31 July, 2009

နံရံ

ဘယ်တုန်းက စခဲ့မိမှန်းမသိတဲ့
နံရံတစ်ခုကို
မြင့်သထက်မြင့်အောင်
ငါဆောက်ခဲ့မိပေါ့၊
အပြင်ကလူတွေ
ငါ့ကို မမြင်နိုင်စေမယ့် ရည်ရွယ်ချက်နဲ့။

ငါ့ရဲ့နံရံက နိမ့်နေသေးရင်
မှီမယ့်သူရှိမယ်၊ ကျော်ဝင်မယ့်သူ ရှိမယ်၊
သူတို့အသံတွေ ငါကြားရမယ်၊
ဒါကြောင့်...
ငါ့နံရံကို ငါဆက်ဆောက်တယ်။
ကျောက်တုံးတွေပေါ်မှာ ဆေးရေးတယ်၊
ပြတင်းတွေကို ဆေးရောင်ခြယ်တယ်၊
အပြင်က မမြင်သာအောင်ပေါ့။
အပြင်ကလူတစ်ချို့
ဝမ်းနည်းစွာ ရပ်စောင့်ကြည့်ကြ
ငါထင်တာတော့
သူတို့ ငါ့ကို မနာလိုတာပဲ။

ငါ့နံရံကို
ပြီးပြည့်စုံအောင် ဆောက်ဖို့
ငါ့အချိန်တွေ အကုန်သုံးခဲ့တယ်။
ပြီးသွားတဲ့တစ်နေ့မှာတော့
ဘယ်သူ့ကိုမှ ငါမမြင်ရတော့။
အပြင်ကို ခေါ်ကြည့်လည်း
ဖြေသံက နတ္တိ။
မှောင်မည်းတဲ့ နံရံရဲ့ အတွင်းဘက်
ညစ်ညမ်းတဲ့လေထုထဲ
ငါထိုင်နေဆဲ
တိတ်ဆိတ် မှောင်ပိတ်တဲ့ အထီးကျန်ဆန်မှုနဲ့ပေါ့။

ငါ့မှတ်ဥာဏ်အရိပ်အောက် ထိုင်နေဆဲ
တစ်နေ့မှာ
ငါ့နံရံရဲ့ မပြည့်စုံမှုကို ငါတွေ့ခဲ့တယ်။

တစ်ဖက်ခြမ်းက
တစ်စုံတစ်ယောက်ကလည်း
ပြောနေတယ်...
မင်းရဲ့နံရံက အရုပ်ဆိုးတယ် တဲ့။
အဲဒီနေ့မှာပဲ
ငါ့ခြေထောက်ပေါ် ပန်းတစ်ပွင့်ကျလာပြီး
ငါလည်း စတင်ငိုကြွေးမိတယ်။
နံရံ ထိပ်ဆုံးရောက်အောင်
ငါတက်ကြည့်လည်း
အဲဟိုဘက်မှာ ဘယ်သူမှမရှိ။

ငါ့နံရံ ဘယ်လောက်မြင့်မြင့်
ချို့ယွင်းချက်နဲ့ မလှပမှုတွေပဲရှိတယ်၊
အရာတိုင်းက အလကားပဲ၊
ဘာမှ မကျန်ဘူး၊
ငါတစ်ယောက်တည်းပဲ အထီးကျန်ရတယ်။
ငါ့မျက်ရည် စီးကျရင်းငြီးတွားစဉ်
ထူးဆန်းစွာ တစ်စုံတစ်ခု တိုးဝင်လာရဲ့
ဘုရားသခင် ငါ့နံဘေး ရှိသလိုမျိုး
ငါ အထီးမကျန်တော့ပါ။

တစ်နေ့ပြီးတစ်နေ့
သူက ငါ့ကို သင်ပေးတယ်
ငါ့နံရံ ဘာလို့ အရုပ်ဆိုးရတဲ့ အကြောင်း။
ပထမဆုံး ဖယ်ပစ်စေခဲ့တာ
မနာလိုမှုဆိုတဲ့ ကျောက်တုံးပဲ။
ငါအင်တင်တင် ဖြစ်ပြီးမှ ဖယ်ပစ်ခဲ့ရ။
အဲဒီနောက် တစ်ခုပြီးတစ်ခု…။

ငါ့ဘဝ တစ်သက်တာ
စုဆောင်းခဲ့တဲ့
ကျောက်စိုင် အစုအဝေးတွေကျန်သေးရဲ့
အမှန်ပြောတတ်တာ...
ကလေးဆန်တာ...
ခေါင်းမာပြီး ဇွတ်တရွတ်နိုင်တာ...
ကျောက်တုံးပေါင်းများစွာ
အဆုံးမှာတော့
သူ့အကူအညီနဲ့
နံရံကနေ ဖယ်ပစ်ခဲ့ပေါ့။
ဒါနဲ့တောင်
နောက်ထပ်အများကြီး
ကျန်သေးရဲ့။
ငါ့ဘဝရဲ့ ဂုဏ်မောက်စရာတွေလေ။
ဒါတွေရဖို့
ငါ ကြိုးစားခဲ့ရ၊
ငါ မောပန်းခဲ့ရ။
ဘယ်လို လွယ်လွယ်
ဖယ်ရမလဲ။

ဘာပဲဖြစ်ဖြစ်
အပြင်က ကမ်းလက်တွေကိုကြိုဖို့
ငါ့နံရံကို ငါဖယ်ခဲ့တယ်။
တစ်နေ့မှာတော့
ဒီနံရံ ပြိုကျလိမ့်မယ်...။
ငါတို့လည်း
တစ်နေရာနဲ့ တစ်နေရာ
လွတ်လပ်စွာ လျှောက်လှမ်းနိုင်တော့မယ်။
အားလုံးဟာ
ဘုရားသခင်ရဲ့
မိသားစုဝင်တွေပါ။
...
(သိင်္ဂါကျော်)
The Wall ကို မှီငြမ်းပါသည်။
...

28 July, 2009

အော်မိတော့မလို့


၁၉၃၀ အစောပိုင်းလောက်ကပါ။ လယ်သမား တစ်ယောက်နဲ့ သူ့ရဲ့ ဇနီး ဟာ ပျော်ပွဲရွှင်ပွဲ တစ်ခုကို သွားခဲ့ပါတယ်။ လယ်သမားဟာ အပျော်စီး လေယာဉ်ပျံ ကို အရမ်းသဘောကျ ပြီး တစ်ခါစီးရင် ဘယ်လောက်လဲ လို့ လေယာဉ်မောင်းကို မေးပါတယ်။
လေယာဉ်မောင်းက ၃ မိနစ် အတွက် ၁၀ ဒေါ်လာပါ လို့ ပြန်ပြောပါတယ်။ အရမ်းကို များတာပဲ လို့ လယ်သမားက ပြန်ပြောတယ်။လေယာဉ်မောင်းက တစ်စက္ကန့်လောက် စဉ်းစားပြီး " ခင်ဗျားကို အခွင့်အရေး တစ်ခုပေးမယ်။ တကယ်လို့ ခင်ဗျား ရော ခင်ဗျား မိန်းမရော အသံတစ်ချက်မှ မထွက်ပဲ စီးနိုင်ခဲ့ရင် တစ်ပြားမှ ပေးစရာ မလိုဘူး။ မဟုတ်လို့ တစ်ခွန်းလောက် အော်မိရင်တော့ ၁၀ ဒေါ်လာ ပေးရမယ် " ပြောတယ်။
လယ်သမား နဲ့ သူ့ဇနီးက သဘောတူပြီး လေယာဉ် စီးခဲ့တယ်။
သူတို့ မြေပြင်ပေါ် ပြန်ဆင်းလာပြီးတဲ့ အခါမှာတော့ လေယာဉ်မောင်းက လယ်သမားကို ပြောတယ်။ "ခင်ဗျားကိုတော့ တကယ် ချီးကျူးပါတယ်၊ အသံကလေး တစ်စက်မှတောင် မထွက်ဘူးနော်... တကယ် သတ္တိရှိတာပဲ"
"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့် မိန်းမ ကျသွားတော့ အော်မိတော့မလို့ပဲ " လို့ လယ်သမားက ပြန်ပြောတယ်။"
(စာရေးရမှာ ပျင်းနေလို့... ဖတ်မိတဲ့ ဟာသတိုလေး တင်လိုက်တာပါ။)
...

24 July, 2009

မရှိတန်ဖိုး


လက်ဖြောင့်သလောက်
မြားတံကောက်က
ပစ်သမျှ
လုံးဝမအပ်စပ်
မသိတတ်။

လက်ရာကောင်းဦး
ဆောက်သွားတုံးက
ထုသမျှ
လုံးဝမလှ
ပုံမကြွ။

ဒီလိုပဲလေ
စာတွေဖတ်မှတ်
ဘယ်လောက်တတ်လည်း
စိတ်ဓာတ်တူးခြစ်
အတွေးညစ်က
ရေးသမျှစာ
လုပ်သမျှအလုပ်
ပြောသမျှစကား
အလကားချည်း
မရှိတန်ဖိုး
ကောင်းကျိုးမဖြစ်
လူမချစ်။

(မောင်မောင်ငြိမ်းအေး)

ကြိုက်လို့ ကူးထားတဲ့ ကဗျာလေးပါ။ ဘယ်မဂ္ဂဇင်းထဲက မှန်းတော့ မသိတော့ပါဘူး။

ပုံကို http://www.istockphoto.com မှယူထားပါတယ်။
...

