27 June, 2009

ကောင်မလေး အတွက်



ကောင်မလေးရေ
မင်းနဲ့ငါ
မတော်တဆ
အပ်နှစ်စင်းဆုံခဲ့ရာ...
ငါ့ရင်ဘတ်ထဲ စူးနစ်ခဲ့ရပေါ့
မင်းပုံရိပ်..။

ရှည်လျား ပျော့ပြောင်း
ညိုရောင်ဖျော့ဖျော့ မင်းဆံနွယ်တွေ...၊
ကော့ညွတ်တဲ့ မျက်တောင်စိပ်စိပ်တွေကြားက
ယုံကြည်ချက်ပြည့်
တောက်ပကြည်လင်တဲ့
မင်းမျက်လုံးဝိုင်းတွေ...၊
ပန်းနုရောင် နှင်းဆီဖူးလို
ပွင့်မလို အာမလို
မင်းနှုတ်ခမ်းက စီးမျောလာတဲ့
သံစဉ်ချို စကားသံတွေ...၊
ငါ့အိပ်မက်တွေထဲထိ
အလည်လာလာနေရဲ့။

အချစ်ဆိုတာ
တစ်ကြိမ်တစ်ခါ တွေ့ရုံနဲ့
မဖြစ်နိုင်ပါဘူးလို့
ဘယ်သူပြောဝံ့သလဲ...။
ငါ့ဘက်ကတော့
တစ်ဖက်သတ်သေချာနေရဲ့။

ငါသွားတဲ့ နေရာတိုင်း
ကောင်မလေးရေ...
မင်းများ ရှိမလားလို့
ရှာလိုက်ရတာ မောလို့။

ငါပျော်တဲ့ အခါတိုင်းလည်း
မင်းကို မျှဝေချင်တယ်၊
ငါစိတ်ညစ်တဲ့ အခါတိုင်းလည်း
မင်းနဲ့ စကားပြောချင်တယ်။

ကောင်မလေး ရေ...
မင်းအတွက်ရည်ရွယ်
ရေးထားတဲ့ သီချင်းတွေလည်း များခဲ့ပြီပေါ့...
ငါ့အချစ်စစ်ခဲ့ရင်
တစ်ကြိမ်လောက်တော့ ပြန်တွေ့ပါရစေ။

(သိင်္ဂါကျော်)

24 June, 2009

နောက်ဆုံး အဖြူရောင်

(၁)

ထွန်းနေ နယ်ကပြန်ရောက်တော့ သက်လျာဆီ သွားဖို့ပြင်သည်။ အဲဒီမှာ မေမေ့ဆီက သတင်းဆိုးကို ကြားရသည်။ လွန်ခဲ့တဲ့ သုံးရက်ကပဲ သက်လျာ ကိုယ်ကိုယ်ကို သတ်သေသွားလို့ ဒီနေ့ပဲ အသုဘချပြီးပြီ တဲ့။ သက်လျာ ၊ သူ့ အချစ်ဆုံး သူငယ်ချင်း၊ သူ့ အချစ်ဆုံး မိန်းကလေး။ သူမကိုယ့်ကို မချစ်ဘူး ဆိုတာသိလို့ ကိုယ်အချစ်တွေကို ထပ်မပြောတော့ ပေမယ့် ခုချိန်ထိ သူမကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့။ ခုတော့ ဘယ်လို ဖြစ်ရသလဲ။ သူမလို သွက်လက်ထက်မြက်သော မိန်းကလေး က ဘာအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေရပါသလဲ။ အချစ်ရေး၊ အိမ်တွင်းရေး ပြဿနာ ဆိုတာမျိုးလည်း သူသိသလောက်တော့ သူမမှာ မရှိပါ။ မဖြစ်နိုင်ပါ။ သူမ ကိုယ့်ကိုယ်ကို သတ်သေတယ် ဆိုတာ သူ ဘယ်လိုမှ မယုံကြည်နိုင်ပါ။

သူ သက်လျာ အိမ်သို့ သွားရန်ပြင်ဆင်နေဆဲ မေမေ့ ဆီမှ နောက်ထပ် သတင်းဆိုးတစ်ခုကို ထပ်မံ ကြားရပြန်သည်။ “သား သူငယ်ချင်း အောင်နိုင်လည်း အဲဒီရက်လောက်ကပဲ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတယ်”

အောင်မြင်နေသော လူငယ် လုပ်ငန်းရှင်တစ်ယောက်။ ကောင်မလေးတွေ ထည်လည်း တွဲပြီး ပျော်ပျော် နေတတ်သူ။ သူလိုလူက ဘာအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေရသလဲ။ အသတ်ခံရတယ် ဆိုတာကမှ ဖြစ်နိုင်ချေရှိဦးမည်။ သူ့စီးပွားပြိုင်တွေက ဖြစ်ဖြစ်၊ သူအသည်းခွဲဖူးသော ကောင်မလေး တစ်ယောက်ယောက် ကပဲ ဖြစ်ဖြစ် သတ်နိုင်သည်။ ခုတော့...။

***

(၂)

သက်လျာခင်၊ ထွန်းနေနိုင် နှင့် အောင်နိုင်သူ တို့သည် စတိတ်ကျောင်း ကတည်းက အတန်းတူ သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ သက်လျာခင် သည် နာမည်လိုပင် လူကလည်း ဖြူဖြူနွဲ့နွဲ့ ပျော့ပျောင်းသော ဆံနွယ်ရှည်များနှင့် မိန်းကလေးပီသသော ပုံစံရှိသော်လည်း စိတ်ဓါတ်ကတော့ လူပုံစံနှင့် တခြားစီ။ မာကျောပြီ်း ယောင်္ကျားဆန်သည်။ အဲဒါကြောင့်လည်း သူမ၏ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်က မိန်းကလေးတွေ မဟုတ်ပဲ ယောင်္ကျားလေးတွေ ဖြစ်နေတာပင်။ ဆယ်တန်းအောင်ပြီး တစ်ကျောင်းစီ တက်ကြရပေမယ့် သူတို့သုံးယောက်က အခင်အမင် မပျက်ခဲ့ကြပါ။ သူမက ကွန်ပျူတာတက္ကသိုလ် တက်ခဲ့ပြီး အောင်နိုင်သူက စီးပွားရေးတက္ကသိုလ်၊ ထွန်းနေနိုင်ကတော့ သင်္ချာ အဓိက တက်ခဲ့ကြသည်။

သက်လျာတို့ တက္ကသိုလ်မှာတော့ မိန်းကလေးပဲ များသဖြင့် ခင်သမျှ သူငယ်ချင်းများမှာလည်း မိန်းကလေးများသာဖြစ်သည်။ ဟိုနှစ်ယောက်နှင့်တော့ ဖုန်းအဆက်အသွယ် မပြတ်ခဲ့ပါ။ အောင်နိုင်သူ ကတော့ ငယ်ငယ်ကတည်းက ကောင်မလေးများကို စိတ်ဝင်စားတတ်ခဲ့သူမို့ တက္ကသိုလ်ရောက်ချိန်မှာ တစ်ယောက်ပြီး တစ်ယောက်တွဲသည့် အဆင့်သို့ ရောက်တော့သည်။ သူဘယ်ကောင်မလေးကို လိုက်နေတယ်၊ ဘယ်သူနဲ့တော့ ပြတ်ပြီ ဆိုတာမျိုးကိုလည်း သက်လျာကို အမြဲ ပြောတတ်သည်။ သက်လျာများ သဝန်တို မလားလို့ တမင်ပြောပြောနေတာလည်း ဖြစ်နိုင်သည်။ ထွန်းနေနိုင်ကတော့ ခပ်အေးအေး သမားမို့ ကောင်မလေးတွေကို သိပ်စိတ်မဝင်စားတတ်သူလား။ ဒါမှမဟုတ်လည်း သက်လျာကိုပဲ စောင့်နေဆဲလား။ မသိနိုင်ပါ။

သက်လျာကတော့ သူတို့နှစ်ယောက်ကို ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးသားပါ။ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း အချိန်က သူတို့နှစ်ယောက်လုံးက တစ်ရက်တည်းမှာပဲ သက်လျာကို ချစ်ရေးဆိုခဲ့ဖူးသည်။ သက်လျာလည်း တော်တော်အံ့သြသွားသည်။ သက်လျာ စိတ်ထဲမှာက သူတို့အပေါ် ဘယ်လိုမှ မပြောင်းလဲခဲ့။ သူတို့နှစ်ယောက် စိတ်ထဲ အဲလို ပြောင်းနေလိမ့်မည်လည်း ထင်မထားပါ။ ဒီလို ကြားရတော့လည်း စိတ်တော့ မဆိုးပါ။ သူတို့ကို သူငယ်ချင်းထက် ဘယ်လိုမှ မပိုနိုင်ဘူး၊ ဘယ်တော့မှလည်း ပိုမှာ မဟုတ်ဘူးဆိုတာ အေးအေး ပဲ ရှင်းပြခဲ့ပါသည်။ သူတို့ကလည်း နောက်တစ်ခါ ထပ်မပြောတော့ပါ။ ပြောလျှင် သူငယ်ချင်း အဖြစ်က အပြတ်ပဲ လို့ သက်လျာက သူတို့ကို ပြောထားတာကိုး။ ခုထိလည်း သူတို့က သက်လျာရဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။

ကျောင်းပြီးတော့ သက်လျာက ကုမ္ပဏီမှာ အလုပ်ဝင်သည်။ ထွန်းနေက ရဲအရာရှိ ဖြစ်သွားသည်။ အောင်နိုင်ကတော့ စီးပွားရေးပဲ လုပ်သည်။ သူတို့ နှစ်ယောက်လုံး အားတဲ့အချိန်မှာ သက်လျာဆီ လာလည်ကြသည်။ ဖုန်းလည်း မကြာခဏ ပြောဖြစ်သည်။

***

သက်လျာက အဖြူရောင်ကြိုက်သည်။ အဖြူရောင်အင်္ကျီတွေ သက်လျာမှာ အများကြီးရှိသည်။ လုံချည်ဆိုလည်း အဖြူရောင်ပါသည့် အဆင်တွေပဲ ရွေးဝယ်ဖြစ်သည်။ ပန်းဆိုလည်း အဖြူရောင်ပန်းတွေကို သက်လျာ အကြိုက်ဆုံး။ စံပယ်၊ ဇီဇဝါ၊ ငွေပန်း အဖြူရောင်ပန်းတွေ အကုန်လုံး သက်လျာကြိုက်သည်။ သက်လျာတို့ခြံထဲမှာ စံပယ်ရုံတစ်ရုံ၊ ငွေပန်းရုံကြီး တစ်ရုံ ရှိသည်။ ဇီဇဝါပင် နှစ်ပင်လည်း ရှိသည်။ အဖြူရောင် အပွင့် သေးသေးလေးတွေ ပွင့်သည့် နှင်းဆီပင် တစ်ပင်ကလည်း တော်တော်ကြီးနေပြီ။ ပွင့်လည်း အရမ်းပွင့်သည်။ ဒီခြံကလေးက မေ့မေ့ ဘက်က အဘိုးအဘွားတွေရဲ့ ခြံ။ အဘွားက ပန်းပွင့်တဲ့ အပင်တွေကို ချစ်တတ်သူမို့ သူပြိုးထောင်ထားခဲ့တာတွေပါ။ နှင်းဆီပင်ကလေးကတော့ သက်လျာဝယ်လာပြီး စိုက်ထားတာ။ ခြံထဲမှာ အဖြူရောင် မဟုတ်သည့် ကစ်မီကွစ်တို့၊ နွယ်သာကီလို ပန်းမျိုးတို့လည်း ရှိပါသေးသည်။ အဲဒါတွေကိုတော့ သက်လျာက စိတ်မဝင်စား။ စံပယ်တွေကို မှန်မှန် ရေလောင်းပေးပြီး မနက်တိုင်း ဘုရားကပ်ရတာကို သက်လျာက အရမ်းကြည်နူးသည်။ မွှေးပျံနေတဲ့ ဘုရားဆောင်ထဲမှာ ရှိခိုးရတဲ့ ကြည်နူးမှုကို ဘယ်အရာမှ လိုက်မမီ။ စံပယ်တို့၊ ငွေပန်းတို့၊ ဇီဇဝါတို့ ကပ်ပြီးတိုင်း သက်လျာ တောင်းနေကျ ဆုတစ်ခု ရှိပါသည်။ “ ဘုရားတပည့်တော်မ ၏ ဘဝ သက်တမ်း တစ်လျှောက်လုံး ဖြူစင်သန့်ရှင်းသော အပျိုစင်ဘဝဖြင့် နေထိုင်ရပါလို၏“ ။

ဖေဖေ့ကြောင့် မေမေ စိတ်ဆင်းရဲခဲ့ရတာကို ပြန်တွေးမိရင် ဘယ်ယောင်္ကျားကိုမှ သက်လျာသိပ်မယုံချင်။ ဖေဖေ နှင့် မေမေ နှစ်ယောက်စလုံး အထူးကု ဆရာဝန်ကြီးတွေ ဖြစ်ပြီး သူငယ်ချင်း ဘဝက ချစ်သူ အဆင့်တက်ခဲ့ကြသူတွေ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ရှိခဲ့ကြသူတွေ ဖြစ်ပေမယ့် ဖေဖေ့ ဘက်က သစ္စာဖောက်မှုကြောင့် သက်လျာ ခုနှစ်တန်းနှစ်မှာ ဖေဖေ နှင့် မေမေ ကွာရှင်းခဲ့ကြပြီး မေမေ့ မိဘတွေ နေထိုင်ရာ ဒီခြံကလေးသို့ သားအမိနှစ်ယောက် ဆင်းလာခဲ့ကြသည်။ မေမေလည်း သူ့အလုပ်မှာပဲသူ အာရုံစိုက်ထားပြီး သက်လျာကိုပဲ ဂရုစိုက်ကာ ခုထက်ထိ နောက်အိမ်ထောင်လည်း မပြုခဲ့ပါ။

ခုတော့ အဘိုး နဲ့ အဘွားလည်း ဆုံးပါးခဲ့ပါပြီ။ သက်လျာနှင့် မေမေ နှစ်ယောက်တည်းသာ ကျန်သည်။ သက်လျာက ဒီတစ်သက် အိမ်ထောင်မပြုဖို့ ဆုံးဖြတ်ထားသည်။ မတော်တဆ သက်လျာဘက်က တစ်ယောက်ယောက်ကို ချစ်မိသွားတာပဲ ဖြစ်ဖြစ်၊ ကံဆိုးမိုးမှောင် ကျတာမျိုးပဲ ဖြစ်ဖြစ်၊ အဲဒီလိုမျိုးနဲ့ အိမ်ထောင်ပြုလိုက်ရမှာ စိုးတာမို့ ဒီလို ဆုတောင်းကို တောင်းရတာပါ။ သူများတွေကြားရင်တော့ နားလည်နိုင်မှာ မဟုတ်ပါ။ သက်လျာရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယုံကြည်ကြမှာ မဟုတ်ပါ။ သက်လျာ ပတ်ဝန်းကျင်က အိမ်ထောင်တွေမှာ တစ်မျိုးမဟုတ် တစ်မျိုး ပြဿနာ ရှိနေတာကို သက်လျာက တွေ့နေမြင်နေတော့လည်း ဒီ ဆုံးဖြတ်ချက်က ခိုင်မာသည်ထက် ခိုင်မာလာရပါသည်။

