Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

07 February, 2018

လမ်းမကြီးရဲ့ ဘေး




အဲဒီလမ်းမကြီးက
၂၄ နာရီလုံးလုံး အသုံးတော်ခံနေရတယ်။
တရွေ့ ရွေ့  များများ သွားတာနဲ့
ခပ်ကျဲကျဲ ခပ်မြန်မြန် ပဲ ကွာတယ်။

တိတ်ဆိတ်မှ အိပ်ပျော်မယ့်သူဟာ
အဲဒီ လမ်းမကြီးဘေးမှာ
နေလို့ မရနိုင်ဘူး။

အရင်ခေတ်က 
ဇော်ဝင်းရှိန် သီချင်းကို ပြန်သတိရတယ်
ကားတွေပေါတဲ့အထဲ 
တစ်စီးမှ ကိုယ်မပိုင်တာ ခုချိန်ထိ။ 

ညဟာ
အိပ်စက်ခြင်းကို သိမ်းပိုက်ရမယ့် တာဝန်ရှိရဲ့
လမ်းပေါ်က သွားလာမှုတွေကတော့
အပျော်တွေလား၊ ဘဝတွေလား
ထွေပြားစရာ။

ဘဝကို လက်လွှတ်ချင်စိတ်တွေ
ပြည့်နေတဲ့ လူတစ်ယောက်
သတ္တိကြောင်ကြောင်နဲ့ ပဲ
အဲဒီ လမ်းမကြီးဘေးမှာ နေထိုင်နေတယ်။

ဘယ်လိုပဲ
ဘာကိုမှ မကြိုးစားချင်တော့ဘူး ဆိုပေမယ့်
ဘာကိုမှ မမျှော်လင့်ချင်တော့ဘူး ဆိုပေမယ့်
အသက် တစ်နှစ် ကြီးမလာချင်တော့ဘူး ဆိုပေမယ့်
အဲဒီ လမ်းမကြီးပေါ်မှာ လှဲမအိပ်ဝံ့ဘူး။
အဆောက်အအုံ အမြင့်ကလည်း ခုန်မချဝံ့ဘူး။
အဲလိုနဲ့
အဲဒီလူလည်း
အဲဒီ လမ်းမကြီးဘေးမှာ နေထိုင်ဆဲ။

သိင်္ဂါကျော်
7.2.2018
11:00 PM

23 December, 2017

ကျွန်တော့်ရဲ့ မ



မက တည်တည်ငြိမ်ငြိမ်ပါပဲ
ကျွန်တော်ကသာ လှုပ်ခတ်နေတာ
ဆယ်ကျော်သက်လေးလည်း မဟုတ်ပါပဲ။

အပြင်မှာတော့
ကျွန်တော်က ထက်မြက်တဲ့ ယောက်ျားတစ်ယောက်
မ ရှေ့ မှာတော့
ယုန်သူငယ်လို နူးညံကြင်နာတတ်သူ။

တောက်ပ စူးရှတဲ့
မ မျက်ဝန်းလှလှတွေရဲ့ အကြည့်အောက်
ကျွန်တော် ဘယ်တော့မှ လိမ်ညာမပြောဝံ့။

နူးညံမွှေးပျံတဲ့ ဆံနွယ် ရှည်ရှည်တွေကို ချစ်တယ်
ထင်ထင်လင်းလင်း မျက်ခုံးအောက်က
ထက်ထက်မြက်မြက် မျက်ဝန်းတွေကို ချစ်တယ်

နှာတံ စင်းစင်းလေး အောက်က
နှင်းဆီသွေး နှုတ်ခမ်းဖူးလေးကို ချစ်တယ်။
အလှမပြင်တတ်တဲ့
သနပ်ခါးပါးပါး မျက်နှာလေးကို ချစ်တယ်။

ခပ်မြန်မြန် လမ်းလျှောက်တတ်ပေမယ့်
ဣန္ဒြေပျက်မသွားတဲ့ ကိုယ်ဟန်လှပုံလေးကို ချစ်တယ်
မြန်မာဆန်ဆန် အမြဲဝတ်တတ်ပေမယ့်
ပျော့ညံညံ မိန်းမပုံ မပေါက်တဲ့
ဆုံးဖြတ် လုပ်ကိုင်တတ်တာတွေကို လေးစားတယ်။

ကျွန်တော် မရှိလည်း
မ က ဘာမှ မဖြစ်ဘူးလို့ ထင်ရပေမယ့်
ကျွန်တော့် အတွက်တော့
ခံစားချက်မဲ့တဲ့ စက်ရုပ်တစ်ရုပ် ဖြစ်သွားလောက်တယ်။

ကျွန်တော့်ကို လွမ်းရင်တောင်
မ က အများမသိအောင် ကြိတ်ငိုမယ့်သူ
ကျွန်တော် လွမ်းပုံကတော့
အမူအရာ ပျက်လွန်းလို့
တစ်လောကလုံး ရိပ်မိလောက်တယ်။

သိင်္ဂါကျော်
23.12.2017

22 December, 2017

ကောင်မလေး အတွက် ၈




ကောင်မလေးရေ..
အပြင်မှာ တစ်ခါမှ မနီးစပ်ဖူးပေမယ့်
ဓာတ်ပုံထဲက နင့်အပြုံးချိုချိုတွေ
ငါ့နှလုံးသားထဲ တံဆိပ်နှိပ်ပြီးသား။

ကောင်မလေးရေ..
ဖုန်းထဲက နင့်ရယ်သံ ချိုချို
မကြားရသေးတဲ့အခါ
ငါ့ရဲ့ နေ့တွေ ခြောက်ကပ် တိတ်ဆိတ်လို့ ။
နင့်ရဲ့ Good Night သံ မကြားမချင်း
ငါ့ရဲ့ ညတွေ ကြေကွဲ ထိရှ လို့ ။

ကောင်မလေးရေ..
သာသာယာယာ ပတ်ဝန်းကျင်မှာ
နင် အေးအေးသက်သာ နေနေတဲ့ နေ့ တွေ
ငါ့မှာတော့ ဝမ်းစာရှာဖို့ 
ဘဝက ခက်ခဲ ကြမ်းတမ်း လို့ ။

နင်နဲ့ ငါ့ရဲ့ 
တစ်ခုတည်းသော အဆက်အသွယ်
နင့် ဖုန်းနံပါတ်လေး ပျောက်ကွယ်သွားမှာ
ငါ အသေအကြေ စိုးရိမ်လို့ ။

တစ်ခါမှ စိတ်မကောက်..
တစ်ခါမှ စိတ်မဆိုး..
တစ်ခါမှ ဖုန်းပိတ်မထားဖူး တဲ့
ငါ့ နတ်သမီးလေးကို
တစ်ခါတစ်လေတော့ သနားမိသေးတယ်
အချစ်ကလွဲလို့ ဘာမှ မပေးနိုင်တဲ့
ငါလိုလူနဲ့ ချစ်သူ ဖြစ်သွားခဲ့ရတဲ့ အတွက်။

