24 December, 2012

ခရစ္စမတ်ချစ်သူ (၃)


နှင်းသည်းသည်းထဲ
ခရစ္စမတ် မီးရောင်တွေ
လင်းလက်လှပတဲ့ ညတွေလည်း
ကောင်မလေးနဲ့ မတွေ့ခင်က
ကိုယ့်စိတ်ထဲ အေးစက်မှောင်မဲလို့။

ခရစ္စမတ်ညရဲ့ တစ်သက်မမေ့စရာ
နှင်းဝတ်စုံ ဖြူလွှလွှနဲ့ ချစ်စရာ ယုန်မလေးဟာ
ကိုယ်ရဲ့ ထာဝရကောင်မလေး ဖြစ်လာလိမ့်မယ်လို့
ကြိုမသိခဲ့ရိုးအမှန်ပါ။

ကောင်မလေးနဲ့ ချစ်ခြင်းထပ်တူကျပြီးတဲ့နောက်
ညတွေ ဘယ်လောက် ဆိုးနေနေ
ကိုယ့်စိတ်ထဲ လှပနွေးထွေးလို့။

နှင်းတွေမကျပေမယ့်
ခရစ္စမတ်ကတော့ အေးမြမြဲ
မီးရောင်စုံတွေ မခမ်းနားပေမယ့်
ခရစ္စမတ်ကတော့ လှပမြဲ။

ကောင်မလေးရေ
မင်းသာ ငါ့အနားမှာ ရှိနေပေးပါ
ခရစ္စမတ်တိုင်းလည်း လှနေမယ်။
နေ့တွေ ညတွေတိုင်းလည်း
လှနေမှာ အသေအချာ။

 (သိင်္ဂါကျော်)

ခရစ္စမတ်ချစ်သူ
ခရစ္စမတ်ချစ်သူ (၂)

18 December, 2012

မရွာတတ်သောမိုး

တစ်ခါတုန်းကပေါ့
Every Minute I Love You လို့
ပြောခဲ့ဖူးသူ တစ်ယောက်လည်း
ခုနေခါတော့ နှုတ်မဆက်ပဲ ပျောက်ကွယ်လို့
တစ်မိနစ်စာမှတောင် သတိရတော့မယ်မထင်။

တစ်ခါတုန်းကပေါ့
ကိုယ်မချစ်ရင်ပဲ သူ့ဘဝပျက်တော့မလို
လျှာအရိုးမရှိ ညာတတ်တာတွေကို
စိတ်ရင်းနဲ့လို့ထင်ပြီး
ကိုယ့်စိတ်ရင်းကိုပါ ပြမိတော့မလိုနဲ့
တကယ်တမ်းတော့လည်း သူဟာ
ချစ်စကားပြောတမ်း ကစားရခြင်းမှာ
ပျော်မွေ့ချင်သူသာ ဖြစ်ရဲ့။
ခုနေခါတော့ သူရော ကိုယ်ပါ
ကစားပွဲက နှုတ်ထွက်ခဲ့ပြီးပေါ့။

ကိုယ့်ဘက်က ချစ်ခြင်းကတိကို
အတိအကျ မပေးဖြစ်ခဲ့သေးတဲ့အခါ
သူတို့ဟာ သစ္စာဖောက်သူမဟုတ်လို့ ငြင်းနိုင်ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ
မချစ်တတ် မမုန်းတတ်သူ ဖြစ်အောင်
ပါရမီဖြည့်တယ် ယူဆပြီး
အားလုံးကို နားလည် ပေးလိုက်ရင်း
အပေါင်းအသင်းတွေကို ကြေငြာထားတဲ့စကား
ခုထိ ကိုယ့်ကိုယ်ကို သတိထားနေတယ်
ဘယ်တော့မှ အသည်းမကွဲစေရဘူး လို့..။

တစ်ရံတစ်ခါ
သတိရခြင်းတွေ ငွေ့ရည်ဖွဲ့လာတာကို
မတားနိုင်ပေမယ့်လည်း
ရွာတော့မချစေရပါလေ..။

သိင်္ဂါကျော်
(ဘာရယ် မဟုတ်ပါဘူး..။ ခရီးသွားရင်း ကားပေါ်မှာ တရေးနိုး ရေးမိတဲ့ ကဗျာလေးပါ။ ခုတလော မအားတာရယ်၊ စာရေးဖို့ စိတ်မပါတာရယ်ကြောင့် ပျောက်နေပါဦးမယ်။)

01 December, 2012

ချိုသော ချစ်သော ဒီဇင်ဘာ


ဒီဇင်ဘာက
တိတ်တိတ်ဆိတ်ဆိတ်လေး လှမ်းလာ…
နှင်းတစ်ပွင့်မှ မဝေတဲ့ နေရာမှာ နေထိုင်သူအတွက်
ရောက်နေမှန်းတောင် မသိလိုက်ရ။

အောက်တိုဘာတွေရော နိုဝင်ဘာတွေရော
နေ့တဓူဝထဲမှာပဲ မျောနေလေတော့
အမှတ်ရစရာ ဘာမှ မရှိတဲ့ နေ့တွေ
အကုန်လွယ်သွားတာ မသိလိုက်ဘူးပေါ့။

“Happy Birthday” တဲ့
Sweet December က တံခါးလာခေါက်မှ
ဖြတ်ခနဲဆို သတိရသွားတယ်
အသက်တစ်နှစ်တောင် ကြီးလာပြန်ပေါ့လား။

ဂါဝန်လှလှ ဝတ်ပြီး
ဆုတောင်းသံတွေကြားမှာ မွေးနေ့ကိတ်မှုတ်နေကြ
အလွှာထဲကလည်း မဟုတ်ဘူး။
မွေးနေ့ အလှူမင်္ဂလာ ခြိမ့်ခြိမ့်သဲ လုပ်နိုင်ကြတဲ့
အလွှာထဲကလည်း မဟုတ်ဘူး။
ရုံးကန်နေရတဲ့ ဘဝတွေအတွက်
အသက်တစ်နှစ်ကြီးလာတာဟာ
ဘာများ ဂုဏ်ယူစရာ ကောင်းသလဲကွယ်။

မသိလိုက်မသိဘာသာ မိုက်မဲ တွေဝေမှုတွေနဲ့
ဖြတ်သန်းခဲ့တဲ့ နေ့တွေထဲ
စိတ်တွင်းက အညစ်အကြေးတွေ
ဘယ်လောက်တောင်မှ များခဲ့သလဲ ဆိုတာ
ဘယ်နှခါများ ပြန်ဆန်းစစ်ဖူးကြသလဲ။

Sweet December ရေ
ကျေးဇူးတင်ပါရဲ့နော်..
သေဖို့ တစ်ရက်နီးလာတာကို သတိပေးတဲ့ အတွက်…။
ငါ့ကိုယ်ငါ ဆုံးမချင်တာလေးတွေ သတိရစေတဲ့ အတွက်..။

ငါတို့က ဧည့်သည်တွေပဲလေ…
ဘာကြောင့်များ အငြင်းပွားတိုက်ခိုက်မှုတွေနဲ့
နေ့ရက်တွေ အရုပ်ဆိုးအောင် လုပ်နေမလဲကွယ်။
တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးလိုက်ကြပါ..
ကိုယ်မကြိုက်တာကို လုပ်တာဟာ သူ့စိတ်ချမ်းသာမှုနဲ့ သူ့ဗီဇပဲ ဆိုရင်
ငါက ဥပေက္ခာပြုလိုက်ပါ့မယ်။
ချစ်ခြင်း မုန်းခြင်းတွေနဲ့ လောင်မြိုက်စေမယ့် နေ့ရက်တွေကို
ငါ့အပေါ် မသက်ရောက်စေအောင်
တတ်နိုင်သမျှ ကြိုးစားချင်တယ်။

ငါက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး ဧည့်သည်ပါ
ချစ်သောသူများရဲ့ မေတ္တာနဲ့
ခါးသော နေ့ရက်တွေကိုတောင် ချိုသယောင်ပြုနိုင်ပါတယ်။
မမြဲတဲ့ သဘောတရားတွေထဲ
ဒုက္ခဆိုတာ ရှိခဲ့လည်း ခဏပဲပေါ့ မဟုတ်လား။
သူငယ်ချင်းများရေ…
ချိုသော ချစ်သော ဒီဇင်ဘာက စတင်ပြီး
ပျော်ရွှင်သော လှပသော ချိုမြိန်သော ချစ်ခြင်းပြည့်သော
နေ့ရက်များသာ အမြဲတမ်း ဖြစ်စေနော်…။

သိင်္ဂါကျော်
1.12.2012
10: 20 AM

25 November, 2012

နိုဝင်ဘာ ကောင်မလေး



ကောင်မလေးရေ..
မင်းနဲ့ငါ ခုထက်ထိ
မျက်နှာချင်းဆိုင် မတွေ့ဖူးပါသေးဘူး။

မင်းကို နိုဝင်ဘာ မွေးနေ့ရှင်ကလေးမှန်း သိတယ်။
ဝိုးတိုးဝါးတား ဓါတ်ပုံတွေထဲက အပြုံးမျက်နှာလေးကို
စိတ်ကူးထဲအထိ စွဲလမ်းနေတယ်။
ယဉ်ယဉ်ကျေးကျေး နှိမ့်ချ ပြောတတ်တာလေးကို
လေးစားခဲ့တယ်။
စိတ်မဆိုးတတ်တာလေးကို
သဘောကျမိတယ်။
လေလှိုင်းထဲက မချို့တချို အသံလေးကို
နှစ်သက်မိတယ်။
မင်းရယ်သံတွေ လွမ်းလွန်းလို့
ငါ့အိပ်မက်တွေတောင် သံသရာ ရှည်ခဲ့ရပါတယ်။

