03 June, 2011

ကမ္ဘာကြီးက ဘာလို့ ပန်းသီးပင်တွေနဲ့ ပြည့်မနေရတာလဲ

တစ်ရက်မှာပေါ့.. ကျွန်တော်ဟာ ပန်းသီးပင်တွေ ကြီးထွားလာတာနဲ့ ပတ်သက်ပြီး စဉ်းစားခဲ့မိပါတယ်။ အရသာ ရှိပြီး အရည်ရွှမ်းတဲ့ ပန်းသီးတစ်လုံးကို အားရပါးရ အကြီးကြီး ကိုက်စားနေခဲ့ရင်းနဲ့ပေါ့။ ပါးစပ်ထဲမှာ ပန်းသီး အစေ့ တစ်စေ့ တွေ့လို့ လွှင့်ပစ်မယ် ဆိုပြီး လက်ဝါးပေါ် ထုတ်ကြည့်မိတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ ပန်းသီးစေ့ကို သေချာ ကြည့်မိတယ်။ စေ့စေ့စပ်စပ် ကြည့်တယ်။ အဲဒါက အနက်ဘက် ရောက်လုလု အညိုရင့်ရောင်။ သူ့ ပုံစံက ကျွန်တော့်ကို ဖယောင်းတိုင် မီးတောက် ကို သတိသွားစေတယ်..။ အညိုရင့်ရောင် မီးတောက်ကလေး တစ်ခု...။

ကျွန်တော့ လက်ဖဝါးထဲမှာ ပန်းသီးပင် တစ်ပင် ဆုပ်ကိုင် ထားရတယ်လို့ တွေးထင်လိုက်မိတယ်။ ဒီ အစေ့ သေးသေးကလေးကနေ သူ့ဘဝတစ်လျှောက် ပန်းသီး ထောင်ပေါင်းများစွာ ပေးနိုင်တဲ့ လှပတဲ့ အပင်ကြီးတစ်ပင်ဖြစ်လာမှာလေ။ အဲဒီ ပန်းသီး ထောင်ပေါင်းများစွာက တစ်လုံးစီ တစ်လုံးစီ မှာလည်း အစေ့တွေ အများကြီး ပါဦးမယ်၊ အဲဒီ အစေ့တွေကနေ နောက်ထပ် ပန်းသီးပင် အသစ်တွေ ထပ်ပေါက်ပြီး ပန်းသီးတွေ အများကြီး ထပ်သီးဦးမယ်။ ဒါပေမယ့် ဘာလို့ ဒီကမ္ဘာကြီးက ပန်းသီးပင်တွေနဲ့ ပြည့်မနေရတာလဲ...။

သဘာဝရဲ့ စည်းမျဉ်းက အဲဒီ အစေ့တွေထဲက နည်းနည်းလေးကိုပဲ ရှင်သန် ကြီးပြင်းစေလို့ပေါ့။ အများစုက သူတို့ ကြီးပြင်းတဲ့ အစမှာကတည်းက ဖျက်ဆီးခံ ခဲ့ကြရတယ်။

ကျွန်တော့် စိတ်ထဲကို မကြာခဏ ရောက်လာတဲ့ အကြောင်းက လူတွေရဲ့ အိပ်မက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းပါ။ အံသြစရာ အကြံဥာဏ်တွေ ကျွန်တော်တို့ စိတ်ထဲကို ရောက် ရောက် လာပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ  သူတို့ သေဆုံးကုန်ကြတယ်။ ကျွန်တော်တို့က အပင်သေးသေးလေး ပေါက်လာအောင်ကို ဂရုမစိုက်ခဲ့ကြဘူး။ သူတို့ကို ကာကွယ်သင့်ပေမယ့်လည်း မကာကွယ်ခဲ့ကြဘူး။ နောင်ကျမှ ကျွန်တော်တို့ အိပ်မက်တွေ ဘာဖြစ်သွားခဲ့တာလဲလို့ အံသြနေကြတယ်။ ဘာကြောင့် သူတို့ အကောင်အထည် မပေါ်ခဲ့တာလဲ ပေါ့။

