Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

12 July, 2010

ကြည့်ဖြစ်တဲ့ရုပ်ရှင်

ခုတလောမှာ လုပ်ရမယ့်အလုပ်တွေကလည်း များနေလို့ စာအသစ်ရေးဖို့ တွေးထားတာတွေ ရှိပေမယ့် မရေးဖြစ်သေးပါဘူး။ ဒါပေမယ့် ညဘက်တော့လည်း 5 series က ကိုရီးယားကားလေးတွေ 5 movie က လာသမျှတွေ ကြုံကြည့်တော့ ကြည့်ဖြစ်နေပါတယ်..။ ဒါတင်မက အခွေကလည်း ဝယ်ကြည့်လိုက်သေးတယ်။ ခုနောက်ဆုံး ကြည့်ပြီးသွားတဲ့ ကားက အမုန်းစာရင်း ဆိုတဲ့ ကိုရီးယား Drama ကားလေးပါ။ Jumong နဲ့ The Kingdom of the Winds ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Song Il Gook ပါဝင်ပြီး မူရင်းနာမည်ကတော့ Shinira Bulriwoon Sanai (or) A Man Called God ပါ။

မိုက်ကယ်ကင်း ခေါ် ချွဲကန်တာ (Song Il Gook) ဟာ သူ ငယ်စဉ်က သူ့ဖခင်ကို ဓါးနဲ့ ထိုးသတ်ပြီး သူ့မိခင်နဲ့ သူတို့မောင်နှမ နှစ်ယောက်ကို အိမ်မီးရှို့သတ်ခဲ့သူများကို ကိုယ်တိုင် မြင်ခဲ့သူဖြစ်ပါတယ်။ သူ့ကို မိဘမဲ့ဂေဟာကနေ မွေးစားပြီး အမေရိကန်နိုင်ငံကို ခေါ်သွားခံခဲ့ရပါတယ်။ သူကြီးပြင်းလာချိန်မှာတော့ သူ့မိဘများကို သတ်ခဲ့သူ အပေါင်းအပါ အားလုံးကို လိုက်လံရှာဖွေပြီး လက်စားချေဖို့ကြိုးပမ်းခဲ့ပါတယ်။  မြေအောက်လောကမှာတော့ သူ့ကို ပီတာပန် အဖြစ် လူသိများခဲ့ပါတယ်။ သူနဲ့အတူ သူ့ကို ပါရမီဖြည့်ပေးနေသူကတော့ တစ်ချိန်က သူကယ်တင်ခဲ့ဖူးတဲ့ သဌေးသမီးလေး ဗီဗီယန် (Han Go Eun) ဖြစ်ပါတယ်။ 

လက်စားချေဖို့ ရည်ရွယ်ချက်နဲ့ ကိုရီးယားကို ပြန်လာတဲ့ မိုက်ကယ်ကင်းဟာ သတင်းထောက်မလေး ဂျင်ဘိုဘေ(Han Chae Young) ကို မေတ္တာသက်ဝင်သွားခဲ့ပါတယ်။ ဂျင်ဘိုဘေရဲ့ စီနီယာ အချစ်ဟောင်း၊ ဟွမ်ဝူဟွန်း (Kim Min Jong) ဟာ CSI က ရဲစုံထောက် တစ်ယောက် ဖြစ်ပေမယ့် မိုက်ကယ်ရဲ့ ဖခင်ကို သတ်ခဲ့တဲ့ သူ လေးယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သူ့ဖခင် ဗိုလ်မှုးကြီးဟောင်းရဲ့ အပြစ်တွေကို ကာကွယ်ပေးဖို့ ကြိုးစားရာက ရာဇဝတ်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်လာပါတော့တယ်။ 

မိုက်ကယ်အနေနဲ့ သေပြီလို့ထင်ထားခဲ့တဲ့ ညီမငယ်ဟာလည်း ရဲအရာရှိတစ်ယောက် ဖြစ်နေပြီး မိုက်ကယ်အပေါ် အထင်လွဲမှုတွေ ပြေလည်သွားပြီးနောက်မှာ သူ့ကို အစ်ကိုအနေနဲ့ လက်ခံခဲ့ပြီး လွန်ခဲ့တဲ့ ၂၅နှစ်က အမှုကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဟွမ်ဝူဟွန်း တို့အဖွဲ့က မိုက်ကယ်အပေါ် အကွက်ဆင်စွပ်စွဲထားတဲ့ အမှုများကို အမှုမှန်ပေါ်အောင် ကြိုးစားခဲ့ပါတယ်။ 

အဆုံးသတ်မှာတော့ လွန်ခဲ့သော ၂၅နှစ်က အမှုကို ပြန်လည်ဖော်ထုတ်နိုင်ပြီး ကျူးလွန်ခဲ့သူများဟာလည်း သူတို့ကျူးလွန်ခဲ့သော အပြစ်အလျောက် ခံစားခဲ့ရပါတော့တယ်..။ မိုက်ကယ်ရဲ့ ညီမငယ်လေးခမျာတော့ တိုက်ခိုက်မှုများကြားမှာ ကံဆိုးခဲ့ရပါတယ်။ ဟွမ်ဝူဟွန်းလည်း သူ့အပြစ်များကို ရှောင်လွဲရန် မဖြစ်နိုင်တော့သောကြောင့် ကိုယ့်ကိုယ်သတ်သေခဲ့ပါတယ်။

သဘာဝမကျပဲ ရုပ်ရှင်ဆန်တဲ့ ပြကွက်တွေ ပါဝင်ပေမယ့်လည်း ကြည့်ပျော်ရှုပျော် ရှိတဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ဇာတ်လိုက်မင်းသားကို ဟီရိုးတစ်ယောက် အဖြစ် အသားပေးထားတဲ့ ကား ဖြစ်ပါတယ်။ မင်းသား Song Il Gook ကတော့ ရာဇဝင်ကားတွေထဲမှာလောက် ကြည့်မကောင်းပဲနဲ့ ဆံပင်ရှည်ရှည်နဲ့ ပုံစံတစ်မျိုး ဖြစ်အောင် လုပ်ထားပါတယ်။ James Bonds ကားများလို စောင့်ကြည့်တဲ့ ကိရိယာများ၊ ကျည်ကာကုတ်အင်္ကျီ၊ ရေထဲမှာ အသက်ရှုဖို့ ဗူးငယ်၊ စီဒီဗုံး၊ မီးခိုးဗုံး စတာတွေ ပါဝင်ပြီး အဆင့်အတန်း မြင့်မြင့် ရိုက်ကူးထားတဲ့ ကားဖြစ်ပါတယ်။ Episodes 24 ပိုင်း ပါဝင်ပါတယ်။

ကိုယ်က ငယ်ငယ်တည်းက လက်စားချေတဲ့ ဇာတ်လမ်းများကို သဘောကျတတ်သူမို့ ဒီကားကိုလည်း သဘောကျပါတယ်။ ငယ်ငယ်တည်းက လက်စားချေတဲ့ ဝတ္တုတစ်ပုဒ် ဖြစ်တဲ့ The Court of Monte Christo ဝတ္တုကို ရွှေဥဒေါင်း ဘာသာပြန်တဲ့ ရတနာသိုက်ကိုလည်း ကြိုက်လွန်းလို့ နှစ်ခါ သုံးခါ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။

ဘာရယ်မဟုတ် ရေးစရာမရှိလို့ drama review လေး ရေးလိုက်တာပါ။