နိုဝင်ဘာမလေးရေ..
မင်းနာမည်ရင်းကို ငါမသိပါဘူး။
မင်း ဘယ်နေရာမှာနေပြီး ဘာလုပ်တယ်
အတိအကျ မသိရပါဘူး။
ငါ အသေအချာသိတာ
တစ်ခုသာ ရှိပါတယ်။
ငါ့နှလုံးသားကို မင်းအပိုင်သိမ်းခဲ့တာပါ။

နိုဝင်ဘာတွေမှာ မိုးမရွာတတ်တာကို ငါသိပါတယ်..။
မင်းနှလုံးသားကတော့ ခြောက်သွေ့မနေဖို့ မျှော်လင့်နေတုန်းပါ။
နိုဝင်ဘာတွေမှာ
တစ်ချို့နေရာတွေက နေပြင်းလို့ကောင်းတုန်း
တစ်ချို့နေရာတွေမှာတွေမှာတော့ နိုဝင်ဘာ ပီပီသသ
အအေးဓါတ် စိမ့်ဝင်စပြုလာ။
ကောင်မလေးရေ..
မင်းကတော့ နေရာလိုက်ပြီး ဆက်ဆံရေး ပြောင်းတတ်သူလို့
ငါဘယ်တော့မှ ထင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်းတိုင်းကို
ချိုသာစွာ ရိုးသားတတ်သတဲ့
ငါ့ရဲ့ ဆောင်းဦးမလေး ရေ…
မင်းရဲ့ အပျော်တမ်း စကားပြောဖော်သက်သက်တော့
ငါမဖြစ်ရလိုပါ။
ငါ့ရဲ့ အစစ်အမှန် ကမ္ဘာမှာသာ
ထာဝရ သာစေချင်တဲ့ လမင်းတစ်စင်းဟာ
မင်းတစ်ယောက်သာ…။

သိင်္ဂါကျော်

22 November, 2012

ငှက်ကလေးရေ..

 
ငှက်ကလေးရေ..
မင်းအတွက်တော့
ခြေချစရာ မြေမလိုပေဘူးပေါ့။
ခြေနှစ်ချောင်းချင်း အတူတူပေမယ့်
မြေကို တပ်မက်လို့ လောဘတက်နေတဲ့လူတွေ
နောက်ဆုံးတစ်နေ့တော့လည်း
ကံကောင်းမှ ၆ပေ ၄ပေ တစ်ကွက်ထဲမှာ အခြေချရမှာကို
မသိသလို မေ့ရင်း
အငြင်းပွား တိုက်ခိုက်သူတွေ၊
မသိမသာ ခိုးဝှက်လုယူသူတွေ
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းအတွက်တော့
သဘာဝကပေးတဲ့ မြက်ခြောက် ရွက်ခြောက်နဲ့ပဲ
မင်းအိမ်ထောင်စုကို နှစ်သိမ့်နိုင်ပေမယ့်
အဲဒီ ခြေနှစ်ချောင်းသားတွေကတော့
အိမ်တစ်လုံးအတွက် လောဘတက်နေကြရ၊
ဒေါသသင့်နေကြရ
နေစရာတစ်နေရာ အတွက် ဘဝပျက်ကြရသူတွေလည်း
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းတို့ အမျိုးအဆွေအချင်းချင်း
အညှိုးဖွဲ့ သတ်ဖြတ်ကြဖူးသလား
အဲဒီ ခြေနှစ်ချောင်းသား တွေကတော့
ဟိုဟိုဒီဒီ အကြောင်းပြပေမယ့်
နောက်ဆုံးကျတော့လည်း
အတ္တ လောဘ မှိုင်းတွေ ဝဝနေတဲ့ အကြောင်းရင်းနဲ့ပေါ့
အသက်တွေ ကြွေကြ၊ ချွေကြသူတွေလည်း
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းအတွက်
သဘာဝက ပေးတဲ့ အမွေးအတောင်တစ်စုံနဲ့
အဲဒီ ခြေနှစ်ချောင်းတွေနဲ့ ဝေးရာမှာသာ
အိမ်မပြန်နိုင်သူတွေ အားကျအောင်
ပျံသန်းနေလိုက်ပါ။
စာနာစိတ် တစ်စိမရှိသူတွေရဲ့ ဝမ်းစာ ဖြစ်သွားမှာလည်း
စိုးရိမ်ရလို့ပါ။

သိင်္ဂါကျော်

15 November, 2012

ဒေါသစိတ်ကလေး စက္ကန့်၆၀

သူငယ်ချင်း တစ်ယောက် ပြောပြလို့ သိရတဲ့ ဖြစ်ရပ်မှန်လေးကို အခြေခံပြီး ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ 
******************

