28 September, 2012

ကောင်မလေး အတွက် ၆

ကောင်မလေးရေ..
သတိရတယ် 
ပြောပြခွင့်မသာခဲ့တာပါ၊
မေ့နေပြီလို့တော့ မထင်စေချင်ဘူး။
ကတိတွေ မတည်နိုင်သေးလို့
မင်းအနား လာချင်ရဲ့ မလာနိုင်ခဲ့တာ၊
တစ်ယောက်တည်းပဲ ရူးရူးသွပ်သွပ်နဲ့
ပန်းနုရောင် တိမ်တွေဆီ ပျံချင်လျှက်
မပျံနိုင်ခဲ့တဲ့ ငှက်တစ်ကောင်လို...
ဆက်သွယ်မှု ဧရိယာ ပြင်ပမှာ
တစ်ယောက်တည်း အထီးကျန်ဆဲပေါ့။

ကောင်မလေးရေ..
မင်းက မချစ်တတ်သူလို့ ဆိုခဲ့တာကို
ခုထိ မယုံချင်သေးပါဘူး၊
လွမ်းဆွတ်ခြင်းတွေ ထပ်တူညီမယ်လို့
နှလုံးသားက နားလည်နေချင်တယ်။
မင်းက မချစ်ဘူး ပြောပေမယ့်
ကိုယ့်အတွက် ချစ်သူဟာ
မင်းတစ်ယောက်လို့ သတ်မှတ်ပြီးဖြစ်နေခဲ့တယ်။

ကောင်မလေးရေ..
မင်းဘက်က ကတိတွေ မပေးခဲ့ပေမယ့်
မင်း စောင့်နေမယ်လို့ ယုံကြည်နေရင်း
မင်းချစ်ခြင်းတွေဆီ အရောက်
ပျံသန်းဖို့ ကြိုးစားနေတဲ့ ငှက်တစ်ကောင်ဟာ ကိုယ်ပါ။

ကောင်မလေးရေ..
မင်းက လွတ်လပ်စွာ ပျံသန်းနေတဲ့
ပျော်ရွှင်ခြင်း ငှက်ငယ်တစ်ကောင်ပါ၊
ကောင်းကင် တစ်ခုတည်း အောက်မှာ
အတူရှိရခြင်းကိုသာ နှစ်သိမ့်လျှက်
မင်းနဲ့ အတူပျံသန်းနိုင်မယ့်
ချစ်ခြင်းရဲ့ ဆုံမှတ်ဆီ ဦးတည်လို့
လောကဓံများကို အံတုဆဲ
မျှော်လင့်ခြင်း ငှက်တစ်ကောင်ဟာ
ကိုယ်ပါ...။

သိင်္ဂါကျော်

07 September, 2012

ဓနုရာသီဖွား



ကဗျာထဲ ထည့်ရေးစရာ
ဘယ်နာမည်ကြီးရဲ့ အင်္ဂလိပ်နာမည်ကိုမှ
ရေရေရာရာ မသိသူ တစ်ယောက်က ကဗျာဆရာ ဖြစ်နိုင်ရဲ့လား။
စကားလုံးတွေ ကြီးကြီးကျယ်ကျယ် ချပြစရာ မရှိဘူး
ခံစားမှုတွေပဲ နင့်နေအောင် ရှိရုံနဲ့
ကဗျာဆရာ ဖြစ်နိုင်ရဲ့လား။

ရှေးနည်း ထုံးတမ်း ကာရံ တွေ သိသလားဆို မသိဘူး
လူနားမလည်အောင် ရေးတတ်လား ဆို ရေးမပြတတ်ဘူး
ဒါနဲ့များ ကဗျာဆရာ ဖြစ်ချင်နေသေးသတဲ့လေ။
အဲဒီ ဓနုရာသီဖွားပေါ့..
ဘာမှ ရေရေရာရာ မရှိချက်ကတော့…။

ဗေဒင်စာအုပ်ထဲက အကောင်းတွေပဲ
အမြဲ ရှာရှာဖတ်ပြီး
ကိုယ့်ကိုယ်ကို အထင်မသေးမိအောင် ကြံဖန်နေနေရတယ်
ဇုနတ်မင်း နဲ့ သူနဲ့တော့ ဘာမှ မဆိုင်တာ အသိသားပါ။

