Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

29 December, 2016

သင် မပျော်ရွှင်ဘူးလား ဆိုတာ သိနိုင်သည့် အချက်များ


စိတ်ဓာတ် ပျက်ပြားခြင်း ဆိုသော စကားတွင် အဓိပ္ပါယ် မြောက်မြား ရှိနေပါသည်။ အများစုက ပုံမှန် ရိုးရိုးဟု ယူဆကြသော မပျော်ရွှင်ခြင်း နှင့်လည်း နက်ရှိုင်းစွာ ပတ်သက်နေပါသည်။ စိတ် ဆိုသည်မှာ ကျွန်တော်တို့၏ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်ပြီး သင့်ကိုယ်ပိုင် တန်ဖိုး၊ အရည်အသွေး နှင့် ဆက်စပ်နေသည်သာမက အခြားသော သက်ရှိအားလုံး၏ တန်ဖိုး၊ အရည်အသွေးများနှင့်လည်း ဆက်စပ်နေပါသည်။ စိတ် လေလွင့်ခြင်း၊ စိတ်ကျခြင်း၊ စိတ်ဓာတ် ပျက်ပြားခြင်းသည် နူးညံသလို အန္တရာယ်ရှိသော အခြေအနေဖြစ်ပြီး အလွန်နည်းသော လူအချို့ သာ ထိုသို့ ဖြစ်ပျက်ကြောင်း သတိထားမိကြပါသည်။ အောက်တွင် ဖော်ပြထားသော အချက်များသည် စိတ်ဓာတ် ပျက်ပြား နေပြီ ဖြစ်ကြောင်း သိနိုင်သော အချက် (၂၀) ပင်ဖြစ်ပါသည်။

  • သင်က သူများတွေ ကောင်းသလို မကောင်းဘူးလို့ သင် ခံစားရတယ်။
  • သင် တစ်ခုခု လုပ်ချင်နေတယ်၊ ဒါပေမယ့် အောင်မြင်အောင် ဘာကို ဘယ်လို လုပ်ရမယ်၊ ဘာက ပြဿနာတွေ ဖြစ်စေသလဲ ဆိုတဲ့ စိတ်ကူး စိတ်သန်းက မရှိဘူး။
  • သင့်ကိုယ်သင် ရှာဖွေ တွေ့ ရှိထားတာက ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုး ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် လုပ်နိုင်တဲ့ စွမ်းအင်ကို ငတ်မွတ်နေတယ်။
  • သင်ဟာ သင့်ကိုယ်သင် ကောင်းသင့်သလောက် မကောင်းဘူး၊ စမတ် မဖြစ်ဘူး၊ မပိန်ဘူး၊ မငယ်တော့ဘူး၊ စသဖြင့် မကြာခဏ စိုးရိမ်ကြောင့်ကြ နေတယ်။
  • သင် မထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထားရဲ့ သားကောင် ဖြစ်နေတယ်လို့ ခံစားရတယ်။
  • သင့်ရဲ့ နေ့စဉ်ဘဝဟာ အလုပ်တွေပဲ လုပ်နေရပြီး အဓိပ္ပါယ် မရှိဘူးလို့ ခံစားရတယ်။
  • သင်ဟာ မကြာခဏ အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့ နေတယ်လို့ အဆိုးမြင်နဲ့ ခံစားရတယ်။
  • သင့် အသည်းနှလုံးကို သံမဏိနံရံ တွေနဲ့ ကာရံထားတယ်။
  • သင်ဟာ ဘာမှ အရေးမကြီးဘူး၊ သင့် အချစ်ဟာလည်း ဘာမှ ကွဲပြားခြားနားမှု မရှိဘူးလို့ မကြာခဏ ခံစားရတယ်။
  • သင် ပိုင်ဆိုင်သလောက် နဲ့ အံဝင်ဂွင်ကျ ဖြစ်ဖို့ အမြဲတမ်း ကြိုးစားနေတယ်။ ဒါပေမယ့် အဲသလို ခံစားရခဲတယ်။
  • ဘဝမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြောင့် သင် လဲကျ သွားတော့မယ် လို့ ခံစားရတယ်။
  • သင်ဟာ မသေချာ မရေရာမှုတွေရဲ့ ဖိစီးနှိပ်စက်မှုကို ခံနေရတယ်။ မောပန်းတာ၊ နာကျင်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ကျတာ၊ စိတ်ကစဥ့်ကလျားဖြစ်တာ၊ အရေပြား အလာ့ဂျစ်ဖြစ်တာ၊ အစာအိမ်ရောဂါ လက္ခဏာတွေ စတဲ့ ကုသဖို့ ခက်ခဲတဲ့ ကိုယ်ခန္ဓာပေါ်က ရောဂါလက္ခဏာတွေ ဖြစ်တတ်တယ်။
  • ချစ်ခြင်းနဲ့ ပြုစုပျိုးထောင်ဖို့ မြေတောင်မြှောက် အားပေးထောက်ပံ့ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖို့ ကြိုးစား ရုန်းကန် နေရတယ်။
  • သင်ဟာ စိတ်ဓါတ်ကျ၊ ဒေါသထွက်၊ ရေရှည် စိုးရိမ်သောက ဖြစ်နေတတ်တယ်။
  • သင့်ကို လုံလုံလောက်လောက် အသိအမှတ်ပြု မခံရဘူး လို့ ခံစားနေရတယ်။
  • သူတစ်ပါးပေးတဲ့ မှတ်ချက်တွေကနေ သင့်ကိုယ်သင် ရှာဖွေနေတယ်။
  • မကြာခဏ အရက်၊ မူးယစ်ဆေး၊ sex၊ TV ကြည့်တာ၊ မရပ်မနား အလုပ်လုပ်တာတွေနဲ့ မခံစားရအောင် လုပ်တတ်တယ်။
  • သင့် ဘဝနဲ့ ပတ်သက်ပြီး စိတ်ပျက်မှုကို ခံစားနေရတယ်။
  • ဘယ်လို အိပ်မက် မက်ရမယ် ဆိုတာကို သင် မေ့နေတတ်တယ်။

စာရေးသူသည် ဆရာဝန် တစ်ယောက် အနေနှင့် စိတ်ဓာတ် ပျက်ပြားနေသော လူနာများကို တွေ့ကြုံခဲ့ရဖူးသော်လည်း ထိုသို့သော အဖြစ်မျိုးအတွက် ကုသနိုင်သော အနောက်တိုင်း ဆေးပညာသည် တကယ်တော့ မရှိပါ။ စိတ်ဓာတ် ပျက်ပြား ပျောက်ဆုံး နေသူ တစ်ယောက် အတွက် ကုသရမည့် ဆေးသည် သူ့ စိတ်ဝိညာဉ်နှင့် ပြန်လည် ဆက်သွယ်ပေးဖို့ပင် ဖြစ်ပါသည်။

တစ်ခါတရံ စိတ်ဝိညာဉ် သည် ကုစားဖို့ရန် နေရာလွတ် လိုအပ်သည်ဖြစ်ရာ ထို့အတွက် သင့် ဘဝတွင် တစ်ချို့ သော ပြင်ပ အပြောင်းအလဲ များ ဖြစ်ပေါ်လာဖို့ လည်း လိုအပ်နိုင်ပါသည်။ သင့် စိတ်ကို အသက်ရှူခွင့် ပိုရနိုင်ဖို့ အလုပ်အကိုင် ပြောင်းလဲပေးဖို့လည်း လိုအပ်ပါသည်။ မပြေလည်သော (ချစ်သူ၊ အိမ်ထောင်ဖက်နှင့်) ဆက်ဆံရေး သည်လည်း စိတ်ကို တင်းကျပ်စေသော အရာပင် ဖြစ်ရာ ကုစားပေးဖို့ လိုအပ်သလို ဆက်ဆံရေးကို ဖြတ်သင့်လျှင်လည်း ဖြတ်တောက် ပစ်သင့် ပါသည်။ သင့်ကို ချစ်နိုင်မည့် လူများကို ရှာဖွေ ဆက်ဆံခြင်း၊  နေရာသစ်တွင် အခြေချခြင်းတို့သည်လည်း သင့် စိတ်ဝိညာဉ်ကို ရှင်သန်လာအောင် အကူအညီ ပေးနိုင်ပါသည်။

သင့် စိတ်ကို ပိုပြီး တီထွင်ဖန်တီးနိုင်သည့် လှုပ်ရှားမှုများတွင် ပါဝင် ပတ်သက်ခွင့် ပေးဖို့လည်း လိုပါသည်။ ထိုသို့သော အဆုံးမရှိသည့် ပြောင်းလဲမှုများသည် သင့် စိတ် အတွက် ကုစားဖို့ နည်းလမ်းများ မှန်သော်လည်း အမြဲတမ်းတော့ ထို့သို့ ဘဝ၏ အဓိကကျသော အရာများကို ပြောင်းလဲ ပစ်ဖို့ မလိုအပ်ပါ။ သင့် စိတ်ဝိညာဉ်နှင့် ပြန်လည် ဆက်သွယ်ခြင်းသည် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းကို သင် ထင်ထားသည်ထက် ပိုပြီး နက်နဲ သိမ်မွေ့သော၊ ရိုးစင်းသော နည်းလမ်းများဖြင့် ရှာဖွေခြင်းပင် ဖြစ်သည်။ ပျော်ရွှင်ခြင်းကို နေရာအမှားများတွင် ရှာနေမည့်အစား သင် နေထိုင် အသက်ရှင်နေသော ဘဝကို ပုံစံတစ်မျိုးဖြင့် မြင်ကြည့်ဖို့ ပင် ဖြစ်ပါသည်။