21 July, 2009

စောင့်နေသောမိန်းကလေး


မိုးလွင် အတွက် သိတတ်စ အရွယ်မှစ၍ အတောင့်တဆုံး၊ အလိုချင်ဆုံး အရာမှာ ကိုယ်ပိုင်အိမ်တစ်လုံး ပင်ဖြစ်သည်။ သူတို့ သားအဖသည် အိမ်ခန်းငှား နေကြရာမှာ ကြာရှည် အဆင်မပြေသဖြင့် နေရာ အနှံ လျှောက်ပြောင်းခဲ့ရသည်။ သူ့အဖေသည် တတ်နိုင်သမျှလေးနှင့် နေရာတစ်ခု ငှား၍ရအောင် ဈေးအပေါဆုံး နေရာတစ်ခုကို အမြဲတစေ ရှာဖွေနေခဲ့ရသည်။ အိမ်ရှင်က ငှားခ တိုးတောင်းလျှင် မပေးနိုင်သဖြင့် နေရာခဲ့ရသည်ချည်း ဖြစ်သည်။ နေရာပြောင်းရဖန် များသောကြောင့် အဖေက တွန်းလှည်းလေးတစ်ခု လုပ်ထားပြီး ထိုတွန်းလှည်းပေါ်တွင် သူတို့ သားအဖပိုင် ပစ္စည်းအနည်းအကျဉ်းကို တင်ကာ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကြရသည်။ ထို အခိုက်အတန့် အချိန်များကို သူ အမုန်းဆုံးပင်ဖြစ်သည်။

အဖေက ဘယ်လောက်ပင် ဆင်းရဲ ကျပ်တည်း နေသော်လည်း ရောက်လေရာ အရပ်မှာ သူ့ကိုကျောင်းတော့ ထားခဲ့သည်။ မိုးလွင်ကလည်း တစ်နှစ် တစ်တန်းတော့ အောင်အောင် ဖြေခဲ့သည်။ သို့သော် တစ်နှစ် တစ်ကျောင်း လောက်နီးနီး ပြောင်းနေရသည်ကိုတော့ သူမကြိုက်ပါ။ ရှိနှင့်ပြီးသော အတန်းကြီး ကလေးများက သူ့ကို အနိုင်ကျင့်ကြသည်။ သူငယ်ချင်း ရှိလာပြန်တော့လည်း ရင်းနှီးမှု ပိုလာချိန်မှာ ခွဲခွာရပြန်သည်။ နောက်ပိုင်းမှာ သူငယ်ချင်းရယ်လို့လည်း သူမထားတော့။ အတန်းကြီးလာတော့ သူ့လို အဆင့်အတန်းမျိုးကို အဖက်မလုပ်ချင်သူတွေ ကလည်း များလာသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုနဲ့ပဲ သူ ဆယ်တန်းအောင်ခဲ့သည်။ သူ ဆယ်တန်းအောင်သည့် နှစ်မှာပင် အဖေ ဆုံးသွားသည်။ သူ့အမေကတော့ သူ့ကို မွေးပြီးစဉ်ကပင် ဆုံးပါးခဲ့ခြင်း ဖြစ်သည်။

အဖေက မိုးလွင်ကို သူ့လို ဖြစ်မှာ စိုးရိမ်သည်။ သူ့လို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင် မပြုဖို့၊ အလုပ်ကြိုးစားဖို့၊ ကိုယ်ပိုင် အိမ်တစ်လုံး ဝယ်နိုင်အောင် ကြိုးစားဖို့ မှာခဲ့ရှာသည်။ အဖေ့ခမျာ သေသွားသည့် အချိန်အထိ သူနေချင်သော ကိုယ်ပိုင်အိမ်နှင့် နေမသွားရရှာပေ။ အဖေ ဆုံးပြီးနောက် မိုးလွင်လည်း ကျောင်းဆက်မတက်တော့ပါ။ သမာအာဇီဝ အလုပ်မျိုးစုံကို လုပ်ပြီး တတ်နိုင်သမျှ ကြိုးစားရှာဖွေကာ စုဆောင်းခဲ့ပါသည်။ လူငယ်သဘာဝ အပျော်အပါးနှင့် အချိန်မဖြုန်းပဲ အချိန်ရှိသမျှ ငွေရနိုင်မည့် အလုပ်ကိုသာ ရှာကြံ လုပ်ကိုင် ခဲ့ပါသည်။ မသေရုံတမယ် ခြိုးခြံ ချွေတာ စားသုံးကာ စစ်စစ်စီစီ သုံးစွဲ နေထိုင်ခဲ့သည်။

***

အချိန်ကာလ များစွာ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးမှာတော့ မိုးလွင် တစ်ယောက် ကိုယ်ပိုင်အိမ် တစ်လုံးဝယ်နိုင်ခဲ့ပါပြီ။ ထိုအိမ်မှာ မိုးလွင်၏ အခြေအနေနှင့် စာလျှင် အတော်ပင် ကောင်းနေပါသည်။ နှစ်ထပ်တိုက်ကလေး ဖြစ်ပြီး အတော်ပင် သစ်လွင်နေပါသေးသည်။ လူချမ်းသာ ရပ်ကွက်၏ အစွန်ဆုံး နားကျပြီး အနီးအနားရှိ အိမ်များနှင့် အနည်းငယ် အလှမ်းဝေးသည်။ ပွဲစား တစ်ယောက် ကြားခံနှင့် ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး ယခင်က ဘယ်သူတွေ နေခဲ့မှန်း သူမသိပါ။ ဈေးနှုန်းမှာ မတန်တဆ နည်းနေပြီး မိုးလွင် အနေနှင့် အချို အချောင် ရလိုက်ခြင်းဟုပင် ပြောရမည် ဖြစ်ပါသည်။ ထိုမျှလောက် ငွေကို ရဖို့ပင် သူ့မှာ မနည်းကြီး ကြိုးစား စုဆောင်းခဲ့ရခြင်း ဖြစ်ပါသည်။

အခုတော့ သူဆင်းရဲ ပင်ပန်းခဲ့ရသည့် အချိန်များ အဆုံးသတ်သွားပြီ ဖြစ်ပါသည်။ ခန့်ညားသော တိုက်တစ်လုံးကို သူပိုင်ဆိုင်ခဲ့ပါပြီ။ သူ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော အိမ်ကို ရရှိခဲ့သည့် အချိန်တွင် သူ့အဖေကတော့ သူ့အနားမှာ မရှိနိုင်တော့ပါ။ ထိုအိမ်ကို သူတစ်ယောက်တည်းသာ ပြောင်းလာခဲ့ရသည်။ သူ့မှာ ပစ္စည်း များများစားစားလည်း မရှိသဖြင့် နေရာချထားခြင်း ကိစ္စမှာလည်း ခဏနှင့်ပင် ပြီးသွားပါသည်။ အိမ်ထဲကို လျှောက်ကြည့်ရင် သူ ကျေနပ်နေပါသည်။ ဤအိမ်သည် သူ တစ်ယောက်တည်း ပိုင်သော အိမ် ဖြစ်သွားပါပြီ။ သူ့အဖေကို ခေါ်ပြီး ပြလိုက်ချင်ပါသည်။ သူက အိမ်ကို ကြည့်ပြီး ပျော်ရွှင်နေသော်လည်း အိမ်အတွင်းတွင် နွေးထွေးမှုကို မခံစားရပဲ အေးစိမ့်စိမ့် ခံစားမှုမျိုး ဖြစ်နေပါသည်။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသလို ခံစားရသည်။

နေ့ခင်းဘက်တွင် သူ့ချစ်သူ လာသည်။ သူတို့နှစ်ယောက် မေတ္တာရှိနေကြသည်မှာ ကြာပြီ ဖြစ်သော်လည်း အခြေအနေ မပေးသဖြင့် ခပ်ဝေးဝေး နေနေကြရဆဲ ဖြစ်ပါသည်။ ယခုတော့ သူ အိမ် တစ်လုံးဝယ်နိုင်ပြီ။ သူတို့နှစ်ယောက် အတူနေဖို့ အရေးမှာလည်း နီးလာပြီဟု ထင်ရပါသည်။ သူမကလည်း သူမ၏ မိသားစုကို လုပ်ကျွေးနေရသူ ဖြစ်သည်။ မောင်နှမများသော သူမ၏ အိမ်မှာ သူ့အနေနှင့် လိုက်နေဖို့ မဖြစ်နိုင်ခဲ့ပါ။ ယခုတော့ အဆင်ပြေပါတော့မည်။ သူမကလည်း သူ့အိမ်ကို သဘောကျပါသည်။ သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ် စားသောက်ပြီး ညနေစောင်းတော့မှ သူမ ပြန်သွားခဲ့သည်။

***

ထိုနေ့ ညပိုင်းတွင် သူ တစ်ယောက်တည်း ဧည့်ခန်း၌ရှိသော တစ်လုံးထဲရှိသော တစ်လုံးတည်းသော နှစ်ယောက်ထိုင်ဆိုဖာတွင် ထိုင်၍ အေးအေးလူလူ တီဗွီ ကြည့်နေခဲ့ပါသည်။ နိုင်ငံတကာ သတင်းကြည့်နေရာမှ သတင်းကြေငြာသူသည် ရုတ်တရက် သူ့ကို လက်ညှိုးညွှန်ကာ “ဒီအိမ်က ခုချက်ချင်း ထွက်သွား” ဟုပြောလာပါတော့သည်။ သူ အံသြတုန်လှုပ်သွားပြီး ဘာသတင်းကို ကြေငြာနေပါလိမ့် ဟု အသေအချာ ပြန်ကြည့်မိသည်။ နောက်ခံ သတင်းရုပ်ပုံလည်း မရှိပါ။ သတင်းကြေငြာသူသည် သူ့ကို လက်ညှိုးထိုး၍ ပြောနေခြင်း ဖြစ်သည်။ ထိုသူက “ ဒီအိမ်မှာ မင်းကို နေခွင့်မပြုနိုင်ဘူး၊ ထွက်သွားပါ၊ အခုထွက်သွားပါ ” ဟုပြောသည်။ သူက ကြောင်ကြည့်နေဆဲ။ တီဗွီထဲမှ ထိုလူ၏ ကိုယ်တစ်ပိုင်း ထွက်လာပြီး လက်အရှည်ကြီး ဆန့်တန်းကာ သူ့ကို လည်ပင်းညှစ်တော့သည်။ သူ အတင်း ရုန်းကန်ကာ ခုံမှ ထပြီး ထွက်ပြေးရသည်။ ထိုလူလည်း ပျောက်သွားသည်။ သူ တီဗွီ ကြည့်ရင်း အိပ်ပျော်ကာ အိပ်မက်မက်ခြင်း ဖြစ်မည်ဟု ထင်မိသည်။

ဆိုဖာထိုင်ခုံမှာ သူပြန်ထိုင်လိုက်သည်။ ခဏကြာတော့ ထိုင်ခုံက သူ့အလိုလို ဒေါင်လိုက်စောင်းသွားပြီး သူလိမ့်ကျသွားသည်။ ဆိုဖာထိုင်ခုံက ဒေါင်လိုက်ရွေ့နေသည်။ မီးဖိုခန်းမှ ပစ္စည်းများက လေထဲတွင် ဝဲပျံကာ ဧည့်ခန်းသို့ ရောက်လာကြသည်။ သူ ကြောက်ရွံ၍ နံရံထောင့်တွင် ကပ်နေမိသည်။ ဆိုဖာထိုင်ခုံက ရွေ့လာပြီး သူ့ အပေါ်သို့ လာဖိသည်။ ဆိုဖာဆီမှ လာသည်ဟု ထင်ရသော အသံတစ်သံကို ကြားရသည်။ “ မသွားသေးဘူးလား၊ ထွက်မသွားသေးဘူးလား ” ဟူသော ဆိုဖာက ပြောသော အသံကို သူကြားရသည်။ “ မင်း အသက်နဲ့ ခန္ဓာမြဲချင်ရင် ဒီအိမ်က မြန်မြန် ထွက်သွား ” ဟူသော အသံကို ကြားရပြီး သားလှီးဓား တစ်ချောင်းက သူ့နားရွက်ဘေးသို့ လာစိုက်သည်။ သူ ပတ်ပြေးသည်။ သားလှီးဓားက သူထွက်သွားသော တံခါးဘောင်တွင် စိုက်လျက် ကျန်ခဲ့သည်။