ကမ္ဘာကျော်တွေတော့ အားကျတတ်ပါတယ်.
သူတို့အကြောင်း ဖတ်နေတုန်း ခဏပေါ့
ဘယ် ပန်းတိုင် ကိုများ
ကိုယ်တိုင် သတ်သတ်မှတ်မှတ် ထားခဲ့ဖူး ပါသလဲ၊
သာမန်ကာ လျှံကာတွေနဲ့ ပြီးနေတဲ့ ဘဝထဲ
ဘယ်အရာမှာမှ သူတပါးထက် မသာခဲ့ဖူးသူ တစ်ယောက်သာဖြစ်ရဲ့။

ဓနုရာသီဖွားရေ
ကြီးကျယ်သော ဘဝကိုပဲ အိပ်မက်မနေပါနဲ့
သားသမီး ဝတ္တရားလောက်တောင်မှ
ကောင်းကောင်းကျေသူ ဖြစ်ရဲ့လားပဲ စဉ်းစားပါဦး။

ဘဝက ဘာဖြစ် ညာဖြစ် တော့ ကောင်းကောင်း ညည်းပြတတ်သူပေါ့
ခေတ်က ဘာဖြစ် ညာဖြစ် ဆိုပြီးလည်း ပြောတတ်သေး။
မင်း အရည်အချင်း တိုးတက်ဖို့ကို
စွမ်းနိုင်သလောက် အပြည့်အဝတောင် မင်းလုပ်ဖူးရဲ့လား..။
အိပ်မက်ပြဿာဒ်တွေပဲ အထပ်ထပ် စိတ်ကူးတတ်ရုံနဲ့
ဘဝက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။
ဓနုရာသီဖွားရေ..
တစ်ခုခုကို မစွန့်စားပဲနဲ့တော့
အနည်ထိုင်မှုက အလိုလို ရွေ့လျား ပြောင်းလဲမယ်ထင်ရင်
မင်း အတွေးမှားပြီ။

ဓနုရာသီဖွားက အချစ်များတတ်တယ်ဆိုတာ
သူနဲ့ မဆိုင်သလို အမြဲ နေနေရာကနေ
အချစ်မရှိ အမုန်းမရှိ ငြိမ်းချမ်းနေရတာ
တစ်ရံတစ်ခါတော့ ငြီးငွေ့လာတယ်လို့လည်း ဆိုပြန်သေးရဲ့။
ဓနုရာသီဖွားရေ
အတုအယောင်များတဲ့ လောကထဲက
မစစ်မှန်တာ မင်းကိုယ်တိုင် နားလည်ပြီးသား အချစ်တွေက
မင်းကို ပျော်ရွှင် ရင်ခုန်စေနိုင်မယ် ထင်ရင်
မင်း အတွေးမှားပြီ။
 
ဘာပဲဖြစ်ဖြစ်ပါ
ဓနုရာသီဖွားက
အကောင်းမြင်တတ်သူပေါ့..
သူ့ဘဝကို နှစ်သိမ့်နိုင်ဖို့ အမြဲကြိုးစားတယ်
သာမန်တွေထဲမှာ အသားတကျ ပျော်ပျော်မနေနိုင်ရင်
အမြဲတမ်း စိတ်ညစ်နေရမယ် ဆိုတာ သူကောင်းကောင်း နားလည်တယ်။
မျှော်လင့်ချက်ကြီးပြီး ရင်မောနေရမှာထက် စာရင်
လောဘကြီးပြီး စက်ရုပ်တစ်ရုပ် ဖြစ်ရမှာထက် စာရင်
ပစ္စုပ္ဗန်တွေကိုပဲ ကျေကျေနပ်နပ် ယူဆောင်တာ အကောင်းဆုံးဆိုတာ
နားလည်တတ်သူပါ။
ဓနုရာသီဖွားက
အချစ်မရှိ အမုန်းမရှိတဲ့
အကောင်းမြင်သမား ဖြစ်ဖို့ကိုသာ
အမြဲ တောင့်တသူပါ။


သိင်္ဂါကျော်