29 June, 2011

အွန်လိုင်းပေါ်က ကူးချ ကိစ္စ


အမှန်တော့ ဒီကိစ္စကို ရေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် လောလောဆယ် ဘာမှလည်း မရေးဖြစ်နေတာနဲ့ ရေးစရာ ရှာလိုက်တယ်ပဲ ပြောပါတော့။

Ning.com တွေရဲ့ ထုံးစံအတိုင်း ကူးချ တစ်ပုဒ်တွေ့လို့ပါ။ ကိုယ်က သိတာ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်က ကူးပြီး mail ပို့်လိုက်လို့ပါ။ နင် တစ်ခါက ရေးဖူးတဲ့ အကြောင်းနဲ့ တူတယ်။ နင်များ နာမည် တစ်မျိုးနဲ့ ရေးတာလား တဲ့၊ သူငယ်ချင်းက မေးထားလို့ ကြည့်လိုက်တော့ တော်တော်တော့ တူတယ်။ အဲဒါနဲ့ ning site ကို သွားတော့ sign in မဝင်ရသေးတာနဲ့ ဖတ်မရတော့ ထားထားလိုက်တယ်။ မကြည့်ဖြစ်တော့ဘူး။ ငါရေးတာတော့ မဟုတ်ပါဘူး လို့...သူငယ်ချင်းကို တော့ စာပြန်လိုက်တယ်။ ဒီနေ့တော့ အဖွဲ့ဝင်လိုက်ပြီး ဝင်ကြည့်ဖြစ်လိုက်တယ်။

အောက်က link မှာပါ။ ဇွန် ၁၇၊ ၂၀၁၁ က တင်ထားတဲ့ စာပါ။

http://forverfriends.ning.com/profiles/blogs/2863689:BlogPost:4282316

အဲဒီ ဝတ္တုတိုက ကိုယ် အောက်က Link မှာ တင်ခဲ့တဲ့ “မစစ်မှန်သော ချစ်ခြင်းတို့ မည်သည်” ဝတ္တုနဲ့ လူနာမည်တွေက လွဲလို့ အားလုံး တူနေတာ တွေ့ရပါတယ်။

http://theingara.blogspot.com/2008/08/blog-post_13.html

ကိုယ်က file နှစ်ခုကို ယှဉ်ဖွင့်ပြီးတော့ ဖတ်ကြည့်ပြီးပါပြီ။ Word ထဲမှာ Find and Replace လုပ်ထားတယ်လို့ ထင်ရပါတယ်။ ကိုယ့် blog ထဲက ယူတာတော့ ဟုတ်မယ်မထင်ပါ။ အဲဒီ ဝတ္တုတိုက လောကအလှ online မဂ္ဂဇင်း မှာ ဖော်ပြပြီးသားမို့ အဲဒီက ကူးယူတာ ဖြစ်နိုင်ပါတယ်။

http://www.lawka-ahla.com/news.php?extend.847.8 မှာပါ။

အခု လောကအလှက link ကို ပြန်ရှာရင်းနဲ့ အဲဒီ ning blog မှာ ဖော်ပြထားတဲ့ တစ်ခြား ဝတ္တုတစ်ချို့ကိုလည်း လောကအလှမှာ တွေ့လိုက်တော့ အဲဒီက ကူးထားတာမှန်း သေချာ သွားပါတယ်။

ကိုယ့် ဝတ္တုထဲက စာသား တစ်ချို့နဲ့ သူ့ ဝတ္တုထဲက စာသားတစ်ချို့ကို နှိုင်းယှဉ် ပြလိုက်ပါဦးမယ်။

ကိုယ့်ဝတ္တုရဲ့ အစက
“ခက်ဝေလွင် က လူတိုင်းကို ကိုယ့်လိုပဲ ထင်ပြီး ယုံကြည်မိသည်။ အရာတိုင်းမှာ တူမျှသော အသွားအပြန် ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရကြောင်း အချိန်နှောင်းမှ သိလာရသောအခါ
လုပ်ရက်သူတို့ အပေါ် အတော်စိတ်ပျက်သွားသည်။ ပြန်လှည့် မကြည့်ချင်လောက်အောင် စိတ်ကုန်တာကို ဘယ်လို စကားလုံးနဲ့ ပြောရမှန်းတောင် မသိပါ။”

သူ့ဝတ္တုရဲ့ အစက
“ကျော်ဇင်ဟိန်း က လူတိုင်းကို ကိုယ့်လိုပဲ ထင်ပြီး ယုံကြည်မိသည်။ အရာတိုင်းမှာ တူမျှသော အသွားအပြန် ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရကြောင်း အချိန်နှောင်းမှ သိလာရသောအခါ
လုပ်ရက်သူတို့ အပေါ် အတော်စိတ်ပျက်သွားသည်။ ပြန်လှည့် မကြည့်ချင်လောက်အောင် စိတ်ကုန်တာကို ဘယ်လို စကားလုံးနဲ့ ပြောရမှန်းတောင် မသိပါ။”

ကူးယူ ဖော်ပြရင်လည်း ဘယ်က ကူးယူတယ် ဆိုတာကို ရိုးသားစွာ ဖော်ပြပေးသင့်ပါတယ်။ ခုဟာက idea တူတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပဲ စကားလုံးတိုင်းက အစ တူညီတာဖြစ်လို့ ကူးယူထားတာ သိသာနေပါတယ်။ Online ပေါ်မှာ လုပ်ချင်ရာ လုပ်လို့ ရနိုင်တယ် ဆိုပေမယ့် သူ့စည်း ကိုယ့်စည်း လိုက်နာပြီး ကိုယ့်လိပ်ပြာကိုယ် သန့်စင်စွာ နေနိုင်မယ့် စာမျိုးကိုပဲ ကိုယ့်ရဲ့ ဘလော့မှာ ဖော်ပြသင့်ပါတယ်။ ဒါပေမယ့် ning.com ဆိုတာကလည်း စလာကတည်းက အဲဒီလို ကူးချ ကိစ္စ၊ သူများစာ ကိုယ့်စာ လုပ်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး နာမည်ကြီး လာပြီးသားမို့ ဘာမှ ထပ်ပြောဖို့တောင် မလိုလောက်အောင်ပါပဲ။

မရေးချင်ပေမယ့်လည်း သိတဲ့ အကြောင်းလေး မှတ်တမ်းတင်ချင်တာမို့ ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။

သိင်္ဂါကျော်

22 June, 2011

ခြောက်လှန့်နေတဲ့ ၃၆၅


ကိုယ့်ကိုယ်ကို
နှစ်သိမ့်လိုက် အားပေးလိုက်နဲ့
ဖြတ်သန်းနေရတာပါ၊
မင်း လာနှောက်ယှက်ရင်
ပိုပြီး ဂယောက်ဂယက် ဖြစ်သွားမယ်။

ပုလဲလုံးပေါ်က အနာကို
ခွာရင်းခွာရင်းနဲ့
တစ်လုံးလုံး ပစ်လိုက်ရသလို မဖြစ်အောင်
ငါ ဘယ်တော့မှ
အနာကို မဆွမိအောင် ကြိုးစားတယ်။

ဒါကိုမှ
မပျော်နိုင် နေ့ရက်တွေ
များနေတယ် ဆိုလည်း
ကြိုက်သလိုသာ လုပ်လိုက်ချင်တော့တယ်။

ဘယ်လောက်ပဲ
ရေလောင်းလောင်း ပေါင်းသင်သင်
စံပယ်တွေတောင် အမြဲမမွှေးနိုင်တာ
မိုးခေါင်ရေရှား ရာသီထဲ
အမြဲနေနေတဲ့ ငါလိုလူလည်း
ကောင်းကွက်တွေပဲ
အမြဲလုပ်နိုင်ပါ့မလား။

ပတ်ကြားအက်ထဲမှာပဲ
တစ်သက်လုံး ပုန်းနေချင်တယ်ဆိုလည်း
ဘယ်တော့မှ အပင်မပေါက်တော့နဲ့ပေါ့
ငါ့အိပ်မက် သစ်စေ့တွေလေ။
အခုတော့ ပြူတစ်ပြူတစ်နဲ့
လှောင်ပြောင်ပြနေပုံက
ငါ့ကို စိန်ခေါ်နေသလိုပ။

ငါ့ကိုယ်ငါ
ကျောက်ရုပ်ထုလို့ ထင်နေပေမယ့်
သူ့အခြောက်အလှန့်တွေက မကင်းနိုင်ပဲ
ညလယ်တွေထဲ
လန့်လန့်နိုးရင်းပေါ့။

သိင်္ဂါကျော်


20 June, 2011

ဆရာစိတ်ဓါတ်



ဆရာစိတ်ဓါတ်က ဘယ်လောက် အရေးပါတယ် ဆိုတာ တွေးကြည့်ဖူးပါသလား။ ဆရာတစ်ယောက်ရဲ့ လှုံဆော်မှု စွမ်းရည်က အရမ်းကို တန်ဖိုးရှိပါတယ်။

ကျွန်တော်တို့ တွေ့ကြုံခဲ့ဖူးတဲ့ ဆရာ၊ ဆရာမ တွေထဲမှာ သူတို့ စကားတွေကို ကျွန်တော်တို့ သေချာ ဂရုမစိုက်ခဲ့ဖူးတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အမှတ်ရကျန်နေအောင် ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို တစ်နည်းနည်းနဲ့ နာကျင်စေဖူးတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ ကောင်းရာကောင်းကြောင်း ဖြစ်လာဖို့ တွန်းအားပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမတွေကိုတော့ ကျွန်တော်တို့ ဘဝတစ်လျှောက် ချစ်ခင်မှုနဲ့ အမြဲ အမှတ်ရ နေပါတယ်။

အခု ဖော်ပြမှာကလည်း အဲဒီလို ဆရာမ တစ်ယောက်ရဲ့ အကြောင်းပါ။
*****

ထရပ်ကား ဒရိုင်ဘာ တစ်ယောက်ဟာ စားသောက်ဆိုင် တစ်ဆိုင်မှာ သူမှာထားတာတွေကို နှစ်သက်စွာ စားနေရင်းနဲ့ ဖွင့်ထားတဲ့ တံခါးပေါက်ကို ကြည့်နေခဲ့ပါတယ်။ အဲဒီမှာ ဝင်လာတဲ့ အမျိုးသမီးကြီး တစ်ယောက်ကို အာရုံစိုက်မိသွားပါတယ်။ သူမရဲ့ ပုံစံက ရိုးရိုးသာမန်ပါပဲ။ ဦးထုပ်အောက်က ထွက်နေတဲ့ ဆံပင်တစ်ချို့ကတော့ အဖြူရောင်သမ်းနေပါပြီ။ သူမဟာ သန့်ပြန့်တဲ့ အဝတ်အစားများကို ဝတ်ထားပေမယ့် နည်းနည်းတော့ ဒိတ်အောက် နေပါပြီ။ ဒါကလည်း အမျိုးသမီးကြီးတွေ ဝတ်လေ့ရှိတဲ့ ပုံမျိုးပါပဲ။

သူဟာ သူရဲ့ ဟမ်ဘာဂါကို တစ်ကိုက် ကိုက်လိုက်ပြီး အမျိုးသမီးကြီး ကို စားပွဲတစ်ခု နောက်မှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်လိမ့်မယ် ထင်လို့ လိုက်ကြည့်မိပါတယ်။ ဒါပေမယ့် အဲလို မဟုတ်ပါဘူး။ ပြေးလာတဲ့ အသံတွေ ကြားရပြီးတော့ ဆိုင်ပိုင်ရှင်ရော၊ ကောင်တာနောက်က စားပွဲထိုးတွေ အားလုံးပါ အမျိုးသမီးကြီးကို လာတွေ့ကြပါတယ်။

“မစ္စက်ကော့စ်ဘီ၊ တွေ့ရတာ ဝမ်းသာလိုက်တာ”  သူတို့က အော်ဟစ်လိုက်ကြပါတယ်။

“ဆူဆန်၊ ဘော့ဘ်၊ အယ်လီဇာ၊ ကာမင် .. မင်းတို့ကို တွေ့ရတာ ကောင်းလိုက်တာ၊ ဘယ်လိုလဲ အဆင်ပြေကြတယ် မဟုတ်လား”
အမျိုးသမီးကြီးကလည်း သူတို့ကို ပြုံးပြီး ပြန်နှုတ်ဆက်ပါတယ်။

“အရမ်းအဆင်ပြေပါတယ် မစ္စက်ကော့စ်ဘီ၊ အခု ဆရာမ ကုတ်အင်္ကျီကို သိမ်းပေးပါရစေ” လို့ ဘော့ဘ် ဆိုတဲ့ ဆိုင်ရှင်က ပြောပြီး အမျိုးသမီးကြီးရဲ့ ကုတ်အင်္ကျီကို သေချာဂရုတစိုက်နဲ့ ယူသွားပါတယ်။

ထရပ်ကား ဒရိုင်ဘာဟာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေမိပါတယ်။ ဒီဆိုင်ရှင်ဟာ အရင်က ဘယ်သူ့ရဲ့ ကုတ်အင်္ကျီကိုမှ အဲဒီလို ယူသိမ်းမပေးဖူးဘူးလေ။ သူ ဒီနေရာမှာ ကားမောင်းလာတာ အနည်းဆုံး ပြောရရင် နှစ်ပေါင်းတော်တော်တော့ ကြာပါပြီ။

“ကျွန်မ ဆရာမ အတွက် ဆွတ်ပြုတ်နည်းနည်း အရင် ယူပေးမယ်လေ၊ ပြီးတော့မှ ဘာစားမလဲလို့ စဉ်းစားပေါ့” လို့ အယ်လီဇာက အပြုံးလေးနဲ့ ပြောပြီး မီးဖိုချောင်ထဲကို ဝင်သွားပါတယ်။

“ကျွန်မ စားပွဲကို သန့်ရှင်းရေး လုပ်လိုက်ဦးမယ်” လို့ ဆူဆန်က ပြောပြီး အဝတ်ဖြူသန့်သန့်နဲ့ စားပွဲကို သန့်နေအောင် သုတ်ပါတော့တယ်။
ကာမင်ကတော့ ပန်းအိုးတစ်လုံး ဆွဲယူလာပြီး သူမ အိပ်ကပ်ထဲက အဝါရောင် နှင်းဆီ တစ်ပွင့်ကို ထိုးစိုက်လိုက်ပါတယ်။
“အခု ထိုင်လို့ ရပြီ ဆရာမ၊ သက်တောင့်သက်တာ နေနော်” လို့ ဘော့ဘ်က ပြောပြီး သူမ ထိုင်လို့ ရအောင် ခုံဆွဲပေးလိုက်ပါတယ်။ “ဘာသောက်မလဲ ဆရာမ၊ သံပုရာရည်လား” လို့လည်း မေးလိုက်ပါသေးတယ်။

