24 June, 2009

နောက်ဆုံး အဖြူရောင်

(၁)

ထွန်းနေ နယ်ကပြန်ရောက်တော့ သက်လျာဆီ သွားဖို့ပြင်သည်။ အဲဒီမှာ မေမေ့ဆီက သတင်းဆိုးကို ကြားရသည်။ လွန်ခဲ့တဲ့ သုံးရက်ကပဲ သက်လျာ ကိုယ်ကိုယ်ကို သတ်သေသွားလို့ ဒီနေ့ပဲ အသုဘချပြီးပြီ တဲ့။ သက်လျာ ၊ သူ့ အချစ်ဆုံး သူငယ်ချင်း၊ သူ့ အချစ်ဆုံး မိန်းကလေး။ သူမကိုယ့်ကို မချစ်ဘူး ဆိုတာသိလို့ ကိုယ်အချစ်တွေကို ထပ်မပြောတော့ ပေမယ့် ခုချိန်ထိ သူမကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့။ ခုတော့ ဘယ်လို ဖြစ်ရသလဲ။ သူမလို သွက်လက်ထက်မြက်သော မိန်းကလေး က ဘာအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေရပါသလဲ။ အချစ်ရေး၊ အိမ်တွင်းရေး ပြဿနာ ဆိုတာမျိုးလည်း သူသိသလောက်တော့ သူမမှာ မရှိပါ။ မဖြစ်နိုင်ပါ။ သူမ ကိုယ့်ကိုယ်ကို သတ်သေတယ် ဆိုတာ သူ ဘယ်လိုမှ မယုံကြည်နိုင်ပါ။

သူ သက်လျာ အိမ်သို့ သွားရန်ပြင်ဆင်နေဆဲ မေမေ့ ဆီမှ နောက်ထပ် သတင်းဆိုးတစ်ခုကို ထပ်မံ ကြားရပြန်သည်။ “သား သူငယ်ချင်း အောင်နိုင်လည်း အဲဒီရက်လောက်ကပဲ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတယ်”

အောင်မြင်နေသော လူငယ် လုပ်ငန်းရှင်တစ်ယောက်။ ကောင်မလေးတွေ ထည်လည်း တွဲပြီး ပျော်ပျော် နေတတ်သူ။ သူလိုလူက ဘာအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေရသလဲ။ အသတ်ခံရတယ် ဆိုတာကမှ ဖြစ်နိုင်ချေရှိဦးမည်။ သူ့စီးပွားပြိုင်တွေက ဖြစ်ဖြစ်၊ သူအသည်းခွဲဖူးသော ကောင်မလေး တစ်ယောက်ယောက် ကပဲ ဖြစ်ဖြစ် သတ်နိုင်သည်။ ခုတော့...။

***

(၂)

သက်လျာခင်၊ ထွန်းနေနိုင် နှင့် အောင်နိုင်သူ တို့သည် စတိတ်ကျောင်း ကတည်းက အတန်းတူ သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ သက်လျာခင် သည် နာမည်လိုပင် လူကလည်း ဖြူဖြူနွဲ့နွဲ့ ပျော့ပျောင်းသော ဆံနွယ်ရှည်များနှင့် မိန်းကလေးပီသသော ပုံစံရှိသော်လည်း စိတ်ဓါတ်ကတော့ လူပုံစံနှင့် တခြားစီ။ မာကျောပြီ်း ယောင်္ကျားဆန်သည်။ အဲဒါကြောင့်လည်း သူမ၏ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်က မိန်းကလေးတွေ မဟုတ်ပဲ ယောင်္ကျားလေးတွေ ဖြစ်နေတာပင်။ ဆယ်တန်းအောင်ပြီး တစ်ကျောင်းစီ တက်ကြရပေမယ့် သူတို့သုံးယောက်က အခင်အမင် မပျက်ခဲ့ကြပါ။ သူမက ကွန်ပျူတာတက္ကသိုလ် တက်ခဲ့ပြီး အောင်နိုင်သူက စီးပွားရေးတက္ကသိုလ်၊ ထွန်းနေနိုင်ကတော့ သင်္ချာ အဓိက တက်ခဲ့ကြသည်။

သက်လျာတို့ တက္ကသိုလ်မှာတော့ မိန်းကလေးပဲ များသဖြင့် ခင်သမျှ သူငယ်ချင်းများမှာလည်း မိန်းကလေးများသာဖြစ်သည်။ ဟိုနှစ်ယောက်နှင့်တော့ ဖုန်းအဆက်အသွယ် မပြတ်ခဲ့ပါ။ အောင်နိုင်သူ ကတော့ ငယ်ငယ်ကတည်းက ကောင်မလေးများကို စိတ်ဝင်စားတတ်ခဲ့သူမို့ တက္ကသိုလ်ရောက်ချိန်မှာ တစ်ယောက်ပြီး တစ်ယောက်တွဲသည့် အဆင့်သို့ ရောက်တော့သည်။ သူဘယ်ကောင်မလေးကို လိုက်နေတယ်၊ ဘယ်သူနဲ့တော့ ပြတ်ပြီ ဆိုတာမျိုးကိုလည်း သက်လျာကို အမြဲ ပြောတတ်သည်။ သက်လျာများ သဝန်တို မလားလို့ တမင်ပြောပြောနေတာလည်း ဖြစ်နိုင်သည်။ ထွန်းနေနိုင်ကတော့ ခပ်အေးအေး သမားမို့ ကောင်မလေးတွေကို သိပ်စိတ်မဝင်စားတတ်သူလား။ ဒါမှမဟုတ်လည်း သက်လျာကိုပဲ စောင့်နေဆဲလား။ မသိနိုင်ပါ။