ယောင်္ကျားဘက်က သစ္စာဖောက်မှုကြောင့် ပြတ်စဲရတဲ့ အိမ်ထောင်တွေ အများကြီး တွေ့နေရသည်။ အိမ်ထောင်ထူထောင်စဉ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်လို့ ယူကြသူတွေပါပဲ။ ဖေဖေ နဲ့ မေမေ လိုပေါ့။ နောက်ပိုင်းကျမှ ပြောင်းလဲသွားတာက ယောင်္ကျားတွေ ဘက်ကပါပဲ။ မေ့မေ့ ညီမဝမ်းကွဲ ဒေါ်လေးငယ် ကျတော့ တစ်မျိုး။ သူ့ယောင်္ကျားက သူများလို ဖောက်ပြန်တာတော့ မရှိ။ ဒါပေမယ့် တစ်သက်လုံး ဘာမှ မလုပ်ပဲ ထိုင်စားနေသူ။ အရင် ခပ်ငယ်ငယ်ကဆို ဖဲရိုက်၊ အရက်သောက်တာက ပါသေးသည်။ ခုအသက်ကလေးရလာတော့ အရက်မသောက်၊ ဖဲမရိုက်တော့ပေမယ့် ဘာအလုပ်အကိုင်မှမလုပ်ပဲ နှစ်လုံး၊ သုံးလုံး ထိုးကာ လျှောက်သွားနေသူ ဖြစ်နေဆဲ။ ဒေါ်လေးငယ်လို အရာရှိမကြီးတစ်ယောက် အတွက် ထိုယောင်္ကျားက တကယ်ကို ဂုဏ်သိက္ခာ ထိခိုက်စရာ။ ဒီလို ဥပမာတွေကြောင့်လည်း သက်လျာ စိတ်ထဲ ဘယ်ယောင်္ကျား တစ်ယောက်ကိုမှ မယုံကြည်နိုင်ပဲ အိမ်ထောင်ရေးကို ကြောက်သော စိတ်က အမြစ်တွယ်နေခဲ့ပြီ။ ဒါ့အပြင် အများပြောကြသလို အပျိုကြီး လူပျိုကြီးတွေက ဗြဟ္မာပြည်က လာတယ်ဆိုတာလည်း ဟုတ်ချင်ဟုတ်နိုင်သည်။ သက်လျာက သက်လျာရဲ့ ခန္ဓာကိုယ်ကို ထာဝရ ဖြူစင်စွာ နေထိုင်သွားချင်သည်။

***

သက်လျာအတွက် အချစ်ဆိုတာ မရှိနိုင်ဘူးဟု ထင်ခဲ့သည်။ ထွန်းနေ တို့ အောင်နိုင် တို့လို နှစ်ပေါင်းများစွာ သံယောဇဉ်ကြီးခဲ့သူတွေ အပေါ်တောင် အချစ်အဖြစ် မပြောင်းလဲနိုင်ပဲ သူငယ်ချင်းလိုပဲ သဘောထားဆဲ ဆိုတော့ သက်လျာ မချစ်တတ်ဘူး လို့ ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့မိသည်။ ဒါပေမယ့်လည်း အချစ်ဆိုတာ အတော်ထူးဆန်းသော အရာပဲ ဖြစ်သည်။

သက်လျာ သူ့ကိုတော့ ချစ်မိပြီလို့ထင်သည်။ သူနှင့် သက်လျာ တွေ့ကြပုံကလည်း မဆန်းပါ။ သက်လျာနှင့် ကုမ္ပဏီမှာ အတူတူ အလုပ်လုပ်ကြသည်။ နောက်တော့ သူ့ဘက်က ပြောင်းလဲလာသည်။ သက်လျာက မသိချင်ယောင်ဆောင်နေသည်။ တစ်နေ့မှာတော့ သူက သက်လျာကို ဖွင့်ပြောလာသည်။ သက်လျာဘက်က သူ့ကို ချစ်မိတယ် ထင်ပေမယ့် ဝန်မခံချင်ပါ။ ဘယ်တော့မှ ဝန်မခံချင်ပါ။ သက်လျာ ချစ်ရမှာ ကြောက်သည်။ လက်ထပ်ရမှာ ကြောက်သည်။ ဒါကြောင့် သူ့ကိုလည်း မချစ်နိုင်ကြောင်း ချက်ချင်း အဖြေပေးတော့ သူကမကျေနပ်ပဲ အတင်း စဉ်းစားခိုင်းသည်။ သက်လျာရဲ့ စိတ်ကို သက်လျာ မနိုင်ပဲ သူ့ကို ဆွဲမထားချင်ပါ။

သူ့အကြောင်း ထွန်းနေ ကိုတောင် ပြောပြမိသေးသည်။ အောင်နိုင် ထက်စာရင် ထွန်းနေက သက်လျာအပေါ် ပိုရိုးသားသည်ဟုထင်သည်။ ပထမ တစ်ခါ ငြင်းပြီး ကတည်းက ဒီအကြောင်း လုံးဝ မပြောတော့။ သက်လျာ အပေါ် ဖြူဖြူစင်စင် ပဲ ခင်မင်သည်။ အောင်နိုင်ကတော့ သူ့မှာ လက်ရှိ ကောင်မလေးတွေလည်း ရှိရဲ့သားနှင့် အခွင့်ကြုံရင် ကြုံသလို သက်လျာကို စောင့်နေဆဲ ဖြစ်ကြောင်း ပြောတတ်သည်။ ဒါကြောင့်ပဲ ဒီအကြောင်းကို ထွန်းနေ ကိုသာ တိုင်ပင်မိသည်။ ထွန်းနေ က အာကာဦး အကြောင်းကို စုံစမ်းကြည့်ပြီး သက်လျာနှင့် သဘောတူသည်။ အာကာဦးကို ယုံကြည်ကြည့်ဖို့ သက်လျာကို ပြောသည်။ ဒါပေမယ့်လည်း သက်လျာ သူ့ကို အဖြေ ပြန်မပေးဖြစ်ပါ။

ဒီလိုနဲ့ပဲ သူလည်း စင်ကာပူကို ထွက်သွားသည်။ သက်လျာနှင့် mail အဆက်အသွယ်တော့ ခုထိ ရှိသည်။ Chat မှာလည်း တစ်ခါတရံ တွေ့သည်။ သူက သက်လျာကို စင်ကာပူ လာဖို့ အမြဲပြောသည်။ သက်လျာက မေမေ့ကို မထားခဲ့နိုင်သဖြင့် သွားဖို့ မစဉ်းစားပါ။ သူသွားတာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီ ဒီဇင်ဘာ ပိတ်ရက်မှာ သူခဏ ပြန်လာမည် ဟုပြောသည်။ သူကလည်း ခုချိန်ထိ သက်လျာဆီက အဖြေကို စောင့်နေဆဲ။

***

(၃)

အဲဒီနေ့က သက်လျာ ရုံးပိတ်ရက်မို့ အိမ်မှာ ရှိနေပေမယ့် မေမေကတော့ ဆေးခန်းသွားရသည်။ အိမ်က အဒေါ်ကြီး တူအရီးကလည်း အဒေါ်ကြီးညီမ ကောင်မလေး အမေ နေမကောင်းသဖြင့် ရွာကို ပြန်နေသည်။ အိမ်မှာ သက်လျာတစ်ယောက်တည်း ကျန်သည်။ အဲဒီအချိန်မှာ အောင်နိုင်သူ လာသည်။ သက်လျာလည်း တစ်ယောက်တည်း ပျင်းနေတုန်း သူလာတော့ စကားပြောဖော်ရပြီ ဆိုပြီ ဝမ်းသာအားရ တံခါးဖွင့်ပေးမိသည်။

ပထမတော့ ရောက်တတ်ရာရာ ပြောနေကြရင်း သူက သူ့လက်ရှိ ကောင်မလေးကို ဖြတ်လိုက်ပြီ ဖြစ်ကြောင်း၊ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မလိုက်ချင်တော့ကြောင်း ပြောသည်။ သက်လျာကလည်း “ နင် မငယ်တော့ဘူးနော် လက်ထပ်ဖို့ ရည်ရွယ်ပြီးမှပဲ တွဲပါတော့ ဟာ” ဟု ပြောမိသည်။ သူက အဲဒီမှာ တစ်စခန်းထတော့သည်။

“လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူက အစကတည်းက ရှိတယ်လေ၊ သူက ခေါင်းမညိတ်သေးလို့ စောင့်နေတာပဲ၊ သက်လျာ နင် ငါ့ကို လက်ခံပါတော့ ငါ ဘယ်ကောင်မလေး နဲ့ မှလည်း မတွဲချင်တော့ဘူး၊ နင့်ကိုပဲ ချစ်တယ်၊ နင့်ကိုပဲ လက်ထပ်ချင်တယ်”

“အောင်နိုင်၊ နင့်ကိုငါ ဘယ်တော့ ချစ်သူလို ပြောင်းချစ်လို့ ရမှာ မဟုတ်ဘူး၊ နင့်ကို ငါ မချစ်ဘူး၊ နင်က ငါ့အတွက် အမြဲတမ်း သူငယ်ချင်းပဲ”

“နင်က အာကာဦးကိုတော့ အဖြေပြန်ပေးဖို့ စဉ်းစားနေတယ်ဆို၊ မလုပ်နဲ့နော် သက်လျာ၊ နင်ဟာ ငါ့အတွက်ပဲ ဖြစ်ရမယ်၊ ဘယ်သူ့အတွက်မှ မဟုတ်ရဘူး”

“သေလိုက်ပါလား အောင်နိုင်၊ ငါက နင့်အတွက်လည်း မဟုတ်ဘူး၊ ဘယ်သူ့အတွက်မှ မဟုတ်ဘူး၊ ငါလက်ထပ်ဖို့ စိတ်ကူးမရှိဘူး၊ စိတ်ကူးရင်တောင် နင်တော့ မဟုတ်ဘူး၊ ငါချစ်တဲ့သူပဲ ဖြစ်မှာပေါ့”

အဲဒီမှာတင် အောင်နိုင်သူက စိတ်ရိုင်းဝင်သွားတော့တာ ဖြစ်သည်။

***

(၄)

ထွန်းနေ သက်လျာအိမ်သို့ သွားသည်။ ဖြေမဆည်နိုင်ဖြစ်နေသော သက်လျာအမေကို မမေးချင်ပေမယ့် အကြောင်းစုံသိအောင်တော့ မေးမှဖြစ်မည်။ သက်လျာက သူမဆောင်ထားလေ့ရှိသော ခြောက်လက်မ မောင်းချဓားဖြင့် ကိုယ့်ကိုယ်ကို ထိုးသတ်ခဲ့ခြင်းဖြစ်သည်တဲ့။ နယ်မြေ ရဲများလည်း စစ်ဆေးပြီးပြီ၊ ရင်ခွဲရုံမှာလည်း စစ်ဆေးပြီးပြီ။ သူကိုယ်သူ သတ်သေခြင်း ဖြစ်သည်ဟု အားလုံးက ဆုံးဖြတ်ကြသည်။ အိမ်ထဲသို့ ဘယ်သူမှ ချိုးဖောက်ဝင်ရောက်လာသည့် လက္ခဏာ မရှိ။ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည့်ပုံ မတွေ့ရ။ သူမအိမ်ယာထဲမှာ ကိုယ့်ကိုယ်ကို ထိုးခဲ့ခြင်းဖြစ်သည်။ ဓားပေါ်တွင် သူမ လက်ဗွေရာမှ အပ တစ်ခြားမရှိ။ ဘယ်လိုပဲ ဖြစ်ပါစေ။ သူကတော့ မယုံကြည်ပါ။ သူမ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာကို မယုံကြည်ပါ။ မိန်းကလေးတစ်ယောက်က တကယ် ကိုယ့်ကိုယ်ကို သတ်သေချင်တယ် ဆိုလည်း တခြားနည်းတွေ အများကြီး ရှိတာပဲလေ။ ဘယ်သူမှ ကိုယ့်ကိုယ်ကို ဓားနှင့်ထိုး၍တော့ သတ်သေမည် မဟုတ်ပါ။

အဲဒီ မောင်းချဓားကို သူဝယ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်ခါက သူမက ပြောဖူးသည်။ ဘဝမှာ အလိုမတူပဲ အကြမ်းဖက်ခံရမှာကို အကြောက်ဆုံးပဲ တဲ့။ သူက အဲဒီလို အမှုတစ်ခု အကြောင်းကို ပြောပြမိတော့ သူမက ပြောခြင်းဖြစ်သည်။ နောက်တစ်ခါတွေ့တော့ သူက အဲဒီ မောင်းချဓားကို လက်ဆောင်ပေးခဲ့သည်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက်လို့ ပြောခဲ့သည်။ သူမကလည်း သဘောကျသည်။ ဓားက သေးသေးလေး လို့တောင် ပြောသေးသည်။ ဓားကသေးပေမယ့် လူသေနိုင်တယ်၊ နှလုံးတည့်တည့်ကိုသာထိုး လို့ သူက စနောက်ရင်း ပြောခဲ့သေးသည်။ အခုတော့ ဒီဓားနဲ့မှ သေရသည်။ သူသာ ဒီဓားကို လက်ဆောင်မပေးမိခဲ့ရင်...။

