05 April, 2011

ပိတောက်တစ်မျက်နှာ အရာရာ



သူ သင်္ကြန် မလည်ဖြစ်တာ သုံး လေး နှစ်လောက် ရှိနေလေပြီ။ ဒီနှစ်တော့ နိုင်ငံခြားက အလည်ပြန်ရောက်နေသော သူငယ်ချင်း နှစ်ယောက် အပါအဝင် သူငယ်ချင်းတွေ ဆုံသဖြင့် သင်္ကြန်လည်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကိုယ့်အလုပ်ထဲမှာ ကိုယ်တော့ လူကြီး လုပ်နေရသော သူတို့ အာလုံး သင်္ကြန်ကားပေါ်မှာတော့ လူငယ်တွေ ပြန်ဖြစ်သွားကြသည်။ တကယ်တော့ သူတို့ အားလုံးက အသက် သုံးဆယ်တန်းကို ရောက်နေလေပြီ။ တစ်ချို့က အိမ်ထောင်သည်တွေ ဖြစ်ပြီး ကလေးရသူကလည်း ရနေကြလေပြီ။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ရနံက သူတို့ စိတ်တွေကို ပျိုမျစ် လန်းဆန်းစေသည်။ ပိတောက် ရနံတို့ကလည်း နေရာအနှံ သင်းပျံပြီး သင်္ကြန်ကို ပိုအသက်ဝင်စေသည်။ သင်္ကြန်အကျနေ့မှာ ပိတောက်တွေ ကလည်း တစ်မြို့လုံး ပွင့်ဝေနေသည်။

ဖြူနီပြာဝါ မိန်းကလေးတွေက မဏ္ဍပ်တိုင်းမှာ အလှချင်း ပြိုင်နေသော်လည်း သူ့စိတ်ထဲမှာ ဘယ်လိုမှမနေ။ သူပဲ အသက်ကြီးနေပြီလား မသိ။ အပေါ်ဟိုက် အောက်တို ဖော်ချင်းတိုင်း ဖော်ပြီး ဝတ်နေကြသော မိန်းကလေးများကို သူ့စိတ်ထဲ သိပ်ကြည့်မရချင်။ တစ်နေရာ အရောက်မှာတော့ သူ့မျက်လုံးတွေက စိုက်စိုက်မြိုက်မြိုက် မခွာရက်နိုင်အောင် ဖြစ်သွားသည်။ ပိတောက်ပန်းတွေ ဝေနေအောင် ပန်ထားသော မိန်းကလေး တစ်ယောက်။ ညိုရောင်သမ်းသော အသားအရေက ပိတောက်ပန်းခက် အရောင်ဟပ်သောကြောင့် ဝင်းဝါနေသလိုပင်။ ဆံနွယ်နက်နက်များက ခါးအထိ ဖြောင့်ဖြောင့် စင်းစင်း ကျနေသည်။ အစိမ်းရင့်ပေါ်မှာ အဝါဖောက်ထားသော ချည်ထည် ဝမ်းဆက်ကလေးကို ဝတ်ဆင်ထားသောကြောင့် ပန်ဆင်ထားသော ပိတောက်ခက်တို့နှင့် လိုက်ဖက်နေသည်။ အခုခေတ်မှာ မြင်ရခဲသော ဒီဇိုင်းမျိုး။ စကတ်တို ဘောင်းဘီတို ခေတ်မှာ မြန်မာဆန်ဆန် ချည်ထည် လုံချည်ကလေးနှင့် မိန်းကလေးက တစ်မျိုးလေး ဆန်းနေသည်။ အသက်ကတော့ အတော်လေး ငယ်ပုံရသည်။ ၂၀ ပင် ပြည့်သေးပုံမပေါ်။ မြင်မြင်ချင်းမှာပင် ရင်ထဲကို အေးမြသွားစေသော အလှမျိုးပင်။

“ဟေ့ကောင် ဇော်မိုး စိတ်ထိန်းဦးဟေ့၊ မျက်လုံးကြီးလည်း ကျွတ်ကျ သွားဦးမယ်”
“ငါကတော့ အိအိကို တိုင်မှာနော်”
သူတို့က ပြောသာ ပြောကြသော်လည်း ထိုမဏ္ဍပ်မှာ ကားကို ရပ်လိုက်ကြသည်။
“မင်း ကံကောင်းတယ် ဟေ့ သူ့ဘေးက ကောင်မလေးတွေက ငါ့ရုံးက ကလေးမလေးတွေကွ၊ လာ သွားရောရအောင်”

“ဒါ ကျွန်တော့ သူငယ်ချင်းလေ ဇော်မိုးသစ်တဲ့။ ကွန်ပျူတာသင်တန်း ဖွင့်ထားတယ်လေ၊ သင်တန်း နာမည်က Nania တဲ့”

သူငယ်ချင်းက မိတ်ဆက်ပေးတော့ ကောင်မလေးတွေကလည်း သူတို့ နာမည်ကို ပြောကြသည်။ သူငယ်ချင်းများ၏ အတွန်းအပို့ ကောင်းမှုကြောင့် ပိတောက်ဝါမလေး၏ နာမည်ကို သူသိခဲ့ရသည်။ လူပုံစံလိုပင် နာမည်ကလည်း ရိုးရိုးကလေး။ မို့မို့ခင် တဲ့။ မူလတန်းပြ ဆရာမလေး တစ်ယောက်ဖြစ်ကြောင်း၊ ညီအစ်မ ဝမ်းကွဲများက အတင်းခေါ်သောကြောင့်သာ ပါလာရကြောင်း သိရသည်။ အခုမှ သိရသော်လည်း တစ်ယောက်နှင့် တစ်ယောက် ဟိုး အရင်ကပင် သိဖူးသူတွေလို ရင်းရင်း နှီးနှီး ဖြစ်သွားကြသည်။ သူမက သူ့ကို အစ်ကိုဇော်မိုး ခေါ်သည်။ လွန်ခဲ့သော နှစ်များက မင်း ဘယ်နေရာများ ရောက်နေသလဲ မိန်းကလေးရယ်။ ဘာကြောင့် တို့တွေ အခုမှ တွေ့ရတာလဲ။ သူ စိတ်ထဲမှ ပြောမိသည်။

