29 December, 2013

ဒီဇင်ဘာရဲ့ အဝေးက အဝါရောင်နှင်းဆီ



ဒီနှစ် ဒီဇင်ဘာက အရင်နှစ်တွေနှင့်မတူ မကြုံစဖူးအောင် အေးလှသည်။ သီဟသစ် အတွက် ဒီဇင်ဘာက အမှတ်တရတွေ များသည်။ ဒီဇင်ဘာမှာ သူ့ကိုမွေးခဲ့သည်။ ဒီဇင်ဘာမှာ သူချစ်သော မိန်းကလေးနှင့်တွေ့ဆုံခဲ့သည်။ သူချစ်သော မိန်းကလေးကလည်း ဒီဇင်ဘာလမှာ မွေးသူပင် ဖြစ်သည်။ မေနှင့် တွေ့ဆုံခဲ့သည့် ဒီဇင်ဘာမှ ရေတွက်လျှင် နှစ်နှစ်ပြည့်မြောက်သည့် ဒီနှစ် ဒီဇင်ဘာမှာတော့ သူတို့နှစ်ယောက် တစိမ်းပြင်ပြင် ဖြစ်တာ သေချာသွားခဲ့သည်။ သူ့မွေးနေ့မှာ မေ့ဆီက Happy Birthday message ရောက်မလာခဲ့တော့ပါ။ မေက သာမန် သူငယ်ချင်းတွေလိုပဲ နေကြစို့ ဟု ဆိုသော်လည်း သူ့စိတ်ထဲမှာတော့ သူစိမ်းတွေလိုပင် ခံစားနေရသည်။ မေ့ကို သူ့ချစ်သူလေး အနေနှင့် ခံစားချက်က ခုထိ ပြောင်းလဲ၍ မရသေးပါ။ သူ့ဘက်က အမြင်မှာ ကြီးကြီးကျယ်ကျယ် ဘာအကြောင်းမှ မရှိပဲ မေက သူ့ကို သံယောဇဉ် ဖြတ်လိုခြင်းကို နားမလည်နိုင်သေးပါ။

ဒီဇင်ဘာက သူ့အတွက် အေးစက် ခါးသက်စွာ အထီးကျန်လွန်းသည်။ မေနှင့် စတင်တွေ့ဆုံခဲ့သော ဒီဇင်ဘာတစ်ခုကို ပြန်သတိရသွားသည်။

*****
ဒီဇင်ဘာလက ပုံမှန်ရာသီဥတု မဟုတ်ပဲ မုန်တိုင်း ရှိနေသဖြင့် ပတ်ဝန်းကျင်က မှိုင်းအုံ့အုံ့ ဖြစ်နေသည်။ သီဟသစ်သည် မကာအို၊ Golden Dragon ဟိုတယ်တွင် ပထမည ကုန်လွန်ခဲ့လေပြီ။ အိပ်ခန်းထဲမှ လိုက်ကာကို ဘေးသို့ ဖယ်ကြည့်လိုက်တော့ Macau Fisherman’s Wharf ကို လှမ်းမြင်နေရသည်။ တရုတ်ရှေးဟောင်း အဆောက်အအုံ ပုံစံတူတစ်ခု နှင့် အဆောက်အအုံ ပုံစံတူလေးများ၊ လာရောက်လည်ပတ်သော ခရီးသွားကားများ ရပ်ထားသည်ကို အပေါ်စီးမှ တွေ့နေရသည်။ နောက်ခပ်ဝေးဝေး မြစ်အတွင်းမှာတော့ တံတားတစ်စင်း…။ သူ့အနေနှင့် အလုပ်ကိစ္စနှင့် စင်ကာပူ၊ မလေးရှား နိုင်ငံများသို့ သုံး လေး ခေါက် မက ရောက်ဖူးသော်လည်း မကာအိုနိုင်ငံသို့ ခုတစ်ခေါက်က ပထမဆုံး ရောက်ခြင်း ဖြစ်သည်။ သူ့ကုမ္ဗဏီနှင့် ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းတစ်ရပ်အတွက် စာချုပ်ချုပ်ဆိုရန် လာရောက်ခြင်း ဖြစ်သည်။

ရေမိုးချိုးပြီးနောက် မနက်စာစားရန် ပထမထပ်သို့ ဆင်းလာခဲ့သည်။ မနက်စာစားပြီးသည်နှင့် သူတို့နှင့် ချိန်းထားသော နေရာသို့ သွားရမည်။ ရှစ်ထပ်မြောက်မှာ ဓာတ်လှေကား ရပ်ပြီးနောက် မိန်းကလေး တစ်ယောက် ဝင်လာသည်။ နံနက်စာ စားချိန် ဖြစ်သဖြင့် ဓါတ်လှေကား အတွင်းမှာ လူများသည်။ ဝင်လာသော မိန်းကလေးက သူနှင့် မျက်စောင်းထိုးလောက်မှာ ရပ်လိုက်သဖြင့် ယဉ်ယဉ်လေး ပျံ့သင်းသော သနပ်ခါးနံဆန်ဆန် မွှေးရနံကို ရနေသည်။ နိုင်ငံခြားသူတစ်ယောက်ပဲ ထင်သဖြင့် ရိုင်းရာလည်း ကျမည် စိုးသောကြောင့် မိန်းကလေးကို မျက်စိဝေ့၍ပင် မကြည့်ပါ။ နောက်ထပ် လေးထပ်လောက် ဆင်းပြီးနောက် နှစ်ယောက် ထပ်တက်လာသဖြင်း မိန်းကလေးက သူနံဘေးနားသို့ တိုးလာရသည်။ သို့နှင့် သူလည်း တစ်ချက်ကြည့်မိသွားသည်။ ဘေးတိုက်မို့ မျက်နှာကို သေချာ မမြင်ရသေးသော်လည်း ဝတ်ထားသော အဝတ်အစားကြောင့် စိတ်ဝင်စား သွားသည်။ သူမ ဝတ်ထားသည်က မြန်မာပြည်ထွက် ချင်းလုံချည်အဆင် ဖြစ်နေသည်။ အနက်ရောင် အောက်ခံပေါ်တွင် အစိမ်းရင့်ရင့်များများနှင့် အဝါနုနုတို့ စပ်ထားသော အဆင်။ ဒူးအောက်နားရောက်သော ပုံကျကျ စကတ်ဖြစ်ပြီး အပေါ်မှ အင်္ကျီမှာလည်း ချည်သား အစိမ်းရင့်ရင့် ပြောင် ဖြစ်သည်။ ကုတ်အင်္ကျီအနက်ရောင်လေး တစ်ထည်ကိုတော့ လက်ပေါ်မှာ တင်ထားသည်။ သူက ခေါင်းငုံလိုက်တော့ ဘေးနားမှ ဖြူဝင်း ဖောင်းအိသော ခြေထောက်လေး တစ်စုံကို မြင်လိုက်ရသည်။ ခြေသည်းလေးများက မတိုမရှည်နှင့် အရောင်မပါသော အကြည်ရောင်လေး တင်ထားသည်ထင့် အနက်ရောင် ဖိနပ်ကြိုးပေါ်မှ စိန်ပွင့်လေးများနှင့် အပြိုင် သပ်ရပ်တောက်ပနေသည်။

စားသောက်ခန်းမ ရှိရာ ပထမထပ်တွင် ဓာတ်လှေကားအတွင်းမှ သူမ ထွက်သွားတော့ သူ့လိုပင် စားသောက်ခန်းမသို့ သွားပုံရသည်။ စားချင်ရာ ကြိုက်သလောက် ယူ၍ရသော ဘူဖေး မနက်စာကို သူစားနိုင်သလောက် အနည်းငယ်စီ ထည့်ပြီး တစ်ပန်းကန် မောက်မောက်အဖြစ်မှာ ခုံနေရာ ထိုင်ဖို့ ကြည့်လိုက်တော့ သူမက စားပွဲတစ်ခုမှာ ထိုင်ပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ကြည့်ရသည်မှာ မြန်မာမိန်းကလေး တစ်ယောက်နှင့် တူသည်။ သူက မိတ်ဖွဲ့ချင်သဖြင့် သူမ စားပွဲတွင် ထိုင်ဖို့ ခွင့်တောင်းတော့ သူမက ခေါင်းတစ်ချက်ငြိမ့်ပြပြီး မနက်စာကို ဣနြေ္ဒရရ ဆက်လက် စားသောက်နေသည်။ သူကလည်း သူ့မနက်စာကို စစားလိုက်ရင်းမှ မနေနိုင်တော့ပဲ ဘယ်နိုင်ငံက လာပါသလဲ ဟု အင်္ဂလိပ်လို မေးလိုက်မိသည်။ အဲဒီတော့မှ သူမကလည်း သူ့လေယူလေသိမ်းကို သတိထားမိသွားပုံရပြီး သူ့မျက်နှာကို ပြန်ကြည့်ရင်း သူ့မေးခွန်းကို အင်္ဂလိပ်လို ပြန်မဖြေပဲ “မြန်မာနိုင်ငံက လာတာပဲလား” ဟု မြန်မာလို ပြန်ပြောသည်။ အဲဒီနောက် နှစ်ယောက်သား အပြန်အလှန် မိတ်ဆက်ဖြစ်ကြသည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော့်နာမည်က သီဟသစ်နိုင်ပါ၊ အလုပ်ကိစ္စလေး နည်းနည်း ရှိလို့ လာတာပါ၊ ဒီကရော”
“ကျွန်မ နာမည် မေနှင်းဆီဝါပါ၊ Conference မှာ စာတမ်းဖတ်ဖို့ လာတာပါ”

သူမက ထိုမျှသာ ပြောပြီး မနက်စာကို ဆက်စားနေသဖြင့် သူ့မှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားသည်။ Frameless မျက်မှန်အောက်မှ မျက်ဝန်းများက ထက်မြက်စူးရှစွာ လှပလွန်းသည်ကို သတိထားမိလိုက်သည်။ မိတ်ကပ်ပါးပါး လောက်သာ လိမ်းထားပြီး နှုတ်ခမ်းနီတောင် ဆိုးမထားသော သူမမျက်နှာက သဘာဝအတိုင်း လှနေသည်။ သူက သူ့ ပတ်ဝန်းကျင်မှာ မိန်းမလှလေး များစွာနှင့် တွေ့ဆုံဖူး ပတ်သက်ဖူးသူ ဖြစ်ပါသည်။ သို့သော် ဒီမိန်းကလေးကတော့ တစ်ခြားမိန်းကလေးတွေနဲ့ မတူပဲ တမူထူးခြားသည်ဟု သူ ခံစားရသည်။ အပြစ်ကင်းစင်အောင် ချောမောပြေပြစ်သော မျက်နှာအလှထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ဟန်ပန်က အရှိန်အဝါ တစ်မျိုး ရှိနေသည်။ သူ့လို မိန်းကလေး တော်တော်များများကို ဆွဲဆောင်နိုင်သူကပင် နည်းနည်း ရှိန်းနေရသည်။

မနက်စာ စားပြီးတော့ နှစ်ဦးသား Golden Dragon ဟိုတယ်မှ ထွက်လာခဲ့ကြသည်။ သူမက Macau Fisherman’s Warf သို့ ကားလမ်းကူးကာ လမ်းလျှောက်သွားမည် ဖြစ်ပြီး သူကတော့ သူ့ပါတနာများနှင့် ချိန်းထားသော တစ်ခြား ဟိုတယ်ရှိ ခန်းမတစ်ခုသို့ တက္ကစီငှားပြီး သွားရမည် ဖြစ်သည်။
*****

နောက်တစ်ရက်မှာတော့ သူက မနက်စောစောထပြီး စားသောက်ခန်းထဲမှာ မနက်စာစားရင်း သူမ လာသည်အထိ စောင့်နေမိသည်။ ဒီနေ့တော့ သူမက ခရမ်းရင့်ရောင် ဘောင်းဘီရှည် အကျပ်နှင့် ခရမ်းနှင့် အပြာရောင် ရှပ်အင်္ကျီအကွက်ကို ဝတ်ထားသည်။ ကြိုးရှည်ရှည် အိတ်ကြီးတစ်လုံးကို လွယ်ထားသည်။ သူမက စားစရာဗန်းလေး ကိုင်လာစဉ် သူက သူ့စားပွဲသို့ ခေါ်လိုက်တော့ သူမကလည်း မငြင်းမဆန် လိုက်လာသည်။ သူရော သူမပါ ကော်ဖီ မယူရသေးသဖြင့် သူက သူ သွားယူပေးမည်ဟု ပြောတော့ သူမက Thanks ဟု အပြုံးတစ်စနှင့် ဆိုသည်။ “နို့ထည့်မှာလား” ဟု သူက မေးတော့ “ဟုတ် ထည့်မှာ” ဟု ပြောသည်။
“တစ်ချို့ မိန်းကလေးတွေက ဝမှာ ကြောက်လို့ ရှောင်ကြတယ်လေ” ဟု သူက ပြောတော့
“ကျွန်မကတော့ အထူးတလည် ရှောင်မနေပါဘူး၊ ဒီမှာ ကျွန်မ စားတာကို ကြည့်လေ” ဟု သူမယူလာသော မနက်စာ အစုံအလင်ပါသည့် ပန်းကန်ကို ပြရင်း ပြောသည်။
“ကျွန်တော် မေလို့ ခေါ်လို့ ရမလား မသိဘူး၊ နာမည်ကလည်း ရှည်တော့လေ..”
“ရပါတယ် ကြိုက်သလို ခေါ်ပါ”
ကော်ဖီသောက်ရင်း သူမကို ဒီနေ့ Conference တက်ရဦးမှာလား ဘာအစီအစဉ်ရှိလဲ မေးတော့ သူမက မြို့ထဲ လျှောက်ကြည့်ဖို့ အစီအစဉ်ကို ပြောသည်။ သူရဲ့ ဒီနေ့ အစီအစဉ်ကလည်း ဤအတိုင်းပင် ဖြစ်ကြောင်း ပြောတော့ အတူတူသွားရအောင် ဟု သူမကပင် စတင်ပြောသည်။
“ကျွန်မကလေ မြေပုံလည်း သိပ်မကြည့်တတ်ဘူး၊ လမ်းလည်း သိပ်မမှတ်မိတတ်ဘူး ရှင့်” ဟု ပြောသည်။
                                                                   
မနက်စာစားပြီးနောက် နှစ်ယောက်သား ဟိုတယ်က ပေးထားသော မြေပုံများကို ကြည့်၍ ဘယ်နေရာတွေ သွားမလဲ ဟု တိုင်ပင်ကြသည်။ ထို့နောက် A Ma Temple သို့ Bus ကားစီးပြီး အရင် သွားသည်။ သူမနှင့် သူ့မှာ တူညီသော ဝါသနာက ဓါတ်ပုံရိုက်ခြင်း ဖြစ်နေပြန်သည်။ သူ့မှာ Canon Mark II professional ကင်မရာ ပါလာသလို သူမမှာလည်း canon 70D professional ကင်မရာ ပါလာသည်။ နှစ်ယောက်သား ရောက်သမျှနေရာများမှာ ကင်မရာ ကိုယ်စီနှင့် အမှတ်တရ ဓါတ်ပုံ ရိုက်ကြသည်။ Temple က အပြန်မှာတော့ ကမ္ဘာလှည့်များ စည်ကားနေသည့် ဈေးလမ်းမများ၊ ရှေးခတ် အကြွင်းအကျန် ဘုရားရှိခိုးကျောင်းဟောင်း (Materdei) စသည့်နေရာများသို့ နှစ်ယောက်သား လမ်းလျှောက် လည်ပတ်ကြသည်။