သူတစ်ချိုးတည်း ပြေးလာခဲ့ရာ ရဲဌာနသို့ ရောက်သွားသည်။ သူ့အိမ်တွင် တစ်ယောက်ယောက်က သူ့ကို သတ်ဖို့ ကြံစည်နေသည့် အကြောင်း ပြောကာ ရဲများကို သူ့အိမ်သို့ မရမက ခေါ်လာခဲ့သည်။ အိမ်တံခါးကို ဖွင့်ဝင်လိုက်တော့ ဗြောင်းဆန်နေသော ဧည့်ခန်းကို တွေ့ရသည်။ ဆိုဖာထိုင်ခုံက ဒေါင်လိုက်ဖြစ်နေသည်။ သားလှီးဓားက တံခါးဘောင်တွင် စိုက်နေသည်။ ဘာတစ်ခုမှတော့ မလှုပ်ရှား မပျံဝဲတော့။ သူက စောစောက ဖြစ်ရပ်ကို လိုက်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ပြောတော့ သူတို့က မယုံကြည်နိုင်ပုံနှင့် သူသာလျှင် မူးပြီး ကြောင်ကာ ထင်ရာမြင်ရာ ပြောနေသည်ဟု စွပ်စွဲကာ သူတို့ အချိန်ကို ဖြုန်းသဖြင့် မကျေနပ်ကြပုံနှင့် ပြန်သွားကြသည်။ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ထွက်သွားသည်နှင့် တပြိုင်နက် သားလှီးဓားနှင့် ဆိုဖာထိုင်ခုံက လှုပ်လာသည်ကို တွေ့ရသောကြောင့် သူ အလျင်အမြန်ပင် အပြင်ထွက်၍ တံခါးကို ပြန်ပိတ်လိုက်ရသည်။

ထိုညက သူသည် မိုးအလင်းရောင်းသော စားသောက်ဆိုင်ကလေးထဲမှာပင် ငုတ်တုတ်ငိုက်ခဲ့ရသည်။ မနက်မိုးလင်းတော့ သူ့အိမ်သို့ မပြန်မဖြစ် ပြန်ခဲ့ရသည်။ ညက သောင်းကျန်းခဲ့သော အိမ် မဟုတ်သကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။ သူညက ကြောက်စိတ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်ဟု ယူဆရအောင်လည်း ဧည့်ခန်းထဲမှ ပစ္စည်းများက သက်သေပြနေသည်။

အလုပ်ကို ရောက်တော့လည်း သူ့အပေါင်းအသင်းများကို ပြောမပြရဲပါ။ သူ့ကို ကြောင်သွားပြီဟု ထင်ကြလိမ့်မည်။ သို့ပေမယ့်လည်း ညရောက်မှာကို သူကြောက်နေသည်။ ထိုအိမ်ထဲမှာ ညကျလျှင် သူ တစ်ယောက်တည်း မနေရဲတော့။ သူ့သူငယ်ချင်းများကို အတူလာအိပ်ပေးရန် ခေါ်ထားသော်လည်း အကြောင်းအမျိုးမျိုးနှင့် ပြန်သွားကြသောကြောင့် နောက်ဆုံးမှာ သူ တစ်ယောက်တည်းသာ ကျန်သည်။ ဆိုဖာပေါ်တွင် မထိုင်ရဲတော့ပဲ ကြမ်းပေါ်တွင်သာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမျက်စိကို မှိတ်ကာစသာ ရှိသေးသည်။ လှေကားပေါ်မှ ဆင်းလာသော ခြေသံကို ကြားလိုက်ရသည်။ သူကလည်း မနေနိုင်ပဲ မျက်စိကို ဖွင့်ကြည့်မိသည်။ လှေကားပေါ်မှ ဆင်းလာသည်မှာ ခြေကျင်းဝတ် အထက်မှ ပြတ်နေသော ခြေထောက်ပြတ် နှစ်ဖက် ဖြစ်နေသည်။ သူ မျက်စိကို ဇွတ်ပြန်မှိတ် လိုက်သေးသော်လည်း ခြေသံက သူ့အနီးသို့ ရောက်လာသောအခါ သူမနေနိုင်တော့ပါ။ မျက်စိကို ဖွင့်ကြည့်တော့ ခြေထောက်နှစ်ဖက်က သူ့အနီးသို့ ရောက်နေလေပြီ။ သူ ထပြေးရပြန်သည်။ ပြေးရင်းနှင့်ပင် သူ့ခြေထောက်နှစ်ဖက်က လက်များ ဖြစ်သွားပြီး သူ့လက်များမှာ ခြေထောက်ဖြစ်သွားသည်ဟု ထင်လိုက်သည်။ ပြေးရင်းလွှားရင်းနှင့် နောက်ဆုံးတော့ အိမ်ပြင်အထိ ရောက်သွားရသည်ပဲ ဖြစ်သည်။

***

နောက်ည မှာတော့ သူ လုံးဝ အိမ်ထဲမှာ အိပ်ဖို့ မကြိုးစားတော့ပါ။ ညလုံးပေါက် ဖွင့်သော လမ်းဘေးဆိုင်ကလေး တစ်ဆိုင်ထဲမှာ အချိန်ဖြုန်းရန် ကြိုးစားနေစဉ် လူကြီး တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ သူက သူ့အိမ်အကြောင်းကို ပြောပြမိသည်။ ထိုလူကြီးက သူ့အဖြစ်အပျက်မှာ မထူးဆန်းဟု ဆိုသည်။ ဝိညာဉ် ဆိုသည်မှာ နှစ်မျိုးရှိကြောင်း၊ တစ်နေရာထဲတွင် စွဲမြဲနေသော ဝိညာဉ် နှင့် လွင့်မျောနေသော ဝိညာဉ် ဟူ၍ နှစ်မျိုး ရှိကြောင်း သူက ပြောသည်။ သူ့အိမ်မှ အနှောက်အယှက်မှာ သူ့အိမ်ကို စွဲနေသော မကျွတ်မလွတ်သေးသည့် ဝိညာဉ် တစ်စုံတစ်ရာ ကြောင့် ဖြစ်လိမ့်မည် ဟု ထိုလူကြီးက ပြောသည်။

ထိုလူကြီး၏ အမည်မှာ ဦးဘမင်းမောင် ဖြစ်သည်။ သူတို့ စကားပြောနေစဉ်မှာပင် လူကြီး တစ်ယောက် ဆိုင်ထဲ ဝင်လာသည်။ ဦးဘမင်းမောင် က သူတို့ စားပွဲသို့ ဖိတ်ခေါ်သည်။ စားပွဲထိုး ကမူ လာရောက် မေးမြန်းခြင်းမရှိ။ ဦးဘမင်းမောင် က စားပွဲထိုးကို ခေါ်ကာ ထိုလူကြီး အတွက် မှာပေးသည်။ တစ်ဖန်ခွက် ကုန်အောင် သောက်ပြီးနောက် ထိုလူကြီး ထပြန်သွားသည်။ ဘယ်သူ့ကိုမှ ဘာတစ်ခွန်းမှ မပြော။ ထိုလူ ပြန်သွားတော့မှ ဦးဘမင်းမောင် က ထိုလူသည် လွန်ခဲ့သော တစ်နှစ်ခန့်ကပင် သေဆုံးပြီးသူ တစ်ယောက်ဖြစ်သည် ဟုဆိုသည်။ ဦးဘမင်းမောင် တစ်ယောက် မူးပြီး ပြောချင်ရာ ပြောနေသည်ပင် သူက သဘောထားလိုက်သည်။

နှစ်ယောက်သား ဆက်သောက်ကြသည်။ သောက်နေကြ မဟုတ်သော သူ့မှာ နည်းနည်း လောက်နှင့်ပင် မူးနေပြီ။ နောက်တော့ သူ့ကို ဦးဘမင်းမောင်က အိမ်လိုက်ပို့ပေးသည်။ သူက သူ့အိမ်မှာပဲ အိပ်ရန် ပြောသည်ကို ထိုလူကြီးကလည်း လက်ခံသည်ဟု ထင်လိုက်သည်။ အမှန်တကယ်မှာတော့ အမူးလွန်၍ အိပ်ပျော်သွားသော သူ့ကို ထားခဲ့ပြီး ဦးဘမင်းမောင်က အိမ်ပြန်သွားခဲ့သည်။

ထိုညမှာတော့ သူ အိမ်အပြင်ကို ထွက်မပြေးရတော့ပါ။ သို့ပေမယ့် အိပ်မက်ထဲမှာတော့ ပြေးလွှားခဲ့ရပါသေးသည်။ သူ ငယ်ငယ်ကတည်းက ကြောက်ခဲ့ရသော ကြက်ဖဝဝကြီးများ လိုက်သဖြင့် ပြေးရခြင်းဖြစ်သည်။ နောက်ဆုံးမှာ အိမ်ခေါင်မိုးပေါ်သို့ သူ တက်ပြေးခဲ့ရသည်။ ထိုအချိန်မှာ မိုးကလည်း ရွာနေသေးသည်။ ကြက်ဖကြီးများကလည်း သူ့အနီးသို့ ဝိုင်းလာကာ သူနှင့် နီးလေပြီ။ လေပြင်းများတိုက်၍ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများကိုလည်း ကြားရသည်။ ကြက်ဖကြီးများ ရှေ့တိုးလာသောကြောင့် သူ့မှာ ပြေးစရာမြေ မရှိဖြစ်ပြီး အိမ်ခေါင်မိုး ပေါ်မှ ခုန်ချရန် စဉ်းစားမိသည်။ သူ ခုန်ချကာနီးမှာပင် မိုးကြိုးက သူ့ကို ပစ်ချလိုက်သည် ဟုထင်လိုက်ပြီး သူ့အနီးမှာ လင်းလက်သွားသည်။ ထို့နောက် သူ ဘာမှ မသိတော့။

သူအိပ်ရာမှ နိုးလာသောအခါ ဆေးရုံရောက်နေသည်ကို တွေ့ရသည်။ သူ့ချစ်သူ ချိုရည်လည်း ရောက်နေသည်။ သူတို့ ပြောကြသည်က သူသည် အိပ်ပျော်ရင်း လမ်းလျှောက် ၍ ခေါင်မိုးပေါ်မှ ခုန်ချခဲ့သည်ဟု ဆိုသည်။ သူ့ကိုယ်သူ ရူးသွားပြီ ဟုပင် ထင်မိသည်။ ဦးဘမင်းမောင်လည်း ဘယ်ကကြားသည် မသိပဲ ရောက်လာသည်။ ထိုလူကြီးကိုတော့ သူ့အိပ်မက်ကို အမှန်အတိုင်း ပြောပြမိသည်။ ဦးဘမင်းမောင်က သူ့အတွင်းစိတ်မှ ကြောက်နေ၍ ဖြစ်ကြောင်း၊ အကြောက်လွန်နေခြင်းသည် မကောင်းကြောင်း၊ သူ့အိမ်မှ ပရလောကသားသည် သူကြောက်မှန်းသိ၍ ခြောက်နေခြင်း ဖြစ်ကြောင်း ပြောသည်။ ထိုအိမ်၏ နောက်ကြောင်း ရာဇဝင်ကိုလည်း စုံစမ်းကြည့်သင့်ကြောင်း ပြောလေသည်။