သူတို့ ကား ဆက်ထွက်လာသော်လည်း သူ့စိတ်က ပိတောက်ဝါမလေး မို့မို့ခင် ရှိသော မဏ္ဍပ်မှာသာ ကျန်ခဲ့တော့သည်။ နှစ်ပေါင်း အတော်ကြာ နှေးကွေးနေသော သူ့ရင်ခုန်သံက အခုတော့ သူ့ကိုယ်သူ ပြန်ကြားနိုင်လောက်အောင်ပင် အခုန်မြန်နေသည်။
*****
သင်္ကြန်အကြတ်နေ့ကျတော့ သူမက အဖြူခံပေါ်မှာ စိမ်းပြာရောင် ပွင့်ရိုက် ချည်ထည် ဝမ်းဆက်ကလေးနှင့်။ ပိတောက်ပန်း မပွင့်တော့ စံပယ်ပန်းခက်ကလေးများကို လှလှပပ ပန်ဆင်ထားသည်က မဟာဆန်နေသည်။ မဏ္ဍပ်ပေါ်မှာမို့ ရေသိပ်မစိုသေးသော သူမကို သူက ဖလားလေးနှင့် ရေသွားလောင်းလိုက်သည်။ သူမက မျက်စောင်းလေး တစ်ချက်ထိုးပြီး ကိုင်ထားသောပိုက်နှင့် သူ့ကို လှည့်ပက်သည်။ သူမ မျက်စောင်းအောက်မှာ သူ့ အတိတ်တွေ အားလုံးကို မေ့သွားချင်မိသည်။
“ကိုယ် ဒီနေ့ ရေပက်ခံ မလိုက်ချင်တော့ဘူးကွာ၊ ဒီမဏ္ဍပ်မှာပဲ ရေပက်ချင်တယ်၊ ရမလား ဟင်”
“မို့ ကတော့ မသိဘူးလေ၊ မမစိုးကို မေးပေါ့”
သူမ ပြောသော မမစိုးက သူ့ သူငယ်ချင်း တိုးမြင့် ကုမ္ပဏီက အကောင့်တန့် ဖြစ်သောကြောင့် သူ့ကို သူမတို့ မဏ္ဍပ်မှာ ရေပက်ခွင့် ပေးသည်။ ရေပက်ခွင့် ပေးသည့်အပြင် သူမတို့ ညီအစ်မတွေက မဏ္ဍပ်နောက်ဘက်ရှိ ခြံထဲသို့ ခေါ်သွားပြီး မုန့်လုံးရေပေါ် ကျွေးကြသေးသည်။

သူမ ခေါင်းက စံပယ်ရနံ သင်းသင်းကို ရှုရှိုက်ရင်း ညိုချောမလေး ဘေးမှာ တစ်နေကုန် ရေပက်ရသော အချိန်တွေက သူ့အတွက် အိပ်မက်အလား။ တစ်ရက်တာကို ဆွဲဆန့်၍ ရလျှင် ဆွဲဆန့်လိုက်ချင်သည်။
“အစ်ကို ဇော်မိုးကို စတွေ့ကတည်းက ညီမရဲ့ အစ်ကိုရင်း တစ်ယောက်လိုပဲ သဘောထားမိတာ၊ အဲဒါကြောင့် ရင်းရင်းနှီးနှီး ခေါ်မိတာ၊ ညီမကို အထင်တော့ မသေးပါဘူးနော်
“ဘယ်ကသာ အထင်သေးရမှာလဲကွာ၊ ကိုယ်ကလည်း မြင်မြင်ချင်း ခင်မင်မိလို့ပါ”
ညီမအရင်းလို ဆိုသော စကားကို တမင်ပင် ထည့်မပြောပဲ ထားလိုက်သည်။ သူ့ဘက်ကတော့ သူမကို ညီမအရင်းလို ဘယ်လိုမှ သဘောမထားနိုင်ပါ။ သို့သော် သူ့စိတ်ရင်းကို ဖွင့်ဟပြောဖို့လည်း ဖြစ်နိုင်သော အခြေအနေ မဟုတ်ပါ။

ညဘက်ရောက်တော့ သူမအကြောင်း ပြန်တွေးပြီး ကြည်နူးနေဆဲ အိသက်လျာ ဆီက ဖုန်းဝင်လာသည်။ အိသက်လျာ ဆိုတာက သူရဲ့ ၈ နှစ်တာ သက်တမ်းကြာပြီ ဖြစ်သော ချစ်သူ မိန်းကလေး ဖြစ်သည်။ ဘာမှတော့ ထွေထွေထူးထူး မဟုတ်။ အိက သူမ အိမ်ရှိရာ နယ်ပြန်သွားသဖြင့် နေကောင်းလား၊ ဘာလုပ်နေလဲ ဆိုတာမျိုး မေးတာသာ ဖြစ်သည်။ ငါးမိနစ်လောက် ပြောပြီးနောက် ဖုန်းချလိုက်ကြသည်။