***

အောင်နိုင်သူနှင့် ပတ်သက်လို့တော့ နယ်မြေ ရဲဌာနမှာပဲ မေးရသည်။ သူက မိဘများနှင့် အတူမနေပဲ တစ်ယောက်တည်း ကွန်ဒိုတိုက်ခန်းမှာ နေသူဖြစ်သည်။ သူ့တိုက်ခန်းက ဆယ်ထပ်အမြင့်မှာ ရှိသည်။ ညသန်းခေါင်ကျော် အချိန်လောက်တွင် ဝရံတာမှ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူများက တွန်းချသည် ဟု ထင်စရာ ခြေရာ လက်ရာ ဘာမှမရှိ။ ကိုယ်တိုင်ခုန်ချတာ သေချာသည်ဟု အထောက်အထားများ အရ ဆုံးဖြတ်လိုက်ကြပြီးဖြစ်သည်။ ထူးဆန်းတာ တစ်ခုက သူ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာ နှစ်ချက်တွေ့ရခြင်းဖြစ်သည်။ သို့သော် ဆေးထည့်၍ ပတ်တီးစည်းထားပြီးဖြစ်သည်။ ရန်ဖြစ်သတ်ပုတ်၍ အောက်ပြုတ်ကျခြင်း လုံးဝ မဟုတ်နိုင်။ ထွန်းနေ အနေနှင့် အဲဒီဓားဒဏ်ရာ နှစ်ချက်ကို စစ်ဆေးကြည့်ချင်သည်။ ခုမှတော့ မဖြစ်နိုင်တော့။ ဆေးစစ်ချက်ကို ပဲ တောင်းကြည့်ရတော့သည်။ ခြောက်လက်မ မောင်းချဓားနှင့် ထိုးခံရသည်ဟု ထင်မြင်ကြောင်း ရေးထားသည်။

ခြောက်လက်မ မောင်းချဓား...။ ဒါ တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား။ ဇာတ်လမ်းကို မှန်းဆမိသလို ရှိလာသည်။ သူ ခရီးမသွားခင်ကပဲ အောင်နိုင်နှင့် တွေ့သေးသည်။ သူက သက်လျာကို အသည်းအသန် ပြန်ဖြစ်နေသည်။ သက်လျာကို ခိုးပြေးရင် ကောင်းမလား ဟု နောက်သလို ပြောင်သလို ပြောလို့ သူက တားမြစ်ခဲ့ရသေးသည်။ သက်လျာရဲ့ အချစ်က ဘယ်သူ့ဆီမှာ ဆိုတာ အောင်နိုင်သိအောင် ပြောခဲ့ရသေးသည်။ ဒီတော့...။ သက်လျာ ရဲ့အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန် အောင်နိုင် ရောက်သွားခဲ့ရင် ဒီအခွင့်အရေးကို သူအသုံးမချဘူးလို့ ပြောနိုင်ပါ့မလား။ ကိုယ့်ခြံ ကိုယ့်ဝင်း တွေနဲ့ မို့ သူဝင်သွား၊ ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်တာလည်း ဖြစ်နိုင်သည်။ သက်လျာဟာ ဒီမောင်းချဓားကို သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက်ပဲ သုံးမှာ။ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဓားကို လုကြမည်။ ဒါပေမယ့် ဘယ်လိုဖြစ်တာလဲ...။

သက်လျာ ပြောဖူးသော စကားတစ်ခွန်းကို သူ ပြန်ကြားယောင်မိသည်။ “ငါက နောက်ဆုံးအချိန် အထိ ငါ့ဘဝကို အဖြူရောင်ပဲ ဖြစ်ချင်တာ” ။ သက်လျာ အာကာဦးကို ချစ်နေမှန်း သူသိတော့ မစားရတဲ့ စပျစ်သီးကို ချဉ်တယ် ပြောချင်တဲ့ အထဲမှာ သူမပါတာမို့ အာကာဦးကို ချစ်နေရင်လည်း အဖြေပြန်ပေးလိုက်ဖို့ ဖြောင်းဖြဖူးသည်။ အဲဒီမှာ သက်လျာက ပြန်ပြောခဲ့ခြင်း ဖြစ်သည်။ အာကာဦးကို ချစ်ပေမယ့်လည်း လက်မထပ်ချင်ပါ တဲ့။

တကယ်လို့များ သူမရဲ့ နောက်ဆုံးအချိန်ဟာ တစ်စုံတစ်ဦး ရဲ့ စော်ကားမှုကို ကာကွယ်ရင်းနဲ့ ဖြစ်ခဲ့ရတယ် ဆိုရင်...။ အဲဒီကိစ္စက ပြီးမြောက်သည် ဖြစ်စေ၊ မပြီးမြောက်သည် ဖြစ်စေ သူမ သိက္ခာကို ထိခိုက်သည်ဟု သက်လျာက ထင်ကောင်းထင်မည်။ အဲဒီတော့ သူမ ဓားထိုးခံရခြင်း အဖြစ်မှာ တစ်ခြား ဘယ်သူ တစ်ဦးတစ်ယောက်မှ မပါဝင်ပဲ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဖြစ်အောင် လုပ်လိုက်သည်။

***

ထွန်းနေ သက်လျာတို့အိမ် တစ်ခေါက်ထပ်ရောက်သည်။ သက်လျာ မေမေက သက်လျာမှာ စိတ်ဒဏ်ရာတွေ ရှိနေလို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ထင်နေရှာသည်။ အိမ်ထောင်ရေး အဆင်မပြေ ခဲ့တဲ့ သူတို့မိဘတွေ အပြစ်လည်း ပါသည်ဟု ဖြေမဆည်နိုင် ဖြစ်နေသည်။ အနည်းဆုံး သက်လျာမေမေ တော့ အဖြစ်မှန်ကို သိသင့်သည်။

“အန်တီ့ကို မမေးသင့်မှန်းသိပေမယ့် ထပ်မေးပါရစေ အန်တီ၊ ရုန်းရင်းဆန်ခပ် ဖြစ်ထားပုံ မရတာ သေချာရဲ့လား ဟင်၊ တစ်ခုခု လွဲနေတာမျိုး ရှိမရှိ စဉ်းစားကြည့်ပါဦး”

“မင်းက လွဲနေတာ ဆိုမှ တစ်ခုတော့ သတိထားမိတယ်၊ အဲဒီတုန်းကတော့ အရမ်းပူနေတော့ သတိမထားမိဘူးပေါ့၊ အဲဒီနေ့ မနက်က အန်တီ ကိုယ်တိုင် ဧည့်ခန်းက စားပွဲမှာ ပန်းအိုးထိုးခဲ့တာ၊ အဲဒီပန်းအိုးက ကွဲပြီး အမှိုက်ပုံးထဲ ရောက်နေတယ် ကွဲ့၊ ကျန်တာတော့ ဘာမှ ခြေရာ လက်ရာ မပျက်ပါဘူး”

“ခြေရာ လက်ရာ မပျက်အောင် တမင်ပြန်လုပ်ထားတာလည်း ဖြစ်နိုင်တယ် မဟုတ်လား အန်တီ၊ ကွဲသွားတဲ့ ပန်းအိုးကိုတော့ အသစ်ဖြစ်အောင် လုပ်လို့ မရဘူးပေါ့”

“မင်းပြောချင်တာ...”

“အန်တီ သိပါတယ်၊ တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်း အောင်နိုင့် ကိုယ်ပေါ်မှာလည်း ခြောက်လက်မ မောင်းချဓား ဒဏ်ရာ နှစ်ချက်တွေ့ရတယ် အန်တီ၊ ဒါပေမယ့် သေတဲ့အချိန်မှာတော့ ပတ်တီး စည်းပြီးနေပြီ”

“အဲဒီနေ့က အန်တီက ညနေတော်တော် နောက်ကျမှ ပြန်ရောက်တယ်လေ၊ အဲဒီတော့ ဖြစ်ပြီးတာ ကြာနေပြီ၊ ရဲတွေကို ဆက်ပြီးတော့ မင်းဆီဆက်တယ်၊ မင်းက ခရီးသွားနေတယ် ဆိုလို့ မောင်အောင်နိုင် ဆီကို ဆက်တယ်၊ သူ့အသံက တစ်မျိုးကြီးပဲ၊ နေမကောင်းဘူးလား လို့တောင် ထင်လိုက်သေးတယ်၊ သူ မလာဘူးလေ၊ နောက်နေ့တွေကျမှ သူ့အကြောင်းကြားရတယ်၊ ဒါပေမယ့်... မင်းတွေးသလို ဖြစ်နိုင်ပါ့မလားကွယ်”

“သေချာတာပေါ့ အန်တီ၊ စဖြစ်တာ ဧည့်ခန်းမှာပဲ၊ သူတို့ ဓားကိုလုရင်းနဲ့ သက်လျာကို ထိုးမိသွားတယ်၊ သူ့ကိုယ်သူ မရတော့ဘူး ဆိုတာ သက်လျာ သိမယ်၊ ဒီတော့ အိပ်ခန်းထဲကို သွားတယ်၊ အပြင်မှာ ခြေရာ လက်ရာ မပျက်အောင် လုပ်ခိုင်းပြီး သူ့ကို ပြန်ခိုင်းမယ်၊ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ ပြောမယ်၊ ဓားပေါ်က လက်ဗွေရာတွေကို ဖျက်လိုက်မယ်...”

“ဘာကြောင့် အဲဒီလိုတွေ လုပ်ဖို့ လိုမလဲကွယ်၊ အဲဒီလိုတွေ လုပ်မယ့် အစား အန်တီ့ဆီပဲ ဖုန်းလေး တစ်ချက် ဆက်လိုက်ပါတော့လား၊ အချိန်မီ သိရင် ကယ်ရင် ကယ်နိုင်မှာ...”

“သူ့ဒဏ်ရာ အနေအထားက မကယ်နိုင်ဘူးဆိုတာ အန်တီသိပါတယ်၊ အဲဒီလိုတွေ ဘာကြောင့်လုပ်ရလဲ ဆိုတော့... သက်လျာက သူ့ဘဝ နောက်ဆုံး အချိန်ထိ အဖြူရောင်ပဲ ဖြစ်စေချင်တယ်လေ”

“ဒါ သူ့လော်မာတာမှ မဟုတ်ပဲကွယ်၊ ပြီးတော့ ဘာမှလည်း မဖြစ်ခဲ့ပါဘူး”

“ဘာမှ မဖြစ်ပေမယ့်လည်း သက်လျာလို ဘဝတစ်လျှောက်လုံး အစွန်းအထင်း မရှိအောင် နေခဲ့တဲ့သူ အဖို့ သိက္ခာကျစရာလို့ တွေးမှာပဲလေ၊ အဝေးက ကြားရမယ့် သူတွေဆိုရင် ဒီကိစ္စ ဖြစ်မြောက်လား မဖြစ်မြောက်လား ဆိုတာ သေချာနိုင်ပါ့မလား...”

“အဓိပ္ပါယ် မရှိတာကွယ် ဒီလို ခုခံကာကွယ်လို့ ဖြစ်ရတာပဲ သူ့မှာ သိက္ခာကျစရာ မရှိပါဘူး”

“သက်လျာက ဒီကိစ္စမျိုးနဲ့ ပတ်သက်ရင် နည်းနည်းတော့ အစွန်းရောက်တယ်လေ အန်တီ”

“ဒါဖြင့် အောင်နိုင်က ဘယ်လိုဖြစ်ရတာလဲ”

“သူအိမ်ပြန်သွားပြီး သူ့စိတ်သူ ထိန်းနေတုန်း၊ သက်လျာ မသေနိုင်ဘူးလို့လည်း ဖြေပြီး တွေးချင်တွေးနေမှာပေါ့လေ၊ အဲဒီ အချိန်မှာ အန်တီ ဖုန်းဆက်တော့ သက်လျာဆုံးတာကို သူသိသွားတယ်၊ သူ့အပေါ် အပြစ်မတင်ပဲ ကိုယ့်ကိုယ်ကို သတ်သေသလို လုပ်သွားတာကလည်း သူ့ကို စိတ်ထိခိုက်စေမှာပဲလေ၊ သူကလည်း လူဆိုးမှ မဟုတ်ပဲ၊ မတော်တဆ စိတ်မထိန်းနိုင်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်လား၊ နောက်ဆုံးတော့ သူမနေနိုင်တော့ပဲ အဲဒီလို လုပ်လိုက်တော့တာပဲ”

“မင်းပြောတာ ဖြစ်နိုင်ပါတယ်၊ မောင်ထွန်းနေ၊ အဲဒီလိုပဲ ဖြစ်မှာပါပဲ၊ သမီးက ကိုယ့်ကိုယ်ကို သတ်သေမယ့် လူမျိုးတော့ မဟုတ်ပါဘူး”

“ဒါကို ကျွန်တော်တို့ နှစ်ယောက်ပဲ သိရင်တော်ပါပြီ အန်တီ၊ တစ်ခြား ဘယ်သူ့ကိုမှ မသိပါစေနဲ့တော့၊ သက်လျာ ဖြစ်စေချင်သလိုပဲ ဖြစ်ပါစေတော့”

***

(၅)

သြော်... သက်လျာ၊ သက်လျာ...။ ယောင်္ကျားတွေကို မယုံကြည်ဘူး လို့ ပြောပြောနေပေမယ့် ဒီ ငယ်သူငယ်ချင်းကိုတော့ ယုံကြည်လို့ တစ်ယောက်တည်းနေတဲ့ အိမ်တံခါးကို ဖွင့်ပြီး လက်ခံ စကားပြောခဲ့တာ...။ ဒီလို အဖြစ်မျိုး ဖြစ်လိမ့်မယ်လို့လည်း ဘယ်သူက ထင်ပါ့မလဲလေ။ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလို အဖြစ်ဆိုးမျိုး မကြုံဖို့ ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရယ်...။

***

သိင်္ဂါကျော်

23.6.2009

10:45 PM


21 June, 2009

အနက်ရောင်မြင်း ရဲ့ ဝိညာဉ်

ကျွန်တော့် အိမ်နီးချင်း အမျိုးသမီး တစ်ယောက်မှာ ငါးဧက ကျယ်တဲ့ မြင်းခြံ တစ်ခု ရှိပါတယ်။ ကျွန်တော့် ဥယျာဉ် အတွက် သူမရဲ့ ခြံထဲက မြေသြဇာ ယူဖို့ ခွင့်ပြုထားပါတယ်။

၂၀၀၉ မတ်လ ၁၁၊ ဗုဒ္ဓဟူးနေ့မှာ ကျွန်တော့် မြေး လေးနှစ်အရွယ် ဝီလ် နဲ့ ကျွန်တော် ဟာ မြင်းချေးကျုံးဖို့ လက်တွန်းလှည်းတစ်ခုနဲ့ မြင်းခြံထဲကို သွားခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် မြင်းခြံထဲကို မကြာခဏ သွားနေကျဖြစ်ပြီး မြင်းတွေစားဖို့ ပန်းသီး၊ မုန်လာဥနီ စတာတွေလည်းယူသွားတတ်လို့ မြင်းတွေနဲ့လည်း ကောင်းကောင်း ရင်းနှီးနေပါပြီ။