သူမက နည်းပညာတက္ကသိုလ်တွင် Ph.D (IT) တက်နေသော ကျောင်းသူတစ်ယောက် ဖြစ်ကြောင်း၊ သူမ၏ ဇာတိက အညာမြို့လေး တစ်မြို့မှ ဖြစ်ကြောင်း သူသိလာရသည်။ သူမမှာလည်း သူ့လိုပင် အဖေ ဆုံးပါးသွားပြီ ဖြစ်ကြောင်း၊ အပျိုကြီး အစ်မတစ်ယောက်၊ အိမ်ထောင်သည် အစ်ကိုတစ်ယောက်နှင့် အစ်မတစ်ယောက် ရှိကြောင်း သူသိလာရသည်။  သူမ၏ သူ့အပေါ် ဆက်ဆံပုံက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိလှသည်။ သူ စပ်စုသမျှကို ပြန်ဖြေသော်လည်း သူ့ကိုယ်ရေးကိုယ်တာကို ပြန်လည် မေးမြန်းခြင်း မရှိပါ။ သူကသာ သူ့မှာ အဖေ မရှိတော့ပဲ အမေနှင့် အတူနေကြောင်း၊ ညီတစ်ယောက်က အိမ်ထောင်ကျပြီး၊ ညီမ တစ်ယောက်က အိမ်ထောင်မကျသေးပဲ သူတို့နှင့် အတူတူ နေကြောင်း စသည်ဖြင့် ပြန်ပြောပြမိသည်။

ညဘက်တွင် Fisherman’s Wharf မှ MGM အထိ နှစ်ယောက်သား လမ်းလျှောက်ရင်း ခရစ္စမတ်နားနီး၍ ပုံမှန်ထက် ပိုလှနေသော ရောင်စုံမီးတွေကို ဓာတ်ပုံရိုက်ဖြစ်ကြသည်။ ကမ်းနားအစပ်က ကွမ်ရင်မယ်တော် ရုပ်ထုရှေ့မှာ သူမကို ဓါတ်ပုံ ရိုက်ပေးရသေးသည်။ Casino အတွင်းထဲ ဝင်ပြီး စပ်စုချင်ကြသော်လည်း ပတ်စ်ပို့စ်ကို ဟိုတယ်ခန်းထဲ ထားခဲ့သော သူမကို သူတို့က ဝင်ခွင့်မပြု။ ဘာကြောင့်ဆိုသော် အသက် ၁၈ မပြည့်သူများကို ဝင်ခွင့်မပြုသောကြောင့် ဖြစ်သည်။ သူမကတော့ ၂၉ နှစ် ပြည့်ပြီးသူ ကို ၁၈ နှစ် မပြည့်ဟု သံသယ ရှိနေခြင်းကို သဘောတကျ ဖြစ်နေသေးသည်။ သူမက သူ့ထက် ငါးနှစ်တိတိ ငယ်သည်။

နောက်တစ်နေ့ မနက်ပိုင်းမှာ သူမက စာတမ်းဖတ်ပွဲတက်ပြီး နေ့လည်စာစားပြီး ထွက်လာသည်။ သူကလည်း မနက်ပိုင်းမှာ သူ့ ပါတနာ၏ အိမ်ကို အလည်လိုက်သွားပြီး နေ့လည်စာ ကျွေးသည်ကို စားကာ ပြန်လာသည်။ မေနှင့် နှစ်ယောက်သား ချိန်းပြီး ပန်ဒါ ဥယျာဉ်သို့ သွားကြသည်။ ညဘက်တော့ ဘယ်မှ မသွားတော့ပဲ Fisherman’s Wharf အတွင်းမှ ခရစ္စမတ်မီးများကို လျှောက်ကြည့်ရင်း အချိန်ဖြုန်းကာ ခပ်စောစောပင် ဟိုတယ် ပြန်အိပ်ကြသည်။


မပြန်ခင် တစ်နေ့မှာတော့ Ama နတ်ဖုရားမ၏ ရုပ်ထုတော် ရှိရာ တောင်သို့ သွားကြသည်။ နှစ်ယောက်လုံး တစ်နေကုန် အားသော်လည်း ရာသီဥတုက သိပ်မကောင်းသဖြင့် ဟောင်ကောင်ဘက်သို့ မကူးဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဘတ်စ်ကားနှင့် သွားရာမှ မျက်စိလည်ပြီး မရောက်သဖြင့် အချိန်အနည်းငယ် ပိုကုန်သွားပြီးမှ တက္ကစီနှင့်ပင် Ama Statue သို့ သွားခဲ့ရသည်။ တောင်ခြေရောက်တော့ တောင်ပေါ်သို့ အခမဲ့ လိုက်ပို့ပေးသော ဘုရားကျောင်းက ကားနှင့် တက်ရသည်။

ညဘက်မှာတော့ ညဈေးကို ပတ်ပြီး နှစ်ယောက်သား အိမ်ပြန် လက်ဆောင်များ၊ လိုချင်တာများ ဝယ်ရင်း ခရစ္စမတ် မီးရောင် များအောက်မှာ လမ်းလျှောက်ကြသည်။ ခရစ္စမတ် မဟုတ်လျှင်ပင် မကာအို ဆိုသည်က ကက်စီနိုများ နှင့် ချမ်းသာသော မြို့မို့ ညဆိုလျှင် တစ်မြို့လုံး မီးရောင်စုံများနှင့် ထိန်လင်းနေသော မြို့ဖြစ်သည်။ ညရှုခင်းက သာယာသော်လည်း မနက်ဖြန် မနက်မှာ မေနှင့် ခွဲရတော့မည်မို့ သူ့စိတ်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ခံစားနေခဲ့ရသည်။
 *****

မူလ အစီအစဉ်များ အတိုင်း သူက သူမထက် တစ်ရက်စော၍ မကာအိုမှ ပြန်ခဲ့ရသည်။ သူမပုံတွေ သူ့ကင်မရာထဲမှာ မထုတ်ရသေးတာ ပါလာသေးတာမို့ အိမ်ပြန်ရောက်မှ ပို့ပေးဖို့အတွက် နှစ်ယောက်သား အပြန်အလှန် gmail တွေ ယူခဲ့ကြသည်။ သူက တမင်သက်သက်ကို သူမပုံများကို သူ့ကင်မရာနှင့် ရိုက်ခဲ့ခြင်း ဖြစ်သည်။ စတွေ့ကတည်းကပင် သူမက သူ့အာရုံကို ဖမ်းစားခဲ့သူ မဟုတ်လား။ အိမ်ပြန်ရောက်တော့ သူမပုံများကို laptop ထဲထည့်ကြည့်ရင်း သူမကို သတိရနေသည်။ အရေးထဲ မာမီက သူခရီးသွားရင်း ရိုက်သည့်ပုံများကို ကြည့်မည် ဆိုပြီး လာနှောက်ယှက် နေသဖြင့် သူမ မပါသော ရှုခင်းပုံများကို ပြရသေးသည်။

သူမ ဓာတ်ပုံတွေကို mail နှင့် ပို့လိုက်သည်။ နောက်တော့ သူမကို facebook မှာ ရှာပြီး invite လိုက်တော့ သူမကလည်း လက်ခံသည်။ နောက်တော့ သူတို့ နှစ်ယောက် ညဘက်တွေ online မှာ တွေ့ဖြစ်ကြသည်။ မကာအိုက ပြန်လာပြီးကတည်းက လူချင်းတော့ မတွေ့ဖြစ်ကြပါ။ သူက ရန်ကုန်မှာ သူ့ကုမ္ဗဏီ အလုပ်တွေနှင့် မအားလပ်။ သူမကလည်း မန္တလေးမှာ ကျောင်းတက်နေရသောကြောင့် မအားလပ်ပါ။ အပြင်မှာ မတွေ့ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်က တကယ့် နှစ်ရှည်လများ ခင်မင်ခဲ့ကြသူတွေလို ရင်းနှီးလာသည်။ ညတိုင်း မဟုတ်တောင် နှစ်ရက် သုံးရက် တစ်ခါလောက်တော့ ဖုန်းပြောဖြစ်ကြသည်။

မေက သူ့စိတ်ထဲမှာ ရှိလာတော့ ခါတိုင်းလို အပျော်တွဲသော ကောင်မလေးတွေကို မတွဲချင်တော့ပဲ ဖြတ်လိုက်သည်။ ဖြတ်မရသူ တစ်ယောက်သာ ကျန်သည်။ မာမီ့ သူငယ်ချင်း၏ သမီး သူ့ထက် ၁၀ နှစ်တိတိ ငယ်သော ကောင်မလေး မိုးဖြူဖြူ။ သူကတော့ သူ့ညီမလေးနှင့် တန်းတူ သဘောထားပြီး ခင်မင်တာ ဖြစ်သော်လည်း မာမီကတော့ သူနှင့် လက်ထပ်မည့် သတို့သမီးအနေနှင့် သဘောတူနေပုံရသည်။ မိုးဖြူဖြူဘက်က သဘောထားကိုတော့ သူလည်း သေသေချာချာ မသိပါ။ သူ့ကို အစ်ကို တစ်ယောက်လိုတော့ နွဲ့ဆိုး ဆိုးတတ်သည်။ သူ့အားလပ်ရက်ကို ရှာကြံလာပြီး shopping ထွက်ဖို့ လိုက်ပို့ခိုင်းတာ၊ သူ့အိမ်က Home Theater မှာ ရုပ်ရှင်အတူ လာကြည့်တာမျိုး လုပ်တတ်သည်။ ညီမလေး သူငယ်ချင်းလည်း ဖြစ်နေပြန်တော့ သူက ပစ်ပစ်ခါခါ ပြောဖို့ ခက်သည်။ သူ့စိတ်ထဲမှာတော့ မေကလွဲ၍ ဘယ်သူမှ မရှိပါ။ မာမီ့အကြံအစည်အတိုင်း မဖြစ်နိုင်ကြောင်းကိုလည်း ပြတ်ပြတ်သားသား ပြောထားပြီးသား ဖြစ်သည်။
*****

မေနဲ့ စတွေ့ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီး မေနဲ့ ပွင့်ပွင့်လင်းလင်း ချစ်ခဲ့တာ ငါးလတိတိ ရှိခဲ့လေပြီ။ မေ့ မွေးနေ့မှာ သူက လူတစ်ရပ်လောက် ရှိသည့် ဝက်ဝံရုပ်ကြီး တစ်ရုပ် ပို့ပေးခဲ့သလို သူ့မွေးနေ့မှာ မေက အကောင်းစား အမျိုးသားကိုင် ခေါက်ပိုက်ဆံအိတ်ကလေးကို သူမ ဓါတ်ပုံလေးပါ ထည့်ပြီး ပို့ပေးခဲ့သည်။ ဒီဇင်ဘာက သူ့ဘဝအတွက် အမှတ်တရများ ပြည့်ပြီး သာယာအေးချမ်းသောလ ဖြစ်သည်ဟု သူက ထင်ခဲ့သည်။

သိပ်မကြာသေးဘူး ဆိုသော်လည်း သူ့ဘက်ကတော့ တစ်လောကလုံးကို ကြေငြာပြီး မေနဲ့ လက်ထပ်ချင်လှပြီ။ မေက Ph.D တက်ပြီးမှ လက်ထပ်ဖို့ကို စဉ်းစားလို့ ရမည် လို့ ဆိုထားသည်။ ခုတော့ မေလည်း နောက် သုံး လေး လလောက်ဆို ကျောင်းပြီးတော့မည် ဆိုတော့ လက်ထပ်ဖို့ကို စီစဉ်လို့ ရပြီဟု သူထင်သည်။ နှစ်ဖက်မိဘကို ဖွင့်ပြောကြဖို့ မေ့ကို ပြောတော့ မေကလည်း အသက် ၃၀ အထိ အပျိုကြီး လုပ်လာပြီးမှ အိမ်ကို ဖွင့်ပြောရခက်နေသည်ဟု ဆိုသည်။ မေ့ကိုသာ ပြောသည်။ သူကိုယ်တိုင်ကလည်း မာမီ့ကို ပြောဖို့ရာ နှောင့်နှေးနေရသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ ဒီပိတ်ရက်မှာ မာမီ့ကို ဖွင့်ပြောပြလိုက်ဖို့ ဆုံးဖြတ်သည်။ မေက သူတို့လို မချမ်းသာသော်လည်း ပညာတတ်၊ ဣနြေ္ဒရသော တက္ကသိုလ်ဆရာမလေး တစ်ယောက်မို့ မာမီ သဘောမတူစရာ မရှိလို့ ထင်သည်။ မေတို့ဘက်ကလည်း သူ့လို နာမည်ရ ကုမ္ဗဏီတစ်ခုကို ဦးစီး လုပ်ကိုင်နေသူကို သဘောမတူစရာ မရှိဟု ကိုယ့်ကိုယ်ကို အထင်တကြီး တွေးထားသည်။

မာမီ့ကို သူ့မှာ ချစ်သူ ရှိကြောင်း ပြောပြလိုက်တော့ မာမီက တအံတသြဖြစ်ပြီး မယုံသလို ကြည့်သည်။ သူ့ကို ဘယ်ကောင်မလေးနဲ့မှ တစ်တွဲတွဲ တွေ့မနေသောကြောင့် မယုံနိုင်တာ ဖြစ်မည်။ သူနှင့် မေကလည်း ချစ်သူဖြစ်ပြီးနောက် နှစ်ခါသာ လူချင်း တွေ့ဖူးသည်။ သူက မေရှိရာ မန္တလေးသို့ သွားတွေ့တာက တစ်ကြိမ်၊ မေက ရန်ကုန်လာဖို့ ကိစ္စရှိသည်နှင့် သူ့ကို ချိန်းပြီး တွေ့ကြတာက တစ်ကြိမ်၊ နှစ်ကြိမ်သာ ရှိသောကြောင့် မာမီ မယုံသည်မှာ အဆိုးမဆိုသာ။ sms message ပို့တာ၊ viber ကနေ chat တာ၊ ဖုန်းပြောတာကတော့ နေ့တိုင်း ညတိုင်းလို လုပ်ဖြစ်သော်လည်း မာမီက မသိနိုင်ပါ။