သက်လျာကတော့ သူတို့နှစ်ယောက်ကို ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးသားပါ။ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း အချိန်က သူတို့နှစ်ယောက်လုံးက တစ်ရက်တည်းမှာပဲ သက်လျာကို ချစ်ရေးဆိုခဲ့ဖူးသည်။ သက်လျာလည်း တော်တော်အံ့သြသွားသည်။ သက်လျာ စိတ်ထဲမှာက သူတို့အပေါ် ဘယ်လိုမှ မပြောင်းလဲခဲ့။ သူတို့နှစ်ယောက် စိတ်ထဲ အဲလို ပြောင်းနေလိမ့်မည်လည်း ထင်မထားပါ။ ဒီလို ကြားရတော့လည်း စိတ်တော့ မဆိုးပါ။ သူတို့ကို သူငယ်ချင်းထက် ဘယ်လိုမှ မပိုနိုင်ဘူး၊ ဘယ်တော့မှလည်း ပိုမှာ မဟုတ်ဘူးဆိုတာ အေးအေး ပဲ ရှင်းပြခဲ့ပါသည်။ သူတို့ကလည်း နောက်တစ်ခါ ထပ်မပြောတော့ပါ။ ပြောလျှင် သူငယ်ချင်း အဖြစ်က အပြတ်ပဲ လို့ သက်လျာက သူတို့ကို ပြောထားတာကိုး။ ခုထိလည်း သူတို့က သက်လျာရဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။

ကျောင်းပြီးတော့ သက်လျာက ကုမ္ပဏီမှာ အလုပ်ဝင်သည်။ ထွန်းနေက ရဲအရာရှိ ဖြစ်သွားသည်။ အောင်နိုင်ကတော့ စီးပွားရေးပဲ လုပ်သည်။ သူတို့ နှစ်ယောက်လုံး အားတဲ့အချိန်မှာ သက်လျာဆီ လာလည်ကြသည်။ ဖုန်းလည်း မကြာခဏ ပြောဖြစ်သည်။

***

သက်လျာက အဖြူရောင်ကြိုက်သည်။ အဖြူရောင်အင်္ကျီတွေ သက်လျာမှာ အများကြီးရှိသည်။ လုံချည်ဆိုလည်း အဖြူရောင်ပါသည့် အဆင်တွေပဲ ရွေးဝယ်ဖြစ်သည်။ ပန်းဆိုလည်း အဖြူရောင်ပန်းတွေကို သက်လျာ အကြိုက်ဆုံး။ စံပယ်၊ ဇီဇဝါ၊ ငွေပန်း အဖြူရောင်ပန်းတွေ အကုန်လုံး သက်လျာကြိုက်သည်။ သက်လျာတို့ခြံထဲမှာ စံပယ်ရုံတစ်ရုံ၊ ငွေပန်းရုံကြီး တစ်ရုံ ရှိသည်။ ဇီဇဝါပင် နှစ်ပင်လည်း ရှိသည်။ အဖြူရောင် အပွင့် သေးသေးလေးတွေ ပွင့်သည့် နှင်းဆီပင် တစ်ပင်ကလည်း တော်တော်ကြီးနေပြီ။ ပွင့်လည်း အရမ်းပွင့်သည်။ ဒီခြံကလေးက မေ့မေ့ ဘက်က အဘိုးအဘွားတွေရဲ့ ခြံ။ အဘွားက ပန်းပွင့်တဲ့ အပင်တွေကို ချစ်တတ်သူမို့ သူပြိုးထောင်ထားခဲ့တာတွေပါ။ နှင်းဆီပင်ကလေးကတော့ သက်လျာဝယ်လာပြီး စိုက်ထားတာ။ ခြံထဲမှာ အဖြူရောင် မဟုတ်သည့် ကစ်မီကွစ်တို့၊ နွယ်သာကီလို ပန်းမျိုးတို့လည်း ရှိပါသေးသည်။ အဲဒါတွေကိုတော့ သက်လျာက စိတ်မဝင်စား။ စံပယ်တွေကို မှန်မှန် ရေလောင်းပေးပြီး မနက်တိုင်း ဘုရားကပ်ရတာကို သက်လျာက အရမ်းကြည်နူးသည်။ မွှေးပျံနေတဲ့ ဘုရားဆောင်ထဲမှာ ရှိခိုးရတဲ့ ကြည်နူးမှုကို ဘယ်အရာမှ လိုက်မမီ။ စံပယ်တို့၊ ငွေပန်းတို့၊ ဇီဇဝါတို့ ကပ်ပြီးတိုင်း သက်လျာ တောင်းနေကျ ဆုတစ်ခု ရှိပါသည်။ “ ဘုရားတပည့်တော်မ ၏ ဘဝ သက်တမ်း တစ်လျှောက်လုံး ဖြူစင်သန့်ရှင်းသော အပျိုစင်ဘဝဖြင့် နေထိုင်ရပါလို၏“ ။