အိ နှင့် သူက တက္ကသိုလ်မှာ ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ အဲဒီတုန်းက သူတို့ တက္ကသိုလ်မှာက ယောက်ျားလေး နည်းပြီး မိန်းကလေးက များသည်။ ယောက်ျားလေး၊ မိန်းကလေး ရင်းရင်းနှီးနှီး သူငယ်ချင်းပေါင်း ပေါင်းကြရင်း ကြာတော့ စိတ်ထားတွေ ပြောင်းလာခဲ့ကြသည်။ သူငယ်ချင်း အချင်းချင်းကနေ အတွဲတွေ ဖြစ်လာကြသည်။ သူငယ်ချင်း အဖွဲ့ထဲမှ တင့်နိုင် နှင့် မေမျိုး ကတော့ ကျောင်းပြီးသည်နှင့် အိမ်ထောင်ပြုကြပြီး ကလေးနှစ်ယောက်ပင် အတော်ကြီးနေလေပြီ။ သူတို့ နှစ်ယောက်ကတော့ မာစတာ ဆက်တက်ကြသည်။ အဲဒီနောက် ကိုယ့်အလုပ်မှာကိုယ် အောင်မြင်အောင် ကြိုးစားကြဦးမည် ဆိုပြီး လက်ထပ်ဖို့ကို ရွှေ့ဆိုင်းကြသည်။ အိ အိမ်ကလည်း သူ့ကို သိပ်သဘောမတူချင်။ ဘာအကြောင်းကြောင့်မှတော့ မဟုတ်။ အိ အဖေကြီးက သူ့သမီးကို တော်ရုံလူနှင့် မပေးစားချင်ပဲ တိုခြင်း သက်သက်သာ ဖြစ်သည်။

သူတို့နှစ်ယောက်က သူငယ်ချင်းဘဝမှ ချစ်သူ ဖြစ်လာသူတွေမို့ သူများ ချစ်သူ စုံတွဲတွေလို နုနုရွရွ စကားလုံးတွေနှင့် ပြောလေ့ ပြောထလည်း မရှိ။ နှစ်ယောက်လုံးက လက်တွေ့ဆန်သူတွေမို့ ပလီပလာ တီတီတာတာ စကားတွေလည်း ဘယ်သူကမှ မပြောတတ်။ အိသက်လျာက မိန်းကလေး ဖြစ်သော်လည်း ချွဲနွဲ့သော အသံမျိုး ချိုသာသော အသံမျိုး နှင့် တစ်ခါမှသူ့ကို မပြောစဖူး။ နှစ်ယောက်သား နင် ငါ နှင့်ပင် ပြောကြသည်။ မောင်လည်း မခေါ်၊ ကို လည်း မခေါ်။ သူကလည်း သူငယ်ချင်းတွေ အားလုံး ခေါ်သလို အိအိပဲ ခေါ်သည်။ အခုနောက်ပိုင်းမှာတော့ တွေ့ဖြစ်ကြလျှင်ပင် အလုပ်အကြောင်း၊ ရုပ်ရှင်အကြောင်း၊ စာအုပ်အကြောင်း လောက်သာ ပြောဖြစ်ကြသည်။ မာစတာ ပြီးကာစ ကတော့ သူက အိအိကို လက်ထပ်ကြရအောင် ဟု တစ်ခါတော့ ပြောဖူးသည်။ အိက သူ့အဖေကို မပြောရဲသေးဟု အချိန်ဆွဲသဖြင့် သူ့ အစီအစဉ်က ဖြစ်မလာ။ နောက်ထပ် တစ်နှစ်လောက်ကြာတော့ အိက ဘွဲ့လွန် ထပ်တက်ပြန်သည်။ “ငါက မတက်ချင်ပါဘူး၊ အိမ်က တက်ခိုင်းလို့” ဆိုသော်လည်း အိ စိတ်မပါပဲ သူမ အိမ်က အတင်းအကျပ် တိုက်တွန်းလို့ ရမှာ မဟုတ်တာကို သိနေသည်။ သူ့ကို နောက်ထပ် သုံးနှစ် စောင့်ခိုင်းတော့ သူ့ စိတ်ထဲ တစ်မျိုး ဖြစ်တာ သူ့အပြစ်မဟုတ်ဘူး မဟုတ်လား။ “နင် ငါ့ကို လက်မထပ်ချင်လို့ အချိန်ဆွဲနေတာလား အိအိ” ဟု သူပြောတော့လည်း “မဟုတ်ပါဘူးဟာ၊ နင်ကလည်း ငါ အိမ်ကိုလည်း ပြောပြီးပြီလေ၊ ကျောင်းပြီးတာနဲ့ နင့်နဲ့ လက်ထပ်မှာပေါ့” ဟု ဆိုသည်။

အိအိ ဘက်ကတော့ ဘယ်လို နေတယ် မသိပေမယ့် သူ့ဘက်ကတော့ အိ နှင့် ပတ်သက်သည့် ရင်ခုန်သံတွေ နှေးကွေးလာတာ သေချာသည်။ သူက အိဆီကို သွားခေါ်တာ ဖြစ်ဖြစ်၊ အိက သူ့သင်တန်းကို လာတာပဲ ဖြစ်ဖြစ် သူတို့ တစ်ပတ်လျှင် တစ်ခါတော့ တွေ့ကြသည်။ သို့သော် အိက စာကြည့်စရာ ရှိလို့ ဆိုပြီး မလာလည်း သူ့ဘက်ကတော့ ဘယ်လိုမှ မနေ။ အိကို စကားနာလည်း ထိုးမနေ။ အိကတော့ သူ့ကို သဘောထားကြီးသူလို့ ထင်ချင်ထင်မည်။ သူကတော့ အဲလို မဟုတ်။ အိမလာတာကိုပဲ သူ့စိတ်ထဲမှာ သက်သာရာ ရသလို ဖြစ်နေသည်။