“မာမီ့သားက လက်ထပ်ဖို့အထိ ရည်ရွယ်တဲ့ ချစ်သူ ဆိုတော့ ဘယ်လို မိန်းကလေးမျိုးလည်း သိချင်လိုက်တာ ကွယ်”
“မာမီ မြင်ရင် ချစ်မှာပါ၊ မေက အရမ်းချစ်စရာ ကောင်းတာ၊ ပြီးတော့ အေးအေးဆေးဆေးလေး..”
“သား ခုန ပြောတာ သူက ဆရာမ လုပ်တယ် ဟုတ်လား”
“ဟုတ်တယ် မာမီ၊ ခုလောလောဆယ် Ph.D တက်နေတာ ပြီးတော့မယ်၊ ပြီးရင် ဒေါက်တာဘွဲ့ ရမှာလေ”
ဆယ်တန်းတောင် မအောင်ခဲ့သော မာမီများ အထင်ကြီးမလားလို့ သူက တမင် ထည့်ပြောခြင်း ဖြစ်သည်။ သို့သော် အံသြစရာ ကောင်းစွာပင် မာမီက သဘောကျပုံမရပါ။
“သားနဲ့ လက်ထပ်ပြီးရင်ရော သူက အလုပ်ဆက်လုပ်မှာလား ကွယ့်”
“လုပ်မှာပေါ့ မေမေရဲ့ သူတို့ အလုပ်က စာချုပ်ချုပ်ထားရတာတဲ့၊ ကျောင်းပြီးလို့ အလုပ်ဆက်မလုပ်ရင် ပိုက်ဆံ အများကြီး လျော်ရမှာလေ”
“ပိုက်ဆံများကွယ်၊ သားမှာ ပေါသားပဲ မဟုတ်လား၊ ဘယ်လောက် မို့လို့လဲ လျှော်ပေးလိုက်ပေါ့၊ အိမ်ထောင်သည် ဖြစ်မှ တနယ်တကျေးမှာ အလုပ်သွားလုပ်နေဦးမှာလား”
“မာမီကလည်း ဒါကတော့ နောက်မှပဲ ဆွေးနွေးကြည့်တာပေါ့၊ သူလည်း သူ့အလုပ်ကို ချက်ချင်းကြီးတော့ ဘယ်ထွက်ချင်ပါ့မလဲ”
မေက သူ့အလုပ်ကို ဘယ်လောက် မြတ်နိုးသည်ကို သူသိသည်။ သူ့စိတ်အရတော့ မေ အလုပ်မထွက်လျှင်လည်း ဘာမှ ကိစ္စ မရှိပါ။
“နေပါဦး၊ သူ့မိဘတွေကကော ဘာအလုပ်လုပ်သတဲ့လဲ”
“မေ့ မိဘတွေကလည်း အစိုးရ ဝန်ထမ်းတွေပဲ မာမီ၊ အဖေက စိုက်ပျိုးရေးဘက်က အရာရှိ၊ အမေကတော့ အထက်တန်းပြ ဆရာမပါ”
“ဟုတ်လား၊ ဒါဆိုရင်တော့ အခြေအနေက သိပ်မကောင်းဘူးပဲ”
“မာမီကလည်း..”
“ဟုတ်တယ်လေ၊ မိုးဖြူဖြူတို့ အဖေ ဆိုရင် လုပ်ငန်းရှင်ကြီး၊ သားတောင် သူ့ဆီက အကူအညီတွေ ယူနေရသေးတယ် မဟုတ်လား၊ မိုးလေးက တစ်ဦးတည်းသော သမီး၊ သူ့ကိုသာ ယူရင် နောက်ပိုင်း သားပဲ ဒီလုပ်ငန်းကြီးတွေ ဦးစီးရမှာ၊ ခုတော့ ကိုယ့်ကိုပဲ လာမှီခိုမယ့်လူကိုများ ယူဖို့ စဉ်းစားနေတယ်ကွယ်၊ မာမီဖြင့် သဘောမကျပါဘူး၊ ပညာတတ်ပြီး ပိုက်ဆံမရှိတဲ့ လူမျိုးတွေနဲ့ မာမီ ဆွေမျိုးမတော်ချင်ဘူး”
“မာမီကလည်း ဗျာ၊ သားက မေက လွဲရင် ဘယ်သူ့ကိုမှ လက်မထပ်ဘူးနော်”
“အေးပါလေ၊ စဉ်းစားကြသေးတာပေါ့”
မာမီ့သဘောထားက သူတို့နှစ်ယောက်အတွက် စိတ်အေးစရာ မဟုတ်ခဲ့ပါ။ မေ့ကိုတောင် ဘယ်လို ပြန်ပြောရမှန်းမသိ၊ အားနာစရာ ဖြစ်နေရသည်။
*****
မာမီက သူ့ကို မိုးဖြူဖြူ နဲ့ သဘောတူချင်စိတ် ရှိကြောင်း မေ့ကို သူ ပြောပြဖူးသည်။ မေက တစ်ခြား မိန်းကလေးတွေလို အသေးအဖွဲလေးတွေကအစ သဝန်တိုတတ်၊ စိတ်ကောက်တတ်သူ မဟုတ်ပါ။ မေက သူ့ကို အရာရာ နားလည်ပေးသည်။ တစ်ခါတရံတော့ မေက သူ့ကို သူချစ်သလောက် မချစ်ဘူးလို့ပင် ထင်မိသည်။ တစ်ခါတလေ သူကပင် သူ့ကို ဂရုမစိုက်ဘူး ဆိုပြီး မေ့ကို စိတ်ကောက်မိသေးသည်။ အဲလိုကျလည်း မေက သူ့ကို အမြဲတမ်း ပြန်ချော့ရှာသည်။ သို့ပေမယ့် မေက သူ့ကို လက်မထပ်ချင်သေးပါ။ သူ့ကိုမှ မဟုတ်။ မေက တစ်ယောက်ယောက်နှင့် လက်ထပ်ပြီး အိမ်ထောင်ပြုရမှာ ဝန်လေးနေကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြောသည်။ မေက အပျိုကြီး လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့သည်။ သူနှင့် မမျှော်လင့်ပဲ တွေ့ပြီး ချစ်မိသွားသည်။ လက်ထပ်ဖို့တော့ အဆင်သင့်မဖြစ်သေးဟု မေက ပြောသည်။ သူကတော့ မေနှင့် အတူတူ နေချင်လှပြီ။

မာမီ့ကို ဒုတိယအကြိမ် မေ့အကြောင်း ပြောကြည့်တော့ မာမီက သူ့ဟာသူ မေတို့မိသားစုအကြောင်းကို စုံစမ်းကြည့်ပြီး ဖြစ်နေသည်။ ပိုပိုလျှံလျှံ မရှိလှသော အစိုးရဝန်ထမ်း လူလတ်တန်းစား မိသားစုမို့ မာမီ သဘောမကျဘူးဆိုတော့ သူစိတ်ထဲ မကောင်းပါ။ သို့သော် သူ့တစ်သက်လုံး မာမီ့စိတ်တိုင်းကျ လက်ခံ နေထိုင်ပေးခဲ့သူမို့ ချက်ချင်းကြီးတော့ မာမီ့ကို ပြတ်ပြတ်သားသား ဆန့်ကျင် လွန်ဆန်ဖို့ ခက်နေပြန်သည်။

နောက်ဆုံးတော့ သူက မာမီ့ကိုရော မေ့ကိုပါ နှစ်ဖက်စလုံးကို နားပူနားဆာ လုပ်ပြီး တွေ့ဆုံပေးဖို့ လုပ်နိုင်ခဲ့သည်။ ဖြစ်ချင်တော့ မေ လာသည့်နေ့က သွားမကြိုနိုင်ခဲ့။ ညီမလေး မွေးနေ့နှင့် တိုက်နေသဖြင့် ညီမလေးကို မနက်စောစော ရွှေတိဂုံဘုရား လိုက်ပို့ပေးလိုက်ရသေးသည်။ မေက တွက်ကတ်တတ်သူ မဟုတ်သဖြင့် တက္ကစီနှင့် သူမသူငယ်ချင်းတွေ အဆောင်ကို သွားသည်။ ရောက်စနေ့က ဖုန်းပဲ ဆက်ပြီး မတွေ့ဖြစ်ကြ။ နောက်တစ်ရက်မနက်ပိုင်းကျမှ သူ့အိမ်ကို ခေါ်လာပြီး မာမီနှင့် တွေ့ပေးဖို့ ဖြစ်သည်။ ညီမလေးကလည်း အခုမှ သူနှင့် မေ့အကြောင်း သိသွားခြင်း ဖြစ်သည်။ သူမ သူငယ်ချင်း မိုးဖြူဖြူကို ငြင်းထားသည်ကို ဂျီကျပြီး သူ့ကို မေနှင့် လုံးဝ သဘောမတူဘူး လုပ်နေပြန်သည်။

မေ့ကို သူခေါ်လာတော့ မာမီက ပြုံးပြုံးရွှင်ရွှင် ကောင်းကောင်းမွန်မွန် လက်ခံစကားပြောပေး၍ တော်ပါသေးသည်။ သူတို့နှစ်ယောက် စကားပြောနေတာ ပုံမှန် အဆင်ပြေနေပုံရသော်လည်း သူ့စိတ်ထဲမှာ မေ့ကို စိတ်အနှောက်အယှက် ဖြစ်အောင် မာမီ တစ်ခုခု ပြောလိုက်မှာ စိုးရိမ်နေသည်။ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို သူ့ကို တစ်နေရာ ပထုတ်ပြီး နှစ်ယောက်သား အပြန်အလှန် စိတ်ထဲရှိတာတွေ ပြောလိုက်ကြမှာလည်း စိုးရိမ်နေသည်။ မေက မရင်းနှီးသူတွေနှင့်ဆို စကားနည်းတတ်သူ ဖြစ်သောကြောင့် မာမီ့စိတ်ထဲ အေးစက်ပြီး မဖော်ရွေသူလို့ ထင်သွားမှာလည်း သူက ကြားထဲက စိုးရိမ်နေရပြန်သည်။

“သမီးက ငယ်ငယ်လေးနဲ့ ဒေါက်တာဘွဲ့တောင် ယူတော့မှာဆို တော်လိုက်တာကွယ်၊ အန်တီတို့က ပညာရေးမှာ ပါရမီ မပါလို့ ဘွဲ့တောင် မရခဲ့ရတော့ ပညာရေးမှာ တော်တဲ့သူတွေကို တကယ် ချီးကျူးတာ”
မေကတော့ “ဟုတ်” ဆိုပြီး ပြုံးနေသည်။
“ကျောင်းပြီး သွားရင်ရော မန္တလေးမှာပဲ နေရမှာလားကွယ့်”
“ဟုတ်ကဲ့၊ သမီးအလုပ်က မန္တလေးမှာ ဆိုတော့ အဲဒီမှာပဲ ဆက်လုပ်ရမယ် ထင်တာပဲ၊ ဒီထက် ဝေးတဲ့နေရာ မပြောင်းရဖို့တော့ ဆုတောင်းနေရတာပဲ”
“အခု သမီးက ဘာရာထူး..၊ အဆောင်မှာနေတာဆိုတော့ ကိုယ့်လခနဲ့ ကိုယ်ရော လောက်ရဲ့လားကွယ့်၊ အိမ်ကိုရော ပြန်ထောက်နိုင်ရဲ့လား..”
“လက်ထောက်ကထိကပါ အန်တီ၊ အခုက ကျောင်းလည်း တက်နေရတုန်းဆိုတော့ စာအုပ်ဝယ်ရတာ ဘာညာ၊ တစ်ခြား လိုအပ်တာတွေလည်း ရှိတော့ အိမ်ကိုတော့ ပြန်မပေးနိုင်ပါဘူး အန်တီ၊ ကိုယ့်ဟာနဲ့ကိုယ်တောင် မနည်းလောက်အောင် သုံးရတာ ဆိုပါတော့၊ သမီးအတွက် ကွန်ပျူတာတို့ ပရင်တာတို့တောင် အိမ်က ဝယ်ပေးရတာပေါ့ အန်တီရယ်”

“သြော် သြော်.. အိမ်ထောင်ကျပြီး ကလေးတွေ ဘာတွေ ရလာရင်ရော သမီးအလုပ်နဲ့ဆို အဆင်ပြေပါ့မလားကွယ်…”
“ဒါကတော့ သမီးလည်း လောလောဆည်တော့ အိမ်ထောင်ပြုဖို့လည်း သေချာ မစဉ်းစားရသေးတော့ မသိသေးပါဘူး အန်တီ”

“အေးပေါ့လေ.. နောက်မှပဲ စဉ်းစားပေါ့… အခုတော့ ထမင်းစားကြရအောင်ကွယ်၊ သမီးလာမယ် ဆိုတော့ အန်တီ ကိုယ်တိုင် မီးဖိုချောင် ဝင်ပြီး ချက်ထားတာကွယ့်၊ အခါတိုင်းတော့ နေ့တိုင်းမဝင်ပါဘူး အဒေါ်ကြီး လုပ်ဖို့ကို ဟင်း စီစဉ်ပေးတာပဲ ရှိတယ်”
“ဟုတ် အန်တီ၊ သမီးက ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် စားပါတယ်.. အန်တီ အလုပ်ရှုပ်သွားပြီ”
“အန်တီ့ သားကတော့ ဂျီးများတယ်ကွယ့် အမယ်လေး၊ ဒီအိမ်မှာ နေ့တိုင်း သူ့အကြိုက်ပဲ လိုက်ပြီး ချက်ပေးနေရတာ”

ထမင်း အတူစားကြပြီးတော့ မေ့ကို သူ အဆောင်ပြန်ပို့ပေးသည်။ ညီမလေးကတော့ သူမ သူငယ်ချင်းတွေကို မွေးနေ့ ကျွေးရမည် ဆိုပြီး ထမင်း ပြန်လာမစားပါ။
သူ့အနေနှင့် မာမီက မေ့အပေါ် ဆက်ဆံတာ သိပ်မဆိုးသည့်ပြင် မေကလည်း မာမီအပေါ် အဆင်ပြေပြေ ပြန်ပြောလာသည့် အတွက် အခြေအနေမဆိုးဟု ထင်သော်လည်း မေ့အမြင်ကမူ တစ်မျိုးပါပေ။ မာမီက သူမကို သဘောမကျသည်ကို ခံစားမိသည်ဟု ဆိုသည်။

“မေကတော့ လက်ထပ်ဖို့ စိတ်ကူး ရှိသေးတာ မဟုတ်ဘူး.. ကိုနိုင်က လက်ထပ်ချင်တယ် ဆိုလို့ စဉ်းစားပေးတာ၊ အလုပ်ကတော့ လုံးဝ မထွက်နိုင်ဘူး နော်၊ အိမ်ထောင်သည်တွေလည်း ဒီလိုပဲ အလုပ်လုပ်နေကြတာပဲကို ”
“အင်းပါကွာ၊ မေ့ကို အလုပ်မထွက်ခိုင်းပါဘူး၊ မေ့ကို မခွဲနိုင်လို့.. မေ့ကို ပိုင်ဆိုင်ချင်လို့ လက်ထပ်ကြမယ်လို့ ပြောတာ၊ မေ့ စိတ်တိုင်းကျ လုပ်ပါ”
“ဒါပေမယ့် ကိုနိုင့် မာမီက မေ့ကို အလုပ်မလုပ်စေချင်တဲ့ ပုံစံပဲ၊ မေ့ လခလေး နှစ်ပဲ တစ်ပြားနဲ့ လုပ်မနေနဲ့ လို့ ပြောင် မပြောရုံတမယ်ပဲ၊ လခ ဘယ်လောက်ပဲ ရရ မေ့အလုပ်ကို မေချစ်တယ်၊ မေ သင်ထားတဲ့ ပညာတွေကို မီးဖိုချောင်ထဲမှာပဲ ထားဖို့တော့ မဖြစ်နိုင်ဘူး”
“ဟုတ်ပါပြီကွာ၊ မာမီ့ကို ကိုယ် နားလည်အောင် ပြောပါ့မယ်”
“နောက်ပြီးတော့ မေက မီးဖိုချောင် ကိစ္စ သိပ်စိတ်ဝင်စားမဟုတ်ဘူး၊ ဘာဟင်းမှလည်း သိပ်ကောင်းကောင်း မချက်တတ်ဘူးနော်၊ မေ့ တစ်ယောက်စာ အတွက်ဆို မေက ဖြစ်သလို ဟင်းတွေပဲ ချက်စားတာ၊ သူ့သားက ဂျီးများတယ် တဲ့ ကြိုပြောထားတာ၊ မေ့ကို ဟင်းကောင်းကောင်း ချက်ကျွေးရမယ် ဆိုတဲ့ သဘောပေါ့၊ မချက်နိုင်ပါဘူး၊ မေ ချက်တတ်သလိုပဲ ချက်မှာပေါ့၊ ဟွန်းး ကြိုပြောထားတာနော်..”