ဖေဖေ့ကြောင့် မေမေ စိတ်ဆင်းရဲခဲ့ရတာကို ပြန်တွေးမိရင် ဘယ်ယောင်္ကျားကိုမှ သက်လျာသိပ်မယုံချင်။ ဖေဖေ နှင့် မေမေ နှစ်ယောက်စလုံး အထူးကု ဆရာဝန်ကြီးတွေ ဖြစ်ပြီး သူငယ်ချင်း ဘဝက ချစ်သူ အဆင့်တက်ခဲ့ကြသူတွေ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ရှိခဲ့ကြသူတွေ ဖြစ်ပေမယ့် ဖေဖေ့ ဘက်က သစ္စာဖောက်မှုကြောင့် သက်လျာ ခုနှစ်တန်းနှစ်မှာ ဖေဖေ နှင့် မေမေ ကွာရှင်းခဲ့ကြပြီး မေမေ့ မိဘတွေ နေထိုင်ရာ ဒီခြံကလေးသို့ သားအမိနှစ်ယောက် ဆင်းလာခဲ့ကြသည်။ မေမေလည်း သူ့အလုပ်မှာပဲသူ အာရုံစိုက်ထားပြီး သက်လျာကိုပဲ ဂရုစိုက်ကာ ခုထက်ထိ နောက်အိမ်ထောင်လည်း မပြုခဲ့ပါ။

ခုတော့ အဘိုး နဲ့ အဘွားလည်း ဆုံးပါးခဲ့ပါပြီ။ သက်လျာနှင့် မေမေ နှစ်ယောက်တည်းသာ ကျန်သည်။ သက်လျာက ဒီတစ်သက် အိမ်ထောင်မပြုဖို့ ဆုံးဖြတ်ထားသည်။ မတော်တဆ သက်လျာဘက်က တစ်ယောက်ယောက်ကို ချစ်မိသွားတာပဲ ဖြစ်ဖြစ်၊ ကံဆိုးမိုးမှောင် ကျတာမျိုးပဲ ဖြစ်ဖြစ်၊ အဲဒီလိုမျိုးနဲ့ အိမ်ထောင်ပြုလိုက်ရမှာ စိုးတာမို့ ဒီလို ဆုတောင်းကို တောင်းရတာပါ။ သူများတွေကြားရင်တော့ နားလည်နိုင်မှာ မဟုတ်ပါ။ သက်လျာရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယုံကြည်ကြမှာ မဟုတ်ပါ။ သက်လျာ ပတ်ဝန်းကျင်က အိမ်ထောင်တွေမှာ တစ်မျိုးမဟုတ် တစ်မျိုး ပြဿနာ ရှိနေတာကို သက်လျာက တွေ့နေမြင်နေတော့လည်း ဒီ ဆုံးဖြတ်ချက်က ခိုင်မာသည်ထက် ခိုင်မာလာရပါသည်။

ယောင်္ကျားဘက်က သစ္စာဖောက်မှုကြောင့် ပြတ်စဲရတဲ့ အိမ်ထောင်တွေ အများကြီး တွေ့နေရသည်။ အိမ်ထောင်ထူထောင်စဉ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်လို့ ယူကြသူတွေပါပဲ။ ဖေဖေ နဲ့ မေမေ လိုပေါ့။ နောက်ပိုင်းကျမှ ပြောင်းလဲသွားတာက ယောင်္ကျားတွေ ဘက်ကပါပဲ။ မေ့မေ့ ညီမဝမ်းကွဲ ဒေါ်လေးငယ် ကျတော့ တစ်မျိုး။ သူ့ယောင်္ကျားက သူများလို ဖောက်ပြန်တာတော့ မရှိ။ ဒါပေမယ့် တစ်သက်လုံး ဘာမှ မလုပ်ပဲ ထိုင်စားနေသူ။ အရင် ခပ်ငယ်ငယ်ကဆို ဖဲရိုက်၊ အရက်သောက်တာက ပါသေးသည်။ ခုအသက်ကလေးရလာတော့ အရက်မသောက်၊ ဖဲမရိုက်တော့ပေမယ့် ဘာအလုပ်အကိုင်မှမလုပ်ပဲ နှစ်လုံး၊ သုံးလုံး ထိုးကာ လျှောက်သွားနေသူ ဖြစ်နေဆဲ။ ဒေါ်လေးငယ်လို အရာရှိမကြီးတစ်ယောက် အတွက် ထိုယောင်္ကျားက တကယ်ကို ဂုဏ်သိက္ခာ ထိခိုက်စရာ။ ဒီလို ဥပမာတွေကြောင့်လည်း သက်လျာ စိတ်ထဲ ဘယ်ယောင်္ကျား တစ်ယောက်ကိုမှ မယုံကြည်နိုင်ပဲ အိမ်ထောင်ရေးကို ကြောက်သော စိတ်က အမြစ်တွယ်နေခဲ့ပြီ။ ဒါ့အပြင် အများပြောကြသလို အပျိုကြီး လူပျိုကြီးတွေက ဗြဟ္မာပြည်က လာတယ်ဆိုတာလည်း ဟုတ်ချင်ဟုတ်နိုင်သည်။ သက်လျာက သက်လျာရဲ့ ခန္ဓာကိုယ်ကို ထာဝရ ဖြူစင်စွာ နေထိုင်သွားချင်သည်။

