22 May, 2010

အထင်မှား အမြင်မှား (ဇာတ်သိမ်း)

“သုံးယောက်စလုံးကတော့ မသတ်ဘူးလို့ ငြင်းနေကြတာပဲ၊ တို့မှာလည်း သေချာပေါက် စွပ်စွဲဖို့ သက်သေက မရှိဘူး”
စိမ်းဝတီက စပြောသည်။
“ဒေါက်တာ ဇလပ်ဖြူ အပြောအရတော့ ယောက်ျားတစ်ယောက် အားနဲ့ လည်မျိုညှစ်သတ်တာလို့ ပြောတာပဲ၊ အဲဒီတော့ နိုင်နိုင်မော် မဖြစ်နိုင်ဘူးလို့ လောလောဆယ် ဖယ်ထုတ်လိုက်မယ်လေ”
ရဲစွမ်းနိုင်က ပြောသည်။
“ဒေါက်တာသီဟအောင် ကလည်း မသင်္ကာစရာ၊ ဇော်ထွဋ်အောင်ကလည်း မသင်္ကာစရာ၊ ဆိုပေမယ့် နိုင်နိုင်မော် အပြောအရ နှစ်ယောက်လုံးက မဖြစ်နိုင်တော့ဘူး ဖြစ်နေတယ်၊ အဲဒီတော့ လူသတ်သမားက ဘယ်သူလဲ”
နေထွဋ်ကလည်း မေးခွန်းထုတ်သည်။
“သူတို့နှစ်ယောက်ထဲက တစ်ယောက်က နောက်တစ်ခေါက် ပြန်လာပြီး သတ်တာလည်း ဖြစ်နိုင်တာပဲ”
စိမ်းက သူ့အမြင်ကို ပြောလိုက်သည်။
“ခိုင်ခိုင်သီ့ အစ်ကို ပြောတဲ့ လူပုံစံကို ပုံကြမ်း ထုတ်ကြည့်ပြီးပြီလား ကိုနေ”
“နေကာမျက်မှန် တပ်ထားတယ် ဆိုတော့ မျက်နှာပုံစံ မသေချာတာနဲ့ မထုတ်ရသေးဘူး၊ စိမ်း”
“အဲဒါ လုပ်ခိုင်းလိုက်ဦးလေ၊ နောက်ပြီးတော့ အလောင်းရဲ့ လည်ပင်းကရော လက်ဗွေရာ မရနိုင်တာ သေချာလား စွမ်းနိုင်”
“သေချာတယ်၊ အသားပေါ်က လက်ဗွေက ဘယ်လိုမှ မထင်ရှားဘူး၊ သူ့အင်္ကျီပေါ်မှာလည်း သူနဲ့ သူ့အစ်ကိုရဲ့ လက်ဗွေတွေပဲ ရှိတယ်”
“သူ့အစ်ကို ဟုတ်လား၊ သူ့အစ်ကို ဆိုလို့ သူ့အစ်ကိုကရော ယုံရပါ့မလား၊ အဲဒီ လူသတ်သမား ဆိုတာကလည်း သူ့အစ်ကိုရဲ့ ပြောစကားပဲလေ”
“သူ့အစ်ကိုတော့ မဖြစ်နိုင်ဘူး ထင်တာပဲ၊ လူသတ်သမားနဲ့ သူနဲ့တောင် ထိပ်တိုက်တွေ့လိုက်သေးတယ် ဆိုတော့...”
“ပြီးတော့ သူ့အစ်ကိုမှာ သတ်စရာ အကြောင်းလည်း ဘာမှမရှိဘူးလေ စိမ်းရဲ့၊ မောင်နှမနှစ်ယောက်က အမွေလည်း အပြီးခွဲပြီးသား၊ ခုတလောမှာ ခိုင်ခိုင်သီကသာ အကြွေးတွေတင်နေပြီး ကျော်ခိုင်စိုးရဲ့ စီးပွားရေးကတော့ ကောင်းနေတယ်၊ အမွေလိုချင်လို့ သတ်ချင်ရင် ခိုင်ခိုင်သီကသာ ကျော်ခိုင်စိုးကို သတ်ချင်မှာပဲ”
“ဒါပေမယ့် ခိုင်ခိုင်သီက သတ်ချင်ရင်တောင် သူ့အခန်းကိုတော့ ခေါ်ပြီး သတ်မှာ မဟုတ်ပါဘူး”
“ခက်တာက အဲဒီအခန်းထဲ ဝင်တာ ထွက်တာတွေကို မြင်လိုက်တဲ့လူကလည်း ဘယ်သူမှ မရှိဘူး ဖြစ်နေတယ်”
 “နေဦး ငါတို့ ညစောင့်ကို မမေးရသေးဘူးနော်”
“ဟုတ်တယ် စိမ်း၊ ဂျူတီ ချိန်းသွားပြီ ဆိုလို့လေ၊ သူ့လိပ်စာကိုလည်း မနက်ပိုင်း တစ်ယောက်က မသိဘူး ဆိုလို့”
“ဝရံတာကတက်လာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်တယ်”
“ဟုတ်တယ်၊ ကိုနေ ပြောတာမှန်တယ်၊ ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တယ်၊ ဒါဆို ဘာလို့ ကျော်ခိုင်စိုးက လိမ်ပြောရတာလဲ”
“ဒါပေမယ့် စိမ်း၊ ဝရံတာမှာ အကြာကြီးနေခဲ့တဲ့ လူ တစ်ယောက်တော့ ရှိတယ်လေ၊ နိုင်နိုင်မော်၊ သူဝင်လာတာကို ကျော်ခိုင်စိုးက မြင်မယ်ဆိုရင်တော့ ဖြစ်နိုင်တယ် နောက်ပြီး စွမ်းနိုင် ပြောသလို ဖယ်ထုတ်လို့ မဖြစ်နိုင်သေးဘူး၊ သူက ယောက်ျားလေးလိုနေတာ၊ သတ်မယ် ဆိုရင် သတ်နိုင်တဲ့ အင်အားလည်း ရှိမှာပဲ”
“သူ သတ်ခဲ့ရိုးမှန်ရင် ဘာလို့ အဲဒီညက ဝရံတာမှာ နေခဲ့တဲ့ အကြောင်းကို ဖွင့်ပြောရတာလဲ”
“ကျော်ခိုင်စိုးနဲ့ နိုင်နိုင်မော် တစ်ယောက်ယောက်တော့ လိမ်နေပြီ၊ သူတို့နှစ်ယောက်ကို မုသားဖော်စက်ရှေ့မှာ ထပ်ပြီး စစ်ကြည့်ဖို့လိုပြီထင်တယ်”
“သူတို့ နှစ်ယောက်ပဲလား၊ ဒေါက်တာသီဟအောင်ကိုတော့ ခဏ ဖယ်ထားလိုက်ပါ၊ ဇော်နိုင်ထွဋ်ကိုရော…၊ သတ်နိုင်တဲ့ motive က သူ့မှာ ပိုများနေတာနော်”
“စွမ်းနိုင် ပြောတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ငါ့ စိတ်ထဲမှာ သူ မဖြစ်နိုင်ဘူးလို့ ထင်နေတယ်၊ သူ ပြောတာ ဆိုတာက လိမ်နေတဲ့ပုံ မပေါက်ဘူး၊ သူက ဟန်ဆောင်ကောင်းလွန်းရင်တော့ မပြောတတ်ဘူး”
“ကိုနေက ဇော်နိုင်ထွဋ်ကို နည်းနည်း ထပ်မေးကြည့်လိုက်ပါလား၊ ငါနဲ့ စွမ်းနိုင်နဲ့ ခိုင်ခိုင်သီတို့ တိုက်ကို သွားလိုက်ဦးမယ်၊ ညစောင့်ကြီးကိုလည်း ရှာရဦးမယ်”
***

