21 May, 2010

အထင်မှား အမြင်မှား (၁)

သေသူက အသက် ၂၆ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ယောက် ဖြစ်ပြီး တစ်ကိုယ်တည်း နေထိုင်သော တိုက်ခန်းတွင် အသတ်ခံရခြင်း ဖြစ်သည်။ စိမ်းဝတီတို့ မှုခင်းတပ်ဖွဲ့ ရောက်လာသည် အထိ ခြေရာ လက်ရာ မပျက် ထားပေးကြသည်။ သူတို့ တိုက်ခန်းအရှေ့မှာ ဝရံတာတစ်ခုပါပြီး ထိုဝရံတာသို့ ထွက်ရန် မှန်တံခါးတစ်ခု တပ်ထားသည်။ ထိုမှန်တံခါးမှာ အနက်ရောင်ဖြစ်ပြီး ကွဲအက်နေသည်ကို တွေ့ရသည်။ အမျိုးသမီးမှာ ထိုမှန်တံခါးအနီးတွင် လဲကျနေခြင်း ဖြစ်သည်။ သူမ အစ်ကိုကတော့ လူသတ်သမားမှာ ထိုတံခါးမှ ဝင်လာခြင်း ဖြစ်သည် ဟုဆိုသည်။ သူမအစ်ကို ရောက်နေခိုက် အသတ်ခံလိုက်ရခြင်း ဖြစ်ပြီး လူသတ်သမားကို သူမ၏ အစ်ကိုကလည်း မြင်လိုက်ရသည်။ သေဆုံးသူအနီးတွင် ကွဲကြေနေသော မှန်ကွဲစ တစ်စ နှစ်စ ရှိနေပြီး သွေးစွန်းနေသည်။
***

စိမ်းဝတီက သူမ၏ အလောင်းကို အသေအချာ စစ်ကြည့်သောအခါ လည်ပင်းညှစ်ခံရ၍ သေဆုံးကြောင်း တွေ့ရှိရသည်။ မသေဆုံးခင် ခုခံရုန်းကန်ထားဟန် ရှိသော်လည်း သိပ်ကြာကြာတော့ ခုခံနိုင်ဟန်မတူပေ။ ဧည့်ခန်းတွင်းရှိ ဆိုဖာများ၊ မှန်ဘီရိုများမှာ နဂိုအတိုင်း ရှိနေပါသည်။

ရဲစွမ်းနိုင်ကတော့ ထုံးစံအတိုင်း မှန်ကွဲစမှ သွေးများကို စစ်ဆေးရန် ထည့်ယူသည်။ အလောင်း ၏ ကိုယ်ပေါ်နှင့် အနီးဝန်းကျင်မှ လက်ဗွေရာ များကို စေ့စေ့စပ်စပ် ရအောင်ယူသည်။ ကွဲနေသော တံခါးနှင့် ဝရံတာဘောင်ပေါ်မှ လက်ဗွေရာများကိုလည်း ယူရသည်။

နေထွဋ်က သေသူ၏ လည်ပင်းမှ လက်ရာများကို ဓါတ်ပုံရိုက်နေသည်။ အလောင်းကိုလည်း ထောင့်အမျိုးမျိုးမှ ဓါတ်ပုံရိုက်သည်။ နေထွဋ်က တံခါးပေါက် မှ ထွက်၍ ဝရံတာဘက်ကို စစ်ကြည့်တော့ သူဘဝင်မကျ ဖြစ်သွားသည်။ လူသတ်သမား က ဝရံတာကို ဘယ်လိုတက်လာသလဲဟု သူစဉ်းစားနေသည်။ ဤအထပ်က တတိယထပ်ဖြစ်သည်။ အောက်ထပ်က လှေကားထောင်၍ တက်လာခြင်းတော့ မဖြစ်နိုင်။ ရေပိုက်လိုင်းက ဝရံတာနှင့် တော်တော်လေးလှမ်းသည် ဟုထင်ရသော်လည်း ဝရံတာဘေးဘက်မှ ခုန်ဆင်းမည် ဆိုလျှင်တော့ ဖြစ်နိုင်သော အကွာအဝေးမှာ ရှိသည်။ တက်ဖို့ရာတော့ သိပ်မဖြစ်နိုင်ပါ။

