27 February, 2012

လွမ်းလို့

လွမ်းလို့ လွမ်းတာပေါ့
မင်း မသိနိုင်ပေမယ့်
ငါ့ကိုယ်ငါ နားလည်ခဲ့ရပြီ
တွယ်ငြိမှုရဲ့ သိပ်သည်းဆတွေ
အုံဖွဲ့ များပြားလာပြီ ဆိုတာ...။

လွမ်းလို့ လွမ်းတာပေါ့
ရှင်းပြလို့ မရနိုင်တဲ့
တစ်စုံတစ်ရာ
နှလုံးသားမှာ လစ်ဟာနေသလို...။

လွမ်းလို့ လွမ်းတာပေါ့
သက်သေပြချက် မတောင်းပါနဲ့၊
အလွမ်းကို သင်္ချာလို တွက်လို့မရနိုင်ဘူး
ထပ်တူညီတဲ့ နှလုံးသားနဲ့မှ
နားလည်နိုင်မယ့် အရာ။

လွမ်းလို့ လွမ်းတာပေါ့
ဒါလောက်ပါပဲ
အကြောင်းပြချက် မပေးနိုင်ဘူး၊
ဘာမှ ဆက်ပြီးလည်း ဝန်ခံစရာ မရှိဘူး၊
လွမ်းရတဲ့ အရသာကို ကြိုက်လို့
လွမ်းတယ်...။
လွမ်းရတဲ့ အရသာကို ခါးသီး သွားချိန်မှာလည်း
လွမ်းနေရတုန်းပဲ...။

သိင်္ဂါကျော်
 

21 February, 2012

ရပ်တန့်နေတဲ့ နေ့တွေ


သွားတော့ သွားနေပါရဲ့
ရောက်ကို မရောက်နိုင်တာ...။

ဦးနှောက်ထဲမှာလည်း
သုံးလို့ စားလို့ ရတာ တစ်ခုမှ ထွက်မလာအောင်
အသုံးမကျတာတွေပဲ ပြည့်နှက်နေသလား။
Intel ရေ
ငါ့ ဦးနှောက်ကို
မြန်မြန် မှန်မှန် process လုပ်ဖို့
processor တစ်ခု လောက် ထွင်ပေးပါဦး။

ငါ့ကိုယ်ငါ မတော်မှန်းလည်း သိပါရဲ့
မပြည့်စုံမှုထဲက ပျော်ရွှင်မှုကို ရှာရင်းနဲ့
ပျင်းပျင်း လာသလား...
အိပ်မက်တောင် မမက်ချင်လောက်အောင်
ပျင်းနေသူ ဖြစ်မှန်းမသိ ဖြစ်နေပေါ့။

ကြီးကြီးကျယ်ကျယ် ပြောဖို့တောင်
ခါတိုင်းလို စကားလုံးတွေ မရှာချင်တော့ဘူး။
ဘယ်အရာကိုမှ သိမ်းပိုက်မထားပါပဲ
နှလုံးသားလည်း အမှိုက်တွေ ပြည့်နေဆဲ။

အစ တစ်ခု စ စ ပြီး
အဆုံးမသတ်ချင်တဲ့ အကျင့်ဆိုးတွေ
မကောင်းမှန်းသိရက် အဖယ်ခက် နေတုန်းပေါ့။

ငါ့ရဲ့ guardian angel လေး ရေ..
ငါ့ရဲ့ ခြေလှမ်းတွေ တည့်မတ်ပေးဖို့
နင်ကိုယ်တိုင်တောင် ပျင်းနေပြီလား..။

ဘာပဲဖြစ်ဖြစ်ပါ
ငါက ရပ်နေလိုသူ မဟုတ်ဘူး
သွားတော့ သွားနေတာပါပဲ
ရောက်ကို မရောက်နိုင်တာ...။

သိင်္ဂါကျော်


(ဘာရယ် မဟုတ်ပါဘူး... ရုံးမှာ ပျင်းပျင်းနဲ့ ပြန်ကာနီး ရေးတဲ့ ကဗျာ။ ကိုယ့်ကိုယ့်ကို အားမရလို့ ရေးဖြစ်တဲ့ ကဗျာပါ။)
 

18 February, 2012

ရွှေ နဲ့ ငွေ ဘယ်ဟာ ပို တန်ဖိုး ရှိသလဲ



တစ်ခါက ရွာတစ်ရွာမှာ သင်္ချာပညာရှင် တစ်ယောက် နေထိုင်ခဲ့ပါတယ်။ အဲဒီနယ်ရဲ့ အကြီးအကဲ ဘုရင် ကိုယ်တိုင် သူ့ကို မကြာခဏ ခေါ်ပြီး စီးပွားရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ အကြံဥာဏ် တောင်းတတ်ပါတယ်။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အရပ်လေးမျက်နှာထိ ပြန့်နှံ ကျော်ဇော နေပါတယ်။ အဲဒါကြောင့်ပဲ ရွာ အကြီးအကဲ က သူ့ကို ပြောတဲ့ စကားတစ်ခွန်းက သူ့ကို အတော် ထိခိုက် နာကျင်စေပါတယ်။  “ခင်ဗျားကသာ ဘုရင်ကြီးရဲ့ စီးပွားရေး အတိုင်ပင်ခံ ဖြစ်နေတာ၊ ခင်ဗျား သားကတော့ ရွှေ နဲ့ ငွေ မှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိတယ် ဆိုတာကိုတောင် မသိဘူးနော်”

