16 February, 2012

အဝေးရပ်က စာ



တောင်ပေါ်ကားလမ်းမ ဘေးနား၊ နောက်ပိုင်းမှ အသစ်တည်တဲ့ မြို့သစ်ဝင်းကြီး အနီးအနားမှာ မိဘမဲ့ ဂေဟာလေး တစ်ခု ရှိလေရဲ့။ လူကတော့ သိပ်မများသေးဘူးလို့ ဆိုရမလားပဲ။ ၅၀ ကျော်လောက်ပဲ ရှိပါတယ်။ အားလုံး ယောက်ျားလေးတွေ ချည်းပဲ။ ကျောင်းအုပ်ကြီးကလည်း အမျိုးသားဆိုတော့ ယောက်ျားလေးတွေ ချည်းပဲ လက်ခံထားတာ။ မိန်းကလေး လာပို့ရင်တော့ တစ်ခြား မိဘမဲ့ သီလရှင်ကျောင်းကိုပဲဖြစ်ဖြစ် လွှဲပေးလေ့ ရှိပါတယ်။ ဒီကျောင်းက ဖွင့်တာလည်း သိပ်တော့ နှစ်မကြာသေးဘူးလို့ ပြောရမယ်။ လေးနှစ်လောက်ပဲ ရှိပါသေးတယ်။ ကလေးတွေ အားလုံးကလည်း ရွယ်တူလောက်လေးတွေ ချည်းပဲ။ အားလုံးကို ဆင်တူ ဖြစ်အောင်လို့ ကတုံးတုံး ပေးထားတယ်။ ဒီနှစ် ကျောင်းဖွင့်ရင် ကျောင်းတက်ရမယ့် အရွယ်တွေ များတယ်။ ဒီလို ရွယ်တူလေးတွေ အများကြီး ဆရာကြီး ဘယ်ကနေ ကောက်ရလာပါလိမ့် လို့ တစ်ချို့ကလည်း မေးကြတယ်။ “ဒီလိုပေါ့ဗျာ.. ဟိုက ဒီက ပေါ့” လို့ ဆရာကြီးကတော့ ခပ်ပေါ့ပေါ့ ပြောတတ်တယ်။

ဘာပဲဖြစ်ဖြစ် ဆရာကြီးရဲ့ စေတနာကိုတော့ အားလုံးက အသိအမှတ်ပြုကြပါတယ်။ ဒီလို ဂေဟာတစ်ခုကို ဦးစီးဦးဆောင် တည်ထောင်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာလေ။ တကယ်တော့ ဆရာကြီးကလည်း အရမ်းချမ်းသာလို့ ဒီပရဟိတ အလုပ်ကို လုပ်နေတာမှ မဟုတ်ပါပဲလား။ ရှိတာလေးနဲ့.. စေတနာရှင်တွေ လှူသမျှလေးနဲ့ အသက်ဆက်နေကြရတာပါ။ ကလေးတွေထဲမှာလည်း ပုံစံ အမျိုးမျိုး ရှိကြတယ်။ တစ်ချို့ကလေးတွေကတော့ ကလေး ပီပီ ဘာမှ မသိနားမလည်တော့ ကြုံတဲ့ဘဝမှာ ဆော့ကစား ပျော်ရွှင်နေတဲ့ သူတွေလည်း ရှိတယ်။ တော်တော်များများကတော့ မိဘမဲ့ ကလေးတွေပီပီ မျက်နှာလေးတွေ ကိုက ညှိုးငယ်လို့...။ ကလေးတွေကို သနားတဲ့ တစ်ချို့ အလှူရှင်တွေက သူတို့ ဇာတ်ကြောင်းကို စိတ်ဝင်တစားနဲ့ စပ်စုတတ်ကြတယ်။

