15 November, 2012

ဒေါသစိတ်ကလေး စက္ကန့်၆၀

သူငယ်ချင်း တစ်ယောက် ပြောပြလို့ သိရတဲ့ ဖြစ်ရပ်မှန်လေးကို အခြေခံပြီး ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ 
******************

သူ့မိဘများက သူ တက္ကသိုလ် မပြီးခင် လွန်ခဲ့သော နှစ်များကပင် ဆုံးပါးခဲ့ပြီး အဒေါ်အပျိုကြီးက သူ့ကို ကျောင်း ဆက်ထားပေးခဲ့သည်။ သူက ကျောင်းတက်စဉ်ကလည်း ရန်ကုန်မှာ အဆောင်နေ၊ အလုပ်ရတော့လည်း တစ်ခြားမြို့သွားနေ၊ အဒေါ်ကလည်း တရားသမားဖြစ်သဖြင့် တရား ရိပ်သာများ လှည့်ဝင်နေသည်က များရာ သူ့ကို တစ်ကောင်ကြွက်သမားလို့လည်း ပြော၍ ရသည်။
သူ နှင့် သူ့မိန်းမ မရီတို့ လွန်ခဲ့သော ဆယ်နှစ်ခန့်က လက်ထပ်ခဲ့ကြသည်။ သူ ပထမဆုံး ပိုစတင် ကျသော မြို့က မရီ၏ ဇာတိမြို့ ဖြစ်ခဲ့သည်။ ဈေးထဲမှာ ဈေးဝယ်နေသော သူမ နှင့် စတွေ့ကာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ မရီက အဝေးသင်နှင့် ဘွဲ့တစ်ခု ရခဲ့သော်လည်း အလုပ်မလုပ်ပဲ အိမ်မှာပဲနေကာ သူမအမေ၏ ဆိုင်အလုပ်ကို ကူပေးနေခဲ့သည်။ သူနှင့် မေတ္တာမျှ ပြီးနောက် မကြာခင်မှာပဲ လက်ထပ်ဖြစ်ကြသည်။ သူ့အလုပ်ကပေးသော အိမ်ရာမှာ နှစ်ယောက်သား နေခဲ့ကြသည်။ အဲဒီနောက် သမီးကြီးကို မွေးသည်။ သူ့လခအပြင် မရီက အိမ်မှာ အိမ်ဆိုင်ငယ်လေး ဖွင့်လိုက်သဖြင့် စားဝတ်နေရေးက ပြေလည်ပါသည်။
အစိုးရဝန်ထမ်းပီပီ တစ်မြို့မှာ အခြေကျနေစဉ်မှာပင် နောက်တစ်မြို့သို့ ရာထူးတိုးပြီး ပြောင်းခဲ့ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အေးချမ်းသော မြို့ကလေး တစ်မြို့ ဖြစ်သည်။ သမီးကြီးက သုံးနှစ်ကျော်ကျော် ရှိပြီ။ အဲဒီမြို့ကို ရောက်မှ သားလတ် နှင့် သမီးငယ်ကို တစ်နှစ်ခြားပြီး မွေးသည်။ သူရောက်ပြီး တစ်နှစ် ကျော်ကျော်လောက်မှ အလုပ်နေရာက မြို့ပြင်နားက နေရာသစ်ကို ပြောင်းရွှေ့ခဲ့သဖြင့် မရီကို ဝန်ထမ်း အိမ်ရာသို့ မလိုက်စေပဲ မြို့ထဲမှာ ငှားထားသော အိမ်မှာပဲ နေစေခဲ့သည်။ သမီးကလည်း မွေးကာစပဲ ရှိသေးသဖြင့် ပြောင်းရရွှေ့ရမှာ အလုပ်ရှုပ်သဖြင့် သူပဲ မြို့ထဲက အလုပ်ကို ဖယ်ရီနှင့် သွားနေလိုက်သည်။