သင်္ချာပညာရှင်လည်း သူ့သားကို ခေါ်ပြီး မေးရတော့တယ်။ “ရွှေ နဲ့ ငွေ မှာ ဘယ်ဟာက ပိုပြီး တန်ဖိုး ရှိသလဲ သား” ဆိုတော့ “ရွှေ ပေါ့ အဖေရာ” လို့ သူ့သားက ချက်ချင်း ပြန်ပြောပါတယ်။
“ဒါ အမှန်ပဲလေ၊ ဘာဖြစ်လို့ ရွာသူကြီးက မင်းကို ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့လူလို့ ထင်ပြီး ရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ၊ သူက ငါ့ကို နေ့တိုင်း ရိ တယ်၊ တစ်ခြား ရွာလူကြီး တွေ ရှေ့မှာ ငါ့ကို ကိုယ့်သားကိုယ် ဂရုမစိုက်တဲ့လူလို့ မလေးမစား နောက်ပြောင်ချင်တယ်၊ ဒါက ငါ့ကို နာကျင်စေတာပေါ့၊ ငါ့သားက ရွှေ နဲ့ ငွေမှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိမှန်းတောင် မသိဘူး ဆိုပြီး ရွာက လူအားလုံးက ငါ့နောက်ကွယ်မှာ ပြောင်လှောင် နေကြတယ်လို့ ခံစားရတယ်၊ မင်း ဘာလို့ အဲလို လုပ်ရတယ် ဆိုတာ ငါ့ကို ရှင်းစမ်းပါဦး”

သင်္ချာပညာရှင်ရဲ့ သားက ရွာသူကြီး သူ့ကို အထင်အမြင်သေးအောင် လုပ်မိတဲ့ အကြောင်းပြချက်ကို ခုလို ပြောပြပါတယ်။
“နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့လမ်းမှာ ရွာသူကြီးက သူ့အိမ်ကို ခေါ်တယ်။ ရွာက တစ်ခြား လူကြီးတွေရဲ့ ရှေ့မှာပဲ သူ့လက်ထဲမှာ ငွေပြား တစ်ပြား နဲ့ ရွှေပြား တစ်ပြား ကိုင်ထားပြီး ကျွန်တော့်ကို ဘယ်ဟာ ပိုပြီး တန်ဖိုးရှိသလဲ လို့ မေးတယ်လေ။ ကျွန်တော်က ငွေပြားကိုပဲ ကောက်လာတယ်။ သူက ရယ်တယ်။ တစ်ခြားလူတွေလည်း ရယ်ကြတယ်။ အဲလို နေ့တိုင်းပဲ...။ အဲဒါကြောင့် သူက အဖေ့ကို ကျွန်တော်က ငွေ နဲ့ ရွှေ ဘယ်ဟာ ပိုတန်ဖိုးကြီးမှန်းတောင် မသိဘူး လို့ ပြောတာပေါ့”
သူသားပြောတာကို ကြားတဲ့အခါ အဖေလည်း စိတ်ရှုပ်သွားပါတယ်။ သူ့သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိရဲ့သားနဲ့ ဘာလို့ အမြဲတမ်း ငွေပြားကိုပဲ ကောက်လာရသလဲ ဆိုတာပဲ...။
“ဘာလို့ မင်းက ရွှေပြားကို မရွေးရတာလဲ” သူကမေးတော့ သူ့သားက အဖေကို အခန်းထဲ ခေါ်သွားပြီးတော့ သေတ္တာလေး တစ်လုံးကို ဖွင့်ပြပါတယ်။ သေတ္တာထဲမှာတော့ ငွေပြား တစ်ရာလောက် အနည်းဆုံး ရှိနေပါတယ်။  သူ့အဖေဘက် ပြန်လှည့်ပြီးတော့ သင်္ချာပညာရှင်ရဲ့ သားက ပြောပါတယ်။
“ကျွန်တော်က ရွှေပြားကို ရွေးလိုက်တဲ့ နေ့မှာ ကစားပွဲက ပြီးသွားမှာပေါ့ အဖေရဲ့၊ သူတို့က ကျွန်တော့်ကို ရယ်စရာ လုပ်နေတာ ရပ်သွားလိမ့်မယ်၊ ကျွန်တော်လည်း ပိုက်ဆံ မရတော့ပဲ နေမှာပေါ့”


တစ်ခါတရံ ဘဝမှာ ကျွန်တော်တို့ဟာ အရူးလိုပဲ ကစားရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Senior တွေ၊ Junior တွေ၊ ကြားမှာပေါ့...။ ဒါဟာ ဘဝရဲ့ ကစားပွဲမှာ ရှုံးနိမ့်တယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ခြား လူတွေကို ကစားပွဲရဲ့ နယ်ပယ် တစ်ခုမှာ အနိုင်ပေးလိုက်ပြီး ကျွန်တော်တို့က ကစားပွဲရဲ့ တစ်ခြား တစ်ဖက်မှာ အနိုင်ယူလိုက်တာပါပဲ။ ဘယ်လို နယ်ပယ် မျိုးမှာ အနိုင်ရအောင် လုပ်ပြီး ဘယ်လို နယ်ပယ် မျိုးမှာ မလုပ်ပဲနေမလဲ ဆိုတာတော့ ကျွန်တော်တို့ ရွေးချယ်ရမှာပါ။

သိင်္ဂါကျော်

The Smart Game - Gold or Silver? ကို ပြန်ဆိုပါသည်။

16 February, 2012

အဝေးရပ်က စာ



တောင်ပေါ်ကားလမ်းမ ဘေးနား၊ နောက်ပိုင်းမှ အသစ်တည်တဲ့ မြို့သစ်ဝင်းကြီး အနီးအနားမှာ မိဘမဲ့ ဂေဟာလေး တစ်ခု ရှိလေရဲ့။ လူကတော့ သိပ်မများသေးဘူးလို့ ဆိုရမလားပဲ။ ၅၀ ကျော်လောက်ပဲ ရှိပါတယ်။ အားလုံး ယောက်ျားလေးတွေ ချည်းပဲ။ ကျောင်းအုပ်ကြီးကလည်း အမျိုးသားဆိုတော့ ယောက်ျားလေးတွေ ချည်းပဲ လက်ခံထားတာ။ မိန်းကလေး လာပို့ရင်တော့ တစ်ခြား မိဘမဲ့ သီလရှင်ကျောင်းကိုပဲဖြစ်ဖြစ် လွှဲပေးလေ့ ရှိပါတယ်။ ဒီကျောင်းက ဖွင့်တာလည်း သိပ်တော့ နှစ်မကြာသေးဘူးလို့ ပြောရမယ်။ လေးနှစ်လောက်ပဲ ရှိပါသေးတယ်။ ကလေးတွေ အားလုံးကလည်း ရွယ်တူလောက်လေးတွေ ချည်းပဲ။ အားလုံးကို ဆင်တူ ဖြစ်အောင်လို့ ကတုံးတုံး ပေးထားတယ်။ ဒီနှစ် ကျောင်းဖွင့်ရင် ကျောင်းတက်ရမယ့် အရွယ်တွေ များတယ်။ ဒီလို ရွယ်တူလေးတွေ အများကြီး ဆရာကြီး ဘယ်ကနေ ကောက်ရလာပါလိမ့် လို့ တစ်ချို့ကလည်း မေးကြတယ်။ “ဒီလိုပေါ့ဗျာ.. ဟိုက ဒီက ပေါ့” လို့ ဆရာကြီးကတော့ ခပ်ပေါ့ပေါ့ ပြောတတ်တယ်။