20 Sign Your'e Unhappy (But Don't Even Realize It) By Dr. Lissa Rankin မှ ကောက်နုတ် ပြန်ဆိုပါသည်။

သိင်္ဂါကျော်
29.12.2016

12 November, 2016

သင့် စိတ်ကူး ရည်ရွယ်ချက်ကို ယုံကြည်ပါ



“သင့် စိတ်ကူး စိတ်သန်း ကို ယုံကြည်လိုက်ပါ။ သင် လုပ်ကိုင်နေတဲ့ အရာကို ပြင်းပြင်းပြပြ စွဲလမ်း ဝါသနာကြီးခြင်း ဆိုတာ သင့် စိတ်ကူး၊ အကြံအစည်၊ ရည်ရွယ်ချက်ကို ယုံကြည်တဲ့ အချိန်အခါမှာ ရောက်လာပါလိမ့်မယ်။” လို့  ဂျပ်စ်တီနာ ကဗေးလ် (Justina Kavale) က ပြောပါတယ်။

ဂျပ်စ်တီနာ ကဗေးလ် ဟာ ၃၃ နှစ်အရွယ် ဆပ်ပြာနဲ့ အလှကုန် လုပ်ငန်းရှင် တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကပဲ နမီးဘီးယား မှာ ဆပ်ပြာ၊ ချေးချွတ်ဆေးနဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စီးပွားရေး လုပ်ငန်းလေး တစ်ခုကို စတင်ခဲ့ပါတယ်။ သူမရဲ့ စီးပွားရေးကို အချိန်ပိုင်း လုပ်ဆောင် နေတဲ့ အချိန်မှာ ဂျပ်စ်တီနာ ဟာ သူမရဲ့  ပုံမှန် ၉ နာရီ - ၅ နာရီ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေး တိုးတက်လာဖို့ မျှော်လင့်ချက်ထားပြီး အာရုံစိုက် လုပ်ကိုင်ခဲ့ပါတယ်။ ယခုတော့ သူမရဲ့ အိပ်မက် အတိုင်း ကိုယ်ပိုင် စီးပွားရေးကို အချိန်ပြည့်လုပ်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါပြီ။

အာဖရိကန် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆုကို ရခဲ့တဲ့ ဂျပ်စ်တီနာ ဟာ တခြား အာဖရိကန် စီးပွားရေး လုပ်ငန်းရှင်များကို အကြံဉာဏ် တစ်ချို့ ပေးခဲ့ပါတယ်။

အင်တာဗျုး မေးခွန်းတွေကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

“ခင်ဗျားရဲ့ ကိုယ်ပိုင် ကုမ္ပဏီ ကို စတင်ဖို့ ဘာက တွန်းအားပေးခဲ့တာလဲ”

“ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းမှာ တက်ဖို့ စာရင်းသွင်းလိုက်တဲ့ အချိန်မှာပဲ ကျွန်မ ကိုယ်ပိုင် ကုမ္ပဏီ တစ်ခု စတင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ သင်တန်းမှာ သင်ခန်းစာ modules အမျိုးမျိုး ယူခဲ့ပါတယ်၊ ကျွန်မ လုပ်နေတဲ့ အလုပ်က ရာထူးနေရာမှာ အဲဒီ စွမ်းဆောင်ရည် (skills) တွေကို တွေကို အသုံးချခွင့် မသာခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်မက ကိုယ်ပိုင် ကုမ္ပဏီ သာရှိရင် စာထဲက အချက်တွေကို ပိုပြီး ကောင်းကောင်း အသုံးချနိုင်မယ် လို့ တွေးခဲ့တာပါ။ တီထွင်မှု ဆိုတာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ တစ်စိတ်တပိုင်း ဆိုတာမျိုး၊ ဈေးကွက် သုတေသန၊ စာရင်းကိုင်ပညာ နဲ့ တခြားဟာတွေ အများကြီးပါပဲ။ အဲဒီနောက် ကျွန်မ ကိုယ်ပိုင် ကုမ္ပဏီ ကို မှတ်ပုံတင်ပြီး ၂၀၁၂ မေလမှာတော့ အမှန်တကယ် ဖြစ်လာပါတယ်။

ဒါပေမယ့် ၂၀၁၂ မှတ်ပုံတင်ပြီးချိန် ကနေ ၂၀၁၄ အကုန်လောက် ဒီအိပ်မက်ကို လေ့လာသုံးသပ်ပြီး လှုပ်ရှားမှု မစခင်အထိ ကုမ္ပဏီဟာ ငြိမ်သက်နေပါသေးတယ်။ အဲဒီ အခိုက်အတန့်မှာ ကျွန်မ ထုတ်ကုန် နည်းနည်း ပဲ ထုတ်ဖြစ်ခဲ့ပြီး ELI တံဆိပ်နဲ့ အရောင်းမြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရေချိုးခရင်မ်၊ ပန်ကန်ဆေး ဆပ်ပြာ၊ နှုတ်ခမ်းနီ အဆီ တွေပါ။ နှစ်လ ကြာတိုင်း ထုတ်ကုန် အသစ် တစ်ခု ထပ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ”

“အလှကုန် ပစ္စည်းတွေ ထုတ်ဖို့ ဘာကြောင့် အာရုံစိုက် ဖြစ်ခဲ့တာလဲ၊ ဘယ်အရာက ခင်ဗျားကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်တဲ့ ပစ္စည်းတွေ ထုတ်မယ့် စီးပွားရေး စိတ်ကူးကောင်းတွေ ဖြစ်စေတာလဲ”

“ကျွန်မက အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် ထုတ်ကုန်တွေ ထုတ်ဖို့ နဲ့ ဝန်ဆောင်မှုတွေ ပေးချင်ပါတယ်။ နမီးဘီးယား မှာ လူတိုင်းလို လုပ်နေတယ် လို့ ထင်ရတဲ့ လုပ်ငန်းတွေကိုလည်း မလုပ်ချင်ပါဘူး။ စားသောက်ဆိုင်၊ အိမ်တွင်း အလှဆင်၊ ဖျော်ဖြေရေး လုပ်ငန်းတွေကို ရှောင်ပြီးတော့ တစ်ခုခု မတူတာ လုပ်ချင်ပါတယ်။ ကျွန်မက ဝယ်တာတွေ၊ ပြန်ရောင်းတာတွေ မဟုတ်ပဲ ကိုယ်ပိုင် ကုန်ပစ္စည်း ထုတ်လုပ်ချင်တာပါ။ နမီးဘီးယား လုပ် ပစ္စည်း တွေ ထွက်ပေါ်ဖို့  အချိန်သင့်ပြီလို့ ထင်ပါတယ်။ နမီးဘီးယားမှာ သွင်းကုန်တွေကို အားထားနေရတာ များပြီး ပြည်တွင်း ဖြစ်က နည်းပါတယ်။ နမီးဘီးယားမှာ ဆပ်ပြာ ထုတ်တဲ့ ကုမ္ပဏီက ၄ ခုထက် နည်းပြီး ဆပ်ပြာတွေ၊ အလှကုန်တွေက သိပ် မပျံနှံ သေးပါဘူး။ ဈေးကွက်မှာ တခြားနိုင်ငံက သွင်းတဲ့ ဆပ်ပြာတွေပဲ များနေပါတယ်။

အဲဒီ အချိန်က ကျွန်မမှာ သဘာဝ ပစ္စည် ၁၀၀ ရာခိုင်နှုန်း သုံးထားတဲ့ နှုတ်ခမ်းနီ အဆီပဲ ရှိပါသေးတယ်။ ဒါပေမယ့် စိတ်ကူးကတော့ ပတ်ဝန်းကျင် မညစ်ညမ်းတဲ့ သဘာဝ ပစ္စည်းသုံး ထုတ်ကုန်တွေ တဖြည်းဖြည်း ထုတ်သွားဖို့ ပါ။ ကျွန်မမှာ အရင်းအနှီး ရလာတဲ့အခါ ဖြစ်လာမှာပါ။ ဆပ်ပြာနဲ့ အလှကုန် သုတေသန နဲ့ ထုတ်လုပ်မှု အတွက် ကျွမ်းကျင်သူတွေ ကလည်း ဈေးမပေါဘူးလေ။”

“နမီးဘီးယားမှာ စီးပွားရေး စလုပ်တဲ့အခါ အခက်အခဲဆုံး အပိုင်းက ဘာပါလဲ”