စိမ်းဝတီသည် ရဲစွမ်းနိုင်ကို အပေါ်ထပ်အရင်လွှတ်လိုက်ပြီး ရေပိုက်လိုင်းမှ တွယ်၍ တတိယထပ်သို့ တက်ဖို့ကြိုးစားကြည့်သည်။ တိုက်က အသစ် ဖြစ်နေသေးသောကြောင့် အက်ရာပြုရာ မရှိသည့်အတွက် လက်နှစ်ဖက်မှာ အုတ်နံရံအချောကို တွယ်ဖို့ရာ မလွယ်ကူနိုင်ပါ။ တက်လို့ရသည့်တိုင် တတိယထပ်ဝရံတာ ကို ခုန်ကူးဖို့ရာ သာမန် လူတစ်ယောက်အဖို့ ဝေးလွန်းသည်။ သိပ္ပံကာတွန်းများထဲက ပစ္စည်းမျိုးတွေ ပါမှသာ တက်လို့ရမည့်ပုံစံမျိုး ဖြစ်သည်။ ဒုတိယထပ် ဝရံတာနှင့် တတိယထပ် ဝရံတာမှာလည်း တစ်နေရာတည်းမှာမဟုတ်ပဲ နှစ်ခန်းတွဲမှာ တစ်ခန်းသာလျှင် ဝရံတာပါသောကြောင့် တိုက်ခန်းဒီဇိုင်းအရ တတိယထပ်က ဒီဘက်အခန်းမှာ ပါလျှင် ဒုတိယထပ်က ဟိုဘက်အခန်းမှာ ပါနေသည်။ စိမ်းလည်း ဒုတိယထပ် မရောက်ခင် တစ်ဝက်လောက်အထိ တက်ကြည့်ပြီး ပြန်ဆင်းလာခဲ့သည်။ ရိုးရိုးလှေကားကပဲ ခိုင်ခိုင်သီ အခန်းရောက်အောင် ပြန်တက်ခဲ့သည်။