“ရပါတယ်ကွာ၊ မိန်းမယူတာက ချစ်လို့ ယူတာပဲကွာ၊ ထမင်းကောင်းကောင်း စားရဖို့တော့ကွာ စားဖိုမှူး ကောင်းကောင်းပဲ ရှာတော့မှာပေါ့”

“ပြီးတာပဲ.. ခက်တာက မေက အိမ်ကို ဘယ်လို ပြောရမှန်းကို မသိသေးဘူး၊ အိမ်ကလေ မေ့ကို ဘယ်သူနဲ့မှ ယူစေချင်တာ မဟုတ်ဘူး၊ အပျိုကြီးပဲ လုပ်စေချင်တာ၊ မေကလည်းလေ ဒီချိန်ထိ ရှင်းရှင်းလင်းလင်း နေခဲ့တာဆိုတော့ ဒီအသက်အရွယ်ကျမှ ချစ်သူ ရှိနေပြီ ဆိုတာ ပြောရခက်နေတာ”

“မေကလည်းကွာ.. ပြောရမှာပေါ့.. ကိုယ့်ကို မချစ်ဘူးလား.. နည်းနည်းတော့ သတ္တိမွေးလိုက်ပါ”
“အင်းပါ.. ဒါပေမယ့် ကိုနိုင်လည်း ကိုနိုင့် အိမ်ကို သေချာအောင် လုပ်ပါဦး”
“ကိုယ်ကတော့ မေကလွဲရင် ဘယ်သူ့ကိုမှ မယူနိုင်ဘူး လို့ ပြောပြီးသား”
“ဒါနဲ့ ကို့မာမီက တော်တော် အသားဖြူတယ်နော်.. ကိုနိုင်နဲ့ တစ်ခြားစီပဲ၊ ဘာ တိုင်းရင်းသား စပ်တာလဲ”
“ကိုယ့်မာမီက တရုတ်သွေးစပ်တယ်လေ၊ မာမီ့ အဖေက တစ်ရုတ်အစစ်၊ အမေက ရှမ်းတရုတ်၊ အဲဒါကြောင့် မာမီ့ အသားကဖြူဖွေးနေတာ၊ ကိုယ့်အဖေက တရုတ်သွေး နည်းနည်းလေးပဲ ပါတာဆိုတော့ အသားညိုတယ်၊ အဲတော့ ကိုယ်က မာမီ့လို အသားမဖြူဘူးလေ”
“သြော်.. ကိုနိုင့်မှာ တရုတ်သွေး ငါးမူးသားလောက်နီးနီး ပါတာပေါ့နော်.. မထင်ရဘူး.. ဟိ”
အဲဒီတုန်းကတော့ သူ အသားမဖြူခြင်း အတွက် မေက ဟာသ လုပ်ခြင်းကို ထူးထူးခြားခြား မခံစားခဲ့ရပဲ နောက်ပိုင်းမှာ မေက သူ့ကို လက်မထပ်နိုင်ရခြင်းထဲက အကြောင်းတစ်ခု အနေနှင့် ပြလိမ့်မည်ဟုလည်း မထင်ခဲ့မိပါ။ မာမီနှင့် ဆွေမျိုးများက သူ့ကို မိုးဖြူဖြူ နှင့် သဘောတူကြခြင်း အကြောင်းရင်းထဲမှာ ချမ်းသာသော သဌေးသမီး ဖြစ်သည့်ပြင် တရုတ်မကလေး ဖြစ်နေ၍ ဖြစ်သည်ကို သူကတော့ သတိမထားမိခဲ့ပါ။
*****

သူနှင့် မေ့အကြောင်း မေ့ အစ်ကိုနှင့် အစ်မများကတော့ သိရှိပြီး ဖြစ်သည်။ သဘောလည်း တူကြသည်။ မေက သူမ အမေကို တီးခေါက်ကြည့်တော့ သူမကို ဘယ်သူနှင့်မှ အိမ်ထောင်မပြုစေချင်ပုံ ပေါ်သည်နှင့် သေသေချာချာ မပြောရဲသေးပဲ ဖြစ်နေသည်။ သူကတော့ မှတ်မှတ်ရရ ဖြစ်အောင် သူတို့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ မှာ လုပ်ချင်သည်။ မာမီက သိပ်သဘောမတူချင် ဖြစ်နေသည် ဆိုသော်လည်း ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး မလုပ်သဖြင့် သူကတော့ မေနှင့် လက်ထပ်ဖို့ကို အမြန်ဆုံး စီစဉ်ချင်သည်။ ကြားထဲမှာ တစ်လကျော်သာ ခြားသဖြင့် မေက မြန်လွန်းသည်၊ ဖြစ်နိုင်ပါ့မလား ဆိုပြီး သူ့ကို ပြောသေးသော်လည်း သူမအမေကို တစ်ပတ်အတွင်း ရအောင် ပြောကြည့်မည်ဟု သူ့ကို ကတိပေးထားသည်။ မာမီက သူ စိတ်ချမ်းသာအောင် မေ့ကို အတင်းအကျပ် မကန့်ကွက်သော်လည်း မိုးဖြူဖြူနှင့်တော့ ခုထိ သဘောတူနေဆဲ ဖြစ်သည်။ သူတို့နှစ်ယောက်ကို နီးစပ်အောင်လည်း နည်းမျိုးစုံနှင့် ကြံစည်နေဆဲဖြစ်သည်။

ထိုအချိန်မှာပင် သူနှင့် မာမီတို့ ဘယ်လိုမှ မျှော်လင့်မထားသော ကိစ္စတစ်ခုက ဖြစ်လာခဲ့သည်။ သူ့ထက် ၁၀နှစ် တိတိ ငယ်သော သူအချစ်ဆုံး ညီမလေးက ခိုးရာ လိုက်ပြေးသွားခြင်း ဖြစ်သည်။ သူ့ စိတ်ထဲ ငယ်သေးသည်ဟု ထင်နေသော ညီမလေးက ခုလို လုပ်သွားသောအခါ သူ့ စိတ်ထဲ တော်တော်မကောင်း ဖြစ်ရသည်။ မာမီဆို ပိုဆိုးတော့မည်။ ကောင်လေးက ညီမလေးလိုပင် ရိုးရိုးဘွဲ့ တစ်ဘွဲ့ ရပြီးသော်လည်း အလုပ်အကိုင် တည်တည်တံ့တံ့ မရှိပဲ အဆိုတော်ယောင်ယောင်၊ တေးရေးယောင်ယောင် လုပ်နေသူဖြစ်သည်။ သူတို့ ကြိုက်နေသည်ကို သူနည်းနည်းလေးမှ မရိပ်မိခဲ့ပါ။ သူတို့ကလည်း လူချင်းတွေ့သည်ထက် သူနှင့်မေ့ လိုပင် ဖုန်းပြောလိုက် online chat လိုက် လုပ်တာများပုံရသည်။ ကောင်လေး မိဘတွေက နယ်မှာ စတိုးဆိုင်ကြီး ဖွင့်ထားသဖြင့် အခြေအနေ သိပ်မဆိုးသော်လည်း မောင်နှမက ခြောက်ယောက် ရှိသည်။

ကောင်လေး မိဘတွေက ညီမလေးကို ပြန်လာအပ်သော်လည်း မင်္ဂလာပွဲကိုတော့ ကြီးကြီးကျယ်ကျယ် လုပ်မပေးနိုင်ဟုဆိုသည်။ မတတ်နိုင်တော့သော အခြေအနေဖြစ်သဖြင့် မာမီက သူ့သမီးကို သူ့ဘာသူပင် မင်္ဂလာပွဲ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။ ပြန်လာအပ်သည့် အချိန်မှ စ၍ ညီမလေးတို့  လင်မယားကို အိမ်ပေါ်မှာ ခေါ်တင်ထားခဲ့ရသည်။ နှစ်ယောက်စလုံးမှာက အလုပ်မရှိ၊ နေစရာကလည်း မရှိ။ ညီမလေး ဆိုတာကလည်း တစ်သက်လုံး အိမ်မှာ လိုတရ နေလာသူဖြစ်တော့ ဘဝအကြောင်း ဘာမှ သိသူလည်း မဟုတ်ပေ။ မာမီက သူ့သမီးကို ပစ်မထားနိုင်သလို သူကလည်း သူ့ညီမလေးကို ပစ်မထားနိုင်ပါ။

သူ လက်ထပ်ဖို့  ရည်ရွယ်ထားသော ဖေဖော်ဝါရီလတွင် ညီမလေးတို့ မင်္ဂလာပွဲ ကျင်းပသည်။ မေ့ကို ဖိတ်သော်လည်း မေက ခွင့်ယူ၍ မရသဖြင့် မလာနိုင်ပါ။ သူတို့ အတွက်ကိုတော့ ဘာမှ ဆက်မလုပ်နိုင်သေးပဲ ဖြစ်ရသည်။ မာမီကလည်း တစ်နှစ်မှာ နှစ်မင်္ဂလာ မလုပ်ကောင်း ဘာညာ ပြောပြီး သူ့ မင်္ဂလာပွဲကိုတော့ မလုပ်စေချင်ပုံ ပြနေသည်။ သူ့ဘက်ကလည်း ဘာမှ အဆင်သင့် မဖြစ်သေးပါ။ မာမီက သူ့ သားသမီး နှစ်ယောက်တည်းမှာ တစ်ယောက်က သူစိတ်တိုင်းမကျသူနှင့် အိမ်ထောင်ပြုသွားပြီးနောက် ကျန်သော တစ်ယောက်ကိုတော့ သူ စိတ်တိုင်းကျသူနှင့်သာ ပြုစေလိုသည်ဟု သူ့ကို ပြောသည်။ သူကတော့ မာမီ လောလောဆယ် စိတ်ဆင်းရဲ နေတုန်းမို့  ဘာမှ အပြင်းအထန် မငြင်းသေးပဲ နေနေခြင်းဖြစ်သည်။

မေနှင့် သူလည်း အရင်လောက် ဖုန်းမပြောဖြစ်ကြပါ။ နှစ်ယောက်လုံး အလုပ်များ နေကြတာလည်း ပါသည်။ သူကလည်း ညီမလေး ကိစ္စနှင့် စိတ်ရှုပ်၊ မေကလည်း သူ့  Thesis ပြီးကာနီးမို့  စိတ်ရှုပ်နှင့် အပိုတွေ မပြောချင်ကြတော့တာလည်း ပါသည်။ သူက မဆက်ဖြစ်သည့်အချိန်မှာ မာမီက မေ့ဆီ ဖုန်းဆက်သည် ဆိုတော့ သူနည်းနည်း အံ့သြသွားသည်။ နောက်တော့မှ မာမီ့ အကြံအစည်ကို သိရသည်။ မာမီက မေ့ကို မိုးဖြူဖြူ အကြောင်းပြောသည် ဆို၏။ သူက မေ့ကို မိုးဖြူဖြူ အကြောင်း ပြောပြမထားသည်မှာ ဘာကြောင့်မှတော့ မဟုတ်။ မိုးဖြူဖြူကို သူက သူ့ညီမလေးနှင့် အတူတူ ညီမလေးလိုပင် သဘောထားတာမို့၊ ဘယ်တော့မှလည်း ပြောင်းလာနိုင်စရာ မရှိတာမို့  မေ့စိတ်ထဲ တစ်မျိုးဖြစ်မှာ စိုးပြီး မပြောဖြစ်တော့တာပင်။ ခုလို မာမီက ပြောတော့ မေ့စိတ်ထဲ ဘယ်လိုနေမည်လဲ။ မာမီက မေ့ကို သူသဘောကျသော ချွေးမ ရှိပါလျှက် မေ့ကို သဘောတူပေးရခြင်း ဖြစ်ကြောင်း၊ မေကလည်း သူ့အလိုအတိုင်း လက်ထပ်ပြီးလျှင် အလုပ်ကထွက်သင့်ကြောင်း ပြောခဲ့သည် ဆို၏။ နောက်တစ်နှစ်လောက်မှ လက်ထပ်ကြပြီး ရန်ကုန်အိမ်မှာပင် အားလုံး စုပေါင်းနေကြဖို့  မေ့ကို မာမီက ပြောခဲ့သည်။

စိတ်မကောက်တတ်သော မေက သူ့ကို ဘာမှ မရစ်သော်လည်း မိုးဖြူဖြူနှင့် ပတ်သက်ပြီး နည်းနည်းတော့ စိတ်ခုသွားပုံ ရသည်။ မာမီ့ကိုတော့ အလိုက်သင့်ပြောခဲ့သည် ဆိုပြီး မေက သူ့ကိုတော့ လက်ထပ်ပြီးလျှင်လည်း လုံးဝ အလုပ်မထွက်နိုင်သည့် အကြောင်း၊ ဖြစ်နိုင်လျှင် ညီမလေးတို့ လင်မယားလည်း ရှိနေသော ယောက္ခမအိမ်မှာလည်း လိုက်မနေချင်ကြောင်း ပြောသည်။ သူကလည်း မေနှင့် နှစ်ယောက်တည်း သပ်သပ်နေဖို့  အစကတည်းက စိတ်ကူးထားသူ ဖြစ်သည်။ သို့သော် မေက အလုပ်မထွက်လျှင် သူနှင့် အမြဲတမ်း အတူမနေနိုင်ပဲ မာမီတို့ အိမ်မှာ နေသည်က ပိုအဆင်ပြေမလား ဟုတော့ တွေးမိသည်။
*****

မေလထဲမှာ မာမီ မွေးနေ့  လုပ်တော့ မေ ရောက်လာသေးသည်။ ကြီးကြီးကျယ်ကျယ် မဟုတ်ပဲ မာမီ့ ဆွေမျိုးများနှင့် သူတို့မောင်နှမ၏ အရင်းနှီးဆုံးသူများသာ ဖိတ်ပြီး ပွဲလုပ်ခြင်း ဖြစ်သည်။ ဒီတစ်ခေါက်မှာ ညီမလေးတို့ လင်မယားရော၊ မာမီ့ အစ်ကိုတွေ အစ်မတွေ၊ သူ့ မောင်နှမ ဝမ်းကွဲတွေနှင့်ပါ မေ့ကို မိတ်ဆက်ပေးတော့ မေ နည်းနည်းတော့ စိတ်ကျဉ်းကျပ်ဟန် တူသည်။ သူတို့မိသားစုကသာ မွေးချင်းနည်းသော်လည်း မာမီ့မှာ မောင်နှမ ကိုးယောက်ထဲက ရန်ကုန် ဝန်းကျင်မှာ လက်ရှိ နေနေသော လေးယောက်ရဲ့ မိသားစုကပင် များလှသည်။ သူတို့ ခြံကျယ်ကြီး တစ်ခြံလုံးမှာ အမျိုးတွေနှင့် ပြည့်နေသည်။

မာမီက မေ ပေးသော မွေးနေ့လက်ဆောင်ကို ယူပြီး ဘေးချထားရာမှ ပြန်မကြည့်တော့သည်ကို သူက ကြားထဲက မေ့ကို အားနာနေသေးသည်။ (မေပေးသည်က ပြင်ဦးလွင် အနွေးထည်အကောင်းစား တစ်ထည်ဖြစ်သည်ကို နောက်မှ သိရသည်။ မာမီက တုံးသည်၊ မကြိုက် ဆိုပြီး အိမ်က အဒေါ်ကြီးကို ပေးလိုက်သည်ကို မေ ပြန်မသိ၍သာ တော်သေးသည်။) မိုးဖြူဖြူပေးသော ကိုရီးယားဖြစ် ရင်ထိုးကြီးကိုတော့ မွေးနေ့မှာကတည်းက ထုတ်၍ ရင်ဘတ်မှာ ထိုးထားခဲ့သည်ကိုလည်း သူက ဘာမှန်းမသိ မကျေနပ်ခဲ့ပါ။

သာမန်အားဖြင့်တော့ သူ့ဆွေမျိုးတွေ အားလုံးက မေ့ကို ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သည် ဆိုရမည်။ မေ့ကို စိတ်အနှောက်အယှက် ဖြစ်စေမည့် လခအကြောင်း၊ အလုပ်အကြောင်း စပ်စုကြသည်က လွဲ၍ပေါ့လေ။ မိုးဖြူဖြူက မာမီ့ဘေးမှာ ကပ်ချွဲနေတာကို မေ စိတ်အနှောက်အယှက် မဖြစ်ဘူး ဆိုလျှင်ပေါ့လေ။ မေ့ဘက်ကလည်း တော်တော်ကို သူမစရိုက်နှင့် ဆန့်ကျင်၍ အားလုံးကို ဖော်ရွှေစွာ ဆက်ဆံပေးခဲ့တာ သူသိပါသည်။ ထိုနေ့က ပွဲပြီးကာနီးမှ မေ့ကို သူ ပြန်ပို့ပေးလိုက်သည်။ မေပြန်ကာနီးမှာ မာမီက “ရန်ကုန်ရောက်ရင် လာလည်နော် သမီး၊ ဘာမှ အားနာစရာမလိုဘူး၊ နောက်ဆို သမီးအိမ် ဖြစ်မှာပဲလေ၊ အိမ်ဆိုတာ မောင်နှမတွေ ဆွေမျိုးတွေ အတူတူနေကြမှ စည်ကားတာပေါ့ သမီးရဲ့” ဟု နှုတ်ဆက်သည်။ မေကတော့ မျက်နှာအနည်းငယ် ပျက်သွားသည်ဟု သူ့စိတ်ထဲ ထင်လိုက်သည်။