***

သက်လျာအတွက် အချစ်ဆိုတာ မရှိနိုင်ဘူးဟု ထင်ခဲ့သည်။ ထွန်းနေ တို့ အောင်နိုင် တို့လို နှစ်ပေါင်းများစွာ သံယောဇဉ်ကြီးခဲ့သူတွေ အပေါ်တောင် အချစ်အဖြစ် မပြောင်းလဲနိုင်ပဲ သူငယ်ချင်းလိုပဲ သဘောထားဆဲ ဆိုတော့ သက်လျာ မချစ်တတ်ဘူး လို့ ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့မိသည်။ ဒါပေမယ့်လည်း အချစ်ဆိုတာ အတော်ထူးဆန်းသော အရာပဲ ဖြစ်သည်။

သက်လျာ သူ့ကိုတော့ ချစ်မိပြီလို့ထင်သည်။ သူနှင့် သက်လျာ တွေ့ကြပုံကလည်း မဆန်းပါ။ သက်လျာနှင့် ကုမ္ပဏီမှာ အတူတူ အလုပ်လုပ်ကြသည်။ နောက်တော့ သူ့ဘက်က ပြောင်းလဲလာသည်။ သက်လျာက မသိချင်ယောင်ဆောင်နေသည်။ တစ်နေ့မှာတော့ သူက သက်လျာကို ဖွင့်ပြောလာသည်။ သက်လျာဘက်က သူ့ကို ချစ်မိတယ် ထင်ပေမယ့် ဝန်မခံချင်ပါ။ ဘယ်တော့မှ ဝန်မခံချင်ပါ။ သက်လျာ ချစ်ရမှာ ကြောက်သည်။ လက်ထပ်ရမှာ ကြောက်သည်။ ဒါကြောင့် သူ့ကိုလည်း မချစ်နိုင်ကြောင်း ချက်ချင်း အဖြေပေးတော့ သူကမကျေနပ်ပဲ အတင်း စဉ်းစားခိုင်းသည်။ သက်လျာရဲ့ စိတ်ကို သက်လျာ မနိုင်ပဲ သူ့ကို ဆွဲမထားချင်ပါ။

သူ့အကြောင်း ထွန်းနေ ကိုတောင် ပြောပြမိသေးသည်။ အောင်နိုင် ထက်စာရင် ထွန်းနေက သက်လျာအပေါ် ပိုရိုးသားသည်ဟုထင်သည်။ ပထမ တစ်ခါ ငြင်းပြီး ကတည်းက ဒီအကြောင်း လုံးဝ မပြောတော့။ သက်လျာ အပေါ် ဖြူဖြူစင်စင် ပဲ ခင်မင်သည်။ အောင်နိုင်ကတော့ သူ့မှာ လက်ရှိ ကောင်မလေးတွေလည်း ရှိရဲ့သားနှင့် အခွင့်ကြုံရင် ကြုံသလို သက်လျာကို စောင့်နေဆဲ ဖြစ်ကြောင်း ပြောတတ်သည်။ ဒါကြောင့်ပဲ ဒီအကြောင်းကို ထွန်းနေ ကိုသာ တိုင်ပင်မိသည်။ ထွန်းနေ က အာကာဦး အကြောင်းကို စုံစမ်းကြည့်ပြီး သက်လျာနှင့် သဘောတူသည်။ အာကာဦးကို ယုံကြည်ကြည့်ဖို့ သက်လျာကို ပြောသည်။ ဒါပေမယ့်လည်း သက်လျာ သူ့ကို အဖြေ ပြန်မပေးဖြစ်ပါ။

ဒီလိုနဲ့ပဲ သူလည်း စင်ကာပူကို ထွက်သွားသည်။ သက်လျာနှင့် mail အဆက်အသွယ်တော့ ခုထိ ရှိသည်။ Chat မှာလည်း တစ်ခါတရံ တွေ့သည်။ သူက သက်လျာကို စင်ကာပူ လာဖို့ အမြဲပြောသည်။ သက်လျာက မေမေ့ကို မထားခဲ့နိုင်သဖြင့် သွားဖို့ မစဉ်းစားပါ။ သူသွားတာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီ ဒီဇင်ဘာ ပိတ်ရက်မှာ သူခဏ ပြန်လာမည် ဟုပြောသည်။ သူကလည်း ခုချိန်ထိ သက်လျာဆီက အဖြေကို စောင့်နေဆဲ။

***

(၃)

အဲဒီနေ့က သက်လျာ ရုံးပိတ်ရက်မို့ အိမ်မှာ ရှိနေပေမယ့် မေမေကတော့ ဆေးခန်းသွားရသည်။ အိမ်က အဒေါ်ကြီး တူအရီးကလည်း အဒေါ်ကြီးညီမ ကောင်မလေး အမေ နေမကောင်းသဖြင့် ရွာကို ပြန်နေသည်။ အိမ်မှာ သက်လျာတစ်ယောက်တည်း ကျန်သည်။ အဲဒီအချိန်မှာ အောင်နိုင်သူ လာသည်။ သက်လျာလည်း တစ်ယောက်တည်း ပျင်းနေတုန်း သူလာတော့ စကားပြောဖော်ရပြီ ဆိုပြီ ဝမ်းသာအားရ တံခါးဖွင့်ပေးမိသည်။