မိဘမဲ့တွေလို့ ခပ်လွယ်လွယ် ပြောကြပေမယ့် တကယ်တော့ ဒီရောက်လာတဲ့ ကလေးတိုင်းရဲ့ မိဘတွေကတော့ သေဆုံးကုန်ကြတာ မဟုတ်ပါဘူး။ ကံဆိုးလွန်းလို့ မိဘ နှစ်ပါးလုံး ဆုံးပါးသွားပြီး ရောက်လာတဲ့ ကလေးတွေလည်း ရှိပါရဲ့။ မမွေးနိုင်လို့ လာစွန့်ပစ်သွားကြတဲ့ ကလေးကတော့ များပါတယ်။ ထုံးစံအတိုင်း အဖေမပေါ်ပဲ မွေးတဲ့ ကလေးတွေလည်း ဖြစ်နိုင်တာပေါ့။ အားလုံးရဲ့ ဇာတ်ကြောင်းတွေကိုတော့ ဆရာကြီး ကိုယ်တိုင်လည်း မသိခဲ့ရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ လက်ထဲ ရောက်လာတော့လည်း မွေးထားလိုက်တာပါ။ တစ်ချို့ ကလေးတွေကျတော့လည်း မိဘ တစ်ယောက်ယောက် ရောက်လာပြီး သူ မမွေးနိုင်တော့လို့ ဆရာကြီးပဲ တာဝန်ယူပေးပါ ဆိုပြီး ကိုယ်တိုင် ကိုယ်ကျ လာအပ်သွားတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း မိဘနှစ်ပါးလုံးက အမှောင်ထဲမှာမို့ ကလေးကို ပညာမှ တတ်ပါစေတော့ လို့ ဆရာကြီးနဲ့ ထည့်လိုက်တာမျိုးလည်း ရှိတယ်။ ဆရာကြီးမို့ ခရီးသွားပြီး ပြန်လာရင်လည်း ကလေး တစ်ယောက် နှစ်ယောက် ကတော့ ပါလာတတ်တာပဲ။

ဒီဂေဟာကလေးက သေးကလည်းသေး၊ ဖွင့်တာလည်း မကြာသေးတော့ အလှူရှင်က သိပ်များများစားစား မလာတတ်ပါဘူး။ ကြုံကြိုက်လို့ သိသွားတဲ့သူ တစ်ချို့တလေ လောက်ပဲ လာလှူကြတာ။ အလှူရှင် မရှိတဲ့ နေ့ဆို ကလေးတွေအားလုံး ဆန်ပြုတ်နဲ့ ခပ်ပေါပေါ အသီးအရွက်ပဲ စားရတာ။ တစ်ခါတလေ ဆီမပါတဲ့ ပဲပုတ်ချက် နည်းနည်းစီ ပုံပေးလိုက်တယ်။ အလှူရှင် ရှိတဲ့ နေ့ ဆိုရင်တော့ အသား တို့ ငါးတို့ စားရတာပေါ့လေ။ အဲလို နေ့တွေ ဆိုရင်တော့ ကလေးတွေ မျက်နှာက ဝင်းပလို့ပဲ။ အသစ်ဖွင့်လိုက်တဲ့ တက္ကသိုလ်ကျောင်းကြီးက ဆရာမကြီးတွေ ဆရာမလေးတွေကလည်း သူတို့ တတ်နိုင်သမျှ စုပေါင်းပြီး လာလာ ကျွေးကြပါတယ်။ အဲဒီနေ့တွေဆို ကလေးတွေလည်း သဘောတွေကျပေါ့။ ဆရာမတွေက သူတို့ကို ဓါတ်ပုံလည်း ရိုက်ကြသေးတာလေ။ ဓါတ်ပုံဆိုတာ ဘာမှန်း သေချာ မသိပေမယ့် သူတို့ကို အဲလို ကင်မရာနဲ့ ချိန်ရိုက်ရင် သူတို့က သဘောကျကြတယ်။