ဆေးရုံမှာ အိပ်ရသော ငါးညတာကာလသည် သူ့အတွက် (ထိုအိမ်သို့ ပြောင်းပြီးနောက်) အိပ်ရေးအဝဆုံး ဖြစ်သည်။ ဆေးရုံမှာ ဆက်နေလို့ မရတော့သည့် အချိန်မှာတော့ သူ့အိမ်ကို ပြန်ခဲ့ရသည်။ ချိုရည်က သူ့ကို လိုက်ပို့သည်။ နေ့ခင်းကြီး ဖြစ်သဖြင့်လည်း ဘာမှ ကြောက်စရာ မရှိပါ။ ချိုရည် ပြန်သွားတော့ သူ အိမ်ထဲမှာ သောင်းကျန်းပစ်လိုက်သည်။ ဆိုဖာကို ခြေထောက်နှင့် ကန်သည်။ နံရံကို ကန်သည်။ အိမ်ထဲမှ တစ္ဆေကို စိန်ခေါ်သည်။ မကြောက်ဘူး၊ မကြောက်ဘူး ဆိုသည့် အကြောင်း သူ့ကိုယ်သူပါ ယုံကြည်လာအောင် အော်ပြောသည်။

ထိုနေ့တွင် သူ့အိမ်မှ တစ္ဆေမကို သူ စတင်၍ တွေ့ရသည်။ ပထမတော့ သူက မသိပါ။ မိန်းကလေး တစ်ယောက် ဟုသာ ထင်သည်။ သူ့အိပ်ခန်းထဲမှာ အိပ်ရာ ပြင်ထားပြီး အခန်းထဲမှာပဲ အိပ်တော့မည် ဟု သူစိတ်ကူးထားသည်။ သူ့အခန်းထောင့်တွင် ထိုမိန်းကလေးကို တွေ့လိုက်ရခြင်းဖြစ်သည်။ ပထမတော့ သူက အနီးအနားမှ ဧည့်သည်တစ်ယောက်ယောက်လား ဟုပင် ထင်လိုက်သေးသည်။ နောက်တော့ မဖြစ်နိုင်မှန်း သိလိုက်ပါသည်။ သူက စကားပြောဖို့ ကြိုးစားတော့ မိန်းကလေးက သူမကို သူ မြင်နေသည်ကို အံသြသွားသည်။ သူမက သူ့ကို ဤအိမ်မှ ထွက်သွားဖို့ပြောသည်။ သူက သူဝယ်ထားသောအိမ် ဖြစ်သောကြောင့် ဖယ်မပေးနိုင်ကြောင်း၊ သူမကို သူ့အိပ်ခန်းထဲမှ ထွက်သွားဖို့ ပြောလိုက်သည်။

ဤအိမ်တွင် ခြောက်လှန့်နေသော ဝိညာဉ်သည် သူမပင် ဖြစ်သည်မှာ သေချာသည်။ ကြောက်လန့်စရာ ပုံသဏ္ဌန် မပြလျှင်တော့ သူက မကြောက်ပါ။ နောက်နေ့တွေ သူမနှင့် ထပ်တွေ့လျှင် ကောင်းကောင်း ဆွေးနွေးရမည်။ ဤအိမ်ပေါ်မှ ကြောက်လန့်၍ ထွက်ပြေးရသည့် အဖြစ်မျိုး နောက်ထပ် မဖြစ်စေရ ဟု ဆုံးဖြတ်ထားသည်။

ထို့နောက်ပိုင်းမှာ သူမကလည်းသူ့ကို အရင်လို ကြမ်းကြမ်းတမ်းတမ်း မခြောက်လှန့်တော့ပါ။ အိမ်ထဲမှာတော့ သူမကို လူပုံသဏ္ဌန် အတိုင်း တွေ့နေရသည်။ သူမနှင့် စကားပြောဖြစ်ကြသည်။ သူမ အကြောင်းကို သိလာရတော့လည်း ဤအိမ်မှ ထွက်မသွားနိုင်ဖြစ်နေသည့် အကြောင်းကို နားလည်လာသည်။ သူကလည်း သူ့အကြောင်းကို ပြန်ပြောပြလိုက်သည်။ သူမက သူ့ကို အိမ်မှ ထွက်သွားဖို့ နောက်ထပ် မပြောတော့ပါ။

***

သူမ နာမည်မှာ ဖြူလဲ့ကြည် ဖြစ်ပြီး ဤအိမ်မှာ သူမတို့ အတွက် သူမ၏ မိဘများမှ လက်ဖွဲ့ခဲ့သော တိုက်အသစ်ဖြစ်သည်။သူမ၏ ခင်ပွန်း ဒေါက်တာ ဆန်းသစ်နှင့် လက်ထပ်ပြီးနောက် ဤအိမ်တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ တစ်နေ့တွင် ခရီးသွား အဖွဲ့ကားနှင့် အထက်ပိုင်းသို့ ဟန်နီးမွန်း ထွက်ခဲ့ကြသည်။ သူတို့ လက်ထပ်ပြီးပြီးချင်းမှာ ဒေါက်တာဆန်းသစ်က ခွင့်မရသဖြင့် ဘယ်မှ မသွားဖြစ်ခဲ့ပဲ ခြောက်လခန့်ကြာပြီး ယခုမှ သွားဖြစ်ကြခြင်းဖြစ်သည်။ ထိုခရီးစဉ်တွင် သူတို့ အလွန် ပျော်ရွှင်ခဲ့ကြသည်။ အပြန်ခရီး ကြမှသာ ကြမ္မာဆိုးနှင့် တိုးခဲ့ကြခြင်း ဖြစ်သည်။

ဘုရားဖူး အိတ်စ်ပရက်စ် ကားသည် စက်ချို့ယွင်း၍ မီးလောင် ပေါက်ကွဲခဲ့သည်။ ညလယ်ကောင် ဖြစ်သဖြင့် ခရီးသည် အားလုံး အိပ်မောကျလျက် ရှိရာ မီး အရှိန်ကြောင့် နိုးလာကြသော အခါတွင် အားလုံးမှာ မီးထဲတွင် ပိတ်မိနေခဲ့ပြီ ဖြစ်ပါသည်။ ဖြူသင်းကြည် ၏ ဝိညာဉ်သည် သူတို့ လင်မယား နေထိုင်ခဲ့သည့် အိမ်သို့ ရောက်သွားပြီး စွဲလမ်း တွယ်ငြိနေခဲ့သည်။ သူမသည် ဒေါက်တာဆန်းသစ်ကို ထိုအိမ်မှ စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ လုပ်ပိုင်ခွင့်များသည် ဤအိမ် အတွင်း၌သာ ရှိသည်။ အခြားနေရာများသို့ လျှောက်သွားခွင့် မရှိပါ။ သို့ဖြစ်၍ သူမ၏ ယောက်ျားကို လိုက်လံ ရှာဖွေနိုင်ခြင်း မရှိပဲ ဤအိမ် အတွင်းမှ စောင့်မျှော်နေရခြင်း ဖြစ်သည်။

မိုးလွင်သည် သူမကို ကူညီရန် ဆုံးဖြတ်လိုက်သည်။ သူက သူမ အကြောင်း သူ့မိတ်ဆွေ ဦးဘမင်းမောင်ကို ပြောပြလိုက်သည်။ ဦးဘမင်းမောင်က အကယ်၍ ကားမီးလောင်စဉ်က ဒေါက်တာဆန်းသစ် ပါ ကွယ်လွန်ခဲ့ပြီ ဆိုပါက သူ့ဝိညာဉ် မည်သည့်နေရာ ရောက်နေသည်ကို စုံစမ်းပေးမည် ဟုဆိုသည်။ ဦးဘမင်းမောင်က သူ့နည်းသူ့ဟန်ဖြင့် အာရုံခံကြည့်ရာတွင် ဤမြို့ထဲ၌ ဒေါက်တာဆန်းသစ်၏ ဝိညာဉ် မရှိဟု သိရသည်။ မိုးလွင်လည်း ကားမီးလောင် ပေါက်ကွဲစဉ်က သေဆုံးသူ စာရင်းကို ရှာဖွေစုံစမ်း ရာတွင် ဒေါက်တာဆန်းသစ်၏ အမည်ကို မတွေ့ရပါ။ ဒေါက်တာဆန်းသစ် မသေလျှင် ဘာကြောင့် ဟိုအိမ်မှာ ပြန်လာမနေသလဲ။ ကားမီးလောင်မှု ဖြစ်ခဲ့သည်မှာ ယခု အချိန်ဆိုလျှင် (၈) လပင် ရှိခဲ့ပြီ ဖြစ်ပါသည်။ မိုးလွင်ကို ဤအိမ် ရောင်းခဲ့သူမှာ သူတို့ မိဘများပင် ဖြစ်ပြီး သူ့ကို မရောင်းခင် အိမ်ငှားများပင် တင်ခဲ့ဖူးပြီး ထိုအိမ်ငှားများမှာ တစ်ညကူးအောင်ပင် မနေနိုင်ခဲ့ပဲ ပြောင်းပြေးခဲ့ကြသည်ကိုလည်း သိလာရသည်။

နောက်ဆုံးမှာတော့ မိုးလွင်၏ အဆင့်ဆင့် စုံစမ်းမှုကြောင့် ဒေါက်တာဆန်းသစ် ဆိုသူမှာ ပုဂ္ဂလိက ဆေးရုံ တစ်ရုံတွင် တက်ရောက်လျက် ရှိကြောင်း သိရတော့သည်။ ဒေါက်တာဆန်းသစ် သည် ကားမီးလောင်စဉ်က မသေဆုံးခဲ့သော်လည်း ဦးနှောက် ထိခိုက်၍ သတိလစ်မေ့မျော နေသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ ထိုအကြောင်းကို အားလုံးကို ပြောပြလိုက်ပါသည်။ မိုးလွင်၏ ချစ်သူ ချိုရည်သည်လည်း ဖြူသင်းကြည်နှင့် ပတ်သက်သမျှ အားလုံးကို သိရှိပြီး ဖြစ်ပါသည်။ သူမ၏ ခင်ပွန်းအကြောင်းကို သိရသောအခါ ဖြူသင်းကြည်က ဆေးရုံသို့ သွားကြည့်ချင်သည်ဟု ဆိုလာပါသည်။