ခိုင်ခိုင်သီ့ အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကို ထပ်မေးကြည့်တော့လည်း ညနက်သည်အထိ တီဗွီကို အသံကျယ်ကျယ် ဖွင့်ကြည့်နေသောကြောင့် ဘာသံမှမကြားကြောင်း ပြောသည်။ အခန်းထဲတွင် သူတို့မေ့ကျန်ခဲ့သော သဲလွန်စလည်း တစ်ခုမှ ထပ်မတွေ့ရပါ။ သို့သော် ပြန်စဉ်းစားလိုက်တော့ ကျော်ခိုင်စိုး၏ ထွက်ဆိုချက်က မတိမကျ ဖြစ်နေသည်ဟု ထင်မိသည်။ သို့သော် သူက ဘာအကြောင်းနှင့် လိမ်စရာ ရှိသလဲ။

ပထမအခေါက်က တာဝန်ချိန်မဟုတ်သဖြင့် မတွေ့ခဲ့ရသော လုံခြုံရေးအစောင့်ကြီးက ဂျူတီပြန်ဝင်နေသဖြင့် အိမ်လိုက်ရှာစရာ မလိုပဲ တွေ့ရသည်။ သူက ဒီတိုက်ခန်းတွဲတွင် အလုပ်လုပ်သည်မှာ ကြာပြီဖြစ်ပြီး စပ်စုတတ်သော ညဉ်လည်း ရှိသောကြောင့် လာနေကျ လူတော်တော်များများကို မှတ်မိနေသည်။ အခင်းဖြစ်သောညက သူကညစောင့်ဂျူတီ ကျခဲ့သည်။ သို့သော် ခိုင်ခိုင်သီ သေဆုံးသည်ကို မသိလိုက်ပဲ မနက် ၅ နာရီလောက်မှာပင် ဂျူတီချိန်းခဲ့သည်။ ကျော်ခိုင်စိုး အကြောင်းကြား၍ စိမ်းဝတီတို့အဖွဲ့ ရောက်လာသည့် အချိန်က နံနက် ၆နာရီကျော်နေလေပြီ။
“ဦးလေး မနေ့ညက ၁၁ နာရီ နဲ့ ၁၂ နာရီ ဝန်းကျင်မှာ ဘယ်သူတွေ ဝင်ထွက်တာ တွေ့သေးလဲ၊ မှတ်မိသလောက် ပြောပြပါလား”
“တတိယထပ်မှာ နေတဲ့ ယောက်ျားလျာမလေး က ၁၁ နာရီ မထိုးခင်လောက်မှာ ရောက်လာတယ်၊ နောက် တော်တော်များများ တော့ လာကြတယ်၊ တိုက်ခန်းတွေကလည်း များတာကိုးကွယ့်၊ ဒါပေမယ့် ဒီတိုက်ခန်းတွဲတွေမှာ ညနက်ပိုင်း ဧည့်သည်လာတာ သိပ်မရှိတတ်တော့ မှတ်မိနေတာပါ၊ တတိယထပ်က ကောင်မလေးဆီ လာနေကျ သူ့ရည်စား ဆိုတဲ့ ကောင်လေးလည်း လာတယ်၊ နောက်ပြီး ဟို တိုင်းရင်းဆေးဆရာလည်း လာသေးတယ်၊ နောက် ဒုတိယထပ်က အမျိုးသမီးက အဲဒီအချိန်မှ ပြန်လာတယ်၊ နောက်ထပ် အမျိုးသားနှစ်ယောက်လာသေးတယ်၊ ဘယ်အထပ်လဲ မေးတာကို မဖြေပဲ တက်သွားတယ်”
“အဲဒီ အမျိုးသား နှစ်ယောက်က ဘယ်လိုပုံစံမျိုးလဲ၊ ဘယ်အရွယ်လောက်ရှိပြီလဲ”
“၅၀ ကျော် လောက်ပဲ ကာရာအိုကေ ခန်းက ပြန်လာပုံရပါတယ်၊ မူးလည်း မူးနေတယ်၊ အပေါ်ဆုံးထပ်ကို တက်သွားတာပဲ”
“ခိုင်ခိုင်သီ အခန်းက ယောက်ျားလျာမလေး ပြန်သွားတာကော ဦးလေး တွေ့လိုက်သေးလား၊ ဘယ်အချိန်လောက် ပြန်သွားလဲ”
“တစ်နာရီလောက်တော့ ကြာမယ်ထင်တယ်၊ ပြန်သွားတာပဲ၊ ဦးလေးတောင် အံ့သြသွားသေးတယ်၊ သူက အရင် ဒီမှာနေတာလေ”
“နေကာမျက်မှန်အနက်တပ်ထားတဲ့ ဆံပင်ထောင်ထောင်နဲ့ ကောင်လေးတစ်ယောက် လာတာ၊ ဒါမှမဟုတ် ပြန်ထွက်သွားတာရော တွေ့မိသေးလား”
“မတွေ့မိပါဘူး၊ နေကာမျက်မှန်တပ်လာတာ တစ်ယောက်မှ မရှိပါဘူး”
“တိုင်းရင်းဆေးဆရာ နဲ့ ခိုင်ခိုင်သီ ရည်စား ပြန်သွားပြီးမှ နောက်တစ်ခေါက် ပြန်လာတာရော ရှိလား”
“မရှိပါဘူး၊ ပြန်မလာပါဘူး”
“သေချာတယ်နော် ဦးလေး၊ နှစ်ခေါက် ပြန်လာတဲ့လူ ဘယ်သူမှ မရှိဘူးနော်”
“မရှိပါဘူး၊ သေချာပါတယ်”
“ဟုတ်ကဲ့၊ ခုလို ဖြေတာ ကျေးဇူးပဲ ဦးလေးကြီး၊ နောင် သက်သေ ထွက်ဖို့လိုအပ်ရင်လည်း ထွက်ပေးနော်”
***