နောက်တစ်ပတ် ကျောင်းဖွင့်ရင် ကျောင်းစတက်ရမယ့် ကလေးတွေ ရှိတဲ့အကြောင်း ပြောမိတော့ ဆရာမတစ်ယောက်က သူ့မွေးနေ့မှာ လာလှူဦးမယ် ပြောလို့ ဆရာကြီးလည်း ဝမ်းသာလို့ပေါ့။ ဆရာမ က တကယ်ပဲ သူ့မွေးနေ့မှာ လာလှူပါတယ်။ ကလေး တစ်ယောက်ကို လွယ်အိတ် အသစ် တစ်အိတ်စီနဲ့ စာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း။ ဖြစ်ချင်တော့ လူရေတာ မှားပြီး သုံးယောက် လိုနေလို့ ဝေရင်း ဝေရင်းနဲ့ နောက်ဆုံးမှာ သူတို့ဖို့ မရှိတော့ ငိုမဲ့မဲ့ ဖြစ်သွားလေရဲ့။ ဆရာမလည်း စိတ်တွေ မကောင်းဖြစ်ပြီး နောက်နေ့ကျ ဆက်ဆက် လာပေးပါ့မယ် ဆိုပြီး ချော့ရတာပေါ့။ လွယ်အိတ်အသစ် ရတဲ့ ကလေးတွေကတော့ ဟီးလေး ဟားလေး လုပ်ပြီး ပျော်နေကြတယ်။ လွယ်အိတ်ရပေမယ့် သူများတွေလို ရယ်ပြုံးမနေပဲ ခပ်တည်တည် ခပ်ညှိုးညှိုး ပုံမှန် မျက်နှာနဲ့ပဲ နေတဲ့ ကလေးတစ်ချို့တော့ ရှိတယ်။ အလှူရှင် ဆရာမ နဲ့ အဖော်လိုက်လာတဲ့ ဆရာမ အငယ်လေးက သတိထားမိသွားပြီး သွားစပ်စု နေလေရဲ့။
 

တကယ်တော့ အဲဒီကလေးတွေက သူတို့ မိဘတွေကို မှတ်မိတတ်တဲ့ ကျောင်းနေတော့မယ့် အရွယ်မှ ဒီကို ရောက်လာတာလေ။ သူတို့တွေက များသောအားဖြင့် အဖေ အမေ နှစ်ယောက်လုံးကိုပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက် ကိုပဲ ဖြစ်ဖြစ် သတိရနေတတ်ကြတယ်။ သူတို့ကို ပြန်လာခေါ်နိုးလည်း မျှော်နေတတ် ကြတာ။ ခုလည်း ဘာတွေ ပြောနေကြလဲ ဆိုတာ နားထောင်ကြည့်လိုက်ဦး။ တစ်ယောက်က “အမေက နောက်နှစ် ကျောင်းတက်ရမယ့် အချိန်ကျရင် ပြန်လာ ခေါ်မယ် ပြောထားတာ၊ ခု ကျောင်းဖွင့်တော့မယ်၊ အမေက မလာသေးဘူး၊ သားသား ဒီမှာ မနေချင်ဘူး၊ အမေနဲ့ပဲ ပြန်နေချင်တာ” တဲ့။ စကားမပီတဲ့ အပြင် ဝဲလည်း ဝဲသေးတော့ ဆရာမလေး ခမျာ ဘာပြောတယ် ဆိုတာ မနည်း လိုက်နားထောင်ရ ရှာတယ်။ တစ်ယောက်ကတော့ “အမေက သား စာဖတ်တတ်တဲ့ အချိန်ရောက်ရင် စာရေးမယ် ပြောထားတာ၊ ခု သား စာ ကောင်းကောင်း ပေါင်းပြီး ဖတ်တတ်နေပြီ၊ အမေက စာလည်း မရေးသေးဘူး” တဲ့။ နောက်တစ်ယောက်ကတော့ “အဖေက အလုပ်ရရင် အနော့်ဆီ စာရေးမယ် ပြောထားတာ မရေးသေးဘူး” တဲ့။ စာနည်းနည်းလောက် ဖတ်တတ်နေတဲ့ အရွယ် ကလေးကြီး သုံးလေး ယောက်က စာမျှော်နေတာ သိသွားတော့ ဆရာမလေးလည်း တော်တော် အံသြသွားတယ်။ သူ့စိတ်ထဲတော့ ဒီကလေးတွေရဲ့ မိဘဆိုတာတွေ ကလည်း စာမတတ် ပေမတတ် အသိုင်းအဝိုင်းကပဲ ဖြစ်လိမ့်မယ်လို့ ထင်တားထာလေ။ စာရေးပါ့မယ်လို့ ကတိပေးခဲ့တဲ့ မိဘတွေ ရှိမှန်း သိရတာ နည်းနည်းတော့ အံသြစရာ မဟုတ်လား။