သို့သော်လည်း ဝိညာဉ် ပုံရိပ်သက်သက် အနေဖြင့် သူမသည် ဤအိမ်မှ ထွက်ခွာမသွားနိုင်ပါ။ ဦးဘမင်းမောင်၏ အကြံပေးချက်အတိုင်း တစ်ဦးတစ်ယောက်၏ ကိုယ်အတွင်း ပူးဝင်သွားမှသာ ဖြစ်လိမ့်မည်။ လူတစ်ဦး တစ်ယောက်၏ ကိုယ်အတွင်းသို့ ဝိညာဉ်တစ်ခု အနေနှင့် ဘယ်လို ပူးဝင်ရမှန်း ဖြူသင်းကြည် မသိပါ။ ပထမဦးစွာ ချိုရည်၏ ကိုယ်အတွင်းသို့ ပူးဝင်ရန် ကြိုးစားသော်လည်း လုံးဝ မရပဲ ဖြစ်နေသည်။ ဦးဘမင်းမောင်၏ အပြောအရ ချိုရည်မှာ စိတ်ဓါတ် ခိုင်မာသူဖြစ်ပြီး ဘုရားတရား ကိုင်းရှိုင်းသူ ဖြစ်ခြင်း၊ ကုသိုလ်ကံ မြင့်နေချိန် ဖြစ်ခြင်း တို့ကြောင့် မကောင်းဆိုးဝါး ဝိညာဉ် ပူးကပ်ရန် မဖြစ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဦးဘမင်းမောင် ကိုယ်ထဲသို့ ပူးကပ်ဝင်ရောက်ရန် ကြိုးစားသော အခါမှာတော့ အောင်မြင်သွားလေတော့သည်။

သို့နှင့် သူတို့ သုံးယောက်သည် ညကြီးမင်းကြီး အချိန်မှာ ဒေါက်တာဆန်းသစ်ရှိရာ ဆေးရုံသို့ သွားကြသည်။ ဆေးရုံ အစောင့်များ မသိအောင် ခိုးချောင်ခိုးဝှက် ဝင်ကြရခြင်း ဖြစ်သည်။ ဒေါက်တာဆန်းသစ် ၏ အခြေအနေသည် လုံးဝ ပြန်ကောင်းရန် မဖြစ်နိုင်တော့ပါ။ သူ့အသက်ဝိညာဉ် မြဲနေခြင်းမှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခြင်း ကြောင့်ပင် ဖြစ်ပါသည်။ ဒေါက်တာ ဆန်းသစ်၏ ကုတင် အနီးသို့ ရောက်သောအခါ ဦးဘမင်းမောင်၏ ကိုယ်ထဲမှ ဖြူသင်းကြည်၏ ဝိညာဉ်သည် ထွက်ခွာသွားပါသည်။ ကုတင်ထက်ရှိ ဒေါက်တာဆန်းသစ်၏ ခန္ဓာကိုယ်ထဲမှ သူ့ဝိညာဉ်သည်လည်း ထွက်ခွာလာပါသည်။ ယခုတော့ သူတို့ နှစ်ဦး ဆုံတွေ့နိုင်ပြီ ဖြစ်ပါသည်။

သူတို့နှစ်ဦး၏ ဝိုးတဝါး ဝိညာဉ် အရိပ်အငွေ့များကို မိုးလွင်တို့ သုံးဦးလုံး မြင်တွေ့ကြရပါသည်။ ဒေါက်တာဆန်းသစ်၏ ကိုယ်ခန္ဓာနှင့် ဆက်ထားသော နှလုံးခုန်နှုန်းပြသည့် စက်မှာတော့ သွေးခုန်နှုန်း မျဉ်းတန်းမှာ တစ်တန်းတည်း ဖြစ်ကာ ရပ်တန့်သွားပါပြီ။ သူတို့ နှစ်ဦး စလုံးက မိုးလွင်တို့ကို ကျေးဇူးတင်စကား ပြောကြသည်။ ထို့နောက် ခဏအကြာမှာတော့ ဝိုးတဝါး ပုံရိပ် အားလုံး ပျောက်ကွယ် သွားသည်။ နှစ်ဦးအတူ နေထိုင်မည့် နေရာသစ်ဆီသို့ ထွက်ခွာသွားခြင်း ဖြစ်ဟန်တူပါသည်။ ထိုအချိန်မှစ၍ ဖြူသင်းကြည်၏ ပုံရိပ်ကိုလည်း မိုးလွင်၏ အိမ်တွင် လုံးဝ မတွေ့မြင်ရတော့ပါချေ။

(ကိုရီးယား ဇာတ်ကား Ghost House ကို မှီငြမ်းပါသည်။)

သိင်္ဂါကျော်
...

16 July, 2009

ရဟန္တာရှစ်ဆယ်

စာအသစ် မရေးဖြစ်သေးလို့ (အားတဲ့ အချိန်လေးလည်း ရုပ်ရှင် ကြည့်တာ များနေလို့ ...ဟီး) လာတဲ့သူတွေ အလကားမဖြစ်အောင် ပုံလေးတွေ တင်လိုက်တယ်နော်...
အိမ်ပြန်တုန်းက သွားခဲ့တဲ့နေရာလေးပါ။ ပြည်မြို့အထွက် ပြည်-ရန်ကုန် လမ်းမပေါ် (ရွှေတောင်မြို့ မရောက်ခင်လောက်) မှာ တည်ရှိပါတယ်။
ရဟန္တာရှစ်ဆယ် ရဲ့ ရုပ်ထုတော်တွေကို ဂူလေး တစ်ခုစီနဲ့ ထုလုပ်ထားပါတယ်။ ရှေးဟောင်းလက်ရာများ ဖြစ်ပါတယ်။ သမိုင်းကြောင်းကိုတော့ မမှတ်ထားမိလို့ မရေးနိုင်တာ ခွင့်လွှတ်ပါ။
ပြည်ကိုရောက်ရင် သွားလည်ဖို့ တစ်နေရာတိုးတာပေါ့နော်...။









.....

15 July, 2009

မအတွက်






ကျွန်တော့်နှလုံးသားထဲ
မခေါ်ပဲဝင်လာသူ။

တော်ဝင်သဇင်လို
ပင်ယံမြင့်ပန်းမို့
နွမ်းပင်နွမ်းစေ
အလိုလိုတော့ မကြွေတတ်တဲ့အမျိုး။

ကြွေပင်ကြွေချင်သော်လည်း
ဆွတ်သူ မထိုက်လျှင်
မလိုက်ချင်တတ်သူမျိုး။

မ ရေ
တစ်ကြိမ်တစ်ခါလောက်တော့
အိမ်မက်မက်ခွင့်ပေးပါ။
နှလုံးသားဆိုတာ
ဥပဒေနဲ့ အကျဉ်းချထားလို့
ရကောင်းတဲ့ အရာမှ မဟုတ်ပဲ။

အချစ်ဦးကပေးခဲ့တဲ့
နှလုံးသားဒဏ်ရာကြောင့်
အချစ်ကို မယုံကြည်ဖူးလို့
မျက်စိမှိတ်ပြီး မငြင်းပါနဲ့။

အချစ်ဆိုတာ
အသစ်တစ်ဖန်လည်း
ပြန်လည်မွေးဖွားလို့ ရကောင်းတဲ့အရာပါ။

ကျွန်တော့်နှလုံးသားကတော့
အသစ်စက်စက် ဖြစ်တဲ့အကြောင်း
ဘယ်အရာနဲ့များသက်သေပြနိုင်မလဲ။

ပြန်မရနိုင်ရင်တောင်
ပေးဆပ်မယ့်အချစ်မျိုး
မအတွက် သက်သက်
ဖြစ်တည်ခဲ့တာ...။
မ နှလုံးသားထဲ
ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆို
ဘယ်အရာမဆို
လုပ်ပြချင်ပါရဲ့။

တုံပြန်ဖို့လည်း
မတောင်းဆိုရဲသူမို့

ယုံကြည်လိုက်ရုံလေးပါ။

သိင်္ဂါကျော်
15.7.2009
1:30
...

13 July, 2009

သန္ဓေမအောင်တဲ့ပန်းများ


အခုတော့ ကျွန်တော့်ဘဝထဲမှာ ကျွန်တော် အသားကျသွားခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် နည်းနည်းလည်း ဟန်ကျလာပါပြီ။ ကျွန်တော့် မှာ အလုပ်တစ်ခုလည်း ရှိနေပြီလေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့ အဖေက ပြောဖူးတယ်။ ကျွန်တော့် အလုပ်က တံမြက်စည်း လှည်းတဲ့ အလုပ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အလုပ်မှာ ကျွန်တော် ပျော်ပါတယ်။ ကိုယ့်ဘဝကို ကိုယ် မကျေမနပ် မဖြစ်အောင် ကြိုးစားပြီး နေနေပါတယ်။ အဖြူ အစိမ်း ကျောင်းသားတွေကို ငေးကြည့် အားကျတာမျိုးလည်း မရှိတော့ပါဘူး။

***

ကျွန်တော့်ကို မွေးတော့ မြစ်ကမ်းနားမှာ ဆောက်ထားတဲ့ တဲလေးတွေထဲက တဲတစ်လုံးထဲမှာပေါ့။ တိုက်ပေါ်က လူတွေကတော့ အဲဒီနေရာကို အောက်ချိုင်းလို့ ခေါ်တယ်လေ။

