31 July, 2009

နံရံ

ဘယ်တုန်းက စခဲ့မိမှန်းမသိတဲ့
နံရံတစ်ခုကို
မြင့်သထက်မြင့်အောင်
ငါဆောက်ခဲ့မိပေါ့၊
အပြင်ကလူတွေ
ငါ့ကို မမြင်နိုင်စေမယ့် ရည်ရွယ်ချက်နဲ့။

ငါ့ရဲ့နံရံက နိမ့်နေသေးရင်
မှီမယ့်သူရှိမယ်၊ ကျော်ဝင်မယ့်သူ ရှိမယ်၊
သူတို့အသံတွေ ငါကြားရမယ်၊
ဒါကြောင့်...
ငါ့နံရံကို ငါဆက်ဆောက်တယ်။
ကျောက်တုံးတွေပေါ်မှာ ဆေးရေးတယ်၊
ပြတင်းတွေကို ဆေးရောင်ခြယ်တယ်၊
အပြင်က မမြင်သာအောင်ပေါ့။
အပြင်ကလူတစ်ချို့
ဝမ်းနည်းစွာ ရပ်စောင့်ကြည့်ကြ
ငါထင်တာတော့
သူတို့ ငါ့ကို မနာလိုတာပဲ။

ငါ့နံရံကို
ပြီးပြည့်စုံအောင် ဆောက်ဖို့
ငါ့အချိန်တွေ အကုန်သုံးခဲ့တယ်။
ပြီးသွားတဲ့တစ်နေ့မှာတော့
ဘယ်သူ့ကိုမှ ငါမမြင်ရတော့။
အပြင်ကို ခေါ်ကြည့်လည်း
ဖြေသံက နတ္တိ။
မှောင်မည်းတဲ့ နံရံရဲ့ အတွင်းဘက်
ညစ်ညမ်းတဲ့လေထုထဲ
ငါထိုင်နေဆဲ
တိတ်ဆိတ် မှောင်ပိတ်တဲ့ အထီးကျန်ဆန်မှုနဲ့ပေါ့။

ငါ့မှတ်ဥာဏ်အရိပ်အောက် ထိုင်နေဆဲ
တစ်နေ့မှာ
ငါ့နံရံရဲ့ မပြည့်စုံမှုကို ငါတွေ့ခဲ့တယ်။

တစ်ဖက်ခြမ်းက
တစ်စုံတစ်ယောက်ကလည်း
ပြောနေတယ်...
မင်းရဲ့နံရံက အရုပ်ဆိုးတယ် တဲ့။
အဲဒီနေ့မှာပဲ
ငါ့ခြေထောက်ပေါ် ပန်းတစ်ပွင့်ကျလာပြီး
ငါလည်း စတင်ငိုကြွေးမိတယ်။
နံရံ ထိပ်ဆုံးရောက်အောင်
ငါတက်ကြည့်လည်း
အဲဟိုဘက်မှာ ဘယ်သူမှမရှိ။

ငါ့နံရံ ဘယ်လောက်မြင့်မြင့်
ချို့ယွင်းချက်နဲ့ မလှပမှုတွေပဲရှိတယ်၊
အရာတိုင်းက အလကားပဲ၊
ဘာမှ မကျန်ဘူး၊
ငါတစ်ယောက်တည်းပဲ အထီးကျန်ရတယ်။
ငါ့မျက်ရည် စီးကျရင်းငြီးတွားစဉ်
ထူးဆန်းစွာ တစ်စုံတစ်ခု တိုးဝင်လာရဲ့
ဘုရားသခင် ငါ့နံဘေး ရှိသလိုမျိုး
ငါ အထီးမကျန်တော့ပါ။

တစ်နေ့ပြီးတစ်နေ့
သူက ငါ့ကို သင်ပေးတယ်
ငါ့နံရံ ဘာလို့ အရုပ်ဆိုးရတဲ့ အကြောင်း။
ပထမဆုံး ဖယ်ပစ်စေခဲ့တာ
မနာလိုမှုဆိုတဲ့ ကျောက်တုံးပဲ။
ငါအင်တင်တင် ဖြစ်ပြီးမှ ဖယ်ပစ်ခဲ့ရ။
အဲဒီနောက် တစ်ခုပြီးတစ်ခု…။

ငါ့ဘဝ တစ်သက်တာ
စုဆောင်းခဲ့တဲ့
ကျောက်စိုင် အစုအဝေးတွေကျန်သေးရဲ့
အမှန်ပြောတတ်တာ...
ကလေးဆန်တာ...
ခေါင်းမာပြီး ဇွတ်တရွတ်နိုင်တာ...
ကျောက်တုံးပေါင်းများစွာ
အဆုံးမှာတော့
သူ့အကူအညီနဲ့
နံရံကနေ ဖယ်ပစ်ခဲ့ပေါ့။
ဒါနဲ့တောင်
နောက်ထပ်အများကြီး
ကျန်သေးရဲ့။
ငါ့ဘဝရဲ့ ဂုဏ်မောက်စရာတွေလေ။
ဒါတွေရဖို့
ငါ ကြိုးစားခဲ့ရ၊
ငါ မောပန်းခဲ့ရ။
ဘယ်လို လွယ်လွယ်
ဖယ်ရမလဲ။

ဘာပဲဖြစ်ဖြစ်
အပြင်က ကမ်းလက်တွေကိုကြိုဖို့
ငါ့နံရံကို ငါဖယ်ခဲ့တယ်။
တစ်နေ့မှာတော့
ဒီနံရံ ပြိုကျလိမ့်မယ်...။
ငါတို့လည်း
တစ်နေရာနဲ့ တစ်နေရာ
လွတ်လပ်စွာ လျှောက်လှမ်းနိုင်တော့မယ်။
အားလုံးဟာ
ဘုရားသခင်ရဲ့
မိသားစုဝင်တွေပါ။
...
(သိင်္ဂါကျော်)
The Wall ကို မှီငြမ်းပါသည်။
...

2 comments:

ငှက်ကလေး said...

ကောင်းတယ် မမရေ ဖတ်ပြီး ကောင်းတယ် လို့ပဲ ပြောလိုက်တော့မယ်နော် စကားလုံး ရှာမတွေ့လို့ အဟဲ

ဘိုင်

ရွှေပြည်သူ said...

တစ်ပုဒ်လုံး အဓိပ္ပါယ်တွေနဲ့ ပြည့်နေတာပဲ။ ကိုယ်တိုင်ကလည်း နံရံဆောက်ဆောက်နေတတ်သူမို့ ရင်ထဲအထိ ရောက်သွားတဲ့ ကဗျာလေးပါ။ နောင်လည်း အများကြီး ဆက်ရေးနိုင်ပါစေ အစ်မ...