သူ့မိဘများက သူ တက္ကသိုလ် မပြီးခင် လွန်ခဲ့သော နှစ်များကပင် ဆုံးပါးခဲ့ပြီး အဒေါ်အပျိုကြီးက သူ့ကို ကျောင်း ဆက်ထားပေးခဲ့သည်။ သူက ကျောင်းတက်စဉ်ကလည်း ရန်ကုန်မှာ အဆောင်နေ၊ အလုပ်ရတော့လည်း တစ်ခြားမြို့သွားနေ၊ အဒေါ်ကလည်း တရားသမားဖြစ်သဖြင့် တရား ရိပ်သာများ လှည့်ဝင်နေသည်က များရာ သူ့ကို တစ်ကောင်ကြွက်သမားလို့လည်း ပြော၍ ရသည်။
သူ နှင့် သူ့မိန်းမ မရီတို့ လွန်ခဲ့သော ဆယ်နှစ်ခန့်က လက်ထပ်ခဲ့ကြသည်။ သူ ပထမဆုံး ပိုစတင် ကျသော မြို့က မရီ၏ ဇာတိမြို့ ဖြစ်ခဲ့သည်။ ဈေးထဲမှာ ဈေးဝယ်နေသော သူမ နှင့် စတွေ့ကာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ မရီက အဝေးသင်နှင့် ဘွဲ့တစ်ခု ရခဲ့သော်လည်း အလုပ်မလုပ်ပဲ အိမ်မှာပဲနေကာ သူမအမေ၏ ဆိုင်အလုပ်ကို ကူပေးနေခဲ့သည်။ သူနှင့် မေတ္တာမျှ ပြီးနောက် မကြာခင်မှာပဲ လက်ထပ်ဖြစ်ကြသည်။ သူ့အလုပ်ကပေးသော အိမ်ရာမှာ နှစ်ယောက်သား နေခဲ့ကြသည်။ အဲဒီနောက် သမီးကြီးကို မွေးသည်။ သူ့လခအပြင် မရီက အိမ်မှာ အိမ်ဆိုင်ငယ်လေး ဖွင့်လိုက်သဖြင့် စားဝတ်နေရေးက ပြေလည်ပါသည်။
အစိုးရဝန်ထမ်းပီပီ တစ်မြို့မှာ အခြေကျနေစဉ်မှာပင် နောက်တစ်မြို့သို့ ရာထူးတိုးပြီး ပြောင်းခဲ့ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အေးချမ်းသော မြို့ကလေး တစ်မြို့ ဖြစ်သည်။ သမီးကြီးက သုံးနှစ်ကျော်ကျော် ရှိပြီ။ အဲဒီမြို့ကို ရောက်မှ သားလတ် နှင့် သမီးငယ်ကို တစ်နှစ်ခြားပြီး မွေးသည်။ သူရောက်ပြီး တစ်နှစ် ကျော်ကျော်လောက်မှ အလုပ်နေရာက မြို့ပြင်နားက နေရာသစ်ကို ပြောင်းရွှေ့ခဲ့သဖြင့် မရီကို ဝန်ထမ်း အိမ်ရာသို့ မလိုက်စေပဲ မြို့ထဲမှာ ငှားထားသော အိမ်မှာပဲ နေစေခဲ့သည်။ သမီးကလည်း မွေးကာစပဲ ရှိသေးသဖြင့် ပြောင်းရရွှေ့ရမှာ အလုပ်ရှုပ်သဖြင့် သူပဲ မြို့ထဲက အလုပ်ကို ဖယ်ရီနှင့် သွားနေလိုက်သည်။
သမီးကြီးလာတော့လည်း မြို့ထဲက အိမ်မှာက နေသားကျနေသည့် အပြင် အလုပ်က ပေးထားသော ကားနှင့် အသွားအလာကလည်း အဆင်ပြေနေသဖြင့် သူတို့ အိမ် မပြောင်းဖြစ်ခဲ့ပါ။ သူအတွက်တော့ ရာထူးကြီးပြီး တာဝန်တွေ များလာသဖြင့် အလုပ်က နောက်ကျမှ ပြန်ရတာတွေ များလာသည်။ တစ်ခါတလေ လူကြီး လာဖို့ ရှိလျှင် အလုပ်မှာပင် အိပ်လိုက်တာမျိုးတွေ ရှိလာသည်။ မရီကလည်း ကလေး သုံးယောက် ဖြစ်လာသဖြင့် လူခွဲမရှိတော့ အိမ်ဆိုင်တွေ ဘာတွေ ဖွင့်ရောင်းဖို့ အချိန်မရှိပါ။ အခု အလုပ်နေရာက အပို ဝင်ငွေလေး ဘာလေး ရ၍သာ တော်ပါသေးသည်။ အဲဒီအပြင် သူက တနင်္ဂနွေလို ပိတ်ရက်မျိုးမှာ ရွာနီးချုပ်စပ်သို့ သွားပြီး ဆန်လေး၊ ပဲလေး ဝယ်လှောင်တာ၊ ဝယ်ရောင်းတာမျိုးလည်း လုပ်လိုက်ပါသေးသည်။ အဲဒီတော့ သူတို့မှာ စားဝတ်နေရေးကတော့ ပူပင်စရာ မရှိပါ။ အဆင်ပြေနေပါသည်။
မရီဟာ သူ့အတွက် ပါရမီ ဖြည့်ဖက် စစ်စစ် ဖြစ်သည်ဟု သူယုံကြည်ပါသည်။ မရီ နှင့် သူ ဟာ နှစ်ယောက် တစ်ခြမ်းစီ ပေါင်းစပ်မှ ပြည့်စုံသော တစ်စုံတစ်ရာ ဖြစ်လာသည်ဟု သူ ခံစားမိသည်။ သူတို့ အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ အခြေအတင် စကားများကြတယ် ဆိုတာ တစ်ခါမှ မရှိစဖူးပါ။ မရီက မိန်းမ ပီသသည်၊ အိမ်ထောင် ထိန်းသိမ်းမှု နိုင်နင်းသည်။ သူကလည်း မရီကလွဲပြီး တစ်ခြား ရှုပ်ရှုပ်ယှက်ယှက် မရှိ။ ရသမျှ မိန်းမကိုပဲ အပ်ပြီး အားသည့် အချိန်တိုင်းလည်း အိမ်ကို မှန်မှန် ပြန်သူ ဖြစ်သည်။ လင်မယား နှစ်ယောက်လုံးက ဟော့ဟော့ရမ်းရမ်း မရှိပဲ ရိုးသား ပွင့်လင်းသူများ ဖြစ်သောကြောင့် ပတ်ဝန်းကျင်က ချီးကျူးကြသည်။ ကလေး သုံးယောက် ရှိသော်လည်း အိမ်မှာ အိမ်ဖော်မထားပဲ မရီကပဲ အိမ်မှုကိစ္စတွေ အားလုံး နိုင်နင်းအောင် လုပ်သွားသည်။ သူကတော့ သူ့အလုပ်ကလွဲပြီး တစ်ချို့ ယောက်ျားလေး လုပ်မှ ဖြစ်သည့် မီးပြင်တာ၊ ရေပိုက်ပြင်တာ လိုမျိုးကိုပင် အဖြစ်ရှိအောင် မလုပ်တတ်သူ ဖြစ်သောကြောင့် သူ့တပည့်လေး တစ်ယောက်ယောက်ကို ခေါ်ခိုင်း ရသည်။ ဒါတွေ သူကိုယ်တိုင် မလုပ်တတ်တာကိုလည်း မရီက အပြစ်မြင်တတ်သူ မဟုတ်ပါ။
ဒီမြို့ကို ရောက်ကတည်းက ဆိုသလို သူတို့အိမ်မှာ လိုအပ်တာ ခေါ်ခိုင်းလေ့ ရှိသူက သူ့အလုပ်က ဝန်ထမ်းငယ် တစ်ဦး ဖြစ်သော မောင်ဝင်းထွတ် ဖြစ်သည်။ အစောပိုင်းကတော့ လိုတာရှိလျှင် သူကိုယ်တိုင် မောင်ဝင်းထွတ်ကို ဖုန်းဆက် ခေါ်လေ့ရှိသော်လည်း နောက်ပိုင်း သူကလည်း အလုပ်များလာပြီး အိမ်မှာ မရှိသည့် အချိန်က များလာသောအခါ မောင်ဝင်းထွတ်ကို သိနေပြီ ဖြစ်သော မရီက သူ့ဟာသူပင် ခေါ်ခိုင်းကာ မုန့်ဖိုးပေးလိုက်လေ့ ရှိသည်။ မောင်ဝင်းထွတ် အိမ်ကလည်း သူတို့အိမ်နှင့် သိပ်မဝေးသဖြင့် အဆင်ပြေသည်။ မရီက ကလေးတွေ တစ်ဖက်နှင့်မို့ အပြင်မထွက်နိုင်သည့်အခါ ဟိုနား ဒီနား ဝယ်စရာ ခြမ်းစရာ ရှိလျှင်လည်း မောင်ဝင်းထွတ်ကိုပင် ဝယ်ခိုင်းလေ့ ရှိသည်။ နှစ်ယောက်လုံးက မောင်ဝင်းထွတ်ကို ကိုယ့် ညီငယ်/မောင်ငယ် သားချင်း လိုပင် သဘောထားခဲ့သည်။ သူ အိမ်မရှိသည့် အခိုက် လိုအပ်သည့်အခါ အဖော်အလှော် ရသဖြင့် ကျေးဇူးလည်း တင်သည်။ မောင်ဝင်းထွတ်ကလည်း ရိုးသားပုံ ပေါက်သည်မို့သာ သူကလည်း စိတ်ချလက်ချ ဝင်ထွက်ခွင့် ပြုထားခြင်းဖြစ်သည်။
ဒီနှစ် သမီးကြီးက လေးတန်း ရောက်ပြီ။ သားလတ်က တစ်တန်း၊ သမီးငယ်က သူငယ်တန်း တက်နေပြီ။ ကလေး သုံးယောက်လုံးကလည်း ခုချိန်ထိ တစ်ယောက်မှ ဒုက္ခကြီးငယ် မပေးခဲ့ကြပါ။ ကျန်းမာရေး မကောင်းတာမျိုး၊ အော်ဟစ် ငိုယို ဂျီကျတာမျိုး တစ်ယောက်မှ မရှိပါ။ ကျောင်းနေတော့လည်း စာလိုက်နိုင်ကြသည်။ သူတို့ စီးပွားရေးကလည်း ကလေးတွေ လိုအပ်သလောက် အသင့်အတင့် ဝယ်ခြမ်းပေးနိုင်အောင် ပြေလည်သည်။ ဘာဆိုဘာမှ ပူပင်စရာရယ်လို့ မရှိပါ။
အစစ အရာရာ အဆင်ပြေနေသော အေးအေးချမ်းချမ်း သူတို့ မိသားစု ဘဝလေး ကို လေနီကြမ်းလို မွှေ့ရမ်းနိုင်သော အကြောင်းကိစ္စမျိုး ပေါ်ပေါက်လာလိမ့်မည် ဟု သူ အိပ်မက်မျှပင် မမက်ဖူးခဲ့ပါ။ သမီးတို့ သားတို့ ဘွဲ့အသီးသီးရ၊ လူလားမြောက်ကြချိန် အထိလည်း သူတို့ လင်မယားရဲ့ ချစ်လက်စသစ်ပင်မှာ အညွန့်အဖူး ဝေစည်နေဆဲ ဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲ အကြောင့်အကြမဲ့ ရှိခဲ့သည်။ သို့သော်လည်း ဘဝ ဆိုသည်မှာ မျှော်လင့်မထားသည်များလည်း ဖြစ်တတ်သည်မှာ အမှန်ပင် ဖြစ်သည်။

*******

သံလွင်အိပ်မက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်နော်..။
http://www.thanlwin.com/beta/index.php/short-stories/243-2012-11-13-02-17-31


သိင်္ဂါကျော်

12 November, 2012

အနေအထိုင်မတတ်တဲ့ စိတ်ကူးသမား

ပုံစံခွက်တွေထဲ အခြေကျနေတာကြာတော့လည်း
ပျင်းပျင်းရိရိနဲ့ စိတ်တွေ ခြေဆန့်ချင်လာတယ်။

အမြဲ ရှင်းလင်းထားတဲ့ ကွက်လပ်ထဲ
တစ်ရံတစ်ခါတော့လည်း
သံယောဇဉ်နွယ်တွေ စည်ပင်ခွင့် ပေးချင်ပြန်ရော၊
ရေလောင်းပေါင်းသင်ရင်းနဲ့ပဲ
မရှင်သန်နိုင်တော့တာလည်း ရှိမယ်။
လောကဓံ ခက်ခဲလာတဲ့ အချိန်တွေကြား
မေ့လျော့ပြီး ပစ်ထားမိလို့
ခြောက်သွေ့သေဆုံးသွားတာလည်း ရှိမယ်။
အဲဒီအခါ ဝမ်းမနည်းကြေးလို့
ကိုယ့်ကိုယ်ကို အားပေးရင်း
ပျော်သလို နေခဲ့သူပေါ့။

သံယောဇဉ်တွေ အခက်ဝေလို့ ခုတ်မပစ်ရက်တဲ့အခါ
ရှင်သန်ခြင်းတွေ လှပလို့…။
နှလုံးသားကို အဖြူရောင် ကျောက်သားလို
ကာကွယ်ထားချင်သူ ဖြစ်လျှက်
ပတ်ကြားနက်အောင် တိုးဝင်ချင်တဲ့
နွယ်မြစ်တွေကို သတ်မပစ်နိုင်ခြင်းဟာ
ပြင်မရတဲ့ အားနည်းချက် တစ်ခုသာ။

ကိုယ်ဘက်ကမပေးနိုင်တဲ့ အရာကို
သူတစ်ပါးဆီက မလိုချင်ပါနဲ့လို့
ကိုယ့်ကိုယ်ကို ပြန်ဆုံးမနေရင်းနဲ့ပဲ
အနေအထိုင်မတတ်တဲ့ စိတ်ကူးတွေကြောင့်
ဟိုမရောက် ဒီမရောက်ထဲမှာပဲ လွင့်လွင့်နေတယ်။