ကျွန်တော့်အဖေ နဲ့ အမေ မှာ ကျွန်တော် က ပထမဆုံးကလေးတဲ့။ ကျွန်တော့်ကို ရတော့မယ်ဆိုတော့ အဖေက အရူးအမူး ပျော်ခဲ့တယ်တဲ့။ တစ်ချို့ကတော့ ကျွန်တော်ဟာ ဂြိုဟ်ကောင်လေးလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို မွေးပြီး ကျွန်တော့်အမေ သေသွားတယ်လေ။ အဖေကတော့ အမေသေရတဲ့ တရားခံက ဆင်းရဲခြင်းကြောင့်တဲ့။ ဒါဟာ အမှန်ပဲလို့ အခုတော့ ကျွန်တော် နားလည်လာပါပြီ။
ကျွန်တော့် အဖေရော အမေရော ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမားတွေပါ။ အမေ့ ခမျာလည်း ကိုယ်ဝန် လရင့်တဲ့ အထိ အလုပ်လုပ် ခဲ့ရတယ်။ ဆေးရုံမှာ မမွေးရပဲ အရပ်လက်သည်နဲ့မို့ အချိန်ကြာပြီး မဖြစ်သင့်တာ ဖြစ်ခဲ့ရတာတဲ့။ အာဟာရ မပြည့်ဝ လို့ အားနည်းနေတာလည်း ပါတယ်။ အမေ့ကို ဆေးရုံ မပို့နိုင်ခဲ့တာ၊ အာဟာရ ပြည့်အောင် မကျွေးနိုင်ခဲ့တာ သူ့အပြစ်ပဲလို့ အဖေက အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့တယ်။ အဖေတို့ အမေတို့လို လူတွေမှာ ကျန်းမာရေး ဗဟုသုတဆိုတာ ဘာမှ မသိရှာတဲ့လူတွေပဲ။ အဖေကတော့ နည်းနည်းပါးပါး သိခဲ့ပါရဲ့။ ဒါပေမယ့် အဖေကကော ဘာများ လုပ်နိုင်မှာလဲ။ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဘဝတွေလေ။ တစ်ချို့တွေများ အဖေတို့ထက် ပိုဆိုးတာပေါ့။ ကလေးတွေက တစ်ပြုံကြီးနဲ့။ ကလေးတွေ မွေးမွေးပြီး ကျွေးမထားနိုင်တော့ ကလေးတွေက ကိုယ့်ဝမ်းစာကိုယ် ရှာစားနေကြရတယ်။ ကျွန်တော်တို့မြို့က လူတွေကတော့ အဲဒီ ကလေးတွေကို ရှာဖွေရေးလေးတွေလို့ ခေါ်ကြတယ်။

***

“သားကြီးလာရင် အဖေ့လို အလုပ်သမား မဖြစ်စေရဘူး” လို့ အဖေက ပြောခဲ့တယ်။ ကျွန်တော့်ကိုလည်း ကျောင်းထားပေးခဲ့တယ်။ ငါးနှစ် မပြည့်ခင် ကတည်းက မူကြိုထားပေးခဲ့တယ်။ ကျွန်တော်ဟာ ကျောင်းစနေရကတည်းက ကျောင်းမှာ မပျော်ဘူး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျွန်တော် ဟာ ကျောင်းမှာ ပျော်တဲ့ ကလေးတစ်ယောက်ပါ။ အဖြူနဲ့ အစိမ်း ဝတ်ပြီး ကျောင်းစတက်ရတော့လည်း ပျော်တာပါပဲ။ တစ်ပတ်မှာ ကျောင်းပိတ်ရက် နှစ်ရက် ရှိတာကိုတောင် ကျွန်တော်က များလွန်းပြီ ထင်ခဲ့တာ...။ ကျောင်းပိတ်ရင် ကျွန်တော့်နေရာက ကမ်းနားမှာပဲလေ။

ကမ်းနားက ကျွန်တော်တို့ တဲကလေးက ဖျက်လိုက်ရတော့ စုတ်စုတ်ပြတ်ပြတ် ရပ်ကွက်တစ်ခုက သူများ အဖီလေးတစ်ခုမှာ ငှားနေရတယ်။ အဖေက ကမ်းနားမှာ အလုပ်လုပ်တော့ ကျွန်တော်လည်း ကမ်းနားမှာပဲ နေပူပူ မိုးရွာရွာ ဆော့ခဲ့တာ။ နေရိပ်တယ်ဆိုပြီး သူများ အိမ်ရှေ့ သံမံတလင်းပေါ် တက်ဆော့ရင်တော့ အော်ငေါက်ခံရတတ်တယ်။ ဒါပေမယ့် အဖော်တွေက ခေါ်ရင်တော့ အဲဒီ အိမ်ရှေ့ သွားဆော့တာပါပဲ။ ကျွန်တော့်လိုပဲ လမ်းပေါ်ကို ကစားကွင်း အမှတ်ထားနေရတဲ့ ကလေးတွေလည်း အများသားပဲလေ။ သူတို့တွေမှာ ကျောင်းတောင် မတက်ရရှာဘူး။ ကျွန်တော်က ကဗျာတွေ ဘာတွေ ရွတ်ပြရင် သူတို့မှာ ငေးလို့...။

ကျွန်တော့် အဖေကလည်း ငါးတန်း၊ ခြောက်တန်းလောက် အထိ ကျောင်းနေဘူးတော့ ကျွန်တော့်ကို တစ်ခါတလေ စာသင်ပေးနိုင်သေးတယ်။ ဘယ်လိုပဲ နေရ နေရ အဖေနဲ့ နေရတာ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့် အဖေက သူများ အဖေတွေလို အရက်လည်း မသောက်တတ်ဘူး။ အဖေ့ ခမျာ ကျွန်တော် စားဖို့ ထမင်းတွေ ဟင်းတွေ လည်း ချက်ရသေးတယ်။ နောက် မိန်းမ ယူဖို့ သူများတွေက ပြောကြပေမယ့် အဖေက စိတ်မကူးခဲ့ဘူး။

ဒီလိုနဲ့ ကျွန်တော်လည်း နှစ်တန်းအောင်ပြီး သုံးတန်းတက်နေတုန်းမှာ အဖေ့ ကျန်းမာရေး ညံလာတယ်။ နေပူမရှောင် မိုးရွာမရှောင် ပင်ပင်ပန်းပန်း လုပ်ခဲ့တဲ့ ဒဏ်တွေပေါ့။ ဆရာဝန်ပြဖို့လည်း ပိုက်ဆံ မလောက်တော့ လမ်းဘေးကွမ်းယာဆိုင်က ဆေးတွေနဲ့ပဲ ကုနေရတယ်။

တစ်နေ့မှာတော့ ကျွန်တော့် ဘဝ အတွက် ကံဆိုးမိုးမှောင် ကျခဲ့ရတယ်။ အဖေ ဆေးရုံ ရောက်နေတယ် ဆိုလို့ ကျွန်တော့်ကျောင်းကို လူကြီး တစ်ယောက် လိုက်လာပြီး ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ အဖေ ခါတိုင်းလိုပဲ နေမကောင်း ဖြစ်နေတယ်လို့ အောက်မေ့မိတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။ သူတို့ ပြောကြတာတော့ ဆန်အိတ်ပုံကြီး ပြိုကျလာပြီး အဖေ့ကို ပိသွားတာလို့ ပြောကြတယ်။ ကျွန်တော် ဆေးရုံရောက်တော့ အဖေ အသက်မရှိတော့ဘူး။ ဘာရယ် ညာရယ် သေချာ မသိပေမယ့် အဖေ့ကို နောက်ထပ်မတွေ့ရတော့ လို့ နားလည်လို့ ငိုမိတယ်။

ပွဲရုံ ပိုင်ရှင်က အသုဘစရိုက် ထုတ်ပေးပြီး အဖေ့ အပေါင်းအသင်းတွေက ကြည့်လုပ်လိုက်ရတယ်။ လိုက်ပို့မယ်သူလည်း ဘယ်သူမှ မရှိပါဘူး။ အဖေ့လို အလုပ်သမား တစ်ချို့ပဲ ခြေလျင်လိုက်ပို့ကြတယ်။ အဖေ့ အသုဘချတော့ လမ်းမှာ အသုဘတစ်ခု ချလာတာနဲ့ တိုးတယ်။ ကားတွေ၊ မြင်းလှည်းတွေ၊ လူတွေ အများကြီး ပဲ။ ကျွန်တော် တစ်ခါက အဲဒီလို လူတန်းကြီး တွေ့လို့ အဖေ့ကို မေးကြည့်တော့ အဖေက အသုဘချတယ် လို့ ခေါ်တယ်၊ လူသေလို့ သင်္ချိုင်းကို ပို့တာ လို့ ပြောခဲ့ဘူးတယ်။ အဲတော့မှ ကျွန်တော်သိသွားတာ။ အခုတော့ အဖေကို သင်္ချိုင်းကို ပို့ရတော့ ဟိုအသုဘလို လူတွေ အများကြီးလည်း လိုက်မပို့ဘူးလို့ တွေးပြီး ကျွန်တော်ငိုတာပဲ။ ကျွန်တော့် အနားမှာ အဖေ ဘယ်တော့မှ မရှိတော့ဘူး လို့ တွေးမိရင် လက်မခံချင် သလိုပဲ။ အိမ်မက် မက်နေသလားလို့ ထင်မိပါရဲ့။ ဒါပေမယ့် အိမ်မက် မဟုတ်ဘူး။

***

အဖေ မရှိတော့တာနဲ့ ကျွန်တော့် ဘဝကတော့ ပျက်တာပဲ။ ကျွန်တော်တို့မှာ အမျိုးဆိုတာ ရှိတာ မဟုတ်ဘူး။ အဖေကလည်း ဘာမှ စုဆောင်းထားတာ မရှိဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေလေ။ အဖေ လည်းဆုံးရော ကျွန်တော် ကျောင်းတက်ဖို့ နေနေသာသာ စားစရာကို မရှိလို့ လမ်းပေါ် ထွက်ရှာရတယ်။

လမ်းပေါ်က ကျွန်တော့် သူငယ်ချင်းတွေက ပြောကြတယ်။ အမှိုက်ပုံတွေ မှာ စားလို့ရသေးတဲ့ စားစရာတွေ ရှိတတ်တယ် ဆိုလို့ ကျွန်တော် ရှာကြည့်တော့ ဘာမှ မရှိပါဘူး။ ကျွန်တော် တော့ အမှိုက်တွေပဲ တွေ့တယ်။ ခရမ်းချဉ်သီး အပုပ်တွေ၊ အုန်းသီး အပုပ်တွေ၊ ဖရဲသီး အခွံတွေပဲ တွေ့...၊ ဘာသွားစားလို့ရမှာလဲ။ နေ့ခင်းအထိ ကျွန်တော် ဘာမှ မစားရသေးဘူး။ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ ဗိုက်ကလည်း တော်တော် ဆာနေပြီ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့က အမှိုက်ပုံထဲက ခရမ်းချဉ်သီးတို့ အုန်းသီးတို့ ကောက်ရတယ်တဲ့။ ကျွန်တော်ကတော့ ရွံတယ်။ ကျွန်တော်တို့ သားအဖက ဟင်းမကောင်းရင် ဆန်မကောင်းရင်သာ နေမယ်။ အပုပ်အစပ်တော့ မစားခဲ့ပါဘူး။ အခုမှ ကျွန်တော့်မှာ ခက်ပြီ။ သူငယ်ချင်းတွေက ပြောကြတယ်။ ကားဂိတ်တွေမှာ သွားပြီး တောင်းပါလားတဲ့။ ဒါပေမယ့် အဲဒီလို လုပ်ဖို့တော့ ကျွန်တော်က နည်းနည်း အသက်ကြီးနေပြီ လို့လည်း ပြောကြတယ်။ ကျွန်တော် သူတောင်းစား ဖြစ်ရတော့မှာပဲ။ မတတ်နိုင်ဘူးလေ ဆိုပြီး သွားတောင်းကြည့်တယ်။ တစ်ပြားမှ မရဘူး။ ကားပေါ်က လူတွေ အော်ငေါက်တာပဲ ခံရတယ်။