ဒီနေ့လည်း သူတို့စားဖို့ ပန်းသီးတွေ ပါလာပါတယ်။ အထဲကို ရောက်တယ် ဆိုရင်ပဲ နီကြန်ကြန်အရောင် မြင်းသုံးကောင်က ကျွန်တော်တို့နားကို ရောက်လာပါတယ်။ သူတို့ကို ပန်းသီးတစ်လုံးစီ ကျွေးနေတုန်းမှာပဲ အနက်ရောင်မြင်းတစ်ကောင် ပြေးလာတာကို တွေ့ပါတယ်။ ဝီလ် ကလည်း အနက်ရောင်အကောင်ဖို့ ပန်းသီးချန်ထားဦးနော် လို့ပြောပါတယ်။ အနက်ရောင်မြင်း ရောက်လာတာနဲ့ ကျွန်တော့်လက်ထဲက ပန်းသီးကို ယူစားပါတယ်။

၂၀၀၉ မတ်လ ၁၈၊ ဗုဒ္ဓဟူးနေ့မှာလည်း ဝီလ် နဲ့ ကျွန်တော် မြေသြဇာသယ်ဖို့ တစ်ခါထပ် သွားပြန်ပါတယ်။ မြင်းတွေဖို့ ပန်းသီးတွေလည်း ယူသွားပါတယ်။ အနီရောင် မြင်းသုံးကောင် ရောက်လာပြီး ကျွန်တော်တို့ ကျွေးတာကို စားပါတယ်။ အနက်ရောင်မြင်းကို ဘယ်နေရာမှာမှ မတွေ့ရပါဘူး။

နောက်တစ်နေ့ကျတော့ ကျွန်တော့် အိမ်နီးချင်း ကို မြင်းတစ်ကောင်စီးဖို့ ပြင်နေတာတွေ့လို့ ခြံစည်းရိုးနားသွားပြီး သူမခြံထဲက မြေသြဇာ အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။ သူမကလည်း ကျွန်တော်မယူရင်လည်း သူမ မြင်းစောင်းထဲမှာ အလကား စုပုံနေမှာဖြစ်လို့ ယူပါလို့ ဝမ်းမြောက်ဝမ်းသာ ပြောပါတယ်။ ကျွန်တော်က အနက်ရောင်မြင်းနဲ့ ပတ်သက်ပြီး မေးကြည့်မိတော့ သူမက ရေဗင် သေသွားပြီ ဖြစ်ကြောင်း ပြောပါတယ်။ လွန်ခဲ့ အပတ်ကမှ သူ့ကို ပန်းသီးကျွေးခဲ့သေးတာမို့ အံသြသွားပြီး ဘယ်အချိန်က သေသလဲလို့ မေးမိပါတယ်။ သူမပြောတာကတော့ အောက်တိုဘာလကပါတဲ့။ ကျွန်တော် လည်း စိတ်အနှောက်အယှက် ဖြစ်သွားပြီး သူမ နောက်နေတာလားလို့ ပြန်မေးမိပါတယ်။ ဘာလို့ဆို ပြီးခဲ့တဲ့ အပတ်ကမှ သူ့ကို ပန်းသီးကျွေးခဲ့သေးတယ်လို့ ပြောပြလိုက်ပါတယ်။ သူမက မြင်းတွေဟာ တစ်ခါတရံ သူတို့သေပြီးတာတောင်မှ သူတို့ရဲ့ စားကျက်ဟောင်းမှာ ကျက်စားလေ့ရှိသေးကြောင်း ပြောပါတယ်။

ကျွန်တော်လည်း ပိုပြီးသေချာချင်တာနဲ့ ကျွန်တော့် မြေးကို အရင်အပတ်က အိမ်နီချင်းခြံထဲမှာ မြင်းဘယ်နှကောင် တွေ့ခဲ့သလဲလို့ မေးတော့ သူက အနီရောင် သုံးကောင်နဲ့ အနက်ရောင် တစ်ကောင် လို့ ပြန်ဖြေပါတယ်။ ကျွန်တော် နေရတာပိုကောင်းသွားပါတယ်။ ဘာလို့ဆို ဒီအဖြစ်အပျက် တစ်ခုလုံး အိပ်မက်လို့တောင် ထင်နေလို့ပါပဲ။ ရေဗင် ဟာ သူသေဆုံးပြီး ခြောက်လကြာမှ ကျွန်တော့် ရှေ့မှာ ပေါ်လာတာ သံသယရှိစရာ မလိုပါ။

(Bobby Wallace ရဲ့ Ghost Horse ကို ပြန်ဆိုပါသည်။)

20.6.2009

10:09 AM


14 June, 2009

ကောင်မလေး

လောလောဆယ် ကြိုက်နေတဲ့ သီချင်းလေးရဲ့ စာသားလေးပါ။ ဆိုတာက ဇင်အောင် ပါ။ ဒီမှာ download လုပ်လို့ ရပါတယ်။ Youtube မှာလည်း ရှိပါတယ်။


ဒီတစ်ညတော့ ကောင်မလေးရာ

သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ

ဂစ်တာလေး တစ်လက် ကိုယ်ထမ်းလို့လာ

မင်းလေးအိပ်ပြီလား...

မအိပ်သေးလည်း ကောင်မလေးရာ

ဒီသီချင်းလေး ခံစားပေးပါ

ကောင်မလေး အတွက်

ကိုယ်ရေးထားတာ မီးလေးဖွင့်ပါဦး


ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ

လေပြေလေးနဲ့ ကိုယ်သီချင်းငြီးတာ

အဖေ အမေ ကြားလို့ စိတ်ဆိုးမိမလား မင်းလေး ပြောကူဦး

တစ်ညလုံးလည်း ဆိုနေဦးမှာ

သံစဉ်ငြီးလို့ ကိုယ်မောတဲ့အခါ

အသံမကြားလို့ အိပ်မသွားနဲ့ကွာ

တစ်ချက်တော့ တောင်းပန်မယ် ကလေးလေး ရယ်


မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ

အမြဲတမ်းပဲ မင်းလေး အတွက်ပါ ကလေးရာ

ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ

ကလေးလေး နားရောက်ခဲ့တဲ့ အခိုက်မှာ

လွမ်းတယ် လွမ်းတယ် လွမ်းတယ် အမြဲတမ်း လွမ်းနေမယ်

အခြေအနေပေးခဲ့ရင် နေ့တိုင်း တွေ့ချင်တယ်

နှင်းဆီဝါ




လွန်ခဲ့တဲ့ညက ငါ့အိပ်မက်ထဲကို သူမ လာတယ်
အဝါရောင် နှင်းဆီတစ်ပွင့် နဲ့ ခေါင်းအုံးပေါ်မှာ အချစ်စာ တစ်စောင် ချန်ခဲ့တယ်
ကျောက်ထွင်းစာဖတ်ရသလိုမျိုး
တို့တွေက အမြဲတမ်း သူငယ်ချင်းတွေပဲတဲ့။

နှင်းဆီကတော့ နှင်းဆီပဲပေါ့
ဘာကြောင့် အနီရောင် နှင်းဆီက ကျက်သရေရှိတဲ့အချစ်နဲ့ တောက်ပသလဲ
ဘာကြောင့် အဖြူရောင် နှင်းဆီတွေက ကွယ်လွန်သူတို့ဝိညာဉ်ကို အမှတ်ရစေဖို့ဖြစ်သလဲ
ပြီးတော့ ဘာကြောင့်
အဝါရောင် နှင်းဆီက တို့အားလုံးရဲ့ ခင်မင်မှု ရောင်စဉ်တွေကို တောက်ပစေသလဲ။

မီးခိုးရောင် တိမ်တွေကို ဖြတ်ပြီး နေရောင် တောက်ပသလိုမျိုး
ရင်းနှီးခင်မင်မှု ရောင်စဉ်တွေ သူ့ရဲ့ ရွှေရောင်ပွင့်ချပ်ကြားက ထွက်ပေါ်လာရဲ့
အေးခဲတဲ့ နှင်းစက်တွေ သူ့ရဲ့ သိပ်မွေ့ ချောမွတ် ပွင့်လွှာပေါ် ကျဆင်းသလို
ဝမ်းနည်းစရာအချိန်မှာ ငါ့ပါးပေါ် မျက်ရည် စီးကျ
သူ့ရဲ့ တည်ရှိမှု ရနံက
ငါ့အသည်းနှလုံးကို ရင်းနှီးနွေးထွေး ချစ်ခြင်းမေတ္တာရနံ နဲ့ ပြည့်နှက်စေရဲ့။

နှင်းဆီဝါ
မင်းဟာ ပြီးပြည့်စုံတဲ့ ဖန်တီးမှုပါပဲ
ဘာကြောင့်
အဝေးတစ်ချိန်မှာ ခြောက်သွေ့ညှိုးနွမ်း သွားရမလဲ
ပွင့်ဖတ်တွေ ကြွေကျသလို အသည်းနှလုံးတစ်ခု ကျိုးပဲ့စေပြီး
အဝါရောင်နှင်းဆီ ညှိုးခြောက်သလို ထာဝရ ခင်မင်ခြင်းသာ ပျောက်ဆုံးသွားမယ်ဆို
ငါအံ့သြမိမှာပဲ။

Jay P Narain ၏ Yellow Rose ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်
12. 6. 2009
10: 20 PM

ခရီးသည် တစ်ယောက်ရဲ့ ခေတ္တနားခိုရာ


နိုင်ငံ့ဝန်ထမ်း ဆိုတော့လည်း တစ်နယ်က တစ်နယ် ပြောင်းရွှေ့ရတာ အဆန်းတော့ မဟုတ်ပါ။ ကိုယ်ကိုယ်တိုင်ကလည်း မရောက်ဖူးတဲ့ အရပ်ကို သွားရတာ ကြိုက်ပါတယ်။ နေရ ထိုင်ရ အဆင်ပြေတာ မပြေတာကတော့ တစ်ပိုင်းပေါ့လေ။ ပုသိမ် ဆိုတော့ နည်းနည်း နီးနေသေးလို့ စိတ်တောင် ဆိုးချင်ပါရဲ့။

မေမေက ရန်ကုန်မှာ အစည်းအဝေး ရှိတာကို လမ်းမကြုံ ကြုံတယ် ဆိုပြီး လိုက်ပို့တယ်လေ။ အဲဒါနဲ့ ဖေဖေ ကလည်း ပါလာရော။ မနက် ၈း၃၀ နေလဝန်း ကားစီးလာတာ ၁၂ မခွဲခင်လောက် ရောက်ပါတယ်။ ကိုယ့် ပစ္စည်းတွေ ချထားပြီးတော့ သူတို့က ရှေ့က တည်းခိုခန်းမှာ တည်းကြပါတယ်။

ကိုယ်ပိုင်တဲ့ နေရာကတော့ စိတ်ကျေနပ်စရာ လုံးဝ မကောင်းပါဘူး။ အိပ်ခန်း တစ်ခန်းတောင် သီးသန့် မရတဲ့ အဖြစ်မျိုးပါ။ အိမ်ခန်း တစ်ခန်းမှာ အိပ်ခန်း နှစ်ခန်းပါပါတယ်။ ထမင်းစားတာ၊ ဟင်းချက်တာ၊ ရေချိုးခန်း၊ အိမ်သာ ကတော့ Share သုံးရမှာပါ။ အိပ်ခန်းတစ်ခန်းကို နှစ်ယောက်နေရတဲ့ အပြင် စားပွဲတစ်လုံး ကုလားထိုင် တစ်လုံး တောင် ကိုယ်ပိုင် မရပါဘူး။ လွတ်လပ်မှု လိုလားတဲ့ ကိုယ့်အတွက်တော့ စိတ်ညစ်စရာပါပဲ။ ဘယ်တတ်နိုင်မလဲလေ... လူဆိုတာ ပျော်ရာမှာ မနေရ တော်ရမှာ နေရမှာပဲ မဟုတ်လား။

အဲဒီညနေကတော့ လိုင်းကားစီးပြီးတော့ သားအမိ သားအဖ သုံးယောက် မြို့ထဲထွက်ခဲ့ပါတယ်။ သူတို့ ပြန်ဖို့ ကားလက်မှတ်လည်း ဝယ်ရဦးမယ်လေ။ ရွှေမုဌောဘုရားကတော့ မြို့လည်မှာပဲမို့ ဝင်ဖူးခဲ့ပါတယ်။ တစ်ခြားနေရာတော့ မရောက်ဖြစ်တော့ပါဘူး။

အောက်ကပုံကတော့ ရွှေမုဌော ဘုရားမှာပါ။ ဘုရားတစ်ခုလုံး ပါချင်တာနဲ့ လူပုံ သိပ်မပေါ်လို့ တင်လိုက်တာ :D

ရုပ်ပွားတော်တွေရဲ့ မျက်နှာတော်တွေကလည်း ကြည်လင်သပ္ပါယ်ပြီး ပြုံးတော်မူနေတဲ့ ပုံတော်တွေချည်းပဲမို့ ကြည်ညိုလွန်းလို့ တင်လိုက်ပါတယ်။ နောက်ဘက်က ကနုတ်ပန်းတွေကလည်း တကယ့်ကို လှပါတယ်။


ကိုယ့်အကြောင်းလေး ကိုယ် ဖြတ်ပြောလိုက်ပါဦးမယ်။ ကိုယ်တို့ အိမ်ခန်းက လေးယောက်သာ စာရင်းရှိပေမယ့် အရင်ကတော့ ၅ ယောက်နေခဲ့တာပါ။ အခုတော့ နေတာက ၆ ယောက်၊ အိပ်တာကတော့ ၄ ယောက်ပါပဲ။ အိမ်ထောင်သည်က သုံးယောက်၊ အဲဒီထဲကမှ ကိုယ်ဝန်ရှိနေတာက နှစ်ယောက်ပါ။ နောက်တစ်ယောက်က ယူတော့မယ့် ဆဲဆဲပဲ ဆိုပါတော့။ နောက်တစ်ယောက်ကတော့ လောလောဆယ် အစီအစဉ် မရှိသေးသူ ထင်ပါရဲ့။ တစ်ယောက်က သူ့အမျိုးသားနဲ့အတူ အိမ်ခန်းငှားနေလို့ ညနေ ပြန်ပါတယ်။ တစ်ယောက်ကလည်း တစ်ခြားအဆောင်ကပါ၊ ဒါပေမယ့် သူ့ကောင်လေးရဲ့ အိမ်ကို သွားသွားအိပ်တာများပါတယ်။ (တစ်မျိုးမထင်ကြပါနဲ့ ယောက္ခမ အဒေါ်ကြီးနဲ့ ကိုရီးယား ကြည့်ဖို့ပါ)။

အားလုံးက သဘောကောင်းကြပါတယ်။ ကိုယ် နဲ့ မတည့်တဲ့သူ ဆိုတာမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ (တကယ်ပြောတာ :D) ကိုယ့် policy က မိတ်ဆွေနည်းရင်နည်းပါစေ ရန်သူ တစ်ယောက်မှ မရှိစေရဘူး ဆိုတာမျိုးပါ။