 

ကျောင်းဖွင့်တော့ ကလေး အကြီး အသေး အားလုံး လွယ်အိတ် အသစ်လေးတွေနဲ့ပေါ့။ ဆရာမက သူ့ကတိအတိုင်း ကျန်တဲ့ ကလေးတွေ အတွက် လွယ်အိတ်တွေ ကျောင်းမဖွင့်ခင်ပဲ မှီအောင် လာပေး သွားတယ်လေ။ သူတို့ တက်တဲ့ ကျောင်းက ဂေဟာ နဲ့ သိပ်မဝေးဘူး။ အဲဒီ လမ်းမကြီး ပေါ်မှာပဲ ရှိတာ။ မနက်ဆို အားလုံး စီတန်း လက်ကလေးတွေ ပိုက်ပြီး ကျောင်းသွားကြတာ ကြည်နူးစရာလည်း ကောင်း၊ သနားစရာလည်း ကောင်းပါတယ်။

အဲဟို တက္ကသိုလ်က ဆရာမလေးတွေက ကလေးတွေကို တော်တော် သနားနေကြတယ်။ နှစ်ပတ်တစ်ခါ ဆိုသလို စုစုပြီး တစ်နပ်စာ လာလာ လှူကြပါတယ်။ တစ်ချို့ကလည်း မုန့်လေး ပဲလေး၊ ချိုချဉ်လေး၊ ဂျယ်လီလေး လာလာ ဝေတယ်။ အဲဒီလို ဝေမှပဲ ကလေးတွေလည်း အဲဒါမျိုးတွေ စားဖူးကြတာ။ ပုံမှန်တော့ ဆရာကြီးလည်း အဲဒါမျိုးတွေ မကျွေးနိုင်ဘူးလေ။ အဲဒါမျိုး စားရရင် ကလေးတွေ ဆိုတော့ မျက်နှာလေးတွေ ရွှင်လို့ပေါ့။ ဟိုတစ်ခါ စပ်စုတဲ့ ဆရာမလေးကတော့ ဆရာကြီးကို ကလေးတွေရဲ့ နောက်ကြောင်းတွေ လာစပ်စု နေပြန်တယ်။ တကယ်တော့ ဆရာကြီး သိတာလည်း သိပ်တော့ များများစားစား မရှိပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက်စီနဲ့ ပတ်သက်ပြီး သေချာတော့ မှတ်တမ်း လုပ်ထားတယ်။ တစ်ချို့မှာ မိဘ နှစ်ပါးလုံး မရှိဘူး။ တစ်ချို့ကတော့   မွေးကတည်းက ဆေးရုံမှာ ပစ်သွားတာ။ တစ်ချို့က မိဘတွေနဲ့ ပတ်သက်ပြီး ဘာ အချက်အလက်မှ မချန်ခဲ့ဘူး။ တစ်ချို့ကတော့ မိဘ နှစ်ပါးလုံး၊ တစ်ချို့ကတော့ အဖေ သို့မဟုတ် အမေ ဒီလောကကြီးထဲမှာ ရှိနေသေးတယ်။ သူတို့ မိဘတွေနဲ့ ပတ်သက်ပြီး ဘာအမှတ်အသားမှ မကျန်တဲ့ ကလေးတွေ ရှိသလို အဖေ သို့ အမေ ဆီက သတင်းတစ်စုံတရာကို မျှော်နေတဲ့ ကလေးတွေလည်း ရှိတယ်။