တကယ်တမ်းတော့လည်း
ကိုယ့်လမ်းကို သွေဖည်ဖို့ သတ္တိမရှိသူပါ၊
ကမ်းမယ့်လက်ကို လှမ်းဖြစ်ခဲ့ရင်
လျှောက်နေကြလမ်းထက် ပိုကြမ်းချင်ကြမ်းနိုင်တဲ့အခါ
သတိရခြင်းတွေကို ဖြတ်သင့်သလောက်ဖြတ်ရင်း
ပိုးဖလံ အဖြစ်မခံနိုင်တဲ့သူမှာ
အကောင်အထည်ပြစရာမရှိတဲ့ စိတ်ကူးတွေပဲ တိုးတိုးလာလေရဲ့။

သိင်္ဂါကျော်

09 November, 2012

အကောက်တောင် ရွှေမြင်တင် ဘုရား

ခုတလော အားနေပေမယ့် စာရေးဖို့ရာ စိတ်မပါပဲ ဖြစ်နေလို့ ရေးလက်စတွေလည်း အပြီး မသတ်နိုင်ပဲ ဘလော့ကို ပစ်ထားမိတာ ကြာသွားပါတယ်။
အခုလည်း စာမတင်သေးပဲ သွားခဲ့တဲ့ အနီးအနား ခရီးတစ်ခုက ပုံလေးတွေ တင်ရင်းနဲ့ ဘလော့ကို ဖုန်ခါရပါတော့မယ်။

အကောက်တောင် ဟာ ပြည်မြို့ တစ်ဘက်ကမ်း ထုံးဘို အနီးမှာ တည်ရှိပါတယ်။ ပြည်မြို့ကနေ ထုံးဘိုမြို့ကို သွားတဲ့ လိုင်းကားများ ရှိပေမယ့် အတွင်းဘက် ဝင်ရတာ အနည်းငယ် ဝေးတာကြောင့် ကိုယ်ပိုင်ကားများ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် ငှားသွားတဲ့ ကားများ၊ ဆိုင်ကယ်များနဲ့သာ သွားကြတာ များပါတယ်။ 

ကို်ယ့်အိမ်က ပြည်မှာ ဆိုပေမယ့် ပြည်က သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာနေပြီမို့ အိမ်ပြန်ရောက်ရင် ဘယ်မှ မထွက်ဖြစ်တာ များပါတယ်။ ကိုယ်တိုင်ကလည်း ဆိုင်ကယ်တောင် မစီးတတ်တာလည်း ပါတာပေါ့လေ။ တစ်နေ့ကတော့ သူငယ်ချင်းတစ်ယောက် လာလည်ပါတယ်။ ကိုယ်တို့ နှစ်ယောက်လုံးရဲ့ ဆရာမ တစ်ယောက်ကလည်း ပြည်မှာ တာဝန် ထမ်းဆောင် နေခိုက်မို့ ဆရာမဆီ လာရင်းနဲ့ ကိုယ့်ဆီ ဝင်လာတာပါ။ ဆရာမက ခရီးကနေ ပြန်မရောက်သေးတာနဲ့ သူ လာတဲ့ တစ်ရက်ကို အလကား မဖြစ်အောင် အကောက်တောင် သွားကြမလားလို့ ကိုယ်က အကြံပြုတော့ သူကလည်း သဘောတူပါတယ်။ ပြည်ဇာတိပေမယ့် အဲဒီကို တစ်ခေါက်မှ မရောက်ဖူးတော့ ကိုယ်ကလည်း တော်တော် သွားချင်နေတယ်လေ။ သူက ပြည်ကို နှစ်ခါလောက် ရောက်ဖူးပြီးသားမို့ တစ်ခြားနေရာ အတော်များများ ရောက်ဖူးပြီး အကောက်တောင်ကိုပဲ မရောက်ဖူးသေးတာမို့ စိတ်ပါနေပါတယ်။ ဒါပေမယ့် မိန်းကလေး နှစ်ယောက်တည်း သွားရမှာ နည်းနည်း ဝေးပြီး လူပြတ်မှာ စိုးတာနဲ့ ကိုယ့်အဖေကိုပါ ခေါ်ပြီး ဆိုင်ကယ်နှစ်စီးနဲ့ သွားခဲ့တာပါ။ ကိုယ်က ဆိုင်ကယ် မစီးတတ်တဲ့ သူ ဆိုတော့ သူငယ်ချင်းနောက်က လိုက်တာပေါ့။

တကယ်တော့ လမ်းလည်း သေချာမသိပါဘူး။ ဒီလိုပဲ လမ်းမှာ မေးစမ်းပြီးတော့ သွားရတာပါ။ ကိုယ့် အဖေ ဆိုတာကလည်း အသက် ၆၀ ကျော်နေပြီ ဆိုတော့ ဆိုင်ကယ် မြန်မြန် စီးရဲတာ မဟုတ်တော့ ကိုယ်တို့ ဆိုင်ကယ်ကို မှီအောင် မနည်းလိုက်နေရပါတယ်။ ပြည် နဝဒေး တံတားကို ကျော်ပြီး တစ်ဘက်ကမ်း မှာ နှစ်နာရီလောက် စီးပြီးတော့ ထုံးဘို မြို့ကို ရောက်ပါတယ်။ လမ်းက မဆိုးပါဘူး။ ထုံးဘို အဝင်လမ်းလေး ၁၅ မိနစ်လောက်သာ တော်တော် ဆိုးပြီး ကျန်တဲ့ ဟိုင်းဝေးလမ်းက ကောင်းပါတယ်။ ထုံးဘို ရောက်တော့လည်း လမ်းမှာ တွေ့တဲ့လူကို မေးပြီး ရွှေမြင်တင် ဘုရားသို့ ဆိုတဲ့ ဆိုင်းဘုတ်နောက် လိုက်ရပါတယ်။ လမ်းကျဉ်းလေး အတိုင်း သွားပြီး ဘယ်နားဆုံးမယ်မှန်း မသိ ဖြစ်နေတုန်း အဲဒီနား အိမ်ထဲက လူတစ်ယောက် ထွက်လာပြီး ဆိုင်ကယ် ဆက်သွားလို့ မရတော့ဘူး၊ ထားခဲ့ဖို့ ပြောမှ ထားခဲ့ရပါတယ်။ လမ်းပြ ကလေးလေး ၂ယောက်က လိုက်ပို့ချင်တယ် ဆိုတာနဲ့ ခေါ်ခဲ့ရပါတယ်။

တောင်ကမ်းပါးရံမှာ ထွင်းထားတဲ့ ဘုရားတွေကို ဖူးဖို့ အတွက် စက်လှေငှားရပါတယ်။ ကိုယ်တို့က လူကလည်း သုံးယောက်ထဲမို့ စက်လှေ အသေးလေးပဲ ငှားပြီး သွားခဲ့ပါတယ်။ ရေကြောက်တတ်တဲ့သူ ဆိုရင်တော့ ဒီ လှေ ခပ်ပါးပါး သေးသေးကို စီးရဲချင်မှ စီးရဲပါမယ်။ လူများရင် စက်လှေ အကြီး ငှားလို့ရတဲ့ နေရာလည်း ရှိပါတယ်။

လှေပေါ်ကနေ တောင်ကမ်းပါးရံက ဘုရားတွေကို ဖူးရတာ စိတ်ကျေနပ်စရာပါ။ အဲဒီလှေထဲမှာ မလှုပ်ရဲ၊ လှုပ်ရဲနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကတော့ ထင်သလောက် မကောင်းပဲ တော်တော် ဆိုးနေပါတယ်။  နေရောင် စူးတဲ့ အချိန်မို့ နေတည့်တည့်ကို ချိန် ရိုက်သလို ဖြစ်ပြီး အလင်းစက်တွေ ပါနေလို့ပါ။ တော်ရုံရိုက်တာမို့ မလိုဘူး ထင်ခဲ့တဲ့ Lens Hood လိုတာ၊ ရိုးရိုး filter မဟုတ်ပဲ UV filter လိုတာ လက်တွေ့ သိလိုက်ရပါတယ်။ Professional မဟုတ်တော့လည်း ဒီလိုပေါ့နော်။ တစ်ချို့ပုံတွေ မကောင်းပေမယ့် မှတ်တမ်းတင် ဓါတ်ပုံ အနေနဲ့ တင်လိုက်ပါတယ်။
 

စက်လှေပေါ်က လှမ်းမြင်ရတဲ့ တောင်ပေါ်က ဘုရားပါ။
 

တောင်ခြေကို ရောက်တော့ ကမ်းပါးကနေ နည်းနည်းလောက် တက်ရပါတယ်။ အတက်လမ်းက တောင်နံရံများမှာ ထုဆစ်ထားတဲ့ ရှေးဟောင်း ဘုရားရုပ်ထုတော်များကို ဖူးမြင်ရပါတယ်။







 နည်းနည်းလောက် တက်ပြီးတော့မှ အကောက်တောင် ရွှေမြင်တင်ဘုရားကို ရောက်တော့ အမောတွေ ပြေသွားပါတယ်။