နောက်နေ့ ဖုန်းဆက်တော့ မေက သူ့အမျိုးတွေနှင့် ပတ်သက်၍ ဘာမှ မပြောသော်လည်း ညီမလေး အမျိုးသားကို ကြည့်မရကြောင်းသာ သူ့ကို အတင်းပြောသည်။ မေ့ကို စကားတွေ လာပြောပြီး ဖုန်းနံပါတ်တောင်းကြောင်း၊ ဖုန်းဆက်မည်ဟု ပြောကြောင်း၊ အဲဒါ သူပြောစရာ ဘာအကြောင်းရှိသလဲ ဟု မေက ဆိုသည်။ သူကတော့ ညီမလေးက မေ့ကို ဆက်သွယ်ချင်၍ တောင်းတာ ဖြစ်မည်ဟု ဖြေပြီး ပြောလိုက်ရသေးသည်။ တကယ်တော့ သူ့ယောက်ဖအကြောင်း သူလည်း ရိပ်မိသည်ပင်။

“လက်ထပ်ပြီးရင် ကိုနိုင့် မာမီ ပြောသလို အတူတူ နေမှာလား၊ မေကတော့ အိမ်ခွဲနေချင်တယ် သိလား၊ ရုပ်ရှင်ထဲက ကိုရီးယားချွေးမတွေ၊ တရုတ်ချွေးမတွေ ကြည့်ပြီး ကြောက်လွန်းလို့ပါ”
“မာမီက မေထင်သလို မဆိုးပါဘူးကွာ၊ ဒါပေမယ့် ကိုယ်လည်း မေ့လိုပဲ သီးသန့် နေချင်ပါတယ်၊ လက်ထပ်ပြီးရင် မေက အလုပ်ထွက်ပြီး ကိုယ်နဲ့ အမြဲတမ်း နေတော့မှာလား၊ မဟုတ်ရင်တော့ မေပြန်သွားရင် ကိုယ်တစ်ယောက်တည်း အဲဒီအိမ်မှာ ဘယ်လို နေရမလဲ မေရဲ့”
မေက ခဏတော့ ငြိမ်သွားသည်။ နောက်တော့မှ
“ကိုနိုင်လည်း တကယ်တော့ မေ့ကို အလုပ်ထွက်စေချင်တာပဲလား”
“ဒါကတော့ ကိုယ်က ကိုယ့်ဘေးနားမှာ မေ့ကို အမြဲရှိစေချင်လို့ လက်ထပ်မှာပဲလေ၊ အဝေးမှာ သွားမနေရဘူးဆိုရင် ကြိုက်တာပေါ့ မေရဲ့”
“မေ ရန်ကုန်ပြောင်းရအောင် ကြိုးစားပါ့မယ် ကိုနိုင်ရယ်၊ အလုပ်တော့ မထွက်ချင်ဘူး၊ အလုပ်မရှိပဲ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်း လုပ်နေတဲ့ မိန်းမတွေရဲ့ ဘဝကို အရမ်းမုန်းတာ ”
“အင်းပါ၊ ကိုယ်ကတော့ မေ့သဘောပါ”

အဲဒီညကတော့ သူတို့နှစ်ယောက် အတော်ကြာကြာ စကားပြောဖြစ်ကြသည်။ နောက်နေ့တွေကျတော ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ သူကလည်း အလုပ်တွေ ပင်ပန်းပြီး စောစောအိပ်သွားတာ များသည်။ မေကလည်း သူ့ကို ဖုန်းစ မဆက်သည်မှာ ကြာပြီ။ အဲသည်လိုနှင့် သူတို့နှစ်ယောက် ဆက်ဆံရေး အေးစက်သွားမည်ဟု သူကမထင်ခဲ့ပါ။ သူ့စိတ်ထဲမှာ မေ အမြဲ ရှိနေသလို မေ့စိတ်ထဲမှာလည်း သူ ရှိနေလိမ့်မည်ဟု ယုံကြည်နေသည်။
*****

“မေ လက်မထပ်ချင်တော့ဘူး၊ သေချာ စဉ်းစားကြည့်တော့ မေ အိမ်ထောင်ပြုရမှာ ကြောက်လာတယ်၊ အိမ်ထောင်သည်ဘဝ၊ အိမ်ထောင်သည်တာဝန်တွေ မေ လုပ်နိုင်မယ် မထင်ဘူး၊ ဒီအသက်အရွယ်အထိတောင် တစ်ယောက်တည်း နေခဲ့ပြီးမှ အပူမရှာချင်တော့ဘူး တကယ်၊ မေ့ကို သူငယ်ချင်းလိုပဲ သဘောထားပါတော့”

မေက ပြောလာသောအခါ သူ့စိတ်ထဲ အလေးအနက်ရယ်လို့ မထားမိသေးပါ။ မေက ဟိုအရင် ချစ်ခွင့်ပန်စဉ်ကပင် ဒီလိုပုံစံမျိုး ဆန်ဆန် စကားတွေ ပြောဖူးပြီးသားမို့  တကယ်တမ်း ပြတ်ပြတ်သားသားကြီး ဖြစ်သွားမည် မထင်သေးပါ။

“မေကလည်းကွာ ဘာဖြစ်ပြန်တာလဲ၊ ကို့ကို မချစ်ဘူးလား၊ ကိုယ်ကတော့ မေ့ကို အရမ်းချစ်တာ၊ ချစ်သူပါ ဆိုမှ ဘယ်လိုလုပ်ပြီး သူငယ်ချင်းလို ပြန်နေလို့ ရမလဲကွာ ခက်တာပဲ၊ မရဘူး ကိုယ့်ချစ်သူက မေပဲ”

“မေ နောက်နှစ် ဧပရယ်မှာ နိုင်ငံခြားမှာ နှစ်နှစ် သုတေသန သွားလုပ်ဖို့ ရှိတယ် ကိုနိုင်၊ မေ လွတ်လွတ်လပ်လပ်ပဲ သွားချင်တယ်၊ ကိုနိုင့်ကိုလည်း မစောင့်စေချင်ဘူး၊ ကိုနိုင့်မာမီ သိရင်လည်း ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး”
သူကတော့ မေ့ကို မသွားစေချင်ပါ။ အမြဲတမ်း အတူတူ နေချင်ပါသည် ဆိုမှ နှစ်နှစ်ထပ်ခွဲရမည် ဆိုတော့…။ သို့ပေမယ့် မေ စိတ်ဆိုးသွားမှာ စိုးလို့ အဲလိုတော့ မပြောပါ။
“သွားပေါ့ မေရဲ့  လက်ထပ်ပြီးမှ သွားလည်း ရတာပဲလေ”
 “အဲဒီ တစ်ခုတည်းကြောင့် မဟုတ်ဘူး၊ တစ်ခြား အကြောင်းတွေလည်း အများကြီးပဲ၊ မေ သေချာ စဉ်းစားခဲ့ပြီးပြီ”

“မေ့ အမေက သဘောမတူလို့လား”
“မေမေ့ကို အရိပ်အမြွက် ပြောတော့ အရမ်းကြီး မတားပါဘူး၊ သင့်တော်တဲ့သူဆို လက်ထပ်ပေါ့တဲ့၊ မေမေက ကိုနိုင် တစ်ရုတ်သွေး စပ်တာကို သိပ်မကြိုက်ဘူး၊ ဒါပေမယ့် မပြောပါဘူး၊ မေက မေ့ဘာသာ တစ်ခြားဟာတွေ အကုန် လျှောက်စဉ်းစားတာပါ”
“ဘာတွေ စဉ်းစားတာလဲ မေ၊ မာမီက အလုပ်ထွက်ခိုင်းမှာ စိုးလို့လား၊ အိမ်မှာ အတူခေါ်နေမှာ စိုးလို့လား၊ တစ်ခုချင်းပြော၊ ကိုယ်ဖြေရှင်းမယ်”

“မပြောချင်ဘူး၊ မေ စိတ်မပါတော့တာပါ၊ အိမ်ထောင်မပြုချင်တော့တာ၊ တောင်းပန်ပါတယ် ကိုနိုင်”
“မေ အသစ်တွေ့နေတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်တာ၊ တော်ပါပြီ၊ တစ်ယောက်နဲ့ကို စိတ်တွေ ရှုပ်ရလွန်းလို့ ထပ်လည်း မထားချင်ပါဘူး၊ တွေ့လည်း မတွေ့ပါဘူး၊ နောက်ဆို ဖုန်းတွေလည်း သိပ်မဆက်ပါနဲ့တော့၊ သာမန် သူငယ်ချင်းတွေလိုပဲ နေကြရအောင်ပါနော်”

“မေ တကယ် နေနိုင်တယ်ပေါ့”
“နေနိုင်ပါတယ်၊ နေနိုင်အောင် နေမှာပေါ့”

မေက တကယ် နေနိုင်ပါသည်။ သူ့ကို တကယ်ကို message လည်းမပို့။ ဖုန်းလည်း စမဆက်တော့ပါ။ မနေနိုင်သည့်သူက ဆက်ရင်တော့ ကောင်းကောင်းမွန်မွန် ပြန်ပြောပါသည်။ ခါတိုင်း ချစ်သူတွေလို ”အရမ်းချစ်တာပဲ” ဘာညာ တွေကိုတော့ မပြောရ ဟု မေက တားမြစ်ထားသည်။ ရက်ဆက် ဖုန်းဆက်မိလျှင်လည်း အကြောင်းတစ်ခုခုပြပြီး ချက်ချင်း ချသွားသည်။ မေက တကယ်ပင် သူ့ကို သံယောဇဉ်ဖြတ်ဖို့ ကြိုးစားနေလေပြီ။

အဲဒီလိုနှင့် သူလည်း မေ့ဆီက အေးစက်စက် စကားသံတွေ မကြားချင်တာနှင့်ပင် ဖုန်းသိပ်မဆက်ဖြစ်တော့။ လူချင်း ချိန်းတွေ့ဖို့တော့ အဝေးကြီး ဝေးသွားလေပြီ။ မေ့ကို အရင်က သူနားလည်သည် ထင်ခဲ့သော်လည်း ခုတော့ နားမလည်နိုင်တော့ပါ။ ချစ်သူ ရှိလျှက်နှင့် အပျိုကြီးပဲ လုပ်တော့မည် ဆိုသည်က ဘာသဘောလည်း နားမလည်နိုင်ပါ။ တရားပေါက်လို့ သီလရှင် ဝတ်သွားတယ် ဆိုရင်တောင် ဖြေသာသေးသည်။ အခုတော့ မေ့ကို သူနားမလည်နိုင်သလို သူ့ဘက် ပြန်ပါလာအောင် နားချလို့လည်း မရနိုင်တော့ပါ။

နောက်တော့ မေက ဖုန်းနံပါတ်ပြောင်းသွားသည်။ သူ့ကို ဖုန်းနံပါတ် အသစ် ပြန်မပေးပါ။ မေ့အစ်မဆီက သူသိရသော်လည်း မေ မပေးလိုသော ဖုန်းမို့ သိပ်မဆက်ချင်တော့ပါ။ မေ့မွေးနေ့မှာတော့ မေ့ ဖုန်းနံပါတ် အသစ်ဆီ မွေးနေ့ဆုတောင်း sms တော့ ပို့လိုက်သေးသည်။ မေက “ကျေးဇူးတင်ပါတယ်” ဆိုတာတော့ ပြန်သည်။ သူလည်း မေ့ဆီ မွေးနေ့လက်ဆောင် ပို့မပေးဖြစ်တော့ပါ။ သူ့မွေးနေ့ ရောက်တော့ မေက sms တစ်စောင်ပင် ပို့ပေးဖော် မရပါ။

ဒီနှစ် ဒီဇင်ဘာက သူ့အတွက် တကယ်ကိုပင် အေးစက်လွန်းလှပါသည်။ အပြင်က အအေးလှိုင်းရဲ့ အေးစက်မှုထက် မေ့ဆီက အေးစက်မှုက သူ့ရင်ကို ပိုပြီးအထိနာစေပါသည်။ မေနဲ့ တွေ့ခဲ့သော ဒီဇင်ဘာ၊ မေနဲ့ ချစ်နေသော ဒီဇင်ဘာ တွေလို သူ့ ဒီဇင်ဘာက မချိုတော့ပါ။ ခူးယူခွင့် ရှိမည် ထင်ခဲ့သော အဝါရောင် နှင်းဆီတစ်ပွင့်က အခုတော့ သူနှင့် အဝေးမှာ ခူးဆွတ်ခွင့် မရှိတော့ပါ။ သူငယ်ချင်းချင်း ပတ်သက် ချစ်ခင်ခြင်းကို ကိုယ်စားပြုသော အဝါရောင် နှင်းဆီ အနေနှင့် သူကတော့ အဝေးက နှင်းဆီကို ငေးကြည့်နေရတော့မှာပင်။

သိင်္ဂါကျော်
29.12.2013.

07 November, 2013

ငြီးငွေ့ခြင်းထဲ ဆက်လျှောက်ဖို့..


ကိုယ့်ကိုယ်ကို မသိတာမရှိဘူးဆိုတဲ့
လူတတ်ကြီးတွေ ကြားမှာ
ငါက ဗလာလူသားတစ်ယောက်လို နေချင်တယ်။

ကိုယ့်အမြင်မှကိုယ် အမှန်လို့ ထင်ကြတဲ့
ငြင်းခုန်မှုတွေ ကြားမှာ
ငါက စကားမပြောတတ်သူ တစ်ယောက်လို နေချင်တယ်။

ပြဿနာအစတွေ ရှာရှာဖွပြီး
ကိုယ့်အကုသိုလ် ကိုယ် ရှာရတာကို
အကောင်းထင်နေတဲ့ လူတွေကြားမှာ
ငါက နားမကြားသူတစ်ယောက်လို နေချင်တယ်။

ကိုယ့်စိတ်ထဲက နတ်ဆိုးနဲ့ နတ်ကောင်း
အမြဲတမ်း အားပြိုင်မှုတွေထဲ
ကိုယ့်ကိုယ်ကို ပြန်ရှာနေရတာနဲ့တင်
သူတစ်ပါးကို လက်ညှိုးထိုးဖို့ မအားမလပ်ရှိသူရယ်ပါ။

နာရီတွေ သွားတာ မြင်နေနိုင်ဖို့အတွက်
အသက်မွေးမှု တစ်စုံတစ်ရာကို လုပ်နေရသတဲ့။
အချိန်တွေ လေလွင့်သလောက်
အကျိုးရယ်လည်း မရှိခဲ့ပါလား။

လိုအင် ဆိုတာ ဘယ်သောအခါမှ
အဆုံးတိုင် ပြည့်ဝဖို့ ဆိုတာ မရှိသောအရာ။
အလိုမပြည့်မှုတွေက Vampire တွေ သွေးငတ်သလို
တဖြည်းဖြည်း ဆိုးလာကြလိမ့်မယ်။

ငါ့လိုဘတွေ ငါမဖြည့်နိုင်သလို
ဘယ်သူ့အလိုကိုမှလည်း ဖြည့်မပေးနိုင်တဲ့သူ။
အသုံးမကျတဲ့သူ လို့
ပင်လယ်တွေရဲ့ ဟိုမှာဘက်ထိ ရောက်အောင် အော်ပြောလိုက်ပါ။