ဘော့ဘ်က သူ့စားပွဲနားကို ဖြတ်သွားတဲ့ အချိန်မှာတော့ ထရပ်ကားဒရိုင်ဘာက မနေနိုင်တော့ပဲ “ဒီကို တဆိတ်လောက် လာပါဦး” လို့ ခေါ်မိပါတော့တယ်။
“ဟုတ်ကဲ့၊ ကော်ဖီ လိုချင်သေးတာလား ခင်ဗျာ” လို့ ဘော့ဘ်က ရောက်လာပြီး မေးပါတယ်။
“မဟုတ်ဘူး၊ ကျေးဇူးပဲ၊ နောက်မှ..၊ ကျူပ်က နည်းနည်း အံ့သြနေလို့ပါ၊ အဲဒီက အမျိုးသမီးကြီးနဲ့ ပတ်သက်ပြီး ဘာတွေ အထူးတလည် ရှိတာလဲ”
“ဆရာ စိတ်ဓါတ် ပေါ့ဗျာ”     ဘော့က ပြုံးပြီး ပြောပါတယ်။
“ဆရာ စိတ်ဓါတ် ဟုတ်လား”    ထရပ်ကားဒရိုင်ဘာက သူ့နားကိုတောင် သူ မယုံနိုင်ပဲ ဖြစ်သွားပါတယ်။
“ခင်ဗျား စောင့်နိုင်ရင် ကျွန်တော့ ခဏနေ ရှင်းပြမယ်လေ”

စားပွဲထိုးတွေက အမျိုးသမီးကြီး စားကောင်းအောင် သူတို့ လုပ်နိုင်သမျှ လုပ်ပေးတာ ကို ထရပ်ကားဒရိုင်ဘာက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပါတယ်။ သူမ စားသောက်ပြီးသွားတော့ ကျသမျှ ရှင်းမလို့ လုပ်တာကို ဘော့ဘ်က ငြင်းလိုက်ပါတယ်။ သူက သူမကို တံခါးအထိ လိုက်ပို့ပြီး သူမ မြင်ကွင်းက ပျောက်သွားတဲ့ အထိ လက်ဝှေ့ရမ်း ပြနေခဲ့ပါတယ်။

အဲဒီနောက် သူက ထရပ်ကားဒရိုင်ဘာ ဆီကို ရောက်လာခဲ့ပါတယ်။
“အခု ဆရာစိတ်ဓါတ်နဲ့ လှုံဆော်မှုက အရေးပါတဲ့ အကြောင်း ပုံပြင်တစ်ပုဒ် ပြောပြမယ်” လို့ သူက ဆိုပါတယ်။
“အဲဒီ မစ္စက်ကော့စ်ဘီ ဆိုတာက ခင်ဗျားရဲ့ ဆရာမ ဖြစ်ခဲ့တာလား”
“ဟုတ်ကဲ့ အကောင်းဆုံး ဆရာမပေါ့၊ အစတုန်းကတော့ ကျွန်တော်တို့ သူ့ကို အဲဒီလို မထင်ခဲ့ဘူးဗျ၊ ကျောင်းတိုင်း ကျောင်းတိုင်းမှာ လူတိုင်းက အောင်မှာ မဟုတ်ဘူးလို့ ထင်ကြတဲ့ အတန်းတစ်တန်းတော့ ရှိတတ်တယ်လေ၊ အဆိုးတွေ စုထားတာပေါ့၊ အဲဒါ ကျွန်တော်တို့ပဲ”
ဘော့က ပြုံးလိုက်ပါတယ်။

“ကျွန်တော်တို့ ဆရာမတွေ တစ်ယောက်မှ ကြာကြာ မနေနိုင်ခဲ့ဘူး။ တစ်မနက်မှာတော့ စာသင်ခန်း တံခါးပွင့်လာပြီး ဆရာမ အသစ်တစ်ယောက် ဝင်လာခဲ့တယ်။ မစ္စက်ကော့စ်ဘီ ပေါ့။ ကျွန်တော်တို့က သူ့ကို ကြည့်ပြီး တစ်ပတ်လောက်ပဲ ခံမှာပါ လို့ တွေးနေကြတယ်။ သူက ကျွန်တော်တို့ကို အမြဲတမ်း ညင်ညင်သာသာပဲ ကိုင်တွယ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ သူ့ကို အမြဲတမ်း ဒုက္ခပေးတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ ဘာပြဿနာပဲ ရှာရှာ ဘယ်တော့မှ ဒေါသမထွက်ဘူး။ အဲလိုနဲ့ သူ ကျွန်တော်တို့ ဆရာမ ဖြစ်ပြီး ပထမလရဲ့ နောက်ဆုံးရက်ကို ရောက်လာတယ်။ အဲဒီနေ့မှာ သူက ဆရာစိတ်ဓါတ်ကို ပြခဲ့တာပဲ၊ သူလည်း တော်တော် ကျော်ကြားသွားတယ်။”

“ဆရာ စိတ်ဓါတ် ဟုတ်လား၊ သူ့ရဲ့ ဆရာ စိတ်ဓါတ်က ဘာများ ထူးခြားတာလဲ”

“သူက သူ့ အိတ်ကို ဖွင့်ပြီး စာရွက်တွေ တစ်ထပ်ကြီးကို ထုတ်လိုက်တယ်။ ကျွန်တော်တို့က အရမ်းကြောက်သွားတာပေါ့၊ စာမေးပွဲ စစ်တော့မှာလား လို့လေ၊ ဒါပေမယ့် မဟုတ်ဘူးဗျ၊ အဲဒါက တကယ့်ကို ကျွန်တော်တို့ကို အံသြစေခဲ့တာ”
“အဲဒီတော့ အဲဒါ ဘာလဲ” လို့ ထရပ်ကားဒရိုင်ဘာက မေးတယ်။

“မစ္စက်ကော့စ်ဘီက ကျွန်တော်တို့ တစ်ယောက်ချင်းစီ ရှေ့ကို လာဖို့ ပြောပြီး စာရွက်တစ်ရွက်စီ ပေးတယ်။ စာရွက် တစ်ရွက်စီ ထဲမှာ ဒီကျောင်းသားက လွန်ခဲ့တဲ့ လအတွင်းက ဘာတွေ ကောင်းအောင် လုပ်ခဲ့လဲ ဆိုတာကို သူက ရေးထားပေးတာ”

ထရပ်ကားဒရိုင်ဘာက ဘော့ဘ်ကို ကြည့်လိုက်တယ်။
“သူက သူ့ရဲ့ ဆရာ စိတ်ဓါတ်ကို ပြဖို့ ခင်ဗျားတို့ ဘာတွေ ကောင်းအောင် လုပ်ခဲ့လဲ ဆိုတာကို စာရွက်တစ်ရွက်မှာ ရေးပြီး ပေးတယ်ပေါ့၊ ကျုပ်တော့ သိပ်နားမလည်ဘူးဗျာ”

“ခင်ဗျား စဉ်းစားကြည့်စမ်းပါဗျာ၊ နားလည်မှာပါ၊ ဘယ်သူကမှ ကျွန်တော်တို့ကို မယုံကြည်ဘူးလေ၊ ဘယ်သူကမှလည်း ကျွန်တော်တို့ကို မကြိုက်ကြဘူး၊ ကျွန်တော်တို့မှာ ဘယ်လိုမှ ကောင်းတဲ့ အချက် မရှိဘူးလို့ အမြဲတမ်း အပြောခံနေရတာ၊ အဲတော့မှ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ စပြီး ယုံကြည်လာတာ၊ ဒီ့အရင်က မတွေ့ဖူးတဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံကြည်လာအောင် တွန်းအားပေးတဲ့ ဆရာစိတ်ပဲ ဗျ”

“အဲဒီမှာ ရုတ်တရက် သိလိုက်ရတာ.. တစ်လ လုံးလုံး ကျွန်တော်တို့ကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ တစ်စုံတစ်ယောက် ရှိနေခဲ့တယ် ဆိုတာပဲ၊ တစ်လလုံး ကျွန်တော်တို့က သူ့ကို ခက်ခဲအောင် ဖန်တီးခဲ့တယ်၊ သူကတော့ ကျွန်တော်တို့ထဲက လူတိုင်းရဲ့ ကောင်းတဲ့ အချက်လေးတွေကိုပဲ ရှာဖွေကြည့်ခဲ့တယ်။
သူက စာရွက်တွေ ဝေပြီးတော့ စာဆက်သင်တယ်လေ၊ ကျွန်တော်တို့ ပထမဆုံး အကြိမ် သူ့ကို စိတ်အနှောက်အယှက် ပေးဖို့ မေ့သွားခဲ့ကြတယ်။”

တစ်စုံတစ်ယောက်က ဘော့ဘ်ကို ခေါ်လို့ စားသုံးသူ တစ်ယောက်ဆီ ထသွားပြီး လုပ်ပေးရတယ်။ ပြီးတော့ သူ ပြန်လာပြီး သူ့ပုံပြင်ကို ဆက်ပြောတယ်။

“မစ္စက်ကော့စ်ဘီက အဲဒီကစပြီး လတိုင်း အဲဒီလိုပဲ လုပ်တယ်၊ တစ်လချင်းစီမှာ ကျွန်တော်တို့ ကောင်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ အားသာချက်တွေကို အလေးပေး ရေးခဲ့တယ်။ ကျွန်တော်က ကျွန်တော်နဲ့ ပတ်သက်ပြီး ဘယ်သူမှ အကောင်းမြင်စရာ တစ်ခုမှ မရှိလောက်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်တော်က ကျောင်းမှာ အရမ်းဆိုးတာ၊ ဒါပေမယ့် သူက ကျွန်တော့် နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဘယ်လောက် တက်ကြွတယ်၊ လိုချင်တာကို ရအောင် ဘယ်လို ငြင်းခုံဆွေးနွေးပြီး ပြောတတ်တယ် ဆိုတာမျိုး ကို အကောင်းမြင် ရေးပေးခဲ့တယ်။ တစ်ယောက်ယောက်က ခင်ဗျားကို အမြဲတမ်း ခင်ဗျားကောင်းတာတွေပဲ ပြောနေခဲ့ရင် ဘယ်လို ဖြစ်မလဲ သိလား”

ထရပ်ကား ဒရိုင်ဘာက ခေါင်းညိတ်တယ်။

ဟုတ်တယ်၊ အဲဒါကို အမှန် ဖြစ်အောင်လို့ ခင်ဗျား စပြီး လုပ်မှာပေါ့၊ အဲဒါ မှန်တယ်လို့ သက်သေပြဖို့ ဘယ်လို ပိုကောင်းအောင် လုပ်ရမလဲ ဆိုတာကို စပြီး လေ့လာတယ်လေ။
အဲဒီလိုနဲ့ သူ့ရဲ့ အကောင်းမြင်တတ်တဲ့ ဆရာစိတ်နဲ့ ကျွန်တော်တို့ အတန်းကို ပြောင်းလဲ ပေးခဲ့တာပဲ၊ ကျွန်တော်တို့လည်း သူ့ခံစားချက်တွေကို ထိခိုက်နာကျင်အောင် ထပ်မလုပ်တော့ဘူး။ ကျွန်တော်တို့ တကယ်ပဲ လေ့လာ သင်ယူတယ်။ တစ်ခြား ကျောင်းသားတွေနဲ့ ဆရာတွေက ဘာတွေ ဖြစ်သွားသလဲ လို့ နားမလည်နိုင်ကြဘူး။”
အဲလိုနဲ့ ဘွဲ့ယူတဲ့ နေ့ကို ရောက်လာတယ်။ ဟုတ်တယ်၊ ကျွန်တော်တို့ အားလုံး ဘွဲရခဲ့တယ်။ မစ္စက်ကော့စ်ဘီက ကျွန်တော်တို့ တစ်ယောက်ချင်းစီကို လက်ခုပ်တီးပြီး အားပေးခဲ့တယ်။

“ကလေးတို့ မင်းတို့ လုပ်နိုင်မယ် ဆိုတာ ငါသိပါတယ်၊ မင်းတို့ကိုယ် မင်းတို့တောင် မသိတဲ့ မင်းတို့ရဲ့ ကောင်းကွက်တွေကို ငါသိခဲ့တယ်။ မင်းတို့မှာ မျှော်လင့်ချက် မရှိဘူး လို့ တစ်ခြားလူတွေ ပြောပြောနေတဲ့ စကားတွေကို မင်းတို့ အကြာကြီး နားထောင်ပြီး ယုံကြည်ခဲ့ကြတယ်။ အခုတော့ သူတို့ မှားတယ် ဆိုတာကို မင်းတို့ သက်သေပြနိုင်ပြီပေါ့။ ဒီနေ့ဟာ ငါ့ဘဝမှာ ဂုဏ်အယူရဆုံး နေ့ပါပဲ” လို့ ကျွန်တော်တို့ အတွက် ဘယ်လောက် ဂုဏ်ယူတယ် ဆိုတာကို မျက်ရည်တွေတောင် ကျပြီး ပြောခဲ့တယ်။

အဲဒီနောက် သူက ကျွန်တော်တို့ တစ်ယောက်စီကို စာအုပ်တစ်အုပ်စီ ပေးတယ်။ အဲဒီနှစ်တွေတစ်လျှောက်က ကျွန်တော်တို့ကို တွန်းအားပေးဖို့ ရေးခဲ့တဲ့ စာတွေ အားလုံးကို အဖုံးအမာနဲ့ ချုပ်ပေးထားတယ်လေ။

“ငါက မင်းတို့ကို ဒီစာအုပ်ကို သိမ်းထားစေချင်တယ်၊ မင်းတို့ ဘဝမှာ တန်ဖိုးမရှိဘူးလို့ ခံစားလာရတဲ့အခါ ဒါကို ဖွင့်ပြီး မင်း ဘယ်လောက် ကောင်းတယ် ဆိုတာကို ဖတ်ပါ။ မင်းကိုယ်မင်း ယုံကြည်သလောက် မင်းလိုချင်တာကို ရနိုင်လိမ့်မယ်၊ ငါ့ကို ယုံပြီး ဒါကို အမြဲ အမှတ်ရပါ” တဲ့။

ဘော့ဘ်က သက်ပြင်းချလိုက်ပါတယ်။

ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ သူက အသုံးမကျတဲ့ အုပ်စုကနေ အောင်အောင်မြင်မြင် လုပ်နိုင်တဲ့ လူတွေ ဖြစ်အောင် ပြောင်းပေးခဲ့တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က အခု ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာခဲ့လို့ပါပဲ။ ကျွန်တော်တို့ အိပ်မက်တွေ ကို ဖြည့်ဆည်းနိုင်ခဲ့တယ်။ ကျွန်တော်ဆိုလည်း အရက်သမား ဆေးသမား ဖြစ်သွားရမယ့်အစား ဒီလို ဆိုင်တစ်ဆိုင် ပိုင်ရှင် ဖြစ်လာတယ်လေ။ မစ္စက်ကော့စ်ဘီ နဲ့ စတွေ့တဲ့ အချိန်မှာ ကျွန်တော် အဲဒီလမ်းကို လိုက်နေခဲ့တာ။ အဲဒီတော့ အခု ကျွန်တော်တို့ သူ့ကို ဘာကြောင့် ရိုသေလေးစားနေရတယ် ဆိုတာ ခင်ဗျား နားလည်လောက်ပါပြီ နော်။