ကျွန်တော် အဲဒီ ပန်းသီးစေ့လေးကို စားပွဲပေါ် တင်လိုက်ပါတယ်။ သူ့ဆီကနေ ရောင်ပြန်ထွက်လာတဲ့ အလင်းရောင်လေး ဘယ်လို လာတယ်ဆိုတာ ကြည့်နေမိပါတယ်။ သဘာဝရဲ့ သေးငယ်တဲ့ အံ့သြမှုကလေးပါ။ တစ်စုံတစ်ယောက်က ပန်းသီးပင်တွေ ကြီးထွားလာအောင် အသေအချာ လုပ်ဆောင်တဲ့အခါ အကြိမ် ဘယ်လောက်များများ အစေ့တစ်စေ့ကနေ အစို့အညှောက် ပေါက်လာအောင် ကြိုးစားခဲ့ရမယ် ဆိုတာ ကျွန်တော် တွေးကြည့်မိပါတယ်။ ဘယ်လောက်များများ လုပ်ခဲ့ဖို့ လိုပါသလဲ။

ကျွန်တော်တို့ရဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလိုပါပဲ။ ခင်ဗျားတို့ရဲ့ အိပ်မက်တွေကတော့ သူ့အလိုအလျှောက် အပင်ပေါက်လာမှာ မဟုတ်ပါဘူး။ ပန်းသီးပင် တစ်ပင် စိုက်သလိုပဲ အကြိမ်များစွာ ကြိုးစားရမှာပါ။ အလုပ်ကောင်း တစ်ခု ရဖို့ အလုပ်တွေ ရာနဲ့ချီ လျှောက်ရသလိုပေါ့။ ခင်ဗျားရဲ့ စာမူကြမ်းကို လက်မခံခင်မှာ အကြိမ် နှစ်ရာလောက် ပို့ခဲ့ရနိုင်တယ်။ ခင်ဗျားရဲ့ သူငယ်ချင်းကောင်းကို မတွေ့ခင် လူတွေ ဒါဇင်ပေါင်း များစွာနဲ့ တွေ့ဆုံ ခဲ့ရနိုင်တယ်။

ဒါပေမယ့် ခင်ဗျားရဲ့ အိပ်မက်ကို ဆက်လက် စိုက်ပျိုးနေမယ် ဆိုရင် တစ်နေ့မှာတော့ အောင်မြင် လာမှာပါပဲ။ အဲဒီအခါကျတော့ သူများတွေက ခင်ဗျားကို ပြောလိမ့်မယ်... ခင်ဗျား ကံကောင်းလို့ အောင်မြင်လာတာပါ လို့။ တကယ်တမ်းတော့ ခင်ဗျား မရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ ရှုံးနိမ့်ခြင်းကနေ သင်ယူ လေ့လာပြီး ပိုကောင်းအောင် ပြင်ဆင်၊ ဗဟုသုတ အသစ်တွေနဲ့ ထပ်ပြီး ကြိုးစားခဲ့လို့ပါ။ ပြီးတော့ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်..။ တစ်နေ့မှာတော့ အောင်မြင်မှုက ခင်ဗျားဆီ ရောက်လာခဲ့တာပါ။

ကျွန်တော် ပန်းသီးအစေ့လေးကို ထပ်ပြီး ကောက်ယူ လိုက်ပါတယ်။ ဒါပေမယ့် အဝေးကို လွှင့်ပစ်မယ့် အစား ပန်းအိုး အလွတ် တစ်လုံး ယူလာပြီး သူ့ကို မြေကြီးထဲ ထည့် စိုက်လိုက်ပါတယ်။ တစ်နေ့မှာ အဲဒါက ဂုဏ်ယူစရာ အပင်တစ်ပင် အဖြစ် ကြီးထွား ရှင်သန်လာမှာပါ။ ကျွန်တော် မကြိုးစားခဲ့ဖူး ဆိုရင်တော့လည်း ကျွန်တော် အဲဒါကို ဘယ်တော့မှမြင်ရမှာ မဟုတ်တော့ဘူး ပေါ့လေ...။

(Growing Apples ကို ပြန်ဆိုပါသည်။)

သိင်္ဂါကျော်

16 comments:

လရိပ်အိမ် said...

ဒီလိုကောင်းတဲ့စာလေးတွေမျှဝေတာကျေးဇူး။ ကျွန်တော်လဲပန်းသီးစားပြီးတော့ အပင်စိုက်ရမလားတောင်စဉ်းစားမိနေပြီ။

မအိမ်သူ said...