တောင်ပေါ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပြီး ဘုန်းဘုန်းက ဘုရားဖူးများကို သက်သတ်လွတ်ဟင်းများနဲ့ ထမင်းကျွေးလေ့ရှိတယ်လို့ လမ်းပြ ကလေးလေး ပြောလို့ သိရပါတယ်။ ကိုယ်တို့ သွားတဲ့ နေ့ကတော့ ဘုန်းဘုန်း ခရီးထွက်နေလို့ မတွေ့ခဲ့ရပါဘူး။ ထမင်းစားချိန်လည်း လွန်သွားတာနဲ့ ဦးပုဇဉ်းတွေ ကို ဝတ္တုငွေ တတ်နိုင်သလောက် လှူပြီးတော့ ဦးပုဇဉ်းတို့ ချကျွေးတဲ့ ငှက်ပျောသီးနဲ့ ရေနွေးပဲ သောက်ပြီး ပြန်ဆင်းခဲ့ကြပါတယ်။
 
-->
အပြန်လမ်းကို အလာကအတိုင်း ကမ်းပါးစောင်းက ပြန်ဆင်းပြီး စက်လှေနဲ့ ပြန်ရင်လည်း ရပေမယ့် ရေတံခွန် ဆိုတာကို စပ်စုချင်တာကြောင့် နောက်တစ်လမ်းက ပြန်ဆင်းခဲ့ကြပါတယ်။ ရေတံခွန်လေးကတော့ ခုချိန် ရေမရှိတော့ဘူး ဆိုပြီး ရေတံခွန်ကြီးဘက်က ပတ်ဆင်းကြရအောင် ဆိုပြီး လမ်းပြကလေးတွေက ခေါ်သွားပါတယ်။ လမ်းမှာ ဘုရား နဲ့ ပဉ္စဝဂ္ဂီငါးဦးရဲ့ ရုပ်ထုတော်များကို တွေ့ရပါတယ်။ ပဉ္စဝဂ္ဂီငါးပါးကို ရဟန်းတော်များ အနေနဲ့သာ ထုလုပ်ထားတာကို တွေ့ရတာ များပေမယ့် ဒီမှာတော့ ရသေ့များအသွင် ထုလုပ်ထားတာ တွေ့ရပါတယ်။



ရေတံခွန်ကြီး ဆိုပေမယ့်လည်း ခုချိန်မှာတော့ ရေအနည်းငယ်သာ ရှိပါတယ်။ ဒါပေမယ့် ရေကျတဲ့ အောက်ဘက် ချိုင့်ဝှမ်းကတော့ နည်းနည်း နက်ပုံပေါ်ပါတယ်။ အဲဒီနေရာမှာ ရေပဲ ဆင်းကူးသလား၊ ပြုတ်ကျသလား မသိပါဘူး။ သိပ်မကြာသေးခင်ကပဲ သုံးယောက်လောက် ရေနစ် သေဆုံးဖူးတယ်လို့ ကြားထားပါတယ်။

 

 အပြန်လမ်း တစ်ထောက်မှာ တွေ့ရတဲ့ စေတီလေး တစ်ဆူပါ။

အပြန်လမ်းက အလာလမ်းထက်တော့ အနည်းငယ် ပိုဝေးပါတယ်။ ဘုရားဖူးရုံသက်သက် ဆိုရင်တော့ စက်လှေနဲ့သွားတဲ့ လမ်းကပဲ တက်ပြီး အဲဒီကပဲ ပြန်ဆင်းရင် နည်းနည်း ပိုသက်သာ နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုးနပ်တဲ့ ခရီးတစ်ခုပါပဲ။

ထုံးဘိုမြို့ဟာ အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ သခင်မြရဲ့ ဇာတိ ဖြစ်ပါတယ်။ အပြန်လမ်းမှာ သခင်မြ ရုပ်ထုကိုလည်း အမှတ်တရ ရိုက်ခဲ့ပါသေးတယ်။

သိင်္ဂါကျော်

14 October, 2012

ရက်လွန်ပန်း ရဲ့ သီအိုရီ


ဘယ်သူ့ကိုမှ လက်မကမ်းနိုင်လို့
ငါက ရပ်ကြည့်ပြုံးပြ လုပ်တယ်၊
လာချင်တယ် ဆိုသူကို လက်မကမ်းတော့
လမ်းတစ်ဝက်မှာတင် တုန့်ရပ်လို့၊
နားမလည်သလို ခေါင်းခါတယ်
ပြီးတော့ ပြန်လှည့်တယ်။
သူ့အားနည်းချက်သူ မမြင်နိုင်ရှာသူပါ
ငါက ပြုံးကြည့်နေဆဲပဲ၊
ဘယ်သူ့ကိုမှ အတင်းအကျပ် မနှင်လိုပါ။
လမ်းတစ်ဝက်မှာ ဘယ်သူမှ ကြာကြာမရပ်နိုင်တာ အသိသားလေ
ငါကတော့ ရပ်မြဲ ရပ်နေတယ်။

တစ်ချို့ကတော့
ငါမတောင်းရပဲ ကတိတွေ ပေးတယ်၊
ငါက လက်မခံတော့
ကြာကြာသိမ်းမထားနိုင်ပဲ ပြန်ရုတ်သိမ်းကြ။
ငါကတော့ ရပ်မြဲ ရပ်နေတယ်။

သံယောဇဉ် ဆိုတာ၊ အချစ်ဆိုတာ
မပုပ်မသိုး သစ်သီးလိုမျိုး
ထင်ယောင်ထင်မှား ပြောပြောပြီး
ငါ့နံဘေးနား ဖြတ်လျှောက်ကြသူတွေ ရှိသေးတယ်၊
ငါကတော့ ပြုံးကြည့်နေဆဲပဲ
မြင်ကွင်းက ပျောက်တာနဲ့ ဖြတ်ခနဲ ပုပ်သွားမယ့်
သစ်သီးတစ်လုံးဟာ
သူတို့ရဲ့ အချစ်၊ သူတို့ရဲ့ သံယောဇဉ်ဖြစ်တယ်။

ငါ့ဘာသာငါ
ရက်လွန်ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်မယ်၊
လက်ဆိပ်မသင့်လိုခြင်းကို
ဘယ်သူမှ ဝေဖန်စရာ မလိုပါ။
ကဲ့ရဲ့ စကားတွေကို မကြားယောင်ဆောင်ဖို့
အကျင့်ပါနေတယ်။
မြှောက်ပင့် မာယာတွေကို မယုံကြည်ဖို့
အကျင့်ပါနေတယ်။

ဘယ်တော့မှ မကြွေမယ့် သစ်ရွက်တစ်ရွက် ရှိမယ်လို့ မင်းယုံရင်
ပလေတိုးနစ် အချစ်ကို ယုံကောင်းယုံနိုင်တယ်၊
ဘယ်သူက ဘယ်လောက်ကြာကြာ
ရပ်ကြည့်ပြုံးပြနိုင်မလဲ
ငါ့သင်ခန်းစာ စာအုပ်မှာ
ဖြတ်လျှောက်သူတွေရဲ့ လက်မှတ်ကို သိမ်းထားတယ်၊
ငါ့သင်ခန်းစာ စာအုပ်မှာ
မကြည့်ချင်ပဲ ရပ်ကြည့်ခဲ့ရတဲ့
တစ်ပါးသူ့ ပုံပြင်တွေ သိမ်းထားတယ်၊
ငါကတော့ ရပ်မြဲ ရပ်နေတယ်။