ထရပ်ကားဒရိုင်ဘာက ခေါင်းငြိမ့်ခဲ့တယ်။  ပြီးတော့ သူစားခဲ့သမျှ ဘီလ်ကို တောင်းတယ်။

ဘော့ဘ် အတွင်းဘက်ကို ဝင်သွားခဲ့ပြီး သူပြန်ထွက်လာတော့ ထရပ်ကား ဒရိုင်ဘာ ဖုန်းပြောနေတာကို တွေ့ရတယ်။ သူ့ကို မနှောက်ယှက်ချင်လို့ ရပ်စောင့်နေလိုက်ပါတယ်။

“ဟန်နီ၊ အင်း ငါပါ၊ ငါ ဒီည အိမ်ပြန်လာဖြစ်မယ် ထင်တယ်၊ အင်း လမ်းက ဝေးတော့ ဝေးသေးတာ ငါသိပါတယ်၊ ဒါပေမယ့် ငါလုပ်နိုင်ပါတယ်၊ မင်းရဲ့ အထူးစပါယ်ရှယ် ပါစတာကို ငါ့အတွက် လုပ်ထားနိုင်မလား၊ အဲဒါကို ငါ တကယ်ကြိုက်တာ၊ မင်း အဲဒါ လုပ်ရောင်းသင့်တယ် သိလား၊ တစ်ခြားလူတွေ လုပ်တာထက် ပိုကောင်းတယ်၊ ဘာ..၊ ဘာလို့ ပြောတာလဲ ဟုတ်လား၊ ဘာလို့လဲ ဆိုတော့ ငါ အဲလို ထင်လို့ပေါ့၊ မင်းကို သိစေချင်လိုက ပြောတာပါ၊ မင်းက အဲဒီ Lasagne ချက်တဲ့နေရာမှာ ငါတွေ့ခဲ့ဖူးသမျှထဲ အကောင်းဆုံးပဲ၊ မင်းလုပ်မှာလား..၊ ကောင်းတာပေါ့၊ ညနေကျရင် တွေ့မယ်လေ၊ မင်းကို ချစ်တယ်”

အယ်လီဇာက ဘော့ဘ် ပြုံးနေတာကို တွေ့သွားတယ်။
“ငါ မှန်းကြည့်လိုက်ဦးမယ်၊ မစ္စက်ကော့စ်ဘီ အတွက် တစ်ခြားတစ်ယောက်ပေါ့”
“မှန်တာပေါ့” လို့ ပြောပြီး ဘော့ဘ်က ရယ်လိုက်တယ်။
အယ်လီဇာက ပြုံးလိုက်ပြီး ဘော့ဘ် ပါးကို နမ်းကာ စားသုံးသူ တစ်ယောက်ကို ကော်ဖီထပ်ထည့်ပေးဖို့ ထွက်သွားတယ်။
*****

မစ္စက်ကော့စ်ဘီရဲ့ အကြောင်း မင်း တစ်ခြားလူတွေကို ပြောမယ် ဆိုတာ သေချာတယ်။
အတိအကျပဲပေါ့။ ဒီလို ဆရာမတစ်ယောက်ရဲ့ စိတ်ဓါတ် မျိုးကို ပျံနှံအောင် ဖြန့်ဝေသင့်ပါတယ်။ အဲဒါက အချိန်တိုင်း အလုပ်ဖြစ်တာပဲ။ ဒီ ထရပ်ကား ဒရိုင်ဘာလည်း သူ့ဇနီးကို ဘာအကောင်းဆုံး လုပ်နိုင်တယ် ဆိုတာ ပြောပြီး ပျော်ရွှင်အောင် လုပ်ပေးလိုက်ပြီလေ။ မစ္စက်ကော့စ်ဘီ အတွက် နောက်ထပ် တစ်မှတ်ဆိုတာ သေချာတာပေါ့။

TeacherAttitude ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

03 June, 2011

ကမ္ဘာကြီးက ဘာလို့ ပန်းသီးပင်တွေနဲ့ ပြည့်မနေရတာလဲ

တစ်ရက်မှာပေါ့.. ကျွန်တော်ဟာ ပန်းသီးပင်တွေ ကြီးထွားလာတာနဲ့ ပတ်သက်ပြီး စဉ်းစားခဲ့မိပါတယ်။ အရသာ ရှိပြီး အရည်ရွှမ်းတဲ့ ပန်းသီးတစ်လုံးကို အားရပါးရ အကြီးကြီး ကိုက်စားနေခဲ့ရင်းနဲ့ပေါ့။ ပါးစပ်ထဲမှာ ပန်းသီး အစေ့ တစ်စေ့ တွေ့လို့ လွှင့်ပစ်မယ် ဆိုပြီး လက်ဝါးပေါ် ထုတ်ကြည့်မိတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ ပန်းသီးစေ့ကို သေချာ ကြည့်မိတယ်။ စေ့စေ့စပ်စပ် ကြည့်တယ်။ အဲဒါက အနက်ဘက် ရောက်လုလု အညိုရင့်ရောင်။ သူ့ ပုံစံက ကျွန်တော့်ကို ဖယောင်းတိုင် မီးတောက် ကို သတိသွားစေတယ်..။ အညိုရင့်ရောင် မီးတောက်ကလေး တစ်ခု...။

ကျွန်တော့ လက်ဖဝါးထဲမှာ ပန်းသီးပင် တစ်ပင် ဆုပ်ကိုင် ထားရတယ်လို့ တွေးထင်လိုက်မိတယ်။ ဒီ အစေ့ သေးသေးကလေးကနေ သူ့ဘဝတစ်လျှောက် ပန်းသီး ထောင်ပေါင်းများစွာ ပေးနိုင်တဲ့ လှပတဲ့ အပင်ကြီးတစ်ပင်ဖြစ်လာမှာလေ။ အဲဒီ ပန်းသီး ထောင်ပေါင်းများစွာက တစ်လုံးစီ တစ်လုံးစီ မှာလည်း အစေ့တွေ အများကြီး ပါဦးမယ်၊ အဲဒီ အစေ့တွေကနေ နောက်ထပ် ပန်းသီးပင် အသစ်တွေ ထပ်ပေါက်ပြီး ပန်းသီးတွေ အများကြီး ထပ်သီးဦးမယ်။ ဒါပေမယ့် ဘာလို့ ဒီကမ္ဘာကြီးက ပန်းသီးပင်တွေနဲ့ ပြည့်မနေရတာလဲ...။

သဘာဝရဲ့ စည်းမျဉ်းက အဲဒီ အစေ့တွေထဲက နည်းနည်းလေးကိုပဲ ရှင်သန် ကြီးပြင်းစေလို့ပေါ့။ အများစုက သူတို့ ကြီးပြင်းတဲ့ အစမှာကတည်းက ဖျက်ဆီးခံ ခဲ့ကြရတယ်။

ကျွန်တော့် စိတ်ထဲကို မကြာခဏ ရောက်လာတဲ့ အကြောင်းက လူတွေရဲ့ အိပ်မက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းပါ။ အံသြစရာ အကြံဥာဏ်တွေ ကျွန်တော်တို့ စိတ်ထဲကို ရောက် ရောက် လာပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ  သူတို့ သေဆုံးကုန်ကြတယ်။ ကျွန်တော်တို့က အပင်သေးသေးလေး ပေါက်လာအောင်ကို ဂရုမစိုက်ခဲ့ကြဘူး။ သူတို့ကို ကာကွယ်သင့်ပေမယ့်လည်း မကာကွယ်ခဲ့ကြဘူး။ နောင်ကျမှ ကျွန်တော်တို့ အိပ်မက်တွေ ဘာဖြစ်သွားခဲ့တာလဲလို့ အံသြနေကြတယ်။ ဘာကြောင့် သူတို့ အကောင်အထည် မပေါ်ခဲ့တာလဲ ပေါ့။

ကျွန်တော် အဲဒီ ပန်းသီးစေ့လေးကို စားပွဲပေါ် တင်လိုက်ပါတယ်။ သူ့ဆီကနေ ရောင်ပြန်ထွက်လာတဲ့ အလင်းရောင်လေး ဘယ်လို လာတယ်ဆိုတာ ကြည့်နေမိပါတယ်။ သဘာဝရဲ့ သေးငယ်တဲ့ အံ့သြမှုကလေးပါ။ တစ်စုံတစ်ယောက်က ပန်းသီးပင်တွေ ကြီးထွားလာအောင် အသေအချာ လုပ်ဆောင်တဲ့အခါ အကြိမ် ဘယ်လောက်များများ အစေ့တစ်စေ့ကနေ အစို့အညှောက် ပေါက်လာအောင် ကြိုးစားခဲ့ရမယ် ဆိုတာ ကျွန်တော် တွေးကြည့်မိပါတယ်။ ဘယ်လောက်များများ လုပ်ခဲ့ဖို့ လိုပါသလဲ။

ကျွန်တော်တို့ရဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလိုပါပဲ။ ခင်ဗျားတို့ရဲ့ အိပ်မက်တွေကတော့ သူ့အလိုအလျှောက် အပင်ပေါက်လာမှာ မဟုတ်ပါဘူး။ ပန်းသီးပင် တစ်ပင် စိုက်သလိုပဲ အကြိမ်များစွာ ကြိုးစားရမှာပါ။ အလုပ်ကောင်း တစ်ခု ရဖို့ အလုပ်တွေ ရာနဲ့ချီ လျှောက်ရသလိုပေါ့။ ခင်ဗျားရဲ့ စာမူကြမ်းကို လက်မခံခင်မှာ အကြိမ် နှစ်ရာလောက် ပို့ခဲ့ရနိုင်တယ်။ ခင်ဗျားရဲ့ သူငယ်ချင်းကောင်းကို မတွေ့ခင် လူတွေ ဒါဇင်ပေါင်း များစွာနဲ့ တွေ့ဆုံ ခဲ့ရနိုင်တယ်။

ဒါပေမယ့် ခင်ဗျားရဲ့ အိပ်မက်ကို ဆက်လက် စိုက်ပျိုးနေမယ် ဆိုရင် တစ်နေ့မှာတော့ အောင်မြင် လာမှာပါပဲ။ အဲဒီအခါကျတော့ သူများတွေက ခင်ဗျားကို ပြောလိမ့်မယ်... ခင်ဗျား ကံကောင်းလို့ အောင်မြင်လာတာပါ လို့။ တကယ်တမ်းတော့ ခင်ဗျား မရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ ရှုံးနိမ့်ခြင်းကနေ သင်ယူ လေ့လာပြီး ပိုကောင်းအောင် ပြင်ဆင်၊ ဗဟုသုတ အသစ်တွေနဲ့ ထပ်ပြီး ကြိုးစားခဲ့လို့ပါ။ ပြီးတော့ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်..။ တစ်နေ့မှာတော့ အောင်မြင်မှုက ခင်ဗျားဆီ ရောက်လာခဲ့တာပါ။

ကျွန်တော် ပန်းသီးအစေ့လေးကို ထပ်ပြီး ကောက်ယူ လိုက်ပါတယ်။ ဒါပေမယ့် အဝေးကို လွှင့်ပစ်မယ့် အစား ပန်းအိုး အလွတ် တစ်လုံး ယူလာပြီး သူ့ကို မြေကြီးထဲ ထည့် စိုက်လိုက်ပါတယ်။ တစ်နေ့မှာ အဲဒါက ဂုဏ်ယူစရာ အပင်တစ်ပင် အဖြစ် ကြီးထွား ရှင်သန်လာမှာပါ။ ကျွန်တော် မကြိုးစားခဲ့ဖူး ဆိုရင်တော့လည်း ကျွန်တော် အဲဒါကို ဘယ်တော့မှမြင်ရမှာ မဟုတ်တော့ဘူး ပေါ့လေ...။

(Growing Apples ကို ပြန်ဆိုပါသည်။)

သိင်္ဂါကျော်

02 June, 2011

သမီးလေး အိမ်ပြန်မလာချင်ပါ


နီနီ့ကို ကြိုက်သည့်လူတွေ အများကြီးထဲကမှ ကို့လို လူကို ဘာကြောင့် ရွေးချယ်ခဲ့မိသည် မသိပါ။ အဲဒီ အချိန်တွေ တုန်းကတော့ အချစ်တစ်ခုတည်းနှင့် အရာရာ ပြီးပြည့်စုံမယ် လို့ ထင်ခဲ့တာပေါ့လေ။ ကို ကပဲ အပြောကောင်းသလား၊ နီနီ ကိုယ်တိုင်ကပဲ ကို့စက်ကွင်းထဲ ပါချင်ချင် ဖြစ်နေတာလား မပြောတတ်တော့ပါ။ နီနီက အချောအလှကြီး မဟုတ်ပေမယ့် အသားဖြူဖြူ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက်ကလည်း လှလှ ဆိုတော့ နီနီ့ကို ခင်ချင်သည့် ယောကျာ်းသားတွေ များလှသည်။ နီနီနဲ့ ဘာလိုလိုညာလိုလို ငြိတိတိ ဖြစ်ချင်သူတွေ ထဲမှာ ဝိဇ္ဇာသိပ္ပံက ကျောင်းသားတွေတင်မက စက်မှုကျောင်းသားတွေ ဥပဒေ ကျောင်းသားတွေတောင် ပါသေးသည်။ စာအပြန်အလှန် ပေးကြ၊ ကင်တင်းထိုင် စကားပြောကြသော အခြေအနေထက်တော့ မပိုသေး။ နီနီက ဘာရယ်မဟုတ် မိန်းမပီပီ အဲလို ကိုယ့်ကို ငြိတွယ်ကြတာကို သဘောကျသည်။ ဒါပေမယ့်လည်း ဘယ်သူ့ကို ရွေးချယ်မယ် ရယ်လို့ နှလုံးသားက မညွှန်ပြနိုင်သေးခင်မှာ ကို က နီနီ့ ကမ္ဘာလေးထဲကို ဝင်လာခြင်း ဖြစ်သည်။

နီနီ့ အစ်မ မီမီစိုးကတော့ ကို့ကို နီနီ ရွေးချယ်လိုက်ကြောင်း သိလိုက်ရသည့် အချိန်မှစ၍ ကို့ကို ကြည့်မရ ဖြစ်ခဲ့သူ ဖြစ်သည်။ “နီနီစိုး ရယ် နင် ဘယ်လိုမျက်စိနဲ့များ ကြိုက်လိုက်တာလည်း၊ ရုပ်ကလည်း ချောတာမဟုတ်၊ တောသား၊ စာဘက်မှာ တော်သလား ဆိုတော့လည်း ခဏခဏ စာမေးပွဲ ကျနေတဲ့သူ၊ နင်မို့ ရွေးတတ်ပါပေတယ်၊ ဒီလိုလူကို လက်ထပ်မယ်လို့များ ရည်ရွယ်သလား၊ ငါသဘောမတူဘူး၊ ဖြတ်လိုက်” တဲ့။ မီမီစိုး ဘာပဲပြောပြော ကို့ အပြောထဲက ရုံးမထွက်နိုင်အောင် ကျရှုံးခဲ့သော နီနီကတော့ ကို မကောင်းမှန်း သိလျက်နှင့်ပင် ကို့ကို ချစ်သော စိတ်ကို မပြင်ဆင်နိုင်ခဲ့ပါ။ ကိုက စံပြယောက်ျား တစ်ယောက် မဟုတ်ပေမယ့် နီနီ့ကိုတော့ တကယ်ချစ်သည် ဟု ယုံကြည်သည်။ နီနီ ကို့ကို ချစ်တာလည်း ဘာအကြောင်းကြောင့် ချစ်မိသွားခဲ့သည်ဟု ခွဲခြမ်း စိတ်ဖြာ မပြောနိုင်ပဲ သူ့အလိုလိုဖြစ်တည် ခဲ့သော အချစ် ဟုထင်သည်။ နီနီ့ကို ချစ်သောစိတ်နှင့် ကိုလည်း သူ့အကျင့်ဆိုးတွေကို ပြင်ဆင်နိုင်လိမ့်မည် ဟု အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့မိသည်။