“အခက်အခဲဆုံး အပိုင်းကတော့ ဘဏ္ဍာရေး အခြေအနေပါ။ ဆပ်ပြာရည် ရောမွှေတဲ့ စက်နဲ့  ပထမဆုံး ကုန်ကြမ်းတွေ ရနိုင်ဖို့ကတင် မလွယ်လှပါဘူး။ ဒါပေမယ့် ကျွန်မ ဒါကို လုပ်ရပါမယ်။ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေ ဆီကို အရင်းအနှီး ရဖို့ သွားခဲ့ပါတယ်။ ကျွန်မမှာ စီးပွားရေး လုပ်ပုံကိုင်ပုံတွေ၊ ထုတ်ကုန်တွေက ကျွန်မရဲ့  အယူအဆကို လွယ်လွယ်ကူကူ ရှင်းပြနိုင်ဖို့ အဆင်သင့် ရှိနေခဲ့ပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်းတွေ ကုန်ကြမ်းတွေ ပြည်တွင်းကနေ ရဖို့က စိန်ခေါ်မှု တစ်ခုပါပဲ။ စက်တွေနဲ့  ဆပ်ပြာပုလင်းတွေကို တောင်အာဖရိက ကနေ တင်သွင်းရပါမယ်။ အဲလို လုပ်ရရင် သယ်ပို့ခနဲ့  ဝယ်ရတာတွေကြောင့် ထုတ်လုပ်တဲ့ ပစ္စည်းက ဈေးတက်တော့မှာပါ။ ဈေးကွက်မှာ လူအများစုကို သူတို့ နှစ်ပေါင်းများစွာ သုံးလာတဲ့ ပစ္စည်းတွေကို ပြောင်းပြီး သုံးကြည့်ဖို့ ဆွဲဆောင်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်မ စဉ်းစားမိတာက လူတွေဟာ တစ်ခါတလေ ပြည်တွင်း ထုတ်ကုန်တွေကို သံသယ ရှိနေတဲ့ သဘော ရှိနေပါတယ်။ ဒီအမြင်ကို ကျွန်မက ပြောင်းပစ်ချင်ပါတယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေ ထုတ်ချင်တာပါ။”

“ခင်ဗျား ကိုယ်ပိုင် စီးပွားရေး စလုပ်တုန်းက လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေထဲကနေ တစ်ခြားလူတွေကို ဘာများ အကြံဉာဏ် ပေးချင်ပါသလဲ”

“ရှင့် စိတ်ကူး စိတ်သန်း ကို ယုံကြည်လိုက်ပါ။ ရှင် လုပ်ကိုင်နေတဲ့ အရာကို ပြင်းပြတဲ့ စိတ်အားထက်သန် စွဲလမ်းမှု ဆိုတာ ရှင့် စိတ်ကူး၊ အကြံအစည်၊ ရည်ရွယ်ချက်ကို ယုံကြည်တဲ့ အချိန်အခါမှာ ရောက်လာပါလိမ့်မယ်။ ရှင် အဲဒီ အရာကို ယုံကြည်တယ် ဆိုရင် ရှင် ရည်ရွယ်တဲ့ ဝယ်သူတွေ ဆီကို ရှင့်ရဲ့ စိတ်ကူးတွေကို မိတ်ဆက်ပေးဖို့၊ ရောင်းချဖို့ လွယ်ကူ လာပါလိမ့်မယ်။ စီးပွားရေး နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်တဲ့ ၊ လူမှုအဖွဲ့ အစည်းရဲ့ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်တဲ့ လူတွေ ဆီကို ပြောဖို့လည်း အရေးကြီးပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖို့ နဲ့ ပတ်သက်တဲ့ ရှင့်စိတ်ကူးကို မြှင့်တင်နိုင်မယ့် Forums (ဆွေးနွေးပွဲ) တွေမှာ ပါဝင်ပါ။ အဲဒီလို ဆွေးနွေးပွဲတွေ တက်တဲ့ အခါတိုင်းမှာ ရှင့်ကို ပိုပြီးတော့ တွန်းအားတွေ ဖြစ်စေပြီး သင့် စိတ်ကူး အကြံအစည်ကို အကောင်အထည် ဖော်ချင်စိတ်တွေ ပေါ်လာမှာပါ”

အာဖရိကန် သန်းပေါင်းစွာ လိုပဲ ဂျပ်စ်တီနာ မှာလည်း အိပ်မက်တစ်ခု ရှိခဲ့ပြီး အဲဒီ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။ သူမရဲ့  ပန်းတိုင်ကို ရောက်အောင် စိန်ခေါ်မှု အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အရေးကြီးတာကတော့ သင့်မှာ ထက်သန် ပြင်းပြတဲ့ စိတ်ထားနဲ့  ရည်မှန်းချက်ကို အောင်မြင်ချင်တဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားဖို့ပဲ ဖြစ်ပါတယ်။ အခုအခါမှာ ဂျပ်စ်တီနာ ဟာ သူမရဲ့  ထုတ်ကုန်တွေကို ထုတ်လုပ် ရောင်းချ နေပါပြီ။ သူမရဲ့ တံဆိပ် ဟာ အိမ်သုံး တံဆိပ် တစ်ခုအနေနဲ့ နာမည် ရလာခဲ့ပါပြီ။

စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်ချင်သူတွေ အနေနဲ့ မိမိ စွန့်စားလိုတဲ့ စီးပွားရေး ဧရိယာ နဲ့ ပတ်သက်ပြီး သုတေသန ပြုဖို့ ၊ ဈေးကွက် အခြေအနေ၊ အရွယ်အစား ကို သေချာ လေ့လာထားဖို့ အရေးကြီးပါတယ်။ သင် ထုတ်ချင်တဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုဟာ ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အမျိုးအစား ဖြစ်ဖို့လည်း လိုပါတယ်။

စီးပွားရေး လုပ်ငန်းတစ်ခုကို စတင် လုပ်ကိုင်ဖို့ ဆိုရင် အရင်းအနှီး ကလည်း အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ စီးပွားရေး စီမံချက် plan ကို သေချာ ရေးဆွဲထားတယ်၊ စိတ်ကူး အကြံဉာဏ် ကောင်းကောင်း ရှိတယ် ဆိုရင် ရင်းနှီးမြှုပ်နှံမယ့် သူတွေကို ရှာလို့ ရနိုင်ပါတယ်။

အာဖရိက မှာတော့ ငယ်ရွယ်တဲ့ စီးပွားရေး လုပ်ငန်း လုပ်ချင်သူတွေအတွက် ရင်းနှီး မြှုပ်နှံပေးမယ့် လုပ်ငန်းကြီးတွေ အများအပြား ရှိပါတယ် လို့  အာဖရိက က စီးပွားရေး လုပ်ချင်သူတွေ အတွက် အကြံပေးထားပါတယ်။

သိင်္ဂါကျော်

Reference: https://africanentrepreneurshipaward.com
                   http://luckypesa.com

