေးသည့် ကာလအတွင်း အမျိုးမျိုး ပြောနိုင်သည့် ကိုကို့ စကားများကို နွေ ဘယ်လို ယုံပေးနိုင်မလဲ။ သူ မှားသွားပါတယ်၊ နွေ့ကို မမေ့နိုင်ပါ၊ နွေ့ကိုပဲ လက်ထပ်ချင်ပါတယ် ဆိုသည့် message တွေ နေ့စဉ်လို ဝင်လာသည်။ သူ့ ဖုန်းကိုတော့ block ထားပြီး နွေ မကိုင်တော့ပါ။ message တွေကိုတော့ နွေ မကြည့်ပဲလည်း မနေနိုင်ပါ။ နွေ ကိုကို့ကို ဝတ္တုတွေထဲ ရေးသလို အသည်းနင့်အောင် ချစ်ခဲ့ပါသည်။ ကိုကို့ကို ပြန်လက်ခံချင်ပါသည်။ သို့ပေမယ့် ပြန်လက်မခံ ရဲတော့ပါ။ ဒုတိယ အကြိမ်မြောက်မှာ ခွင့်လွှတ်ပေးခဲ့ပြီးလျှင်လည်း တတိယအကြိမ်၊ စတုတ္ထအကြိမ်တွေ ရှိမလာဘူး ဟု နွေ မယုံကြည်နိုင်တော့ပါ။ စစ်ဗိုလ် တစ်ယောက် အနေနှင့် သူ့ဘဝ ရှေ့ တက်လမ်းအတွက် နွေသည် အကောင်းဆုံး လက်ထပ်သင့်သူ ဆိုသည့်အနေနှင့် သူ့ ဆုံးဖြတ်ချက်ကို တည်အောင် ပြန်ကြိုးစားခြင်းလည်း ဖြစ်နိုင်သည်။

လက်လွှတ်သင့်သူကို လက်လွှတ်ရဲသည့် သတ္တိကို နွေ မွေးမြူထားပြီးပါပြီ။ ကိုကို ချော့တိုင်း နွေ စိတ်မယိုင်တော့ပါ။ ခွင့်မလွှတ် ထိုက်သူကို ခွင့်မလွှတ်ခြင်းကို နွေ့ အလွန်ဟု ကိုကို ဆိုချင်လည်း ဆိုပါစေ။  တစ်ယောက်တည်း ပြန်ဖြစ်သွားသည့် ဘဝကို နွေ ရင်ဆိုင်ရဲဖို့  ကြိုးစားနေပါသည်။ သစ္စာမဲ့ခြင်းကို ခဏ ခဏ ရင်ဆိုင်ရမည့်အစား တခဏတာ ရင်နာတာကိုပဲ နွေ ကြိတ်မှိတ် ခံလိုက်ပါတော့မည်။ လတ်တလောမှာ ကိုကို့ အပေါ် စိတ်ခံစားချက်တွေ ကျန်နေသေးသော်လည်း မကြာတော့သည့် အချိန်တစ်ခု အတွင်းမှာတော့ ချစ်ခြင်း မုန်းခြင်း ကင်းသည့် ဥပေက္ခာတရားနှင့် ကိုကို့ မျက်နှာကို ကြည့်နိုင်ပါလိမ့်မည်။

သိင်္ဂါကျော်
2.4.2015
11:47 PM