ပထမတော့ ရောက်တတ်ရာရာ ပြောနေကြရင်း သူက သူ့လက်ရှိ ကောင်မလေးကို ဖြတ်လိုက်ပြီ ဖြစ်ကြောင်း၊ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မလိုက်ချင်တော့ကြောင်း ပြောသည်။ သက်လျာကလည်း “ နင် မငယ်တော့ဘူးနော် လက်ထပ်ဖို့ ရည်ရွယ်ပြီးမှပဲ တွဲပါတော့ ဟာ” ဟု ပြောမိသည်။ သူက အဲဒီမှာ တစ်စခန်းထတော့သည်။

“လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူက အစကတည်းက ရှိတယ်လေ၊ သူက ခေါင်းမညိတ်သေးလို့ စောင့်နေတာပဲ၊ သက်လျာ နင် ငါ့ကို လက်ခံပါတော့ ငါ ဘယ်ကောင်မလေး နဲ့ မှလည်း မတွဲချင်တော့ဘူး၊ နင့်ကိုပဲ ချစ်တယ်၊ နင့်ကိုပဲ လက်ထပ်ချင်တယ်”

“အောင်နိုင်၊ နင့်ကိုငါ ဘယ်တော့ ချစ်သူလို ပြောင်းချစ်လို့ ရမှာ မဟုတ်ဘူး၊ နင့်ကို ငါ မချစ်ဘူး၊ နင်က ငါ့အတွက် အမြဲတမ်း သူငယ်ချင်းပဲ”

“နင်က အာကာဦးကိုတော့ အဖြေပြန်ပေးဖို့ စဉ်းစားနေတယ်ဆို၊ မလုပ်နဲ့နော် သက်လျာ၊ နင်ဟာ ငါ့အတွက်ပဲ ဖြစ်ရမယ်၊ ဘယ်သူ့အတွက်မှ မဟုတ်ရဘူး”

“သေလိုက်ပါလား အောင်နိုင်၊ ငါက နင့်အတွက်လည်း မဟုတ်ဘူး၊ ဘယ်သူ့အတွက်မှ မဟုတ်ဘူး၊ ငါလက်ထပ်ဖို့ စိတ်ကူးမရှိဘူး၊ စိတ်ကူးရင်တောင် နင်တော့ မဟုတ်ဘူး၊ ငါချစ်တဲ့သူပဲ ဖြစ်မှာပေါ့”

အဲဒီမှာတင် အောင်နိုင်သူက စိတ်ရိုင်းဝင်သွားတော့တာ ဖြစ်သည်။

***

(၄)

ထွန်းနေ သက်လျာအိမ်သို့ သွားသည်။ ဖြေမဆည်နိုင်ဖြစ်နေသော သက်လျာအမေကို မမေးချင်ပေမယ့် အကြောင်းစုံသိအောင်တော့ မေးမှဖြစ်မည်။ သက်လျာက သူမဆောင်ထားလေ့ရှိသော ခြောက်လက်မ မောင်းချဓားဖြင့် ကိုယ့်ကိုယ်ကို ထိုးသတ်ခဲ့ခြင်းဖြစ်သည်တဲ့။ နယ်မြေ ရဲများလည်း စစ်ဆေးပြီးပြီ၊ ရင်ခွဲရုံမှာလည်း စစ်ဆေးပြီးပြီ။ သူကိုယ်သူ သတ်သေခြင်း ဖြစ်သည်ဟု အားလုံးက ဆုံးဖြတ်ကြသည်။ အိမ်ထဲသို့ ဘယ်သူမှ ချိုးဖောက်ဝင်ရောက်လာသည့် လက္ခဏာ မရှိ။ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည့်ပုံ မတွေ့ရ။ သူမအိမ်ယာထဲမှာ ကိုယ့်ကိုယ်ကို ထိုးခဲ့ခြင်းဖြစ်သည်။ ဓားပေါ်တွင် သူမ လက်ဗွေရာမှ အပ တစ်ခြားမရှိ။ ဘယ်လိုပဲ ဖြစ်ပါစေ။ သူကတော့ မယုံကြည်ပါ။ သူမ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာကို မယုံကြည်ပါ။ မိန်းကလေးတစ်ယောက်က တကယ် ကိုယ့်ကိုယ်ကို သတ်သေချင်တယ် ဆိုလည်း တခြားနည်းတွေ အများကြီး ရှိတာပဲလေ။ ဘယ်သူမှ ကိုယ့်ကိုယ်ကို ဓားနှင့်ထိုး၍တော့ သတ်သေမည် မဟုတ်ပါ။