24 August, 2016

စိတ်ဓာတ်ကောင်းဖို့က အဓိက



              စိတ်ဓာတ်၊ လုပ်ရပ်၊ ရလဒ် (၃) မျိုးတွင် စိတ်ဓာတ်သည် အရေးပါဆုံး အချက် ဖြစ်ပါသည်။ “စိတ်ဓာတ် ကောင်းမှ ရလဒ်ကောင်း” ဆိုသလို ရလဒ်ကောင်း တစ်ခု ရရှိရန် အတွက် လုပ်ရပ်ကောင်းဖို့ လိုအပ်သလို ထိုလုပ်ရပ်ကောင်းကို လုပ်ကိုင်နိုင်ရန် အတွက် စိတ်ဓာတ်ကောင်း ရှိဖို့က အခြေခံ လိုအပ်ချက် ဖြစ်ပါသည်။ အလုပ်တစ်ခုကို လုပ်ချင်သည့် စိတ်ဓာတ်သာ ပြင်းပြင်းပြပြ ရှိလျှင် ထိုအလုပ်ကို ဧကန်မုချ အောင်မြင်အောင် လုပ်နိုင်မည်သာ ဖြစ်သည်။
              ၁၉၈၇ ခုနှစ်တွင် အသက် ၇၄ နှစ် ရှိပြီဖြစ်သည့် ဘေဖန်လီ ဆိုသည့် တရုတ်အဘိုးအို တစ်ယောက်သည် ဆိုက်ကားနင်းသော အလုပ်ကို လုပ်ကာ သူ၏ အသက် ၉၀ ရောက်သည်အထိ ကျောင်းမနေနိုင်သည့် ကလေးများကို ကျောင်းထားပေးခဲ့ပါသည်။ ထက်သန်ပြင်းပြသော စိတ်ဓာတ်ကောင်း တစ်ခုကြောင့် လူတိုင်း မလုပ်နိုင်သည့် အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသော်လည်း ပြင်းပြသော စိတ်ဓာတ်များဖြင့် မိမိတို့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့သူများ အများအပြားပင် ရှိပါသည်။
              “စိတ်အားထက်သန်မှု မပါပဲ ကြီးကျယ်တဲ့ အောင်မြင်မှုကို မရရှိနိုင်ပါ” ဟု ၁၉ ရာစု ကဗျာဆရာနှင့် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် တစ်ယောက်ဖြစ်သော Ralph Waldo Emerson က ပြောခဲ့ဖူးပါသည်။ စိတ်အားထက်သန်သူများသည် သူတို့ စိတ်အားထက်သန်သည့် အလုပ်ပေါ်တွင် အချိန်အကြာကြီး အာရုံစိုက် အလုပ်လုပ်နိုင်ကြပါသည်။ သူတို့သည် သူတို့ လုပ်နေသော အလုပ်အပေါ်တွင် သူတို့၏ ဦးနှောက်၊ သိစိတ်၊ မသိစိတ် အားလုံးကို အသုံးချပြီး လုပ်သည့်အတွက် ရလာဒ်ကောင်းများ ပိုရလာပါသည်။ စိတ်အားထက်သန်မှုသည် လူတစ်ယောက်ကို ကြိုးကြိုးစားစား အလုပ်လုပ်စေပြီး ရည်မှန်းချက် ပြည့်မြောက်အောင် အထောက်အပံ့ကောင်း ပေးပါသည်။ စိတ်အားထက်သန်နေသူ တစ်ယောက်သည် ပျော်ရွှင်နေပြီး မိမိ လုပ်ကိုင်နေသည့် အလုပ်ကို နှစ်သက်နေကာ အကောင်းမြင်အတွေးများသာ တွေးလေ့ရှိပါသည်။
              အကောင်းမြင်တတ်သော စိတ်ဓာတ်ကလည်း အောင်မြင်မှု ရလဒ်ကို ရရှိဖို့ရန် အတွက် လိုအပ်ချက်တစ်ခုပင် ဖြစ်ပါသည်။ မကောင်းမြင် အပျက်သဘော စိတ်ဓာတ်များက မိမိ လုပ်နေသော အလုပ်ကို လမ်းတစ်ဝက်တွင် စွန့်လွှတ်လိုစိတ် ပေါ်စေကာ အလုပ်တစ်ခုကို မလုပ်ခင် အမြဲတမ်း အပျက်ကို တွေးတတ်သောကြောင့် ရလဒ်ကောင်း ရဖို့ရန် မလွယ်ကူပါ။ အောင်မြင်သူများတွင် အများနှင့် မတူသည့် အချက်က အကောင်းမြင် အပြုသဘော စိတ်ဓာတ်များ ရှိကြခြင်းပင် ဖြစ်သည်။ သူတို့သည် သူတို့ အလုပ်ကို အလွယ်တကူ စွန့်လွှတ်လေ့ မရှိပါ။ သူတို့ ၏ လမ်းဆုံး ရလဒ်နှင့် ပတ်သက်ပြီး အမြဲတမ်း အကောင်းမြင်လေ့ ရှိပါသည်။
              လူတစ်ယောက်ကို သူ ရည်မှန်းသည့်နေရာသို့ ရောက်အောင် တွန်းပို့ပစ်တင်ပေးမည့် အခြေခံအကျဆုံး အရာသည် စိတ်ဓာတ်စွမ်းအား၊ ထက်သန်မှုစွမ်းအားပင် ဖြစ်ပါသည်။ ကိစ္စတစ်ခု ဖြစ်မြောက် အောင်မြင်သွားချင်သည့် ဆန္ဒ ကြီးမား များပြားသလောက် လုပ်ရပ် စွမ်းဆောင်နိုင်မှု များများစားစား လုပ်နိုင်မည်သာ ဖြစ်သည်။ ဘယ်လောက် ခရီးဝေးဝေး၊ ဘယ်လောက် မြင့်မြင့်မားမား သူ သတ်မှတ်ထားသည့် ပန်းတိုင်ကို ရောက်အောင် သွားနိုင်မည်သာ ဖြစ်သည်။
              အလုပ်တစ်ခုကို ဖြစ်အောင် လုပ်မည်ဟု ပိုင်းဖြတ်ထားသည့် ခိုင်မာသော စိတ်ဓာတ်သာ ရှိပါက အခက်အခဲ အကျပ်အတည်း ဘေးဒုက္ခ ဘယ်လောက်ပင် များပါစေ အတားအဆီး ဟူသမျှ ဖြတ်ကျော်နိုင်မည်သာ ဖြစ်ပါသည်။ ဖြစ်ချင်သော စိတ်၊ လုပ်ချင်သော စိတ်သာ ရှိပါလျှင် ရှုံးနိမ့်မှု ဘယ်လောက်ပင် ကြုံရပါစေ၊ လက်မလျှော့ပဲ လဲကျရာက ပြန်ထကာ ပန်းတိုင် အရောက် သွားနိုင်မည်သာ ဖြစ်ပါသည်။
              လူတစ်ယောက်တွင် စိတ်ဓာတ်သည် အရေးကြီးဆုံးပင် ဖြစ်ပါသည်။ ဘဝ အောင်မြင်မှုအတွက် စိတ်ဓာတ်က အရေးပါသလိုပင် ဘဝ နေထိုင်မှု တွင်လည်း စိတ်ဓာတ်က အရေးကြီးပါသည်။ မိမိတစ်ယောက်တည်း ချမ်းသာ ပြည့်စုံ နေရုံနှင့် ကျေနပ်နေသည့် စိတ်ဓာတ်မျိုး မဟုတ်ပဲ အများကောင်းကျိုး စဉ်းစားတွေးတော ပေးတတ်သည့် စိတ်ဓာတ် ရှိပါမှလည်း မိမိပတ်ဝန်းကျင်နှင့် လောကတစ်ခွင်ကို အလှဆင်နိုင်မည် ဖြစ်သည်။ သူတစ်ပါးကို ကူညီလိုသည့် စိတ်ဓာတ်၊ စွန့်လွှတ် အနစ်နာ ခံလိုသည့် စိတ်ဓာတ်ရှိသူ များများစားစား ရှိပါမှလည်း လိုအပ်နေသူများကို ဖြည့်ဆည်းပေးနိုင်သည့် ရလဒ်ကောင်းများ များများစားစား ရလာနိုင်မည် ဖြစ်သည်။
              စိတ်ဓာတ်ကောင်း ရှိသူများကြောင့် လုပ်ရပ်ကောင်းများကို အောင်မြင် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကာ ရလဒ်ကောင်းများ ရရှိလာနိုင်မည် ဖြစ်ပါသည်။ စိတ်ဓာတ် မကောင်းသူများသည် အောင်မြင်မှုကို ကြာရှည် ထိန်းထားနိုင်မည် မဟုတ်ပါ။ စိတ်ဓာတ်ကောင်းမှသာ မိမိ တင်မက၊ မိမိ ပတ်ဝန်းကျင်၊ မိမိနိုင်ငံ နှင့် လောက တခွင်ကို အလှဆင်နိုင်မည့် ရလဒ်ကောင်းများကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။

သိင်္ဂါကျော်

(မောင် တစ်ဝမ်းကွဲ လေးက သင်တန်းတစ်ခု ဝင်ခွင့် အတွက် ရေးခိုင်းလို့ ရေးပေးလိုက်တဲ့ စာစီစာကုံးလေးပါ။)

19 April, 2015

စိတ်ဖိစီးမှုကို လျှော့ချရန် လွယ်ကူသော ငါးမိနစ် နည်းလမ်းများ


စီးပွားရေး၊ လူမှုရေး၊ သားရေး၊ သမီးရေး၊ စသည်ဖြင့် စိတ်ဖိစီးစရာ များလှသော ယနေ့ ခေတ်ကြီးတွင် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် နည်းလမ်းများကို သိရှိ လိုက်နာကြရန် လိုအပ်လာပါသည်။

အစားအသောက်

လက်ဖက်စိမ်းရည် (Green Tea)၊ ဆေးဖက်ဝင် အရွက်များခပ်ထားသော လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း များသည် ဒေါသကို လျော့ကျစေနိုင်သော အစွမ်းသတ္တိ ရှိပါသည်။ အချိုဓာတ်ကလည်း နာဗ်ကြောများကို ငြိမ်သက်စေနိုင်သော သတ္တိရှိသည်။ ချောကလက် အနက်ကို စားသုံးခြင်းဖြင့် စိတ်ဖိစီးစေသော ဟော်မုန်းများကို ပုံမှန်ပမာဏ ပြန်ရောက်စေပြီး ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်များကို ပုံမှန်ဖြစ်အောင် ညှိပေးနိုင်သည်။ ပျားရည် တစ်ဇွန်းခန့် သောက်ခြင်းကလည်း စိတ်ကျခြင်းနှင့် ဒေါသထွက်ခြင်း တို့ကို လျှော့ချပေးနိုင်သည်။ သရက်သီး ပေါ်ချိန်တွင် သရက်သီးမှည့်ကို စားသောက်ပေးခြင်းကလည်း ဖိစီးမှုကို လျော့ကျစေနိုင်သည်။ မင်သော် အရသာ၊ သီးစုံအရသာ၊ စသည့် ပီကေများကို မိနစ်အနည်းငယ် ဝါးခြင်းကလည်း လောလောဆယ် ထွက်နေသော ဒေါသကို ပြေလျော့စေနိုင်သည်။