“ဆရာမရယ် တကယ်တော့ သူတို့ မိဘတွေက ဘယ်တော့မှ ပြန်ခေါ်တော့မှာလည်း မဟုတ်ပါဘူး၊ ဘယ်သူမှလည်း စာရေးနေမှာ မဟုတ်ပါဘူး၊ ကျူပ်ဆီမှာ အပြီးပစ်သွားကြတာပါ၊ နောင် သင့်တော်တဲ့ မွေးစားမိဘ ရှိရင်လည်း ပေးလိုက်ဖို့ ပြောပြီးသား၊ စာရေးထားခဲ့ပြီးသား တွေပါ။ ဒါပေမယ့် သူတို့ကို အဲဒီ အဖြစ်မှန် ဘယ်လို ပြောမလဲ၊ အမေ့ဆီက အဖေ့ဆီက စာမျှော်နေတဲ့ သူတို့ မျှော်လင့်ချက်တွေကို ဘယ်လို ရိုက်ချိုးလို့ ဖြစ်နိုင်မလဲ၊ နည်းနည်း ကြီးလာရင်တော့ သူတို့ဟာ သူတို့ နားလည် သွားမှာပါ”
ဆရာကြီးက ပြောပြနေတယ်။ ဆရာမလေးကတော့ ညှိုးနေတဲ့ မျက်နှာလေးတွေ မြင်ယောင်ပြီး စိတ်မကောင်းတွေ ဖြစ်လို့..။

အဆောင် အပြန်လမ်းမှာ ဆရာမလေးလည်း ဆက်ပြီး တွေးနေမိတယ်။ တစ်နိုင်ငံလုံးမှာ မိဘမဲ့ ဂေဟာတွေ များများ လာတာ..။ ဘာကြောင့်များ တာဝန် မယူနိုင်ပဲနဲ့ ကလေးတစ်ယောက်ကို မွေးရသလဲလို့ သူတော့ နားမလည်နိုင်ပါ...။ အင်းလေ မမွေးပဲနဲ့ ဖျက်ဆီးပစ်တာထက် စာရင် မွေးပြီး စွန့်ပစ်တာကမှ တော်သေးတယ်လို့ ဆိုရမလား။ ပြီးတော့ လမ်းဘေးမှာ တောင်းစားနေရမှာထက် စာရင် ဒီလို မိဘမဲ့ ဂေဟာ တစ်ခုခုမှာ နေရတာက အများကြီး ကံကောင်းတယ်လို့ ဆိုရမှာ..။ တော်ပါပြီလေ.. ဒါတွေက ကိုယ် မတတ်နိုင်တဲ့ ပြဿနာတွေပါ လို့ ဆရာမလေး က သူ့အတွေးကို အဆုံးသတ်လိုက်တယ်။ ကိုယ် တတ်နိုင်တာလေးပဲ စဉ်းစားပြီး လုပ်ပေးကြတာပေါ့ လို့ တွေးတယ်။