ကောင်မလေးရေ
လက်လွှတ်ပေးလိုက်ချင်ပေမယ့်
ငါ့ဘဝရဲ့ တစ်ဦးတည်းသော 
နင်သာ မရှိတော့ရင်
ငါ့ နေ့ တွေ ညတွေ 
အသက်မဲ့သွားတော့မယ့် အရေးမို့ 
ငါ အတ္တကြီးပါရစေ
ကောင်မလေးရေ...။

သိင်္ဂါကျော်
22.12.2017
11:35 AM

24 May, 2017

ဆေးစက် ကျရာ

နွေဦးပန်းတွေ ပွင့်ရာ ဝေရာမှာ
သာသာယာယာ ကျေနပ်နေသူတွေ ရှိသလို
နွေရဲ့ ရက်စက်မှု အောက်မှာ
ပူလောင် ပင်ပန်း နေရသူတွေလည်း ရှိရဲ့ ။

မျှော်လင့်ချက်၊ ရည်ရွယ်ချက်နဲ့
ဦးတည်ရာ တစ်ခု အတွက်
သည်းခံ နေထိုင်နေသူတွေ၊
ရည်ရွယ်ရာ တစ်ခု အတွက်
ကြိုးစား နေထိုင်သူတွေ၊
ရပ်တည်ချက် ကောင်းတစ်ခုနဲ့
ခေါင်းမော့ နေထိုင်သူတွေ၊
ရည်ရွယ်ချက်မဲ့
အသက်ရှင်မှု တစ်ခုအတွက်
ဝမ်းစာရှာ နေထိုင်သူတွေ၊
မိသားစု အရိပ်အောက်
သက်တောင့်သက်သာ နေထိုင်သူတွေ၊
တောင့်တမှုတွေကို ကြောင့်ကြစရာ မလိုပဲ
ပေါ့ပေါ့ပါးပါး နေထိုင်သူတွေ၊
ဘဝကို မနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးလို
ထမ်းပိုးပြီး နေထိုင်သူတွေ
နွေနေ အောက်မှာ...။

ဘဝ ဆိုတာ
ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ
ကံမကုန်မခြင်း ထမ်းဆောင်ရတဲ့ တာဝန်တစ်ရပ်ပေပဲ။

ဗလာရောင် သက်သက်ဟာ ပန်းချီကား မဟုတ်ပေမယ့်
ကမ္ဘာဟာ ပန်းချီကားတစ်ချပ်ပဲ
ဆေးစက်ကျရာတိုင်းဟာ
ဘဝတွေရဲ့  ပုံရိပ်သာ ဖြစ်လေတယ်။

တစ်ချို့ ဆေးစက်တွေက အရောင်မမှန်
တစ်ချို့ က အရောင်စပ်
တစ်ချို့က အရောင်တောက်တောက်
တစ်ချို့ က အရောင်မှိန်မှိန်
တစ်ချို့က တစ်ချို့ကို လှတယ် ထင်ပေမယ့်
ကိုယ်တိုင်ကိုက မကျေမနပ် ဖြစ်နေတတ်တာမျိုး။

သိင်္ဂါကျော်

03 March, 2017

နွေဦးစိတ်ကူး


အရိုးပြိုင်းပြိုင်း သစ်ပင်တွေကို ကြည့်ရင်း
မျှော်လင့်ချက် သစ်ရွက်တွေ
အားလုံးကြွေကျနေတဲ့
ငါ့ အိပ်မက် သစ်ပင်က
ဘယ်တော့မှ
ပြန်လည် စိမ်းလန်းမယ် မထင်တော့တဲ့ စိတ်နဲ့။

နွေနေ ပြင်းပြပြအောက်မှာ
ရေငတ်နေတဲ့ သစ်ပင်တွေ
ရွက်နုသစ်ထွက်ဖို့ ခဲခဲယဉ်းယဉ်း
ကြိုးစားနေရသလိုမျိုး၊
စိတ်ဖိစီးမှု နေရောင်အောက်
မလောက်မင အချိန်ရယ် ငွေရယ်
စိတ်ကူးသစ် ရွက်ညွန့်တွေ
ထွက်ပြူဖို့ ခက်ခဲလှတာ..။

တစ်ရံတစ်ဆစ်လေးမှ
ညစ်နွမ်းခြင်း မရှိဘူးတဲ့
အမြဲတမ်း စီးဆင်းနေချင်တဲ့
စမ်းချောင်းကလေးဟာ
ငါ ဖြစ်ခဲ့တယ်။

ခုရာသီတော့
စီးဆင်းဖို့ အားအင်လည်း ယုတ်လျှော့ပြီမို့
ကြည်ကြည်လင်လင် ရေအိုင်လေးလို
နောက်ကျိအောင်
ဘယ်သူမှ လာမနှောက်ယှက်ဖို့ မျှော်လင့်ရင်း
ငြိမ်ငြိမ်ကလေး နေပါရစေတော့။

သိင်္ဂါကျော်

01 December, 2016

ချိုသော မွေးနေ့ ဒီဇင်ဘာ


နှင်းစက် ဖွဲဖွဲ၊ မြူခိုးဝေဝေ၊
အေးစက်စက် အငွေ့အသက်နဲ့
ဒီဇင်ဘာက
ရောက်မြဲအတိုင်း ရောက်လာလေရဲ့။

ဓနုရာသီဖွား တစ်ယောက်ရဲ့ ဖြစ်တည်မှု အစ
သက္ကရာဇ်တစ်ခုရဲ့ နောက်ဆုံးခြေရာ
ချိုသော ဒီဇင်ဘာ။

ဒီဇင်ဘာ တွေ
တစ်ခါပြီး တစ်ခါ ရောက်ရောက် လာတော့
ဘယ်နှစ်ခါမြောက်လဲ လို့
ရေတွက် မကြည့်ချင်တော့ဘူး။
အိပ်မက် မက်ခြင်းကို နှစ်ခြိုက်သူ အတွက်
လက်တွေ့ဘဝက ခါးတားတား နိုင်လှတယ်။

ဘယ်လောက်လှတဲ့ ပန်းဖြစ်ပါစေ
ပွင့်ပြီးရင် ကြွေလေမှာ သေချာနေတဲ့အခါ
မကြွေခင် အချိန်ခဏ ဝေပြရမှာ ဘဝပါပဲ။

အိပ်မက် မက်သူက
မဖမ်းဆုပ်နိုင်တဲ့ စိတ်ကူးမိုးတိမ်ကိုပဲ တမ်းတ
ကိုယ့်ကိုယ်ကို ဗလာလူသားလို့ ထင်လားထင်ရဲ့။

တကယ်တမ်းတော့လေ
အိပ်မက် မက်သူက မရောင့်ရဲနိုင်တာသာ
လောကကို အလှဆင်နိုင်ခြင်းက
လက်ထဲ ရောက်လာတဲ့ ငွေကြေးနဲ့
တွက်ချက်ကြေးမှ မဟုတ်တာ။

မြေလေးလောက်အောင် ဆန်ကုန်သူ မဟုတ်ပါဘူး
နှစ် ၄၀ နားနီး တဲ့အထိ
ရုန်းကန်လာခဲ့တယ်၊  အားထုတ်လာခဲ့တယ်။
ငွေကြေးနဲ့ တွက်ချက်ကြေး မဟုတ်နဲ့ပေါ့။
အဓိပ္ပါယ်တွေ ရှိခဲ့ပါရဲ့လေ။