ငြိမ်းချမ်းမှုကို ရှာခြင်း

စိတ်အေးချမ်းမှု ရရှိရန် လူမရှိသော တောင်များပေါ်အထိ တက်ရောက်ရန်မလိုပါ။ ငါးမိနစ်ခန့်  တရားထိုင်ခြင်းက ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ပါသည်။ တစ်ရက်လျှင် ၂ ကြိမ် မိနစ်အနည်းငယ် တရားထိုင်ခြင်းက စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်း တို့ကို သက်သာရာ ရစေနိုင်သည်။ တိတ်ဆိတ်သော နေရာတွင် အသက်ရှုသွင်း ရှုထုတ်ခြင်းကို အာရုံစူးစိုက်၍ နေခြင်း အားဖြင့် ဒေါသစိတ်များကို ပျောက်ကွယ် စေနိုင်ပါသည်။

အလုပ်ခွင်တွင် ပင်ပန်းနေသော နေ့လည်များတွင် သင်သည် ကောင်းမွန်စွာ ပြည့်ပြည့်ဝဝ အိပ်စက်မှုတစ်ခု လိုအပ်နိုင်ပါသည်။ သို့သော်လည်း ရုံးခန်းအလည်တွင် ဟောက်သည်အထိ အိပ်၍လည်း မဖြစ်နိုင်ပါ။ အကယ်၍ ခေါင်းအုံးတစ်လုံးပေါ် ခေါင်းချ၍ အိပ်လိုက်နိုင်လျှင်တော့ ဖြေလျှော့ပြီးသား ဖြစ်နိုင်သည်။ သင့် ဦးခေါင်းကို စားပွဲခုံပေါ်မှာပဲ ဖြစ်ဖြစ် ခဏလောက် ချလိုက်ပြီး ခေါင်းအုံးပေါ် အိပ်နေရသည်ဟု စိတ်ကူးယဉ်ကြည့်ပါ။ သင့် စိုးရိမ်မှုတွေ အားလုံး ခေါင်းအုံးက စုပ်ယူသွားပြီဟု စိတ်ကူးယဉ်လိုက်ပါ။ ဖိစီးမှုများ လျော့ကျသွားပါလိမ့်မည်။

အသက်ကို ဖြည်းဖြည်းမှန်မှန် နက်နက်ရှိုင်းရှိုင်း ရှုသွင်းရှုထုတ် ပြုလုပ်ခြင်းသည်လည်း သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို လျော့နည်း စေနိုင်သည်။ ယောဂ နည်းလမ်းများသည်လည်း ထိုကဲ့သို့ အသက်ရှုခြင်းကို အခြေခံသည်။ ထိုနည်းလမ်းသည် စိတ်နှင့် ကိုယ်ခန္ဓာကို balance ညီအောင် ညှိပေးနိုင်သည်။ ဒေါသထွက်နေချိန်တွင် တင်းမာနေသော ကြွက်သားများကို ဖျစ်ညှစ်ခြင်း၊ ဖြေလျှော့ခြင်း သည်လည်း စိတ်ငြိမ်သက်မှုကို ပေးစွမ်းနိုင်သော နည်းလမ်း တစ်ခု ဖြစ်သည်။ စိုးရိမ်စိတ်များဖြင့် တင်းကျပ်နေချိန်တွင် ဂဏန်းများကို ၁ မှ ၁၀ သို့ ရေတွက်၊ ပြီးလျှင် ပြောင်းပြန် ၁၀ မှ ၁ ရေတွက်ခြင်းကို ဖြည်းညှင်းစွာ ပြုလုပ်ခြင်းသည်လည်း စိတ်ဖြေလျှော့နိုင်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။

မြင်ယောင်စိတ်ကူးခြင်း နည်းလမ်းသည်လည်း စိတ်ဖြေလျှော့နိုင်သော နည်းတစ်ခုပင် ဖြစ်သည်။ သင့်ကို ပျော်ရွှင်စေခဲ့သော ဖြစ်ရပ်တစ်ခုခု၊ သို့မဟုတ် ပျော်ရွှင်စေနိုင်မည့် တစ်စုံတစ်ရာကို တွေးတောစိတ်ကူး မြင်ယောင် ကြည့်ခြင်းဖြင့် လတ်တလော တင်းမာနေသော စိတ်များကို ပြေလျော့စေနိုင်ပါသည်။ နောက်ထပ် နည်းလမ်း တစ်ခုမှာ သင့်မျက်စိများကို မှိတ်ထားခြင်း ဖြစ်သည်။ အလုပ်များသော ရုံးအလုပ်များမှ အားချိန်လေး ခဏလောက် ယူလိုက်ပြီး သင့် မျက်ခွံများကို မှိတ်ထားလိုက်ခြင်းပင် ဖြစ်သည်။ တည်ငြိမ်မှု နှင့် အာရုံစူးစိုက်မှုကို ပြန်လည်ရယူနိုင်မည့် လွယ်ကူသော နည်းလမ်း တစ်ခု ဖြစ်ပါသည်။

ကိုယ်ခန္ဓာတစ်ခုလုံးကို ပြေလျှော့စေခြင်း

ကိုယ်ကိုယ့်ကိုယ် လက်ဖြင့် နှိပ်နယ်ခြင်းသည် စိတ်နှလုံး ငြိမ်သက်၍ ဖြေလျှော့ခြင်းကို ဖြစ်စေနိုင်သည်။ နှိပ်နယ်ခြင်းသည် keyboard ကို အချိန်ကြာကြာ နှိပ်ရသူများကိုလည်း ပြေလျှော့အောင် အကူအညီ ဖြစ်စေနိုင်သည်။  lotion တစ်ခုခု လိမ်းပြီး လက်မ အောက်ခြေမှ ကြွက်သားကို အခြေခံပြီး နှိပ်နယ်ပေးခြင်းသည် ပခုံး၊ လည်ပင်း၊ ဦးရေပြားများကို စိတ်ဖိစီးမှုကို လျှော့နည်း သက်သာစေနိုင်သည်။ ပြင်းထန်စွာ ဖိနှိပ်ခြင်းသည် တင်းကျပ်ခြင်းကို ဖြစ်စေနိုင်သော်လည်း ဖြည်းညှင်းစွာ အချက်အချာ နေရာများကို ဖိနှပ်ခြင်းကို တင်းကျပ်ခြင်းကို ပြေလျှော့စေနိုင်သည်။ ဂျပန်ရိုးရာ acupressure နှိပ်နယ်ခြင်းသည် ခန္ဓာကိုယ် အတွင်း သွေးလှည့်ပတ်မှု နှင့် အင်အားဓါတ်များကို မှန်ကန် ညီညွတ်စေသည်။ လက်မနှင့် လက်ညှိုးကို အသုံးပြုပြီး လက်မနှင့် အခြားလက်ချောင်းများ ခွကြားရှိ ပျော့သော နေရာကို နှိပ်နယ်ပေးပါ။ မွှေးသော အဆီ တစ်ချို့ ကို အသုံးပြုပါက ပိုမို ကောင်းမွန်ပြီး ပြေလျှော့ခြင်းကို ဖြစ်စေနိုင်သည်။

သင့် ခြေထောက်၊ ခြေဖဝါးများကို ဂေါ့က်ဖ် ဘောလုံးဖြင့် နှိပ်နှယ် လှိမ့်ပေးခြင်းသည်လည်း ပြေလျော့ခြင်းကို ဖြစ်စေနိုင်သည်။ သင်သည် သင့်လုပ်ဖော်ကိုင်ဖက်၊ ယောကျ်ားလေး မိတ်ဆွေ စသည်တို့ကို စိတ်ဆိုးသည့်အခါ ထိုသူတို့ကို ကိုယ်ထိလက်ရောက် မလုပ်နိုင်သည့်အစား ဖိနှိပ်၍ ရသော ဘောလုံးပျော့ပျော့ကို ဖိနှိပ် ပစ်လိုက်ပြီး  ဒေါသကို ဖြေပါ။ လွယ်ကူပြီး ကြမ်းတမ်းခြင်း မရှိသည့် တင်းမာမှု လျှော့ချနိုင်သည့် နည်းလမ်း ဖြစ်သည်။ စိတ်ဖိစီးမှု အရမ်း ဖြစ်လာသည့်အခါ ရေချိုးခန်း၊ (အိမ်သာခန်း) သို့ ဝင်၍ မျက်နှာ၊ နားနောက်ဘက်များ နှင့် လက်များကို ရေအေးဖြင့် ဆွတ်ပါ။ ထိုနေရာများသည် အရေပြားအောက်ခြေထိ ရေစိမ့်ဝင်နိုင်ရာ အေးစိမ့်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို တည်ငြိမ်မှု ဖြစ်အောင် ကူညီပေးလေသည်။ စိတ်ရှုပ်လာသည့်အခါ သင့်ခေါင်းကို ဖီးပေးခြင်း၊ ပန်းကန်များဆေးခြင်း၊ သိုးမွေးထိုးခြင်း စသည်တို့ကလည်း စိတ်ပြေလက်ပျောက် ဖြစ်စေပါသည်။