တိတ်ဆိတ်တဲ့ မြက်ခင်းထဲ
ငါ့ကို ခဏလောက် လွှင့်ပစ်ခဲ့ကြပါ။
ပေါင်းပင်တွေ ကြားထဲက သစ္စာပန်းတစ်ပင်
ရေလောင်းပေါင်းသင်သူ မရှိပဲ လှလှပပ ရှင်သန်တာကို ကြည့်ရင်း
စိတ်ခွန်အား ဖြည့်ဖို့ လိုလိမ့်မယ် ထင်တယ်ကွယ်။

သိင်္ဂါကျော်

13 October, 2013

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့အတွက် လျှို့ဝှက်ချက် ၆ချက်


သင်ဦးတည်ရာ အောင်မြင်မှုတစ်ခုဆီ၊ ပန်းတိုင်တစ်ခုဆီ ရောက်အောင် သွားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပါက ဆုံးရှုံးမှုကို ကြုံရတတ်ပါတယ်။ Florida State University မှာ လုပ်ခဲ့တဲ့ သုတေသန တစ်ခုက ကိုယ့်ကိုယ်ကို ထိန်းချုပ်ရာမှာ အောင်မြင်မှုရစေဖို့ အောက်ပါ နည်းလမ်း ၆သွယ်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအချက်တွေကို ကျင့်သုံးပြီး ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်ကာ အောင်မြင်မှု ပန်းတိုင်ရောက်အောင် ကိုယ်သွားရမယ့် လမ်းမှန်ကို ဆက်လျှောက်နိုင်ကြမှာပါ။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပဲ စိတ်လိုက်မာန်ပါ ပြောဆို လုပ်ကိုင်မှုတွေက အလုပ်မှာ ထိခိုက်နိုင်ပြီး အပေါင်းအသင်းတွေ ကြားမှာလည်း အဆက်အဆံ ပျက်စေနိုင်ပါတယ်။

၁။ တရားထိုင်ပါ။
တရားထိုင်ခြင်းဟာ သင့်ရဲ့ ဦးနှောက်ကို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ စက်တစ်ခု ဖြစ်လာအောင် လေ့ကျင့်ပေးပါတယ်။ သင့်ရဲ့ ထက်မြက်တဲ့ သိမြင်ခံစားစိတ်ကို တိုးတက်လာစေပါတယ်။ အနည်းဆုံး တစ်နေ့ကို ငါးမိနစ်လောက်ပဲ ဘာကိုမှ မတွေးပဲနဲ့ အသက်ရှုတဲ့ ဝင်လေ ထွက်လေကိုပဲ သိနေလိုက်ပါ။ သင့်ဦးနှောက်ရဲ့ အပျက်သဘော လှုံဆော်စိတ်တွေကို ခုခံတားဆီးနိုင်စွမ်းတွေ တိုးလာမှာ ဖြစ်ပါတယ်။

၂။ စားပါ။
အထူးသဖြင့် သင့်ရဲ့ စားချင်စိတ်ကို ထိန်းချုပ်ဖို့ ခက်နေတဲ့အခါမှာ ဒီတစ်ခုကို အလိုလို သိစိတ်နဲ့ မှတ်သားထားလိုက်ပါ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့အခါ သင့်ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကို သင့်ဦးနှောက်က ပြင်းထန်စွာ လောင်ကျွမ်းစေပါလိမ့်မယ်။ သင့်ရဲ့ သွေးတွင်းက သကြားဓာတ် ကျဆင်းတဲ့အခါ သင့်မှာ အပျက်သဘော လှုံဆော်စိတ်တွေ ပိုပြီး ဖြစ်လာစေပါတယ်။ ထမင်း သို့ အသား တစ်ခုခု စားခြင်းက သင့်ခန္ဓာကိုယ်အတွက် လောင်ကျွမ်းမှု နှေးကွေးစေပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကို တာရှည်ထိန်းထားနိုင်ပါတယ်။ ဆာလောင်နေတဲ့အခါ ဒေါသထွက်လွယ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းစေပါတယ်။

၃။ လေ့ကျင့်ခန်း လုပ်ပါ။
သင့်ခန္ဓာကိုယ် လှုပ်ရှားမှုကို အနည်းဆုံး ၁၀ မိနစ်ခန့် လုပ်တဲ့အခါ သင့်ဦးနှောက်က သိမ်မွေ့တည်ငြိမ်လာပြီး၊ နာကျင်စိတ်တွေ လျော့ပါးစေပြီး သင့်ရဲ့ စိတ်လိုက်မာန်ပါ လုပ်လိုစိတ်တွေကို ထိန်းချုပ်ထားနိုင်လာပါတယ်။ ဥပမာ- ရုံးမှာ ရှေ့အခန်းက တစ်စုံတစ်ယောက်ဆီ လျှောက်သွားချင်စိတ်တွေကို ထိန်းချုပ်နေရတဲ့အခါ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါ။ သင့်ကိုယ်သင် ထိန်းနိုင်လာပါလိမ့်မယ်။

၎။ အိပ်ပါ။
သင် ပင်ပန်းနွမ်းနယ်နေတဲ့အခါ သင့်ဦးနှောက်က ဆဲလ်တွေရဲ့ သကြားဓာတ်ကို စုပ်ယူနိုင်စွမ်းက မြင့်တက်လာပါတယ်။ ဦးနှောက်ရဲ့ ထိန်းချုပ်နိုင်စွမ်းက ဂလူးကို့စ်ဓာတ် မရှိပဲနဲ့ မလုပ်နိုင်ပါဘူး။ လုံလောက်တဲ့ အိပ်စက်ခြင်း မရှိတဲ့အခါ လျော့နည်းနေတဲ့ သကြားဓာတ်ကို ဖြည့်ဆည်းဖို့အတွက် သကြားပါတဲ့ သွားရေစာတွေ စားချင်စိတ် ဖြစ်လာပါတယ်။ တကယ်လို့ သင်က သင့်ရဲ့ စားချင်စိတ်ကို ထိန်းချုပ်ချင်နေတာ ဆိုရင်တော့ ညဘက် အိပ်ရေးဝအောင် အိပ်စက်လို့ လိုပါတယ်။ ညတိုင်း သင် လုပ်နိုင်တဲ့ အကောင်းဆုံး တစ်ခုပါပဲ။

၅။ လှိုင်းစီးသလို ကျင့်ကြံပါ။ (ဒီရေကျချိန်ကို စောင့်ပါ)
ဆန္ဒဆိုတာ ဒီရေလိုပဲ အတက်အကျ ရှိတတ်ပါတယ်။ သင်ထိန်းချုပ်ဖို့လိုတဲ့ လှုံဆော်စိတ်က ပြင်းထန်တဲ့အခါ အဲဒီ ဆန္ဒစိတ်ရဲ့ အတက်အကျကို စောင့်ဆိုင်းခြင်းက သင်ကိုယ်သင် ထိန်းချုပ်ဖို့ အတွက် လုံလောက်တဲ့ အချိန်ကို ဖြစ်စေပါလိမ့်မယ်။ စည်းမျဉ်းကတော့ စိတ်လိုက်မာန်ပါ မပြုမူခင်မှာ အနည်းဆုံး ၁၀ မိနစ်ခန့် စောင့်ဆိုင်းပါ။ ဒီရေလှိုင်းတွေ ဆိုတာ အမြဲတမ်း တက်မနေ သလိုပါပဲ သင် စိတ်ဆိုးနေ၊ ဒေါသထွက်နေတဲ့ အချိန်ဟာ အမြဲတမ်း ဖြစ်မနေနိုင်တာမို့ ကျသွားတဲ့ အချိန်ကို စောင့်ပါ။ ဒေါသနဲ့ မခံချင်စိတ် အမြင့်ဆုံး ရောက်နေတဲ့ အချိန်မှာ ဘာကိုမှ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။


၆။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ။
ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကို မနှစ်မြို့တဲ့ ခံစားချက်၊ ဝမ်းနည်းပြီး မပျော်ရွှင်နိုင်တဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။ အဲဒီနောက်ကနေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ ရက်စက်တဲ့ စက်ဝိုင်းတစ်ခု လိုက်ပါလာတတ်ပါတယ်။ အဲဒီ ခံစားချက်တွေဟာ စိတ်အနှောက်အယှက် ဖြစ်စရာ၊ စိတ်ညစ်ညူးစရာ အာရုံတွေဆီကိုပဲ ဦးတည်စေတတ်ပါတယ်။ သင်က ခြေချော်ကျတဲ့အခါ၊ ချော်လဲတဲ့အခါ သင့်ကိုယ်သင် ခွင့်လွှတ်ပြီး ဆက်သွားဖို့ အရေးကြီးပါတယ်။ အမှားက သင့်ကို ဘယ်လို ခံစားရစေတယ် ဆိုတာကို ဥပေက္ခာပြုဖို့မဟုတ်ပါဘူး။ အဲဒီအစား သင့်ကိုယ်သင် အနာဂါတ်မှာ တိုးတက်အောင် ဘာတွေ လုပ်ရမယ် ဆိုတဲ့အပေါ်မှာ သင့်အာရုံစူးစိုက်မှုကို ရွှေ့ထားဖို့ပါ။

အထက်ပါအချက်များကို သင့်အလုပ်ထဲမှာ အသုံးချပါ။ သင် ရည်မှန်းချက် တစ်ခုခုကို သွားရာ လမ်းပေါ်မှာ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပဲ အခက်အခဲတွေနဲ့ ရုံးကန်နေရတဲ့အခါမှာ အထက်ပါ အချက်များကို သတိရလိုက်ပါ။ စတင် ကျင့်သုံးတဲ့အခါ ခက်ကောင်းခက်မှာ ဖြစ်ပေမယ့် နောက်ပိုင်း အလေ့အကျင့်သစ်က ကျင့်သားရလာတဲ့အခါ ဘဝလမ်းတစ်လျှောက်မှာ စိတ်လိုက်မာန်ပါ အမူအကျင့်များကို ထိန်းချုပ်နိုင်ပြီး ကိုယ်ရည်မှန်းချက်ကို ပြီးမြောက်ဖို့အတွက် အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။

The Six Secrets of Self Control ကို မှီငြမ်းပါသည်။

သိင်္ဂါကျော်

23 September, 2013

ထွက်ခွာခြင်းက ကပျာကရာနိုင်လေရဲ့

စိမ်းပြာရောင် တောင်တန်းများ…။ တလွန့်လွန့် မြစ်ရေ ကြည်လဲ့လဲ့များ…။ အစိမ်းရောင် သစ်ပင်တန်းများ…။ ရောင်နီက အမြဲတမ်း မလင်းတလင်း ဖြစ်နေသော အရပ်ဒေသ။ ခရမ်းရောင် ပန်းပွင့်များက လေမတိုက်ပဲ ယိမ်းက နေတတ်သည်။ အမှိုက်တစ်စ မရှိသော မြေညိုရောင် လမ်းမများက ကွေ့ကောက်နေသော်လည်း လှပသည်။ စိမ်းသက်ခြင်း ရနံမရှိသော လေပြေ ခပ်အေးအေး က မွှေးမြနေသယောင်…။

ဒီအရပ်ဒေသမှာ ကျွန်တော့်စိတ်ကို ကျွန်တော်ပိုင်သည်။ ကျွန်တော့်ကိုယ်ကို ကျွန်တော်ပိုင်သည်။ ဒီအရပ်ဒေသမှာ ကျွန်တော့်ကို လွှမ်းမိုး ချုပ်ချယ်မယ့်သူ မရှိ။ ဆူပူ ဆုံးမမယ့်သူ မရှိ။ ဒီအရပ်ဒေသမှာ ကျွန်တော်မုန်းသည့် ပွစိပွစိ အသံတွေ၊ ဆူပူသံတွေ၊ အတင်းတုတ်သည့် လေသံ သဲ့သဲ့တွေ မရှိ။ ငြိမ်းချမ်းလှသည်။ ဒီအရပ်မှာ ကျွန်တော် ဘယ်သူ့ကိုမှ မှီခိုစရာ မလို။ ကျွန်တော့်ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်ပြောမယ့်သူ မရှိ။

 “မင်း အစ်ကိုကြီးဆို တစ်ခါမှ စာမေးပွဲ မကျဖူးဘူး၊ ဆေးတက္ကသိုလ်မှာ ဒီလောက် စာတွေ ခက်တာတောင် ပြန်ဖြေခဲ့ရတဲ့ ဘာသာဆိုတာ ရှားရှားပါးပါး၊ မင်းကျမှပဲ နှစ်ဝက် စာမေးပွဲကို လေးဘာသာ ကျရတယ်လို့”
ဖေဖေရဲ့ ဆူပူ ကြိမ်းမောင်းသံကို ကြားယောင်နေမိသေးသည်။
“မင်း ညီလေးဆို သူ့ဟာသူ ဂိုက် လုပ်ပြီး သူ့ကျောင်းစားရိတ်သူ ရှာနေတာ၊ နင်က သူ့ဆီကနေတောင် ပိုက်ဆံ ချေးသုံးသေးတယ်ဆို တော်တော် လိမ္မာတဲ့ အစ်ကိုပဲ”
မေမေက သူ အသုံးအဖြုံးကြီးလှတယ် လို့ အပြစ်ဆိုချင်သည်။
နှစ်ယောက်သားက တစ်ချိန်လုံး တစ်ရစပ် ပွစိ ပွစိနှင့် ဘာတွေ ပြောနေခဲ့မှန်းကို မမှတ်မိနိုင်တော့ပါ။ အဲဒါတွေကြောင့် အိမ်မပြန်ချင်တာကိုပဲ အတင်းကာရော ဖုန်းတွေ တဂွမ်ဂွမ် ဆက်ခေါ်လို့ ကျောင်းပိတ်ရက်မှာ မပြန်ချင်ပဲ ပြန်သွားခဲ့ရခြင်း ဖြစ်သည်။

စာမေးပွဲ ကျခြင်းက ဘဝမှာ ဘယ်နှရာခိုင်နှုန်းလောက်များ အရေးပါနေပါလိမ့်။ ကျွန်တော်က အဲဒါကို နားလည်ဖို့ မကြိုးစားချင်သူ ဖြစ်တာ သူတို့ကလည်း နားမလည်နိုင်။ စာမေးပွဲ တစ်ခါကျခြင်းက ဘဝကို ဘယ်လောက်တောင်များ အောက်ကျ နောက်ကျ ဖြစ်သွားစေလို့ ကြက်တူရွေး စာအံခြင်းများကို မက်မက်မောမော လုပ်နေရမတဲ့လဲ။ ဘွဲ့တစ်ခုရခြင်းက ဘဝကို ဘယ်လောက်တောင်များ ပြောင်းလဲ သွားစေမှာတဲ့လဲ။ လူတွေရဲ့ အထင်ကြီးမှုကို ကျွန်တော်က ထမင်းစား ရေသောက်လောက်မျှ မက်မောခြင်း မရှိတာသည် ကျွန်တော့်မိဘတွေ အတွက်တော့ တစ်ဒုက္ခ။

“အသုံးကို မကျတဲ့ကောင်၊ ငါတို့သားလို့ ပြောဖို့တောင် ရှက်တယ်။ အကြီးရော အငယ်ရော လိမ္မာပါရက်နဲ့ အလယ်ခေါင်ကျမှ ဘယ်လို ဗီဇမျိုး ဖြစ်လာတယ် မသိပါဘူး”
ဖေဖေ့ စကားသံကို ကြားယောင်မိလျှင် ကျွန်တော် ထိုအိမ်သို့ ဘယ်တော့မှ မပြန်တော့ဘူး ဆိုသည့် စိတ်မျိုး ဖြစ်မိသည်။
“နင့်ရုပ်ကို ပြင်စမ်း၊ ဆူပုတ်ပုတ် လုပ်မနေနဲ့၊ မိဘကိုပဲ မကျေနပ်တဲ့ ရုပ်နဲ့၊ ငါတို့ပေးတဲ့ ပိုက်ဆံ မယူပဲ နင့်ဘဝနင် ရပ်တည်လို့ ရလို့လား၊ ဒီနှစ် ကျလို့ကတော့ နောက်နှစ် ကျောင်းမထားတော့ဘူး၊ မိဘက ပြည့်စုံတယ် ဆိုပြီး ပေါ့ပေါ့ နေတတ်တဲ့သူကို ငါအမုန်းဆုံးပဲ”
မေမေ့ကို ပြန်ပြောဖို့ စကားလည်း ကျွန်တော့်မှာ မရှိခဲ့ပါ။ ထိုအိမ်ကို နောက်ထပ် ပြန်မလာတော့ဘူး ဆိုသည့် ဆုံးဖြတ်ချက်က ခိုင်မာလာသလို..။ ထိုအိမ်က ပိုက်ဆံကို မယူပဲ မရပ်တည်နိုင်သော ဘဝမှာ ထိုအိမ်ကို ပုန်ကန်လို့ရော ဖြစ်နိုင်ပါ့မလား..။
*****