ဒီလို အခြေအနေနှင့် သူတို့ နှစ်ယောက် လက်ထပ်လို့ ဖြစ်ပါ့မလားလို့ တွေးမိသော အတွေးကို ပြန်ပြန် ဖျက်ပစ်ရသည်။ ဘာပဲဖြစ်ဖြစ် ခုနေမှာတော့ သူတို့ အကြောင်းကို နှစ်ဖက် မိဘလည်း သိနေကြပြီ။ ခွင့်လည်း ပြုပေးကြပြီးပြီ။ သူတို့ ချစ် သက်တမ်းကလည်း ၈ နှစ် ရှိတော့မည်။ ဒီအချိန်မှာတော့ ဘာကိုမှ ပြင်ဆင်လို့ မကောင်းတတ်တော့ပြီ။ ပြီးတော့ သူ အိကို မချစ်တော့တာတော့လည်း မဟုတ်ဟု ထင်သည်။ အရမ်းကြီး ချစ်သွေးကြွ မနေတော့တာက အသက်ကြီးလာလို့လည်း ဖြစ်နိုင်သည် မဟုတ်လား။

အခုလို ပိတောက်ဝါမလေး၊ ညိုချောမလေးကို တွေ့လိုက်ရတော့မှ မလှုပ်ရှား တတ်တော့ဘူး ထင်သည့် သူ့ နှလုံးသွေးတို့ တက်ကြွလှုပ်ရှား လာရသည်။ အချစ် ဆိုတာ ပြောင်းလဲတတ်သည် ဆိုတာကို ယုံရတော့မည် ထင်သည်။ အချစ်က သူ့အလိုလို ပြောင်းလဲ ဖြစ်တည် လာသော်လည်း ကတိသစ္စာကတော့ ပြောင်းလဲလို့ မကောင်းတတ်သော အရာ ဆိုတာ သူ နားလည်ပါသည်။
*****
အတက်နေ့ မနက်စောစောမှာ မိုးတဖြိုက် နှစ်ဖြိုက် ကျတော့ လက်ကျန် ပိတောက် ဖူးလေးတွေက ပွင့်လာကြသည်။ နံဘေးခြံက ပိတောက်ပင်ကြီးက အကျနေ့က မပွင့်ခဲ့ပဲ ဒီနေ့ကျမှ အစွမ်းကုန်ပွင့်နေသည်။ အဲဒီခြံမှာက လူကြီးတွေချည်းပဲမို့ ပိတောက်ပန်းကို ဘယ်သူက ဂရုတစိုက် ခူးမနေ။ သူလည်း ခါတိုင်းတော့ ပိတောက်ပန်း ပွင့်တာ မပွင့်တာ သတိထားမိသူ မဟုတ်သော်လည်း အခုတော့ ပိတောက်ပန်းကြိုက်သူလေး တစ်ယောက်ကို သတိရပြီး ပိတောက်တွေ အခိုင်လိုက် ခွင့်တောင်းပြီး ခူးမိသည်။ သူမကို ပေးတော့ ဝမ်းသားအားရ ဖြစ်သွားပြီး ဟန်ဆောင်ပန်ဆောင် မရှိပဲ ပန်ဆင်သည်။ ဒီနေ့လည်း သူက သူမလေးတို့ မဏ္ဍပ်မှာပင် တစ်နေကုန် ရေပက်ဖြစ်သည်။ သင်္ကြန် နောက်ဆုံးနေ့မို့ နှုတ်ဆက်ရတော့မှာကို တွေးမိတော့ စိတ်ထဲမှာ မကောင်း။ သူမကို ဖုန်းနံပါတ်တောင်းတော့ အိမ်မှာ ဖုန်းမရှိဟု ဆိုသော်လည်း အိမ်ဘေးနားက ဖုန်းကိုတော့ ပေးရှာပါသည်။ E-mail ရှိလားဆိုတော့ ကွန်ပျူတာကို တစ်ခါမှ ကောင်းကောင်း မသုံးဖူးဘူး၊ အင်တာနက် ဆိုတာ ဘာမှန်းတောင် မသိဘူး ဟု ဆိုသဖြင့် သူ လက်လျော့လိုက်ရသည်။ သူက အရဲစွန့်ပြီး “ညီမမှာ ရည်ရွယ်ထားတဲ့သူ ရှိသလား” ဟု မေးမိသည်။ သူမက မျက်လွှာလေး ချပြီး မရှိသေးပါဘူး ဟု ဆိုတော့ သူရင်ထဲမှာ အတိုင်းမသိ ပျော်ရသည်။ သူ့ဖုန်းနံပါတ် နှင့် လိပ်စာကတ်ကို ပေးလိုက်ပြီး အားရင် ဖုန်းဆက်ပါ ဟု ပြောမိသည်။
အိမ်ပြန်ရောက်တော့ တစ်ခုခု လစ်ဟာနေသလို ခံစားရသည်။ ညိုချောမလေး မို့မို့ခင်ကို သူ့အနားမှာ ထာဝရ ရှိစေချင်မိသည်။ အိ အပေါ် သစ္စာဖောက်သလို ဖြစ်ရတာကိုလည်း အပြစ်ရှိသူလို ခံစားရသည်။ သို့ပေမယ့် သူ့စိတ်ကို သူ မထိန်းချုပ်နိုင်။ သင်္ကြန်အပျော် တစ်ခုအနေနှင့်ပဲ ထားပြီး မနက်ဖြန်ကစလို့ မို့မို့ခင်ကို မေ့ပစ်လိုက်ရတော့မှာလား...။ သူမကို သူ မေ့နိုင်ပါ့မလား။ အချစ်မရှိတော့သော အိမ်ထောင်တစ်ခုကို အိသက်လျာနှင့်ပဲ ထူထောင်လိုက်ရတော့မှာလား။ သူ ဘာမှ မတွေးချင်။ ဖြစ်နိုင်လျှင် ပုလင်းထဲက နတ်သမီး ဂျင်းနီ ဆီက ပါဝါတွေ ယူကာ သင်္ကြန်ရက်တွေကို နောက်ထပ်တိုးလိုက်ချင်သည်။
*****
“ဇော်မိုး၊ နင် သင်္ကြန်တုန်းက ကောင်မလေး တစ်ယောက်နဲ့ ငြိခဲ့တယ်ဆို”
အိသက်လျာ၏ အမေးကို သူမညာချင်။ အမှန်အတိုင်းပဲ ဖြေလိုက်သည်။
“ဟုတ်တယ် အိအိ၊ ငါတို့ထက်တော့ အတော်ငယ်တယ်၊ ၂၀ လောက်ပဲ ရှိဦးမယ်၊ မူလတန်းပြ ဆရာမလေး တဲ့”
“အဲဒီတော့...”
“အဲဒီတော့ ဆိုတာ ဘာလဲ”
“နင် အဲဒီ ကောင်မလေးကို ဘယ်လို ခံစားမိလို့လဲ၊ တင့်နိုင်တို့က ပြောတော့ နင် သူတို့နဲ့တောင် ရေပက်ခံ မလိုက်တော့ပဲ ကောင်မလေး ရှိတဲ့ မဏ္ဍပ်မှာပဲ ရေပက်ကျန်ခဲ့တယ်ဆို”
“ဟုတ်တယ်”
“ဘာ ဟုတ်တာလဲ၊ ငါမေးတာ ဖြေလေ၊ အဲဒီ ကောင်မလေးကို ဘယ်လို သဘောထားတာလဲလို့”
“အဲဒီ ကောင်မလေးကို ငါချစ်တယ်၊ သူ့ကို မြင်မြင်ချင်းပဲ ချစ်မိသွားတာ၊ ဘယ်လိုမှ ငါ့ကိုယ်ငါ တားလို့မရဘူး၊ အိ”