ပတ်ဝန်းကျင်အသစ်

လူတိုင်း တောထဲက သစ်သားအိမ်လေးထဲမှာ သွားနေနိုင်မည် မဟုတ်ပါ။ သို့သော် ငါးမိနစ်ခန့် တစ်ယောက်တည်း နေခြင်းက သင့် အတွေးများကို စုစည်းမှု ပေးနိုင်ပြီး သင့်ဦးနှောက်ကို ရှင်းလင်းစေရန် အကူအညီပေးနိုင်ပါသည်။ ရေချိုးခန်းထဲတွင် ခဏ ဝင်နေခြင်းသည် ပြင်ပမှ အသံ တိတ်ဆိတ်မှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း ထိုကဲ့သို့ သင် စိတ်ပြေလက်ပျောက် ဖြစ်စေနိုင်မည့် စိတ်ဖိစီးမှုများမှ လုံးဝ ကင်းလွတ်သော နေရာလေး တစ်နေရာကို ရှာနေပါ။ သက်တောင့်သက်သာ ကုလားထိုင်တစ်လုံး၊ အလင်းရောင် ဖျော့ဖျော့နှင့် နေရာတစ်ခု ပြင်ဆင်ပြီး စိတ်တင်းကျပ်မှုတို့ တစ်စစီ ပြိုကွဲသွားသည်အထိ မိနစ် အနည်းငယ်ကြာမျှ နေပါ။

နေရောင်တောက်ပသော နေ့တွင် အပြင်ထွက်ခြင်းသည်လည်း သင့် စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်သည့် လွယ်ကူသော နည်းတစ်ခု ဖြစ်ပေသည်။ တောက်ပသော အလင်းရောင်သည် စိတ်ဓာတ်ကျနေသော လူများကို အကျိုးပြုစေသော ကုသမှု တစ်ခု ဖြစ်သည်။

စိတ်ပျက်စရာကောင်းသော အရာများကို ဆက်တိုက် လုပ်ကိုင်နေရသောအခါ ငါးမိနစ်ခန့် ဘာမှ မလုပ်ပဲ အနားယူကာ ပြတင်းပေါက်အပြင်ကို ခဏ ကြည့်ပေးပါ။ သဘာဝအလှအပ သစ်ပင်များ၊ ပန်းခြံများ စသည်ကို ကြည့်ရခြင်းက တီဗွီ၊ ကွန်ပျူတာ ကြည့်ခြင်းထက် ပို၍ သင့် စိတ်ကိုရော မျက်စိကိုပါ သက်သာရာ ရစေသည်။ သင့် အလုပ်စားပွဲပေါ်တွင် ရှုပ်ပွနေသော အရာများကို မြင်ရခြင်းကလည်း စိတ်ရှုပ်စေသည်ဖြစ်ရာ သင့် စားပွဲခုံ၊ သင့်နေရာကို ပြန်လည် ရှင်းလင်း နေရာချပါ။ သင်လိုအပ်သလောက် အရာကိုသာ အပေါ်ယံထားပြီး မလိုသည်များကို သိမ်းဆည်းပါ။

လေ့ကျင့်ခန်းလုပ်ခြင်း

ယောဂ ကျင့်စဉ် အချို့ကို မှန်မှန် လုပ်ဆောင်ပေးခြင်းကလည်း ခန္ဓာကိုယ်ကို ညီညွတ်မျှတစေသလို စိတ်ကိုလည်း ငြိမ်းချမ်းစေပါသည်။ ခြေထောက်ဆန့်၊ လက်ဆန့် လုပ်ခြင်း၊ ကြွက်သားများ ဆန့်ထုတ်ခြင်း၊ ပခုံးများလှည့်ခြင်း၊ ခေါင်း လေ့ကျင့်ခန်း လုပ်ခြင်း စသည်တို့ကလည်း ဖိစီးမှု ပြည့်နှက်နေသော အလုပ်ရက်များအတွင်း ပြေလျှော့မှုကို ဖြစ်စေပါသည်။

စိတ်ဖိစီးမှုများ၏ အဝေးသို့ ထွက်ပြေးရန် မဖြစ်နိုင်သော်လည်း တန်ဖိုးရှိသည့် လက်တွေ့ လုပ်နိုင်သော အရာ ရှိပါသည်။ တစ်နေရာထဲတွင် ပြေးသကဲ့သို့ လေ့ကျင့်ခန်း လုပ်ခြင်းသည် ဦးနှောက်နှင့် နဗ်ကြောများအတွင်းရှိ ဟော်မုန်းတစ်ချို့ကို ထွက်စေပြီး စိတ်ပြေလျော့စေသည်။ ကိုယ်ကာယ လေ့ကျင့်ခန်း အနည်းငယ် လုပ်ခြင်းကလည်း တင်းမာသော စိတ်ဖိစီးမှုကို လျှော့ကျရန် အကူအညီ ဖြစ်စေသည်။ သင် အလုပ်လုပ်နေရင်း ပင်ပန်းလေးလံလာသည့်အခါ၊ အာရုံစူးစိုက်ရန် ခက်ခဲလာသည့်အခါ ထိုင်ခုံမှထ၍ ကော်ရစ်တာ တစ်လျှောက် ဖြစ်စေ၊ block တစ်ခုလုံးကို ပတ်၍ ဖြစ်စေ လမ်းလျှောက်လိုက်ပါ။ သင်တစ်ယောက်တည်း ဖြစ်သွားသည့် အချိန်က အကျိုးအများကြီး ရှိစေပါသည်။ ကိုယ်လက် လှုပ်ရှားမှုလည်း လုပ်ဖြစ်သွားပြီး သင့်အတွေးများကို စုစည်းရန် မိနစ် အနည်းငယ်လည်း ရသွားပါသည်။

ဖျော်ဖြေမှုနှင့် ဖန်တီးမှု

သင့် စိတ်ခံစားချက်ကို စာရွက်ပေါ်တွင် (သို့) ဒိုင်ယာရီ စာအုပ်ထဲတွင် ချရေးလိုက်ပါ။ ထိုကဲ့သို့ လုပ်ခြင်းက ခံစားရသည်ကို သက်သာစေပြီး စာမေးပွဲကြီးများ အတွက် ကြိုးစားနေစဉ် စိတ်ဖိစီးမှု များနေချိန်၌ ထိုကဲ့သို့ ပြုလုပ်ပါက သင့် အမှတ်များ တိုးတက်လာနိုင်ပါသည်။

ကြိုက်နှစ်သက်ရာ သီချင်းများကို နားထောင်ခြင်းသည်လည်း စိတ်ရော ကိုယ်ပါ ပြေလျော့စေသော ကြီးမားသော အကျိုးသက်ရောက်မှုကို ရစေပါသည်။ မဆူညံလွန်းသော သီချင်းများသည် ခန္ဓာကိုယ် ဖြစ်စဉ်များအပေါ် အကျိုး သက်ရောက်ရုံသာမက သွေးစီးဆင်းမှုနှင့် နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး သွေးပေါင်ချိန်ကို လျှော့ကျစေကာ စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည့် ဟော်မုန်းများကိုလည်း လျှော့ကျစေသည်။ တေးဂီတ နားထောင်ခြင်းသည် မကောင်းသော ခံစားချက်များကို လျှင်မြန်စွာ ပုံမှန်ဖြစ်စေပါသည်။ သီချင်းဟောင်း သီချင်းကောင်း ရှေးသီချင်းများကို အိပ်ရာမဝင်ခင် နားထောင်ခြင်းသည်လည်း စိတ်ကိုဖြေလျှော့ပေးနိုင်သည်။ သီချင်းနားထောင်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်သာမက ဦးနှောက်၏ လေ့လာနိုင်စွမ်းနှင့် မှတ်မိနိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါသည်။

ရိုးရာ အကဖြစ်စေ၊ ခေတ်ပေါ်အက ဖြစ်စေ ကခြင်းသည်လည်း လအနည်းငယ်ခန့် ကြာလျှင် ဒေါသထွက်ခြင်းကို လျော့နည်းသွားစေနိုင်သည်။ နောက်တစ်နည်းမှာ သင့်တွင် စိတ်ဖိစီးမှု များနေသည်ဟု ထင်နေပါက crossword puzzle ပဟေဠိများ ဖြေကြည့်ခြင်းပါ။ အာရုံ စူးစိုက်ပြီး ဦးနှောက်သုံးရသော ကစားနည်းများသည် စိုးရိမ်ပူပန်မှုများကို သင့်စိတ်ထဲမှ ထုတ်ပစ်ပေးနိုင်သည်။