သိင်္ဂါကျော်

14 November, 2016

ဗလာလူသား

ဦးနှောက်ထဲမှာ
စကားလုံး မရှိတဲ့ ကောင်းကင် ဖြစ်နေတာ ကြာပေါ့၊
ဗလာ ဟင်းလင်းနဲ့
ဘာတစ်ခု မှတောင် သုံးလို့ စားလို့ မရတော့သလိုပဲ။
မင်းမြတ်သူရ ရေးသလို
“မည့်သည့် အရာကိုမျှ သိမ်းပိုက်မထားသော” လို့
ပြောရမလိုလိုနဲ့ ၊
ခက်တာက
လာသမျှကိုလည်း အပြည့်အဝ လက်မခံနိုင်တော့တာပဲ။

တိမ်တွေရဲ့ အမှတ်တရ ရာသီကို လွမ်းတယ်။
ဇာတ်လမ်းတွေ ရေးဖြစ်ဖို့
ဇာတ်လမ်းရှာခဲ့တာ မဟုတ်ပေမယ့်
ကွန့်မြူးစရာ ဇာတ်လမ်းမရှိတဲ့ အခါ
တိမ်တွေ လွင့်သလို လွင့်သွားတတ်တဲ့
စိတ်ကူးတွေကို ဖမ်းဖို့ မလွယ်ကူပြန်ဘူး။

ကိုယ်က
စိတ်ကူး မယဉ်နိုင်တဲ့ လက်တွေ့ ထဲ
တဝဲလည်လည် ရုံးမထွက်နိုင်တာ
ဘယ်လောက် ကြာသလဲဆို
ကောင်းကင်ကြီးကတော့ အရောင်တွေ အမျိုးမျိုး ပြောင်းရင်း
တိမ်တွေ ဝင်သွားလိုက် ထွက်သွားလိုက်
ဘယ်နှရာသီ တောင် ရှိလေပြီလဲ။

ဆောင်းပါးတွေထဲ ခဏ ခဏ ရေးဖြစ်တဲ့
စိတ်အားထက်သန်မှု တွေက
ကိုယ်တိုင်ဆီမှာတော့ ပျောက်ဆုံးလုနီးနီးနဲ့။

နိစ္စဓူဝတွေနဲ့ ချည်း ပြည့်နေတဲ့
သာမန် ဘဝတွေကို မုန်းရက်နဲ့
နိစ္စဓူဝတွေနဲ့ ချည်း အချိန်ကုန်နေပြန်ရော။

တွဲခဲ့မိတဲ့ လက်တစ်စုံကလည်း
အမြင့်ကို ဆွဲမခေါ်နိုင်တဲ့အခါ
သာမန်ဘဝထဲမှာ မနေနိုင်တဲ့ ကိုယ်က
လိုက်ပါဖို့ ငြင်းဆန်မိ။

ကိုယ့် ကောင်းကင်က
အမြဲတမ်းတော့ မှုန်မှိုင်းမနေပါဘူး
နေရောင်အောက်က အဖြူပြင်ပြင် ကောင်းကင်ကို
ဓာတ်ပုံဆရာတွေ မကြိုက်သလိုမျိုး
ကိုယ့် ကောင်းကင်ကို ကိုယ် မကြိုက်လှဘူး။
ရေရေရာရာ မရှိပေမယ့်
ဗလာက တော့ ဗလာပါပဲ။

သိင်္ဂါကျော်
12.11.2016
11:50 PM

11 May, 2016

မျှော်လင့်ခြင်းမဲ့ ချစ်ခြင်းသက်သက်



ပန်းကလေးတွေတောင် ခူးသူကို မျှော်လင့်ပြီး ပွင့်ကြတာမှ မဟုတ်ပဲလေ
ခူးယူပြီး နင်းချေခံရတာထက် စာရင်
မြတ်နိုးလို့ မခူးရက်ခြင်းက အပင်မှာ တင့်စေနိုင်သေးရဲ့။

Anniversary လည်း တိတိကျကျ မရှိ
ဘယ်အခါက စတင်ခဲ့ပြီး
ဘယ်အခါက သေချာသွားတယ် မသိသော
ချစ်ခြင်း တစ်ခုကို
ယုံယုံကြည်ကြည်လည်း ရှိဖူးပါရဲ့
မယုံမကြည်လည်း ရှိဖူးပါရဲ့
ပြတ်ပြတ်စဲစဲ ရှိကြဖို့လည်း မနေနိုင်တဲ့အခါ
ဒီတိုင်းလေးပဲ တဲ့
သူငယ်ချင်း မဟုတ် ချစ်သူ မဟုတ်
တစ်နေ့တစ်ခါ သတိရရုံလောက်နဲ့
ကျေနပ် နေတတ်ရင်း
ဒီလိုနဲ့ပဲ
ခန့်မှန်းခြေ Anniversary က
နှစ်ခါ မြောက် တော့မယ် ပေါ့။

နတ်ကောင်း ဆောင်မမှုမှ မရှိရင်
တစ်သက်စာအတွက် တွဲလက်တစ်စုံ ဆိုတာ
စိတ်ကူးယဉ်ခွင့် သက်သက်သာ။

ကမ်းမယ့်လက်က ဝံ့ဝံ့ရဲရဲ မရှိတဲ့အခါ
ရှေ့တိုးဖမ်းဆုပ်ရမယ့်သူက ပေါ်မလာနိုင်တာ
အပြစ်တင်ချင်စိတ်လည်း မရှိတော့ပါ။
ဝေးဝေးက လွမ်းစိတ်တစ်ခုနဲ့သာ နှစ်သိမ့်တတ်ခဲ့ ပေါ့။

ဘာကိုမျှ မမျှော်လင့်တတ်တဲ့သူက
နာကျင်ရတာ နည်းလိမ့်မယ် တဲ့။
မမျှော်လင့်ချင်တာတော့ မဟုတ်ရပါ။
မျှော်လင့်ချင်သောအရာက လာမယ် မသေချာသော အရာ။
မျှော်လင့်ချင်သောအရာက တစ်ရာခိုင်နှုန်းလောက်တောင် ဖြစ်နိုင်ချေ မရှိတဲ့အခါ
မျှော်လင့်ခြင်းကိုသာ ချောင်တစ်ချောင်မှာ ပစ်ထားရတော့တယ်။

သိင်္ဂါကျော်

27 February, 2016

မပြောင်းလဲသူ


အရာရာ ပြောင်းလဲဖို့ ပြင်နေချိန်မှာ
ဘာမှ မပြောင်းလဲသူက ငါပဲကွယ့်။

သာမန်ဘဝတွေက
အမြဲတမ်း လိုအပ်ချက်တွေ ပြည့်နေတတ်တယ်။
အမြဲတမ်း အိပ်ကပ် ပါးနေတတ်တယ်။

သာမန်ဘဝတွေက
ငြီးငွေ့စရာ အလုပ်တွေနဲ့ ပြည့်နေတတ်တယ်။
စိတ်အားထက်သန်ခြင်းတွေ ပါးရှား နေတတ်တယ်။