နေထွဋ်က ဇော်နိုင်ထွဋ်ကို နောက်သွားသော အခါ သူ့ထွက်ဆိုချက်ကို စိမ်းဝတီကို ထွက်ဆိုခဲ့သည့် ထွက်ဆိုချက်နှင့် ကွဲလွဲချက်မရှိပါ။ နေထွဋ်က ဇော်နိုင်ထွဋ်နှင့် လောလောဆယ် တွဲနေသော ချိုချိုကိုပါ တွေ့၍ စကားပြောကြည့်တော့ သူမက ဇော်နိုင်ထွဋ်၏ အရင်ရည်စားအကြောင်း၊ သူ့အကျင့်စရိုက် အားလုံးကို သိပြီးသား ဖြစ်နေသည်။ သိလျက်နှင့် မဖြတ်နိုင်ပဲ တွဲနေသူ ဖြစ်သည်။ ဇော်နိုင်ထွဋ်က စတင်၍ သူ့အရင် ရည်းစား ဆုံးသွားသည့် အကြောင်း ဝန်ခံသောကြောင့် သူမကလည်း သူမ အစကတည်းက သိပြီးသား ဖြစ်ကြောင်း ဝန်ခံရာ သူတို့နှစ်ယောက်က ပိုပြီးတောင် ပြေလည်နေကြသည်။ သူမကတော့ ဇော်နိုင်ထွဋ်မှာ လူတစ်ယောက်ကို သတ်ရဲသည့် သတ္တိမျိုး မရှိကြောင်း ပြောသည်။
***