ရနံများ

မွှေးရနံများသည် ကျွန်မတို့၏ စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်ပါသည်။ နှင်းဆီရနံများ ရရှိ ခံစားနေရချိန်တွင် ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း ဖြစ်ဖို့ ခဲယဉ်းလှသည်။ သင့် အလုပ်နေရာ (သို့) နေထိုင်ရာ အိပ်ခန်းတွင် သင်ကြိုက်သော ရနံရှိသည့် ပန်းများကို ထားရှိခြင်းပြီး ဒေါသထွက်တိုင်း ပန်းရနံကို ရှုရှိုက်ပေးပါ။ လာဗင်န်ဒါ သို့  လက်ဖက်ရနံ သို့ အခြားမွှေးရနံ ရှိသည့် အဆီ တစ်ခုခုကို သင့် လက်ဖဝါးပေါ် တစ်စက်ခန့် ချ၍ ရှုရှိုက်ပေးပါ။ စိတ်တည်ငြိမ်စေသော ရနံများသည် ဖိစီးမှုကို လျှော့ချရန် အကူအညီပေးပါသည်။ ဦးနှောက်နှင့် ဆက်စပ်လျှက်ရှိသော နှာခေါင်းမှ လာသည့် ရနံ၏ လှုံဆော်မှုသည် ခံစားချက်များကို ပုံမှန်ဖြစ်စေပါသည်။

သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီးတို့၏ ရနံများသည်လည်း စိတ်ဖိစီးမှှု လျော့ကျစေသော ဟော်မုန်းတစ်ချို့ကို တိုးစေခြင်းဖြင့် စိတ်ဖိစီးမှှုမှ သက်သာရာရအောင် ကူညီပေးနိုင်ပါသည်။ ကော်ဖီရနံကလည်း စိတ်ဖိစီးစေသော ဟော်မုန်းများကို လျော့ကျစေပါသည်။

လူမှုအဖွဲ့အစည်းနှင့် ပျော်ရွှင်စရာ

ကြမ်းတမ်းခက်ခဲသော နေ့တစ်နေ့အတွက် အိမ်မွေးတိရိစ္ဆာန် တစ်ကောင်နှင့် အချိန်ဖြုန်းရခြင်းသည် သင့်ကို ပြုံးစေနိုင်သည်။ အိမ်မွေးတိရိစ္ဆာန်လေးများက သင်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးပွားစေနိုင်ပြီး လူမှုအဖွဲ့အစည်းများမှ ဝိုင်းပယ်ခံရသော ခံစားချက်များကိုပင် သက်သာရာရစေသည်။

စိတ်ဖိစီးမှု များနေသောအခါ ရယ်မောပေးပါ။ ဟာသ စာအုပ်တစ်အုပ်ဖတ်ခြင်း၊ သို့  YouTube မှ ဟာသ ဗွီဒီယို တစ်ပုဒ် ကြည့်ကာ ရယ်မောလိုက်ခြင်းဖြင့် ဖိစီးမှုများ လျော့ကျသွားပါလိမ့်မည်။ တစ်စုံတစ်ရာ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စရာ ရှိလျှင် ယုံကြည် စိတ်ချရသော လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစုဝင် တစ်ယောက်ယောက်ကို ပြောပြပြီး မျှဝေ လိုက်ပါ။ စိတ်သက်သာရာ ရသွားပါလိမ့်မည်။

တက်လာသော လှိုင်းလုံးများ၊ ပူနွေးသောသဲသောင်ပြင်၊ ဆံနွယ်များကို တိုက်ခတ်လာသော လေညှင်း။ အနည်းဆုံးတော့ ပုံရိပ်က ကောင်းမွန်လှသည်။ အလုပ်မှ ခဏ အနားယူပြီး သွားနိုင်မည့် အားလပ်ရက် ခရီးထွက်စရာ နေရာကို ရှာပါ။ ခရီးစဉ်တစ်ခု၏ ပျော်စရာ အားလုံးလည်း စီစဉ်ကတည်းက ထည့်ထားနိုင်သည်။ ဘာပဲဖြစ်ဖြစ် ခရီးထွက်ခြင်းက စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်သည်ကိုတော့ လူတိုင်း လက်ခံကြမည်ထင်ပါသည်။


Shana Lebowitz ၏ 40 Ways to Relax in 5 Minutes or Less ကို မှီငြမ်းပါသည်။

သိင်္ဂါကျော်

07 February, 2015

ထက်မြက်အောင်မြင်သော အာဖရိကန် အမျိုးသမီး တစ်ဦး



Mimi Alemayehou ကို အီသီယိုးပီးယားနိုင်ငံတွင် မွေးဖွားခဲ့ပြီး အသက် ရှစ်နှစ် အရွယ်တွင် သူမ၏ ဖခင် အလုပ်ပြောင်းရွှေ့ရာ ကင်ညာ နိုင်ငံသို့ ပြောင်းခဲ့ရသည်။ မီမီ နှင့် သူ့အစ်ကို နှစ်ယောက်အပါအဝင် သူမတို့ မိသားစုသည် နှစ်ရက် အတွင်းမှာပင် နိုင်ငံသစ်သို့ ပြောင်းရန်ပြင်ခဲ့ရရာ သူမသည် သူမ တက်နေသော ကျောင်းကို မခွဲနိုင် မခွာရက် ဖြစ်ခဲ့ရသေးသည်။ အဆုံးမှာတော့ ကင်ညာနိုင်ငံတွင် တန်ဖိုးရှိသော သင်ခန်းစာ အသစ်များ ရခဲ့သည်။ သူမ၏ အင်္ဂလိပ်စာ အရည်အချင်းသည် သူမ ထင်ထားသည်ထက် ညံနေသည်ကို တွေ့ခဲ့ရသည်။ သူမ၏ အပေါင်းအသင်း ကျောင်းသူများသည် မော်ရိုကို၊ အစ္စရေး၊ အင်္ဂလန်နှင့် အင်ဒိုနီးရှားတို့မှ လာသူများ ဖြစ်ကြသည်။ သူငယ်ချင်းများ နာမည်နှင့် နိုင်ငံကို သိပြီးနောက် သူမသည် ကမ္ဘာ့ရွာကြီး တစ်ရွာသို့ ရောက်နေသည်ဟု ခံစားခဲ့ရသည်။

သူမ၏ မိသားစုသည် မီမီ အထက်တန်း ပထမနှစ် တက်သည့်အချိန်တွင် ကင်ညာကို စွန့်ခွာ၍ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့သည်။ မီမီ၏ မိသားစုသည် သူမကို ဆရာဝန် တစ်ယောက် သို့မဟုတ် အင်ဂျင်နီယာ တစ်ယောက် ဖြစ်စေချင်ခဲ့သည်။


West Texas A&M University သည် သူမအတွက် ဘဝသင်ခန်းစာ အများအပြား အတွက် လေ့ကျင့်ရာ ဌာန တစ်ခု ဖြစ်ခဲ့ပြီး United State ၏ နိုင်ငံရေးရာ နှင့် ပတ်သက်၍ အတော်များများ နားလည်ခဲ့ရသည်။ တက္ကဆက် အနီးတစ်ဝိုက်တွင် အီသီယိုးပီးယား အသိုင်းအဝိုင်း ကြီးကြီးမားမား မရှိ ဟူသော အမြင်သစ်ကို ရခဲ့သည်။ သူမသည် တစ်မိုးအောက် အသိုင်းအဝိုင်းတစ်ခု တွေ့ခဲ့ပြီး မွေးစားမိဘများနှင့် ခိုင်မာသော ဆက်သွယ်မှု တစ်ခု ရှိခဲ့ရသည်။ တက္ကဆက်မှ ထွက်ပြီးနောက် သူမသည် Capitol Hill တွင် လက်ထောက်တစ်ယောက် နေရာနှင့် အလုပ်ဝင်ခဲ့သည်။


သူမ သည် Tufts တက္ကသိုလ် Fletcher School of Law and Diplomacy မှ နိုင်ငံတကာ စီးပွားရေး နှင့် နိုင်ငံတကာ ဥပဒေ ရေးရာ နှစ်ခုကို မေဂျာယူ၍ မဟာဘွဲ့ ရရှိခဲ့သည်။ US တွင် အမြဲနေထိုင်သော အာဖရိကန် အသိုင်းအဝိုင်းအတွက် ရည်ရွယ်၍ ပြုလုပ်သော ပထမဆုံး အာဖရိကန် Yellow pages (တယ်လီဖုန်း စာအုပ်) ကို ထုတ်ဝေသူ ဖြစ်ခဲ့သည်။ အီသီယိုးပီးယန်း အမေရိကန် လူမှုအဖွဲ့အစည်း မှ တည်ထောင်သော အမေရိကန်သို့ ဝင်ရောက်နေထိုင်သူ အမျိုးသမီးများ၊ ဒုက္ခသည်များကို ကူညီထောက်ပံ့သော အဖွဲ့အစည်း၏ ဒါရိုက်တာ အကြီးအကဲ တစ်ယောက် အနေနှင့်လည်း ဆောင်ရွက်ခဲ့သည်။ အာဖရိက ပူးပေါင်းဆောင်ရွက်မှု ကောင်စီ တွင် အစောဆုံးပါဝင်သော ဝန်ထမ်းများထဲတွင် မီမီလည်း ပါဝင်ခဲ့သည်။ သူမသည် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ပြည့်သူ့ဆက်ဆံရေးဌာန တွင်လည်း လုပ်ကိုင်ခဲ့ပြီး အာဖရိက တွင် အဖြစ်များသော တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အပံ့များ ရရှိရန် အာရုံစိုက် ခဲ့သည်။