အသုံးမကျတာကို တဖွဖွ ရွတ်ရင်း
အသုံးကျအောင် ကြိုးစားဖို့လည်း
အားလပ်ချိန်တွေ ပေးဆပ်ရဖို့ နှောင့်နေးနေလေသူ။

မိုက်မဲ တွေဝေမှုက
ဘဝနဲ့ ရင်းပြီး မရှိနိုင်ခဲ့ရင်
တစ်ချို့ ရေစက်တွေက
တစ်သက်စာ ဖူးစာအထိ ရောက်ချင်မှ ရောက်လိမ့်မယ်။

ပြောင်းလဲခြင်း ဆိုတာ
လုပ်တိုင်းလည်း ကောင်းတာ မဟုတ်ဘူး။
မလုပ်တိုင်းလည်း ကောင်းတာ မဟုတ်ဘူး။

စာတစ်အုပ် ကော်ဖီတစ်ခွက်နဲ့
ရာသီသုံးပါး ရောင့်ရဲနိုင်ပါရဲ့
နောက်ဆုံးပေါ် smart phone နဲ့ laptop တွေ မလိုအပ်ပါ။
စိတ်ကူးတွေ ရေးစီဖို့ laptop အဟောင်းတစ်လုံး
မျက်နှာစာအုပ်နဲ့ ဆက်သွယ်ဖို့ phone အဟောင်းတစ်လုံးနဲ့ တင်
စကားပြောဖော် မရှိပဲ ကျေနပ်နိုင်ပါရဲ့
ကိုယ့်နေ့ရက်တွေလေ။
အရင်လိုပဲ ဟောင်းမြဲ ဟောင်းဆဲပေါ့။

(သိင်္ဂါကျော်)

25 February, 2016

ပျက်ချိန်တန်


ရေများတဲ့ နေရာတွေမှာ
ရေစီးဆင်းမှုက အမြဲမပြတ်ပေမယ့်
ရေခမ်းခြောက်တဲ့ နေရာတွေမှာတော့
ရေတစ်စက် တစ်စက် ရဖို့ မနည်းပါပဲ။
ကံအကြောင်းတရား မတူညီတာကို
ဘယ်နတ်ဖုရားကမှ ညှိယူလို့ မရတာပါ။

အခါမဲ့ မိုးတွေရွာတာက
အတွင်းစိတ်ထဲက လောဘတွေထက်
ပိုနိုင်ပါ့မလား။
မတော်တဆ မီးတွေက
အတွင်းစိတ်ထဲက ဣသာ မစ္ဆိရိယတွေထက်
ပိုပြီး လောင်မြိုက်နိုင်ပါ့မလား။
အပူလှိုင်း ဆိုတာတွေက
အတွင်းစိတ်ထဲက ဒေါသတွေထက်
ပိုပူနိုင်ပါ့မလား။

မသိနားမလည်ခြင်းတွေက
တစ်စစီပြန့်ကျဲနေတဲ့
လမ်းပေါ်က ပန်းတွေရဲ့ အစပါ။
ထိန်းမနိုင်သိမ်းမရခြင်းတွေက
စွန့်ပစ်ခံ ပန်းတွေရဲ့ အစပါ။
သန္ဓေမအောင်တဲ့ ပန်းတွေကို ပွင့်လန်းစေဖို့ရာ
အားလုံးမှာ တာဝန်ရှိပါရဲ့ ။

အတ္တဖုံးထားတဲ့ ဆန္ဒတွေကို မချိုးနှိမ်ပဲနဲ့
ငြိမ်းချမ်းနိုင်စရာ လမ်းစရှိပါ့မလား။

အသစ်အသစ်တွေဆီ လမ်းဖောက်ရင်းနဲ့
ယဉ်ကျေးမှု အဟောင်းတွေ ပျောက်ပျောက်လာတာရော
သတိထားမိကြရဲ့လား။

အကျိုးဆက်တိုင်းမှာ အကြောင်းတရားက ရှိပါတယ်
လက်မခံချင်တာပဲ ဖြစ်မှာပါ။

စိတ်ကူးယဉ် အထူးပြုလုပ်ချက်တွေလောက်
ခမ်းခမ်းနားနား မရှိပဲနဲ့
ကမ္ဘာကြီးက တစ်စစီ ပဲ့ကြွေတော့မှာပါ။
အဲဒီအချိန်လေး မရောက်ခင်တခဏ
အမုန်းတရားနဲ့ အတ္တတွေ လျှော့ချကြဖို့ရာ
အားလုံးပဲ ကြိုးစားသင့်ပါရဲ့။

သိင်္ဂါကျော်
25.2.2016

16 June, 2015

မဆုံဖြစ်တော့တဲ့အခါ


အမှတ်တမဲ့ ချစ်ခြင်းတစ်ခုကနေ
မင်းဘက်က ရှေ့တိုးမလာနိုင်တဲ့အခါ
ငါ့ဘက်ကလည်း ရှေ့တိုးမလာနိုင်ခဲ့။
အတုအယောင် ကမ္ဘာထဲမှာပဲ
စိတ်ကူးယဉ် ကျေနပ် နေတတ်အောင် ကြိုးစားခဲ့ရ။

မဖြစ်နိုင်ခြင်းကို သိသိနဲ့
ရေစီးကြောင်းလို သံယောဇဉ်က
ဖြတ်လို့ မပြတ်နိုင်ကြတဲ့အခါ
နောက်ဆုတ်ဖို့ ကြိုးစားရင်း နေမြဲတိုင်း ရပ်တန့် ဆဲမှာ
အချိန်တွေသာကြာပြီး
စိတ်ဖိစီးမှုတွေလည်း များလာခဲ့ရ။

အိပ်မက်ဆိုတာ တစ်ချိန်မှာ နိုးထရမှာ
သေချာခြင်း တစ်ခု ဆိုရင်
မင်းနဲ့ ငါရဲ့ ချစ်ခြင်းအိပ်မက် ကနေ
တစ်ချိန်ချိန်မှာ နိုးထလိုက်ရမှာ သိသိနဲ့
အဆုံးသတ်တစ်ခု ရှိမှာကို မတွေးချင်ခဲ့ကြ။

မင်းဘက်က ပဟေဠိဆန်တာတွေ
မသိယောင်ဆောင်ရင်း အိပ်မက် ဆက်မက်နေသူပါ
စတင်နိုးထသူဟာ ငါမဖြစ်လိုဘူး။
မင်းဘက်က အိပ်မက် ဆက်မမက်တော့ဖို့
ဆုံးဖြတ်နိုင်ခဲ့ရင်..
ငါလည်း
သံယောဇဉ်ကြိုးတွေ ဖြေလျှော့နိုင်လိမ့်မယ် ထင်ရဲ့။

ဒါပေမယ့်လေ
မင်း ဖုန်းပိတ်ထားတဲ့အခါ
ထင်နေကြအတိုင်း ငါ့ကို ထားခဲ့ပြီ ထင်ဆဲပဲ။
မင်းဘက်က ဇာတ်လမ်းဖြတ်လိုက်တဲ့အခါ
စိတ်သက်သာရာရတယ်လို့ ငါ့ကိုယ်ငါ ပြောတယ်။
ဒါပေမယ့်လေ
နောက်ဆုံးအနေနဲ့ ဆိုပြီး
ပိတ်ထားတဲ့ ဖုန်းကို ခေါ်ကြည့်မိဆဲ။
မင်း ဖုန်းပြန်ဆက်တဲ့အခါ
စိတ်ကောက်ဖို့ မေ့ပြီး ပြန်ပြေလည်မိလိမ့်မယ်။