ကျော်ခိုင်စိုးကို မုသားဖော်စက် နှင့် ချိတ်ဆက်ထားပြီး မေးခွန်းများ ထပ်မေးခဲ့သည်။
“ခင်ဗျား အခန်းထဲက ထွက်လာတော့ လူသတ်သမားကို ဘယ်နေရာမှာ တွေ့တာလဲ”
“ဝရံတာ မှန်တံခါးက ဝင်လာတာ တွေ့တာပါ”
“သူက ဘယ်လိုပုံစံမျိုးလဲ”
“ဆံပင်ထောင်ထောင်နဲ့ နေကာမျက်မှန်အနက် တပ်ထားတယ်၊ ခေတ်လူငယ်ပုံမျိုးပဲ၊ အရပ်က ကျွန်တော့်လောက်ရှိမယ်”
“နောက်တော့ ဘာဖြစ်သေးလဲ”
“ကျွန်တော်လည်း အဲဒီကို ပြေးသွားတယ်၊ သူက ကျွန်တော့်ကို ထိုးကြိတ်ပြီး ထွက်ပြေးသွားတယ်”
“ဒါဖြင့် ခင်ဗျား ညီမကို သူသတ်တာကို မမြင်လိုက်ရဘူးပေါ့”
“ညီမလေးနားက သူလာတာပဲ၊ ညီမလေးက လဲကျနေတယ်”
“သူ ဘယ်က ပြန်ထွက်သွားတာလဲ”
“တံခါးပေါက်က ပြန်ထွက်သွားတယ် ထင်တာပဲ၊ ကျွန်တော်လည်း သတိလစ်သွားသလိုပဲ သေချာမသိတော့ဘူးဗျ”
“အောက်ထပ်က အစောင့်ဦးလေးကြီးကတော့ နေကာမျက်မှန် တပ်ထားတဲ့လူ ဘယ်သူမှ ဝင်တာ ထွက်တာ မတွေ့ဘူးလို့ ပြောတယ်”
“ဝရံတာဘက်က တက်လာတာလည်း ဖြစ်နိုင်တယ် မဟုတ်လား”
“မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့ နေတဲ့ အခန်းက တတိယထပ်လေ၊ ရေပိုက်လိုင်းနဲ့ ဝရံတာနဲ့လည်း ဝေးတယ်ဗျ”
“ဒါတော့ မသိတော့ဘူး၊ ဖြစ်နိုင် မဖြစ်နိုင် ရှာဖို့က ခင်ဗျားတို့အလုပ်ပဲလေ၊ ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလို ပြန်မေးနေတာလဲ၊ ကျွန်တော်က ကိုယ့်ညီမကိုယ် ပြန်သတ်တယ် ထင်နေတာလား၊ အဓိပ္ပါယ်မရှိလိုက်တာဗျာ”
“ခင်ဗျား သတ်တယ်လို့ ကျွန်တော်တို့ မပြောပါဘူး၊ ခင်ဗျား ပြောသမျှလည်း မှန်တယ်လို့ ကျွန်တော်တို့ မယူဆလို့ ထပ်မေးချင်တာပါ”
ကျော်ခိုင်စိုးကို စစ်မေးသော အခန်းထဲမှ ထုတ်ပြီး တစ်ခြားအခန်း တစ်ခုတွင် ခေတ္တ ထိုင်ခိုင်း ထားလိုက်သည်။ မှန်နံရံနောက်မှ စောင့်ကြည့်နားထောင်နေသော စွမ်းနိုင် နှင့် နေထွဋ် လည်း စစ်မေးခန်းထဲ ဝင်လာပြီး မုသားဖော်စက်မှ အဖြေများကို လာကြည့်သည်။ စကားလုံးတိုင်းအတွက် အမှန်ဟု ပြနေတော့ သူတို့အတွက် ခက်နေသည်။ စိမ်းဝတီတို့က ကျော်ခိုင်စိုး ပြောတာတွေ မမှန်ဟု ထင်သည်။ ကွန်ပျူတာကတော့ အမှန်ဟုပြနေသည်။ စက်ကပဲ မှားနေသလား၊ စိမ်းတို့ပဲ အတွေးလွန်နေသလား မသိပါ။

နောက်ထပ် နိုင်နိုင်မော်ကို စစ်မေးခန်းထဲ ခေါ်၍ မုသားဖော်စက်နှင့် ဆက်ကာ မေးခွန်းများ ထပ်မေးရပြန်သည်။ သူက အရင်တစ်ခါ အတိုင်းပင် ပြန်ပြောသည်။ မုသားဖော်စက်က အဖြေကလည်း အမှန်ဟုပင် ပြနေပြန်သည်။ ကျော်ခိုင်စိုး ရော နိုင်နိုင်မော်ရော နှစ်ယောက်လုံးကလည်း တည်ငြိမ်သည်။ လိမ်ပြော၍ စိတ်လှုပ်ရှားနေပုံမျိုးလည်း မရှိပါ။ ဤအမှုကို အစနေ ပြန်လိုက်ရမလိုပင် ဖြစ်နေပြီ။

ကျော်ခိုင်စိုးကတော့ သူ့ကို အခုလို စစ်မေးခန်းထဲ ခေါ်မေး၍ ဒေါသ အနည်းငယ် ထွက်နေပုံရသည်။ သူ့ကို အခန်းတစ်ခုထဲ ပိတ်ထားတော့ ပိုတောင် ဒေါသထွက်နေသေးသည်။ သူ့ကို ထားသော အခန်းကလည်း တစ်ဖက်မြင်မှန်များနှင့် ကာထားသော အခန်းဖြစ်သည်။ သူ့ကို စိမ်း တို့ကသာ မြင်ရပြီး သူကကြည့်လျှင်တော့ မှန်နံရံမှာ သူ့ပုံရိပ်ကိုသာ မြင်ရလိမ့်မည်။