သူမ၏ မွေးရပ် အီသီယိုးပီးယားတင် မဟုတ်ပါ၊ ဘရာဇီး ကနေ ကဗ္ဘောဒီးယား အထိ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ မည်ကဲ့သို့ လုပ်ဆောင်သည်ကို သိရန် အရေးကြီးကြောင်း သူမက ပြောခဲ့သည်။ “သူတို့မှာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်၊ သူတို့အတွက် တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခုမှာ မလုံခြုံဘူးလို့ ခံစားလာရတဲ့အခါ ဘဝမှာ ဘာတွေ လုပ်ဖူးတယ်၊ လုပ်နိုင်တယ် ဆိုတာမျိုးကို စူးစမ်း ရှာဖွေကြည့်ဖို့ လူတွေအတွက် အရေးကြီးတယ်လို့  ကျွန်မထင်ပါတယ်” ဟု မီမီက ဆိုသည်။

သူမသည် အာဖရိက ဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်း ဆိုင်ရာ လှုပ်ရှားမှု ကော်မတီ မတိုင်ခင်၊ AIDS နှင့် ပတ်သက်သော နားလည်သဘောပေါက်မှုများ မတိုင်ခင်ကပင် အာဖရိကအတွက် အလုပ်လုပ်နေခဲ့သည်။ သူမ၏ ကျွမ်းကျင်သော လုပ်ငန်းသည် အာဖရိက ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါဆုံး အသက်မွေးဝမ်းကြောင်း များထဲမှ တစ်ခုကို ဦးဆောင်မှုပေးရန် တွေးထားခဲ့သည်။ သူမသည် အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ ဈေးကွက် အုပ်စုဝင် နိုင်ငံများကို အထောက်အပံ့ပေးနိုင်မည့် TradeLinks ကော်ပိုရေးရှင်းကို စတင်ခဲ့ပြီး ထိုနိုင်ငံများမှ U.S သို့ ကုန်ပစ္စည်း တင်ပို့မှုကို တိုးတက်စေနိုင်ခဲ့သည်။ အာဖရိကန် အစိုးရနှင့် အမေရိကန် အဖွဲ့အစည်းများ အတွင်း အလုပ်လုပ်ရသည်ကို သူမသည် ကျေနပ်ပျော်ရွှင်ခဲ့သည်။ အထူးသဖြင့် အရည်အချင်းရှိသော၊ အရည်အသွေးပြည့်သော ထုတ်ကုန်များ ပေးနိုင်သော အာဖရိကန် လုပ်ငန်းရှင်များ နှင့် အလုပ်လုပ်ရသည်ကို သဘောကျခဲ့သော်လည်း အခြေခံ ကိရိယာ တန်ဆာပလာ လိုအပ်မှုကတော့ မျှော်လင့်ချက်မဲ့အောင် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် လေ့ကျင့်သင်ကြားမှုနှင့် လုံလောက်သော ပစ္စည်းကိရိယာများ လိုအပ်လျှက်ရှိသော်လည်း အဆင့်မီ ကုန်ပစ္စည်းများကို သတ်မှတ်ထားသော အချိန်အတွင်း ထုတ်လုပ်နိုင်ခဲ့ကြောင်း မီမီက ပြောသည်။ သမ္မကြီးက သူမကို ထိုအလုပ်တာဝန် ခန့်ထားပေးသည့်အတွက် ဂုဏ်ယူကြောင်း ပြောခဲ့သည်။


ကလေးနှစ်ယောက် မိခင် ဖြစ်သော မီမီ သည် နိုင်ငံရပ်ခြား ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (OPIC) ဒုတိယ ဥက္ကဌ အဖြစ် ၂၀၁၀ မတ်လမှ ၂၀၁၄ ဧပြီ အထိ တာဝန်ယူခဲ့ပြီး ၂၀၁၀ ဇွန်လတွင် သမ္မတ ဘားရက်အိုဘားမားက မီမီ ကို အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ အဖွဲ့ဝင် တစ်ယောက်အဖြစ် ခန့်ထားခဲ့ခြင်း ဖြစ်သည်။ သူမ OPIC တွင် ရှိနေစဉ် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၆ ဘီလီယံကျော် အမြတ်အစွန်း တိုးတက်ရရှိခဲ့သည်။ ထိုအတောအတွင်း မဖွံ့ဖြိုးသေးသော အာဖရိက နယ်မြေများတွင် လျှပ်စစ်မီး တိုးတက်ရရှိရန် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

မီမီသည် OPIC သို့ မရောက်ခင် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တွင် ဒါရိုက်တာ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အမေရိကန် အစိုးရ ကိုယ်စား ဆုံးဖြတ်ပိုင်ခွင့် ရှိသူ ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့သည်။ U.S ဘဏ္ဍာရေး အတွင်းရေးမှူး ဟင်နရီ ပေါလ်ဆင် ထံမှ အထူး ဂုဏ်ပြုဆုကို ရရှိခဲ့သည်။ ၂၀၁၃ တွင် Forbes မဂ္ဂဇင်း၏ ငယ်ရွယ် ထက်မြက်သော အာဖရိကန် အမျိုးသမီး အယောက် ၂၀ စာရင်းတွင် ပါဝင်ခဲ့သည်။

“လူအများစု၊ အထူးသဖြင့် အမျိုးသမီးတွေ အတွက် သာမန်ဘဝကနေ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ သိပ်ကို ခက်ခဲပါတယ်၊ ကျွန်မရဲ့ မွေးရပ်မြေ အီသီယိုးပီးယား ဟာဆိုရင် မိန်းကလေး တစ်ယောက် အနေနဲ့ မွေးဖွားလာဖို့ အတွက် အဆိုးဝါးဆုံးနေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ မြို့တော်ကနေ ဝေးဝေးတောင် မသွားရဘူး။ အရွယ်မရောက်သေးတဲ့ ကလေး သတို့သမီးတွေကနေ ကလေးတွေ မွေးကြတယ်။ အကောင်းဘက်က ကြည့်ရင်တော့ အမျိုးသမီးတွေဟာ ပြန် တိုက်ခိုက်နေကြပါပြီ၊ ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်၊ ဒါပေမယ့် လုံလောက်အောင် မြန်ဆန်မှုတော့ မရှိသေးပါဘူး” ဟု Forbes မဂ္ဂဇင်းမှ အင်တာဗျူးတွင် သူမ၏ နိုင်ငံနှင့် ပတ်သက်၍ ပြောပြခဲ့သည်။

သူမ၏ နောက်ဆုံးရည်မှန်းချက်နှင့် ပတ်သက်ပြီး မေးမြန်းသောအခါ “ကျွန်မအနေနဲကတော့ အဆုံးသတ် အလုပ်လို့သတ်မှတ်ရမယ့် အလုပ်မျိုး၊ ပြီးပြည့်စုံပြီလို့ယူဆရမယ့် အလုပ်မျိုး ရှိတယ်လို့ မယုံကြည်ပါဘူး၊ အဆင့်တိုင်းမှာ လေ့လာနေရမှာပါပဲ။ ဘဝဆိုတာ သင်ယူလေ့လာနေရတဲ့ ခရီးရှည်တစ်ခုပါပဲ၊ ကျွန်မ နိုင်ငံရေး လုပ်ဖို့ စိတ်ကူးမရှိပါဘူး၊ လူတွေ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို မြင်ရတဲ့အခါမှာ ကျွန်မက အဲဒါရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်တာပါပဲ၊” ဟု ဆိုခဲ့သည်။

OPIC သည် ချေးငွေများ၊ အာမခံများ ကို ကုမ္ပဏီများ၊ လုပ်ငန်းရှင်များသို့ ထုတ်ပေးခြင်းဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အစဦး ရင်းနှီးမြှုပ်နှံခဲ့သည်။ အာဖရိက ဒေသများတွင်  စီးပွားရေးများလုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံခြင်း၊ အလုပ်အကိုင် ဖန်တီးခြင်း၊ အသိဥာဏ် တိုးတက်စေရန်၊ စီးပွားရေး တိုးတက်စေရန် ကူညီခြင်းအားဖြင့် အခွင့်အလမ်းများ ဖော်ထုတ်ရှာဖွေပေးခဲ့သည်။



မီမီသည် အမေရိကန်နိုင်ငံတွင် ပညာတတ် အမျိုးသမီးတစ်ယောက်အဖြစ် နေထိုင်နေရသော်လည်း မိမိ မွေးရပ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသလောက် လုပ်ဆောင်ပေးနေသော လေးစားအတုယူဖွယ် အာဖရိကနွယ်ဖွား အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။

သိင်္ဂါကျော်

Ref: 
http://en.wikipedia.org/wiki/Mimi_Alemayehou
http://thebreakthrough.org/people/profile/mimi-alemayehou
http://sodere.com/profiles/blogs/mimi-alemayehous-journey-to
http://www.forbes.com/sites/faraigundan/2013/12/30/mimi-alemayehou-top-african-female-executive-at-the-overseas-private-investment-corporation-opic-part-one/2/