တို့နှစ်ယောက် မဆုံဖြစ်တော့တဲ့အခါ
မင်း ချစ်ခြင်းကို အမြဲ အမှတ်ရနေလိမ့်မယ်။
မင်း အဆင်ပြေဖို့ကို မျှော်လင့်ရင်း
ငါလည်း အဆင်ပြေပါလိမ့်မယ်။
အဖြူထည် ချစ်ခြင်းတစ်ခုနဲ့
ငါ ကျေနပ်နိုင်တဲ့အခါ
ဘာမှလည်း မလိုအပ်တော့ပါ။

သိင်္ဂါကျော်
16.6.2015
9:25 PM

20 April, 2015

ချစ်ခြင်းဟာ ထူးဆန်းတယ်


ချစ်ခြင်းဟာ ထူးဆန်းတယ်
မရည်ရွယ်ပါပဲလည်း စတင်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မမြင်မတွေ့ မရင်းနှီးဖူးပေမယ့်လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မချစ်သင့်မှန်း သိရက်နဲ့လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မသင့်တော်မှန်း သိရက်နဲ့လည်း ဖြတ်ဖို့ ခက်တတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်ခြင်းဟာ အရာအားလုံး မဟုတ်ဘူး
ကိုယ့်စိတ်ကိုယ် အသိဉာဏ် ဆေးသွင်းလည်း
မိုက်မဲမြဲ မိုက်မဲ နေတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်သူအတွက် ရည်ရွယ်တဲ့အခါ
တစ်သက်တာ မလုပ်ဖူးတဲ့ အလုပ်တွေလည်း လုပ်လာနိုင်တယ်။
တစ်သက်တာ မကြိုးစားဖူးသမျှလည်း ကြိုးစားဖြစ်သွားတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
သူ မရှိလို့ မဖြစ်တော့ဘူးလို့ ယုံကြည်လာတဲ့အခါ
အရာအားလုံး ရင်ဆိုင်ရဲလာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
နှစ်ယောက်တစ်ဘဝအတွက် ပန်းတိုင်ထားလိုက်တဲ့အခါ
ဆုံးဖြတ်ချက် အဟောင်းတွေ စွန့်ပစ်လိုက်နိုင်တယ်။
ဆုံးဖြတ်ချက် အသစ်တွေ အကောင်အထည် ဖော်တတ်လာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
တစ်သက်တာအတွက် ရည်ရွယ်ပြီ ဆိုတဲ့အခါ
မတူညီတာတွေ ညှိယူတတ်လာတယ်။
ကိုယ့် အတ္တတွေ လျှော့ချတတ်လာတယ်။
အနာဂါတ်ဘဝ လှဖို့ နှစ်ဦးအတူ ကြိုးစားတတ်လာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ကောင်းချီးပေးသူ မရှိပေမယ့်လည်း
နှစ်ယောက်တစ်ဘဝဟာ
အရာရာ အဆင်ပြေနေတတ်ပြန်တယ်။

သိင်္ဂါကျော်

19 August, 2014

တွယ်ငြိတတ်သူ


အမှတ်တမဲ့ ဆုံဆည်းခြင်း တစ်ခုကနေ
ယုံကြည်ခြင်း တည်ဆောက်ဖို့ရာ မလွယ်သည့်အဖြစ်မှာပဲ
မလိမ်တော့ပြီဟု ယုံကြည်ချင်သူ...။

သဘောကျမိစရာ
တစ်စုံတစ်ရာ ဘာမှ မရှိသည့်အဖြစ်မှာပဲ
သူ့ စကားသံ တစ်ချို့တစ်လေကိုသာ နှစ်သက်စွာ...။

တူညီခြင်း တစ်စုံတစ်ရာ
ဘာမှ မရှိသည့် အဖြစ်မှာပဲ
ချစ်ခြင်း တူသည်ဟု ကျေနပ်စွာ...။

မဖြစ်နိုင်ခြင်းကို
အတိအကျ မသိချင်တဲ့အခါ
ပွင့်လင်းဖွင့်ဟခြင်းကို မတောင်းဆိုခဲ့သူ...။

သတိရခြင်း စက္ကန့်တို့ တူညီခဲ့သော်လည်း
အိပ်မက်အတူမက်ခွင့်ကို နားလည်ခဲ့သော်လည်း
အတူလက်တွဲဖို့ရာ သတ္တိမရှိသူ...။

မျှော်လင့်ခြင်း တစ်စုံတစ်ရာ
မထားစေလိုသော်လည်း
ပြတ်သားစွာ မေ့ ခွင့်ကို ရင်မဆိုင်လိုသူ..။

ချစ်ခြင်းနှင့် အရာရာပြေလည်စေမည်ဟု
မိုက်ရူးရဲ မဆန်လိုသည့်အခါ
တစ်ယောက်တည်းလမ်းကိုသာ နှစ်သက်မြဲ ဖြစ်လျှက်
တွယ်ငြိခြင်းကို မပယ်သတ်နိုင်သူ...။

သိင်္ဂါကျော်

29 June, 2014

သူမ ဖတ်ဖို့



အမှတ်တမဲ့ ဆုံမှတ်တစ်ခုကနေ
နှလုံးသားနဲ့ အနီးဆုံးကို ရောက်လာခဲ့တာ
မြန်လွန်းတယ်လို့ 
သူမ မယုံချင်တဲ့အခါ
ကျွန်တော် သက်သေမပြနိုင်ပါဘူး။

ကျွန်တော် ကိုယ်တိုင်က
မရိုးသားမှု တစ်ခုနဲ့ စတင်ခဲ့မိတဲ့အခါ
သူမ ဘက်က မရိုးသားမှု တစ်ခုတစ်လေ
ရှိနေမှာကို ကြောက်နေလေရဲ့ ..။

ကျွန်တော် ကိုယ်တိုင်
သူမကို လိမ်ညာဖူးတာတွေ ရှိခဲ့တဲ့အခါ
သူမက ကျွန်တော့်ကို 
တစ်ခုတစ်လေ လိမ်ညာမှာကိုတောင်
မခံစားနိုင်အောင် ဖြစ်နေလေရဲ့ ..။

ကျွန်တော့် message တစ်ခုတစ်လေ 
သူမ reply မပြန်တဲ့အခါ..
ကျွန်တော့် ဖုန်းသံကို သူမ မကြားလို့ မကိုင်တဲ့အခါ..
ညတိုင်း ဖုန်းမဆက်ပါနဲ့ လို့ သူမက ပြောတဲ့အခါ..
သူမက ဘယ်တော့မှ ကျွန်တော့်ဆီ စတင် ဖုန်းမခေါ်တဲ့အခါ
သူမရဲ့ ဂရုမစိုက်မှုအတွက် ဝမ်းနည်းရ။