သူ အမှန်အတိုင်း ဝန်ခံလိုက်သည်။ သူ အိကို မညာချင်။ သူ့ စိတ်က အိအပေါ် သစ္စာ ဖောက်မိသော်လည်း သူ့ဘက်က စ၍ တရားဝင်တော့ အိကို မထားခဲ့ချင်။ အိ ဘက်က ထွက်ပေါက်တစ်ခု ဖွင့်ပေးလျှင်တော့ သူ အိကို ကျေးဇူးတင်မိလိမ့်မည်။ သူ အတ္တကြီးရာကျတာ ကိုလည်း သူ့ကိုယ်သူ သိပါသည်။ သို့သော်...။

အိသက်လျာ ငြိမ်ကျသွားသည်။ သူမ မမျှော်လင့်မိသော အဖြေ။ တစ်သက်တာ ရည်ရွယ်ထားသူ ဆီက တစ်ခြား မိန်းကလေး တစ်ယောက်ကို ချစ်မိနေပါပြီ ဟု ဝန်ခံစကားကို ကြားလိုက်ရသောအခါ သူမ ဘက်က ဘာဆက်ပြောရမှန်း မသိတော့။ သူမက ဟန်လည်း မဆောင်တတ်။ ဒီပြဿနာကိုလည်း ဘယ်လို ဖြေရှင်းရမှန်းမသိ။
“ငါ ပြန်တော့မယ်၊ ဒီကိစ္စကို နောက်မှပဲ ရှင်းမယ်”