ငယ်စဉ်ကတော့ နီနီ့ စိတ်ထဲ စံပြထားသည့် ယောက်ျားဆိုတာမျိုးက ကို့လို ပုံစံမျိုးတော့ မဟုတ်ခဲ့ပါ။ နီနီ့ ကြိုက်သလို ဖြူဖြူ သန့်သန့် အရပ်ရှည်ရှည် ဆိုတာမျိုးလည်း မဟုတ်သော်လည်း သူ့ အကျင့်စရိုက်ထဲ နီနီ မကြိုက်သည့် ဝါသနာတွေ ပါနေဦးမည် ရယ်လို့တော့ မထင်မိတာ အမှန်ပါ။ ကိုက အရက်ဆိုလည်း ကြိုက်သည်။ အပေါင်းအသင်းတွေနှင့် တွေ့လို့ ဘာပွဲရှိလို့ ဆိုတာအပြင် မကြုံ ကြုံအောင် ဆုံပြီး သောက်ကြသည့် အထဲကို ပါသည်။ ဖဲဆိုတာကလည်း အစကတော့ ကျောင်းသားတွေ အပျင်းပြေ ကစားကြသည် လို့ပင် ထင်ခဲ့ပေမယ့် သူတို့ အပျော်ဆိုတာက ကြေးတွေ တော်တော်ပါသည်။ အဲဒီ ဖဲကြွေး တွေထဲ နီနီ့ လည်ပင်းကရွှေဆွဲကြိုး တစ်ကုံးပင် အဆစ်ပါလိုက်သေးသည်။ သူက ခဏပေါင်ဖို့ပေးပါ ဆိုတော့ နီနီကလည်း ငြင်းရခက်သည်နှင့် ပေးလိုက်ရသည်။ သူက အိမ်က ပိုက်ဆံလာရင် ရွေးပေးမယ် ဆိုပြီး ကြာသာလာသည်၊ နီနီ့ ဆွဲကြိုးက အစအနမျှပြန်ပေါ်မလာ။ နောက်တော့ မမီက သိသွားပြီး ပြဿနာတက်တော့သည်။ ဆူပူပြီး နောက်ဆုံးတော့ နီနီ့အိမ်ကပဲ ဆွဲကြိုးကိုပြန်ရွေးပေးလိုက်ရသည်။ နှစ်ယောက်သား စားသောက်ဆိုင် ထိုင်လျှင် နီနီ ကပဲ အမြဲတမ်း ရှင်းရတာ လောက်ကိုတော့ နီနီက ဘယ်လိုမှ သဘောမထားခဲ့ပေမယ့် အဲဒီလို နီနီ့ အိမ်က ပေးထားသော ပစ္စည်းကို မျက်နှာလွဲ ခဲပစ် လုပ်တာကိုတော့ နီနီ ကိုယ်တိုင်လည်း မကြိုက်ခဲ့ပါ။ ဒါပေမယ့် အဲဒါလောက်နဲ့ မမီ ပြောသလို ဖြတ်လိုက်ရဖို့ ကျတော့လည်း မလုပ်နိုင်ပါ။

နီနီ ဝိဇ္ဇာဘွဲ့ပြီးသွားသည့် အချိန်မှာ ကိုက တတိယနှစ်ကို မအောင်နိုင်သေး။ အောင်အောင် ဖြေလိုက်ပါ ဆိုတာကို ဘယ်လိုမှပြောလို့ မရပဲ အပြင်ဖြေ ဖြစ်သွားသည့်အချိန်မှာ ဆက်မဖြေတော့ပါ။ တကယ်တော့ ကိုက နီနီ့ထက်တောင် ဥာဏ်ကောင်းပါသေးသည်။ ကြိုးစားချင်စိတ် မရှိလို့သာ..။ နီနီက မာစတာဘွဲ့ စတက်နေချိန်မှာ ကို ကတော့ သူ့အိမ် ပြန်ပြီး အမေနဲ့ အစ်မတွေဆီမှာ စားလိုက် သောက်လိုက် လုပ်လိုက်၊ ပိုက်ဆံ တောင်းပြီး ရန်ကုန်လာကာ နီနီ့ကို လာတွေ့လိုက် လုပ်နေသည်။ ကျောင်းပြီးအောင် မတက်တော့ဘူး ဆိုလျှင်လည်း နီနီတို့ နှစ်ယောက် အနာဂါတ် အတွက် တစ်ခုခု လုပ်ဖို့ စဉ်းစားပါ ဆိုတော့ အင်းမလုပ် အဲမလုပ် လုပ်နေသည်။ ကို သည် အားကိုးလို့ မရနိုင်လောက်သည့် ယောက်ျား တစ်ယောက် ဆိုတာ နီနီ သိစပြုပါပြီ။ ဖေဖေ နှင့် မမီကလည်း ခါးခါးသီးသီး ဖြစ်နေသည် ဆိုတော့ ကို့ကို ဖြတ်လိုက်လျှင် ကောင်းမည်လား ဟု စပြီး စဉ်းစားမိသည်။ နီနီက သုံးနှစ်၊ မမီက လေးနှစ်မှာ မေမေ ဆုံးသွားကတည်းက နောက်အိမ်ထောင် မထူပဲ နီနီတို့ ညီအစ်မ နှစ်ယောက်ကို တစ်ယောက်တည်း ကျွေးမွေးပြုစု လာသော ဖေဖေ့ကိုလည်း စိတ်ဆင်းရဲအောင် မလုပ်ချင်ပါ။ သို့ပေမယ့် ကိုနှင့် တွေ့ပြန်တော့လည်း ကို့ကို ဖြတ်ဖို့ စကားကို ပြောမထွက်ရက်ပေ။ ကို နှင့် မတွေ့ခင်တော့ ဘာပြောမယ် ညာပြောမယ် စဉ်းစားပေမယ့် တကယ်တမ်း တွေ့ပြန်တော့လည်း မပြောဖြစ်ပြန်ပါ။ ကိုက တစ်ခုခု ပြောလိုက်လျှင် နီနီက ဆေးမိထားသူလို လိုက်လျောမိပြန်သည်။ အဲလိုနှင့်ပဲ ကိုက နီနီ့ ဖူးစာဖက် မှန်လို့ထင်သည်။ ကို နှင့်ပင် လက်ထပ်ဖြစ်ခဲ့သည်။
*****

မီမီ့ ဘဝမှာ အမုန်းဆုံး လူကို ပြပါ ဆိုလျှင် သိန်းမြင့်လှိုင် ဆိုသည့်လူကိုပင် ပြရပေလိမ့်မည်။ တကယ်တော့ သူက မီမီနှင့် တိုက်ရိုက် မပတ်သက်ပေမယ့် မီမီ အချစ်ဆုံး တစ်ဦးတည်းသော ညီမလေး၏ ဘဝကို ဖျက်ဆီးခဲ့သူ မဟုတ်ပါလား။ သို့သော် နီနီကတော့ သူ့ယောက်ျားကို အကောင်းမမြင်ပေးသည့် အတွက် မီမီ့ကို တစ်သက်လုံး မုန်းလာခဲ့သည်။ နီနီက ဘယ်လိုပင် မြင်မြင် မီမီ့ဘက်ကတော့ သူ့ယောက်ျားကို ဘယ်လိုမှ အကောင်းမမြင်နိုင်သည်က အမှန်။ အဲဒါကလည်း မီမီ့ဘက်က မျက်မှန်စိမ်း တပ်ပြီး ကြည့်တာမဟုတ်။ သူ့ယောက်ျား ကိုယ်တိုင်ကိုက အကောင်းမြင်နိုင်သည့် အပြုအမူမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးတာသာ ဖြစ်သည်။ မီမီ့ ညီမလေးကို လက်မထပ်ရသေးပဲ အပိုင်သိမ်းကာ မရ ရအောင် လက်ထပ်ခဲ့သူ။ အဲဒါ တစ်ခုနှင့်ပင် မီမီ့ဘက်က သူ့ကို မုန်းဖို့ လုံလောက် နေပါပြီ။

မီမီက ယောက်ျားလေးဆို ရုပ်ချောတာ မချောတာထက် ရိုးသား အေးဆေးသော ပုံစံမျိုးကိုသာ သဘောကျသည်။ နီနီ့ ကောင်လေးကတော့ အဲလိုပုံ မဟုတ်တာကို ပထမ အကြိမ် စတွေ့ကတည်းကပင် သိခဲ့သည်။ နီနီ့ ကောင်လေး ဆိုပေမယ့် သိန်းမြင့်လှိုင်က မီမီ့ ထက်ပင် နှစ်နှစ်လောက် ကြီးလိမ့်ဦးမည်။ သိန်းမြင့်လှိုင် ဆိုတာ သူတို့မေဂျာမှာ ဆရာတွေအော့ကြောအလန်ဆုံးတွေထဲက တစ်ယောက်၊ ကျောင်းပြေး၊ ဖဲရိုက်၊ အရက်သောက်နေသူမို့ သူ့ကို မီမီ သဘောမကျတာ မီမီ့ အလွန် မဟုတ်ပါ။ နီနီ သူ့ကို သဘောကျ နေတာကပဲ ထူးဆန်းခြင်း တစ်ခုလို့ မီမီ မြင်သည်။

မီမီ နှင့် နီနီက တစ်နှစ်သာ ကွာသည့် ညီအစ်မမို့ ရုပ်ချင်းဆင်သလို အဝတ်အစားလည်း ငယ်ငယ်တည်းက ဆင်တူ ဝတ်တတ်သဖြင့် သိပ်မရင်းနှီးသည့် သူတွေဆို မှားတောင် မှားတတ်ကြသည်။ သို့ပေမယ့်လည်း စိတ်ဓါတ်ကတော့ သိပ်မတူပါ။ မီမီက ငယ်ငယ်ကတည်းက အလှအပ ကြိုက်သည်။ ခပ်ငယ်ငယ်ကပင် အလှူသွားလျှင် လက်ဝတ် လက်စားတွေ ဝတ်ရသည်မို့ သဘောတွေကျပြီး လိုက်တတ်သူ။ မီမီကတော့ ငယ်ငယ်ကပင် လက်ဝတ်လက်စားတွေ ဝတ်ရတာကို စိတ်ရှုပ်ပြီး သဘောမကျတတ်သူ။ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေက မီမီနှင့် မဆိုင်သလိုပင်။ ပန်းတွေ ဘာတွေ ဆိုလည်း ကလေး ကတည်းက မပန်တတ်ပေ။ ကလေးဘဝကတော့ အဝတ်အစား ဆင်တူ ဝတ်၊ အတူတူ ယောက်ျားလေးလို ဆော့ခဲ့ပေမယ့် တကယ်တမ်းတော့ နီနီက မိန်းမဆန်ပြီး မီမီက ယောက်ျားဆန်သူပါ။ နီနီက သူ့ကို သဘောကျသော ကောင်လေးများကို သဘောမကျ လျှင်တောင် အီစီကလီ လုပ်ချင်သူ။ ကိုယ့်ချစ်သူ မဟုတ်ပဲလည်း ပေးသမျှစာတွေ အထပ်လိုက်သိမ်းထားတတ်သူ ဖြစ်သည်။ မီမီကတော့ ကိုယ်မကြိုက်လျှင် လှည့်တောင်မှ ကြည့်ချင်သူ မဟုတ်ပါ။ မီမီ့ကိုလည်း  ကြိုက်ကြသူတွေ ရှိပေမယ့် ဘယ်ယောက်ျားကိုမှ သဘောကျသည်ရယ်လို့လည်း မရှိမိသောကြောင့် မကြိုက်သည့် အကြောင်း ပွင့်ပွင့်လင်းလင်း ချက်ချင်း ပြောလိုက်တော့ ဘယ်သူကမှလည်း မီမီ့ကို ကြာရှည် တွယ်ကပ် မထားပါ။

နီနီတို့ နှစ်ယောက်ကို မိဘတို့ ဝတ္တရား ရှိသည့်အတိုင်း လုပ်ပေးလိုက်ရသော်လည်း မီမီ နှင့် ဖေဖေ့မှာ စိတ်ဆင်းရဲခြင်း ကြီးစွာ ဖြစ်ခဲ့ရသည်။ သိန်းမြင့်လှိုင် ဘက်က မိဘ နှစ်ပါးနှင့် ဆွေမျိုးတွေ ဆိုတာကလည်း တောဘက်က ခပ်ရိုင်းရိုင်း စရိုက်တွေ ဖြစ်သည်။ သိန်းမြင့်လှိုင်မှာ မောင်နှမတွေကလည်း ၁၀ ယောက်နီးပါး ရှိသည်။ မီမီတို့က အခု လက်ရှိမှာသာ အထည်ကြီးပျက်ဖြစ်နေလို့ အခြေအနေ နိမ့်ကျနေသော်လည်း ဘိုးဘွား လက်ထက်ကတည်းက အဆင့်အတန်း မြင့်မြင့် နေလာသူတွေ ဖြစ်သောကြောင့် သိန်းမြင့်လှိုင်နှင့် သူ့မောင်နှမ ဆွေမျိုးများကို ဘယ်လိုမှ သဘောမကျနိုင်ပဲ မချစ်သော်လည်း အောင့်ကာနမ်း လုပ်ခဲ့ရသည်။ လက်ထပ်ပြီးလျှင်တော့ သိန်းမြင့်လှိုင်၏ ပေါ့ပေါ့နေပေါ့ပေါ့စား အကျင့်လည်း ပျောက်ကောင်း ပျောက်သွားမည် ဟု မီမီ မျှော်လင့်မိသည်။

နီနီ နှင့် လက်ထပ်ပြီးတော့ ဘာအလုပ်အကိုင်မှ မရှိသည့် သိန်းမြင့်လှိုင်က မီမီတို့ အိမ်ပေါ်သို့ ရောက်လာရသည်။ နီနီ မာစတာ သီးစစ် လုပ်နေသည့် အချိန်မှာ သမီးလေးကို ကိုယ်ဝန်နှင့်။ နီနီ ရန်ကုန်မှာ ကျောင်းတက်နေသည့် အချိန်မှာတော့ သိန်းမြင့်လှိုင်ကလည်း သူ့အိမ်သူ ပြန်နေသည်။ သားကျွေးမှု မယားကျွေးမှု အတွက် ကြိုးကြိုးစားစား ရှာဖွေချင်သည့် စိတ်ဓါတ်မျိုးလည်း မရှိပါ။ သမီးလေး မွေးပြီးတော့ လည်း သိန်းမြင့်လှိုင်က ဘာမှ မပြောင်းလဲ။ သူ့အိမ်ကို ကိုယ်ပိုင် အလုပ်လုပ်ဖို့ အရင်းအနှီး တောင်းတာကို မပေး၍ ဘာအလုပ် လုပ်ရမှန်း မသိဟု ဆိုသည်။ မီမီတို့ဘက်ကလည်း သူ့ကို အရင်းအနှီး ထုတ်ပေးနိုင်သည့် အခြေအနေ မရှိပါ။ ရှိခဲ့လျှင်တောင် ဖေဖေပဲ ဦးစီးပြီး လုပ်ဆောင်ဖို့ များသည်။ သိန်းမြင့်လှိုင်လို လူမျိုးကို ဘာကို ယုံစားပြီး အရင်းအနှီး ထုတ်ပေးရမည်လဲ။ ထုတ်ပေးလိုက်လျှင် သူ ဖဲရိုက်တာနှင့်ပင် ကုန်မှာပင်။ ပိုက်ဆံ မရှိ၍သာ ဖဲမရိုက်တော့ခြင်း မဟုတ်လား။ မိန်းမ ရလို့ စိတ်ကောင်းဝင်ပြီး စွန့်လိုက်ခြင်းမှ မဟုတ်ပဲ။