ဒီအရပ်မှာတော့ စိတ်မဝင်စားပဲ နားထောင်ချင်ယောင် ဆောင်ရခြင်းတွေ မရှိ။ စိတ်မပါပဲ သင်ယူရခြင်း၊ ကျက်မှတ်ရခြင်းတွေ မရှိ။ တစ်ချိန်ကတော့ ကျွန်တော်လည်း လိမ္မာတဲ့ ကျောင်းသားလေးလို ဟန်ဆောင်ဖူးသည်။ စာမှန်မှန် မကျက်သည့်တိုင် ကျောင်းတော့ မှန်မှန်တက်ခဲ့သည်။ အတန်းထဲကို စဝင်လာကတည်းက စာတွေ တရပ်စပ်သင်နေတတ်သော မျက်မှန်နှင့် ရုပ်တည်နှင့် ဆရာမကို ကျွန်တော် တစ်စက်မှ သဘောမကျခဲ့ပါ။ အရှေ့ခုံတန်းက မိန်းကလေးတွေ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်နေရသည်။ ကျွန်တော့်အတွက်တော့ ဂြိုဟ်သား ဘာသာစကားတွေ သင်နေသလိုပင်။ ပုံနှိပ်စာအုပ်ကို ဖွင့်ထားသော်လည်း ဘယ်စာမျက်နှာကို သင်နေသည်ကို ကျွန်တော်မသိခဲ့တဲ့ အကြိမ်တွေ များသည်။


ကျွန်တော်က တစ်ခြား ဘာကိုမှလည်း စိတ်မဝင်စားသူ ဖြစ်ခဲ့ဖူးသည်။ ကျွန်တော် စိတ်ဝင်စားတာ တစ်ခုတော့ ရှိသည်။ တွေးတော ငေးမောရခြင်းနှင့် စိတ်ကူးများကို ချရေးရခြင်း။ အတန်းထဲမှာ ရုပ်မချောသော ဆရာမများ သင်နေသည့် ပျင်းရိငြီးငွေ့စရာ သင်ခန်းစာတွေကို နားထောင်နေမည့်အစား ကျွန်တော့် ဇာတ်လမ်းထဲက ချစ်စရာ ကောင်မလေးကို စိတ်ကူးနေရခြင်းက ပိုကောင်းသည့်အကြောင်း ကျွန်တော်သိတာ ကြာပြီ ဖြစ်သော်လည်း ထုံးစံများကို မတွန်းလှန်ချင်သဖြင့် ဟန်ဆောင်ပန်ဆောင် နားလည်ချင်ယောင် ဆောင်နေရခြင်း ဖြစ်သည်။

ကျွန်တော်နှင့် ပုံမှန် ပေါင်းသင်းဖြစ်သော အချစ်ဆုံး သူငယ်ချင်းက တစ်ယောက်သာ ရှိသည်။ တစ်နေ့တော့ သူကပြောသည်။ Game ကစားတာက စွဲတတ်သည် ဆိုသည့်အကြောင်း။ ကျွန်တော်က ဘယ်အရာမှ ကျွန်တော့်ကို စွဲလမ်းအောင် မလုပ်နိုင်သည့်အကြောင်း ပြန်ပြီး လောင်းကြေး ထပ်ခဲ့သည်။

ကျွန်တော်က ကောင်မလေးတွေကိုလည်း စိတ်မဝင်စား။ ပဲများတတ်သည့် မိန်းကလေးတွေကို လှည့်ကို မကြည့်ချင်။ ကျွန်တော်က နှုတ်ခမ်းနီ ဆိုးတတ်သည့် မိန်းကလေးတွေ၊ မော်ကွန်းထိန်း ပြောနေသည့်ကြားက ဆံပင်အရောင် ဆိုးတတ်သည့် မိန်းကလေးတွေကို မုန်းသည်။ ကျွန်တော့်ချစ်သူက နှုတ်ခမ်းနီမဆိုးတတ်၊ ဆံပင်အရောင်မဆိုးတတ်ပါ။ သို့သော် ကျွန်တော့်ချစ်သူက ဆရာတော့လုပ်တတ်သည်။ ဆေးလိပ်သောက်ကြည့်ဖို့၊ ဘီယာသောက်ကြည့်ဖို့ စွဲဆောင်တတ်သည့် အပေါင်းအသင်းတွေကိုလည်း မုန်းသည်။ ကျွန်တော့်ကို စောင့်ကြည့် အကဲခတ်နေမည့် မျက်လုံးတွေကိုလည်း မုန်းသည်။

ကျွန်တော်က မိုးရွာတဲ့ နေ့တွေကိုလည်း မုန်းသည်။ မိုးရွာတဲ့ နေ့မှာ မဖြစ်မနေ အပြင်ထွက်စရာ အကြောင်း ရှိလျှင် ပိုတောင် မုန်းသေးသည်။ ဥပမာ ကျောင်းတက်ရခြင်း။ စောစော အိပ်ရာထရခြင်းကိုလည်း မုန်းသည်။ စောစော အိပ်ရာဝင်ရခြင်းကိုလည်း မုန်းသည်။ နေပူကျဲတောက်သော ရာသီဥတုကိုလည်း မုန်းသည်။ ကျွန်တော်က ကျွန်တော့်အသားတွေ နေလောင်မှာကို အသေကြောက်သူ ဖြစ်သည်။

ဒီအရပ်မှာကတော့ ရာသီဥတုက အမြဲ သာယာနေပါသည်။ မိုးတွေ ရွာသွန်းခြင်း မရှိ။ နေပူလောင်ခြင်း မရှိ။ လမိုက်ညလို မှောင်မည်းခြင်းမျိုးလည်း မရှိ။ ဒီအရပ်က လူတွေက ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိ။ သစ်သီးတွေက ဘယ်တော့မှ မကြွေသလိုမျိုး အမြဲ ဝါဝင်းနေသည်။ မေမေ့ နှင်းဆီခင်းကို ဘယ်တော့မှ ကြည်နူးစိတ်နှင့် မကြည့်ခဲ့ဖူးသည့် ကျွန်တော်က ဒီအရပ်မှာ အမည်မသိ ပန်းတွေ အမြဲပွင့်တာကို အံ့သြ ငေးမောတတ် နေသည်။

ဒီအရပ်မှာ မလှပသည့် ချို့ယွင်းချက်က တစ်ခုလေးပဲ ရှိပါသည်။ ကျူးကျော်စော်ကားတတ်သည့် ရန်သူတော်တွေ ဖြစ်သည်။ ဒီလူတွေ ရှိလို့ ကျွန်တော် ဒီအရပ်ကို ရောက်လာရခြင်းပေါ့။ ကျွန်တော်က ဘယ်နေရာမှာမှ အသုံးမကျဘူး ဆိုတာ ဘယ်သူ ပြောခဲ့ဖူးသည့် စကားလဲ ဆိုတာ မေ့သွားဖို့ ဒီအရပ်က ကောင်မလေးက ကျွန်တော့်ကို သင်ပေးသည်။ အတန်းထဲက ကောင်မလေးတွေကို စေ့စေ့မကြည့်ဖူးသော ကျွန်တော်သည် အဲဒီကောင်မလေးကိုတော့ မကြည့်လို့မရသဖြင့် သူမ လှုပ်ရှားမှုတွေနောက် ထပ်ချပ်မခွာ လိုက်ခဲ့ရသည်။ အတူတူလက်တွဲပြီး ရန်သူတော်တွေကို ရင်ဆိုင်ခဲ့ရသည်။ အခုတော့ သူမနှင့် ကျွန်တော် တော်တော်တောင် ရင်နှီးနေပြီ။ သူမကို ကျွန်တော်က ကျွန်တော်သဘောကျသော်လည်း မဝတ်ရဲသော ပန်းရောင် ကိုယ်ကျပ် အင်္ကျီလေး ဝတ်စေပြီး သဘောကျနေခဲ့သည်။ ကျွန်တော့်ကို အထင်ကြီးသည့် ကလေးသူငယ်နှင့် သက်ကြီး ရွယ်အိုများလည်း ရှိသည်။ ရန်သူတော်တွေ လာလျှင် သူတို့ကို ကျွန်တော်က ဘေးကင်း လုံခြုံရာသို့ ပို့ပေးရသည်။ ကျွန်တော့်ကို အားကိုးသည့် လူမျိုးစု အကြီးအကဲလည်း ရှိသည်။ သူက ကောင်မလေး အဖေ ဖြစ်သည်။ သူက ကျွန်တော့်ကို အဖေ့လို မကောင်းပြောပြီး ဆူပူလေ့ရှိသူ မဟုတ်။ ကျွန်တော့် အကြံဉာဏ်တိုင်းကို လိုက်နာဆောင်ရွက်တတ်သူ ဖြစ်သည်။
*****

သူငယ်ချင်းက ကျွန်တော့်ကို စိတ်ပူစပြုသည်။ “မင်း အဲဒါကို စွဲလမ်းနေပြီ ငါ့လူ၊ မင်းပြောတော့ ဘာကိုမှ မစွဲလမ်းတတ်ဘူး ဆို၊ အခု ဖြတ်တော့၊ ငါ မင်းကို အစပြုပေးမိတာ မှားသွားတယ်”
“ငါ စွဲလမ်းတာ မဟုတ်ဘူး၊ ဖြတ်စရာ ကိစ္စဆို အချိန်မရွေး ဖြတ်လို့ရတယ် ကိုယ့်လူ၊ မဖြတ်ချင်သေးလို့ပါ၊ ငါ အဲဒီမှာ ပျော်တယ်ကွ” သူငယ်ချင်းကို ကျွန်တော်ပြောသည်။

သူ သိပ်စိတ်ပူနေမှာ စိုးသဖြင့် အဆောင် ပြန်လာပြီး ရေးလက်စ ဝတ္တုကို အဆုံးသတ်သည်။ ကျွန်တော် blog တစ်ခု လုပ်ဖို့ စိတ်ကူးရှိသော်လည်း မလုပ်ဖြစ်သေးပါ။ ကျွန်တော့်မှာ ရေးပြီးသား ဝတ္တုတွေ သုံး၊ လေး ပုဒ် လောက် ရှိသည်။ ဘယ် မဂ္ဂဇင်းကမှ အရေးလုပ် ဖော်ပြမှာ မဟုတ်သလို ကျွန်တော်ကလည်း ပို့ဖို့ စိတ်ကူး လုံးဝ မရှိပါ။ Internet မှာတော့ blog တစ်ခု လုပ်ပြီး တင်ချင်သည်။ ကောင်မလေးတို့ဆီ သွားနေရသည်နှင့် internet တောင် သုံးဖို့ အချိန်မရှိ ဖြစ်နေသည်။

စိတ်ပေါက်ပေါက် ရှိသည်နှင့် ကျွန်တော့် ဝတ္တုထဲက ကောင်မလေးကို သေခိုင်းလိုက်သည်။ အချစ်အတွက်ကြောင့် ရူးသွပ်ခြင်း..။ မိဘတွေက သဘောမတူသဖြင့်  ချစ်သူနှင့် မပေါင်းရတော့ဘူး ဆိုပြီး ကြိုးဆွဲချ သတ်သေ သွားခြင်း ဖြစ်သည်။ ရေးသာ ရေးသော်လည်း အချစ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းကို ကျွန်တော်က ဟားတိုက်ရယ်ချင်သည်။ အချစ်အတွက် အသက်ပင်သေသေ ဆိုတာကို မယုံကြည်နိုင်ပါ။ ကျွန်တော့်ချစ်သူ ဆရာဝန်မလောင်းလေးရော ကျွန်တော်နှင့် သူ့မိဘက သဘောမတူဘူး ဆိုလျှင် ကိုယ့်ကိုယ်ကို သတ်သေမှာတဲ့လား။ လုံးဝမှ မထင်ပါ။

သူနှင့် ကျွန်တော် မထင်မှတ်ပဲ ချစ်သူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူက ကိုကြီးတို့ ဆေးကျောင်းက ဂျူနီယာ။ ကိုကြီးဆီ သွားရင်းနှင့် ခင်မင်ခဲ့ခြင်း ဖြစ်သည်။ သူက ခင်ခင်မင်မင် အရောဝင်သဖြင့် ကျွန်တော်လည်း ချစ်သူ စမ်းထားကြည့်လိုက်ခြင်း ဖြစ်သည်။ သူက ကျွန်တော်မုန်းသော မိန်းကလေးတွေ ပုံစံမျိုး ဆံပင်အရောင်ဆိုး၊ နှုတ်ခမ်းနီ ဆိုးပြီး အလှပြင်တတ်သူ မဟုတ်။ ရိုးရိုးလေးနှင့် ချစ်စရာကောင်းသူ ဖြစ်သည်။ သူ့ကို ကျွန်တော် တကယ် ချစ်မချစ် သိပ်တော့မသေချာပါ။ သို့သော်လည်း သူနှင့် ကျွန်တော် ဘယ်တော့မှ စကားမများ၊ ရန်မဖြစ်။ အမြဲတမ်း ပြေလည်သည်။ သူ ဆရာလုပ်တာတွေကို ပြန်မပြော နားမထောင် လုပ်တာက လွဲလျှင်ပေါ့။ ကျွန်တော့် ချစ်သူလေးကို သတိတော့ရသည်။ အိမ်ပြန်တုန်းက တစ်ခါ တွေ့ခဲ့ပြီးနောက် သူ့ ဆုံးမစကားတွေလည်း နားထောင်ခဲ့ရသေးသည်။ အဆောင် ပြန်ရောက်ပြီးမှ ဖုန်းမဆက်ဖြစ်သေး။ သူကလည်း စာကျက်စရာ ရှိသေးတာတွေ ဘာတွေနှင့် ဖုန်းဆက်လျှင်လည်း ကြာကြာပြောချင်တာ မဟုတ်တော့ ကျွန်တော်ကလည်း မဆက်ဖြစ်တာ များသည်။
*****

ရန်သူတော် ခေါင်းဆောင်က ရက်စက်သူဖြစ်သည်။ ခွန်အားကြီးပြီး မြန်ဆန်လှသူ ဖြစ်သည်။ သူ့ဘေးက နှစ်ယောက်မှာလည်း ထူးခြားသော အစွမ်းတွေ ရှိသည်။ ကျွန်တော့်မှာတော့ ခုထိ သူတို့လို အစွမ်းမျိုး မရသေး။ သို့သော် ကျွန်တော့်မှာ သူတို့ထက် နည်းဗျူဟာ ပိုပြည့်ဝသည်။ စာမေးပွဲ အောင်အောင် ဘယ်လို ကြိုးစားရမယ် ဆိုတဲ့ နည်းဗျူဟာမျိုးသာ မသိလျှင်နေမည်။ တိုက်ခိုက်မှုနှင့် ရှောင်တိမ်းမှုအတတ်မှာတော့ ကျွန်တော်က တစ်ဖက်ကမ်း ခတ်နေလေပြီ။ ကောင်မလေးနှင့် သူ့အဖေက ကျွန်တော့်အဖွဲ့သားတွေ ဖြစ်သည်။ ကျွန်တော်တို့က သူတစ်ပါးနယ်မြေကို သိမ်းပိုက်ဖို့ထက် ကိုယ်ပိုင်မြေကို သိမ်းပိုက် မခံရဖို့ အရေး ကြိုးစားနေသူများဖြစ်သည်။ ကျွန်တော်တို့ အရပ်က လိုတရမှုနှင့် လှပမှုကို သူတို့က မျက်စိကျကြသည်။