သိင်္ဂါကျော်

05 October, 2012

အမေတင် စိတ်ပြတ်ပြီလား


အမေတင် တို့မှာ သားသမီး ငါးယောက်ရှိသည်။ သားကြီး၊ သားလတ် နှင့် သမီးငယ် သုံးယောက်တို့ ဖြစ်သည်။ သားကြီးနှင့် သားလတ်က သုံးနှစ် ကွာသည်။ သားလတ် နှင့် သမီးကြီးက တစ်နှစ်ပဲ ကွာပြီး သမီးကြီးနှင့် အလတ်မက နှစ်နှစ်၊ အလတ်မ နှင့် အငယ်မက လေးနှစ်ကွာသည်။ သားကြီးက ဘွဲ့တစ်ခု ရသော်လည်း အစိုးရအလုပ် ဝင်မလုပ်ပဲ သူ့အဖေနှင့် အတူ ဥယျာဉ်ခြံတွေကို ဦးစီး လုပ်ခဲ့သည်။ သားလတ်ကတော့ ဘွဲ့ရပြီးနောက် သစ်တော့ဘက်မှာ အလုပ်ဝင်လိုက်သည်။ သမီး သုံးယောက်ကတော့ ပညာပါရမီ မပါရှာ။ သမီးကြီးက ဆယ်တန်းကို B နှင့် အောင်ပြီးနောက် ဆက်မဖြေဖြစ်တော့။ အမျိုးနီးစပ်တော်သော ဦးလေး တစ်ယောက်က ရှမ်းပြည်နယ်ဘက်မှာ ပညာရေးဝန်ထမ်း ဝင်လုပ်ဖို့ ပြောသော်လည်း အမေတင်က အကြီးမကို စိတ်မချသဖြင့် မလွှတ်ချင်။ အကြီးမကလည်း ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်သဖြင့် အမေတင် သဘောအတိုင်း ဆရာမ ဝင်မလျှောက်ဖြစ်ခဲ့။ အဲဒီခေတ်က B နှင့် အောင်သူများလည်း မူလတန်းပြ ဆရာဝင်လုပ်ရင်း ဆယ်တန်းပြန်ဖြေရာမှ ဘွဲ့ရပြီး ရာထူးအဆင့်ဆင့် တက်သွားကြသူတွေလည်း ရှိသည်။ အကြီးမကတော့ အစိုးရဝန်ထမ်း ဇာတာ မပါတာ ဖြစ်နိုင်သည်။ အလတ်မက ဥာဏ်ကောင်းသော်လည်း ဆယ်တန်းနှစ်မှာ ကျန်းမာရေး အကြီးအကျယ် မကောင်းသဖြင့် မအောင်ခဲ့ပြန်ပါ။ အငယ်မကတော့ ပုံမှန် တစ်နှစ်တစ်တန်း အောင်ခဲ့သလို ဆယ်တန်းလည်း နှစ်ချင်းပေါက် အောင်ခဲ့ပြီး အဝေးသင်တက္ကသိုလ်ပဲ တက်နေရာ ခုတော့ ဒုတိယနှစ် ရှိပြီ။
***
သားလတ် အိမ်ထောင်ပြုပြီးတော့ သားသမီးတွေလည်း အရွယ်ရောက်ပြီ၊ စိတ်ချလက်ချ ရှိပြီ ဆိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားသည်ထင့် ၊ အမေတင့် အိမ်ထောင်ဖက်က ဘုန်းကြီးဝတ်ဖို့ ခွင့်တောင်းလာသည်။ သားကြီးကလည်း ဥယျာဉ်ခြံ အလုပ်များကို ဦးစီး လုပ်နိုင်နေလေပြီ။ သားကြီးက အိမ်ထောင်ပြုဖို့လည်း စိတ်ကူးရှိပုံမရပါ။ အမေတင်တို့ လင်မယား နှစ်ယောက်က အားလပ်ချိန်များမှာ မြို့ထဲက မိုးကုတ်ရိပ်သာမှာ ဝါတွင်းတိုင်း လုပ်နေကြ တရားပွဲများကို ညနေတိုင်း သွားရောက် နာနေကြ ဖြစ်သည်။ သူက လောကီကို အပြီးဖြတ်ချင်ပြီ ဆိုတော့လည်း အမေတင်က သာဓုခေါ်ပြီး ခွင့်ပြုပေးလိုက်ရသည်။ သူကသာ သံယောဇဉ် အပြီးဖြတ်ပြီး သာသနာ့ဘောင် ဝင်ဖို့ ဆုံးဖြတ်နိုင် သော်လည်း အမေတင်ကတော့ သမီးများကို စိတ်မချသောစိတ်နှင့် သာသနာ့ဘောင် အပြီးဝင်ဖို့ စိတ်ကူးကို မရှိနိုင်ပါ။ တရားကို သိသင့်သလောက် သိသော်လည်း အမေတင့်မှာ သံယောဇဉ်များကို မဖြတ်နိုင်သေးပါ။ တစ်နှစ်မှာ (၇) ရက် ရိပ်သာလောက် ဝင်ဖို့ကိုပင် မှာရ ကြားရနှင့် စိတ်များတတ်သော အမေတင်ပါ။

အိမ်ထောင်ဖက်က သူများတွေလို သစ္စာဖောက်ပြီး ထားသွားတာလည်း မဟုတ်သဖြင့် အမေတင့်မှာ ဘာမှတော့ စိတ်ဆင်းရဲစရာ မရှိပါ။ ဘုန်းဘုန်း ကျောင်းထိုင်သော ကျောင်းကို တစ်ခါတရံ သွားပြီး ဆွမ်းချိုင့်တော့ ပို့ဖြစ်သည်။ သားကြီး နှင့် သမီး သုံးယောက်ကလည်း ခုထိ အိမ်ထောင်ပြုဖို့ စိတ်ဝင်စားသူများ မဟုတ်ပဲ ဒိုးတူဘောင်ဖက် လုပ်ကိုင် စားသောက် နေကြရသဖြင့် အမေတင် စိတ်ချမ်းသာ ရသည်။ သားလတ် တစ်ယောက်သာ နည်းနည်း ဆိုးချင်သည်။ အမေဆီက မရှိရှိတာကို တောင်းချင်သည်။ သူ့ မင်္ဂလာဆောင်ကိုလည်း အမေတင် တို့မှာ မရှိရှိတာနှင့် တတ်နိုင်သမျှ တင့်တောင့် တင့်တယ် ဖြစ်အောင် လုပ်ပေးခဲ့ရပြီးပြီ။ သူ့စိတ်က တကိုယ်ကောင်းဆန်သည်။ သူတစ်ယောက် ကောင်းစားရင်ပြီးရော မောင်နှမ တွေ အပေါ်လည်း သံယောဇဉ် မရှိပဲ အနိုင်ကျင့်ချင်သည်။ သားကြီးကတော့ အဲလို မဟုတ် ညီ နှင့် ညီမ များကို ညှာတာ ရှာသည်။ ဒီအမေ နှင့် ညီမများကို ကောင်းကောင်းမွန်မွန် ထားချင်သဖြင့် အလုပ်လည်း ကြိုးစားရှာသည်။ အဲဒါကြောင့်လည်း အမေတင်က အမေတို့ ထုံးစံအတိုင်း သားကြီးကို ပိုချစ်ရသည်။ အလတ်မကဆို အမေတင်က သူ့သားကိုပဲ ဦးစားပေးသည်၊ ဂရုစိုက်သည် ဆိုပြီး အမြဲ စကားနာထိုးသည်။

အမေတင် အချစ်ဆုံး သားကြီးက ရုတ်တရက် အချိန်မတိုင်ခင် ဆုံးသွားတော့ အမေတင်မှာ ဖြေဆည်ရာမရ ဖြစ်ရသည်။ ဘယ်သူမှလည်း ထင်မထားခဲ့ဘူးလေ။ ရောဂါ တစ်စုံတရာတောင် ရှိခဲ့တာလည်း မဟုတ်။ ရုတ်တရက်ကြီး အပူရှပ်၊ အပျင်းဖျားပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ရောဂါစုံပြီး အလတ်မကလည်း သူတောင် ဘာမှ မဖြစ်ပဲ ကျန်းကျန်းမာမာ အစ်ကိုကြီးက ဖြစ်ရသဖြင့် တော်တော် စိတ်မကောင်း ဖြစ်ရှာသည်။ အမေတင် အတွက်တော့ တရားသဘောကို သိသော်လည်း မဖြေနိုင်ကတော့ မဖြေနိုင်တာပင်။ နေပူထဲမှာ ခြံအလုပ်တွေ လုပ်ပြီး ပြန်လာ ရေချိုးခြင်း ဖြစ်သောကြောင့်လည်း အမေတင်မှာ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရသည်။ ဘုန်းဘုန်းကတော့ သူ့တရားနဲ့ သူမို့ မျက်နှာ သိပ်မပျက်ပေမယ့် အမေတင် မှာတော့ လောကီသားမို့ ဘုန်းဘုန်း ရှေ့တောင် ငိုမိသေးသည်။
***
သားကြီး မရှိသည့်နောက်မှာ ခြံအလုပ်တွေ ဦးစီး လုပ်ဖို့ လူလိုလာသည်။ သားလတ်ကတော့ အစကတည်းက ဒီအလုပ်တွေ ဝါသနာမပါပါ ဆိုပြီး လခစားအလုပ် သွားလုပ်နေသူမို့ ဘယ်လိုမှ ပြန်လာလုပ်ခိုင်းလို့ ရမှာမဟုတ်ပါ။ ပထမပိုင်းတော့ အမေတင်နှင့် အကြီးမ နှစ်ယောက်သား ခြံထဲ ဆင်းကြသည်။ အလတ်မကတော့ ကျန်းမာရေး မကောင်းသူမို့ ခြံထဲ ခေါ်လို့မဖြစ်ပါ။ အငယ်မက အထည်တွေ ယူရောင်းသော အလုပ်နှင့် သူ့ဟာသူ အဆင်ပြေနေသူမို့ ခေါ်လို့ မဖြစ်နိုင်။ နောက်ဆုံးတော့ ခြံသုံးခြံ ရှိသည့် အနက် တစ်ခြံတော့ ရောင်းပစ်ဖို့ ဆုံးဖြတ်ပြီး ရောင်းလိုက်ရသည်။ ကိုယ်လည်း မလုပ်နိုင်သည့် အတူတူ ရောင်းပြီး အတိုးလေး ဘာလေး ပေးစားတာက စားဝတ်နေရေး ပိုအဆင်ပြေနိုင်သည် မဟုတ်ပါလား။

ဒီကြားထဲ အလတ်မက တော်တော် ကြီးကြီးကျယ်ကျယ် နေမကောင်းဖြစ်သဖြင့် ဆေးဖိုးလည်း အတော် ကုန်သွားခဲ့သည်။ ဒီကြားထဲ ဒီအမေအိုရဲ့ လုပ်စာကို သူပါ ဝင်မစားရရင် မနေထိုင်တဲ့ သားလတ်ကလည်း ဟိုအကြောင်း ဒီအကြောင်း ပြပြီး လာလာ တောင်းတာက ရှိသေးသည်။ သူတို့ လင်မယားကလည်း သိပ်အဆင်မပြေကြ။ ဘယ်ပြေပါ့မလဲ သူ့ မိန်းမ ဆိုတာကလည်း ငွေမက်မက် နှင့် ယောက်ျားလုပ်စာ ထိုင်စားနေသူ ဖြစ်ပြီး ယောက်ျားက အသုံးမကျသည့်အခါ တကျက်တကျက် ဖြစ်ကြတာကတော့ မဆန်းပါ။ အမေတင်ကတော့ ကိုယ့်မြေးမလေးကို သနားမိတာနှင့် တတ်နိုင်သလောက်တော့ တောင်းလျှင် ပေးလိုက်တာ ချည်းပါ။ ဒီ သားလတ်က ခုနောက်ပိုင်း အရက်ကလေးကလည်း သောက်ချင်သည်။ အိမ်လာလည်လျှင်လည်း သမီးတွေနှင့် ပြေလည်သည် မရှိပဲ သူကပဲ ပြဿနာ ရှာချင်သေးသည်။