သူမရဲ့ အစောဆုံး ပို့တဲ့ message တစ်ခုကို
လက်ခံရတဲ့အခါ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို
သူမ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်။
ကျွန်တော့် နေ့ သစ်တစ်ခု အစတိုင်းမှာ
ကျွန်တော့် ဘေးနား သူမ မရှိနိုင်သေးတာ 
လွမ်းစရာ အကောင်းဆုံး အနေအထားလို့ ပြောတဲ့အခါ
သူမက လှောင်ပြောင် ပျက်ရယ်ပြုမှာ စိုးရိမ်ဆဲ။

အရိုင်းပန်းဝါဝါတွေ လေမှာ လွင့်နေတာ မြင်ပြန်တော့လည်း 
အဝါရောင် ဝတ်စုံလေးနဲ့ လှနေတဲ့ သူမပုံလေးကို မြင်ယောင်ရင်း
သူမကိုပဲ ကျွန်တော် သတိရ..။

သူမ ကြိုက်တဲ့ နှင်းဆီတွေ မြင်တိုင်းမှာ
ကျွန်တော့်လက်နဲ့ နှင်းဆီ တပွေ့တပိုက် ပေးခွင့်မရှိသေးတဲ့ အဖြစ်ကို
မချင့်မရဲ ဖြစ်ရင်း သူမကိုပဲ ကျွန်တော် သတိရ..။

ကျွန်တော့်လက်ကို တွဲပြီး တစ်လောကလုံးကို ရင်ဆိုင်ဖို့ အထိ
သူမ သတ္တိမရှိသေးတဲ့အခါ
သူမ ပေးအပ်တဲ့ စိတ်ကူးယဉ် အချစ်တစ်ခုနဲ့ပဲ နှစ်သိမ့်ရ..။

သူမက
ကျွန်တော့်အတွက် အမြတ်နိုးဆုံး ပန်းတစ်ပွင့် ဖြစ်လေတယ်။
သူမက
ကျွန်တော့်ကို အရာရာ ရင်ဆိုင်နိုင်ဖို့ ခွန်အားပေးသူ ဖြစ်လေတယ်။
သူမက
ကျွန်တော့်တစ်သက်တာ ပထမဆုံးနဲ့ နောက်ဆုံး အဖြစ်
အတူအရှိချင်ဆုံးသူ ဖြစ်လေတယ်။

(သိင်္ဂါကျော်)

03 April, 2014

ပျက်ချိန်တန်တဲ့ ရောဂါ


အတ္တကင်းယောင်ဆောင်ပြီး
ဆီမီး ထွန်းညှိချင်သူတွေ များနေလေရဲ့ ။
တကယ့်တကယ်တမ်းကျ
ကိုယ့်ကိုယ်ကိုယ် တစ်စက်ကလေးမှ အလောင်ကျွမ်း မခံနိုင်ကြ။

တစ်ဖက်စွန်းရောက်တွေက
မြှောက်လိုက်ကြ ပင့်လိုက်ကြ
တွန်းလိုက်ကြ ထိုးလိုက်ကြ
ကိုယ်ယုံကြည်ရာကမှ မှန်သတဲ့လား။
အမှန်နဲ့ အမှားကြားက ဒွိဟတွေလွန်ဆွဲ
လောကဟာ ဒီအတိုင်းပါပဲ၊
ဘယ်သူက အမှားကင်းတဲ့ အမှန်အစစ်ကို
ယုံကြည်နိုင်မလဲ။

ကမ္ဘာမြေကြီးကစပြီး
ဖောက်လွဲဖောက်ပြန်နေတဲ့ ဒီခေတ်မှာ
ရလိုမှုကို ရူးသွပ်ပြီး လောဘသင့်။
ယုံကြည်မှုကို ရူးသွပ်ပြီး မောဟသင့်။
စိတ်အလိုကျ မဖြစ်တိုင်းမှာ ဒေါသသင့်။
ဒီမှိုင်းတွေနဲ့ ရောဂါသင့်နေတဲ့ ကမ္ဘာကြီးလည်း
ပျက်လုနီးချိန်ရောက်ပေါ့။

ကိစ္စရပ်တိုင်းဟာ ကံစီမံရာ အတိုင်းပါပဲ၊
ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေလည်း
ပျက်စီးပျောက်ကွယ်ရမယ့် တစ်နေ့တော့ ရှိလာမှာ သေချာတဲ့အခါ
ကိုယ် မပိုင်ဆိုင်နိုင်တာတွေကိုလည်း
ထိန်းသိမ်းဖို့ ကြိုးစားသင့်ပါရဲ့လား။

ဘယ်တော့မဆိုပါပဲ
မမျှတမှုတွေက တိုးသထက် တိုးလာဖို့ပဲရှိတယ်။
စစ်မီးတောက်တွေလည်း
ငြှိမ်းရင်းငြှိမ်းရင်းနဲ့ပဲ
တစ်စတစ်စ ပွားများလာလေရဲ့။

မကောင်းမှုကို သိလျှက်နဲ့ မိုက်မဲနေကြဆဲ။
မောဟတွင်းနက်သူတို့  မိုက်မဲနေကြဆဲ။
လောဘတွင်းနက်သူတို့ ငရဲမကြောက်ကြဆဲ။
ဒေါသတွင်းနက်သူတို့ လောင်ကျွမ်းနေကြဆဲ။

ကမ္ဘာကြီးက သူ့ကိုယ်သူ ဆေးကြောသန့်စင်ချင်လာတဲ့အခါ
သူ့ကပ်ဆိုးရောဂါတွေ ဝေမျှလိမ့်မယ်။
အဲဒီအခါကျမှတော့
ကမ္ဘာကြီးကို အပြစ်မတင်ကြေးပေါ့။

သိင်္ဂါကျော်
31.3.2014

04 March, 2014

အထီးကျန် နွေဦး


နွေဦးက မလာစဖူး စောစောလာတဲ့အခါ
ငါ့ တည်ငြိမ်ချင်ယောင်ထားတဲ့ စိတ်ကလေးလည်း
လေရူးတိုက်ရာ လွင့်ပါရ။

မနက်ခင်းကလေးရေ
လာမြဲတန်း အတိုင်းသာလာပါ။
Good Morning နှုတ်ဆက်သူရှိမှ သာယာစတမ်းဆို
ငါ့မနက်ခင်းတွေ သာယာဖို့ အကြောင်း ရှိတော့မှာမဟုတ်။

အဲဒီ ကြုံလှီနေတဲ့ နှင်းဆီတစ်ပင် ပွင့်ဖို့ ခဲယဉ်းသလိုမျိုး
ငါ့နှလုံးသားက ခဲခဲယဉ်းယဉ်း ပွင့်လာခဲ့ဖူးပါရဲ့
မသန်မစွမ်း နှင်းဆီကလေးက ကြာကြာတောင် မတောက်ပနိုင်ရှာ
မင်းထားခဲ့တဲ့ အထီးကျန်မှုမှာ ခြောက်သွေ့ နွမ်းလျဆဲ။