မနက် မနက်ဆို ၆ နာရီ မထိုးခင်လောက်ကတည်းက ခေါင်းရွက်ဈေးသည်တွေ သွားလာနေကြပါပြီ။ အိမ်ခန်းတွေက လမ်းမကြီး နဲ့နီးတယ်လေ။ လှမ်းခေါ်လိုက်ရင် ရတယ်။ လာနေကြဈေးသည်တွေ ကျတော့ အထဲအထိ လာရောင်းကြတယ်။ ဘုရားပန်း၊ သား ငါး၊ အသီးအရွက် သည် အစုံပါပဲ။ ပဲပြုတ်နံပြားသည်လည်း ပါတယ်။ ညည စောစော မအိပ်ပဲ မနက် မနက် စောစော မထချင်တာ ကိုယ့် အကျင့်ပေမယ့် ဒီမှာတော့ စောစောနိုးနေတတ်တယ်။ အရမ်းနောက်ကျရင်လည်း ချက်စရာ မဝယ်လိုက်ရလို့ စားစရာမရှိ ဖြစ်လိမ့်မယ်လေ။ ပြောသာပြောတာပါ၊ ကိုယ်က ဘာကိုမှ သိပ်ချက်တဲ့လူတော့ မဟုတ်ပါဘူး။ ပုံမှန်ချက်တာဆိုလို့ စနေ၊ တနင်္ဂနွေ လောက်ပါပဲ။ (လူတွေကလည်း နှုတ်ဆက်ရင် အလာပ သလာပ အနေနဲ့ ဘာဟင်းချက်လဲ လို့ မေးကြတာ သိပ်စိတ်ညစ်တာပဲ၊ နေ့တိုင်း ဝယ်စားတယ် ဆိုရင်လည်း မကောင်း။ ကိုယ်က ရုံးဖွင့်ရက်တွေမှာ ချက်ရင်တောင် ဘယ်တော့မှ သားငါး ဆီပြန်တွေ ချက်တဲ့လူ မဟုတ်ဘူး။ အသီးအရွက်နဲ့ တနင်္ဂနွေက ကြော်ထားတဲ့ အသားတို့၊ ပုဇွန်တို့နဲ့ ရောလိုက်ရုံလောက်ပဲ။ ရောတာလည်း တွေ့ရာ ရှိတာနဲ့ ရောတာ... ဟုတ်ဟုတ် မဟုတ်ဟုတ် :D)

နီးနီးနားနားမှာ ထမင်းပေါင်း၊ ထမင်းကြော် အစုံရတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တော့ ရှိပါတယ်။ စားစရာ မရှိရင် သွားသွားစားတယ်။ ရှေ့မှာလည်း သင်္ဘောသီးထောင်း ဘာညာရတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ စောင့်ရတာတော့ အသေကြာတယ်။ ကင်တင်းကတော့ ကျောင်းသားတွေများလို့ ဟင်းသွားဝယ်ချင်ပေမယ့် မဝယ်ဖြစ်ဘူး။ (တစ်ခါတလေလည်း အိမ်မှာ စားစရာ နေရာ မရှိလို့ ဆိုင်သွားစားရတယ်၊ မီးဖိုချောင်မှာစားရတယ်။ ထမင်းစားတဲ့ နေရာက ဧည့်ခန်းပဲလေ။ လူက ၆ ယောက် နေတာ၊ ဧည့်သည်က လာသေးတယ်။ ကိုယ်က ဖြစ်သလိုဟင်းနဲ့ ဘယ်လို လူတွေကြားထဲ စားမလဲ။)

ဘာပဲဖြစ်ဖြစ် ဒါတွေက စာဖွဲ့စရာ မဟုတ်တဲ့ အသေးအဖွဲတွေပါ။ အနေအထိုင် ကျဉ်းကျပ်တာက လွဲလို့ပေါ့။ ကျဉ်းတာကတော့... ကိုယ်ပိုင်တဲ့ နေရာဆိုလို့ ကုတင် တစ်လုံးပဲ ရှိပါတယ်။ Laptop မှာ စာရိုက်ဖို့တောင် ကုတင်ဘေးက ခုံရှည်မှာ တင်ထားတဲ့ ကိုယ့်သေတ္တာပေါ်မှာ တင်ပြီး ကုတင်ပေါ်က ထိုင်သုံးရတာပါ။ တိတ်ဆိတ်မှုကလည်း အိပ်နေကြတဲ့ အချိန်ကလွဲပြီး လုံးဝ မရှိတာပါ။ လူဆိုတာကတော့ နှစ်ယောက်ပေါင်းမိရင်ကို စကားသံ ထွက်မှာ သဘာဝပဲလေ။ အပြစ်မပြောချင်ပါဘူး။ တစ်ခုပဲ ရှိတာ တစ်ခါတစ်လေ (လာတဲ့ ဧည့်သည် ကျောင်းသူမလေးတွေက အစ) ပက်ပက်စက်စက် တွေ ညစ်ညစ် ညမ်းညမ်းတွေပြောကြတာပါပဲ။ ကိုယ်ကတော့ ဒီလိုမျိုး လုံးဝ မကြိုက်ဘူး။ ကိုယ့်သူငယ်ချင်းတွေလည်း ဒီလောက်အထိ လုံးဝ မပြောတတ်ကြပါဘူး။ (ပြောရရင်တော့ ကိုယ်က ယောင်္ကျားဆန်တဲ့ စိတ်ရှိတာ ကလေး အကြောင်း မိန်းမနဲ့ပတ်သက်တဲ့ အကြောင်းတွေတောင် သိပ်နားထောင်ချင်တာ မဟုတ်ဘူး။ သူတို့က အိမ်ထောင်သည်တွေဆိုတော့လည်း ခက်သားပဲ။)

သူများအတင်းတွေ ရေးနေတာတော့ မဟုတ်ပါဘူး။ ဒီဘလော့ကလည်း ကိုယ့်သူငယ်ချင်းတွေပဲ ဖတ်တာဆိုတော့ သူတို့ကို ပြောပြချင်တာတွေ တစ်ခါတည်း ရေးလိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်ကတော့ အဖေ လာလို့ သားအဖ နှစ်ယောက် ရေကြည် ရေနောက် လို့ နာမည်ကြီးတဲ့ ဆုတောင်းပြည့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော် ကို ဆိုင်ကယ်တစ်စီး ငှားပြီး မိုးတွေ ရွာလိုက် တိတ်လိုက် ဖြစ်နေတဲ့ကြားက သွားခဲ့ပါတယ်။ ဆိုင်ကယ်သမား ပေးလိုက်တဲ့ မိုးကာတစ်ထည်ပဲ ပါလို့ မိုးတွေ ရွှဲရွှဲစို နေပေမယ့် ရောက်အောင်တော့ သွားလိုက်ကြတယ်။ ဒီအရပ်မှာ တစ်လကျော် ကြာခဲ့ပေမယ့် မရောက်ဖြစ်သေးတာနဲ့လေ။ အဖေမှ လိုက်မပို့ရင်လည်း ကိုယ်ကရောက်ဖြစ်မှာ မဟုတ်ဘူး။ ဆိုင်ကယ် ငှားလို့ရပေမယ့် ကိုယ်က မစီးတတ်တော့ ခက်သား။ အောက်ကပုံကို မိုးတွေရွာနေတဲ့ကြားက ထီးဆောင်းပြီး ရိုက်ခဲ့တာပါ။

မောင်တော်ဗြပ္မာဒေဝ မင်းသားရဲ့ကန်က ရေကြည်ကန်ပါ။ အစ်မတော် ဝိဟာရဒေဝီရဲ့ ကန်က ရေနောက်ကန်ပါ။ သမိုင်းကို တော့ စာအုပ်တွေထဲမှာလည်း ပါနေတာပဲ ဆိုတော့ မပြောတော့ပါဘူး။ (တကယ်က မသိတာ ဟီး)။

အပြန်မှာ မိုး ကလည်း နည်းနည်း စဲ နေလို့ မဟာဗောဓိ မင်္ဂလာ စေတီတော်ကို ဝင်ခဲ့ပါတယ်။ ဆင်နှစ်ကောင် ရံထားတဲ့ ရပ်တော်မူ ရုပ်ပွားတော်ကလည်း သပ္ပါယ်လို့ သေချာ ရိုက်လာခဲ့ပါတယ်။

သိင်္ဂါကျော်
11. 6. 2009
3:33 PM
.

13 June, 2009

ပြောင်းလဲတတ်သော အရာ


(၁)

စံ နှင့် နေထွဋ် တို့၏ ချစ်သူသက်တမ်းက ၈နှစ် နီးပါး ရှိခဲ့လေပြီ။ နှစ်ယောက်သားမှာ အလုပ်တွေကိုယ်စီနဲ့မို့ လက်ထပ်ဖို့ကို လောလောဆယ် မစဉ်းစား ထားရသေးပေမယ့် နှစ်ဖက်မိဘတွေလည်း သိနေပြီ။ စံ အိမ်က သိသိချင်းတော့ သမီးကို နှမျောတတ်သော အဖေက သဘောမတူခဲ့ပေမယ့် ဒီလောက် နှစ်ပေါင်းကြာအောင် တွဲခဲ့ကြပြီးမှ အခုတော့လည်း မကန့်ကွက်တော့ပါ။ စံအတွက်တော့ သူတစ်ယောက်သာ စံ တစ်ဘဝလုံး အတွက် လက်တွဲဖော် အဖြစ် ယုံကြည်ခဲ့တာ သူ့ကို စချစ်ကတည်းက ခုချိန်ထိပါ။ စံတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဘယ်သူကမှ မဖျက်ဆီးနိုင်ဘူးလို့လည်း ဘယ်အရာကမှလည်း မပြောင်းလဲစေနိုင်ဘူးလို့ ယုံကြည်ခဲ့မိပါသည်။ ယောင်္ကျားတစ်ယောက်ရဲ့ အချစ်က တစ်ချိန်ချိန်မှာတော့ ပြောင်းလဲသွားနိုင်တဲ့ အရာဆိုတာ ... စံ သိခဲ့ရချိန်မှာတော့...။

(၂)

သူငယ်ချင်း ဘဝက ချစ်သူအဖြစ် ကူးပြောင်းခဲ့ကြသူတွေမို့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ၊ နားလည်မှု ကိုယ်စီ ရှိခဲ့ကြသည်။ စိတ်သဘောထား၊ ဝါသနာဆိုတာကလည်း သိပ်ကြီး ကွဲကွဲလွဲလွဲ မရှိပဲ တူကြသူတွေ။ သူငယ်ချင်းတွေ အားလုံး ဆရာမတွေ အားလုံး လည်း တစ်နေ့တော့ လက်ထပ်ကြမယ့် ခိုင်ခိုင်မြဲမြဲ အတွဲတစ်တွဲပဲ ဆိုတာ သိထားကြသည်။

စံက Master ဘွဲ့မပြီးခင် ဝန်ထမ်း အလုပ်ဝင်ခဲ့သူမို့ ကျောင်းပြီးတော့ နယ်သွားရသည်။ သူကတော့ ရန်ကုန်မှာပဲ ကိုယ်အလုပ်လုပ်ရင်း ကျန်ခဲ့သည်။ နှစ်ယောက်စလုံးပဲ လက်ထပ်ဖို့ စိတ်ကူးမရှိကြသေးပဲ ကိုယ့်အလုပ်ကို လွတ်လပ်စွာ လုပ်ချင်သေးသည်။ တစ်ယောက်ကို တစ်ယောက်လည်း စိတ်မချ မဖြစ်ကြပါ။ စံအတွက်တော့ သူ့ကို အရာအားလုံးထက် ပို ယုံကြည်သူလေ။ သူနှင့် ဖုန်း အဆက်အသွယ်တော့ အမြဲရှိသည်။ စံ နယ်မှာရှိနေတုန်း သူနှစ်ခါလား မသိ လာလည်ဖူးသည်။ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလည်း သိကြသည်။ သူက စံ ဒီ အစိုးရအလုပ်ဝင်လုပ်တာကို သိပ်တော့ကြိုက်ပုံ မရပေမယ့် ဘာမှတော့ မကန့်ကွက်ခဲ့ပါ။ လက်ထပ်ဖို့ကို ဘယ်သူကမှ စမပြောဖြစ်။ သူကလည်း သူဘဝသူ ရပ်တည်နိုင်အောင် ပိုက်ဆံရှာပြီးမှ လက်ထပ်ချင်သည်။ စံဘက်ကလည်း ဖေဖေက သိပ်သဘောမတူတော့ မလောချင်သေး။

ဒီလိုနဲ့ပဲ စံက ဘွဲ့လွန်သင်တန်း ထပ်တက်ဖို့ ပါသွားသည်။ စံ သဘောနဲ့တော့ သိပ်မတက်ချင်ပေမယ့် ဖေဖေ နဲ့ မေမေ က တက်စေချင်တော့လည်း တက်ဖြစ်ခဲ့သည်။ ရန်ကုန်မှာဆိုတော့ သူနဲ့ လည်း အမြဲတမ်း တွေ့ရမယ်လေ ဆိုပြီး စံက တက်ဖို့ ဆုံးဖြတ်ခဲ့သည်။ တကယ်လည်း သူနဲ့ ပိတ်ရက်တိုင်း တွေ့ဖြစ်သည်။ တစ်ခါတစ်လေ လည်း သူက ညနေဘက် စံ အဆောင်ကို လာပြီး နှစ်ယောက်သား အပြင်ထွက် လမ်းလျှောက်ကြသည်။

သူက လက်ထပ်ကြဖို့ စဉ်းစားလာချိန်မှာ စံက သင်တန်း မပြီးပဲ လက်ထပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေသည်။ နှစ်ဖက်စလုံးကတော့ စံတို့ သဘောပါ။ ဘယ်သူမှ ကန့်ကွက်မယ့်သူ မရှိ။ စံ သင်တန်းပြီးဖို့က သုံးနှစ်လောက် စောင့်ရမည်။ သူစောင့်မှာပဲ ဆိုတာ စံယုံကြည်သည်။ စံ စိတ်ထဲ ဘာမှ မစိုးရိမ်မိခဲ့။ စနေ တနင်္ဂနွေ အပတ်တိုင်း သူ့ဆီသွားသည်။ သူ့ဆီက ဝတ္တုစာအုပ်တွေ ယူလာပြီးဖတ်သည်။ သူ့ဆီမှာ အခွေအတူတူ ကြည့်ကြသည်။ တစ်ခါတစ်လေလည်း ရန်ဖြစ်ကြသည်။ စံ စိတ်ကောက်ရင်လည်း သူက သိပ်ချော့တတ်တာ မဟုတ်။ သူပြန်စခေါ်ရင်ပဲ စံက စိတ်ပြေလိုက်ရတာပါပဲ။ စံ အတွက်တော့ အဲဒီလောက်နဲ့လည်း ကျေနပ်သည်။ သူ့အနားမှာ နေရရင်ပဲ စံအတွက် နေပျော်သည်။ သူဘက်က ပြောင်းလဲသွားလိမ့်မည် ဆိုတာ အိပ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါ။