အဲဒီ မောင်းချဓားကို သူဝယ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်ခါက သူမက ပြောဖူးသည်။ ဘဝမှာ အလိုမတူပဲ အကြမ်းဖက်ခံရမှာကို အကြောက်ဆုံးပဲ တဲ့။ သူက အဲဒီလို အမှုတစ်ခု အကြောင်းကို ပြောပြမိတော့ သူမက ပြောခြင်းဖြစ်သည်။ နောက်တစ်ခါတွေ့တော့ သူက အဲဒီ မောင်းချဓားကို လက်ဆောင်ပေးခဲ့သည်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက်လို့ ပြောခဲ့သည်။ သူမကလည်း သဘောကျသည်။ ဓားက သေးသေးလေး လို့တောင် ပြောသေးသည်။ ဓားကသေးပေမယ့် လူသေနိုင်တယ်၊ နှလုံးတည့်တည့်ကိုသာထိုး လို့ သူက စနောက်ရင်း ပြောခဲ့သေးသည်။ အခုတော့ ဒီဓားနဲ့မှ သေရသည်။ သူသာ ဒီဓားကို လက်ဆောင်မပေးမိခဲ့ရင်...။

***

အောင်နိုင်သူနှင့် ပတ်သက်လို့တော့ နယ်မြေ ရဲဌာနမှာပဲ မေးရသည်။ သူက မိဘများနှင့် အတူမနေပဲ တစ်ယောက်တည်း ကွန်ဒိုတိုက်ခန်းမှာ နေသူဖြစ်သည်။ သူ့တိုက်ခန်းက ဆယ်ထပ်အမြင့်မှာ ရှိသည်။ ညသန်းခေါင်ကျော် အချိန်လောက်တွင် ဝရံတာမှ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူများက တွန်းချသည် ဟု ထင်စရာ ခြေရာ လက်ရာ ဘာမှမရှိ။ ကိုယ်တိုင်ခုန်ချတာ သေချာသည်ဟု အထောက်အထားများ အရ ဆုံးဖြတ်လိုက်ကြပြီးဖြစ်သည်။ ထူးဆန်းတာ တစ်ခုက သူ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာ နှစ်ချက်တွေ့ရခြင်းဖြစ်သည်။ သို့သော် ဆေးထည့်၍ ပတ်တီးစည်းထားပြီးဖြစ်သည်။ ရန်ဖြစ်သတ်ပုတ်၍ အောက်ပြုတ်ကျခြင်း လုံးဝ မဟုတ်နိုင်။ ထွန်းနေ အနေနှင့် အဲဒီဓားဒဏ်ရာ နှစ်ချက်ကို စစ်ဆေးကြည့်ချင်သည်။ ခုမှတော့ မဖြစ်နိုင်တော့။ ဆေးစစ်ချက်ကို ပဲ တောင်းကြည့်ရတော့သည်။ ခြောက်လက်မ မောင်းချဓားနှင့် ထိုးခံရသည်ဟု ထင်မြင်ကြောင်း ရေးထားသည်။

ခြောက်လက်မ မောင်းချဓား...။ ဒါ တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား။ ဇာတ်လမ်းကို မှန်းဆမိသလို ရှိလာသည်။ သူ ခရီးမသွားခင်ကပဲ အောင်နိုင်နှင့် တွေ့သေးသည်။ သူက သက်လျာကို အသည်းအသန် ပြန်ဖြစ်နေသည်။ သက်လျာကို ခိုးပြေးရင် ကောင်းမလား ဟု နောက်သလို ပြောင်သလို ပြောလို့ သူက တားမြစ်ခဲ့ရသေးသည်။ သက်လျာရဲ့ အချစ်က ဘယ်သူ့ဆီမှာ ဆိုတာ အောင်နိုင်သိအောင် ပြောခဲ့ရသေးသည်။ ဒီတော့...။ သက်လျာ ရဲ့အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန် အောင်နိုင် ရောက်သွားခဲ့ရင် ဒီအခွင့်အရေးကို သူအသုံးမချဘူးလို့ ပြောနိုင်ပါ့မလား။ ကိုယ့်ခြံ ကိုယ့်ဝင်း တွေနဲ့ မို့ သူဝင်သွား၊ ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်တာလည်း ဖြစ်နိုင်သည်။ သက်လျာဟာ ဒီမောင်းချဓားကို သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက်ပဲ သုံးမှာ။ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဓားကို လုကြမည်။ ဒါပေမယ့် ဘယ်လိုဖြစ်တာလဲ...။

သက်လျာ ပြောဖူးသော စကားတစ်ခွန်းကို သူ ပြန်ကြားယောင်မိသည်။ “ငါက နောက်ဆုံးအချိန် အထိ ငါ့ဘဝကို အဖြူရောင်ပဲ ဖြစ်ချင်တာ” ။ သက်လျာ အာကာဦးကို ချစ်နေမှန်း သူသိတော့ မစားရတဲ့ စပျစ်သီးကို ချဉ်တယ် ပြောချင်တဲ့ အထဲမှာ သူမပါတာမို့ အာကာဦးကို ချစ်နေရင်လည်း အဖြေပြန်ပေးလိုက်ဖို့ ဖြောင်းဖြဖူးသည်။ အဲဒီမှာ သက်လျာက ပြန်ပြောခဲ့ခြင်း ဖြစ်သည်။ အာကာဦးကို ချစ်ပေမယ့်လည်း လက်မထပ်ချင်ပါ တဲ့။