စိမ်းကတော့ ဧည့်ခန်းအတွင်း မူမမှန်တာ တစ်ခုခု တွေ့လိုတွေ့ငြား လျှောက်ကြည့်သည်။ ဧည့်ခန်းထဲတွင် ပုံစံမပျက်ဟု ထင်ရသော်လည်း ဓါတ်ပုံဘောင်လေး တစ်ခုကတော့ အောက်ကျ၍ ကွဲအက်နေသည်ကို တွေ့ရသည်။ လက်အိတ်စွပ်ထားသော လက်နှင့်ပင် ယူကြည့်လိုက်တော့ သေသူမိန်းကလေးနှင့် အမျိုးသားတစ်ယောက် တွဲရိုက်ထားသောပုံဖြစ်နေသည်။ အမျိုးသားမှာ သူမ၏အစ်ကို မဟုတ်ပါ။ သူ့ချစ်သူပင် ဖြစ်နိုင်သည်။

သေသူအမျိုးသမီး၏ နာမည်မှာ ခိုင်ခိုင်သီ ဖြစ်ပြီး စတိုးဆိုင်တစ်ဆိုင် ဖွင့်ထားသူဖြစ်သည်။ သူမ၏ အစ်ကို ကျော်ခိုင်စိုးကတော့ မိဘလက်ငုတ် ကုမ္ပဏီလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ မိဘများက လွန်ခဲ့သော နှစ်နှစ်လောက်က ဆုံးသွားခဲ့ကြပြီး ခိုင်ခိုင်သီ ဆန္ဒအရ မိဘများ ထားခဲ့သော အိမ်ကို ရောင်းချပြီး မောင်နှမနှစ်ယောက် အမွေခွဲကာ လုပ်ငန်းကိုယ်စီ လုပ်ပြီး သီခြားစီနေကြခြင်းဖြစ်သည်။ သီခြားနေသော်လည်း အမြဲတမ်းတော့ အဆက်အသွယ်ရှိကြသည်။ ခိုင်ခိုင်သီက သူမ သူငယ်ချင်း နိုင်နိုင်မော် နှင့် အတူနေသည်။ အသတ်ခံရသော အချိန်ကတော့ နိုင်နိုင်မော်က ခရီးတစ်ခု သွားနေသဖြင့် မရှိပါ။
ခိုင်ခိုင်သီ၏ အစ်ကို ကျော်ခိုင်စိုးမှာလည်း တော်တော် စိတ်ထိခိုက်နေပုံရသည်။ ဟန်ဆောင်နေပုံမရပါ။ စိမ်းက သူ့အတွက် စာနာသော်လည်း မမေးမဖြစ် မေးခွန်းများ မေးရပါသည်။