ဘာပဲဖြစ်ဖြစ် ဆရာကြီးရဲ့ စေတနာကိုတော့ အားလုံးက အသိအမှတ်ပြုကြပါတယ်။ ဒီလို ဂေဟာတစ်ခုကို ဦးစီးဦးဆောင် တည်ထောင်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာလေ။ တကယ်တော့ ဆရာကြီးကလည်း အရမ်းချမ်းသာလို့ ဒီပရဟိတ အလုပ်ကို လုပ်နေတာမှ မဟုတ်ပါပဲလား။ ရှိတာလေးနဲ့.. စေတနာရှင်တွေ လှူသမျှလေးနဲ့ အသက်ဆက်နေကြရတာပါ။ ကလေးတွေထဲမှာလည်း ပုံစံ အမျိုးမျိုး ရှိကြတယ်။ တစ်ချို့ကလေးတွေကတော့ ကလေး ပီပီ ဘာမှ မသိနားမလည်တော့ ကြုံတဲ့ဘဝမှာ ဆော့ကစား ပျော်ရွှင်နေတဲ့ သူတွေလည်း ရှိတယ်။ တော်တော်များများကတော့ မိဘမဲ့ ကလေးတွေပီပီ မျက်နှာလေးတွေ ကိုက ညှိုးငယ်လို့...။ ကလေးတွေကို သနားတဲ့ တစ်ချို့ အလှူရှင်တွေက သူတို့ ဇာတ်ကြောင်းကို စိတ်ဝင်တစားနဲ့ စပ်စုတတ်ကြတယ်။

မိဘမဲ့တွေလို့ ခပ်လွယ်လွယ် ပြောကြပေမယ့် တကယ်တော့ ဒီရောက်လာတဲ့ ကလေးတိုင်းရဲ့ မိဘတွေကတော့ သေဆုံးကုန်ကြတာ မဟုတ်ပါဘူး။ ကံဆိုးလွန်းလို့ မိဘ နှစ်ပါးလုံး ဆုံးပါးသွားပြီး ရောက်လာတဲ့ ကလေးတွေလည်း ရှိပါရဲ့။ မမွေးနိုင်လို့ လာစွန့်ပစ်သွားကြတဲ့ ကလေးကတော့ များပါတယ်။ ထုံးစံအတိုင်း အဖေမပေါ်ပဲ မွေးတဲ့ ကလေးတွေလည်း ဖြစ်နိုင်တာပေါ့။ အားလုံးရဲ့ ဇာတ်ကြောင်းတွေကိုတော့ ဆရာကြီး ကိုယ်တိုင်လည်း မသိခဲ့ရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ လက်ထဲ ရောက်လာတော့လည်း မွေးထားလိုက်တာပါ။ တစ်ချို့ ကလေးတွေကျတော့လည်း မိဘ တစ်ယောက်ယောက် ရောက်လာပြီး သူ မမွေးနိုင်တော့လို့ ဆရာကြီးပဲ တာဝန်ယူပေးပါ ဆိုပြီး ကိုယ်တိုင် ကိုယ်ကျ လာအပ်သွားတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း မိဘနှစ်ပါးလုံးက အမှောင်ထဲမှာမို့ ကလေးကို ပညာမှ တတ်ပါစေတော့ လို့ ဆရာကြီးနဲ့ ထည့်လိုက်တာမျိုးလည်း ရှိတယ်။ ဆရာကြီးမို့ ခရီးသွားပြီး ပြန်လာရင်လည်း ကလေး တစ်ယောက် နှစ်ယောက် ကတော့ ပါလာတတ်တာပဲ။

ဒီဂေဟာကလေးက သေးကလည်းသေး၊ ဖွင့်တာလည်း မကြာသေးတော့ အလှူရှင်က သိပ်များများစားစား မလာတတ်ပါဘူး။ ကြုံကြိုက်လို့ သိသွားတဲ့သူ တစ်ချို့တလေ လောက်ပဲ လာလှူကြတာ။ အလှူရှင် မရှိတဲ့ နေ့ဆို ကလေးတွေအားလုံး ဆန်ပြုတ်နဲ့ ခပ်ပေါပေါ အသီးအရွက်ပဲ စားရတာ။ တစ်ခါတလေ ဆီမပါတဲ့ ပဲပုတ်ချက် နည်းနည်းစီ ပုံပေးလိုက်တယ်။ အလှူရှင် ရှိတဲ့ နေ့ ဆိုရင်တော့ အသား တို့ ငါးတို့ စားရတာပေါ့လေ။ အဲလို နေ့တွေ ဆိုရင်တော့ ကလေးတွေ မျက်နှာက ဝင်းပလို့ပဲ။ အသစ်ဖွင့်လိုက်တဲ့ တက္ကသိုလ်ကျောင်းကြီးက ဆရာမကြီးတွေ ဆရာမလေးတွေကလည်း သူတို့ တတ်နိုင်သမျှ စုပေါင်းပြီး လာလာ ကျွေးကြပါတယ်။ အဲဒီနေ့တွေဆို ကလေးတွေလည်း သဘောတွေကျပေါ့။ ဆရာမတွေက သူတို့ကို ဓါတ်ပုံလည်း ရိုက်ကြသေးတာလေ။ ဓါတ်ပုံဆိုတာ ဘာမှန်း သေချာ မသိပေမယ့် သူတို့ကို အဲလို ကင်မရာနဲ့ ချိန်ရိုက်ရင် သူတို့က သဘောကျကြတယ်။