(၃)

သူနည်းနည်း ပြောင်းလဲသွားတာကိုတော့ စံ ခံစားမိသလို ရှိသည်။ ဒါပေမယ့် ရိပ်တော့ မရိပ်မိခဲ့။ စံ့ အဆောင်ကို သူအလာကျဲသွားသည်။ စံကတော့ သူ့အခန်းကို အသွားမပျက်ခဲ့ပါ။ တဖြည်းဖြည်းနဲ့ သူက မအားဘူး ဆိုပြီး စံကို မလာနဲ့လို့ ပြောတဲ့ အပတ်တွေရှိလာသည်။ ကိုယ့်မှာလည်း စာလုပ်စရာတွေရှိတာပဲ။ သူက မလာနဲ့ဆိုလည်း မသွားဘူးပေါ့။ နည်းနည်းလေးမှ မရိပ်မိခဲ့တာ စံအမှားပဲလား။

ဟိုတစ်ဘက်ကိုလည်း စံက အတော်လေး အံ့သြမိသည်။ သူ့ အခန်း အနီးအနား က မုန့်ဆိုင်တွေ၊ စတိုးဆိုင်တွေ အားလုံးကို နှစ်ယောက်သား သွားဖူးတာ ခြေရာအထပ်ထပ်တောင် ကျန်နိုင်သည်။ အဲဒီ တစ်ယောက်က စံတို့နှစ်ယောက် အကြောင်းကို မသိပဲနေမှာ မဟုတ်ပါ။ စံတောင် သူမ အကြောင်းသိသေးသည်။ ၇ တန်းတောင် မအောင်ခဲ့ပဲ ဆွေမျိုးနီးစပ် စတိုးဆိုင်ဖွင့်ထားသော ဤအိမ်မှာ အရောင်းအကူ လာလုပ်နေသူဖြစ်သည်။ သူမ မိသားစုကလည်း မောင်နှမတွေ များပြီး သူမကို တာဝန်မယူနိုင်သဖြင့် ကိုယ့်ဟာကို ရပ်တည်ဖို့ ကြိုးစားနေရသူဖြစ်သည်။ သူက ပြောပြလို့ စံသိရတာပါ။ ဒါတောင် စံက သူ့ကို သံသယ မဖြစ်မိသေး။ ဝယ်နေကြဆိုင်က အရောင်းစာရေးမနဲ့ အလာပသလာပ ပြောရင်း သိတယ်ပဲ ထင်သည်။ သူ့လို ပညာတတ် ရည်မှန်းချက်ကြီးသူ တစ်ယောက်ကို ဒီလို အဆင့်က မိန်းကလေး တစ်ယောက်နဲ့ ဘယ်သူကရော ထင်မိမှာလဲ။

သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်း သိရှိရိပ်မိသူတွေ၊ လမ်းမှာ သူတို့နှစ်ယောက်ကိုတွေ့ကြသူတွေက စံ့ကို ခဏ ခဏ ပြောကြသည်။ စံက မယုံကြည်နိုင်။ အဲဒီ တစ်ယောက်လို့လည်း လုံးဝ မထင်မိ။ တစ်ခြားတစ်ယောက်ယောက်နဲ့ ရိုးရိုးသားသားလို့ပဲ ထင်မိသည်။ သူ့ကို မယုံကြည်ဘူး ထင်မှာစိုးလို့ ဖွင့်လည်း မမေးခဲ့။ စံတို့ နှစ်ယောက်ကြား ဒါမျိုး တစ်ခါမှ မရှိဘူးခဲ့တော့ ဘယ်လိုပြောရမှန်းမသိပါ။ တကယ်တော့ စံက သူ့ကို မျက်စိမှိတ် ယုံကြည်မိတာပါ။

သူများတွေကလည်း ပြောလွန်းမက ပြောလာ၊ စံကိုယ်တိုင်လည်း တစ်ခါ နှစ်ခါ တွေ့ အပြီးမှာတော့ သူ့ကို ဖွင့်မေးရတော့သည်။ သူက အေးအေးဆေးဆေးပဲ ဝန်ခံသည်။ ဟုတ်တယ် နင့်ကို စိတ်ပျက်နေပြီတဲ့။ အဲဒီ အရင်ကလည်း တစ်ခါ နှစ်ခါ ပြောဖူးသည်။ စံကို စိတ်ကုန်နေပြီ၊ မချစ်ချင်တော့ဘူး၊ စံက ကိုယ့်အတ္တကို အရမ်းဦးစားပေးတယ်တဲ့။ စံ့ကို စိတ်ကုန်ရအောင် စံက သူ့အပေါ် ဘာတွေများလုပ်မိလို့လဲ။ စံက စံအလုပ်၊ စံ ပညာရေးကိုပဲ စိတ်ဝင်စားကာ သူ့ကိုတော့ ဒုတိယနေရာမှာပဲ ထားတယ် လို့ စကားနာလည်း ထိုးဖူးသည်။ ဒါပေမယ့် ဒါတွေက ဒီလိုပဲ တစ်ယောက်ယောက်နဲ့ တစ်ယောက် ပြောကြတာပဲ လို့ စံ စိတ်ထဲ ဘာမှ မထားခဲ့မိ။ သူက ဒါကို တကယ်ကို ခံစားချက်နဲ့ ပြောခဲ့တာပေါ့။ တော်တော် အံသြစရာကောင်းပါလား။

စနေနေ့မှာ ပထမဆုံးသိလို့ အကြီးအကျယ် စကားများပြီးနောက် တနင်္ဂနွေ နေ့တော့ သူ့ဆီ မသွားတော့။
သူ ဖောက်ပြန်မှန်းသိပေမယ့် စံစိတ်ထဲတော့ သူ့ကို မပြတ်နိုင်သေး။ အဲဒီ တစ်ယောက်ကို သူ အပျော်တွဲတာပဲလို့ ထင်သည်။ တစ်နေ့တော့ စံနဲ့ပဲ လက်တွဲဖြစ်မှာပါပဲ လို့ တစ်ထစ်ချ ယုံကြည်နေတုန်းပါ။ နောက်တစ်ပတ် ပိတ်ရက် ရောက်ကာနီးတော့ သူကဖုန်းဆက်သည်။ တောင်းပန်တာတော့လည်း မဟုတ်။ လာမှာလား ဆိုတော့ စံကလည်း သွားမိပြန်သည်။ ခါတိုင်းလိုပဲ သူ့ကို နှိုးပြီး ရွှေတိဂုံ သွားကြသည်။

(၄)

သူ နောက်တစ်ယောက်နဲ့ တွဲနေမှန်း သိသိကြီးနဲ့ (စံ နဲ့က စနေ၊ တနင်္ဂနွေ ပဲ တွေ့ရတာလေ၊ ဟိုတစ်ယောက်နဲ့တော့ နေ့တိုင်း တွေ့နေနိုင်တာပေါ့) စံ သူ့ကို မဖြတ်နိုင်ပဲ ဆက်တွဲနေမိတာ ပဲ တော်တော် ကြာသည်။ သူငယ်ချင်းတွေကိုလည်း မပြောပါ။ အားလုံးကလည်း သူနဲ့ ဆိုတာသိကြသူချည်းမို့ သူနဲ့ပြတ်ကြရင် ဆိုတာကို မစဉ်းစားရဲ။ စံတစ်ယောက်တည်း ဘယ်လို နေရမလဲ ဆိုတာ မစဉ်းစားရဲ။ ဘယ်သူ့မှလည်း မပြောပြချင်တာမို့ တစ်ယောက်တည်း ကြိတ်ခံစားရသည်။ သူ့အိမ်ကလည်း ဒါကို မသိပဲ စံနဲ့လက်ထပ်ဖို့ကိုပဲ မြန်မြန် ဖြစ်စေချင်နေသည်။ သူက သူ့အိမ်ကို မပြောရဘူးလို့ စံ့ကို တားထားသည်။

တစ်ယောက်တည်း မခံနိုင်တဲ့ အဆုံးမှာ သူငယ်ချင်းတွေကို ဖွင့်ပြောမိတော့ အားလုံးက တစ်ညီတညွတ် တည်းပြောကြတာက ဖြတ်လိုက်တော့ တဲ့။ သူ နဲ့ ကိုယ် နှစ်ယောက်လုံးနဲ့ same batch လည်း ဖြစ်တဲ့ စံ သူငယ်ချင်း အရင်းခေါက်ခေါက်တွေက ပိုဆိုးသည်။ စံ ညီမကိုလည်း ပြောပြမိတော့ သူကလည်း အရမ်းဒေါသထွက်နေသည်။ နေထွဋ်ကို ဖုန်းဆက်ပြီး ရန်တွေ့ကြသည်။ အားလုံးက အရမ်းလည်း အံသြကြသည်။ သူ့လို လူမျိုးက ဒီလို သစ္စာပျက်တဲ့ လုပ်ရပ်ကို လုပ်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပါ။ နှစ်ပေါင်းများစွာ ချစ်ခဲ့တဲ့ စံတို့ အချစ်က ဒီလို အလွယ်တကူ ပျက်သွားနိုင်တယ်ဆိုတာ တကယ်အံ့သြစရာ။

သူကိုယ်တိုင်က စံကို ဖြတ်ချင်ပြီ ဆိုမှတော့ နှစ်ယောက်သား ချစ်သူ အဖြစ်က ပြတ်စဲပြီပေါ့။ ဒါပေမယ့် သူငယ်ချင်း အဖြစ်ကတော့ မပြတ်စဲသေး။ တွေ့ရင် ခေါ်သည်။ စကားပြောသည်။ ဒီအကြောင်းကို သင်တန်းမှာ သွားအတူ စားအတူ သူငယ်ချင်းက သိသွားတော့ ခါးခါးသီးသီး ဖြစ်သွားသည်။ “အဓိပ္ပါယ်မရှိတာ ဘာလို့တွေ့ရဦးမှာလဲ၊ ဒီလိုလူမျိုးနဲ့ လုံးဝပတ်သက်စရာ မလိုဘူး၊ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့၊ chat ထဲမှာလည်း ဘလော့ထားလိုက်တော့၊ သစ္စာမရှိတဲ့ လူကို မေ့လိုက်တော့” တဲ့။ သူမလို အသည်းနှလုံး မရှိတဲ့လူ ကတော့ မေ့လိုက်လို့ ပြောနိုင်မှာပေါ့။ ချစ်မှ မချစ်ဖူးပဲ။ ကိုယ်ကတော့ သူဟိုတစ်ယောက်ကို အပျော်တွဲပြီး ရိုးသွားတဲ့ အချိန်မှာ ကိုယ့်ဆီကို ပြန်လာဦးမလားလို့ မျှော်နေမိဆဲ ဆိုတာ ပြောလို့မကောင်းလို့သာ။ စံ့ အမေကို လည်း ပြောမိတော့ မေမေက ဗေဒင်တွေ ဘာတွေပါ မေးပြီး ယတြာတွေ ဘာတွေပါ ခြေထားသေးတယ်။ သူ့အိမ်ကိုလည်း သွားပြောလိုက်တော့ သူ့အိမ်က အဲဒီတစ်ယောက်နဲ့လုံးဝ သဘောမတူပါတဲ့။ သူကတော့ စံ သွားပြောရမလားလို့ အကြီးအကျယ် စိတ်တွေ ဆိုးလို့။

သူနဲ့ စပြတ်တဲ့ နေ့ကစပြီး နှင်းဆီပင်ကလေး တစ်ပင်လည်း စိုက်ထားသေးသည်။ သူနဲ့ပြန်ပြေလည်သွားရင် ဒီအပင်ကလေးကိုပြပြီး သူ့ကိုလွမ်းတိုင်း ဒီအပင်ကလေးကို ဂရုစိုက်ထားလို့ အပွင့်တွေ ဘယ်နှပွင့်ပွင့်ပြီးပြီ ဆိုတာ ပြရမယ်လို့ စံက စိတ်ကူးထားသေးသည်။

စံ မျှော်လင့်သမျှ နောက်ဆုံးရလာတာကတော့ သူ့ဆီက ဖိတ်စာတစ်စောင်ပါ။ သူက တကယ်ပဲ အဲဒီကောင်မလေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ။ Valentine Day မှာမှ လက်ထပ်မှာတဲ့။ အဲဒီဖိတ်စာကို လည်း စံ မယူခဲ့ပါ။ ရင်ထဲမှာ နာတာကို ဘယ်လိုမှ ဖြေသိမ့်ဖို့ မရှိ။ ဘာကြောင့်လဲပဲ အံသြသည်။ အဲဒီတစ်ယောက်က စံ့ထက် ဘာများ ပိုသာလို့ စံတို့ နှစ်ယောက်ရဲ့ နှစ်ပေါင်းများစွာက သံယောဇဉ်ကို ဖြတ်နိုင်ရတာလဲ။ သူ ဆေးများ မိထားသလားတောင် ထင်မိသည်။

တကယ်တော့ ယောင်္ကျားတွေရဲ့ စိတ်က ဒီလိုပဲ ပြောင်းလဲတတ်သည် ထင်သည်။ ပြီးတော့ သူတို့ကို အထင်တကြီးနဲ့ အားကိုး တာကိုမှ လိုချင်သည်လား။ ဘာမှ အသုံးမကျတဲ့သူကို ယူထားမှ သူတို့က ရှေ့က ဦးဆောင်ဦးရွက် ပြုလို့ရမယ်လို့ထင်သလား။ စံကတော့ ဒီလို မိန်းမမျိုး မဟုတ်။ ယောင်္ကျား တစ်ယောက်နှင့် တန်းတူ ရည်တူ ရပ်တည် နိုင်သည့် မိန်းမဖြစ်သည်။ ဒါကိုပဲ သူ မကြိုက်တာလား။ သူ အခုမှ အချစ်စစ် တွေ့သွားတယ်လို့ စံက ထင်ကို မထင်။ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်ပေါ့လေ။ ခုမှ အချစ်စစ်ဆိုရင် စံ့ကို ချစ်ခဲ့တဲ့ အချစ်က မစစ်ခဲ့တာလား။ ဒါမှမဟုတ် အချစ်ဆိုတာ အချိန်ကာလ အကန့်အသတ်နဲ့ ပြောင်းလဲတတ်တဲ့ အရာလား။ စံမသိပါ။

(၅)