လင်မယားကြား ဝင်မပါနှင့် လို့ ပြောကြသော်လည်း မီမီကတော့ မနေနိုင်ပဲ သူတို့ လင်မယား ရန်ဖြစ်တိုင်း ဝင်ပါရတတ်သည်။ ဒီထက်ဆိုးလာလျှင်တော့ ဖေဖေပါ မနေနိုင်တော့။ သိန်းမြင့်လှိုင် ဆိုတာကလည်း ဖေဖေ့ကို လူကြီးရယ်လို့ လေးစားသမှုနှင့် ဆင်ဆင်ခြင်ခြင် ပြောဆို နေထိုင်သူ မဟုတ်ပါ။ အရက်တွေ မူးလာပြီး မယားကို နင်းခိုင်းရင်လည်း သူ့မိန်းမက ငြိမ်ခံနေပေမယ့် မီမီက ကြားထဲက စိတ်ဆင်းရဲသည်။ လင်မယား ရန်ဖြစ်လိုက်ကြတာ ဆိုတာကလည်း တစ်ရက်ခြား နှစ်ရက်ခြား လိုလို။ သိပ်မကြီးမားတာတော့လည်း မီမီ နှင့် ဖေဖေက လျစ်လျူရှု နေလိုက်ပါသည်။ သူတို့ လင်မယားက မွေးကာစ ကလေးကိုမှ ဂရုမထားပဲ ရန်ဖြစ်ကြတာ ကလေးတောင် ပုခက်ထဲက ပြုတ်ကျသည်။ ကလေးကို ထိတော့ မီမီက ကိုယ့်ကလေး မဟုတ်ပေမယ့် မခံမရပ်နိုင် ဖြစ်ရသည်။ သမီးလေးက သူ့အမေ လက်ထဲမှာထက် မီမီ့ လက်ထဲမှာသာ နေရတာ များသည် မဟုတ်လား။ ဖေဖေကလည်း သူ့မြေးဦးမို့ အသည်းစွဲ ဖြစ်ရာ သမီးလေးကို ထိခိုက်မိမှာတော့ သည်းမခံနိုင်။

ဒီလိုနဲ့ပဲ ဆက်လက် သည်းခံဖို့ မဖြစ်နိုင်တော့သည့် အချိန်မှာ နီနီတို့ လင်မယား ကွာရှင်း ဖြစ်ကြသည်။ သမီးလေးကတော့ ခြောက်လ သမီးမို့ ဘာမှ မသိသေး။ မီမီကတော့ ဘာမှ မထောက်ပံ့နိုင်သည့် သူ့အဖေ မရှိတာကမှ ပိုကောင်းသေးသည် ဟု ထင်သည်။ သမီးလေးကို အားမငယ်အောင် သူ့ အဘိုးတွေ၊ အမေတွေ၊ အဒေါ်တွေက မေတ္တာလည်း လိုသလောက် ပေးနိုင်ပါသည်။ သမီးလေး သူများ တန်းတူ ကြီးပြင်း လာအောင်လည်း မွေးနိုင်ပါသည်။

သမီးလေးက ဥာဏ်ကောင်းပြီး ချစ်စရာကောင်းသော ကလေးတစ်ယောက် အဖြစ် ကြီးပြင်း လာခဲ့ပါသည်။ သမီးလေး နည်းနည်းကြီးကာမှ မီမီကော နီနီပါ အလုပ်ဝင်ခဲ့သောကြောင့် သမီးလေး ငယ်စဉ်ကလည်း ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက် ပေးနိုင်ခဲ့သည်။ သမီးလေး ငယ်စဉ်က အဖေ နာမည် ဘယ်သူလဲ မေးလျှင် အဘိုးနာမည်ကိုသာ ပြောတတ်လေ့ ရှိသည်။ နည်းနည်းလောက် သိတတ်သည့် အရွယ်ကျမှ သမီးလေးမှာ အဖေ တစ်ယောက် သပ်သပ် ရှိသည့် အကြောင်း နာမည်ပါ ပြောပြတော့မှ အဘိုးက အဖေ မဟုတ်ကြောင်း သိသွားသည်။ သူ့အဖေကလည်း သမီးလေး အတွက် ဘာမှ ထောက်ပံ့တာ မရှိ၊ လာတွေ့ဖို့ ကြိုးစားတာ မရှိပေမယ့် သမီးလေး စာဖတ်တတ်သည့် အရွယ်ကတည်းက မွေးနေ့ ရောက်တိုင်း သတင်းစာထဲကနေ မွေးနေ့ ဆုတောင်း ထည့်လေ့ရှိသည်။ အဖေရင်းက တစ်ခြားမှာ ရှိမှန်း သိသော်လည်း သမီးလေးကတော့ ရုပ်ရှင်တွေ၊ ဝတ္တုတွေ ထဲကလို အဖေနဲ့ တွေ့ချင်တာတို့၊ အဖေ လိုချင်တာတို့ တစ်ခါမှ မပြောဖူးပါ။ မီမီတို့ သားအမိ သားအဖ သုံးယောက်ရဲ့ မေတ္တာက သမီးလေးကို လုံလောက်စေပြီ ဟု မီမီကတော့ ကိုယ့်ဘက်ကို ယက်ပြီး တွေးသည်။

မီမီ့ကို လက်ထပ်ချင်သူတွေ ရှိခဲ့ဆဲ ပေမယ့် သမီးလေးကို ငဲ့တာက တစ်ပိုင်း၊ မီမီ ကိုယ်တိုင်လည်း ယောက်ျားတစ်ယောက် အတွက် ကိုယ့်ဘဝကို ယုံယုံကြည်ကြည် မစတေး နိုင်တာက တစ်ပိုင်းမို့ အိမ်ထောင်မပြုဖြစ်ခဲ့ပါ။ ပညာတတ် မိန်းမသားတွေ ကိုယ့်ဘဝကိုယ် မားမားမတ်မတ် ရပ်တည်နိုင်နေတာကိုပဲ မလိုသူတွေကတော့ ပုတ်ခတ်ကြသည်။ အသက် ၃၀ ကျော် ၄၀ နားနီး အပျိုကြီး တစ်ယောက်နှင့် တခုလပ် မိန်းမ တစ်ယောက်မို့ မလေးမစား လုပ်ချင်ကြသည်။ ဖေဖေကလည်း သူတစ်ပါး လေးစားလောက်စရာ စီးပွားရေး လုပ်ငန်း မားမားမတ်မတ် မရှိတော့သူမို့ အဟန့် မဖြစ်သည်ကတော့ ပြောချင်ဆိုချင်သော လူတွေရဲ့ သဘာဝပါပဲ။ မီမီက ဘယ်သူတွေ ဘယ်လောက်ပဲ စချင် နောက်ချင်ပေမယ့် ဘယ်သူ့ကိုမှ မျက်နှာသာ မပေးသူမို့ ဘယ်သူကမှ ရှေ့တိုးမလာရဲခဲ့။ သို့ပေမယ့် နီနီကတော့ သူ့ ထုံးစံ အတိုင်း ကောင်လေး တစ်ယောက်နှင့် ပတ်သက်မိသည်။ အစကတော့ မီမီလည်း ခဏလောက်နှင့် ဇာတ်လမ်းလို့ ထင်မိပေမယ့် တော်တော်နှင့် မပြတ်နိုင်ပဲ ကောင်လေးက သူ့အသိုင်းအဝိုင်း သူငယ်ချင်းတွေ အထိ သူတို့ ကြိုက်နေကြောင်း ပျံ့နှံ့ စေသောအခါမှာတော့ မီမီ စိုးရိမ် လာရပြန်သည်။ ယောက်ျား တစ်ယောက်နှင့် ပတ်သက်လျှင် နီနီ့မှာ ဦးနှောက် မရှိတာ မီမီ သိသည်။ ဒီ တစ်ယောက်ကလည်း အသက် အများကြီး ငယ်သည့်အပြင် ဘာမှ အနာဂါတ် ရေရေရာရာ မရှိသူ ဖြစ်သည့် အတွက် မီမီ သဘောမတူနိုင်ပါ။ အဲဒီအပြင် သမီးလေးကိုလည်း ပထွေးနှင့် ပေးမနေနိုင်ပါ။

နောက်ဆုံးတော့ သမီးလေး အဖေကို ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်ရသည်။ သမီးလေး အဖေ ဘက်ကလည်း ပြန်ပေါင်းလိုကြောင်း ကမ်းလှမ်း ဖူးသေးသည် မဟုတ်လား။ မီမီ တို့က ဘာမှ အကြောင်းမပြန်ပဲ ထားထား သောကြောင့်သာ ရှေ့မဆက်ရဲခြင်း ဖြစ်သည်။ မီမီ အရင်က တွေးထားသလို နီနီက တစ်သက်လုံး တစ်ယောက်တည်း နေနိုင်မည့်သူ မဟုတ်နိုင်လောက်ပါ။ အရွယ်လေးကလည်း ရှိသေးသည်။ ဒီ တစ်ယောက် မဟုတ်လျှင်လည်း နောက်တစ်ယောက် တွေ့ဦးမှာပဲ ဖြစ်သည်။ အဲလို ဖြစ်လျှင်တော့ သမီးကလေးက ပထွေးနဲ့ နေနေရလိမ့်မည်။ အဲဒါမျိုးတော့ မီမီက မဖြစ်စေချင်။ သမီးကလေး စိတ်မှာ ဒဏ်ရာ ရသွားမှာမျိုး တစ်ခုတလေမှ မရှိစေချင်ပါ။ သူ့အဖေက ပေါ့ပေါ့နေ ပေါ့ပေါ့စား တာကလွဲပြီး သူ့အမေကို သစ္စာမဖောက်သေးလျှင် သမီးလေး မိစုံ ဖစုံ ဖြစ်ဖို့ မီမီပဲ တိုက်တွန်း ပေးရလိမ့်မည်။
*****

သမီးလေး သိတတ်စက စပြီး မေမီ နှင့် မေမေ မကြာခဏ ရန်ဖြစ်တတ်တာကို သိခဲ့ရသည်။ တစ်ခါတရံမှာ ဘိုးဘိုးက တစ်ယောက်ယောက်ဘက်က လိုက်ပါမိလျှင် ဘိုးဘိုးနှင့်ပါ ရန်ဆက်ဖြစ်လေ့ရှိသည်။ မေမေ့ အစ်မ ဒေါ်ကြီးကို သမီးလေးက မေမေမီ လို့ ခေါ်ရာက မေမီ ဖြစ်သွားသည်။ မေမီက ရန်ဖြစ်လျှင် ဒေါသတကြီး အော်ဟစ်တတ်ပြီး မေမေကတော့ ပုံမှန်အသံနှင့် သူများ မခံနိုင်အောင် တတွတ်တွတ် ပြောတတ်သည်။ သူတို့ နှစ်ယောက် ရန်ဖြစ်လျှင် သမီးလေး က တစ်နေရာရာမှာ သွားနေပြီး မကြားချင်ယောင် ဆောင်နေလေ့ရှိသည်။ စာအုပ်ဖတ်စရာ ရှိလျှင်လည်း မကြားနိုင်သည့်နေရာမှာ စာအုပ်ဖတ်နေလိုက်သည်။ အဲဒီလို နှင့် သမီးလေး အရွယ်ရောက်လာပြီး အစစ သိလာပေမယ့် တစ်ယောက်ယောက်ဘက်က တစ်ခွန်းခွန်း လိုက်ပြောလို့ လုံးဝ မဖြစ်ပါ။ အဒေါ်နှင့် အမေ နှစ်ယောက်ကြားမှာ သမီးလေး ပြောလိုက်သော စကား တစ်ခွန်းတလေမှ အမှား ခံလို့ မဖြစ်တာ နားလည်သည်။ တစ်ခုခု မှားသွားလျှင် သမီးလေး ဘက် လှည့်လာပြီး သမီးလေး သာ ငိုရလိမ့်မည်။ သမီးလေးကို တစ်ခါမှ မရိုက်ဖူးပေမယ့် ပြောတာ ဆိုတာကတော့ မကြာခဏ ခံရဖူးသည်။ အဲဒီတော့ သူတို့ ဘယ်လောက်ပဲ အော်ကြီး ဟစ်ကျယ် ဖြစ်နေနေ သမီးလေးက မသိသလို နေနေသည်။ ညီအစ်မချင်းမို့ ခဏလောက် နေတော့လည်း ပြေလည်သွားတာပဲမို့ သမီးလေး ဝင်ပါနေစရာ မလိုပါ။ ကြာတော့လည်း သမီးလေးက စကားကို တတ်နိုင်သလောက် နည်းနည်းပဲ ပြောသည်။ အရမ်းခင်သော သူငယ်ချင်းတွေကလွဲလျှင် ဘယ်သူနှင့်မှလည်း မရင်းနှီးလွယ်ပဲ စကားနည်းသူလေး ဖြစ်လာသည်။
သမီးလေး အဖေ နှင့် အမေ ကွဲနေကြောင်း သိတတ်စ အရွယ်ကပင် သိခဲ့ရသော်လည်း သမီးလေး စိတ်ထဲ ဘယ်လိုမှ မနေခဲ့ပါ။ ရုပ်ရှင်တွေ၊ ဝတ္တုတွေ ထဲကလို အဖေ မရှိလို့ အားငယ်တာမျိုးလည်း မရှိခဲ့ပါ။ အဘိုးကပဲ ကျောင်းပို့ ကျောင်းကြို လုပ်ပေးသောကြောင့် သမီးလေး စိတ်ထဲ ဘာက လိုနေတယ်ရယ်လို့ မရှိခဲ့ပါ။ သမီးလေး ၇တန်း နှစ်မှာ အဖေ နှင့် အမေ ပြန်ပေါင်း ပြီးကာမှ အဖေ့ အလုပ်အကိုင် ဆိုတာမျိုး ထည့်စရာ ရှိလာလျှင် ဘယ်လို ထည့်ရမလဲ စဉ်းစားရင်း အားငယ်တတ်လာသည်။ လူကြီး စုံရာ ရှေ့မှာ တရားဝင် ပြန်ပေါင်းထားတာက တစ်ကြောင်း၊ အသက်လည်း နည်းနည်း ရလာတာက တစ်ကြောင်းမို့ ထင်သည်။ မေမီပြောသလောက်တော့ ဖေဖေက မဆိုးတော့ပါ။ အရက်လည်း မသောက်၊ ဖဲလည်း မရိုက်တော့။ မေမေ့ကိုလည်း မနှိပ်စက်တော့။ သို့ပေမယ့် ဖေဖေ့မှာ ကိုယ်ပိုင် ဝင်ငွေရှိသော အလုပ်တစ်ခုမှ ရှိမနေခဲ့။ မိဘအိမ်က အခြေအနေကောင်းရင် နည်းနည်းပါးပါး ယူလာပြီး ထောက်ပံ့သည်။ သူကိုယ်ပိုင် ထောက်ပံ့တာတော့ တစ်ခုမှ မရှိပါ။ ဖဲမရိုက်တော့ပေမယ့် လောင်းကစား ဝါသနာကြီးလှသော ဖေဖေ့ အတွက် စိတ်ဝင်စားသော အလုပ်တစ်ခုတော့ ရှိသည်။ အဲဒါက သုံးလုံးထိုးခြင်းပင်။ သမီးလေး သိသလောက် ဖေဖေ အိမ် စရောက်ကတည်းက ထိုးနေတာ တစ်ခါတည်းပဲ လောက်လောက်လားလား ပေးဖူးသည်။ မှတ်မှတ်ရရ ဖေဖေ ဝယ်ပေးတာ ဆိုလို့ အိမ်မှာ တီဗွီ တစ်လုံးရယ်၊ စက်ဘီး တစ်စီးရယ်ပဲ ရှိဖူးသည်။ မေမေ တို့လည်း တော်တော် ကျပ်ကျပ်တည်းတည်း ဖြစ်နေချိန်မို့ သူပေးသော ပိုက်ဆံနည်းနည်းက တော်တော်တော့ အထောက်အပံ့ ဖြစ်ခဲ့ဖူးသည်။ ဒါကလည်း အဲဒီတစ်ခါလောက်ပါပဲ။ အဲလို အဖေက ပေးနိုင်သည့် အခါမျိုးမှာ အမေက အဖေ့ကို ကြည်ပြီး အဖေက နည်းနည်းတော့ ထောင်ထောင် ထောင်ထောင် ဖြစ်ချင်သည်။ နောက်တော့လည်း ဒုံရင်း ဒုံရင်း ကုန်တာပဲ များပါသည်။