နောက်တစ်ပတ် ကျောင်းဖွင့်ရင် ကျောင်းစတက်ရမယ့် ကလေးတွေ ရှိတဲ့အကြောင်း ပြောမိတော့ ဆရာမတစ်ယောက်က သူ့မွေးနေ့မှာ လာလှူဦးမယ် ပြောလို့ ဆရာကြီးလည်း ဝမ်းသာလို့ပေါ့။ ဆရာမ က တကယ်ပဲ သူ့မွေးနေ့မှာ လာလှူပါတယ်။ ကလေး တစ်ယောက်ကို လွယ်အိတ် အသစ် တစ်အိတ်စီနဲ့ စာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း။ ဖြစ်ချင်တော့ လူရေတာ မှားပြီး သုံးယောက် လိုနေလို့ ဝေရင်း ဝေရင်းနဲ့ နောက်ဆုံးမှာ သူတို့ဖို့ မရှိတော့ ငိုမဲ့မဲ့ ဖြစ်သွားလေရဲ့။ ဆရာမလည်း စိတ်တွေ မကောင်းဖြစ်ပြီး နောက်နေ့ကျ ဆက်ဆက် လာပေးပါ့မယ် ဆိုပြီး ချော့ရတာပေါ့။ လွယ်အိတ်အသစ် ရတဲ့ ကလေးတွေကတော့ ဟီးလေး ဟားလေး လုပ်ပြီး ပျော်နေကြတယ်။ လွယ်အိတ်ရပေမယ့် သူများတွေလို ရယ်ပြုံးမနေပဲ ခပ်တည်တည် ခပ်ညှိုးညှိုး ပုံမှန် မျက်နှာနဲ့ပဲ နေတဲ့ ကလေးတစ်ချို့တော့ ရှိတယ်။ အလှူရှင် ဆရာမ နဲ့ အဖော်လိုက်လာတဲ့ ဆရာမ အငယ်လေးက သတိထားမိသွားပြီး သွားစပ်စု နေလေရဲ့။
 

တကယ်တော့ အဲဒီကလေးတွေက သူတို့ မိဘတွေကို မှတ်မိတတ်တဲ့ ကျောင်းနေတော့မယ့် အရွယ်မှ ဒီကို ရောက်လာတာလေ။ သူတို့တွေက များသောအားဖြင့် အဖေ အမေ နှစ်ယောက်လုံးကိုပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက် ကိုပဲ ဖြစ်ဖြစ် သတိရနေတတ်ကြတယ်။ သူတို့ကို ပြန်လာခေါ်နိုးလည်း မျှော်နေတတ် ကြတာ။ ခုလည်း ဘာတွေ ပြောနေကြလဲ ဆိုတာ နားထောင်ကြည့်လိုက်ဦး။ တစ်ယောက်က “အမေက နောက်နှစ် ကျောင်းတက်ရမယ့် အချိန်ကျရင် ပြန်လာ ခေါ်မယ် ပြောထားတာ၊ ခု ကျောင်းဖွင့်တော့မယ်၊ အမေက မလာသေးဘူး၊ သားသား ဒီမှာ မနေချင်ဘူး၊ အမေနဲ့ပဲ ပြန်နေချင်တာ” တဲ့။ စကားမပီတဲ့ အပြင် ဝဲလည်း ဝဲသေးတော့ ဆရာမလေး ခမျာ ဘာပြောတယ် ဆိုတာ မနည်း လိုက်နားထောင်ရ ရှာတယ်။ တစ်ယောက်ကတော့ “အမေက သား စာဖတ်တတ်တဲ့ အချိန်ရောက်ရင် စာရေးမယ် ပြောထားတာ၊ ခု သား စာ ကောင်းကောင်း ပေါင်းပြီး ဖတ်တတ်နေပြီ၊ အမေက စာလည်း မရေးသေးဘူး” တဲ့။ နောက်တစ်ယောက်ကတော့ “အဖေက အလုပ်ရရင် အနော့်ဆီ စာရေးမယ် ပြောထားတာ မရေးသေးဘူး” တဲ့။ စာနည်းနည်းလောက် ဖတ်တတ်နေတဲ့ အရွယ် ကလေးကြီး သုံးလေး ယောက်က စာမျှော်နေတာ သိသွားတော့ ဆရာမလေးလည်း တော်တော် အံသြသွားတယ်။ သူ့စိတ်ထဲတော့ ဒီကလေးတွေရဲ့ မိဘဆိုတာတွေ ကလည်း စာမတတ် ပေမတတ် အသိုင်းအဝိုင်းကပဲ ဖြစ်လိမ့်မယ်လို့ ထင်တားထာလေ။ စာရေးပါ့မယ်လို့ ကတိပေးခဲ့တဲ့ မိဘတွေ ရှိမှန်း သိရတာ နည်းနည်းတော့ အံသြစရာ မဟုတ်လား။

 

ကျောင်းဖွင့်တော့ ကလေး အကြီး အသေး အားလုံး လွယ်အိတ် အသစ်လေးတွေနဲ့ပေါ့။ ဆရာမက သူ့ကတိအတိုင်း ကျန်တဲ့ ကလေးတွေ အတွက် လွယ်အိတ်တွေ ကျောင်းမဖွင့်ခင်ပဲ မှီအောင် လာပေး သွားတယ်လေ။ သူတို့ တက်တဲ့ ကျောင်းက ဂေဟာ နဲ့ သိပ်မဝေးဘူး။ အဲဒီ လမ်းမကြီး ပေါ်မှာပဲ ရှိတာ။ မနက်ဆို အားလုံး စီတန်း လက်ကလေးတွေ ပိုက်ပြီး ကျောင်းသွားကြတာ ကြည်နူးစရာလည်း ကောင်း၊ သနားစရာလည်း ကောင်းပါတယ်။

