24 June, 2008

အိပ်မက်ခရီးသည်


ညက
ခရမ်းပြာ မှော်ဝတ်ရုံ ၀တ်လို့
ကြယ်ရောင်လက်တဲ့ ဖိနပ်ကို စီးလို့
လခြမ်း နဲ့ ၀ိုင်အနီသောက်လို့
မိုးတွေသည်းလိမ့်မယ်လို့တော့
ဘယ်သူကမှ မထင်ခဲ့တာ အမှန်ပါ။

ပင်လယ်က
အပြာရောင် အိပ်ရာခင်း အကျအနခင်းပြီး
အိပ်ရာဝင်မလို ပြင်နေတဲ့နောက်
ကမ်းခြေကို ကျူးကျော်မယ်လို့
ဘယ်သူက ထင်မလဲ။

အိပ်မှုံစုံမွှား နတ်သမီးက
ကျွန်တော့်ဘ၀ကို ဆေးခြယ်မှာ ကြောက်တယ်။
အမူးလွန်နေတဲ့ မြားနတ်မောင်က
ကျွန်တော့် အချစ်ကို ဖန်ဆင်းမှာ ကြောက်တယ်။
လေလွင့်ဝိညာဉ်တွေက
ကျွန်တော့် စိတ်ကူးကို ယူဆောင်သွားမှာ ကြောက်တယ်။

ဘ၀ဆိုတာ
မမှည့်သေးပဲ ပုတ်သွားတဲ့ သစ်သီးတစ်လုံးလား...
နေကြာပန်းတွေ
ဘယ်တော့မှ မရနိုင်တဲ့ နေမင်းကိုမျှော်လင့်သလိုလား...
အမြဲစိမ်းသစ်ပင်တွေလိုတော့
ဘယ်တော့မှ မဖြစ်နိုင်တာ သေချာတယ်။

ခရမ်းရောင်မြင်းခွာပန်းတွေကို မုန်းတယ်
ရေတမာတန်းတွေ စိမ်းနေတာကို မုန်းတယ်
ဝင်ကစွက်တွေ ပျော်နေတာကို မုန်းတယ်
အိပ်မက်တွေ မက်တတ်တာကို မုန်းတယ်။

အဲဒီညက
ကျွန်တော်ဟာ ကျွန်တော် မဟုတ်တော့တာကို
ပထမဆုံး သိခဲ့တယ်။

(သိင်္ဂါကျော်)

အမှားပြင်သူ


တစ်ခါကပေါ့
မလိမ်မိုးမလိမ်မာ အရွယ်မှာ
ကတိပေးတန်း ဆော့ခဲ့သလို
မင်းသဘောထားတဲ့ အချစ်က
ငါ့အတွက် တစ်ဘ၀စာရယ်လို့
ထင်မှတ်ခဲ့မိသေးရဲ့ ။

အချစ်ဆိုတာ
ပျောက်ဆုံး ပျက်စီးသွားတတ်တဲ့အရာရယ်လို့
ငါ့ကို ဘယ်သူမှ သင်မပေးခဲ့ကြပါလား...။

အခုတော့ သိပြီ
အချစ်ဆိုတာ
ပလီပလာ စကားတွေကြားမှာ
အတီအတာ အရေးအသားတွေကြားမှာ
မျောပါသွားနိုင်တဲ့ အရာဆိုတာ...။

ငါသတိမရချင်တဲ့
နားလည်မှု နဲ့ အမှတ်တရတွေ...
အိပ်မက်နဲ့ မျှော်လင့်ခြင်းတွေ...
ဘယ်အခါမှ Recover လုပ်မရအောင်
ငါ့ Heart Disk ထဲက Format ချလိုက်ပြီ။

မင်းရဲ့ မထိုက်တန်မှု အတွက်
ငါ့ဘက်က မပေးဆပ်နိုင်တာ
မကျေမနပ်များ ဖြစ်နေသေးရဲ့ လား...။

တစ်ဘ၀စာ
ထိုက်တန်သူ အတွက်သာ
တစ်ဘ၀စာ အလွမ်းကို ရနိုင်မယ်။

သစ္စာကို ကိုးကွယ်သူ ငါ့ဘ၀ထဲ
အိပ်မက်ထဲမှာတောင် မင်းမပါတော့တာ...၊
ငါ့သိက္ခာကို အရောင်အမှားဆိုးပြီး
မင်းဖြန့်ဝေချင်တယ် ဆိုလည်း
ဥပေက္ခာဝတ်ရုံထဲမှာ
လုံခြုံနေပြီးသား ငါ့အတွက်
ထူးခြားလိမ့်မယ်လို့ မထင်လေနဲ့ ကွယ့်...။

(သိင်္ဂါကျော်)

ခွင့်လွှတ်ပါ



ကောင်မလေးရေ
ဂိမ်းကစားရင်း အိပ်ရာဝင်နောက်ကျသွားတဲ့ညတွေမှာ
မင်းကို သတိမရမိရင်
ခွင့်လွှတ်ပါ။


ကောင်မလေးရေ
စလောင်းက ဘောလုံးပွဲကောင်းနေလို့
မင်းကို ဖုန်းမဆက်မိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
အမေ ခိုင်းထားလို့
မင်းကျောင်းကို အခစား မရောက်မိရင်
ခွင့်လွှတ်ပါ။


ကောင်မလေးရေ
သူငယ်ချင်းတွေနဲ့ ဘီယာများသွားလို့
မင်းဖုန်းကို မစောင့်ပဲ အိပ်ပျော်သွားမိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
အလုပ်တွေ အရမ်းများနေလို့
မင်းကို လာမကြိုမိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
ငါ့ရဲ့ ပထမရည်းစား အကြောင်း
ကြိုမပြောခဲ့မိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
ငါ့အကျင့်ဆိုးတွေကို မပြင်နိုင်ဘူးလို့များ
ပြောခဲ့မိရင်
ခွင့်လွှတ်ပါ။

(သိင်္ဂါကျော်)

21 June, 2008

အအေးလွန်မြစ်



ပူပူနွေးနွေးနှလုံးသားကို
ရေခဲသေတ္တာထဲချက်ချင်းပစ်ထည့်တတ်တဲ့
ကောင်မလေးရဲ့မက်မောမှုကဘာလဲ...

မြတ်နိုးမှုအရိပ်အရောင်တွေကိုတောင်
မသာယာတတ်ပါဘူးဆိုတဲ့
ကောင်မလေးရဲ့မျက်နှာကို
ဘယ်သူမှမဖတ်တတ်ခဲ့တာ
အဆန်းတော့မဟုတ်ပါဘူး၊

အကြည့်နဲ့ထိတွေ့မိရင်
အေးခဲပဲ့ကြွေမတတ်ခံစားရ
ကျောက်သားအပြုံးတုတွေကို
ဘယ်သူမှမမြင်ချင်ကြ၊

နှလုံးသားကျွံဝင်မိတဲ့အခါ
နှုတ်မရပြုမရ
အဲဒီအအေးလွန်မြစ်ထဲပြုတ်ကျ၊
ရေခဲရုပ်ကြွင်းဖြစ်သွားရင်တော့
ဘယ်ရာစုမှပေါ်လာမယ်မသိ။
(သိင်္ဂါကျော်)