အလတ်မက ဆေးရုံကဆင်းပြီး ကျန်းမာရေး နည်းနည်း ကောင်းသွားတော့ သီလရှင် အပြီး ဝတ်ချင်သည် ဟုဆိုလာပြန်သည်။ အဲဒါမျိုးကိုတော့ အမေတင်က စိတ်မချ မဖြစ်ပါ။ ကောင်းရာ ကောင်းကြောင်း အလုပ်ကိုတော့ အမေတင်က အားပေးပါသည်။ သူ့ဦးကြီး ဦးလေး၊ အစ်ကို၊ အစ်မ တွေကတော့ သိပ်သဘောမတူချင်ကြပါ။ အမေတင်ကတော့ ဘာမှ တားမနေပါ။ အလတ်မကို ရိပ်သာ ကျောင်းတစ်ခုမှာ အပ်ပေးထားပြီး သူ ပျော်သလောက် ဝတ်စေလိုက်သည်။ အလတ်မက တကယ်ကို ပြန်မထွက်တော့ပဲ နေတော့ ပထမ ဝတ်သည့် ကျောင်းကနေ အမေတင်တို့နှင့် နီးသော မိုးကုတ်ကျောင်းကို ပြောင်းနေစေလိုက်သည်။ အဲဒီကျောင်းမှာတော့ တရားစခန်း ရှိသည့် အချိန်သာ ကျောင်းက ဆွမ်းကျွေးပြီး ကျန်သည့် အချိန်များမှာ အမြဲနေ ယောဂီ နှင့် သီလရှင်များက ကိုယ့်ဘာသာကိုယ် ချက်ပြုတ် စားသောက်ကြရသည်။ အလတ်မ ဆိုတာက လူ ဘဝကပင် ယောက်ျားဆန်ပြီး ထမင်း၊ ဟင်း ကောင်းကောင်း ချက်တတ်သူ မဟုတ်သောကြောင့် တစ်ပါးတည်း ကျောင်းမှာ ချက်ပြုတ်စားသောက် ရမှာ အမေတင်က စိတ်မချနိုင်ပြန်ပါ။ အကြီးမက နား နည်းနည်းလေး သောကြောင့် အပြင်မှာ အလုပ်လုပ်လျှင်သာ စိတ်မချ ချင်စရာ ဖြစ်သော်လည်း အိမ်မှာတော့ ချက်တတ်၊ ပြုတ်တတ်မို့ အိမ်မှာ ကျန်သော ညီအစ်မ နှစ်ယောက် စားသောက်ဖို့က စိတ်ပူစရာမရှိပါ။ ဆရာလေး အတွက်သာ စားဖို့ သောက်ဖို့ စိတ်မချတာမို့ အမေတင်က များသောအားဖြင့် ဆရာလေး ကျောင်းမှာ အိပ်ပြီး မနက်မိုးလင်း ဘုရားဝတ်တက်ပြီးတာနှင့် အရုဏ်နှင့် နေ့လည်စာအတွက် ချက်ပြုတ်၊ ဆရာလေး ဆွမ်းသုံးတော့ အတူစားသောက်ပြီးမှ အိမ်ကို ပြန်ပြီး လုပ်စရာ ရှိတာလုပ်သည်။ ညနေ တရားပွဲ ရှိသည့်နေ့ဆို ပြန်လာသည်။ တစ်ခါတလေ တော့လည်း တစ်နေ့လုံး ဆရာလေး ကျောင်းမှပဲ နေပြီး တရားတက်ချိန်တိုင်း လိုက်တက်သည်။

တကယ်တော့ အမေတင် ဒီတရားကို လုပ်လာတာ နှစ်ပေါင်း အတော်ကြာပြီ ဆိုရမည်။ သို့ပေမယ့် သံယောဇဉ်တွေ မဖြတ်နိုင်သေးသဖြင့် သူများလို အရမ်းကြီး တိုးတက်လာတယ် ရယ်လို့တော့ ကိုယ့်ဟာကိုယ် မပြောရဲပါ။ ဆရာလေးကို ချက်ပြုတ်ကျွေးမွေး နေသည့်အပြင် ဆရာလေး ခမည်းတော် ဘုန်းဘုန်းကိုလည်း တစ်ပတ် နှစ်ရက်လောက်တော့ ဆွမ်းချိုင့်ပို့လိုက် သေးသည်။ ဆရာလေး နေသော ကျောင်းမှာလည်း တူ ဝမ်းကွဲ ဘုန်းဘုန်းပါ ရှိသောကြောင့် တစ်ပတ် သုံးရက်လောက် ဆွမ်းဟင်းချက်ပြီး ပို့တာမျိုးလည်း လုပ်တတ်သေးသည်။ တူ ဘုန်းဘုန်း ကလည်း ဆွမ်းချိုင့် ပိုလျှင် အမေတင် နှင့် ဆရာလေး အတွက် လာပို့တတ်သေးသည်။ အမေတင်ကလည်း နေ့စဉ် ဆိုသလို ကျောင်းမှာ တစ်နေကုန် တရားထိုင်ရမှာလည်း စိတ်မဖြောင့်ပြန်ပဲ နေ့ခင်းဘက် ခြံထဲပြန်ပြီး လုပ်စရာလေးတွေလည်း ပြေးလုပ်လိုက်သေးသည်။ အမေတင်ကတော့ အသက် ၆၅ ရှိနေပေမယ့် စိတ်သွားတိုင်း ကိုယ်ပါနိင်သေးသည်ဟု ဆိုရမည်။
***
အမေတင်တို့ သားအမိများက ကိုယ့်ဟာနဲ့ကိုယ် အေးချမ်းနေသော်လည်း မအေးချမ်းနိုင်သူက သားလတ် ဖြစ်သည်။ အလုပ်ထဲ ဘာအဆင်မပြေသလဲ အမေတင်လည်း သေချာမသိသော်လည်း အစိုးရအလုပ်က ထွက်လာခဲ့သည်။ မိန်းမကလည်း အလုပ်မရှိသဖြင့် သူ့မိဘအိမ် ပြန်သွားသည် ဆို၏။ ခြံအလုပ်ပဲ လုပ်တော့မည် ဆိုတော့ အမေတင်လည်း ဝမ်းသာအားရနှင့် ခြံတစ်ခြံ ပေးလုပ်ထားလိုက်သည်။ အစပိုင်းတော့ အလုပ်ကြိုးစား သယောင်ယောင်နှင့် တဖြည်းဖြည်း ပျက်လာသည်။ အလုပ်ကို ကောင်းကောင်းမလုပ်သဖြင့် ဘာအသီးအနှံမှ မဖြစ်ထွန်း။ အမေတင်တို့ သားအမိနှစ်ယောက် လုပ်နေသော ခြံလောက်ပင် သူ့ခြံက အလုပ်မဖြစ်။ ဘယ်ဖြစ်ပါ့မလဲ။ တစ်နေ့မှာ အလုပ်လုပ်သည့် အချိန်ထက် အရက်သောက်နေသည့် အချိန်က များနေသည်ကိုး။

သူ့ဟာသူ အလုပ်မလုပ်သဖြင့် စီးပွားမဖြစ်တာကိုပင် မကျေမနပ် ဖြစ်ပြီး အမေတင်တို့ အိမ်ကို လာလာ ရစ်သေးသည်။ သူ့ကို တစ်ခြံလုံး ဦးစီး လုပ်ခွင့် ပေးပြီးသားမို့ အမေတင်တို့က သူ့ကို တစ်ခြား အသုံးစားရိတ်တော့ မပေးနိုင်တော့ ဟု ဆုံးဖြတ်ထားကြသည်။ အငယ်မကလည်း သူ့အလုပ်နှင့်သူ စုထား ဆောင်းထား တာလေးတွေ ရှိသည်။ အဲဒါကိုသိတော့ အလတ်ကောင်က တောင်းသည်။ အငယ်မကလည်း မပေးနိုင်။ မပေးဘူး ဆိုတော့ အရက်သမား ပီပီ ရိုက်တာ နှက်တာ လုပ်လာတော့ အမေတင်က စိတ်ဆိုးသည်။ အမေတင် ကိုယ်တိုင်ပင် ဘယ်သားသမီးကိုမှ နာကျင်အောင် ငယ်ငယ်ကတည်းက မရိုက်နှက်ခဲ့ဖူးသောကြောင့် ဒီလို မောင်နှမ အချင်းချင်း ယောက်ျားသား အကြီးက မညှာသည့်အပြင် ရိုက်နှက်လာတော့ အရမ်း စိတ်ဆိုးသွားပြီး သားလတ်ကို အိမ်ကို နောက်တစ်ခါ မလာဖို့ နှင်ချလိုက်သည်။ သားလတ် မိသားစု တစ်ခြားမြို့မှာ နေသောအချိန်က ပြဿနာမရှိခဲ့သော်လည်း ခုလို တစ်မြို့တည်း လာနေချိန်မှာ ပြဿနာ တက်နေရခြင်း ဖြစ်သည်။