အဲဟို တက္ကသိုလ်က ဆရာမလေးတွေက ကလေးတွေကို တော်တော် သနားနေကြတယ်။ နှစ်ပတ်တစ်ခါ ဆိုသလို စုစုပြီး တစ်နပ်စာ လာလာ လှူကြပါတယ်။ တစ်ချို့ကလည်း မုန့်လေး ပဲလေး၊ ချိုချဉ်လေး၊ ဂျယ်လီလေး လာလာ ဝေတယ်။ အဲဒီလို ဝေမှပဲ ကလေးတွေလည်း အဲဒါမျိုးတွေ စားဖူးကြတာ။ ပုံမှန်တော့ ဆရာကြီးလည်း အဲဒါမျိုးတွေ မကျွေးနိုင်ဘူးလေ။ အဲဒါမျိုး စားရရင် ကလေးတွေ ဆိုတော့ မျက်နှာလေးတွေ ရွှင်လို့ပေါ့။ ဟိုတစ်ခါ စပ်စုတဲ့ ဆရာမလေးကတော့ ဆရာကြီးကို ကလေးတွေရဲ့ နောက်ကြောင်းတွေ လာစပ်စု နေပြန်တယ်။ တကယ်တော့ ဆရာကြီး သိတာလည်း သိပ်တော့ များများစားစား မရှိပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက်စီနဲ့ ပတ်သက်ပြီး သေချာတော့ မှတ်တမ်း လုပ်ထားတယ်။ တစ်ချို့မှာ မိဘ နှစ်ပါးလုံး မရှိဘူး။ တစ်ချို့ကတော့   မွေးကတည်းက ဆေးရုံမှာ ပစ်သွားတာ။ တစ်ချို့က မိဘတွေနဲ့ ပတ်သက်ပြီး ဘာ အချက်အလက်မှ မချန်ခဲ့ဘူး။ တစ်ချို့ကတော့ မိဘ နှစ်ပါးလုံး၊ တစ်ချို့ကတော့ အဖေ သို့မဟုတ် အမေ ဒီလောကကြီးထဲမှာ ရှိနေသေးတယ်။ သူတို့ မိဘတွေနဲ့ ပတ်သက်ပြီး ဘာအမှတ်အသားမှ မကျန်တဲ့ ကလေးတွေ ရှိသလို အဖေ သို့ အမေ ဆီက သတင်းတစ်စုံတရာကို မျှော်နေတဲ့ ကလေးတွေလည်း ရှိတယ်။

“ဆရာမရယ် တကယ်တော့ သူတို့ မိဘတွေက ဘယ်တော့မှ ပြန်ခေါ်တော့မှာလည်း မဟုတ်ပါဘူး၊ ဘယ်သူမှလည်း စာရေးနေမှာ မဟုတ်ပါဘူး၊ ကျူပ်ဆီမှာ အပြီးပစ်သွားကြတာပါ၊ နောင် သင့်တော်တဲ့ မွေးစားမိဘ ရှိရင်လည်း ပေးလိုက်ဖို့ ပြောပြီးသား၊ စာရေးထားခဲ့ပြီးသား တွေပါ။ ဒါပေမယ့် သူတို့ကို အဲဒီ အဖြစ်မှန် ဘယ်လို ပြောမလဲ၊ အမေ့ဆီက အဖေ့ဆီက စာမျှော်နေတဲ့ သူတို့ မျှော်လင့်ချက်တွေကို ဘယ်လို ရိုက်ချိုးလို့ ဖြစ်နိုင်မလဲ၊ နည်းနည်း ကြီးလာရင်တော့ သူတို့ဟာ သူတို့ နားလည် သွားမှာပါ”
ဆရာကြီးက ပြောပြနေတယ်။ ဆရာမလေးကတော့ ညှိုးနေတဲ့ မျက်နှာလေးတွေ မြင်ယောင်ပြီး စိတ်မကောင်းတွေ ဖြစ်လို့..။

အဆောင် အပြန်လမ်းမှာ ဆရာမလေးလည်း ဆက်ပြီး တွေးနေမိတယ်။ တစ်နိုင်ငံလုံးမှာ မိဘမဲ့ ဂေဟာတွေ များများ လာတာ..။ ဘာကြောင့်များ တာဝန် မယူနိုင်ပဲနဲ့ ကလေးတစ်ယောက်ကို မွေးရသလဲလို့ သူတော့ နားမလည်နိုင်ပါ...။ အင်းလေ မမွေးပဲနဲ့ ဖျက်ဆီးပစ်တာထက် စာရင် မွေးပြီး စွန့်ပစ်တာကမှ တော်သေးတယ်လို့ ဆိုရမလား။ ပြီးတော့ လမ်းဘေးမှာ တောင်းစားနေရမှာထက် စာရင် ဒီလို မိဘမဲ့ ဂေဟာ တစ်ခုခုမှာ နေရတာက အများကြီး ကံကောင်းတယ်လို့ ဆိုရမှာ..။ တော်ပါပြီလေ.. ဒါတွေက ကိုယ် မတတ်နိုင်တဲ့ ပြဿနာတွေပါ လို့ ဆရာမလေး က သူ့အတွေးကို အဆုံးသတ်လိုက်တယ်။ ကိုယ် တတ်နိုင်တာလေးပဲ စဉ်းစားပြီး လုပ်ပေးကြတာပေါ့ လို့ တွေးတယ်။

နောက် သုံးပတ်လောက် နေတော့ မိဘမဲ့ ဂေဟာက ကလေး တစ်ယောက်ကို လိပ်မူထားတဲ့ စာ တစ်စောင် စရောက်လာတယ်။ စာဖတ်တတ်တဲ့ အရွယ်ရောက်ရင် စာရေးမယ်လို့ ပြောထားတဲ့ အမေ့ဆီက စာပါ။ ကောင်ကလေးကတော့  ပျော်သွားတာ ပါးစပ်ကို မစေ့တော့ဘူး။ တကယ်တော့ အဲဒီစာကို သူ လုံးစေ့ပတ်စေ့ ပေါင်းဖတ်တတ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အမေ ရေးတဲ့စာ ရယ်လို့ တကိုင်ကိုင် လုပ်ပြီး  တတ်သလောက် မှတ်သလောက် ပေါင်းဖတ်ရတာပါ။ တစ်ခြား ကလေးတွေကလည်း အားတွေ ကျလို့ ပေါ့လေ။ အဲ နောက် နှစ်ရက်လောက် နေတော့ နောက်တစ်စောင် ရောက်လာပြန်တယ်။ ဒါကတော့ အဖေ့ဆီက စာပါ။  စာထဲမှာ တစ်လတစ်ခါတော့ စာမှန်မှန် ရေးပါ့မယ် လို့ သူ့သားကို ကတိပေး ထားတယ်။ နောက် သုံးရက်လောက် နေတော့ တစ်စောင် ရောက်လာပြန်တယ်။ နောက်နှစ် ကျောင်းဖွင့်ချိန်မှာ ပြန်လာခေါ်ပါ့မယ် ဆိုတဲ့ အမေ့ဆီက။ သူ လာမခေါ်နိုင်သေးလို့ ဆရာကြီး ဆီမှာပဲ နေပြီး စာကြိုးစားပါ လို့ ရေးထားတာ။ အဲလိုနဲ့ တစ်လ အတွင်းမှာ ကလေးတိုင်း လိုလို ဆီကို စာတွေ တစ်ဖွဲဖွဲ ရောက်လာပါတော့တယ်။ အရင်က ညှိုးနေတဲ့ မျက်နှာလေးတွေလည်း မျှော်လင့်ချက်နဲ့ လန်းလန်း ဆန်းဆန်း ဖြစ်လို့ပေါ့။