ထိုအချိန်မှာပင် ကျော်ခိုင်စိုးက ထိုင်ရာက ထလာသည်။ နံရံကို လက်ညှိုးထိုးပြီး တစ်ခုခု ပြောနေသည်။ စိမ်းတို့အားလုံး သူ့ထံသို့ အာရုံရောက်သွားကြသည်။ ဒေါက်တာ ဇလပ်ဖြူ ရောက်လာသည်ကိုပင် သတိမထားမိကြ။

“မင်းပဲ မင်းပဲ ငါ့ညီမလေးကို သတ်တဲ့ကောင်၊ မင်းဘာလို့ ဒီကိုရောက်လာတာလဲ၊ သြော် ဟုတ်ပြီ မင်းကိုလည်း စစ်ဖို့ ခေါ်ထားတာလား၊ ကောင်းတယ် ကောင်းတယ် မင်းလို လူသတ်ကောင်ကို မိမှ ဖြစ်မှာ”
သူက မှန်နံရံကို ကြည့်၍ ပြောနေခြင်း ဖြစ်သည်။ စိမ်းတို့ အားလုံးလည်း အံ့သြနေကြသည်။

ထို့နောက် သူက ပြောရုံနှင့် အားမရတော့ပဲ မှန်နံရံကို သွားပြီး ထိုးကြိတ်ဖို့ လုပ်နေပြန်သည်။
“မင်းကို သတ်မယ်၊ ငါ့ကို အမြဲတမ်း လာလာပြီး အနှောက်အယှက်ပေးနေတဲ့ကောင်၊ ငါ့ညီမလေးကိုလည်း ဒုက္ခပေးတယ်၊ မင်းကို သတ်မယ် သတ်မယ်ကွ၊ အဲဒါမှ နောက်တစ်ခါ မလာနိုင်တော့မှာ”

 “သူက သူ့ကိုယ်သူ နောက်ထပ်တစ်ယောက်လို့ ထင်ယောင်ထင်မှား ဖြစ်ပြီး ပြောနေတာ၊ သူအရိပ်ကိုသူ ပုံတစ်မျိုးနဲ့ မြင်နေပါလိမ့်မယ်၊ တကယ်မရှိပဲနဲ့ အရှိထင်ပြီး အထင်မှားအမြင်မှား ဖြစ်တဲ့ ရောဂါမျိုး သူ့မှာ ရှိနေတာပဲ”
ဒေါက်တာဇလပ်ဖြူက ပြောသည်။ စိမ်းဝတီလည်း အဖြစ်မှန်ကို ခုမှပင် နားလည်သွားပါတော့သည်။

“အဲဒီညကလည်း ဝရံတာ မှန်တံခါးက သူ့အရိပ်ကိုသူ ပုံတစ်မျိုးနဲ့ မြင်ပြီး ရန်သူ ရယ်လို့ ထင်သွားတာ၊ တစ်ခြားလူထင်ပြီး မှန်ကိုထိုးတော့ သူ့ညီမက တားမှာပေါ့၊ အဲဒီမှာတင် သူ့ညီမကို မှားပြီး လည်ပင်းညှစ်မိတယ်၊ သူ့ညီမက ရုံးရင်းကန်ရင်းနဲ့ မှန်နဲ့တိုက်မိပြီး မှန်ကွဲသွားတယ်၊ အဲဒီလို ဖြစ်တာကို သူ့ကိုယ်သူလည်း မသိဘူး၊ တစ်ခြားတစ်ယောက်ရဲ့ စိတ်မျိုး သူ့မသိစိတ်ထဲမှာ ဝင်နေတာ၊ ပြီးတော့ သူမေ့လဲသွားတယ်၊ သတိရလာတော့ သူ့ကိုယ်သူ ဘာဖြစ်ခဲ့လည်း မမှတ်မိပဲနဲ့ သူ့ သိစိတ်ထဲမှာ ထင်နေတဲ့ အတိုင်း ပြောတာပဲ၊ သူ လိမ်ပြောတာ မဟုတ်ဘူး၊ အဲဒါကြောင့် မုသားဖော်စက်ကို ကျော်နိုင်တာပေါ့”
စိမ်းးဝတီက ရှင်းပြလိုက်သည်။ ကျော်ခိုင်စိုးမှာ ဆံပင်ထောင်ထောင်နှင့် ခေတ်လူငယ် ပုံစံမျိုးမဟုတ်ပါ။ စတိုင်လ်ဘောင်းဘီ (သို့) ပုဆိုး နှင့် ရှပ်အင်္ကျီ စသဖြင့် လူကြီးလူကောင်းဆန်ဆန်သာ ဝတ်ဆင်တတ်သူ ဖြစ်သည်။ သူ့ မသိစိတ်ထဲမှ ကိုယ်ပွားတစ်ယောက်၏ ပုံစံမှာတော့ သူပြောသော ပုံစံအတိုင်း ဖြစ်နေပါလိမ့်မည်။ သို့ကြောင့်ပင် သူက လူသတ်သမား၏ အရပ်မှာ သူ့အရပ်လောက် ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