သမီးကြီးလာတော့လည်း မြို့ထဲက အိမ်မှာက နေသားကျနေသည့် အပြင် အလုပ်က ပေးထားသော ကားနှင့် အသွားအလာကလည်း အဆင်ပြေနေသဖြင့် သူတို့ အိမ် မပြောင်းဖြစ်ခဲ့ပါ။ သူအတွက်တော့ ရာထူးကြီးပြီး တာဝန်တွေ များလာသဖြင့် အလုပ်က နောက်ကျမှ ပြန်ရတာတွေ များလာသည်။ တစ်ခါတလေ လူကြီး လာဖို့ ရှိလျှင် အလုပ်မှာပင် အိပ်လိုက်တာမျိုးတွေ ရှိလာသည်။ မရီကလည်း ကလေး သုံးယောက် ဖြစ်လာသဖြင့် လူခွဲမရှိတော့ အိမ်ဆိုင်တွေ ဘာတွေ ဖွင့်ရောင်းဖို့ အချိန်မရှိပါ။ အခု အလုပ်နေရာက အပို ဝင်ငွေလေး ဘာလေး ရ၍သာ တော်ပါသေးသည်။ အဲဒီအပြင် သူက တနင်္ဂနွေလို ပိတ်ရက်မျိုးမှာ ရွာနီးချုပ်စပ်သို့ သွားပြီး ဆန်လေး၊ ပဲလေး ဝယ်လှောင်တာ၊ ဝယ်ရောင်းတာမျိုးလည်း လုပ်လိုက်ပါသေးသည်။ အဲဒီတော့ သူတို့မှာ စားဝတ်နေရေးကတော့ ပူပင်စရာ မရှိပါ။ အဆင်ပြေနေပါသည်။
မရီဟာ သူ့အတွက် ပါရမီ ဖြည့်ဖက် စစ်စစ် ဖြစ်သည်ဟု သူယုံကြည်ပါသည်။ မရီ နှင့် သူ ဟာ နှစ်ယောက် တစ်ခြမ်းစီ ပေါင်းစပ်မှ ပြည့်စုံသော တစ်စုံတစ်ရာ ဖြစ်လာသည်ဟု သူ ခံစားမိသည်။ သူတို့ အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ အခြေအတင် စကားများကြတယ် ဆိုတာ တစ်ခါမှ မရှိစဖူးပါ။ မရီက မိန်းမ ပီသသည်၊ အိမ်ထောင် ထိန်းသိမ်းမှု နိုင်နင်းသည်။ သူကလည်း မရီကလွဲပြီး တစ်ခြား ရှုပ်ရှုပ်ယှက်ယှက် မရှိ။ ရသမျှ မိန်းမကိုပဲ အပ်ပြီး အားသည့် အချိန်တိုင်းလည်း အိမ်ကို မှန်မှန် ပြန်သူ ဖြစ်သည်။ လင်မယား နှစ်ယောက်လုံးက ဟော့ဟော့ရမ်းရမ်း မရှိပဲ ရိုးသား ပွင့်လင်းသူများ ဖြစ်သောကြောင့် ပတ်ဝန်းကျင်က ချီးကျူးကြသည်။ ကလေး သုံးယောက် ရှိသော်လည်း အိမ်မှာ အိမ်ဖော်မထားပဲ မရီကပဲ အိမ်မှုကိစ္စတွေ အားလုံး နိုင်နင်းအောင် လုပ်သွားသည်။ သူကတော့ သူ့အလုပ်ကလွဲပြီး တစ်ချို့ ယောက်ျားလေး လုပ်မှ ဖြစ်သည့် မီးပြင်တာ၊ ရေပိုက်ပြင်တာ လိုမျိုးကိုပင် အဖြစ်ရှိအောင် မလုပ်တတ်သူ ဖြစ်သောကြောင့် သူ့တပည့်လေး တစ်ယောက်ယောက်ကို ခေါ်ခိုင်း ရသည်။ ဒါတွေ သူကိုယ်တိုင် မလုပ်တတ်တာကိုလည်း မရီက အပြစ်မြင်တတ်သူ မဟုတ်ပါ။