အစကတော့ ဆရာကြီး တောင်မှ ထင်ယောင် ထင်မှား ဖြစ်မိသေး။ တယ်တော်တဲ့ မိဘတွေ ပါလား လို့။ ကိုယ့် သားကို ပစ်မထားကြရှာဘူး လို့။ လိပ်စာတွေကလည်း မြန်မာနိုင်ငံ အနှံအပြားလိုလိုက လာနေတာ ဆိုတော့ ဆရာကြီးကလည်း ထင်မိ ပေတာပေါ့။ နောက်တော့ ဘယ် ဟုတ်လိမ့်မလဲ။ ဆရာမလေးက တစ်ခေါက် လာတိုင်း ဆရာကြီးကို စပ်စုတယ်။ ကလေး နာမည် နဲ့ အမေ အဖေ နာမည်၊ လိပ်စာ တွေ မှတ်မှတ် သွားတတ် တယ် ဆိုတော့..။ ဒါပေမယ့်လည်း လာတဲ့ စာတွေရဲ့ လိပ်စာမှာပါတဲ့ မြို့နာမည်တွေက ကလေးမိဘတွေ နေတဲ့ မြို့တွေလည်း မဟုတ်ပဲ မြို့ကြီးတွေဖြစ်ပြီး ငါးယောက် ခြောက်ယောက် ဆိုသလို လည်း တူနေတတ်တယ် ဆိုတော့...။

နောက်ဆုံးမှာ ဆရာကြီးလည်း သိလိုက်ပါတယ်။ ဒီစာတွေ အားလုံးကို ရေးတဲ့လူ ဟာ သူ့ကို စပ်စုတတ်တဲ့ ဆရာမလေးပဲ ဆိုတာကို။ ဆရာမလေးကို ဖွင့်မေးတော့ သူကလည်း ဝန်ခံပါတယ်။ ကလေးတွေကို တစ်သက်ပြောမပြဖို့လည်း ဆရာကြီးကို ကတိတောင်းလိုက်ပါသေးတယ်။ ဆရာကြီးကလည်း သူ့ကလေးတွေ စိတ်ထိခိုက်စေမယ့် အရာကို ဘယ်လုပ်လိမ့်မလဲ။

ဆရာမလေးက လက်ရေးကို အမျိုးစုံအောင် လုပ်ရေးတတ်တဲ့လူပါ။ တစ်ချို့စာတွေကျတော့လည်း လက်ရေး မတူအောင် သူငယ်ချင်းတွေကို ကူးရေး ခိုင်းထားတာပါ။ ကလေးတွေက မသိပေမယ့်လို့ သူက အသေးစိတ်က အစ ဂရုစိုက်တဲ့ သဘောပါ။ ပြီးတော့ သူ အိမ်မပြန်ဖြစ်ပေမယ့် နယ်အနှံအပြားက အိမ်ပြန်တဲ့ ဆရာမတွေကို ပေးလိုက်ပြီး အဲဒီ နယ်ကနေ ဒီလိပ်စာကို ထည့်ခိုင်းလိုက်တာပါ။ သူ့အိမ်ရှိတဲ့ မြို့ကို စာတွေ ထည့်လိုက်ပြီး အဲဒီမြို့ကမှ တစ်ဆင့် ဒီကို ပြန်ထည့်ခိုင်း လိုက်တာမျိုးလည်း လုပ်ပါတယ်။ သူ့အိမ်ကရော အားလုံးကရော ရူးတယ်လို့ ထင်ပေမယ့် လှိုက်လှိုက်လှဲလှဲတော့ ကူညီပေးကြပါတယ်။

နောက်ထပ် နှစ်လ တစ်ခါ သုံးလ တစ်ခါ ဆိုသလို တစ်နှစ်အတွင်း မပျက်ကွက်စေရပဲ ကလေးတိုင်းစေ့ ဆီကို စာတွေ မှန်မှန် ရောက်လာပါတယ်။ ဆရာကြီးကလည်း နောက်ထပ် ကလေး တစ်ယောက် ထပ်ရောက်လာတိုင်း သူတို့ ဇာတ်လမ်းကို ပြောပြပြီး ဆရာမလေးရဲ့ အလုပ်ကို ဝမ်းမြောက် ဝမ်းသာ ထောက်ခံခဲ့ပါတယ်။ တကယ်တော့ ဆရာမလေး အနေနဲ့ စုပေါင်းစပ်ပေါင်း အလှူငွေ ထည့်တာလောက်ကလွဲရင် များများစားစား လှူနိုင်တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူ လုပ်ပေးနိုင်သလောက်လေးနဲ့ ကလေးတွေရဲ့ ညှိုးနေတဲ့ မျက်နှာလေးတွေကို တတ်နိုင်သမျှ လန်းစေချင်တာပါ။ သူ ဒီနယ်က ပြောင်းသွားပြီးလည်း ဘယ်နယ်ပဲ ရောက်ရောက် ဒီအလုပ်ကို မပျက်မကွက် လုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ အဝေးရပ်က စာ မျှော်နေတဲ့ ကလေးတွေ အတွက် အဖေ၊ အမေ ဆီက လာတဲ့ စာတွေက ခွန်အားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ကလေးတွေ သူ့ဘဝသူ ရပ်တည်နိုင်လောက်တဲ့ အချိန်အထိ ဒီ အားပေးတဲ့ စာတွေကို သူရေးနေဦးမှာပါ။