ဖေဖေ ပြန်ရောက်လာသည့် အတွက် သမီးလေး တက္ကသိုလ် တက်ချိန်မှာ ဖေဖေက အပို့ အကြို လုပ်ပေးနိုင်လာသည်။ ရန်ကုန် မှာ ကျောင်းတက်နေသော သမီးလေး ဆီကို လိုတာတွေ လာပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် အားနေသော ယောက်ျားသား တစ်ယောက်ဆိုတော့ ဝန်ထမ်းဖြစ်သော မေမီ နှင့် မေမေတို့ မလာနိုင်သည့် အချိန်တွေမှာ သမီးလေး အတွက် အားကိုးစရာ ဖြစ်ရသည်။ အိမ်နှင့် အဝေးမှာ ကျောင်းစတက်ရလို့ သူများတွေ ငိုနေသည့် အချိန်တွေမှာ သမီးလေးကတော့ မငိုဖြစ်ခဲ့ပါ။ သမီးလေးက အဲဒီလောက် အားနွဲ့တတ်သူ မဟုတ်ပါ။ အိမ်နှင့် ဝေးနေလျှင် အိမ်က ရန်ဖြစ်သံ များနှင့်လည်း ဝေးနေရမည်မို့ သမီးလေးက သဘောကျသည်။ အခုတော့ အဖေ တစ်ယောက် ပိုလာသည်မို့ မေမီနှင့် မေမေ သာမက ဖေဖေ နှင့် မေမေ ရန်ဖြစ်သည်ကိုလည်း သမီးလေးက ရိုးနေပါပြီ။ သို့ပေမယ့် အဲလို ရန်ဖြစ်သံတွေကို ကြားရတိုင်းလည်း စိတ်ကျဉ်းကျပ်မှုကို ခံစားရစမြဲပါ။

သမီးလေးလည်း ကျောင်းပြီးခဲ့ပြီ။ အဘိုးလည်း ဆုံးပါးသွားခဲ့ပြီ။ မေမီ နှင့် မေမေ လည်း ရာထူး အဆင့်ဆင့် တိုးလာကြပြီ။ ဖေဖေကတော့ ဘာမှ မပြောင်းလဲသေးပါ။ အပေါင်းအသင်းတွေဆီ လျှောက်သွားနေတုန်း... ၂ လုံး ၃လုံး ထိုးနေတုန်းပင်။ သူ ပေါက်တာနှင့် သူပြန်ထိုးတာနှင့် အပတ်လည်နေ၍ သူထိုးဖို့ သိပ်မပေးရတာကိုပင် ကျေးဇူးတင်ရသေးသည်။ သူ မပေါက်နေသည့် အချိန်တွေမှာတော့ သူ့ကို ဈေးဝယ်ခိုင်းသော ဈေးဘိုးထဲက ဖြစ်ဖြစ်၊ ဟိုဟာ ဒီဟာ ဝယ်ခိုင်းသည့် အထဲကပဲ ဖြစ်ဖြစ် ပိုပိုသာသာ တောင်းပြီး ဘတ်ငွေထဲက ထိုးလေ့ရှိသည်။ သူလိုချင် မျှော်လင့်သည့် တစ်ခုခုကို ရဖို့ အတွက် ချဲပေါက်လျှင် ဆိုသည့် အချိန်ကာလ တစ်ခုကိုသာ တောင့်တနေလေ့ ရှိသည်။ နောက်ဆုံးတော့ သူ့အတွက် အဝတ်အစား အသုံးအဆောင် ဆိုတာက အစ မေမေကပဲ ဝယ်ပေးရသည်သာ ဖြစ်သည်။ တစ်အိမ်လုံးကို မေမေကပဲ ကျူရှင်ပြပြီး ရှာကျွေးနေရခြင်း ဖြစ်သည်။ သမီးလေး ကျောင်းစားရိတ်နှင့် ဖေဖေ့ ချဲဖိုးနှင့်မို့ မေမေ ရသမျှ ဝင်ငွေက သိပ်ကြီး စုမိ ဆောင်းမိ မရှိလှပါ။

သမီးလေး ဘွဲ့ရပြီးနောက် ရန်ကုန်မှာပဲ အလုပ်ဝင်ဖြစ်သည်။ အလုပ်လုပ်နေတယ်သာ ဆိုပေမယ့် လခက ကိုယ်တိုင်တောင် မလောက်မငမို့ အဆောင်ငှားခ ဘာညာနှင့်ဆို အိမ်ကတောင် ပြန်တောင်း ရချင်သေးသည်။ ရရာ အလုပ်ကို ဝင်လုပ်လိုက်ခြင်းမှာ သမီးလေးက တတ်နိုင်သလောက် အိမ်မှာ ကြာကြာ မနေချင်သောကြောင့် ဖြစ်သည်။။ ခဏ တဖြုတ် အလည်အပတ် လောက်သာ အိမ်မှာ နေချင်သည်။ မေမီ ရော မေမေ ရောက သမီးလေးကို ချစ်သလောက် အလိုလိုက်သလောက် စည်းကမ်းလည်း ကြီးသည်။ သမီးလေးကို မျက်စိဒေါက်ထောက် ကြည့်နေသည် ဟု ခံစားရသည်။ သမီးလေးက လွတ်လပ်မှုကို မြတ်နိုးသူမို့ ဘာလုပ်နေလဲ၊ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ တို့ စပ်စုတာတွေကို မကြိုက်။ အပြင်သွားလျှင် ဘယ်အချိန်ပြန်လာမလဲလို့ ထိန်းချုပ်ကန့်သတ်ပြီး အဲဒီအချိန် ပြန်မလာလျှင် စိတ်ပူတတ်တာကို မကြိုက်။ အဲဒါအပြင် သမီးလေးလည်း ကြီးလာပြီ သိတတ်လာပြီ ဆိုပြီး သူတို့ ရန်ဖြစ်ရသည့် အကြောင်းတွေ၊ ဖေဖေ့ မကောင်းကြောင်းတွေကို ခဏ တဖြုတ် ပြန်လာ ခိုက်မှာပင် နားနှင့် မဆံ့အောင် ကြားရတတ်သည်။

မေမီ ပင်စင် ယူပြီးတော့ ပိုအားလာသည်။ မေမီက တစ်ချိန်လုံး အိမ်မှာ ရှိနေတော့ ဖေဖေက မေမေ မရှိသည့် အချိန်တွေမှာ တစ်ချိန်လုံး အိမ်က ရှောင်နေရသည်။ နောက်တစ်နှစ်နေတော့ မေမေ ပင်စင်ယူသည်။ မေမီ နှင့် မေမေ့ ပင်စင်လစာလေးနှင့် သမီးလေး လစာလေးပဲ ဝင်ငွေ ရှိတော့သည်။ သမီးလေးကလည်း တနယ်တကျေး မှာ လုပ်ရသူမို့ ရာထူးတိုးပြီး လစာ တိုးထားပေမယ့် ကိုယ့်တစ်ကိုယ်စာ လောက်ငရုံ လောက်သာ ရှိသည်။ သမီးလေးက သူများတွေလို နိုင်ငံခြား သွားပြီး အလုပ်လုပ် ချင်ပေမယ့် စိတ်မချ ဖြစ်ပြီး မလွှတ်ကြပါ။ သမီးလေး ကျောင်းပြီးကာစ ကတော့ နိုင်ငံခြား သွားချင်တယ် ဆိုတာကို တောင် မပြောရက်လောက်အောင် မိသားစု စီးပွားရေးက မကောင်းခဲ့ပါ။ အခုတော့ နိုင်ငံခြား ထွက်ဖို့ ရင်းနှီးပေးမယ် ဆို ဖြစ်နိုင်ပေမယ့်လည်း မေမီက သမီးလေးကို လုံးဝ ပေးမသွားချင်ပါ။ ပေးထားသည့် အတိုးလေးနဲ့ပဲ လောက်အောင်စားမည်။ မတတ်သာသည့် အဆုံး အိမ်ရှေ့မှာ ဈေးဆိုင် ဖွင့်ချင်ဖွင့်မည်။ သမီးလေးကို တော့ နိုင်ငံခြား ပေးမသွား။ ဖေဖေနှင့် မေမေ ကတော့ နိုင်ငံခြားမှာမှ လခကောင်းကောင်း အလုပ်ရမည်ဆို သွားစေချင်သည်။ အဲဒီတော့ သမီးကို ခိုင်းစားချင်သည့်သူ အဖြစ် မေမီ နှင့် ရန်ဖြစ်ကြပြန်ရော...။

မေမေက တစ်ခါတရံ သမီးလေး အတွက် ဘယ်လောက်တောင် ကုန်ကျရတာ၊ ခုထိ တစ်ပြားမှ မစားရသေး စသဖြင့် ပြောလာလျှင်တော့ သမီးလေး လည်း ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်ရသည်။ ဘာကြောင့် သူများလို လစာကောင်းသည့် အလုပ်မှာ မလုပ်မိတာလည်း လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်သည်။ သမီးလေးလည်း ကိုယ့်မိဘကိုယ် ထောက်ပံ့ပေးချင်ပါသည်။ ဒါပေမယ့် ဒီအလုပ်ကလွဲပြီး ဘာမှလည်း မလုပ်တတ်သောကြောင့် ကိုယ့်ကိုယ်ကို ဘယ်လို ရှေ့ဆက်ရမည် မသိပါ။ သမီးလေးတို့ အိမ်မှာက ငွေရေး ကြေးရေး ပြေလည် နေချိန်မှာ ရန်ဖြစ်သည့် အကြိမ်လျော့သည်။ မပြေလည်တော့ချိန်မှာ ရန်ဖြစ်သည့် အကြိမ်ရေ စိပ်သည်။ အသက် ၆၀ ကျော်ပြီ ဖြစ်သည့် ဖေဖေ့ကိုတော့ ခုလိုချိန်ကျမှလည်း ဘာအလုပ်မှ လုပ်ခိုင်းလို့ ရမည်မဟုတ်တော့။ ပင်စင်စား မေမီ နှင့် မေမေကလည်း ရှေ့ဆက် ဘာလုပ်ရမယ် မသိပဲ ရသည့် ပင်စင်လစာလေး၊ အတိုးလေး နှင့်ပဲ လောက်အောင် စားနေရသည့် အခြေအနေ။ သမီးလေးကလည်း အိမ်က ပြန်မတောင်းတော့ပေမယ့် အိမ်ကို ပြန်ပေးနိုင်ဖို့ ဆိုတာ ဝေးနေသေးသည်။ သမီးလေးက မလိမ္မာပါ။ အသက်လည်း ၃၀ ရှိခဲ့ပြီ ဖြစ်ပေမယ့် ခုထိ မိဘကို ဘယ်လောက်ဖိုး လောက် ထောက်ပံ့ ပေးကမ်း နိုင်ခဲ့ပြီလဲ ဆိုတာ တွေးမကြည့်ချင်ပါ။ တစ်ဦးတည်းသော သမီးလေးကမှ ဒီမိဘ သုံးဦးကို ရှာမကျွေးနိုင်ရင် သမီးလေးကို ဘယ်လို မွေးရကျိုး နပ်မလဲ လို့လည်း ကိုယ့်ကိုယ်ကို မကျေနပ်ချင်ပါ။
*****

ဖေဖေ ဆုံးပြီးမှ နီနီ့ အလုပ်က အဆင်ပြေလာသောကြောင့် ချို့ချို့တဲ့တဲ့ အခြေအနေမှာ ဆုံးသွားခဲ့သော ဖေဖေ့ကိုလည်း တစ်ခါတရံ သတိရမိသည်။ မီမီက ကျူရှင် လုံးဝမပြသူမို့ သူ့အထက်တန်းပြ လစာလေးနှင့်ပင် ပင်စင်ယူသည်အထိ လုပ်ခဲ့သူ ဖြစ်သည်။ နီနီကပဲ ရနိုင်သလောက် ဘေးပေါက် ကျူရှင်လေး ဘာလေး ရှာပြရသည်။ နီနီ တို့ အိမ်က အစကတည်းက အသုံးအစွဲကြီး၊ လက်ဖွာသူတွေ ဖြစ်သည့်အပြင် တစ်ယောက်တည်းသော သမီး၏ ကျောင်းစားရိတ်၊ ကျောင်းပြီးတော့လည်း တစ်လ တစ်လ လခနှင့် မလောက်သဖြင့် ပေးရသော မုန့်ဖိုး၊ အိမ်ပြန်လာတော့ ကုန်ကျတဲ့ ကားခ၊ ပြန်ထည့်ပေးလိုက်ရသည့် ရိက္ခာတွေ စသဖြင့် နီနီတို့ မိသားစုမှာ သူများတွေထက် ကုန်ကျစားရိတ် ပိုများသဖြင့် ရှာသမျှမှာ ကုန်တာပင်။