တကယ်လို့များ သူမရဲ့ နောက်ဆုံးအချိန်ဟာ တစ်စုံတစ်ဦး ရဲ့ စော်ကားမှုကို ကာကွယ်ရင်းနဲ့ ဖြစ်ခဲ့ရတယ် ဆိုရင်...။ အဲဒီကိစ္စက ပြီးမြောက်သည် ဖြစ်စေ၊ မပြီးမြောက်သည် ဖြစ်စေ သူမ သိက္ခာကို ထိခိုက်သည်ဟု သက်လျာက ထင်ကောင်းထင်မည်။ အဲဒီတော့ သူမ ဓားထိုးခံရခြင်း အဖြစ်မှာ တစ်ခြား ဘယ်သူ တစ်ဦးတစ်ယောက်မှ မပါဝင်ပဲ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဖြစ်အောင် လုပ်လိုက်သည်။

***

ထွန်းနေ သက်လျာတို့အိမ် တစ်ခေါက်ထပ်ရောက်သည်။ သက်လျာ မေမေက သက်လျာမှာ စိတ်ဒဏ်ရာတွေ ရှိနေလို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ထင်နေရှာသည်။ အိမ်ထောင်ရေး အဆင်မပြေ ခဲ့တဲ့ သူတို့မိဘတွေ အပြစ်လည်း ပါသည်ဟု ဖြေမဆည်နိုင် ဖြစ်နေသည်။ အနည်းဆုံး သက်လျာမေမေ တော့ အဖြစ်မှန်ကို သိသင့်သည်။

“အန်တီ့ကို မမေးသင့်မှန်းသိပေမယ့် ထပ်မေးပါရစေ အန်တီ၊ ရုန်းရင်းဆန်ခပ် ဖြစ်ထားပုံ မရတာ သေချာရဲ့လား ဟင်၊ တစ်ခုခု လွဲနေတာမျိုး ရှိမရှိ စဉ်းစားကြည့်ပါဦး”

“မင်းက လွဲနေတာ ဆိုမှ တစ်ခုတော့ သတိထားမိတယ်၊ အဲဒီတုန်းကတော့ အရမ်းပူနေတော့ သတိမထားမိဘူးပေါ့၊ အဲဒီနေ့ မနက်က အန်တီ ကိုယ်တိုင် ဧည့်ခန်းက စားပွဲမှာ ပန်းအိုးထိုးခဲ့တာ၊ အဲဒီပန်းအိုးက ကွဲပြီး အမှိုက်ပုံးထဲ ရောက်နေတယ် ကွဲ့၊ ကျန်တာတော့ ဘာမှ ခြေရာ လက်ရာ မပျက်ပါဘူး”

“ခြေရာ လက်ရာ မပျက်အောင် တမင်ပြန်လုပ်ထားတာလည်း ဖြစ်နိုင်တယ် မဟုတ်လား အန်တီ၊ ကွဲသွားတဲ့ ပန်းအိုးကိုတော့ အသစ်ဖြစ်အောင် လုပ်လို့ မရဘူးပေါ့”

“မင်းပြောချင်တာ...”

“အန်တီ သိပါတယ်၊ တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်း အောင်နိုင့် ကိုယ်ပေါ်မှာလည်း ခြောက်လက်မ မောင်းချဓား ဒဏ်ရာ နှစ်ချက်တွေ့ရတယ် အန်တီ၊ ဒါပေမယ့် သေတဲ့အချိန်မှာတော့ ပတ်တီး စည်းပြီးနေပြီ”

“အဲဒီနေ့က အန်တီက ညနေတော်တော် နောက်ကျမှ ပြန်ရောက်တယ်လေ၊ အဲဒီတော့ ဖြစ်ပြီးတာ ကြာနေပြီ၊ ရဲတွေကို ဆက်ပြီးတော့ မင်းဆီဆက်တယ်၊ မင်းက ခရီးသွားနေတယ် ဆိုလို့ မောင်အောင်နိုင် ဆီကို ဆက်တယ်၊ သူ့အသံက တစ်မျိုးကြီးပဲ၊ နေမကောင်းဘူးလား လို့တောင် ထင်လိုက်သေးတယ်၊ သူ မလာဘူးလေ၊ နောက်နေ့တွေကျမှ သူ့အကြောင်းကြားရတယ်၊ ဒါပေမယ့်... မင်းတွေးသလို ဖြစ်နိုင်ပါ့မလားကွယ်”

“သေချာတာပေါ့ အန်တီ၊ စဖြစ်တာ ဧည့်ခန်းမှာပဲ၊ သူတို့ ဓားကိုလုရင်းနဲ့ သက်လျာကို ထိုးမိသွားတယ်၊ သူ့ကိုယ်သူ မရတော့ဘူး ဆိုတာ သက်လျာ သိမယ်၊ ဒီတော့ အိပ်ခန်းထဲကို သွားတယ်၊ အပြင်မှာ ခြေရာ လက်ရာ မပျက်အောင် လုပ်ခိုင်းပြီး သူ့ကို ပြန်ခိုင်းမယ်၊ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ ပြောမယ်၊ ဓားပေါ်က လက်ဗွေရာတွေကို ဖျက်လိုက်မယ်...”