ရေသောက်မြစ် ကျိုးပြတ်သွားတဲ့ သစ်တစ်ပင်
ဘယ်တော့မှ မရှင်သန်နိုင်တော့သလိုမျိုး
အချစ်ခံရခြင်းနဲ့ နွေးထွေးခဲ့ဖူးတဲ့ ဆောင်းနေ့ ညတွေ
ဘယ်တော့မှ ပြန်မရနိုင်ခြင်းကို
သတိမရချင်ပဲ ရနေလျှက်...။

ဥပေက္ခာပြု ခံရခြင်းမှာ နာကျင်တတ်မယ်ဆို
ငါ့ကိုယ်ငါ ဆက်လက် ရှင်သန်ချင်စရာတောင် မရှိတော့မယ့်ပုံမျိုး။
မင်းထားခဲ့ပုံက ပဟေဠိဆန်လေရဲ့ ။

သတိရမယ့်သာရ
ရေရေရာရာ မရှိခဲ့ပုံက
ဆောင်းအိပ်မက်တွေလို အနှစ်သာရမဲ့ခဲ့လေတယ်။
အိပ်မက်မက်ခြင်းမှာ မပျော်မွေ့သူကို
ဘာကြောင့် အိပ်မက်မက်ခိုင်းချင်သတဲ့လဲ။

လာသမျှတိုင်းက အတုအယောင်ဖြစ်လျှက်
မသိချင်ယောင်နဲ့ သာယာနေချင်သေးသူ
ခဏတာပွင့်တဲ့ ပန်းတစ်ပွင့်ကို
အမြဲတမ်းပိုင်ဆိုင်ရာလို ခေါင်းမော့ချင်တဲ့ ပန်းတစ်ပင်ဟာ ငါဖြစ်ခဲ့လေတယ်။

သိသိကြီးပါပဲ
အမြဲတမ်းပိုင်ဆိုင်နိုင်မှာက အထီးကျန်ညတွေ ဆိုတာ။
မိုက်မိုက်မဲမဲနဲ့ ခဏတဖြုတ် ပျော်ချင်ခဲ့မိတာ တစ်ခုပါပဲ။

အားနွဲ့မှုကို မသိချင်ယောင် ဆောင်လိုက်ပါတယ်
မလာနိုင်တော့မယ့် message ကို မျှော်ရလောက်အောင်လည်း
အားလပ်နေသူ မဟုတ်ရပါဘူး။

အဲဒီ ရေခံမြေခံ မကောင်းတဲ့ နှင်းဆီကလေးတောင်
အညွန့်သစ် တက်နိုင်သေးတဲ့အခါ
ငါ့ညတွေ နေပျော်ပါတယ်။
နွေဦးက သာသာယာယာ ရှိလှတာ
ကိုယ်တိုင်မှ မခံစားတတ်ရင် ငါ့ဇာတ်လမ်းတွေ ဘယ်လှပပါ့မလဲ။

ခြေခင်းလက်ခင်းသာတဲ့အခါ
ဇာတ်လမ်း အသစ် ရှာဖြစ်ချင် ရှာဖြစ်လိမ့်မယ်။
နွေညမှာ သာတဲ့ လကလေးကလည်း အရင်လိုပါပဲ။
ငါ့နှလုံးသားက ခံတပ်ကလည်း အရင်လို အခိုင်အမာ ကာရံဆဲပါပဲ။

(သိင်္ဂါကျော်)
3.3.2014

13 February, 2014

ဖေဖော်ဝါရီ ဗယ်လင်တိုင်း (February Valentine)

ဖေဖော်ဝါရီ ဆိုတာ
ဇန်နဝါရီ ပြီးတော့ နောက်တစ်လပေါ့
စိုင်းစိုင်း သီချင်းထဲက မှတ်တမ်း
နှင်းကြွင်းတွေ လက်စသိမ်းပြီး
နွေဦးကို ခေါ်ဆောင်တော့မယ့် လ။

ဖေဖော်ဝါရီဆိုတာ
ငါ့အတွက်တော့
ကဗျာတစ်ပုဒ် ဖြစ်လောက်စရာလည်း
မှတ်တမ်း မှတ်ရာ မရှိခဲ့ပါဘူး
ပေါက်ပွင့်နီနီတွေ ကြည့်ပြီး လွမ်းရမလားပဲ။

၁၄ ရက် ဖေဖော်ဝါရီ
အုတ်အော်သောင်းတင်းနဲ့
ချောကလက်တွေ ပလူပျံတဲ့ နေ့ ဆိုလည်း
ပန်းတစ်စည်း အရုပ်တစ်ရုပ်မှ
မရဖူးတဲ့ ငါ့အတွက်
ဗယ်လင်တိုင်းရဲ့ အဓိပ္ပါယ်လည်း
ဖွင့်ဆို မဖွဲ့နွဲ့ ရဲပါဘူး။

ဗယ်လင်တိုင်း အမှတ်တရ သီချင်းတွေပဲ
ရင်ဘတ်အတုနဲ့ ခံစားပြီး နေတတ်ခဲ့တဲ့
မင်းနဲ့ မတွေ့ခင် နှစ်များစွာထဲ
ဒီတစ်နှစ်တော့
မင်းမရှိတဲ့ ဗယ်လင်တိုင်းကို
ရင်ဘတ်အစစ်နဲ့ ခံစားပြီး
မနေတတ်တော့တဲ့ဘဝ ဖြစ်အောင်
ပြုစားခံခဲ့ရခဲ့။

ဒီနှစ် ဖေဖော်ဝါရီ ၁၄ လည်း
ရင်ဘတ်ထဲမှာ
မင်းရှိနေတာကလွဲရင်...
အမှတ်တရ တစ်စုံတစ်ခု
အလိုက်သိပေးဖို့
မျှော်လင့်မိတာက လွဲရင်...
ငါ တစ်ယောက်တည်း
ဖြတ်သန်းဆဲ ပါပဲလေ။

(သိင်္ဂါကျော်)

07 November, 2013

ငြီးငွေ့ခြင်းထဲ ဆက်လျှောက်ဖို့..


ကိုယ့်ကိုယ်ကို မသိတာမရှိဘူးဆိုတဲ့
လူတတ်ကြီးတွေ ကြားမှာ
ငါက ဗလာလူသားတစ်ယောက်လို နေချင်တယ်။

ကိုယ့်အမြင်မှကိုယ် အမှန်လို့ ထင်ကြတဲ့
ငြင်းခုန်မှုတွေ ကြားမှာ
ငါက စကားမပြောတတ်သူ တစ်ယောက်လို နေချင်တယ်။

ပြဿနာအစတွေ ရှာရှာဖွပြီး
ကိုယ့်အကုသိုလ် ကိုယ် ရှာရတာကို
အကောင်းထင်နေတဲ့ လူတွေကြားမှာ
ငါက နားမကြားသူတစ်ယောက်လို နေချင်တယ်။

ကိုယ့်စိတ်ထဲက နတ်ဆိုးနဲ့ နတ်ကောင်း
အမြဲတမ်း အားပြိုင်မှုတွေထဲ
ကိုယ့်ကိုယ်ကို ပြန်ရှာနေရတာနဲ့တင်
သူတစ်ပါးကို လက်ညှိုးထိုးဖို့ မအားမလပ်ရှိသူရယ်ပါ။