ကျောက်ရုပ်အသည်းနှလုံးနဲ့ သူငယ်ချင်းကတော့ ပြောသည်။ “ယောင်္ကျားတွေ ဆိုတာ ဒီလိုပါပဲတဲ့။ ကိုနေထွဋ်ကိုတော့ ဒီလိုလူမျိုးထဲ မပါလောက်ဘူးထင်တာ နောက်ဆုံးတော့ ဒီလိုပါပဲလား” တဲ့။ “အဲဒီ မင်္ဂလာဆောင်ကို နင်ကသွားဦးမှာလား” တဲ့။ ဒီ ဖိတ်စာပေးခံရတဲ့ အထိ စံသူနဲ့ တွေ့နေသေးတာကိုပဲ “မတွေ့ပါနဲ့တော့ ဆိုတာကို ဘာလို့သွားတွေ့လဲ” ဆိုပြီး သူငယ်ချင်းက မကျေမနပ်ဖြစ်နေသေးသည်။ သူ့ဆီက ငှားထားတဲ့ စီဒီခွေတွေ၊ စာအုပ်တွေ အားလုံး သွားပြန်ပေးတာပါလို့ ပြောရသည်။

“အချစ်ဆိုတာ အလကားပါပဲ၊ အချိန်ကြာသွားရင် မေ့ပျောက်သွားမှာပါ “ တဲ့ သူငယ်ချင်းကတော့ အားပေးသည်။ သူမကတော့ မချစ်တတ်တဲ့လူပဲ။ စံ ခံစားချက်ကိုများ စာနာပေးမယ် မရှိ။ နောက်တော့ မေ့သွားမှာပါ ဆိုတာပဲ ပြောပြောနေသည်။ စံအတွက်တော့ ဟုတ်နိုင်ပါ့မလား။ ဒီသံယောဇဉ် ဒီအချစ်က အမြစ်တွယ်ခဲ့တာ ကြာပြီ ဆိုတော့ ဘယ်လိုပဲ နှုတ်ပစ်ပေမယ့် ဒဏ်ရာ ဒဏ်ချက်ကတော့ ကျန်နေမှာပါပဲ။

ငယ်သူငယ်ချင်း အရင်းအနှီးကြီး ပြောတာကမှ ပိုဆိုးသေးသည်။ စံကို အိမ်က သဘောတူတဲ့လူနဲ့ မြန်မြန် ယူလိုက်တော့ တဲ့။ တကယ်လို့များ ဟိုအကောင်ရဲ့ အိမ်ထောင်ရေးက ရေရှည် အဆင်မပြေခဲ့ဘူး ဆိုရင် နင်နဲ့ ပြန်ဆက်မှာ စိုးတယ် တဲ့၊ ရက်ရက်စက်စက် ပြောရက်သည်။ စံက ဒီလိုတော့ လုံးဝ အဖြစ်မခံပါ။ သူ့ကိုလည်း စိတ်ကုန်ခဲ့ပါပြီ။ စိတ်ကုန်တာမှ မုန်းတာ နာကျည်းတာထက်ကို ပိုသည်။ စံ အချစ်ကို ပစ်ပယ်ခဲ့တာ၊ စံကို အရှက်ရအောင်လုပ်ခဲ့တာ။ (တစ်ချို့ မေးကြသည်၊ နေထွဋ် လက်ထပ်သွားတာ နင်နဲ့ မဟုတ်ဘူးလား တဲ့၊ စံ ဘယ်လိုမျက်နှာနဲ့ ဒါကို ဖြေရမလဲ၊) ဒါကိုမှ စံက ခွင့်လွှတ်နိုင်ဖို့ဆိုရင် တရားရှင်ဖြစ်မှပဲ ဖြစ်မည်။ စံက တရားရှင်တော့ မဟုတ်သေးပါ။ ခုထိ မမေ့နိုင်သေးပေမယ့်လည်း သူ့ကို တစ်သက်လုံး တသ ပြီး နေသွားဖို့တော့ မရည်ရွယ်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် နှုတ်ပစ်လိုက်တဲ့ အပင်နေရာမှာ အချစ်သစ်ပင် အသစ်တစ်ပင် ပြန်ပေါက်လာဖို့တော့ မျှော်လင့်ပါသေးသည်။


(သူငယ်ချင်းက သူ့အကြောင်းရေးလို့ စိတ်များဆိုးမလားမသိ...)


သိင်္ဂါကျော်

13.6.2009

9:48 AM


10 June, 2009

ပိုကောင်းသော မနက်ဖြန်

အတိတ်က ကြိုးစားအားထုတ်မှုတွေကနေ အသီးအပွင့်တွေ ထွက်ပေါ်လာတယ်။ အခု လုပ်နေတဲ့ အရာတွေက မနက်ဖြန် မှာ သီးပွင့်လာဖို့ပဲ။ ဒီနေ့မြင်ရတဲ့ ပြောင်းဖူးစေ့ကလေး ဟာ မနက်ဖြန်မှာ ဘယ်လိုပုံစံ ဖြစ်လာမှာလဲ။

ကိတ်မုန့်ဖုတ်တာကို စိတ်ကူးကြည့်စမ်းပါ။ သူ့အထဲမှာ ပါဝင်ရမယ့် အရာတွေ (မုန်လာဥဝါ၊ သကြား၊ ကြက်ဥ၊ မုန့်နှစ်၊ အမွှေးအကြိုင်၊ သစ်ကြားသီးအစေ့ စသဖြင့်) ကို ခွက်တစ်ခုထဲမှာ ရောနှောသွားအောင် ပေါင်းစပ်ရမယ်။ မှန်းဆကြည့်လိုက်စမ်းပါ။ တစ်ချို့နေရာတွေမှာ သကြားများချင်များနိုင်တယ်၊ တစ်ချို့ သစ်ကြားသီး များချင်များနိုင်တယ်။

ဘဝလမ်းခရီး မှာလည်း အဲဒီလိုပါပဲ။ မင်းဘဝ ရဲ့ပါဝင် ပတ်သက်မှုတွေ... အခုလက်ရှိ အခိုက်အခန့် ကိုပဲ ကြည့်လိုက်ပါ။ အတွေ့အကြုံတွေ ပေါင်းစပ်ထားတာပဲ။ အဲဒီထဲမှာမှ ပိုပြီး အားကောင်းတဲ့ အရာတွေက လွှမ်းမိုးနေလိမ့်မယ်။ မင်းရဲ့ မျှော်လင့်ချက် ဆိုတာ သီးသန့် စွမ်းအင် တစ်ခုကို ပေါင်းထည့်ထားတာပါ။ ဒါဟာ အားထုတ်ကြိုးပမ်းမှု စွမ်းအားတွေကို ပေါင်းစပ် လုပ်ကိုင်ပြီး နောက်ဆုံး အထွတ်အထိပ် မှာ ထွက်ပေါ်လာမယ့် အရာပဲ ဖြစ်ပါတယ်။ ဘာ ထွက်ပေါ်လာမလဲ ဆိုတာကတော့ ကြိုးစားအားထုတ်မှုတွေထဲက အားကြီးကြီး လွှမ်းမိုးထားတဲ့ အရာပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။
မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ကြည့်လိုက်ပါ။ နေရောင်ကို မှန်ဘီလူး တစ်လက် စုပြီး စာရွက်တစ်ရွက် ရဲ့ ထောင့်စွန်းကို မီးလောင်အောင် လုပ်ဖူးသလား။ တောက်ပတဲ့ နေရောင်ကို တစ်နေရာမှာ ဆုံစေတဲ့အခါ နေက နေ အပူဓါတ် ထွက်လာတာပဲ။ မင်းရဲ့ အာရုံစူးစိုက်မှုကို ပိုကောင်းတဲ့ အတွေး နဲ့ ခံစားချက်တွေပေါ်မှာ စူးစိုက်ထားလိုက်ရင် အားကောင်းတဲ့ ပေါင်းစပ်မှု တစ်ခုကို မင်း ဆွဲဆောင်လာနိုင်လိမ့်မယ်။

ပျော်ရွှင်ခြင်းကိုပဲ ရည်ရွယ် အာရုံထားနေရင် အဲဒါ မကြာခင် ပြည့်ဝလာမှာပဲ။ ပြဿနာတွေအပေါ်မှာပဲ အာရုံစိုက်နေရင်တော့ မင်း ဒါတွေကိုပဲ တစ်ချိန်လုံး ဖြေရှင်းနေရမှာပဲ။ မင်းရဲ့ မနက်ဖြန်တွေကို ပိုပြီး ကောင်းမွန်စွာ မခံစားချင်ဘူးလား။ မင်းဘာကိုပဲ လိုချင် လိုချင်၊ ဒီအရာအပေါ်မှာ အာရုံစူးစိုက်မှုတော့ သေချာပေါက်ပေးရမယ်။ ညအိပ်ရာဝင်ကာနီးတိုင်း ဆယ်မိနစ်ဖြစ်ဖြစ်၊ ဆယ့်ငါးမိနစ်ဖြစ်ဖြစ် မင်းလိုချင်တဲ့အရာ အာရုံစိုက်ပြီး တွေးတော စိတ်ကူးပါ။ ပုံဖော်ကြည့်ပါ။

မင်းရဲ့ အာရုံစူးစိုက်မှုတွေကို မင်း မျှော်လင့်တဲ့ အရာ၊ ဖြတ်ကျော်ရမယ့် အရာတွေပေါ်မှာ စူးစိုက်ထားနိုင်ရင် မင်းရဲ့ အားထုတ်မှု စွမ်းအားကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီပဲ။ အချစ်၊ ပျော်ရွှင်ခြင်း စတာတွေကို ပေါင်းစပ်ခြင်းအားဖြင့် မင်းရဲ့ ရည်ရွယ်ရာဆီကို တွန်းကန်အား မဲ့ လွတ်လပ်တဲ့ အခြေအနေ နဲ့ လှမ်းသွားနိုင်ပါလိမ့်မယ်။ ဒီလို အာရုံစူးစိုက်နိုင်စွမ်း မြင့်လာတာနဲ့ အမျှ မင်း နဲ့ မင်းဖြစ်ချင်တဲ့ ဆန္ဒ ကြားက အကွာအဝေးဟာ ကျဉ်းလာပါလိမ့်မယ်။ လိုတာကတော့ ကောင်းမွန်တဲ့ အတွေးတွေ ဖြစ်ထွန်းလာဖို့ မင်းရဲ့ စိတ်အားထက်သန်မှုကို ဖွင့်ဟထားဖို့ပါပဲ။

မင်းရဲ့ ခန္ဓာကိုယ်မှာ အဖျက်သဘောဆောင်တဲ့ အတွေးတွေ ဝင်လာတဲ့ အချိန်မှာ ဒါဟာ မင်းဖြစ်ချင်တဲ့ ဆန္ဒကို မဖြစ်နိုင်အောင် ဆန်ကျင်တွန်းလှန်သလိုပဲ။ အဲဒီလို အတွေးတွေကို နှစ်ပေါင်းများစွာ ကြာအောင် တွေးခဲ့ဖူးပါစေ အခု စပြီး လွှတ်ချပစ်လိုက်ပါ။ ကိတ်မုန့် ဖုတ်တဲ့ အခါ အရသာမကောင်းတာတွေကို မထည့်သလိုပဲ အဲဒီအရာတွေကို သွားပါစေတော့။ အဲဒီ အရသာတွေက မင်းနှစ်သက်တဲ့ အရာနဲ့ ပိုဝေးသွားစေမယ့် အရာတွေပဲ။

မင်းစိတ်ကူးကြည့်နိုင်သလောက် မင်းလိုချင်တဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေကို ရှာဖွေပြီး မင်းရဲ့ အာရုံကို ဒါတွေ အပေါ်မှာ စူးစိုက် ထိန်းချုပ်ထားနိုင်ရင် တစ်နေ့မှာ လက်တွေ့ ခံစားရမှာ အသေအချာပါ။

( Leon Cautillo ၏ Having Tomorrow Be a Great Day ကို မှီငြိမ်းပါသည်။)

သိင်္ဂါကျော်

07 June, 2009

ဒဿဂီရိလို ယောင်္ကျား မယ်ကုဝဏ်လို မိန်းမ

(၁)
သူမနဲ့ သူနဲ့ ကို လူတိုင်းက လိုက်ဖက်ညီသော စုံတွဲလေးတစ်တွဲလို့ သတ်မှတ်ကြသည်။ သူမကိုယ်တိုင်လည်း သူ့ကို လက်ခံပြီးကတည်းက တစ်သက်တာအတွက် ရည်ရွယ်ခဲ့မိသည်။ ဒီတစ်သက်မှာ သူနဲ့သူမ က ဖူးစာရှင် အစစ်တွေရယ်လို့ တွေးထင်ထားခဲ့မိသည်။ တကယ်လည်း သူမတို့ အချစ်သက်တမ်းက ၆နှစ်လောက် ကြာရှည်ခဲ့ပါသည်။ အဲဒီ အချိန် အတောအတွင်းမှာပဲ သူ့အကြောင်း၊ သူ့အကျင့်တွေကို သူမ သိလာရပါသည်။ ဒါတွေကို သူမ တစ်သက်လုံး သည်းခံနိုင်ပါ့မလား ဆိုတာ သူမကိုယ် သူမ သံသယ ရှိလာပါသည်။ သူမ ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားတဲ့ အခါမှာတော့...။

(၂)
သူ့ကို အဖြေပေးပြီး သုံးလေးလလောက် အကြာမှာပင် သူ့အကျင့်ကို သူမရိပ်မိလာသည်။ သူက ကောင်မလေးတွေကို တော်တော်ကို အရောဝင်ချင်သည်။ သူ့ကို မေးတော့ သူငယ်ချင်းပါ၊ အသိတွေပါ ပဲ အမြဲပြောသည်။ သူမက တအားကြီးလည်း သဝန်တိုတတ်သူ မဟုတ်ပါ။ ရိုးရိုးသားသား မိန်းကလေး သူငယ်ချင်းတွေ ဆိုရင် ဘာပြောစရာ ရှိမှာလဲ။ ဒီလိုနဲ့ပဲ သူ့အပြောအတိုင်း လက်ခံလိုက်ရတာ အကြိမ်ကြိမ်ပါ။ သူများတွေ အမြင်မှာတော့ သူမကပဲ တအားသဝန်တိုပြီး နေရာတကာ လိုက်ပြောနေတယ်လို့ ထင်ကြစရာ။ သူကတော့ အများအမြင်မှာ ရိုးရိုးသားသား အေးအေးဆေးဆေး ကောင်ကလေးပေါ့။ ဆရာ ဆရာမတွေ အမြင်မှာလည်း အဲဒီလိုပဲ။ သူက စာလည်းကြိုးစားသလို ပုံမျိုးနဲ့ ဆိုတော့ ဆရာမတွေကလည်း ချစ်ကြသည်။ သူနဲ့ ချစ်သူဖြစ်သွားတာ သူမ ကံကောင်းသည် လို့ အားလုံးက မြင်ကြသည်။ တမင် တကာ လုပ်ထားတာ မဟုတ်ပါပဲလည်း သူက မခုတ်တတ်တဲ့ ကြောင်ပုံ မျိုး။