အရင်က အမေတင် ကိုယ့်သားကိုယ် ဒီလောက် ဆိုးသည်လို့ မထင်ထားခဲ့မိသော်လည်း ယခုတော့ တဖြည်းဖြည်း သားဆိုး ဖြစ်တာ ထင်ရှားအောင် ပြနေသည်။ သူ့ဟာသူ နှစ်လုံး ထိုးသလား၊ သုံးလုံး ထိုးသလား မသိ။ အကြွေးတွေ အများကြီး တင်တော့မှ အမေတင့် ဆီက ကြွေးဆပ်ဖို့ ပိုက်ဆံ လာတောင်းတော့ အမေတင်က မပေးနိုင်ကြောင်း အပြတ်ပြောသည်။ တကယ်လည်း သူလိုသလောက် ပေးဖို့ အမေတင့်မှာ ပိုက်ဆံ ရှိသည် မဟုတ်။ အမေတင်က မပေးဘူး ဆိုပြီး အိမ်က နှင်ချလည်း မရပဲ သူ့ကို မလာစေချင်လျှင် တစ်ခါတည်း အမွေခွဲပေးဖို့ တောင်းပြန်သည်။ အမေတင် ဆရာလေး ကျောင်း သွားနေပြီး အိမ်မှာ မရှိသည့် အခိုက်မှာ အငယ်မကို ရိုက်နှက်ပြီး ပိုက်ဆံတောင်းသည်။ အမေတင် ရှိသည့် အချိန်တွေမှာလည်း မူးလာပြီး ရစ်သည်။ ကြာတော့ မခံနိုင်ကြတော့။ နောက်ဆုံး မှာတော့ သားလတ်ကို အမွေပေးပြီး သေခန်းဖြတ်လိုက်ကြဖို့ သားအမိတွေ ဆုံးဖြတ်လိုက်ကြသည်။ လမ်းတွေ့တောင် အမေ လို့ မခေါ်နဲ့ လို့ သူ့ကို အမေတင် အပြတ် ပြောခဲ့သည်။

သားလတ် လုပ်နေသော ခြံကို သူ့ကိုပဲ စာချုပ်စာတမ်းနှင့် အပိုင်ပေးလိုက်ပြီး သတင်းစာထဲကနေ သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေငြာလိုက်သည်။ အသိမိတ်ဆွေ အားလုံးကိုလည်း သူ့အကြောင်း လာမပြောဖို့ ကြေငြာထားသည်။ အမေတင် ကိုယ်တိုင်လည်း မပတ်သက်ဖို့ ကိုယ့်ကိုယ်ကို ကတိပေးပြီး သမီးတွေ အားလုံးကိုလည်း မပတ်သက်ဖို့ ပြောထားသည်။ သမီးများက သူတို့ အစ်ကိုကို ပိုတောင် စိတ်နာသေးသည်။ လုံးဝ အခေါ်အပြော မလုပ်ကြတော့။ ရှင်းရှင်း ပြတ်ပြတ် နေလိုက်ကြသည်။ သို့ပေမယ့် လူသတင်း လူချင်းဆောင် ဆိုသလို သူ့သတင်းကတော့ ကြားနေရသေးသည်။ အမေတင့် ဆီက အမွေ ရပြီးနောက် သူ့မိန်းမ နှင့် ပြန်ပေါင်း နေသည်ဟု ကြားတော့ မြေးမလေး အတွက် ၀မ်းသာရပြန်သည်။ မြေးမလေး ကို ချစ်ပေမယ့် မပတ်သက်မိအောင် အမေတင် ကြိုးစားပါသည်။ တစ်ခါတလေ သားလတ် မရှိတုန်း မုန့်လေး ပဲလေး မြေးမလေး ဖို့ သွားပို့ချင်ကြောင်း ပြောမိတော့ သမီးသုံးယောက်က အမေတင်ကို အမှတ်မရှိ သွားမပတ်သက်နဲ့ ဟု ခဏ ခဏ သတိပေးရသည်။

နောက်တော့ ခြံကို ရောင်းဖို့ ကြေငြာထားတာ အမေတင်တို့ သိသည်။ ခဏကြာတော့ မအောင့်နိုင် မအည်းနိုင် လျှော့ဈေးနှင့် ရောင်းပစ်လိုက်သည် ကိုလည်း ကြားသည်။ မတတ်နိုင်။ ဒီခြံကို သူ့အပိုင် ပေးပြီးသားမို့ သူ့ထိုက်နဲ့ သူ့ကံသာ။ ဘာမှ အတွက်အချက် မရှိ၊ ရှေ့နောက် မစဉ်းစားသူမို့ အကြွေးမြန်မြန် ဆပ်ရဖို့ လုပ်လိုက်သည် ထင်သည်။  ဘာပဲဖြစ်ဖြစ် သူလည်း အမေတင့် သားပဲမို့ ခြံကို ပေါက်ဈေးထက် လေးပုံတစ်ပုံ တောင် မရှိသော ဈေးနှင့် ရောင်းပစ်လိုက်တာကို ကြားတော့ သူ့အတွက် စိတ်မကောင်းဖြစ်မိသေးသည်။ အရင်က ကိုယ့်အိမ်ထောင်ဖက် နှင့် ကိုယ့်သားကြီး ဒိုးတူဘောင်ဘက် ပင်ပင်ပန်းပန်း လုပ်ကိုင်လာခဲ့သည့် ခြံတစ်ခြံ သူများ လက်ကို မတန်မရာ ဈေးနှင့် ထိုးအပ် လိုက်ရသလို ဖြစ်တာကို အမေတင် စိတ်ထဲ မကောင်း ဖြစ်တာက ပိုသည်။ အမေတင့်မှာ သမီး သုံးယောက်ပဲ ရှိသည်လို့ ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်ထားလိုက်သည်။
***
အမေတင့်မှာ ကျန်သော အိမ်နှင့် ကပ်လျှက် ခြံကွက်ကလေး တစ်ကွက်ကို စီးပွားဖြစ် မစိုက်ပဲ တစ်နိုင် စားဖို့ လောက်ပဲ စိုက်တော့ ဘာမှ နောက်ဆံ တင်းစရာလည်း မရှိ။ အကြီးမ နှင့် အငယ်မကလည်း သူ့အလုပ်ကလေးတွေ နှင့် သူ အိမ် စားဖို့ သောက်ဖို့ ရှာနိုင်နေတော့ အမေတင်လည်း ဆရာလေး ကျောင်းမှာ အချိန်ကြာကြာ နေနိုင်လာသည်။ အိမ်ကို နေ့တိုင်း မပြန်ဖြစ်တော့ပဲ တစ်ပတ် နှစ်ရက်လောက်ပဲ ပြန်ပြီး ကျောင်းမှာ အမြဲနေ ယောဂီတွေလို အချိန်မှန် တရား တက်ဖြစ်သည်။

တစ်နေ့တော့ ကျောင်းရှိ တူ ဘုန်းဘုန်းဆီကို သားလတ်က ဖုန်းဆက်သည် ဆို၏။ ဘုန်းဘုန်းက ပြန်ပြောသဖြင့် သားက `ဒေါ်တင် နေကောင်းရဲ့လား´ မေးသည်ဟု သိရသည်။ သားလတ်ဆီက သတင်းစကား ကြားရ တော့လည်း အမေတင် စိတ်က သားလတ်တို့ မိသားစုဆီ ရောက်သွားပြန်သည်။ သားလတ် တစ်ယောက် မိန်းမ နှင့်မှ အဆင်ပြေရဲ့လား မသိပါ။ မြေးမလေးကို မတွေ့ရတာလည်း ကြာလှလေပြီ။ ခြံရောင်းထားသော ပိုက်ဆံရော ဘယ်လောက် ကျန်သေးလဲ မသိ။ ရှိတာလေး နှင့် ကြိုးကြိုးစားစား လုပ်ကိုင် စားဖို့ ကောင်းသည်။ ကိုယ့်မှာလည်း သမီးလေး တစ်ယောက် ရှိတာ နောင် ကြီးပြင်းအောင် မွေးဖို့ အများကြီးလိုသေးသည်။ ဒါကြောင့်လည်း ဆရာလေးက ပြောလေတာ..။ အမေတင် ဟာ သူ့သားကို စိတ်ကို မပြတ်နိုင်ဘူးတဲ့လေ။ သူ့သားက သူ့ကို အမေတောင် မခေါ်ပဲ ဒေါ်တင် နေကောင်းလား မေးရုံနဲ့တင် စိတ်က ပါနေပြီ တဲ့။ အဲသလိုတော့လည်း မဟုတ်လေပါ။ အမေတင် စိတ်ပြတ်ပါသည်။ သား တင်မဟုတ်၊ သမီးတွေကိုလည်း စိတ်ဖြတ်ပြီး လောကုတ္တရာ အလုပ်ပဲ ကြိုးစား လုပ်တော့မှာပါ။

အဲသလို တွေးတုန်းပဲ အကြီးမက အူးယားဖားယား ကျောင်းကို ရောက်လာသည်။ အငယ်မက စက်ဘီးနှင့် လမ်းဘေးမှာ ရပ်နေတုန်း ဆိုင်ကယ်က ၀င်တိုက်သွားလို့ ဆေးခန်း ရောက်နေသတဲ့။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် ခါးရိုး နည်းနည်း ထိသွားသတဲ့။ တိုက်သည့် ဆိုင်ကယ်ကလည်း တာဝန် မယူပဲ ပြေးသွား သတဲ့။ အဲဒါနဲ့ပဲ အမေတင်နဲ့ ဆရာလေးလည်း လိုက်သွားရပြန်ပါတော့သည်။

သိင်္ဂါကျော်