နာရီတွေ သွားတာ မြင်နေနိုင်ဖို့အတွက်
အသက်မွေးမှု တစ်စုံတစ်ရာကို လုပ်နေရသတဲ့။
အချိန်တွေ လေလွင့်သလောက်
အကျိုးရယ်လည်း မရှိခဲ့ပါလား။

လိုအင် ဆိုတာ ဘယ်သောအခါမှ
အဆုံးတိုင် ပြည့်ဝဖို့ ဆိုတာ မရှိသောအရာ။
အလိုမပြည့်မှုတွေက Vampire တွေ သွေးငတ်သလို
တဖြည်းဖြည်း ဆိုးလာကြလိမ့်မယ်။

ငါ့လိုဘတွေ ငါမဖြည့်နိုင်သလို
ဘယ်သူ့အလိုကိုမှလည်း ဖြည့်မပေးနိုင်တဲ့သူ။
အသုံးမကျတဲ့သူ လို့
ပင်လယ်တွေရဲ့ ဟိုမှာဘက်ထိ ရောက်အောင် အော်ပြောလိုက်ပါ။

တိတ်ဆိတ်တဲ့ မြက်ခင်းထဲ
ငါ့ကို ခဏလောက် လွှင့်ပစ်ခဲ့ကြပါ။
ပေါင်းပင်တွေ ကြားထဲက သစ္စာပန်းတစ်ပင်
ရေလောင်းပေါင်းသင်သူ မရှိပဲ လှလှပပ ရှင်သန်တာကို ကြည့်ရင်း
စိတ်ခွန်အား ဖြည့်ဖို့ လိုလိမ့်မယ် ထင်တယ်ကွယ်။

သိင်္ဂါကျော်

09 September, 2013

ကိုယ့်ကိုယ်ကို ဖတ်ရှုခြင်း


ပရဟိတ သမားလည်း မဟုတ်ဘူး
အတ္တဟိတ သမားလည်း မဟုတ်ဘူး
ကမ္ဘာမြေကြီး ကိုယ့်တစ်ယောက်အတွက် ပိုမလေးလောက်အောင်တော့
ကိုယ့်တာဝန်ကိုယ်ကျေပြီး 
အသက်ရှင်သန်နေသူပါ။

ကြင်နာတတ်သူလည်း မဟုတ်ဘူး
ရက်စက်တတ်သူလည်း မဟုတ်ဘူး
လက်တွေ့ကျကျ မြင်ပြီး နားလည်ပေးတတ်သူလို့
ကိုယ့်ကိုယ်ကိုတော့ လျှော့လျှော့ပေါ့ပေါ့ တွေးထားတယ်။

ပဲ့ကိုင်ရှင်လည်း တစ်ခါမှ မဖြစ်ဖူးဘူး
မေတ္တာရှင်မလေးလိုလည်း တစ်ခါမှ ဟန်မဆောင်ဖူးဘူး
အမေ့ရဲ့ ဒုက္ခအိုးလေးတော့ ဖြစ်ချင်ဖြစ်မယ်
သူတစ်ပါးအပေါ်တော့ ဒုက္ခမပေးတတ်ဖို့ ကြိုးစားသူပါ။

တစ်ခါတလေ 
ကိုယ့်ကိုယ်ကို ဒုက္ခပေးတတ်တယ်
တစ်ခါတလေ
ကိုယ့်ကိုယ်ကို အချစ်လွန်တတ်တယ်
တစ်ခါတလေ
သိရက်နဲ့ မိုက်မိုက် နေတတ်တယ်
တစ်ခါတလေ
လုပ်သင့်တာတွေ အတွက် အပျင်းထူနေတတ်တယ်။
တစ်ခါတလေ
လုပ်ချင်တာတွေ အတွက် အိပ်မက်မက် နေတတ်တယ်။

အသက်ရှင်ရခြင်းက ပျင်းစရာ ကောင်းလာတဲ့အခါ
စွန့်စားခန်းတွေ အိပ်မက်ချင်လာပြန်လာတယ်။
ကြိုးစားအားထုတ်ရခြင်းက ပင်ပန်းလာတဲ့အခါ
ပေါ့ပေါ့ပါးပါးတွေထဲ ပျော်အောင်နေချင်လာပြန်တယ်။

ကိုယ့်ဘဝကို မကျေမနပ် ဖြစ်လာတဲ့အခါ
အောက်ကို ငုံကြည့်ရင်း ဖြေသာလိုက်။
ကိုယ့်ဘဝကို ကျေနပ်နေတဲ့အခါ
အပေါ်ကို မော့ကြည့်ရင်း မဖြေသာလိုက်။

မွေးနေ့တွေသာ တိုးတိုးလာတယ်
မှတ်တမ်းမှတ်ရာက ဘာမှတောင် မရှိသေးပါလေ။

သိင်္ဂါကျော်

ဘာသာပြန် ဆောင်းပါးတွေလည်း ရေးဖို့ကြိုးစားရင်း မရေးဖြစ်ပါဘူး။ စုံထောက်ဝတ္တုလည်း မရေးတာကြာလို့ ရေးဖို့ ကြိုးစားရင်း ပြီးကို မပြီးဘူး ဖြစ်နေပါတယ်။ ဘလော့ကို ပစ်ထားရာ မကျအောင် ကဗျာမဟုတ် ဘာမဟုတ်တွေပဲ တင်ဖြစ်နေတာပါ။   :)

05 September, 2013

လမ်းမခွဲမချင်း


မင်းနဲ့ ငါရဲ့ အချစ်က
တစ်နေ့နေ့ပြီးဆုံးမယ် ကြိုသိသော
ဇာတ်လမ်းတစ်ခုသာဖြစ်ရဲ့။

ညှိမရသော နားလည်မှုများ၊
ရင်မဆိုင်ဝံ့သော မတူညီမှုများ၊
အတည်တကျ ချပြဖို့ မဖြစ်နိုင်သော အချစ်တစ်ခု၊
အပြန်အလှန် မယုံကြည်နိုင်ခြင်းများ၊
ပြင်ဆင်နိုင်ခြင်း မရှိပေမယ့်လည်း
ရေစီးကြောင်း သံယောဇဉ်လို
ငြိတွယ်ခြင်းက ဖြတ်ဖို့ ခက်နေရဲ့။

မဖြစ်မနေ လမ်းခွဲ မရောက်မချင်း
မသိမသာ ချစ်ခြင်းတွေ တိုးတိုးလာ။
ခဏခဏ ရန်ဖြစ်ရင်းနဲ့
ခဏခဏ အစမ်းပြတ်ကြ
ခဏခဏ ပြန်ပြန်ဆက်ကြ။
သိုသိုသိပ်သိပ် လွမ်းချင်းတွေညည်းရင်း
သိသိသာသာ မကြိုက်ခြင်းတွေကိုတောင် ဥပေက္ခာပြု။

ချစ်ခြင်းတစ်ခုက ဘဝမှာ အရေးမပါတဲ့အကြောင်း
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောရင်း
လမ်းခွဲတစ်ခုကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကြိုးစားရင်း
ရေစီးထဲမှာ မျောမြဲ မျောနေဆဲ။

သိင်္ဂါကျော်