“ဘာကြောင့် အဲဒီလိုတွေ လုပ်ဖို့ လိုမလဲကွယ်၊ အဲဒီလိုတွေ လုပ်မယ့် အစား အန်တီ့ဆီပဲ ဖုန်းလေး တစ်ချက် ဆက်လိုက်ပါတော့လား၊ အချိန်မီ သိရင် ကယ်ရင် ကယ်နိုင်မှာ...”

“သူ့ဒဏ်ရာ အနေအထားက မကယ်နိုင်ဘူးဆိုတာ အန်တီသိပါတယ်၊ အဲဒီလိုတွေ ဘာကြောင့်လုပ်ရလဲ ဆိုတော့... သက်လျာက သူ့ဘဝ နောက်ဆုံး အချိန်ထိ အဖြူရောင်ပဲ ဖြစ်စေချင်တယ်လေ”

“ဒါ သူ့လော်မာတာမှ မဟုတ်ပဲကွယ်၊ ပြီးတော့ ဘာမှလည်း မဖြစ်ခဲ့ပါဘူး”

“ဘာမှ မဖြစ်ပေမယ့်လည်း သက်လျာလို ဘဝတစ်လျှောက်လုံး အစွန်းအထင်း မရှိအောင် နေခဲ့တဲ့သူ အဖို့ သိက္ခာကျစရာလို့ တွေးမှာပဲလေ၊ အဝေးက ကြားရမယ့် သူတွေဆိုရင် ဒီကိစ္စ ဖြစ်မြောက်လား မဖြစ်မြောက်လား ဆိုတာ သေချာနိုင်ပါ့မလား...”

“အဓိပ္ပါယ် မရှိတာကွယ် ဒီလို ခုခံကာကွယ်လို့ ဖြစ်ရတာပဲ သူ့မှာ သိက္ခာကျစရာ မရှိပါဘူး”

“သက်လျာက ဒီကိစ္စမျိုးနဲ့ ပတ်သက်ရင် နည်းနည်းတော့ အစွန်းရောက်တယ်လေ အန်တီ”

“ဒါဖြင့် အောင်နိုင်က ဘယ်လိုဖြစ်ရတာလဲ”

“သူအိမ်ပြန်သွားပြီး သူ့စိတ်သူ ထိန်းနေတုန်း၊ သက်လျာ မသေနိုင်ဘူးလို့လည်း ဖြေပြီး တွေးချင်တွေးနေမှာပေါ့လေ၊ အဲဒီ အချိန်မှာ အန်တီ ဖုန်းဆက်တော့ သက်လျာဆုံးတာကို သူသိသွားတယ်၊ သူ့အပေါ် အပြစ်မတင်ပဲ ကိုယ့်ကိုယ်ကို သတ်သေသလို လုပ်သွားတာကလည်း သူ့ကို စိတ်ထိခိုက်စေမှာပဲလေ၊ သူကလည်း လူဆိုးမှ မဟုတ်ပဲ၊ မတော်တဆ စိတ်မထိန်းနိုင်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်လား၊ နောက်ဆုံးတော့ သူမနေနိုင်တော့ပဲ အဲဒီလို လုပ်လိုက်တော့တာပဲ”

“မင်းပြောတာ ဖြစ်နိုင်ပါတယ်၊ မောင်ထွန်းနေ၊ အဲဒီလိုပဲ ဖြစ်မှာပါပဲ၊ သမီးက ကိုယ့်ကိုယ်ကို သတ်သေမယ့် လူမျိုးတော့ မဟုတ်ပါဘူး”

“ဒါကို ကျွန်တော်တို့ နှစ်ယောက်ပဲ သိရင်တော်ပါပြီ အန်တီ၊ တစ်ခြား ဘယ်သူ့ကိုမှ မသိပါစေနဲ့တော့၊ သက်လျာ ဖြစ်စေချင်သလိုပဲ ဖြစ်ပါစေတော့”

***

(၅)

သြော်... သက်လျာ၊ သက်လျာ...။ ယောင်္ကျားတွေကို မယုံကြည်ဘူး လို့ ပြောပြောနေပေမယ့် ဒီ ငယ်သူငယ်ချင်းကိုတော့ ယုံကြည်လို့ တစ်ယောက်တည်းနေတဲ့ အိမ်တံခါးကို ဖွင့်ပြီး လက်ခံ စကားပြောခဲ့တာ...။ ဒီလို အဖြစ်မျိုး ဖြစ်လိမ့်မယ်လို့လည်း ဘယ်သူက ထင်ပါ့မလဲလေ။ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလို အဖြစ်ဆိုးမျိုး မကြုံဖို့ ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရယ်...။

***

သိင်္ဂါကျော်

23.6.2009

10:45 PM


3 comments:

မယ့်ကိုး said...

ဇာတ်လမ်းလေးကို စိတ်ဝင်တစားဖတ်သွားပါတယ်။ ကြိုက်လည်း ကြိုက်တယ်။

Anonymous said...

ဇါတ်လမ်းလေး အရမ်းကောင်းပါတယ်.. ကြိုက်တယ်..

ဝက်ဝံလေး said...

မမရေ အရေးအသားလေးကကောင်းတယ် ဖတ်သွာတယ် အစအဆုံး
နောက်လဲရေးပါဦးလို့ ပြောချင်ပါတယ်

တာ့တာနော် ဘိုင်