ကောင်မလေးရေ...
တစ်ချိန်က
မင်းရယ်မောရင် ငါ ရယ်မောခဲ့ဖူးတဲ့
နွေရက်တွေ၊
တို့ နှစ်ယောက် အတွက်
ကြမ်းတမ်းခဲ့ဖူးတဲ့
မိုးရက်တွေ၊
မင်းစိတ်ညစ်လို့
ငါလည်း စိတ် မပျော်ဖြစ်တဲ့
ညနေတွေ၊
မနက်တိုင်း
Morning နှုတ်ဆက်ဖြစ်တဲ့
နေ့ရက်တွေ၊
ဆည်းဆာအောက်မှာ
လမ်းအတူ လျှောက်ခဲ့ကြတဲ့
ဆောင်းရက်တွေ၊
အားလုံးဟာ မေ့ရက်စရာ
မဟုတ်ခဲ့ပါဘူး။
ကောင်မလေးရေ..
နင့်ကို လမ်းခွဲခဲ့တာ မဟုတ်ဘူး၊
လွတ်လပ်မှု အတွက်
ယုံကြည်ချက် အတွက်
ပေးဆပ်ရမယ့် လိုအပ်ချက်ကို
ဥပေက္ခာ မပြုနိုင်တဲ့
အချိန်အခါ ကြောင့်
အဝေးတစ်နေရာ
ထွက်သွား ဖြစ်ခဲ့ရ။
ဆေးထိုးအပ် ကိုင်ရတော့မယ့်
ငါ့ လက်တွေ ကြမ်းတမ်း လာခဲ့ရ။
ကောင်မလေးရေ...
နင်လည်း
နင့်ရဲ့ နေ့တဓူဝ တွေမှာ ရှင်သန်ရင်း
ငါ့နေရာကို အစားမထိုးခဲ့တာ
သိနေပါရဲ့
ရွက်ကြွေရာသီ
လေးရာသီ ကျော်လာတဲ့တိုင်။
ကောင်မလေးရေ...
နင် ပို့သတဲ့ မေတ္တာနဲ့
ငါ့နေ့ရက်တွေကို
အောင်အောင် မြင်မြင် ဖြတ်ကျော် နေပါရဲ့
ကြယ်ကလေးတွေ ကြွေတာကို
အံကြိတ် ကြည့်နေရင်း။
ကောင်မလေးရေ...
အပြန်လမ်းက
ခပ်ရေးရေးပေမယ့်
ဆုံမယ့်ရက်က
မဝေးတော့တဲ့ အကြောင်း၊
မင်း သိစေချင်ရဲ့။
တို့နှစ်ယောက် သစ္စာနဲ့
နေ့ရက်သစ်တွေ အတွက် မျှော်လင့်ချက်
စစ်မှန်လာတော့မယ့် တစ်နေ့ကို
မင်း ဆက်စောင့်နေစေချင်ရဲ့ ။
သိင်္ဂါကျော်
8.9.2024