(စိတ်ကူး သက်သက်သာ ဖြစ်ပြီး ပုံများကို ကိုယ့် ဆရာမ တစ်ယောက်ရဲ့ Facebook ကနေ ခွင့်တောင်းပြီး ယူသုံးပါသည်။ ရတနာပုံ မြို့သစ် အနီး ပြင်စာကျေးရွာ ရှိ သုခမေတ္တာ မိဘမဲ့ကျောင်း တွင် ရိုက်ထားသော ပုံများ ဖြစ်ပါသည်။)
 
သိင်္ဂါကျော်
 

14 February, 2012

ချစ်ခြင်း အတူညီ (Be My Valentine)


မင်းကို စတွေ့ကတည်းက
ကိုယ့်အတွက်ပဲရယ်လို့
စိတ်ပိုင်းဖြတ် ခဲ့ပါရဲ့
ကောင်မလေး ရေ..
ကိုယ့်ချစ်ခြင်း တန်ခိုးနဲ့ပဲ
မင်း ချစ်ခြင်းတွေကို
မျှားယူနိုင်ခဲ့ပါရဲ့။
ကိုယ့်အိပ်မက်တွေ အသက်ဝင်လာအောင်
မင်းပဲ ဖြည့်ဆည်းပေးခဲ့တာပါ။

ပထမဆုံး
ချစ်ခြင်း ထပ်တူညီတဲ့နေ့က
ကိုယ်ပေးခဲ့တဲ့ နှင်းဆီတစ်ပွင့်ကို
Perfect Rose ရယ်လို့
မင်းက တင်စားခဲ့လေတယ်။

ကောင်မလေးရေ..
ငါ့ဘဝထဲ မင်းကို ပို့ဆောင်ခဲ့တဲ့
တန်ခိုးတော်ရှင်တွေ ကို
ကျေးဇူးအခါခါ တင်မိပါရဲ့။
ကောင်းကင်တွေ
အပြာရောင် မပြောင်းသရွေ့တော့
ကျွန်တော် သူ့ကို ချစ်နေမှာပါ လို့
တစ်လောကလုံး ကြားအောင်
ကတိပေးနိုင်ပါရဲ့။

မင်းဟာ ကိုယ့်ရဲ့ Valentine ပါ
Valentine နေ့တိုင်း ပို့ခဲ့တဲ့
ကိုယ့်ရဲ့ နှင်းဆီတွေ အမြဲတမ်း
မလန်းဆန်း မမွှေးပျံ နိုင်ပေမယ့်
Valentine နေ့တိုင်း ပို့ခဲ့တဲ့
မင်းရဲ့ ချောကလက်တွေ
အမြဲတမ်း ရသာချိုမနေနိုင်ပေမယ့်
တို့ရဲ့ရင်ထဲ တစ်ထပ်တည်းကျနေတဲ့အရာ
ဒီအချစ်တစ်ခုကတော့
မပြောင်းမလဲ တည်တံနေမှာ...။

အပြင်ဘက်မှာ
မိုးတွေပဲ သည်းသည်း..
နေတွေပဲ ပြင်းပြင်း..
နှင်းတွေ ခြုံလို့ပဲ
အဖြူရောင် ကမ္ဗလာဖြစ်ဖြစ်
တို့အသည်းနှလုံးရဲ့ နီးစပ်ခြင်းကိုတော့
ဘယ်အရာကမှ မတားနိုင်။
ခါတိုင်းထက်ပိုတဲ့ အဓိပ္ပါယ်ရှိသောနေ့..
တို့ရဲ့ ချစ်သော Valentine မှာ
သစ္စာအနားကွပ်တဲ့ ချစ်ခြင်းရဲ့ ကတိတွေနဲ့
ထာဝရ လှပစေမယ်။

သိင်္ဂါကျော်

(ချစ်တတ်သူ များအတွက်.. Valentine's Day အမှတ်တရ)

12 February, 2012

တစ်နေ့နေ့တော့ (သီချင်း)

ကိုယ်က သီချင်းတွေကို အမြဲ အသစ်အသစ်တွေ နားထောင် ရတာ ကြိုက်ပါတယ်။ အဆိုတော် အသစ်တွေကိုလည်း အမြဲ အားပေး ပါတယ်။ ကိုယ့် အခန်းထဲမှာ အမြဲတမ်း သီချင်းဖွင့်ထားပြီး လုပ်စရာ ရှိတာ လုပ်နေတာပဲ။ ဒီတစ်ပုဒ်ကတော့ ဖြိုးကျော်ထိုက်ရဲ့ မရပ်နဲ့ အခွေထဲက ကိုယ်ကြိုက်တဲ့ သီချင်းလေး တစ်ပုဒ်ပါ။



သိင်္ဂါကျော်

08 February, 2012

မျှော်သူမဲ့ ရာသီ



နှင်းဖြူဖြူတွေ ခဏလောက် ကျဲချပြီး
တစ်ပတ်လုံးလုံး အေးခဲစေခဲ့
အိမ်ခြေရာမဲ့တွေ မမျှော်တဲ့ ရာသီ
နွေးထွေးမှုဆိုတာလည်း
အသည်းနှလုံးမှာပဲ ရှိနိုင်တော့တယ်။

နွေကို မမျှော်တဲ့ နေရာတွေမှာ
တစ်စက်မကျန်အောင် ခမ်းခြောက်ပစ်တတ်တဲ့
ဒေါသတွေ သင့်တဲ့ ရာသီလည်း
ဘယ်သူမှ မမျှော်ပဲ ရောက်ရောက်လာ။

အတ္တ အဝှက်ကောင်းတဲ့ သူရဲကောင်းတွေ
တစ်ယောက်ပြီးတစ်ယောက် ပွဲထုတ်နေရင်းလည်း
ဟိုဟိုသည်သည်က သေနတ်သံတွေ
မကြားရတဲ့ ရာသီကို မရှိခဲ့ဘူး။