နောက် သုံးပတ်လောက် နေတော့ မိဘမဲ့ ဂေဟာက ကလေး တစ်ယောက်ကို လိပ်မူထားတဲ့ စာ တစ်စောင် စရောက်လာတယ်။ စာဖတ်တတ်တဲ့ အရွယ်ရောက်ရင် စာရေးမယ်လို့ ပြောထားတဲ့ အမေ့ဆီက စာပါ။ ကောင်ကလေးကတော့  ပျော်သွားတာ ပါးစပ်ကို မစေ့တော့ဘူး။ တကယ်တော့ အဲဒီစာကို သူ လုံးစေ့ပတ်စေ့ ပေါင်းဖတ်တတ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အမေ ရေးတဲ့စာ ရယ်လို့ တကိုင်ကိုင် လုပ်ပြီး  တတ်သလောက် မှတ်သလောက် ပေါင်းဖတ်ရတာပါ။ တစ်ခြား ကလေးတွေကလည်း အားတွေ ကျလို့ ပေါ့လေ။ အဲ နောက် နှစ်ရက်လောက် နေတော့ နောက်တစ်စောင် ရောက်လာပြန်တယ်။ ဒါကတော့ အဖေ့ဆီက စာပါ။  စာထဲမှာ တစ်လတစ်ခါတော့ စာမှန်မှန် ရေးပါ့မယ် လို့ သူ့သားကို ကတိပေး ထားတယ်။ နောက် သုံးရက်လောက် နေတော့ တစ်စောင် ရောက်လာပြန်တယ်။ နောက်နှစ် ကျောင်းဖွင့်ချိန်မှာ ပြန်လာခေါ်ပါ့မယ် ဆိုတဲ့ အမေ့ဆီက။ သူ လာမခေါ်နိုင်သေးလို့ ဆရာကြီး ဆီမှာပဲ နေပြီး စာကြိုးစားပါ လို့ ရေးထားတာ။ အဲလိုနဲ့ တစ်လ အတွင်းမှာ ကလေးတိုင်း လိုလို ဆီကို စာတွေ တစ်ဖွဲဖွဲ ရောက်လာပါတော့တယ်။ အရင်က ညှိုးနေတဲ့ မျက်နှာလေးတွေလည်း မျှော်လင့်ချက်နဲ့ လန်းလန်း ဆန်းဆန်း ဖြစ်လို့ပေါ့။

အစကတော့ ဆရာကြီး တောင်မှ ထင်ယောင် ထင်မှား ဖြစ်မိသေး။ တယ်တော်တဲ့ မိဘတွေ ပါလား လို့။ ကိုယ့် သားကို ပစ်မထားကြရှာဘူး လို့။ လိပ်စာတွေကလည်း မြန်မာနိုင်ငံ အနှံအပြားလိုလိုက လာနေတာ ဆိုတော့ ဆရာကြီးကလည်း ထင်မိ ပေတာပေါ့။ နောက်တော့ ဘယ် ဟုတ်လိမ့်မလဲ။ ဆရာမလေးက တစ်ခေါက် လာတိုင်း ဆရာကြီးကို စပ်စုတယ်။ ကလေး နာမည် နဲ့ အမေ အဖေ နာမည်၊ လိပ်စာ တွေ မှတ်မှတ် သွားတတ် တယ် ဆိုတော့..။ ဒါပေမယ့်လည်း လာတဲ့ စာတွေရဲ့ လိပ်စာမှာပါတဲ့ မြို့နာမည်တွေက ကလေးမိဘတွေ နေတဲ့ မြို့တွေလည်း မဟုတ်ပဲ မြို့ကြီးတွေဖြစ်ပြီး ငါးယောက် ခြောက်ယောက် ဆိုသလို လည်း တူနေတတ်တယ် ဆိုတော့...။

နောက်ဆုံးမှာ ဆရာကြီးလည်း သိလိုက်ပါတယ်။ ဒီစာတွေ အားလုံးကို ရေးတဲ့လူ ဟာ သူ့ကို စပ်စုတတ်တဲ့ ဆရာမလေးပဲ ဆိုတာကို။ ဆရာမလေးကို ဖွင့်မေးတော့ သူကလည်း ဝန်ခံပါတယ်။ ကလေးတွေကို တစ်သက်ပြောမပြဖို့လည်း ဆရာကြီးကို ကတိတောင်းလိုက်ပါသေးတယ်။ ဆရာကြီးကလည်း သူ့ကလေးတွေ စိတ်ထိခိုက်စေမယ့် အရာကို ဘယ်လုပ်လိမ့်မလဲ။