ဒီမြို့ကို ရောက်ကတည်းက ဆိုသလို သူတို့အိမ်မှာ လိုအပ်တာ ခေါ်ခိုင်းလေ့ ရှိသူက သူ့အလုပ်က ဝန်ထမ်းငယ် တစ်ဦး ဖြစ်သော မောင်ဝင်းထွတ် ဖြစ်သည်။ အစောပိုင်းကတော့ လိုတာရှိလျှင် သူကိုယ်တိုင် မောင်ဝင်းထွတ်ကို ဖုန်းဆက် ခေါ်လေ့ရှိသော်လည်း နောက်ပိုင်း သူကလည်း အလုပ်များလာပြီး အိမ်မှာ မရှိသည့် အချိန်က များလာသောအခါ မောင်ဝင်းထွတ်ကို သိနေပြီ ဖြစ်သော မရီက သူ့ဟာသူပင် ခေါ်ခိုင်းကာ မုန့်ဖိုးပေးလိုက်လေ့ ရှိသည်။ မောင်ဝင်းထွတ် အိမ်ကလည်း သူတို့အိမ်နှင့် သိပ်မဝေးသဖြင့် အဆင်ပြေသည်။ မရီက ကလေးတွေ တစ်ဖက်နှင့်မို့ အပြင်မထွက်နိုင်သည့်အခါ ဟိုနား ဒီနား ဝယ်စရာ ခြမ်းစရာ ရှိလျှင်လည်း မောင်ဝင်းထွတ်ကိုပင် ဝယ်ခိုင်းလေ့ ရှိသည်။ နှစ်ယောက်လုံးက မောင်ဝင်းထွတ်ကို ကိုယ့် ညီငယ်/မောင်ငယ် သားချင်း လိုပင် သဘောထားခဲ့သည်။ သူ အိမ်မရှိသည့် အခိုက် လိုအပ်သည့်အခါ အဖော်အလှော် ရသဖြင့် ကျေးဇူးလည်း တင်သည်။ မောင်ဝင်းထွတ်ကလည်း ရိုးသားပုံ ပေါက်သည်မို့သာ သူကလည်း စိတ်ချလက်ချ ဝင်ထွက်ခွင့် ပြုထားခြင်းဖြစ်သည်။
ဒီနှစ် သမီးကြီးက လေးတန်း ရောက်ပြီ။ သားလတ်က တစ်တန်း၊ သမီးငယ်က သူငယ်တန်း တက်နေပြီ။ ကလေး သုံးယောက်လုံးကလည်း ခုချိန်ထိ တစ်ယောက်မှ ဒုက္ခကြီးငယ် မပေးခဲ့ကြပါ။ ကျန်းမာရေး မကောင်းတာမျိုး၊ အော်ဟစ် ငိုယို ဂျီကျတာမျိုး တစ်ယောက်မှ မရှိပါ။ ကျောင်းနေတော့လည်း စာလိုက်နိုင်ကြသည်။ သူတို့ စီးပွားရေးကလည်း ကလေးတွေ လိုအပ်သလောက် အသင့်အတင့် ဝယ်ခြမ်းပေးနိုင်အောင် ပြေလည်သည်။ ဘာဆိုဘာမှ ပူပင်စရာရယ်လို့ မရှိပါ။
အစစ အရာရာ အဆင်ပြေနေသော အေးအေးချမ်းချမ်း သူတို့ မိသားစု ဘဝလေး ကို လေနီကြမ်းလို မွှေ့ရမ်းနိုင်သော အကြောင်းကိစ္စမျိုး ပေါ်ပေါက်လာလိမ့်မည် ဟု သူ အိပ်မက်မျှပင် မမက်ဖူးခဲ့ပါ။ သမီးတို့ သားတို့ ဘွဲ့အသီးသီးရ၊ လူလားမြောက်ကြချိန် အထိလည်း သူတို့ လင်မယားရဲ့ ချစ်လက်စသစ်ပင်မှာ အညွန့်အဖူး ဝေစည်နေဆဲ ဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲ အကြောင့်အကြမဲ့ ရှိခဲ့သည်။ သို့သော်လည်း ဘဝ ဆိုသည်မှာ မျှော်လင့်မထားသည်များလည်း ဖြစ်တတ်သည်မှာ အမှန်ပင် ဖြစ်သည်။