အဲဒီနေ့က ညနေအထိ ဘာမှ မစားရဘူး။ ကျွန်တော် ငိုချင်လာတယ်။ အဖေ့ကိုလည်း သတိရလိုက်တာ။ ကျောင်းကပြန်လာတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ တွေ့တော့ သူက မင်းဘာလုပ်နေတာလဲ တဲ့၊ ဘာဖြစ်လို့ ကျောင်းမတက်တာလဲ လို့ သူကမေးတယ်။ ငိုချင်ရက် လက်တို့သလို ဖြစ်သွားတယ်။ ကျွန်တော် ဘာမှ မပြောပဲ ပြေးလာခဲ့တယ်။

အလစ်သုတ်တဲ့ အလုပ်လည်း ကျွန်တော် မလုပ်ချင်ဘူး။ သူများ ပစ္စည်းခိုးတာ မကောင်းဘူးလို့ အဖေက ပြောဖူးတယ်။ နောက်ပြီးတော့ သူများ ပစ္စည်း အလစ်သုတ်လို့ မိသွားရင် ဘာလုပ်မလဲလို့ တွေးပြီး ကြောက်နေတာပဲ။ အဲဒီလို လုပ်ဖို့ စိတ်ကူးကို မရှိပါဘူး။

ဒီလိုနဲ့ပဲ လမ်းတွေပေါ်မှာ ရှာဖွေရေးကလေး တစ်ယောက် တိုးလာခဲ့တာပေါ့။

***

တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းရင်း ကျွန်တော့် အသက်ကို ဘယ်လို ဆက်ရှင်အောင် မွေးရမယ်ဆိုတာ သိလာသလိုပဲ။

တစ်မြို့လုံးမှာ ကျွန်တော်တို့ ခြေရာတွေချည်းပဲပေါ့။ တွေ့ရာ ကြုံရာစား။ တွေ့ရာ ကြုံရာနေ။ တွေ့ရာ ကြုံရာမှာ အိပ်။ ဒါ က ကျွန်တော်တို့ ဘဝပဲ။ ညနေ ညနေ တွေမှာ တော့ ထမင်းကျန် ဟင်းကျန်လေး ဘာလေး စားရတတ်ပါတယ်။ တစ်ခြား ကောင်လေးတွေကတော့ အဖေ အမေ ရှိကြသေးတော့ သူတို့ ရလာတာတွေကို ပေါင်းစပ် ချက်ပြုတ်ပေးမယ့်သူ ရှိသေးတယ်။ ကျွန်တော့်မှာတော့ တစ်ယောက်တည်းပဲ။

ကျွန်တော် တက်ခဲ့တဲ့ ကျောင်းနားကိုလည်း မယောင်မလည် နဲ့ ရောက်သွားတတ်သေးတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊ ဆရာမတွေ မမြင်အောင် ပုန်းလျှိုး ကွယ်လျှိုးပေါ့။ ကောင်းကောင်းမွန်မွန် ဝတ်စားပြီးတော့ အမေတွေ၊ အဖေတွေ လိုက်ပို့တဲ့ ကောင်လေးတွေကို ကျွန်တော် ငေးကြည့်တတ်ခဲ့တယ်။ အဲဒီ အချိန်တုန်းကပါ။ လူမမြင်အောင် မျက်ရည်လည်း ကျတတ်သေးတယ်။

အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ ဘဝတူ ကောင်လေး ကောင်မလေး တွေနဲ့ အလိုက်သင့် ရောပြီး နေတတ်ခဲ့ပါပြီ။ ရှာနိုင် ဖွေနိုင်မှ စားရမယ့် ကျွန်တော်တို့ ဘဝမှာ ရှက်တာ ကြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ အဲဒါကြောင့်ပဲ ကျွန်တော် တို့ကို လူတော်တော် များများက မျက်မုန်းကျိုးတတ်သေးတယ်။ ဒါကလည်း သူတို့ဘက်ကကြည့်ရင်တော့ မှန်ပါတယ်။ တစ်ချို့ ကလေးတွေက လက်ဆော့တတ်ကြတယ်။ ပြတင်းပေါက်သံတိုင် ကြားက လက်နှိုက်ပြီး မုန့်ခိုးစားတယ်၊ လစ်ရင် လစ်သလို အိမ်ပေါက်ဝနားက ပစ္စည်းတွေ ယူတတ်သေးတယ်။ ဆေးတွေ ဘာတွေ လင်ပန်းနဲ့လှမ်းထားရင် ဆေးတွေ သွန်ပြီး လင်ပန်းကို ယူတတ်သေးတယ်။ ဆိုင်တွေက ပစ္စည်းကို လစ်ရင် လစ်သလို အလစ်သုတ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလို လုပ်ဖို့ ခုထိ လက်မရဲသေးဘူး။
တစ်ချို့ ကလေးတွေဆို ကျွန်တော့် ထက် အများကြီး ငယ်သေးတယ်။ လမ်းလျှောက်တတ်ပြီ ဆိုတာနဲ့ လမ်းပေါ်ကို လွှတ်လိုက်တယ် လို့ ထင်ရတယ်။ ဒီလိုပဲ သွားလာ တောင်းရမ်း ရှာဖွေ စားနေကြတာပဲ။

ကျွန်တော်တို့ ကြက်သွန်နီ လက်ကားဒိုင်တွေ ရှိတဲ့နေရာကို သွားကြတယ်။ အဲဒီမှာ တစ်နေကုန်တဲ့ နေ့လည်းရှိတယ်။ အောက်မှာ ကျတဲ့ ကြက်သွန်တွေကို ကောက်ကြတယ်။ တစ်ခါ တလေ တော်တော်များများ ရပါတယ်။ အဲဒီ ကြက်သွန်တွေကို လမ်းဘေးက ဈေးသည်တွေ ဆီမှာ သွားသွင်းကြတယ်။ တစ်ခြမ်းပုပ်လို့ လွှင့်ပစ်ထားတဲ့ အာလူးတွေလည်း ကျွန်တော်တို့ ကောက်တာပဲ။ ပွဲရုံတွေနားမှာလည်း ကျွန်တော်တို့လို ကလေးတွေ ယောင်လည်လည် လုပ်နေတတ်တယ်။ ဆန်တို့ နှမ်းတို့ ပဲတို့ ကျသမျှ ကောက်ဖို့ အတွက်ပေါ့။ နောက်တော့ ပွဲရုံက လူတွေကလည်း ပါးလာတယ်။ အောက်က ခင်းပြီးမှ လုပ်စရာ ရှိတာ လုပ်ကြတယ်။ ပြီးတော့ အောက်မှာ ကျတာ ကိုပါ ပြန်ယူတယ်။ ကျွန်တော်တို့ကိုလည်း မောင်းထုတ်တတ်ကြတယ်။ ဒီလူတွေမှာ နည်းနည်းမှ စာနာစိတ်မရှိဘူး။ ကျွန်တော်တို့လို ကလေးတွေက ဒါမျိုးလေးတွေ ရမှ အလုပ်ဖြစ်တာ။ သူတို့ အတွက် ဒါတွေ လောက်က ဘာများ နစ်နာသွားမှာ မို့လဲ လို့ ကျွန်တော်တွေးမိတယ်။

တစ်ချို့ကလေးတွေဆိုရင် နားမလည်သေးတဲ့ အရွယ် ဆိုတော့ တွေ့ကရာ အကုန် ကောက်ကြတာပဲ။ အိုးအကွဲတွေ၊ ပန်းအနွမ်းတွေ...၊ ကောက်လာတာ သူတို့ အိမ်က မိဘတွေက ဆူကြရော။ ကျွန်တော်တို့ ကောက်တဲ့ အထဲမှာ ပလတ်စတစ်တို့ ၊ စက္ကူ အတိုအစတို့၊ ရေသန့် ပုလင်းအခွံ တို့လည်း ပါတယ်။ အဲဒါတွေ ဝယ်တဲ့ ဆိုင်ကို ပြန်သွင်းလို့ ရတယ်လေ။

တစ်ခါတရံတော့ အဖေ့ကို သတိရမိတယ်။ ဒါပေမယ့် အဖေ့ အကြောင်းကို မတွေးမိအောင် နေပါတယ်။ အဖေ့ အဖြစ်က ဆိုးလွန်းပါတယ်။ အဖေ မသေသင့်သေးဘူးလို့ ကျွန်တော် အမြဲတမ်းတွေးမိနေတယ်။ ကျွန်တော့် အပေါင်းအသင်းတွေရဲ့ မိဘတွေက သိပ်ပြီးတော့ စရိုက်ကြမ်းလွန်းတယ်။ ကျွန်တော့် အဖေက အဲဒီလို မဟုတ်ဖူး။ သီချင်းတောင် အော်ဟစ် မဆိုတတ်ဖူး။ အရေမရ အဖတ်မရ ညစ်ညစ် ပတ်ပတ် စကားတွေလည်း လျှောက်မပြောတတ်ဖူး။
ဒီလိုနဲ့ပဲ အပေါင်းအသင်းတွေနဲ့ အော်ဟစ် ရယ်မောရင်း အဖေ့ကို မေ့အောင် ကြိုးစားခဲ့ရတယ်။

***

အဲဒီနောက်တော့ စည်ပင်သာယာက တံမြက်စည်းလှည်းတဲ့ အလုပ်ကို ကျွန်တော်နဲ့ ကျွန်တော့် အပေါင်းအသင်း တစ်ချို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့ စည်ပင်သာယာ တံဆိပ်ပါတဲ့ လက်ပြတ် အပေါ်အင်္ကျီ တစ်ထည်စီ ရတယ်။ နေ့စား လခ ရတယ်။ အဲဒီငွေက ဘယ်လောက်နည်းနည်း တောင်းစားပြီးမှ ရတဲ့ငွေ မဟုတ်တဲ့ အတွက် ကျွန်တော် ဝမ်းသာပါတယ်။

ကျွန်တော်တို့ နေပူကျဲကျဲမှာ အလုပ်လုပ်ရတယ်။ ဈေးထဲမှာ ဆိုလည်း ညစ်ပတ်တဲ့ အမှိုက်တွေ သိမ်းရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဘယ်တော့မှ မခို မကပ်ခဲ့ဘူး။ ကျွန်တော်လုပ်ရတဲ့ နေရာမှာတော့ အမှိုက်တစ်စ မရှိအောင် လုပ်ခဲ့တာချည်းပါပဲ။