ဆရာမလေးက လက်ရေးကို အမျိုးစုံအောင် လုပ်ရေးတတ်တဲ့လူပါ။ တစ်ချို့စာတွေကျတော့လည်း လက်ရေး မတူအောင် သူငယ်ချင်းတွေကို ကူးရေး ခိုင်းထားတာပါ။ ကလေးတွေက မသိပေမယ့်လို့ သူက အသေးစိတ်က အစ ဂရုစိုက်တဲ့ သဘောပါ။ ပြီးတော့ သူ အိမ်မပြန်ဖြစ်ပေမယ့် နယ်အနှံအပြားက အိမ်ပြန်တဲ့ ဆရာမတွေကို ပေးလိုက်ပြီး အဲဒီ နယ်ကနေ ဒီလိပ်စာကို ထည့်ခိုင်းလိုက်တာပါ။ သူ့အိမ်ရှိတဲ့ မြို့ကို စာတွေ ထည့်လိုက်ပြီး အဲဒီမြို့ကမှ တစ်ဆင့် ဒီကို ပြန်ထည့်ခိုင်း လိုက်တာမျိုးလည်း လုပ်ပါတယ်။ သူ့အိမ်ကရော အားလုံးကရော ရူးတယ်လို့ ထင်ပေမယ့် လှိုက်လှိုက်လှဲလှဲတော့ ကူညီပေးကြပါတယ်။

နောက်ထပ် နှစ်လ တစ်ခါ သုံးလ တစ်ခါ ဆိုသလို တစ်နှစ်အတွင်း မပျက်ကွက်စေရပဲ ကလေးတိုင်းစေ့ ဆီကို စာတွေ မှန်မှန် ရောက်လာပါတယ်။ ဆရာကြီးကလည်း နောက်ထပ် ကလေး တစ်ယောက် ထပ်ရောက်လာတိုင်း သူတို့ ဇာတ်လမ်းကို ပြောပြပြီး ဆရာမလေးရဲ့ အလုပ်ကို ဝမ်းမြောက် ဝမ်းသာ ထောက်ခံခဲ့ပါတယ်။ တကယ်တော့ ဆရာမလေး အနေနဲ့ စုပေါင်းစပ်ပေါင်း အလှူငွေ ထည့်တာလောက်ကလွဲရင် များများစားစား လှူနိုင်တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူ လုပ်ပေးနိုင်သလောက်လေးနဲ့ ကလေးတွေရဲ့ ညှိုးနေတဲ့ မျက်နှာလေးတွေကို တတ်နိုင်သမျှ လန်းစေချင်တာပါ။ သူ ဒီနယ်က ပြောင်းသွားပြီးလည်း ဘယ်နယ်ပဲ ရောက်ရောက် ဒီအလုပ်ကို မပျက်မကွက် လုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ အဝေးရပ်က စာ မျှော်နေတဲ့ ကလေးတွေ အတွက် အဖေ၊ အမေ ဆီက လာတဲ့ စာတွေက ခွန်အားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ကလေးတွေ သူ့ဘဝသူ ရပ်တည်နိုင်လောက်တဲ့ အချိန်အထိ ဒီ အားပေးတဲ့ စာတွေကို သူရေးနေဦးမှာပါ။

(စိတ်ကူး သက်သက်သာ ဖြစ်ပြီး ပုံများကို ကိုယ့် ဆရာမ တစ်ယောက်ရဲ့ Facebook ကနေ ခွင့်တောင်းပြီး ယူသုံးပါသည်။ ရတနာပုံ မြို့သစ် အနီး ပြင်စာကျေးရွာ ရှိ သုခမေတ္တာ မိဘမဲ့ကျောင်း တွင် ရိုက်ထားသော ပုံများ ဖြစ်ပါသည်။)
 
သိင်္ဂါကျော်
 

10 comments:

ခရစ္စတလ် said...

နယ်တွေကို ဆင်းပြီး စာသင်ပေးရတာ ဝါသနာပါတယ်။ ဒီပိုစ့်လေးဖတ်မိတော့ တမျိုးဖြစ်မိတယ် :)

လွင်ပြင်လှိုင်းငယ် said...