အိ ပြန်သွားတော့ ဒီကိစ္စ ဖွင့်ပြောမိတာ မှားပြီလား ဟု သူတွေးသည်။ မပြောလျှင် သူ့တစ်သက်လုံး မျိုသိပ်ထားရတော့မည်။ သူမပြောပဲ သူများဆီက သိတယ် ဆိုရင်လည်း အိက သူ့ကို ယုံတော့မှာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ဝန်ခံလိုက်ရတာကို သူ နောင်တမရ။ အိ ကိုတော့ သနားသည်။ သို့ပေမယ့် သူ့ကိုယ်သူလည်း သနားသေးသည်။
*****
“နင် အဲဒီကောင်မလေးကို စိတ်ပြတ်နိုင်တာ သေချာရဲ့လား၊ ဒါမှမဟုတ် ငါ့ကို ဖြတ်ချင်တာလား”
နောက်တစ်ပတ်ကျတော့ အိသက်လျာက ပွင့်ပွင့်လင်းလင်းပင် ဖွင့်မေးသည်။
“သူ့ကို ငါ ဘာမှ မပြောရသေးဘူး၊ ငါတို့ သင်္ကြန်တုန်းက တွေ့ခဲ့ကြတယ်၊ ရင်နှီးခဲ့ကြတယ် ဒါပဲလေ၊ ငါ လက်ထပ်မယ့် သူက နင်ပဲ၊ ဒါပေမယ့် ငါ နင့်ကို မချစ်တော့ဘူး အိ၊ အဲဒါ သေချာနေပြီ၊ အဲဒါကို နင် လက်ခံနိုင်တယ် ဆိုရင်တော့ ငါတို့ စီစဉ်ထားတဲ့ အတိုင်း လက်ထပ်ကြမယ်”
“နင် ငါ့ကို မချစ်တော့ဘူးလို့ ပြောတာလား၊ နင် ငါ့ကို မချစ်တော့ဘူးလို့ ပြောတယ်ပေါ့”
“ဟုတ်တယ် အိ၊ ငါတို့ နှစ်ယောက်စလုံး အေးစက် နေကြပြီပဲ၊ နင့်ဘက်ကတော့ မသိပေမယ့် ငါ့ဘက်ကတော့ နင့်အပေါ် အရင်လို ပြန်မဖြစ်နိုင်တော့ဘူး၊ ငါ သူ့ကို ပဲ ချစ်တယ်၊ အဲဒီ ကောင်မလေးကို ချစ်တယ်၊ ဒီရက်တွေမှာ ငါ့ကိုယ်ငါ သေချာ ဆန်းစစ်ကြည့်နေတယ်၊ အဲဒါ သေချာနေပြီ၊ အဲဒီတော့ ငါ့ဘက်ကတော့ နင့်အပေါ် ကတိ မဖျက်ချင်ဘူး၊ နင့်အပေါ် အချစ် မရှိတော့တဲ့ ငါ့ကို လက်ခံနိုင်မယ် ဆိုရင် လက်ထပ်ပါ။ ငါ နင့်အပေါ် သစ္စာ ရှိမှာပါ၊ အဲ ဒါပေမယ့် ငါ့စိတ်ကိုတော့ ငါမပိုင်ဘူးပေါ့၊ လူအနေနဲ့ကတော့ နင့် ခင်ပွန်းသည် တစ်ယောက်အဖြစ် ရှိနေမှာပါ”

အိသက်လျာလို မာနကြီးပြီး ပြတ်သားသူ တစ်ယောက်က ဒီ မေးခွန်းကို ဘယ်လို ဖြေမည် ဆိုတာ သူ မှန်းဆထား ပြီးသား။ သူ မှန်းဆတာ မမှားပါ။

“နင်က ငါ့ကို အကျပ်ကိုင်တာပေါ့၊ ငါ လက်မခံနိုင်လို့ လက်ထပ်ပွဲကိုဖျက်ရတယ်ပေါ့၊ နင် တော်တော် ယုတ်မာပြီး အတ္တကြီးတဲ့ ယောက်ျားပဲ ဇော်မိုးသစ်၊ ရတယ်လေ၊ ငါ နင့်ကို ချစ်လွန်းလို့ သေသွားပါစေ၊ ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကိုတော့ လက်မထပ်နိုင်ဘူး၊ ငါတို့ လမ်းခွဲကြတာပေါ့၊ နင် ဒီစကားကို ကြားချင်တာ မဟုတ်လား။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ နှစ်ဖက် မိဘကိုတော့ ငါတို့ ဘာလို့ လမ်းခွဲရတယ် ဆိုတဲ့ အကြောင်းကို အမှန်အတိုင်းပဲ ပြောပြရလိမ့်မယ်၊ ငါက သစ္စာမဲ့တဲ့သူ မဟုတ်ဘူး၊ ကတိ ဖျက်တဲ့သူလည်း မဟုတ်ဘူးလေ။”

“ရပါတယ်၊ နင် ကြိုက်သလို ပြောပါ”

အိသက်လျာ ဆီက ထွက်ပေါက်ကို သူ ရခဲ့လေပြီ။ အိသက်လျာ ဘက်က လမ်းခွဲပြတ်စဲမှုကို ရလျှင် မို့မို့ခင် ဘက်ကို စဖို့က ဘာမှ မခဲယဉ်းပါ။ တစ်လ လောက် ကြိုးစား အပြီးမှာပဲ မို့မို့ခင် ဆီက သူ လိုချင်သော အဖြေကို ရခဲ့သည်။ သူတို့ နှစ်ယောက်မှာ ရှေးရေစက် ရှိသည်ဟု သူယုံကြည်သည်။ သို့သော် သူ့အိမ်ကတော့ အိသက်လျာ နှင့်မှ မဟုတ်လျှင် ဘယ်သူနဲ့မှ သဘောမတူပါဘူး ဆိုသော ပြင်းထန်သော ရာဇသံကို သူရင်ဆိုင်ရသည်။ အိသက်လျာနှင့် သူ့ကို သိသော သူငယ်ချင်းတွေ အားလုံးဆီက သစ္စာမဲ့သူ၊ ဦးနှောက် မရှိသူ ဆိုသော အထင်သေး ရှုတ်ချ အကြည့်တွေကို သူရင်ဆိုင်ရသည်။ ဘာတွေပဲ ရင်ဆိုင်ရပါစေ သူမမှုပါ။ အိ ကို စပြောကတည်းက ဒါတွေ ရင်ဆိုင်ဖို့ကို ကြိုတွေးပြီးသား ဖြစ်ပါသည်။

“အဲဒီကောင်မလေးက အိ ထက် ဘာတွေ သာလို့ နင်က ကြိုက်ရတာလဲ၊ အိလို လူကို ထားပြီး အဲဒီလို အဝေးသင်ဘွဲ့တောင် မရသေးတဲ့ မိသားစုများတဲ့ ကောင်မလေးကို ကြိုက်တာ နင် ရူးနေလို့လား”