သိသလိုလို မသိသလိုလို ဖြစ်နေသော စွမ်းနိုင်နှင့် နေထွဋ်လည်း ခုမှပင် ရှင်းသွားသည်။ နိုင်နိုင်မော်ကို အိမ်ပြန်ပို့ပေးလိုက်သည်။ ကျော်ခိုင်စိုးကတော့ လုံးဝကို ဆိုးရွားသွားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည်။ စုံစမ်းသိရှိရသော သူ့မိသားစု နောက်ကြောင်းများအရ ဆုံးပါးသွားပြီဖြစ်သော သူ့မိဘများ၏ ချုပ်ချယ်မှုများက သူ့ကို ဒီရောဂါမျိုး ခံစားရအောင် တွန်းပို့လိုက်ခြင်း ဖြစ်နိုင်သည်။ သူ အရွယ်ရောက်စကတည်းက သူ့အဖေ၏ စီးပွားရေးကို ကူခဲ့ရသည်။ သူများတကာလို လူငယ်ဘဝ ပျော်ပျော်ပါးပါး မနေခဲ့ရပဲ အမေကလည်း ဝတ်စားဆင်ယင်မှုကအစ လိုက်လံချုပ်ချယ်သည်။ ခိုင်ခိုင်သီကတော့ အမြဲတမ်း အဆူခံပြီး မိဘစကားကို ပယ်ရှားသူ ဖြစ်သည်။ သူကသာ သားလိမ္မာမို့ အမြဲ လိုက်နာခဲ့ရသည်။ တက္ကသိုလ်မှာ ကြိုက်ခဲ့သော ချစ်ဦးသူ ကိုလည်း အဖေ နှင့် အမေက မကြိုက်သဖြင့် လမ်းခွဲခဲ့ရသည်။ အဖေ နှင့် အမေ ဆုံးသွားသည့်တိုင် သူ့သိစိတ်က ပုံစံခွက်ထဲက ဘဝကို ရုံးမထွက်ချင်ပဲ အကျင့်ပါသွားသည်။ အောင်မြင်သော လူကောင်းလူတော် တစ်ယောက် ဖြစ်ချင်သည်။ သို့သော် မသိစိတ်ကတော့ လူငယ်ဆန်ဆန် မိုက်မိုက်ကန်းကန်း လုပ်ချင်စိတ် ရှိနေသည်။ အဲဒီမှာတင် သူ့ကိုယ်ပွားတစ်ယောက်ကို မြင်လာရခြင်း ဖြစ်ပါတော့သည်။

(CSI ဇာတ်လမ်းတွဲတွေကြည့်ရင်း အားကျလို့ရေးတာပါ၊ CSI NY ဇာတ်လမ်း တစ်ခုမှ idea အနည်းငယ် ယူပါတယ်)

သိင်္ဂါကျော်

16 comments:

လသာည said...

ဟူး.. တရားခံကို သိတော့မှပဲ သက်ပြင်းချနိုင်တော့တယ်..။
သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်(မိဘ)ရဲ့ အရိပ်က သူ့ကို လူသတ်သမားဖြစ်အောင် လွှမ်းမိုးသွားတဲ့အထိနော်..။ သံဝေဂ ရစရာပါပဲ။

အဆုံးပုဒ်ကို မြန်မြန်တင်ပေးတဲ့အတွက် ကျေးဇူးနော်။

ရွှေရတုမှတ်တမ်း said...

ဝင်းဦး ရဲ့ ဆောင်းအိပ်မက်လို ဇတ်လမ်းပဲ..
ဇတ်အိမ်ကို ချုံ့လိုက်တော့ ဇတ်သိမ်းနဲနဲ့မြန်သွားတယ်

♥ ကိုဇော် ♥ said...

သြ. . ဂလိုကိုး။
ဒါမျိုးလည်း ရှိပါတယ်။

SHWE ZIN U said...

မြန်မြန်တင်ပေးတာကျေးဇူးဘဲဗျာ ပြီးတော့လည်း ပြီးတာပေါ့

ခင်တဲ့
ရွှေစင်ဦး

purplemay said...