ပန်းသီးစေ့လေးတွေအားလုံးကနေ အပင်ကလေးတွေ ပေါက်လာစေချင်ပါတယ်။ အသီး အပွင့်တွေနဲ့လဲ ဝေဆာစေချင်ပါတယ်ရှင်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပန်းသီးစာစုလေး သဘောကျတယ်

ကိုဇော် said...

အယူအဆ နဲ့ သဘောတရားလေးကို သဘောကျတယ်ဗျာ။ ဘာသာပြန်ပေးတဲ့ အတွက် ကျေးဇူးပါ။

မိုးယံ said...

သဘောကျတယ်။ ကျေးဇူးပါ ခင်ဗျာ။

blackcoffee said...

ဘဝ အိပ်မက်ဆိုတာ အဆုံးသတ်လို့ ကောင်းတဲ့ အရာ မဟုတ်ပါဘူး။ ရှုံနိမ့်မှုတွေနဲ့ ကြုံတိုင်း ပိုပို ကြိုးစားရင်း ကိုယ့်ကိုယ်ကို ပြန်သွေးနေရတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ပန်းသီး မစားခင် ဒီစာကိုအရင်ဖတ်မယ်လို့ စိတ်ကူးလိုက်ပြီ၊ အားပေးလျက်ပါ ....

jasmine(တောင်ကြီး) said...

ဒီစာကိုဖတ်ရတော့ငယ်ဘ၀ကမြင်ခဲ့ဖူးတဲ့
့ပန်းသီးပင်တွေကိုသတိရမိပါတယ်
တစ်ခါမှစိုက်ဖို့တော့မစဉ်းစားခဲ့ဖူးဘူး။
ခုမှစဉ်းစားမိပြီ။။

kokoseinygn said...

စာလာဖတ်သွားပါတယ်....
စာဖတ်နှေးလို့ဖြေးဖြေးဖတ်ပါတယ်...
မကြာခဏဆိုသလိုဖတ်ဖြစ်တော့မှာပါ။

မြစ်ကျိုးအင်း said...

အကောင်းဆုံးကိုရမလာခင် အဆိုးတွေကို ဖြတ်သန်းခဲ့ရတာတွေက ကိုယ်စီပါပဲ။

Anonymous said...

အကြိမ်ကြိမ်လဲကျ
အကြိမ်ကြိမ်ပြန်ထ
အားမလျှော့တမ်းပေါ့

မောင်ဘကြိုင်

ပန်းချီ said...

ရလာဒ်တစ်ခုအတွက် အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ဖို့ စိတ်ခွန်အားဖြစ်စေတဲ့ ဒဿနစာစုလေးနော်..ချစ်စရာ..။

မေသိမ့်သိမ့်ကျော် said...

ကျွန်မတို့အားလုံးမှာ ပျောက်ဆုံးသွားခဲ့တဲ့အိပ်မက်တွေ အများကြီးရှိခဲ့ကြမှာပဲ။

ခင်မင်လေးစားလျက်

ရွှေပြည်သူ said...

ဟုတ်တယ်နော် အစ်မ... မရေအတွက်နိုင်အောင် အောင်မြင်သူတွေရဲ့ ရှုံးနိမ့်ဖူးတာတွေ ပြန်ထရတာတွေ ရုန်းကန်ခဲ့ရတာတွေကို မသိဘဲ ကံကြောင့်ပါလို့ လူတွေက ခပ်လွယ်လွယ် ပြောတတ်ကြတယ်....

jr said...

အမရေ .. ကိုယ့်အိမ်မက် တချို့တလေလဲ မပေါက်ခဲ့တဲ့ ပန်းသီးပင်လေးတွေလိုပဲ ..
သေချာ မစိုက်ပျိုးခဲ့လို့ထင်ပါတယ်။

ခင်မင်လျှက်

flowerpoem said...

ဟုတ်တယ်နော် အသိင်္ဂါ အရာရာတိုင်းကို . . . အကြိမ်ကြိမ်ကြိုးစားပြီးမှရတယ် ဆိုတာ မှန်ပါတယ် ကျေးဇူးပါ
ပန်းသီးစေ့လေးတွေအားလုံး အပင်ပေါက်အောင် ကြိုးစားရမှာပေါ့နော်...