အိသက်လျာရဲ့ သူငယ်ချင်းတွေ၊ ညီမတွေက သူ့ကို ရန်တွေ့ကြသည်။ သူ ရူးနေတာလည်း ဖြစ်ချင်ဖြစ်မည်။ သို့ပေမယ့် သူ့ ဆုံးဖြတ်ချက်အတွက် သူ နောင်တ မရပါ။ သူလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်သော အခြေအနေ ဖြစ်နေပါပြီ။ ကောင်မလေး ဘက်က ဘာတွေ မပြည့်စုံပါစေ၊ သူ ဂရုမစိုက်ပါ။ မိဘကို ဆန့်ကျင်သူ မဖြစ်ချင်၍သာ ဇွဲကောင်းကောင်းနှင့် ခွင့်တောင်းနေရခြင်း ဖြစ်ပါသည်။

ပိတောက်တစ်မျက်နှာ အတွက် သူ အရာရာ ရင်ဆိုင်ဝံ့ပါသည်။ အချစ်သည် အရာရာကို ရင်ဆိုင်စေနိုင်သော စွမ်းအားဖြစ်သည်ကို သူ ယုံကြည်ပါသည်။ သူ အိအပေါ်တွင် မကောင်းခဲ့သော အပြစ်ကို နောင်ဘဝကျမှ ဝဋ်လည်ချင် လည်ပါစေတော့။ အခုဘဝမှာတော့ အချိန်မသင့်ပဲ ပွင့်လာခဲ့သော ပိတောက်တစ်ခက်ကို ခူးဆွတ်နိုင်ဖို့ အရာအားလုံးကို စွန့်ရမယ် ဆိုလည်း သူ ဘက်ကတော့ နောက်တွန့်တော့မည် မဟုတ်ပါ။
*****

(ပုံကို http://www.myanmarchitchat.net/2009/04/happy-thingyan-2009-with-ong-seng-moe.html မှ ယူပါသည်။)
သင်္ကြန်တွင်း အိမ်ပြန်မှာမို့   နှုတ်ဆက်တဲ့ အနေနဲ့   သင်္ကြန်ဝတ္တုလေး တစ်ပုဒ် တင်လိုက်ပါတယ်။ သစ္စာဖောက်တတ်တဲ့ ယောက်ျားလေးတွေက သဘောကျပြီး သစ္စာကို ကိုးကွယ်တတ်တဲ့ မိန်းကလေး တွေကတော့ သဘောကျမယ် မထင်ပါဘူး  :D ။

သိင်္ဂါကျော်

13 comments:

sosegado said...

အချစ်ဆိုတာ ဆန်းကြယ်ပါတယ် ကိုယ်ချစ်သူဟာ ကိုယ်ချစ်ရတဲ့သူ မဟုတ်ဘူးဆိုတာ အချစ်သစ်တစ်ခုကို တွေ့လိုက်ရတဲ့အချိန်မှာ သိလိုက်ရတယ် ဇော်မိုးသစ်ရဲ့ပြတ်သားမှုကို သဘောကျတယ်၊

ပွင့်မြုးဇင် said...

အချစ်တွေပျောက်ဆုံးမသွားဖို့ ရင်ခုန်သံတွေအမြဲ လတ်ဆတ်နေဖို့လိုတယ်လေ.. အေးစက်လွန်းတဲ့ချစ်သူဘ၀က ငြီးငွေ့စရာမို့ အချစ်သစ်ရှာတွေ့သွားတာ အမှားလို့မဆိုသာပါဘူး.. ကိုယ့်ချစ်သူကို ကိုယ့်အပေါ်အမြဲ စိတ်ဝင်တစားရှိနေအောင် ဖန်းတီးတတ်ခြင်းဆိုတာလဲ အရည်အချင်းတခုပါပဲ.. ဖတ်လို့ကောင်းတဲ့စာလေးပါ..

မိုးခါး said...

ဖြစ်တတ်တဲ့သဘောလေးတွေပါပဲ .. မိုးခါးတော့ ကြိုက်တယ်
မချစ်တာကို မချစ်ဘူးပြောတာ သစ္စာဖောက်တာမဟုတ်ဘူးထင်တာပဲ .. အတင်းဇွတ်မှိတ် လက်ထပ်ဖြစ်မှ နောက်ပိုင်း အဆင်မပြေတာတွေ စိတ်ဆင်းရဲစရာတွေ ကြုံရမှာလေ .. အဲဒီအခါမှ ပြင်လို့လည်း မရ စိတ်လည်း မချမ်းသာ ..

ပြတ်ပြတ်သားသားရှိတာပဲ ကြိုက်တယ် ..း)

လင်းခေတ်ဒီနို said...

ဟုတ်တယ် ကျွန်တော် နှစ်သက်တယ်ဗျ ဒီပုံစံလေးကို . . သစ္စာဖောက်တာထက် မချစ်ပဲ ယူလိုက်ပြီး အဆင်မပြေရင် ပိုဆိုးလာမယ် . . .

အချစ်ဆိုတာ ဆန်းကြယ်ပါတယ် . . . အချစ်ဆိုတာ အပြုံးတစ်ပွင့်နဲ့လည်း ဖြစ်တည်တယ် အသံလေးတစ်စွန်းတစ်ကြောင့်လည်း ဖြစ်တည်တယ် အကြည့်လေး တချက်ကြောင့်လည်း ဖြစ်တယ် . . .

flowerpoem said...