ဖတ်ကောင်းတယ် အစ်မရေ...ရေးဖို့အတွေးလေးရတာကိုလည်း ကြိုက်တယ်...း)

ဝက်ဝံလေး said...

အင်းးး မိုက်တယ်
ပထမပိုင်းတုံးက လာမဖတ်မိဘူး ခုမှပဲ ပေါင်းဖတ်သွားတယ်
မရေ တာ့တာနာ်
ဂွတ်

ချော (အစိမ်းရောင်လွင်ပြင်) said...

ပထမပိုင်းရော ဒုတိယပိုင်းပါ
ပြန်ပေါင်းဖတ်သွားတယ်
ရင်တထိတ်ထိတ်နဲ့ပေါ့..
ညသန်းကောင်ကြီး ၁နာရီလောက်လာဖတ်တာဆိုတော့
ခပ်လန့်လန့်ရယ်ပေါ့..
ရှေ့ကြည့်နောက်ကြည့်နဲ့လေ...
အဲလို ၀တ္ထုတွေကို
ကြိုက်လဲကြိုက်တယ် ကြောက်လဲကြောက်တယ်း)

blackroze said...

စိတ်လှုပ်ရှားစရာဇာတ်လမ်းလေးပါ...
အပိုင်း ၁ရော..၂ရော..ဖတ်သွားတယ်..
နောက်လဲရေးပါလို့..ဒါမျိုးလေးတွေ..

မောင်ဘကြိုင် said...

တားလည်းဖတ်တယ်း)ကြောက်ဖူး
နေ့ခင်းကြီး နက်ဆိုင်မှာဖတ်တာဆိုတော့လေး)
ကောင်းတယ်ဗျး)
စာအုပ်ထုတ်လို့ဖြစ်တယ်

ဝေလင်း said...

ကောင်းပါတယ်...
မုသားဖော်စက်ကလည်း အသုံးမကျတော့ဘူးပေါ့..။
သူကိုယ်တိုင်တောင် မသိတာ..။ လိမ်ရာဘယ်ကျတော့မလဲ..
အစကထင်တော့ထင်ပါတယ်။ သူ့အစ်ကိုလို့ ဘာကြောင့်လို့ စဉ်းစားမရတတ်တာ။ ကျေးဇူးပဲ မြန်မြန်တင်ပေးလို့..

ချစ်ကြည်အေး said...

သိင်္ဂါရေ...အတွေး အရေးကောင်းလေးနဲ့ ရှားပါး စုံထောက် ဇာတ်လမ်းလေး, သေသပ်တယ်....။ နောက်လည်း ဒါမျိုးလေးတွေ ရေးပါအုံးနော် အားပေးနေတယ်....:)

sosegado said...

စိတ်လှုပ်ရှားစရာဇာတ်လမ်းလေး ဖတ်လို့တော်တော်ကောင်းပါသည်၊

သဒ္ဓါလှိုင်း said...

ဇာတ်သိမ်းခန်းကိုဖတ်သွားတယ်သိင်္ဂါရေ..။စိတ်ဝင်စား
စရာကောင်းလိုက်တာ။မထင်မှတ်တဲ့သူကတရားခံ
ဖြစ်သွားတယ်။

ခင်တဲ့
သဒ္ဓါ

Anonymous said...

စုံထောက်ဝတ္တုတွေရေးတဲ့အတွက်တအားကို ချီးကျူးပါတယ်။ကျေးဇူးလဲ တင်ပါတယ်။

များများလေးတွေရေးပေးပါ။ အချိတ်အဆက်တွေပိုထိမိပီး ဇာတ်လမ်းလေး နဲနဲလေးပေပိုရှည်ရင် ပိုနျားဖတ်လို့ ကောင်းမလား သိဘူးနော်။ ဝေဖန်တာ မဟုတ်ပါ။ မေးကြည့်ခြင်းသတ်သတ်ပါ။

မြတ်နိုး

မိုးမြင့်တိမ် said...

ဘယ်သူဖြစ်မလဲ ဘယ်သူဖြစ်မလဲ နဲ့ ဇာတ်ကို ဆုံးအောင် ဆွဲခေါ်သွားနိုင်ပါတယ်ဗျာ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ပေါ့ဆိမ့် said...

ရေးထားတာလေး ဖတ်လို့ကောင်းတယ်ဗျာ...။ ဇာတ်လမ်းဆင်ထားတာလေး ကသေသပ်တယ်။ မထင်မှတ်တာလေးကို လုပ်ပြ ထားတယ်။ အစအဆုံး တခါတည်းဖတ်သွားပါတယ်။ အားပေးနေမယ်ဗျာ..။
ခင်မင်လျက်.....