“အမှုဖြစ်ပွားပုံကို သေချာပြန်ပြောပါဦး ကိုကျော်ခိုင်စိုး”
“သူ့သူငယ်ချင်း ခရီးသွားလို့ သူတစ်ယောက်တည်း လို့ ကျွန်တော့်ကို ဖုန်းဆက်တာနဲ့ ကျွန်တော် လာအိပ်ပေးတာပါ၊ မောင်နှမ နှစ်ယောက် စကားလေး ဘာလေး ပြောပြီး ကျွန်တော်လည်း အစောကြီး အိပ်ပျော်သွားတယ်၊ တရေးနိုးလို့ ထကြည့်တော့ သူဧည့်ခန်းမှာ ထိုင်ပြီး တီဗွီကြည့်နေတုန်းပဲ၊ ဒါနဲ့ ကျွန်တော်လည်း သူ့ဆီသွားမလို့လုပ်တုန်းမှာပဲ အဲဒီလူက ဝရံတာ တံခါးပေါက်ကနေ ဝင်လာတာပါပဲ၊ ကျွန်တော်လည်း အဲဒီလူဆီပြေးသွားသေးတယ် ဒါပေမယ့် ညီမလေးက လဲကျနေပြီး သူက ကျွန်တော့်ကို တွန်းတိုက် သွားတော့ ကျွန်တော်လည်း သတိလစ်သွားသလိုပဲ၊ သူဘယ်လို ပြန်ထွက်သွားလည်းတော့ မသိတော့ဘူး၊ အဲဒီ ဝရံတာ ကပဲ ပြန်ထွက်သွားတာ ဖြစ်မယ်”
“အဲဒီလူက ဘယ်လိုပုံစံမျိုးလဲ ကိုကျော်စိုးခိုင်စိုး၊ ခင်ဗျား မှတ်မိသလောက် ပြောပါဦး”
“အခုခေတ် လူငယ်တွေ ပုံစံပဲ၊ ဆံပင် အထောင်နဲ့၊ သားရေဂျာကင် နဲ့ ဘောင်းဘီအနက် ဝတ်ထားတယ်၊ ဒီဇိုင်းကလည်း ရိုးရိုးမဟုတ်ဘူး၊ အင်္ကျီရော ဘောင်းဘီရော အမျှင်တွေ တံဆိပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပုံမျိုးနဲ့ ၊ နောက်ပြီးတော့ ညဘက်ကြီးကို နေကာမျက်မှန်ကလည်း တပ်ထားသေးတယ်”
“ဒါဖြင့် ခင်ဗျား သူ့မျက်နှာကိုတော့ သေချာ မမှတ်မိဘူးပေါ့”
“ဟုတ်ကဲ့ သေချာတော့ မမြင်ရဘူး”
“အရပ်အမောင်းကရော”
“အရပ်ကတော့ ရှည်တယ်၊ ၅ ပေ ၁၀ လောက် ရှိမယ်၊ ကျွန်တော့်လောက်ပဲ”
“အင်း၊ နေဦး တစ်ခုလောက် မေးစရာရှိသေးတယ်၊ ဟိုဓါတ်ပုံထဲကလူကို ခင်ဗျားသိလား၊ ခင်ဗျားညီမနဲ့ တွဲရိုက်ထားတာလေ၊ သူ့ချစ်သူလား”
“ဟုတ်တယ်၊ ဇော်နိုင်ထွဋ် တဲ့ ကားပွဲစား ယောင်ယောင် ဘာယောင်ယောင်နဲ့မို့ ကျွန်တော်က သိပ်သဘောမတူပေမယ့်လည်း ဘာပြောနိုင်မလဲဗျာ၊ သူက စိတ်ပါနေတော့လည်း ကျွန်တော့်ဘက်က လျှော့ပေးလိုက်ရတာပေါ့”
“ဟုတ်ပြီလေ၊ အခုလို ဖြေပေးတာ ကျေးဇူးပါပဲ၊ ခုရက်ပိုင်း ဘယ်မှတော့ မသွားပါနဲ့ဦး၊ ကျွန်တော်တို့ သိချင်တာရှိရင် လာမေးပါဦးမယ်”

အနီးအနား တိုက်ခန်းမှ လူများကို မေးတော့ ရန်ကုန် တိုက်ခန်းများ၏ ထုံးစံအတိုင်း တစ်ယောက်နှင့် တစ်ယောက်လည်း သိပ်မသိကြပဲ ဖာသိဖာသာ နေကြသည့်အပြင် ကိုယ့်တံခါးကိုယ် ပိတ်ပြီးနေလျှင် အပြင်မှ အသံကို ကြားဖို့မလွယ်သည့် ကွန်ဒို တိုက်ခန်းများ ဖြစ်သည့်အတွက် ထိုညက အော်သံ ဟစ်သံ ကြားသူ ဟူ၍ တစ်ယောက်မှပင် မရှိခဲ့ပေ။
***