အားလုံးပြောတာ ကို ထောက်ခံပါတယ်. . . အနေဝေးရင်သွေးအေးတတ်တာ ယောက်ျားလေးတော်၂များ၂ ရဲ့သဘာဝပါ အဲဒီအချိန်မှာ ထပ်ပြီးရင်ခုန်ရမယ့်လူကိုတွေ့တော့ အရင်လူကို မချစ်တော့တာပါ . . ဒါပေမယ့်မချစ်တော့ဘူးလို့ ပွင့်၂လင်း၂ပြောတာရဲ့တာတော့ ကောင်းတယ်..

Angelhlaing(May everybody be happy and healthy! said...

စန်းကြယ်သောအချစ်ဝထ္ထုလေး ခံစားအားပေးသွားလျှက်ပါ
မမရေ ကောင်းသောနေ့လေးဖြစ်ပါစေ။

သင်္ကြန်ကျောက် said...

လက်ထပ်ပြီး ကလေးတွေ ရပြီးးမှ မချစ်နိုင်တော့တာ သိလာပြီးလမ်းခွဲတာထက်စာရင်..မယူခင်ခွဲတာကောင်းတာပေါ့..
ဒါနဲ့ ရည်းစားဖြစ်တိုင်း ဒါပဲယူရမယ်လို့ ဘယ်လူမျိုးမှ စည်းကမ်းသတ်မှတ်ထားတာမရှိပါဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေကြား မိတ်ဆွေသူငယ်ချင်းတွေကြား ၈နှစ်ကြာအောင် တွဲလာကြပြီး တစ်နေ့လက်ထပ်ကြမယ်လို့လည်း အားလုံးက သိပြီးကာမှ ယောက်ျားလေးဘက်က စိတ်ပြောင်းလဲမှုကြောင့် လမ်းခွဲလိုက်ရတဲ့အခါ နစ်နာသူက ဘယ်သူဖြစ်မလဲ.. သူဘယ်လိုမျက်နှာနဲ့ ကျန်ရစ်ခဲ့ရှာမလဲ။
ဒါတွေကို ဘာမှထည့်တွက်ဖို့ မလိုဘူးဆိုရင်တော့ ပြတ်သားတဲ့သူကို ချီးကျုးတာကောင်းပါတယ်။

အဖြူရောင်နတ်သမီး said...

ဘယ်လိုပဲဖြစ်ဖြစ်...အဲဒီမိန်းခလေးအတွက်
အရှုံးထဲက အမြတ်လို့ပဲ ပြောရတော့မှာပေါ့...
မယူခင် သိရလို့..၊
ယူပြီးမှဆို မိန်းခလေးဘက်က တသက်လုံး သွားပြီလေ...။

လင်းဒီပ said...

စာလေးကော ပုံလေးကော သဘောကျတယ် ။ ပုံလေးကိုတော့ ပိုသွားတယ် :P

ကိုအောင်(ပျူနိုင်ငံ) said...

ဇာတ်လမ်းက ကောင်းလိုက်တာဗျာ၊ နှစ်ခေါက်
လောက် ထပ်ဖတ်ကြည့်တယ် ကောင်း၏ ...

ရွှေပြည်သူ said...

အစ်မရဲ့ ချောမောပြေပြစ်တဲ့ အရေးအသားမှာ နစ်မြောရင်း တစ်ပုဒ်လုံးမှာ ဇော်မိုးသစ်ရဲ့ အတ္တတွေကို အဆက်မပြတ် တွေ့နေရပါတယ်။ အချစ်သစ်ဟာ ဘယ်လောက်ကြီးပဲစစ်နေပါစေ ၈နှစ်လုံးတွဲလာခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို (မြန်မာ)ယောက်ျားကောင်းဆိုရင် ယူသင့်တဲ့ တာဝန်ယူပြီး လုပ်သင့်တာကိုပဲ လုပ်ရမယ်လို့ ထင်မိပါတယ်။ မို့မို့ခင်လေးအတွက်လည်း စိတ်ပူစရာပါ။ ဇော်မိုးသစ်လို ယောက်ျားမျိုးက နှစ်တွေကြာလို့ အသစ်တွေ့ရင် ထပ်ပြီးစိတ်ပြောင်းနိုင်ဦးမယ်လို့ ထင်မိလို့ပါ...

တကယ့်လက်တွေ့အပြင်မှာလဲ ဒီလိုဇာတ်လမ်းတွေ တကယ်ရှိမှာပါပဲနော်...

ပျော်စရာ သင်္ကြန်တွင်းအိမ်ပြန်ခရီး ဖြစ်ပါစေ အစ်မရေ...း)

Anonymous said...

သစ္စာမ၇ှိတဲ့ယောကျာင်္းအချစ်ဆိုတာပြောင်းလဲတတ်တယ်ဆို၇င်မိန်းမကိုယူမနေတော့ဘဲတချစ်ပြီးတချစ်သာပြောင်းတော့ သစ္စာမ၇ှိလို့ပြောင်းလဲတဲ့စိတ်ကိုပြတ်သားတယ်ဆိုပြီးကြံဖန်အမွမ်းတင်တဲ့သူတွေကိုယ်ကသစ္စာအဖောက်ခံ၇ ၇င်ဒါမှမဟုတ်ကိုယ့်နှမသစ္စာအဖောက်ခံ၇၇င်ဒီလိုမျိုးအမွမ်းတင်နိုင်မလားသိချင်တယ်