နီနီ့ ယောက်ျားနှင့် ပတ်သက်လို့တော့ ဝဋ်ကျွေးတစ်ခုလိုပင် သဘောထားလိုက်ပါပြီ။ သမီးလေး အတွက်၊ နီနီ့ ဘဝ လုံခြုံဖို့ အတွက် အကာအရံ တစ်ခု အဖြစ် သူနှင့် အတူ နေနေရသည်ပင်။ သူ့ဘက်က အထောက်အပံ့ တစ်စုံတရာကို မျှော်ကိုး၍ မရနိုင်မှန်းလည်း သိနေပြီးသား။ သို့ပေမယ့် မီမီက အဲဒါကို အမြဲတမ်း ပြဿနာ လုပ်နေသည်။ ဖေဖေလည်း မရှိတော့ပဲ ညီအစ်မ နှစ်ယောက်တည်း ကျန်ခဲ့ချိန်မှာ မီမီက နီနီတို့ လင်မယားနှင့် အတူ နေရသည်မို့ စိတ်ကျဉ်းကျပ်တာ ကိုတော့ နီနီ နားလည်ပါသည်။ အများအမြင်မှာ သူနှင့် နီနီ ယောက်ျား ကို တစ်မျိုးမြင်မှာ စိုးနေသည် ထင်သည်။ နီနီ့ အမြင်တော့ မီမီ့ဘက်က တစ်ဘက်စွန်း ရောက်နေတာသာ ဖြစ်သည်။ နီနီယောက်ျားကလည်း မီမီ့ကို ဘယ်လိုမှ သဘောမထားပါ။ မီမီက သူရှိနေတဲ့ နေရာမှာ နီနီ့ ယောက်ျားကို မရှိစေချင်။ နီနီ ရှိနေလျှင်တောင်မှပဲ မီမီ ဧည့်ခန်းမှာ နေလျှင် နီနီ ယောက်ျားက အိပ်ခန်းထဲ ဝင်နေရသည်။ နီနီ မရှိလျှင် ယောက်ျားလည်း လုံးဝ အိမ်မှာ မနေရပါ။

နီနီ့ ယောက်ျားကလည်း နီနီ့ ယောက်ျားပင်။ နည်းနည်းလေးမှ အလိုက်မသိတတ်သူ၊ ဂရုမစိုက်တတ်သူ ဖြစ်သည်။ သူ လာချင်လျှင် လာသည်။ သွားချင်လျှင် သွားသည်။ ဝင်ချင်လျှင် ဝင်သည်။ မကြိုက်ဘူးဟု ပြောထားလျှင်လည်း အဲဒါကို မလုပ်ဖြစ်အောင် ဆင်ခြင်တတ်သူ မဟုတ်။ သူ ပိုက်ဆံ မရှာနိုင်သည့် အားနည်းချက် ရှိနေလို့လည်း အိမ်မှာ အေးအေး ဆေးဆေး အောက်ကျို့ပြီး နေမည် မရှိပါ။ တစ်ခုခု သူ့ကို ပြောလျှင်ပင် မကြိုက်ချင်။ နီနီ့ကို သာမက မီမီ့ကိုပါ ပြန်အော်ချင်သည်။ အဲလို အော်ဟစ် ပြောဆိုတာကိုပင် နီနီတို့က မကြိုက်ခြင်း ဖြစ်သည်။ နီနီကလည်း ကိုယ်မကြိုက်တာ တစ်ခုခု တွေ့လျှင် မပြောပဲ မနေနိုင်ပါ။ ပြောမိပြန်တော့လည်း ယောက်ျားနှင့် ရန်ဖြစ်ရပြန်သည်။

မီမီကလည်း နီနီ့ ယောက်ျား အပြင်ထွက်ပြီ ဆိုတာနှင့် သူမကျေနပ်တွေ တန်းစီပြီး နီနီ့ကို တိုင်တည်သည်။ သူ့ အမျိုးတွေကို သိတတ်ချင်လွန်းတာ၊ လိမ်ပြောတတ်တာ၊ သူ့ကို ပေးသည့် ပိုက်ဆံတိုင်းကို ပေါ်တင်ရော၊ ဘတ်တာရော အားလုံး ၂လုံး ၃လုံး ထိုးပစ်တာ၊ ပေါက်တော့လည်း အိမ်ကို မပေးပဲ အကုန် ပြန်ထိုးပစ်တတ်တာ၊ စသဖြင့် ချရေးလို့ပင် ဆုံးမယ်မထင်ပါ။ တစ်ချို့ ကိစ္စတွေ နီနီ လက်ခံနိုင်ပေမယ့် တစ်ချို့ကျတော့ မီမီ အပို ပြောလွန်းသည် ထင်မိသည်။ အဲဒီမှာတင် မီမီ နှင့် နီနီ ရန်ဖြစ်ရပြန်သည်။ နီနီ လုပ်စာ နှင့် ယောက်ျားကို ကျွေးထားတာ ဘာမှ ပြောစရာ မရှိဟု ပြောမိလျှင် မိုးမီးလောင်တာ ထက်ပင် ဆိုးလောက်အောင် ရန်ဖြစ်ကြရသည်။ တစ်ခန်းပြီး တစ်ခန်း ပိုင်း ရောင်းထားရသဖြင့် နှာခေါင်းပေါက်လာ ကျန်တော့သော တိုက်ကို ရောင်းပြီး တစ်ယောက်တစ်ဝက် ယူကာ တစ်ခြားစီ နေကြမည် ရယ်လို့လည်း အသံကောင်း ဟစ်သေးသည်။ စကားလေး တစ်ခွန်း အပြောမှားမိတာနှင့် မီမီ့ရဲ့ အထင်လွဲမှုတို့က တစ်ခုပြီး တစ်ခု လာတော့သည်။ နှစ်ယောက်သား ရန်ဖြစ်လျှင် အရင့်အရင်က ကိစ္စတွေပါ ရေနူးပြီး မပြီးနိုင် မစီးနိုင် ပြောကြ ဆိုကြသည်။

သမီးလေးကတော့ ငယ်ငယ်တည်းက ဘယ်သူနဲ့ ဘယ်သူပဲ ရန်ဖြစ်ဖြစ် ဘယ်ဘက်ကမှ ဝင်မပါတတ်ပါ။ မသိချင်ယောင် ဆောင်နေလေ့ရှိသည်။ သမီးလေး ငယ်ငယ်လေးတုန်းက သွက်သွက်လက်လက် ရှိသော်လည်း သိတတ်သည့် အချိန်မှ စပြီး စကားနည်းသွားတာ နီနီတို့ ရန်ဖြစ်လွန်းလို့ များလားတောင် ထင်မိသည်။ သမီးလေး လုပ်စာကို မမျှော်လင့်ပဲ ကိုယ့်မှာ ရှိရင် ရှိသလို ပြည့်ပြည့်စုံစုံ ထားပေး ခဲ့ပေမယ့် နီနီတို့ အသက်ကြီးပြီး ပိုက်ဆံ မရှာနိုင်သည့် အချိန်မှာ သမီးလေး ဘက်က ထောက်ပံ့နိုင်လျှင် ကောင်းမည်လို့တော့ စိတ်ကူးမိသည်ပေါ့။ သမီးလေးကလည်း လခကောင်းကောင်း ရသော အလုပ် လုပ်စေချင်လျှင် နိုင်ငံခြား သွားမှ ရမည်ဟု ဆိုပြန်တော့ နီနီတို့က မလွှတ်ချင်ပြန်။ ဒါမှမဟုတ်လည်း ချမ်းသာသော လူကောင်း သူကောင်း တစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုပြီး ထောက်ပံ့နိုင်လျှင်လည်း မဆိုးပါ ဟု နီနီကတော့ တွေးသည်။ နီနီ့လို ယောက်ျား ကံမကောင်းတာမျိုးတော့ သမီးလေးကို မဖြစ်စေချင်ပါ။ မီမီကတော့ သမီးလေးကို သူ့လိုပဲ အပျိုကြီး လုပ်စေချင်သည်။ သမီးလေး ချစ်သူ ရှိလာသော အခါတွင်လည်း နီနီ့ တုန်းကလိုပင် မီမီက သဘောမကျ ဖြစ်နေပြန်သည်။ မီမီ့ကို စိတ်လျော့ပြီး လက်ခံပေးဖို့ နီနီကပင် ဖြောင်းဖြ ခဲ့ရသည်။ လက်ခံမယ် ပြောပြီးကာမှ သမီးလေးရဲ့ ကောင်လေး အကြောင်းကို စုံစမ်းကြည့်တော့မှ အခြေအနေက သိပ်မလှ ဖြစ်နေသည်။ နီနီ ကိုယ်တိုင် အချစ်ကို ကိုးကွယ်ခဲ့သူ ပေမယ့် သမီးလေး ကိုတော့ နီနီနှင့် လုံးဝ မတူစေချင်ပါ။
*****

အဖေကိုယ်တိုင်ကိုတောင် အထင်မကြီးသော သမီးလေးက တော်ရုံယောက်ျားကို အထင်မကြီးတတ်ခဲ့ပါ။ သမီးလေးက အလုပ်မှာ တတ်နိုင်သလောက် စမတ်ကျကျလေး ဝတ်တတ်တာက လွဲလို့ သိပ်ကြီးပြင်တတ် ဆင်တတ်သူလည်း မဟုတ်ပါ။ ခပ်အေးအေးလည်း နေတတ်သူမို့ သမီးလေးမှာ ယောက်ျားလေး သူငယ်ချင်း ရင်းရင်းနှီးနှီးလည်း မရှိခဲ့ပါ။ မေမေ့ထက် မေမီက လုံးဝ ယောက်ျားလေးများနှင့် အပေါင်းအသင်း လုပ်တာကို မကြိုက်တာ ကြောင့်လည်း ပါသည်။ အဲဒီလို ကင်းကင်း ရှင်းရှင်း နေသည့်ကြားကမှ သူ နှင့် တွေ့ခဲ့ရသေးသည်။ သမီးလေးက သူ့ကို ပထမတော့ ငြင်းခဲ့သေးသည်။ မေမီတို့ မေမေ တို့က သမီးလေးကို အပျိုကြီး လုပ်လေ ကြိုက်လေမို့ တစ်ယောက်ယောက်ကို သမီးလေးရဲ့ လက်တွဲဖော် အဖြစ် ပြောပြဖို့ ဘယ်လိုမှ မဝံ့ရဲပါ။ သို့သော် သူက သမီးလေးကို ကောင်းကောင်း ဆွဲဆောင်နိုင်သည်။ အတွေ့အကြုံမရှိသော သမီးလေးက သူ့ကို ယုံကြည်မိသည်။

သူက သမီးလေးထက် သုံးလေးနှစ် ကြီးသော စစ်ဗိုလ် တစ်ယောက် ဖြစ်သည်။ သူ့အပြော သူ့စကားများကြားမှာ သမီးလေး နစ်မြုပ် ကျဆုံးခဲ့ရသည်။ ဘယ်လောက်တောင်လဲဆို သူ တစ်ခါ သစ္စာဖောက်ထားတာကိုတောင် ခွင့်လွှတ်ပေးလိုက်ရသည် အထိပင်။ သမီးလေးနှင့် မတွေ့ခင်ကတည်းက သူတွဲခဲ့သော မိန်းကလေး တစ်ယောက်ကို သမီးလေးနှင့် ချစ်နေသည့် အချိန်အထိ ဆက်တွဲနေသေးတာ၊ မိဘ အပေါင်းအသင်းတွေ အားလုံးပါ အဲဒီ မိန်းကလေးကို သိကြတာကို သမီးလေး သိသွားတော့ လမ်းခွဲ အဆက်ဖြတ်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါ။ သူနှင့်ပြန်ပြေလည် သွားပြီးနောက် သူက သူ့ကိုမယုံလျှင် မြန်မြန် လက်ထပ် ကြမည် ဟုတောင်းဆိုလာသည်။ သူ့မိဘတွေကို အသိပေးပြီးပြီ ဆိုတော့ သမီးလေး အလှည့်ပဲ ကျန်တော့သည် ဆိုပြီး ပြောလာတော့ ငြင်းရ ခက်ပြန်သည်။

သမီးလေး သတ္တိမွေးပြီး အိမ်ကိုပြောကြည့် လိုက်တော့ မေမေ နှင့် မေမီက အိမ်ကို ခေါ်လာပြဖို့ပြောသည်။ သူ ရောက်လာတော့လည်း သူက အပြောကောင်းသူမို့ ဖေဖေ၊ မေမေတို့နှင့် အဖွဲ့ကျသွားသည်။ မေမီကတော့ စကားနည်းသူမို့ သိပ်မပြော။ အကဲတော့ ခတ်နေပုံရသည်။ နောက်ဆုံးတော့ တစ်ဦးတည်းသော သမီးလေးကို စိတ်မဆင်းရဲ စေချင်တာနှင့်ပဲ စောင့်ကြည့်အကဲခတ်ပြီး သဘောတူမည်ဟု ကတိပေးကြသည်။ အဲဒီ ကတိ ရဖို့ကိုပဲ သမီးလေးမှာ အများကြီး ငိုယို ငြင်းခုံခဲ့ရသေးသည်။

သမီးလေးက ငွေမက်သူတော့ မဟုတ်ပါ။ ဒါကြောင့်လည်း သူ့ကို အချစ်တစ်ခုပဲ ကြည့်ပြီး လက်ခံခဲ့တာပါ။ ချစ်ကြတာ ပြဿနာ မရှိပေမယ့် လက်ထပ်ကြတော့မည် ဆိုတော့ စဉ်းစားရတော့သည်။ သူက လက်ထပ်ချင်တာ တစ်ခုသာ ရှိလျှက် ဘာမှ အနာဂါတ်အတွက် ပြင်ဆင်ထားတာ မရှိပါ။ သူကလည်း သာမန် တပ်မတော်သား ဝန်ထမ်း တစ်ယောက်မို့ သူ့လခနှင့် သူပင် လောက်ငရုံ ရှိသည်။ သမီးလေး နှင့် သူ တစ်နေရာစီမို့ လာလည်ချင်လျှင်တောင် သူ့ကို သမီးလေးက ခရီးစားရိတ် ပြန်ပေးလိုက်ရသော အခေါက်တွေ ရှိနေသည်။ သမီးလေးကလည် တကယ်တော့ အပိုအလျှံ ရှိသူ မဟုတ်ပဲ အိမ်က ပေးလိုက်သော မုန့်ဖိုးကြောင့်သာ ပေးနိုင်ခြင်း ဖြစ်သည်။ ခုနောက်ပိုင်း သမီးလေးက အိမ် အခြေအနေကိုလည်း သိနေပြီမို့ အပိုမတောင်းပဲ ကိုယ့်လခနှင့်ကိုယ်ပဲ လောက်အောင် သုံးမည်ဟု ဆုံးဖြတ်ထားသည်။ ဒါတောင်မှ လောလောလတ်လတ်ကို သူ့ရဲ့ ကိစ္စ ဝိစ္စ တစ်ခုအတွက် သမီးလေး စုထားသော ပိုက်ဆံ နှစ်သိန်းလောက် ပေးလိုက်ရသေးသည်။ မပေးပြန်တော့လည်း သူ့ရဲ့ အထေ့အငေါ့တွေကို သမီးလေး ကြာရှည် မခံစားနိုင်ပြန်ပါ။ မေမီသာ သိလျှင်တော့ ဘယ်လောက် ရင်ထုမနာ ဖြစ်လိမ့်မည် မသိပါ။