စိတ်ကူး အရေးအသားလေးက အရမ်းကောင်းပါတယ်

စံပယ်ချို said...

လွင်ပြင်ကိုပိုက်ဆံတွေအများကြီးရှာခိုင်းနေမိတယ်
သူကမေးတယ် ဘာလိုချင်လို့လဲတဲ့
ဘာမှမလိုချင်ဘူး
အဲလိုကလေးတွေမွေးစားချင်လို့ပါ
ဒီပိုစ့်လေးကိုဖတ်ပြီးပိုခံစားရတယ်လေ
နောက်ပြီးဒုက္ခ သည်တွေကို အလှူသွားလုပ်ချင်နေတယ်
ခုလောလောဆည်ဖြစ်နေတဲ့စိတ်လေးပါ
မပြောင်းလဲပါစေနဲ့လို့လဲ ကိုယ့်ကိုကိုယ်ဆုတောင်းနေတယ်
ချစ်တဲ့ jasmine

မြသွေးနီ said...

ဒီလိုကလေးတွေမှာ စိတ်အားဖြည့်တင်းဖို့ အများကြီး လိုအပ်တယ်။ သနားစရာ ကလေးများကို စာနာတတ်သူတွေ အများကြီးပေါ်လာစေချင်လှတယ်။ စာလေးတစ်စောင်ကနေ ပေးလိုက်တဲ့ မေတ္တာ၊ စာလေးတစ်စောင်ကနေရလိုက်တဲ့ စိတ်ဓာတ်ခွန်အား..။ နှစ်သက်စရာ ပို့စ်လေးပါညီမရေ..။

Angelhlaing(May everybody be happy and healthy! said...

လူအားငွေအားပြင် စိတ်ဓါတ်ခွန်အားပါ လိုနေရှာတဲ့ သူတို့လေးတွေအတွက် သိပ်ကိုကောင်းတဲ့ အကြံဥာဏ် စိတ်ကူးလေးပါပဲမမရေ...

မြစ်ကျိုးအင်း said...

ဝတ္ထုလေးအနေနဲ့ ပြန်ဖွဲ့ရင် သိပ်ကောင်းမှာပဲ။
ခုတောင် ဖတ်ရတာ ထိထိရှရှ ဖြစ်ရတယ်။

ချစ်စံအိမ် said...

လမင်းစဉ်းစားထားလေရှိတယ် အလုပ်ကြိုးစားလုပ်မယ်
ပိုက်ပိုက်အများကြီးရလာလို့အလုပ်မလုပ်နိုင်တော့ရင်
အဲကလေးတွေနဲ့ပဲအချိန်ကုန်စေတော့မယ်ပေါ့
အပျိုကြီးဘ၀နဲ့ အမြန်ဆုံးလည်းဖြစ်ချင်နေပါပြီ
ပိုစ့်လေးဖတ်မိတော့ပိုပြီစိတ်ကိုခံစားရစေပါတယ်

ဟန်ကြည် said...

ပရဟိတလုပ်ငန်းကိုတော့ နိုင်သလောက်လုပ်ဖြစ်နေတာပါပဲ...ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ဆိုတာကလည်း အုပ်စု၊ အသင်း၊ အဖွဲ့လေးတစ်ခုလောက်တော့ စုမိမှဖြစ်မယ်...လောလောဆယ်တော့ နှမ်းတစ်လုံးဘ၀နဲ့ပဲ သူများတွေလုပ်သမျှကို မုဒိတာ ပွားနေရတုန်းပေါ့လေ...

မဒမ်ကိုး said...

မပြည့်စုံတဲ့ဘ၀တွေကိုဖြည့်ဆည်းပေးဖို့ အခွင့်အရေးလေးတခုလောက်တော့ရချင်မိပါရဲ့ မကြီးရယ်

ချစ်တဲ့

ဒိုးကန်

kokoseinygn said...

စာတွေဖတ်ပြီးတော့
မပြောပြတတ်တဲ့ ခံစားမှုတွေ
ဖြစ်သွားတယ်။