*******

သံလွင်အိပ်မက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်နော်..။
http://www.thanlwin.com/beta/index.php/short-stories/243-2012-11-13-02-17-31


သိင်္ဂါကျော်

6 comments:

မိုးနတ်ကြယ်စင် said...

တလောကပဲ အဲလိုအဖြစ် ခပ်ဆင်ဆင်လေးကြားလိုက်သေးတယ်..
ဒီလိုအဖြစ်တွေ များနေတော့ မဆန်းဘူးလို့ထင်ရပေမဲ့
သိပ်ကိုကြောက်စရာကောင်းတယ်...ဘယ်သူ့ကိုအပြစ်
တင်ရမှာလဲ....မိုးနတ်အထင်တော့ လင်မယားနှစ်ယောက်စလုံးမှာတာဝန်ရှိတယ်လို့ထင်တယ်
အမှန်က ၂ယောက်စလုံးမှားတာပါ...အပြန်အလှန်
နားလည်ဖေးမမှုအပြင် လိုအပ်ချက်တွေကအများကြီးရယ်
ပြောရရင်ရှည်အုံးမှာမို့...မျှဝေခံစားခဲ့ပါတယ်လို့ပြောရင်း....ခင်တဲ့....မိုးနတ်

mstint said...

အရာရာဟာ မျှော်လင့်ထားသလို ဖြစ်မလာတာဟာ သဘာဝတရားပေါ့ ကျော်ရေ။ လောကဓံတရားရဲ့ ရိုက်ချက်ဒဏ်ကြောင့် အားမတန်လို့ မာန်လျှော့ရတဲ့ အလားတူဖြစ်ရပ်မျိုးတွေ ဒုနဲ့ဒေးရှိကြရတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

ကြောက်စရာကြီးပါလား။ ဒီလောက် ရိုးသားတဲ့သူတောင် အခုလို ဖြစ်နေသေးရင်... ဘာမှ မစဉ်းစားရဲတော့ပါဘူးးးးးးးးးးးးးးးးးးးးးးးးး

စံပယ်ချို said...

အပေါ်ကသာဂျီမင်းရေ မထင်ပါနဲ့နော် လောကမှာ
မထင်မှတ်ပဲဖြစ်တတ်တာတွေအရမ်းကိုများတယ်
တစ်ချို့ကိစ္စတွေဆိုရင် ကိုယ်တိုင်တွေ့ရလို့
ကြားသာကြားရမယ်ဆိုရင်ယုံစရာမရှိဘူး.....
ကျော်ရေ အဲလိုဆင်ဆင်လေး အပြင်မှာတွေ့ဖူးတယ်
ကျော့်ကိုခင်တဲ့ jas

စံပယ်ဖြူ (Jasmine White) said...

သံလွင်အိမ်မက်မှာ သွားဖတ်ပြီး ကွန်းမန့်ပေးချင်လို့ ၀င်လာလိုက်ပါတယ်။ တောတော်လေးကို သဘာဝကျပြီး၊ လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေပါ။ ကိုယ်တိုင်သတိ ကြီးကြီးလားဖို့ လိုသလို လူတိုင်းသတိတရား လက်ကိုင်ထားကြဖို့ နှိုးဆော်ရမှာ ပေါ့နော်။

Anonymous said...

ဖတ်လို့မရဘူးးးး