ဒီအရပ်ရဲ့ နယ်မြေအချုပ်အခြာအတွက် အမြဲတမ်း တိုက်ခိုက်နေရသည်။ ကျွန်တော်မရှိလျှင် ကောင်မလေးနှင့် သူ့အဖေ လူမျိုးစု ခေါင်းဆောင်တို့ နှစ်ယောက်တည်းသာ ဦးဆောင်ပြီး ခုခံရလိမ့်မည်။ အဲဒါကြောင့်လည်း ကျွန်တော်က ဒီအရပ်က မပြန်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။ ဒီအရပ်က လူတွေက ကျွန်တော့် အကူအညီကို လိုသည်။ ကျွန်တော့်ကို အားကိုးသည်။ ဒီအရပ်မှာ ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချနိုင်သည်။ မှားသည့်အခါ မှားပေမယ့် သူတို့က ကျွန်တော့်ကို ဘယ်တော့မှ အပြစ်မမြင်ပါ။ ကမ္ဘာပေါ်မှာ မမှားဖူးသည့်လူ ဆိုတာ ဘယ်မှာ ရှိလို့လဲလေ။

သူတို့က ကျွန်တော့်ကို မပြန်စေချင်ကြ။ အဲဒီအရပ်မှာ ရှိနေရသည့်အခါ ကျွန်တော့်မှာ ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိ။ အိပ်ချင်စိတ်လည်း မရှိ။ ကောင်မလေးနှင့် ကျွန်တော် လက်တွဲပြီး ရန်သူများကို တိုက်ခိုက်ကြသည်။ ကျွန်တော့်ဓါးသွားမှာ သွေးတစ်စက်စက် ကျလို့..။ ကောင်မလေးရဲ့ လှံဖျားမှာလည်း သွေးတစ်စက်စက် ကျလို့..။ ရဲရင့်ခြင်းက ကျွန်တော့် နှလုံးသွေးများထဲမှာ နစ်ဝင်လို့။ နယ်မြေကာကွယ်ရခြင်းက ကျွန်တော့် ဂုဏ်သိက္ခာကို ကျွန်တော် ယုံကြည်မိခြင်း၏ အစ။ ရဲဘော် ရဲဘက်တွေက သူရဲကောင်းစိတ် ရှိသူများချည်းသာ။ ကျွန်တော့်ကို စောင့်ကြည့်နေကျ စိမ်းသက်သက် မျက်လုံးပိုင်ရှင်တွေလို မဟုတ်။ ကျွန်တော့်ကိုယ်ကျွန်တော် လုံခြုံမှုကို စိတ်ချလက်ချ ရှိစေသည်။ ကျွန်တော်တို့ အဖွဲ့၏ စွမ်းအားကို ရန်သူတော်တွေ တော်တော် ခံစားသွားရသည်။ သူတို့ နောက်သို့ ပြန်ဆုတ်ခွာ သွားကြသည်။ သူတို့ရဲ့ မကောင်းဆိုးဝါး မျက်နှာများမှာ အစွမ်းကုန် ရှုံ့မဲ့လို့…။ ကျွန်တော်ကို ကျိန်းဝါးသွားသေးသည်။ “မင်း ထွက်မပြေးနဲ့နော်၊ နောက်တစ်ခေါက် တွေ့ကြမယ်” တဲ့…။
*****

ကျွန်တော့်အခန်းလေးသို့ ကျွန်တော် ပြန်လာခဲ့သည်။ ရေမိုးချိုးမည်။ ထမင်းထွက်စားမည်။ ဝတ္တုတစ်ပုဒ် စရေးမည်။ မနက်ဖြန်မနက် ကျောင်းတက်ချင် တက်မည်။ ကောင်မလေးတို့ ဒေသကို ခဏတော့ စိတ်ချ လက်ချ ထားခဲ့နိုင်သည်။ နက်ဖြန်ညမှ သွားမည်။

ထမင်းစားပြီး ပြန်ဝင်လာတော့ ဘယ်သူကိုမှ အပြင်မှာ မတွေ့သဖြင့် နှုတ်ဆက်ရ သက်သာသွားသည်။ မျက်နှာဖုံးစွပ်တွေကို ကျွန်တော်မုန်းသည်။ “အသုံးမကျတဲ့ ကောင်” ဆိုသော အဓိပ္ဗါယ်တွေကို သူတို့မျက်လုံးတွေထဲမှာ ကျွန်တော်က ဖတ်တတ်နေတော့ ခက်လှသည်။ သူတို့ပြုံးပြတာ တွေ့သော်လည်း ပြန်ပြုံးမပြချင်လှ။ အဲလို လုပ်ပြန်တော့လည်း ကျွန်တော်ပဲ မကောင်း ဖြစ်ရဦးမည်။ တစ်ယောက်ခန်းလေးထဲ နေရတာ ကျွန်တော် တော်တော် ကံကောင်းသည်။ နှစ်ယောက်ခန်းသာဆို သူများကို ဂရုစိုက်ရခြင်းတွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မွန်းကြပ်နေရဦးမည်။

ဝတ္တုရေးဖို့ ပြင်သည်။ ကျွန်တော့်မှာ laptop ရှိသော်လည်း ဝတ္တုကို ဗလာစာအုပ်ထဲမှာ ဘောလ်ပင်နှင့် ချရေးရခြင်းကိုသာ ကျွန်တော်က နှစ်သက်သည်။ ဘာက စရမှန်းမသိ။ တစ်လုံးမှ စာမျက်နှာပေါ် ရောက်မလာ။ ကောင်မလေးတို့ အရပ်ကို သွားချင်စိတ် ပေါ်လာပြန်သည်။ ဒီည သွားမိလျှင် မနက်ဖြန် မနက် ကျောင်းတက်နိုင်တော့မည် မဟုတ်။ စာကြောင်း အသစ်တွေ ထွက်မလာသဖြင့် စာကြောင်း အဟောင်းတွေကို ပြန်ဖတ်နေမိသည်။ ဟိုတစ်ရက်က ဇာတ်သိမ်းခဲ့သည့် ဝတ္တု။ ဇာတ်လမ်းထဲက ကောင်မလေးက လည်ပင်းကို ကြိုးကွင်းစွပ်၍ သေသွားသည်ဟု ကျွန်တော် ရေးခဲ့သည်။ လည်ပင်းကို ကြိုးကွင်းစွပ်လိုက်လျှင် ဘယ်လိုများပါလိမ့်လို့ စဉ်းစားမိပြန်သည်။ ကြိုးပေးသတ်တယ် ဆိုတာလည်း အဲလိုပဲ နေမှာလို့ တွေးသည်။ ဘယ်လိုများ ခံစားရမလဲ ဟု စမ်းသပ်ချင်လာသည်။

မှေးခနဲ အိပ်ပျော်သွားမိသည်။ ကျွန်တော် မအိပ်တာ နှစ်ညလောက် ရှိပြီကို ကျွန်တော်က သတိမထားမိပေမယ့် ခန္ဓာကိုယ်ကတော့ အမှတ်ထားဟန်တူသည်။ အိပ်မက်ထဲမှာ ကောင်မလေးနှင့် တွေ့သည်။ ကျွန်တော်ရေးသော ဇာတ်လမ်းထဲက ကောင်မလေး မဟုတ်။ ကျွန်တော့်ချစ်သူ ကောင်မလေးလည်း မဟုတ်။ ကျွန်တော် သွားနေကျ အရပ်ဒေသက ကောင်မလေး ဖြစ်သည်။ မကောင်းဆိုးဝါး မျက်နှာနှင့် ရန်သူတော်များကို ကောင်မလေး တစ်ယောက်တည်း သူကိုင်နေကျ လှံတစ်ချောင်းနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“မြန်မြန်လာပါ…၊ ရှင်မရှိလို့ မဖြစ်ဘူး၊ ဒီအရပ်ကို စွန့်မသွားပါနဲ့…၊ ဒီမှာပဲ အပြီးနေလိုက်ပါတော့…”
ကောင်မလေး အသံရော၊ တစ်ခြားလူတွေ အသံရော ကျွန်တော် ကြားရသည်။ ဝေးဝေးက ပဲ့တင်သံတွေလိုလို..။ နီးလာသလိုလို..။ ဝေးသွားသလိုလို…။ ကောင်မလေးကို ရန်သူတော်တွေ ဖမ်းသွားမှာကို ကျွန်တော် အဖြစ်မခံနိုင်ပါ။
“ငါ ဘယ်လို လာရမလဲ၊ ငါ အဲဒီမှာ အပြီး နေချင်တယ် ဘယ်လို လုပ်ရမလဲ”
ကျွန်တော်က တီးတိုး ပြန်မေးမိသည်။
“အဲဒါဆို ဒီမှာ မင်း အပြီးနေရလိမ့်မယ်”
အသံတစ်ခုက ပြတ်ပြတ်သားသား ပြောသည်။

ကျွန်တော် အလွန်ကြိုက်၍ သုံးခါပြန် ကြည့်ခဲ့သော avatar ဇာတ်ကားကို သတိရသွားသည်။ ဇာတ်သိမ်းခန်းမှာ မင်းသားက အဲဒီ အရပ်ကို အပြီးထွက်သွားခဲ့သည်။ သူချစ်သော မိန်းကလေးနှင့် မျိုးတူလူသား ဖြစ်သွားသည်။ အပြင်ဘက်က စိတ်ပျက်အားလျော့ရခြင်းတွေ မသန်စွမ်းခြင်းတွေနဲ့ ကင်းဝေးရာ သန်မာ ဖျတ်လတ်သော၊ အင်အားရှိသော လူသား ဖြစ်သွားသည်။

ကျွန်တော် အိပ်ရာက ကြည်ကြည်လင်လင် နိုးလာသည်။ “မင်း အဲဒီကနေ ထွက်ခွာခဲ့…၊ မင်းရဲ့ရှင်သန်ခြင်းကို စွန့်ခဲ့…” အသံကို ပြန်ကြားရသည်။ ကောင်မလေးနဲ့ အမြဲတမ်း အတူရှိဖို့အတွက် ကျွန်တော် လက်ရှိဘဝကနေ ထွက်ခွာမှ ဖြစ်နိုင်မည်။ ကျွန်တော် အိပ်ရာက ထလာခဲ့သည်။ ဝတ္တုထဲက ကောင်မလေး၏ ထွက်ခွာခြင်းကို သတိရသွားသည်။

ကျွန်တော့်မျက်စိက နိုင်လွန်ကြိုးခွေကို တွေ့သည်။ အဝတ်လှန်းကြိုး လုပ်ဖို့ ရည်ရွယ်ချက်နှင့် အိမ်ကနေ ယူလာခဲ့ခြင်းဖြစ်သည်။ အုတ်နံရံတွင် အဝတ်ကြိုးတန်းလုပ်ဖို့ သံရိုက်ပြီးသားက အသင့်ရှိနေသည်။ ရှင်သန်ခြင်းကို စွန့်ဆိုသော စကားကို စမ်းသတ်ကြည့်ချင်လာသည်။ ခုနကတည်းက တွေးတောနေသော လည်ပင်းကို ကြိုးကွင်းစွပ်ခံရသည့် ခံစားချက်ကို လည်း ကိုယ်တိုင် ခံစားဖူးသွားမည်။ ဒါနဲ့.. ကြိုးကို အဲဒီလို အစ်သွားအောင် ဘယ်လို ချည်ရတာပါလိမ့်။ ကျွန်တော်ဖတ်ဖူးသည့် မှုခင်း စာအုပ်တွေထဲက ပန်းချီသရုပ်ဖော် ကြိုးကွင်းများကို မြင်ယောင်လာသည်။

ကျွန်တော့်လည်ပင်းကို နိုင်လွန်ကြိုးခွေ ခေါက်တုံ့ရစ်ပြီး စွပ်လိုက်သည်။ ထို့နောက် အုတ်နံရံမှ သံကို ချည်သည်။ ကြိုးကွင်းက လည်ပင်းကို အစ်မလာပါ။ “ဘယ်လိုပါလိမ့်” ဟု ကျွန်တော် ဦးနှောက်ခြောက်သွားသည်။ ထွက်ခွာခြင်း ဆိုတာကလည်း လွယ်ကူသော အရာတော့ မဟုတ်ဘူးပဲ။ ကျွန်တော် ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲက ကိုယ့်ကိုယ်ကို သတ်သေပုံကို သတိရသွားသည်။ ကုလားထိုင်ပေါ်တက်၊ ထုပ်တန်းမှာ ကြိုးချည်ပြီး နောက် ကုလားထိုင်ကို ခြေထောက်နဲ့ ကန်လိုက်တဲ့အခါ လည်ပင်းက ကြိုးကွင်းက တင်းသွားသည်။ အဲဒါဆိုရင် လျှာများ ထွက်နေမှာလား။ ကျွန်တော့်ကိုယ် ကျွန်တော် ရုပ်ပျက်ဆင်းပျက် ကြီးတော့ မစီရင်ချင်ပါ။ ကျွန်တော့်အခန်းမှာ ထုပ်တန်းလည်း မရှိ။ ထိုင်ခုံလည်း မရှိပါ။

ဒီစမ်းသပ်မှုက မဟန်သေးပါဘူးဟု ကျွန်တော် စဉ်းစားသည်။ ထွက်ခွာမှုတို့ ရှင်သန်မှုတို့ ဘာမှ စဉ်းစားမနေပါနဲ့။ ပြန်အိပ်တာပဲ ကောင်းမည် ဟုတွေးလိုက်သေးသည်။
“မင်းခြေထောက်ကို ကွေးလိုက်လေ၊ ရှင်သန်ခြင်းကို ရပ်တန့်စေချင်ရင်.. မင်းခြေထောက်ကို ကွေးလိုက်..”
အသံက ဘယ်က လာသည်မသိ။ ကျွန်တော်သွားနေကျ နေရာက လူမျိုးစု အကြီးအကဲ များလား..။ သူက ကျွန်တော့်ကို သူ့သမီးနဲ့ ပေးစားချင်နေသည်။ ကျွန်တော် ပြန်ပြန် သွားတာကို မလိုလား။ အဲဒီမှာပဲ ကျွန်တော့်ကို အမြဲ နေစေချင်သည်။

သူ့စကားအတိုင်း ကျွန်တော့် ခြေထောက်ကို ကွေးလိုက်သည်။ ကြိုးကွင်းက ကျွန်တော့်လည်ပင်းမှာ တင်းခနဲ ဖြစ်သွားသည်။

အဲဒီအရပ်မှာ ကောင်မလေးက လှံတံကိုဝံ့၍ တိုက်ခိုက်နေဆဲ…။ ကျွန်တော် ဝင်လာတော့ သူ အားတက်သွားသည်။ ကျွန်တော့်ကို ကြည့်၍ အပြုံးတစ်ချက်နှင့် နှုတ်ဆက်သည်။ အဲဒီအပြုံးကို အမြဲမြင်နေရလျှင် ကျွန်တော့်မှာ ဘာမှ နောင်တ ရစရာ မရှိ။ ကျွန်တော့် ဓါးကို မြှောက်လိုက်သည်။ ကျွန်တော်တို့ နှစ်ယောက် ကျောချင်းကပ်မိသည်။ ရန်သူတွေ အဝေးကို ရှဲသွားသည်။ သွေးညှီနံများကြားမှ ပန်းရနံမွှေးမွှေးကို ကျွန်တော် ရလိုက်သည်။ ရောင်နီကတော့ ထုံးစံအတိုင်း မလင်းတလင်း…။

သိင်္ဂါကျော်