ပထမဆုံး တစ်ခါ ကောင်မလေး တစ်ယောက်နဲ့ တွဲနေတာကို သူမနဲ့ ပက်ပင်းတိုးတော့ သူ ဘာမှ ညာလို့ မရတော့။ သူမက သူတို့ နှစ်ယောက်ကို သွားခေါ်ပြီး ရန်တွေ့ပစ်မိသည်။ သူမက ဒေါသကြီးသည်။ မကောင်းမှန်းသိပေမယ့်လည်း မပြင်နိုင်။ သူ့ကောင်မလေး သွားပြီးနောက် သူမတို့ နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ကြသည်။ သူကလည်း သူ့ကို သိက္ခာချ သည်ဟုဆိုကာ စိတ်ဆိုးသည်။ ပထမဆုံး အကြိမ် သူနှင့် သူမ ပြတ်ကြသည်။ သူနှင့် အဲဒီကောင်မလေးလည်း ပြတ်သွားကြသည်။
နှစ်ရက်၊ သုံးရက် လောက်ကြာတော့ သူက သူမကို နည်းအမျိုးမျိုးနှင့် လိုက်ချော့သည်။ နဂိုကမှ မပြတ်နိုင်ပဲ ဟန်လုပ်နေရသည့် သူမကလည်း ကြာကြာတောင် မချော့လိုက်ရပဲ ပြန်ဆက်ဖြစ်ကြသည်။ သူက ခဏတော့ ခြေငြိမ်ငြိမ် နေပြီး ခွေးမြီးကောက် ကျီတောက်စွပ် သလို ကောင်မလေးတွေနှင့် ပြန်တွဲပြန်သည်။ ကောင်မလေး တစ်ယောက် တစ်ယောက်ကို ကြာကြာတော့လည်း မတွဲ။ ကောင်မလေးတွေ တစ်ယောက် ပြီး တစ်ယောက် သူမ ကွယ်ရာမှာ တွဲသည်။ ပက်ပင်း တွေ့တဲ့ အချိန်တွေမှာ ရန်ဖြစ်ကြသည်။ ပြတ်ပြီ ပြတ်ပြီ အော်ပြီး ပြတ်ကြသည်။ နောက်တော့ သူက ပြန်ချော့ သူ့စကားလုံးတွေအောက်မှာ ပျော်ဝင်ပြီး သူမက ပြန်ပြေလည်။ ဒီလိုနဲ့ ပြတ်လိုက် ဆက်လိုက် အကြိမ် ပေါင်းလည်း မနည်းတော့။

သူက သူမ တစ်ယောက်တည်းကို တကယ်ချစ်တာပါတဲ့၊ ကောင်မလေးတွေကို တော့ သာယာမိလို့ အပျော်တွဲတာပါတဲ့။ ဘယ်သူ့ကိုမှ သူမလောက် မချစ်ခဲ့ပါတဲ့။ ဒါကိုလည်း သူမက ယုံကြည်ပါသည်။ သူမနှင့် ချစ်သူသက်တမ်းကလည်း ရှည်ကြာခဲ့ပြီပဲ။ တစ်ခြား ဘယ်သူနဲ့မှတော့ အဲဒီလောက် မကြာခဲ့ဘူးလေ။ ဒါပေမယ့် သူမကလည်း သူနှင့် ကောင်မလေး တစ်ယောက်ကို တွဲတွေ့ရတိုင်းမှာ ဒေါသကို မထိန်းနိုင်။ ဒီမြို့လေးက ကျဉ်းကျဉ်းလေးပဲ။ သူဘယ်လောက်ပဲ ရှောင်ရှောင် တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ တိုးမှာပဲလေ။

ကောင်မလေးတွေကရော သူ့မှာ ရည်းစားရှိမှန်း သိသိကြီးနဲ့လား၊ မသိပဲနဲ့ပဲ တွဲကြသလား မသိပါ။ တစ်ချို့ကတော့လည်း သူ့လိုပဲ အပျော်။ တစ်ချို့ကျတော့လည်း သူ့အကြောင်း မသိပဲ သူ့အပြောမှာ တကယ်ကြွေကြရှာသည်။ သူမက နောက်ပိုင်းမှာ ကောင်မလေးတွေကို အားနာလာတော့ အမိဖမ်းပြီး ရန်မတွေ့ချင်တော့။ ကောင်မလေး တွေကို တနည်းနည်းနဲ့ ခင်လာအောင် လုပ်ပြီး သူ့အကြောင်းကို ယုံအောင် ပြောပြရသည်။ တစ်ချို့ ကောင်မလေးတွေနဲ့ဆို တကယ်ကိုပင် သူမနှင့် သူငယ်ချင်း ဖြစ်သွားကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အကျင့်ကတော့ မပြောင်းပါ။

(၃)
နောက်ဆုံးအကြိမ် မတိုင်မီ တစ်ကြိမ်...။ ဒီတစ်ကြိမ်မှာတော့ သူမ သူ့ကို တော်တော် စိတ်ကုန်လာသည်။ ဒီလို ခဏ ခဏ လည်း ဖြစ်မနေချင်တော့။ နှစ်ဖက် မိဘကလည်း သိနေကြပြီး လက်ထပ်ဖို့ သဘောတူညီမှုလည်း ရထားပြီးနေမှ သူ့ဘက်က ဆင်ခြင်သင့်ပြီလို့ ထင်သည်။ သူမသူ့ကိုချစ်သလိုပဲ သူလည်း သူမကို တကယ်ချစ်တယ် ဆိုတာလည်း သိပါသည်။ ဒါပေမယ့် ဘာကြောင့် သူမ တစ်ယောက်တည်းနဲ့ မနှစ်သိမ့်နိုင်တာလဲ။ သူမ အဖို့ကတော့ သူနှင့် ချစ်ခဲ့ပြီးကတည်းက တစ်ခြားတစ်ပါးသော ယောင်္ကျားတွေကို စိတ်ကူးထဲတောင် မထည့်တော့တာပါ။ သူကျတော့ ဘာကြောင့် ဒီဝါသနာကို ဆက်လုပ်နေရသေးတာလဲ။ သူက ကောင်မလေးတွေ အပေါ်မှာ အခွင့်အရေး ယူတတ်သူလည်း မဟုတ်ပါပဲ၊ လက်ကလေး ကိုင်ရုံလောက်သာ ရှိတာလည်း သူမ ကောင်းကောင်းသိပါသည်။ ကောင်မလေးတွေ သူ့အပေါ်ကြွေကြတာကို သာယာတာလား...၊ အဲဒီလို သူ့ဘေးမှာ ကောင်မလေး အသစ်တစ်ယောက်ယောက် ရှိနေမှပဲ နေပျော်တာလား...။ အဲဒီ တစ်ကြိမ်မှာတော့ သူ့ကို ပြင်းပြင်းထန် ပြောပြီး ကတိတောင်းခဲ့သည်။ နောက်တစ်ခါ ကောင်မလေး တစ်ယောက်နဲ့ တွဲတာ ထပ်တွေ့ရင် တကယ် အပြတ်ပဲလို့။

တစ်လလောက်တောင် သူက ခြေငြိမ်နေခဲ့သည်။ အဲဒီနောက် အသစ်ပြောင်းလာတဲ့ အတန်းငယ်က ကောင်မလေးကို သူလိုက်နေတယ်လို့ သတင်းကြားသည်။ ဒီကျောင်းကပဲ ဆိုရင်တော့ သူနှင့်သူမ ချစ်သူတွေ ဆိုတာ မသိပဲနေမှာ မဟုတ်ပါ။ သူမ ဘာမှ မပြောပဲ အခြေအနေကို စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ ဘုရားမှာ သူတို့နှစ်ယောက်ကို တွေ့သည်။ သူတို့နှစ်ယောက်ကလည်း သူမကို မြင်တော့ အိုးတိုးအမ်းတမ်း။ သူမ ဘာမှ မပြောပဲ လှည့်ထွက်ခဲ့သည်။ ညနေကျမှ သူထိုင်နေကျ ဘီယာဆိုင်ကို လိုက်သွားပြီး သောင်းကျန်းသည်။ သူနှင့် အတူထိုင်နေသည့် သူငယ်ချင်းကိုလည်း အားမနာနိုင်ပဲ သူ့ကို ဆိုင်ထဲက ဆွဲထုတ်ပြီး အပြင်တစ်နေရာမှာ ထုံးစံ အတိုင်း ရန်ဖြစ်ကြသည်။ ဒီတစ်ခါတော့ တော်တော်လည်း ဒေါသထွက်သည်။ စိတ်လည်းကုန်သည်။ သူများတွေက ဘယ်တော့ လက်ထပ်ကြမလဲလို့တောင် မေးနေကြတဲ့ အချိန်ကျမှ ဒီလိုဖြစ်ရသေးသည်။ တကယ်အပြတ်ပဲ ဘယ်တော့မှ ပြန်မဆက်တော့ဘူး လို့ သူ့ကို ပြောခဲ့သည်။ သူမ စကားကို တည်အောင်လုပ်တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ကျောင်းပြီးပြီးချင်းက ရန်ကုန်မှာ လျှောက်ထားတဲ့ အလုပ်ကလည်း ခေါ်စာရောက်လာသည်။ အဲဒီအလုပ် လျှောက်တုန်းက သူက သဘောမကျခဲ့။ အခုတော့ သူ့ကိုလည်း ဘာမှ ပြောနေစရာမလိုတော့။ သူမ ရန်ကုန်ကို ထွက်လာခဲ့သည်။ သူနဲ့ အဝေးမှာ နေရရင် သူ့စကားလုံးတွေလည်း မကြားရတော့ သူ့ဘက်ကို ပြန်ပါစရာ အကြောင်းလည်း မရှိတော့။ အိမ်ကို လည်း သူနဲ့ ပြတ်ပြီ ဆိုတဲ့ အကြောင်း သေချာပြောခဲ့သည်။ သူမ ဘယ်မှာ နေတယ်၊ ဘယ်မှာ လုပ်တယ် ဆိုတာလည်း သူ့ကို မပြောဖို့ အိမ်ကို ရော၊ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ပါ မှာခဲ့သည်။

အလုပ်က လခကောင်းသလောက် အလုပ်လည်း များသည်။ သူ့အကြောင်းကို တွေးနေမိဖို့ အချိန်မရှိ။ သူ့ကို တကယ်ကို မေ့သွားသည်။ သူ့ကို မချစ်တော့တာတော့ မဟုတ်။ သူမဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး ချစ်ခဲ့တာ သူတစ်ယောက်သာပါပဲ။ နောက်ထပ်လည်း ထပ်မချစ်ချင်၊ မချစ်ရဲတော့ပါ။ ဒါပေမယ့် သူ့ကို တကယ်ကို စိတ်နာသွားခဲ့ပါပြီ။ သူ့အကြောင်းကိုလည်း တစ်ခြားလူတစ်ယောက် အကြောင်းလို အေးအေးဆေးဆေး နားထောင်နိုင်ပါပြီ။ သူက သူမ လိပ်စာ နှင့် ဖုံးနံပါတ် တောင်းသည်ဟုဆိုသည်။ သူမက မှာထားလို့ ဘယ်သူကမှ မပြောကြပါ။ သူ့ဘက်က သူမကို မပြတ်နိုင်တာတော့ သေချာသည်။ သူ့အကျင့်ကို မပြင်နိုင်တာကလည်း သေချာသည်။ သူမကို ပြန်ဆက်ဖို့ ကြိုးစားရင်းနဲ့ပဲ ကောင်မလေး နောက်ထပ် တစ်ယောက်နဲ့လည်း တွဲနေဆဲပဲ။ တကယ်လို့များ သူနဲ့ လက်ထပ်ပြီးခဲ့ရင်လည်း သူ့အကျင့်ကဖျောက်နိုင်မှာ မဟုတ်ပါ။ ခုလို လက်မထပ်ခင် ဖြတ်နိုင်လိုက်တာ သူမ ကံကောင်းသည်။ ခုချိန်မှာတော့ သူ့ဆီက ဘယ်လို စကားမျိုးနဲ့ပဲ ဆွဲဆောင်ပါစေ၊ သူမက ပြန်ပြေလည်တော့မှာ မဟုတ်ပါ။ သူ့ကို ဘယ်လိုပဲ ချစ်နေဆဲပဲ ဖြစ်ပါစေ...သူ့နဲ့ ပြန်ပတ်သက်ဖို့ကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါ။

(မှတ်ချက်။ ။ ဒဿဂီရိဘီလူး ဆိုတာကတော့ ခေါင်းဆယ်လုံး မျက်နှာဆယ်ခုရှိလို့ မျက်နှာများတဲ့ ယောင်္ကျားလို့ပြောတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒေါသကြီး ပြီး စိတ်မှတ်ကြီးတဲ့ မိန်းကလေးတစ်ယောက် အဖြစ် ဘီလူးမ နာမည် တစ်ခုပေးချင်တာ စိတ်ထဲမှာ မယ်ကုဝဏ် ဆိုတဲ့ နာမည်တစ်ခုပဲ ပေါ်လာလို့ ဒီခေါင်းစဉ်ကို ပေးလိုက်တာပါ။ မယ်ကုဝဏ်ရဲ့ စရိုက်သဘာဝနဲ့ မပတ်သက်ပါဘူး။)

(သိင်္ဂါကျော်)
၇.၆.၂၀၀၉

ပုသိမ်မိုး

မိုး မိုး
မျှော်တုန်းကတော့ မလာ မလာ နဲ့
လာပြန်တော့လည်း
သည်းသည်းမည်းမည်း
မိုးဖြူမစဲ မိုးမည်းစွေရွာလို့။

အသည်းခွဲတတ်တဲ့
မိုးနာမည်နဲ့ ချစ်သူမျိုးလည်း
မရှိခဲ့ဖူးပါပဲ
မိုးကို
ငါမုန်းတယ်။

ဇွန် ဇူလိုင်
မိုးနဲ့အမြဲမိတ်ဖွဲ့နေတတ်တဲ့ လမျိုး
အဲဒီလိုလမျိုးမှာ
အားလုံးနဲ့အဝေး
တစ်စိမ်းတို့ အရပ်မှာ
မိုးကလည်း သည်းသည်းရွာလို့ကောင်းတဲ့
Weekend days တွေမှာ
ငါလည်း
တစ်နေကုန် အိမ်တွင်းအောင်းပြီး
မိုးကြောက်တဲ့ သတ္တဝါလို
အထီးကျန် တွေးရင်းငေးရင်း
လွမ်းစရာ မရှိပါပဲ
လွမ်းချင်သလိုလိုတောင်
ဖြစ်လာပါရော...။

(သိင်္ဂါကျော်)
၇.၆.၂၀၀၉