နွယ်နီချိုက စွမ်းနိုင်ယူလာသော မှန်ကွဲစမှ သွေးများကို ဓါတ်ခွဲခန်းတွင် စစ်နေသည်။ ထိုသွေးများမှာ သေသူ၏သွေးများပင် ဖြစ်သည်။ မှန်ကွဲပြီးနောက် သူမကို ထိခိုက်မိသွားခြင်းပင် ဖြစ်လိမ့်မည်။ မှန်ကွဲစနှင့် ထိုး၍ သေရခြင်းတော့ မဟုတ်ပါချေ။

အလောင်းကိုတော့ ဒေါက်တာဇလပ်ဖြူက စစ်ဆေးနေသည်။ သူတို့ထင်သည့်အတိုင်းပင် လည်ပင်းညှစ်ခံရ၍ အသက်ရှုကျပ်ကာ သေဆုံးရခြင်း ဖြစ်သည်။ မှန်ကွဲစရှရာများမှာ မည်မည်ရရမရှိပါ။ သေဆုံးသော အချိန်မှာ ည ၁၂ နာရီကျော်ကျော်လောက် ဖြစ်နိုင်သည် ဟု ခန့်မှန်းရသည်။ သူမ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးရာ သေဆုံးခြင်းနှင့် ပတ်သက်၍ ထူးခြားချက်တစ်စုံတစ်ရာ ထပ်မတွေ့တော့သော်လည်း ဆေးထိုးအပ်ရာ အတော်များများကိုတော့ လက်ဖျံနှင့် လက်မောင်းများမှာ တွေ့ရသည်။ မူးယစ်ဆေး သုံးစွဲခြင်းလည်း မဟုတ်ပါ။ ရောဂါ တစ်စုံတစ်ရာအတွက် အပတ်စဉ် ဆေးထိုးခြင်းမျိုး ဖြစ်နိုင်သည်။

စွမ်းနိုင်ကတော့ ဝရံတာ၊ မှန်တံခါး၊ ဧည့်ခန်းထဲနှင့် အလောင်းပေါ်မှ ရသော လက်ဗွေရာများကို သူ့ဘာသာသူ ထုတ်ယူပြီး တစ်နိုင်ငံလုံးစုထားသော Database မှ Data များနှင့် တိုက်ဆိုင် စစ်ဆေးနေသည်။ ထိုလက်ဗွေရာများထဲတွင် ခိုင်ခိုင်သီ၏ လက်ဗွေရာ၊ ကျော်ခိုင်စိုး၏ လက်ဗွေရာ၊ နိုင်နိုင်မော်၏ လက်ဗွေရာ၊ ဇော်နိုင်ထွဋ်၏ လက်ဗွေရာတို့အပြင် ဒေါက်တာသီဟအောင်၏ လက်ဗွေရာကိုပါ တွေ့ရသည်။ ဒေါက်တာသီဟအောင်မှာ တိုင်းရင်းဆေးပညာ Ph.D ဘွဲ့ရထားပြီး သီဟ ဆေးတိုက်ကို ဖွင့်လှစ်ကာ ကုသနေသူ ဖြစ်သည်။ တစ်ခု ထူးဆန်းသည်က ဝရံတာ လက်ရမ်းတွင် တွေ့ရသော လက်ဗွေရာများမှာ နိုင်နိုင်မော်၏ လက်ဗွေရာများသာ ဖြစ်နေခြင်းပင်။ ကျန်လက်ဗွေရာများကိုမူ ဧည့်ခန်းထဲမှ တွေ့ရခြင်း ဖြစ်သည်။