သူ့ကို ချစ်သော အချစ်ကို မေ့ထားလိုက်ပြီး သာမန် ပြဿနာ တစ်ခုလို စဉ်းစားကြည့်လိုက်တော့ သမီးလေးလည်း မေမေ့လို ဇာတ်လမ်းမျိုးကို တစ်ခါပြန် ခင်းချင်ပြန်တာလား လို့ ကိုယ့်ကိုယ်ကို မေးမိသည်။ သူက အလုပ်လက်မဲ့တော့ မဟုတ်ပေမယ့် အိမ်ထောင်တစ်ခုကို ထောက်ပံ့နိုင်လောက်သော အရည်အချင်းမျိုး ရှိရဲ့လားလို့ စဉ်းစားကြည့်လိုက်တော့ သမီးလေးမှာ ယုံကြည်ချက် မဲ့သွားရသည်။ သူ့အိမ် ကလည်း ထောက်ပံ့နိုင်သည့် အင်အား မရှိ။ ကိုယ့်အိမ်ကလည်း ထောက်ပံ့နိုင်လောက်သော အခြေအနေ မရှိ။ နှစ်ယောက်သားကလည်း မိဘကို ထောက်ပံ့ဖို့ ဝေးလို့ ကိုယ့်အိမ်ထောင်ကိုယ် ရပ်တည်နိုင်ဖို့ပဲ မလောက်မငဖြစ်ကြမယ်ဆို နောက်ပိုင်း သားသမီး ရလာလျှင် ဘယ်လို ရှေ့ဆက်မလဲ ဆိုတာ မတွေးဝံ့စရာပါ။ သူ့ဘက်ကလည်း နိုင်ငံ့ ဝန်ထမ်း ဘဝက ထွက်ပြီး စီးပွားရေး လုပ်ဖို့ ဆိုတာမျိုး တစ်ခါမှ မဟ စဖူး။ လုပ်ချင်း လုပ်ရလျှင် သမီးလေးသာ နိုင်ငံခြား ထွက်ပြီး ပိုက်ဆံ ရှာရလိမ့်မည်။ အဲလို မလုပ်ရရင်တောင် လက်ထပ်ပြီးလျှင် သူ့အလုပ် အသိုင်းအဝိုင်းအောက်ကို ခေါင်းငုံ ဝင်ရမှာကို စဉ်းစားမိပြန်တော့လည်း တစ်ဦးတည်း သမီးပီပီ အိမ်မှာ ဗိုလ်ကျခဲ့သော သမီးလေးအတွက် ရင်လေးစရာ ဖြစ်ပြန်သည်။
*****

သမီးလေးက ကိုယ့်ဘဝကိုယ်လည်း မကျေနပ်၊ ကိုယ့်ဘဝ ခရီးဖော် အဖြစ် ရွေးထားမိသူကိုလည်း မကျေနပ် နှင့် စိတ်တွေ ရှုပ်ထွေးနေချိန်မှာ သူကလည်း လက်ထပ်ကြဖို့ ပူဆာနေသည်။ သမီးလေး အိမ်ကို ပြောတော့ မေမေက ဘယ်လောက် တင်တောင်း နိုင်မှာလဲက စမေးသည်။ သူ့သဘောက ရိုးရိုးတန်းတန်း မင်္ဂလာဆွမ်းကျွေးပြီး ပြီးစေချင်တာ သမီးလေး ရိပ်မိသည်။ ဒါပေမယ့် မေမေနှင့် မေမီက လက်ခံမည် မဟုတ်။ သမီးလေးရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်စေချင်ပုံရသည်။ သူ့အိမ်က မိသားစုကလည်း ခုထိ မိသားဖသား ပီပီ လာမတောင်းသေးပဲနှင့် သူတစ်ဦးတည်း သဘောနှင့် သမီးလေးကို လက်ထပ်ချင်နေသည်ဟု ခံစားရသည်။ သူ့အိမ်က သမီးလေးကို သဘောတူ၊ သဘောကျပြီးတာကို သိပေမယ့် သမီးလေးကို အလေးမထားဟု ခံစားနေရဆဲ။ သူ့အိမ်က ပိုပိုလျှံလျှံ မရှိသည်မို့ မင်္ဂလာပွဲ လုပ်ဖို့ ကုန်ကျစားရိတ်ကို ကျခံနိုင်ပါ့မလား ဆိုတာတောင် မသေချာ။ ဖေဖေနှင့် မေမေက သူ့အိမ်က မချမ်းသာသည့်ပြင် သူကလည်း ဝန်ထမ်း တစ်ယောက် ဖြစ်နေသည်ကို သဘောမကျ။ မေမီကတော့ သူ့ပုံစံ သူ့မျက်လုံးတွေက ရိုးရိုးသားသား မရှိ၊ လူကြီးသူမကို ရိုသေမည့် ပုံစံ မဟုတ်ဟု တစ်ဖက်သပ် သတ်မှတ်ကာ သဘောမကျ။ အဲလို သဘောမကျကြသည့် သူကို မင်္ဂလာပွဲ ကုန်ကျစားရိတ်ပါ ပေးကာ သမီးနှင့် လက်ထပ်ပေးလိမ့်မည် ဟု သမီးလေးတော့ မထင်ပါ။

သင်္ကြန်တွင်းကျတော့ သမီးလေး စိတ်ညစ်ညစ်နှင့် ၇ရက်လောက် သီလရှင် ဝတ်ဖြစ်သည်။ တရားရိပ်သာ ဖွင့်ထားသော ဘုန်းကြီးကျောင်းမို့ အချိန်နှင့် တရားထိုင်ရသည်။ စိတ်ညစ်ညူးတာတွေ ပျောက်ပြီး အေးငြိမ်းမှုကို ခံစားရသည်။ အိမ်ထောင်ပြုလျှင် နောက်ဆက်တွဲ ရင်ဆိုင်ရမည့် အခက်အခဲတွေ၊ ပြဿနာတွေ၊ နောက်ရလာမည့် သားသမီး သံယောဇဉ်  တွယ်တာ နှောင်ဖွဲ့မှုတွေကို တွေးမိတော့ လူပြန် မထွက်ချင်လောက်အောင် ဖြစ်မိသည်။ သူ့ကို စဉ်းစားလိုက်မိပြန်တော့လည်း သံယောဇဉ် အမျှင်တန်းက ငြိတွယ်နေမိ ပြန်သည်။

သင်္ကြန်ပြီး အလုပ်ပြန်အဝင်မှာပင် ပြီးသွားပြီ ထင်သော ဇာတ်လမ်းထဲမှ မင်းသမီးက ရုတ်တရက် ပြန်ပေါ်လာသည်။ သမီးလေးကို ဖုန်းဆက်ပြီး တွေ့ဖို့ ချိန်းသည်။ သူမ ဖုန်းဆိုလျှင် မကိုင်တော့ ဟု ဆုံးဖြတ်ထားသော်လည်း လမ်းဘေးက  ဖုန်းနှင့်မို့ ကိုင်မိခဲ့ခြင်း ဖြစ်သည်။ သူက တွေ့ဖို့ ချိန်းတာ ဘာကိစ္စလဲ ဆိုတာလည်း သိချင်သေးသည်။ သူမ နှင့် တွေ့လိုက်တော့မှ သူ့ကို လက်လျော့လိုက်ပြီ ဟု (သူပြောထားသလို) သမီးလေး ထင်နေခဲ့ခြင်းမှာ မမှန်ကန်ကြောင်း သိလာသည်။

“မင်း အိမ်က သိပ်သဘောမတူဘူးလို့ ကိုယ်ကြားတယ်၊ ဘာကြောင့်လဲတော့ ကိုယ် သေချာ မသိပါဘူး၊ သူ့အိမ်ကတော့ သူ့ မင်္ဂလာပွဲကို ခမ်းခမ်းနား မလုပ်ပေးနိုင်တာ မင်းလည်း သိလောက်မယ် ထင်တယ်၊ ကိုယ်နဲ့ ဆိုရင်တော့ ကိုယ့်ဘက်က အားလုံး အကုန်အကျ ခံမယ်လို့ ပြောထားပြီးသားလေ၊ ကိုယ်တို့ နှစ်ယောက် လက်ထပ်ပြီးရင် နေဖို့ ကွန်ဒို တိုက်ခန်း တစ်ခန်းလည်း ဝယ်ပြီးသား၊ ကိုယ်တို့နှစ်ယောက် အရင်က ဘယ်လို နေခဲ့လဲ ဆိုတာ မင်းလည်း သိပြီးသားပဲ၊ ကိုယ်ကတော့ သူ့ကို သူဝါသနာပါတဲ့ အလုပ်ပဲ တစ်သက်လုံး ပေးလုပ်ထားပြီး ကိုယ်ပဲ ရှာကျွေးမှာ၊ ကိုယ့်အိမ်က တစ်သက်လုံး ထောက်ပံ့ပေးနိုင်တယ်၊ မင်း သိထားအောင် ပြောပြတာပါ၊ မင်းတို့ နှစ်ယောက် လက်ထပ်လို့ တကယ် အဆင်ပြေမယ် ထင်လား၊ နည်းနည်းတော့ စဉ်းစားဖို့ လိုမယ်နော်”
သူမ ပြောခဲ့သော စကားတွေကို ကြားယောင်ပြီး သမီးလေးမှာ ဂယောင်ချောက်ခြား ဖြစ်ရသည်။ အဲလို မိန်းကလေးမျိုးလည်း ရှိသေးသလား။ ယောက်ျားတစ်ယောက်ကို အဲလို မိန်းကလေးမျိုးနှင့် သမီးလေး ပြိုင်မလုချင်ပါ။ သူ့ကို ဖုန်းဆက်ပြီးလည်း ရန်ဖြစ် မနေချင်တော့။ သူ့ဖုန်းကို သူ့အိမ်အတွက်ပြန်ရောင်း ပေးလိုက်ရပြီးနောက် ဖုန်းဆက်ရတာလည်း အဆင်မပြေပါ။ သူ့သိလျှင်လည်း သူ့ဘက်က ဆင်ခြေ ဆင်လက်တွေ အပြည့်နှင့်ဖြေရှင်းမည် ဆိုတာ သိပြီးသားပဲလေ။ သမီးလေး ချစ်သူရတာကို ကံမကောင်းတာပါ။ ဒါကို အိမ်ထောင်ကျ ကံမကောင်းတဲ့အထိ သမီးလေးက မီးမှန်း သိရက်နှင့် တိုးရတော့မှာလား။ ဘာမှ မစဉ်းစားချင်ပါ။ တရားရိပ်သာကို တစ်လလောက် သွားဝင်ခွင့် ရလျှင် စိတ်သက်သာရာ ရမည် ထင်သည်။ အလုပ်ကလည်း ခွင့်မရတော့ အဲလိုလည်း မသွားနိုင်ပါ။ သမီးလေး လုပ်နေသော ကုမ္ပဏီကလည်း ခုတလော အခြေအနေ မကောင်းပါ။

သမီးလေး လုပ်နေသော ကုမ္ပဏီက ဒေဝါလီ ခံလိုက်ရပြီး ဝန်ထမ်း အားလုံး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်။ ကုမ္ပဏီက တစ်လကြိုပြောခဲ့သော်လည်း သမီးလေးက အလုပ်အသစ်ကို မရှာနိုင်ခဲ့ပါ။  အဲဒီ အခွင့်အရေးမှာ နိုင်ငံခြား သွားဖို့ ပြင်ဆင်သင့်သည် ဟု စဉ်းစားမိသော်လည်း ဘာကိုမှ လုပ်ချင် ကိုင်ချင်စိတ် မရှိ ဖြစ်နေသည်။ အိမ်ကိုလည်း ပြောရမှာ အားနာနေသည်။ သမီး အလုပ်ပြုတ်သွားပြီ ဆိုပြီး အိမ်မှာ သွားထိုင် စားရမှာလား...။ နောက်ထပ် အိမ်က အထောက်အပံ့ ကြီးကြီးမားမား ထပ်ယူပြီးမှ တစ်ခြား နိုင်ငံမှာ အလုပ်သွားလုပ်ရမှာလား...။ စဉ်းစားရင်း စဉ်းစားရင်း အိမ်မပြန်ချင် ဖြစ်လာသည်။ သူ နှင့်လည်း မတွေ့ချင်သဖြင့် ဖုန်းကိုတောင် မမိတောင် တမင် လုပ်ထား လိုက်သည်။ သမီးလေး ပင်ပန်းလှပြီ။ ဖြစ်ချင်တာ တွေလည်း  တစ်ခုမှ ဖြစ်မလာခဲ့။ .နောက်ထပ် တောင့်ခံ ကြိုးစား ဖို့လည်း ယုံကြည်ချက် ပျောက်သလို ဖြစ်နေပြီ။ သေလျှင် ကိုယ့်နောက် ပါမည့် အရာတွေ မဟုတ်ပဲ ဘာကြောင့် နောက်ထပ် အောင်မြင်မှု ရဖို့ ပင်ပင်ပန်းပန်း လုပ်နေရဦးမှာလည်း လို့လည်း တွေးမိသည်။
*****

သမီးလေးက သူနေသော အဆောင် ရှိသည့် မြို့နယ်ထဲက တရားရိပ်သာ တစ်ခုမှာ သီလရှင် အပြီးဝတ်လိုက်ပြီ ဟု ဖုံးဆက်သော အခါ မီမီတို့မှာ သာဓု ခေါ်ရုံအပြင် ဘာမှ မတတ်နိုင်တော့ပါ။ လောကီကို တကယ်တမ်း ငြီးငွေ့၍ လောကုတ္တရာဘက် လိုက်နိုင်သည် ဆိုလျှင်ဖြင့် ဘာမှ ပြောစရာမရှိပါ။ အတင်းအကျပ် လူထွက်ခိုင်းဖို့လည်း အစီအစဉ် မရှိပါ။ သူ့အမေလို အသုံးမကျသည့် ယောက်ျား ရပြီး ဒုက္ခတွေ ကြီးနေမည့် အစားတော့ သာသနာ့ဘောင်မှာ သန့်စင်စွာ နေထိုင်နေခြင်းကို မီမီက သဘောကျပါသည်။ မီမီကမှ အသက်ကြီးပြီး ညီမ သံယောဇဉ်၊ သမီးလေး သံယောဇဉ်ဖြင့် အပြီး မဖြတ်နိုင်သေးသည့် အချိန်မှာ သမီးလေးကတော့ စိတ်ပိုင်းဖြတ်ပြီး လူဝတ်ကြောင်ကို စွန့်သွားပါပြီ။ သံယောဇဉ်တွေ အားလုံးဖြတ်ပြီး မြင့်မြတ်သော ဘဝကို ကူးနိုင်သည့် သမီးလေး အတွက်လည်း ဂုဏ်ယူမိရပါသည်။ မီမီလည်း တစ်ဦးတည်းသော ညီမ အပေါ် စိတ်မချခြင်းကို ရအောင် ဖြတ်ပြီး ကျန်သော ဘဝကို တရားရိပ်သာတွေမှာ နေထိုင် ကုန်ဆုံးဖို့ စိတ်ဆုံးဖြတ် ရပါတော့မည်။
*****

သိင်္ဂါကျော်