ကမ္ဘာကြီး ကို ကျည်ကာအင်္ကျီ ဝတ်ပေးထားတယ်လို့
အသံကောင်းတွေ ဟစ်ဟစ်ပြီး
ဒီထက်မက ပေါက်ကွဲစေတာတွေနဲ့ အနာတရ ဖြစ်စေခဲ့
ကမ္ဘာကြီး ကိုယ်တိုင် ခိုကိုးရာမဲ့နေတဲ့ ရာသီတွေ။

လူဟာ လူပါပဲ
ဒီထက်ဘာမှ ပိုပြီး မမျှော်လင့်ပါနဲ့၊
လူဟာ လူလိုကျင့်တတ်တာကိုမှ
စကြဝဠာသားတို့က အမြင်ကတ်တယ်လို့
ကြယ်မိုးတွေနဲ့အတူ ဂြိုဟ်သားဗီဇတွေ ကျဲချချင်ရင်လည်း
ကမ္ဘာကြီးကတော့ မျက်နှာလွှဲနေတော့မှာပဲ။

သူ့ကိုယ်တိုင်ရဲ့ အဆုံးသတ်ကို
သူကိုယ်တိုင် မသိပဲ
ရုပ်ရှင်တွေထဲပဲ ပြန်ပြန် ကြည့်နေရတာလည်း
ငြီးငွေ့လာပြီ တဲ့လေ..။
ဂြိုဟ်ချင်းပဲ ဝင်တိုက်တိုက်...
နေမင်းပဲ Copy ပွားပွား..
Solar Storm တွေပဲ ဖုံးလွှမ်းချင် ဖုံးလွှမ်း...
ကမ္ဘာကြီးကတော့ မျက်နှာလွှဲနေတော့မှာပဲ။

သူကိုယ်တိုင် မဖန်တီးတဲ့ ရာသီတွေ အတွက်
ကမ္ဘာကြီးကို နှလုံးသားမဲ့သူလို့ မမြင်ပါနဲ့..
ဒါပေမယ့်လည်း
သူမတတ်နိုင်တဲ့ အရာတွေအတွက်
ကမ္ဘာကြီးကတော့ မျက်နှာလွှဲနေတော့မှာပဲ။

သိင်္ဂါကျော်

04 February, 2012

Groningen နေ့ရက်များ (၂) : နှင်းကျတဲ့ နေ့


ဥရောပက မြို့လေးကို ရောက်နေပြီးမှ နှင်းကျတာ မမြင်ပဲ ပြန်သွားရင် မတန်ဘူး လို့ တွေးနေတာ..။
နှင်းတွေ မြင်ရအောင် ပိုလန်က စကီးကွင်းကို သွားလည်ရင် ကောင်းမလားလို့တောင် စဉ်းစားနေသေးတာ..။ မသွားဖြစ်ဘူး။ မနေ့ကတော့ ကိုယ့် ဆုတောင်းပြည့်ပြီး နှင်းတွေကျတယ်။ ဒီမြို့မှာက ပုံမှန်အားဖြင့် အမြဲတမ်း ကျလေ့ရှိတာ မဟုတ်ဘူး။

မနေ့က အိပ်ရာအထ ဝရံတာကနေ အပြင်ကို ကြည့်လိုက်တော့ ပလက်ဖောင်းတွေ၊မြက်ခင်းတွေ ဖွေးဖွေးဖြူနေပြီ။ နှင်းပွင့် ခပ်သေးသေးလေးတွေ ကျနေတာ တွေ့တော့ အရမ်းပျော်သွားတယ်။ ကိုယ့်အခန်း သုံးထပ် ဝရံတာကနေ တစ်ပုံ နှစ်ပုံ ရိုက်လိုက်တယ်။မြန်မြန် အဝတ်လဲပြီး ကျောင်းကို သွားတယ်။ ကျောင်းသွားတဲ့ လမ်းမှာ ဟိုဟို ဒီဒီ ဓါတ်ပုံ ရိုက်သွားတယ်..။










ရုံးခန်းထဲမှာ ထိုင်နေရင်း ပြတင်းပေါက်မှန်ကနေ နှင်းတွေ ဆက်ကျနေတာကို မြင်နေရတော့ အခန်းထဲ ထိုင်ပြီး အလုပ်မလုပ်ချင်ပဲ အပြင်ထွက် လမ်းလျှောက်ချင်စိတ် ပေါက်နေခဲ့တယ်။ နေ့ခင်းပိုင်းကျတော့ နေပူလာပြီး နှင်းတွေ ထပ်မကျတော့ဘူး။ အဲဒါနဲ့ မနေနိုင်တော့ပဲ အပေါ်အင်္ကျီလေး ဝတ်ပြီး အပြင်ထွက် အနီးအနားက အဆောက်အအုံတွေဘက် လျှောက်သွားပြီး ဓါတ်ပုံတွေ လျှောက်ရိုက်ခဲ့တယ်။ လမ်းသွားတဲ့လူ အတင်းရပ်ခိုင်းပြီး ကိုယ့်ကို ဓါတ်ပုံ ရိုက်ခိုင်းလိုက်သေးတယ်။ အဖော်ကလည်း မရှိတော့ အဲလိုပဲ လျှောက်သွားတိုင်းမှာ တွေ့တဲ့လူကိုပဲ ဓါတ်ပုံရိုက်ခိုင်းရတယ်.. မျက်နှာငယ်လိုက်တာ။



 

 








ကျောင်း အပြန်ကျတော့လည်း ဟိုဟို ဒီဒီ လမ်းမှာ လျှောက်ရိုက်ခဲ့သေးတယ်။

 
 

အဆောင်ဘေးက ရေကန်ကြီးလည်း ရေခဲနေပြီ။ ကလေးတွေတောင် ဆင်းဆော့ နေကြတယ်။ ဘဲလေး တွေနဲ့ ဇင်ယော်တွေတော့ ဘယ်နေကြတယ် မသိပါ။ အမြဲတမ်း နှင်းကျနေရင်တော့ လူတွေ သွားရေးလာရေး ဒုက္ခများကြမှာပဲ ဆိုပေမယ့် ခုလို တစ်ခါတလေ နှင်းကျတာတော့ ပျော်စရာပါပဲ။


 
 
 
သိင်္ဂါကျော်