ကျွန်တော်တို့ အလုပ်သိမ်းပြီး ပြန်ချိန်ဆို မိုးချုပ်နေပြီပေါ့။ လမ်းပေါ်မှာ ကျွန်တော်တို့ပဲ ရှိသလို သီချင်းတွေ အော်ဟစ်ဆိုပြီး ပြန်လာကြတယ်...။ တစ်ချို့လည်း ဖြောင့်ဖြောင့် မပြန်သေးပဲ လမ်းဘေးမှာ သားရေကွင်းပစ်ပြီး ဆော့နေကြသေးတာ...။ ကြည့်လိုက်ရင်တော့ အပူအပင်ဆိုတာ မရှိသလိုပဲ။ ကလေးအရွယ်တွေပဲ ရှိသေးတော့လည်း ရှေ့ရေး နောက်ရေး တွေးနေစရာ မရှိတော့ ပျော်သလို နေကြတာပေါ့။ ညဘက်ကျတော့ တစ်ချို့က ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဗီဒီယိုရုံ သွားကြည့်တတ်ကြတယ်။

လူဖြစ်လာတဲ့ ဘဝထဲမှာ ကျွန်တော်တို့ဘဝထက် ဆိုးတာ မရှိဘူးလို့ ထင်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့လို ကလေးတွေက ကိုယ့်ဘဝကိုယ် သနားပြီး စိတ်ဓာတ်ကျ နေရလောက်အောင် အသိဥာဏ် မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာ မဟုတ်ဘူး။ ကျွန်တော်ကမှ အားလုံးထဲမှာ စာလေးနည်းနည်း ဖတ်တတ်ပြီး အဖေ့ရဲ့ ဆုံးမထားတာတွေကြောင့် လိမ္မာသေးတာ...။ သူများတွေက ပိုဆိုးတယ်။ ပိုရိုင်းတယ်။ သူတို့ မိဘတွေကလည်း သူတို့လိုပဲ ကြီးလာတဲ့သူတွေ ဆိုတော့ ဆုံးမသွန်သင်ဖို့ရာ အသိဥာဏ် မရှိကြဘူး။ ဒီလိုနဲ့ပဲ ဒီလို မျိုးဆက်တွေပဲ တစ်ဖြည်းဖြည်း ပွားများလာတာပေါ့...။

***

ကျွန်တော် တွေးနေမိတာ တစ်ခု ရှိသေးတယ်။ ကျွန်တော်သေရင် ဘယ်လိုများ သင်္ချိုင်း အောင်ပို့မလဲလို့...။ ကျွန်တော့် အပေါင်းအသင်း ရှာဖွေရေး ကလေးတွေတော့ အသုဘ လိုက်ပို့ကြလိမ့်မယ်လို့ တွေးမိတယ်။ ကျွန်တော် သေများသွားရင် ဘယ်သူက အသုဘ စားရိတ် စိုက်ပေးမှာလဲ။ ကျွန်တော်က သေတာကို ကြောက်စရာလို့ မမြင်ပါဘူး။ သေသွားရင် ကောင်းတယ်လို့တောင် တွေးမိသေးတယ်။ အဖေ နဲ့လည်း တွေ့ရင် တွေ့ရမှာ။

အဲဒီလို တွေးနေမိတဲ့ နေ့မှာပဲ ကျွန်တော်သိတဲ့ ကျွန်တော့်ထက် ငယ်တဲ့ ကောင်မလေး တစ်ယောက် သေသွားတယ်။ ကားပေါ်က ဒီဇယ်ပေပါတွေ ချနေတာကို အဲဒီကောင်မလေးက ဖြတ်ပြေးရင်း ပေပါ တစ်လုံး ပိသွားတာလို့ မြင်လိုက်တဲ့ လူတွေက ပြောကြတယ်။ ဆေးရုံ မရောက်ခင် လမ်းပေါ်မှာပဲ သေသွားတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ အဲဒီနေရာကို ပြေးကြည့်တော့ အလောင်းမရှိတော့ပါဘူး။ သွေးကွက် တစ်ချို့နဲ့ ဆီးတွေ၊ ဝမ်းတွေပဲ တွေ့ရတော့တယ်။

ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော့် အဖေလို အဖြစ်မျိုး ဖြစ်သွားတာကို ကျွန်တော် မကြားချင် မမြင်ချင်ပါဘူး။ အဲဒီကလေးမက မိထွေးနဲ့နေရတာ ဆိုတော့ သူများတွေထက် ဆိုးတာပေါ့။ အဲဒီကောင်မလေးကို သိတဲ့လူတွေက ဝဋ်ကျွတ်သွားတာလို့ ပြောကြတယ်။ သူ့လို ကလေးမမျိုးကို ဘယ်သူကမှ နှမြောတသ ဖြစ်မနေပါဘူး။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့သူတွေလည်း တစ်ရက် နှစ်ရက်လောက်မှာ မေ့သွားကြတယ်။

ကျွန်တော်တို့လို ကလေးမျိုးတွေ လူ့လောကထဲက ထွက်သွားဖို့ ဒီလောက် လွယ်ကူလွန်းတာကို မုန်းမိတယ်။
ကျွန်တော်တို့ ဘဝတွေဟာ တကယ့်ကို တန်ဖိုးမဲ့ ဘဝတွေပါ။ ကြီးလာတဲ့ အခါကျ အချင်းချင်း အိမ်ထောင်ပြုကြ။ ပြီးတော့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးလာရင် လမ်းပေါ် လွှတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ လမ်းပေါ်က မျိုးဆက်တွေ ပြန့်ပွားလာကြတယ်။ ဘယ်လို အဆုံးသတ်ဖို့ ဖြစ်နိုင်မှာလဲ။ဘယ်လို တိုးတက်ဖို့ ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ အားလုံးရဲ့ ဘဝတွေ တိုးတက်ဖို့ ဘယ်သူတွေကများ လုပ်ပေးနိုင်မှာလဲ။ ကျွန်တော်တို့က ကိုယ့်ဘာသာကိုယ်ရော... ဒီလို တန်ဖိုးမဲ့ ဘဝထဲက ဘယ်လို ရုန်းထွက်နိုင်ပါ့မလဲ။

ကျွန်တော်တို့လို ကလေးတွေကို ပညာသင်ပေးမယ့်၊ ကျွန်တော်တို့ကို လက်ရှိဘဝထဲက ဆွဲထုတ်ပြီး ရွေးချယ်စရာ ရှိတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ သင်ပေးမယ့် တန်ခိုးရှင်လို တစ်စုံတစ်ရာကို စောင့်မျှော်နေကြပါတယ်။ အများစုမှာတော့ ဒီလို ဘဝထဲက ရုန်းထွက်ချင်စိတ် မရှိလောက်အောင် ကို အသိဥာဏ်နုံနဲ ကြပါတယ်။ အလုပ်လုပ်ချင်စိတ် မရှိပဲ တောင်းရမ်း ခိုးဝှက် စားသောက်ချင်သူတွေကလည်း အများသားလေ။ ပထမဆုံး အနေနဲ့ သူတို့ကို အသိစိတ် ဝင်လာအောင် အရင်လုပ်ရမှာ...။

ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...။ လောလောဆယ်ဆယ် မှာတော့ ကျွန်တော်တို့ မြို့က လမ်းမကြီးတွေ၊ လမ်းကြို လမ်းကြားတွေမှာ အိတ်ကလေးတွေ ဗန်းကလေးတွေ ကိုင်ပြီး လျှောက်သွားနေကြတဲ့ ကလေးတွေ ရှိနေကြပါတယ်။

(ဟိုးအရင်တုန်းက ရေးထားတဲ့ လက်ရေးမူလေးတွေ့လို့ ပြန်ရိုက်ပြီး တင်လိုက်တာပါ။)

သိင်္ဂါကျော်

ရာထူးတိုးတက်စေသောဂါထာ


ပြည်မြို့ သဒ္ဓမ္မမဉ္စူ ဆရာတော်ဘုရားကြီး ပေးသနားတော်မူသော ဂါထာတော်မြတ်ဖြစ်ပါသည်။
ဆရာတော်ကိုယ်တိုင် လက်ရေးဖြင့် ရေး၍ တက္ကသိုလ်ဆရာမ များကို ပေးထားခြင်း ဖြစ်ပါသည်။
နံနက် နေထွက်ချိန်တွင် နေမင်းကြီး ရှိရာသို့ ကြည့်၍ တတ်နိုင်သလောက် ရွတ်ဆိုရန် ဖြစ်ပါသည်။

“ အယံ - ဤနေမင်းကြီးသည်၊ ဥဒေတိ - တက်လတ်၏။
တံ - ထိုနေမင်းကြီးကို၊ နမာမိ - ရှိခိုးပါ၏။ “

(ရာထူးတက်ရတော့မယ့် အချိန် အပိုင်းအခြား ပြည့်ချိန်မှာ သူများ အသုတ်နဲ့ မတူ အမြဲတမ်း နောက်ကျတတ်တဲ့ ကိုယ်တို့ Batch ကလူတွေ ရွတ်ဖို့သင့်ပါတယ် ... :D)

02 July, 2009

စားချင်စရာလေးတွေ(၁)






(စာလည်း မရေးဖြစ်သေး... တင်လည်း တင်ချင်တာနဲ့ သူငယ်ချင်း ပို့ထားတဲ့ မုန့်လေးတွေ တင်လိုက်တာပါ။)

01 July, 2009

ကောင်မလေး အတွက် သီချင်း


ကိုယ်က ငယ်ငယ်ကဆို ကောင်ကလေး သိပ်ဖြစ်ချင်ခဲ့တာမို့ ကောင်မလေး ကဗျာတွေ သီချင်းတွေ တင်တာပါ။ :D
တကယ်ပြောတာ...ငယ်ငယ်ကဆို ကိုယ်သိပ်သဘောကျတဲ့ ကောင်မလေး တွေလည်း ရှိခဲ့ဖူးတယ်...။ ကိုယ်က ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် (မာရဇ္ဇ သီချင်းထဲကလို) နဲ့ ဆေးဆိုးပန်းရိုက်မျက်နှာ မဟုတ်တဲ့ natural innocent မျက်နှာမျိုး နဲ့ ကောင်မလေးတွေကို သဘောကျတယ်။
ဒီဘလော့ကိုတောင် ယောင်္ကျားလေး နာမည်နဲ့ လုပ်ထားတာ..ကောင်ကလေး အနေနဲ့ ရေးမလို့ နောက်တော့ ဓါတ်ပုံတွေလည်း တင်ချင်တာနဲ့ အမှန်အတိုင်းပဲ ရေးတော့တာ..:D
ဒီသီချင်းလေးကလည်း အဟောင်းပဲ ဖြစ်မှာပါ... အခုတလော ကြိုက်မိလို့...သီချင်းဆိုတဲ့ ဆိုတဲ့ D ယံ ကလည်း မျက်မှန်လေးနဲ့ ချစ်စရာလေးမို့ ...ကြိုက်တယ် ဟီး ဟီး...
ဒီ link မှာ download လုပ်နိုင်ပါတယ်။