ရဲစွမ်းနိုင်က သီဟ ဆေးတိုက်သို့ သွားလိုက်သည်။ လူနာရှင်းသော အချိန်ဖြစ်သဖြင့် ဒေါက်တာသီဟကို အလွယ်တကူပင် တွေ့ရသည်။ သူက တိုင်းရင်းဆေးဆရာ ဆိုသော်လည်း ခေတ်မီအောင်ဖော်စပ်ထားသော ထိုးဆေး၊ သောက်ဆေးများဖြင့် ကုသသောကြောင့် နာမည်ကြီးသည်။ ဒေါက်တာသီဟမှာ အသက် ၃၅ နှစ်ခန့်သာ ရှိသေးပြီး ဆေးဆရာ တစ်ယောက်ဖြစ်သည့်အတိုင်း ဖော်ရွေ ပျူငှာသည်ကို တွေ့ရသည်။ စွမ်းနိုင်က သူ့ကတ်ပြားကို ထုတ်ပြလိုက်ပြီး မေးခွန်းများ စမေးသည်။

“ဒေါက်တာ၊ ခိုင်ခိုင်သီကို သိလားမသိဘူး၊ သူက ဒေါက်တာရဲ့ လူနာတစ်ယောက်လို့ ကျွန်တော်သိထားတယ်၊ သူ့ရောဂါ အခြေအနေက ဘယ်လိုရှိသလဲ၊ ဘယ်လိုများ ကုသမှုပေးရသလဲ”
“ဟုတ်ပါတယ်၊ ကျွန်တော့လူနာပါ၊ အသည်းရောဂါ စီပိုင်း ရှိနေလို့၊ ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးပါဘူး၊ ဒါပေမယ့် နှစ်ပတ်တစ်ခါ လာပြရတယ်”
“အိမ်တွေ ဘာတွေ သွားလည်တဲ့ အထိကို ခင်သလား ဒေါက်တာ”
“ဗျာ၊ ဘာပြောတာလဲ၊ သူ့အိမ်ကိုတော့ ကျွန်တော် သွားမလည်ဖူးပါဘူး”
“ဟုတ်ရဲ့လား ဒေါက်တာ၊ ခိုင်ခိုင်သီ့ အိမ်ကို ခင်ဗျား ရောက်ခဲ့တာ ကျွန်တော့်မှာ သက်သေရှိတယ်ဗျ၊ ခင်ဗျား ဘာကြောင့် ညာရတာလဲ၊ ဘာကိစ္စရှိလို့သွားတာလဲ”
“လမ်းကြုံလို့ အလည်အပတ် ရောက်ဖြစ်တာ နေပါလိမ့်မယ်၊ ဘာဖြစ်လို့ ကျွန်တော့်ကို အဲဒါတွေ လာမေးနေတာတုန်း”
“ဘာဖြစ်လို့လဲ ဆိုတော့ ခိုင်ခိုင်သီ သေသွားပြီ ဒေါက်တာ၊ မနေ့ညက အသတ်ခံလိုက်ရတယ်”
“အဲဒီတော့ ခင်ဗျားက ကျွန်တော် သတ်တယ်လို့ထင်တာလား၊ အဓိပ္ပါယ်မရှိတာဗျာ”
“ခင်ဗျားသတ်တယ်လို့လည်း ကျွန်တော်က မပြောရသေးပါလား ဒေါက်တာ၊ ခင်ဗျား လက်ဗွေရာတွေ လတ်လတ်ဆတ်ဆတ် ခိုင်ခိုင်သီ့ အိမ်ထဲမှာ တွေ့တယ်၊ အဲတော့ ခင်ဗျား အဲဒီအိမ်ကို ဘာသွားလုပ်သလဲ၊ အဲဒါပဲ သိချင်တာပါ”
“ကောင်းပြီလေ၊ ကျွန်တော်က ကျွန်တော့်လူနာရဲ့ လျှို့ဝှက်ချက်ကို မပြောချင်လို့ပါ၊ သူအခုတလော ငွေရေးကြေးရေး အခြေအနေမကောင်းဘူး၊ သူ့အကောင်ကို ဖို့နေရတာလည်း ပါတာပေါ့၊ ကျွန်တော့် ဆေးဖိုးတွေတောင် မပေးနိုင်တာ နှစ်လစာလောက် ရှိနေပြီ၊ အဲဒါကြောင့် သူ့ကို သွားတောင်းတာပဲ၊ ဒီလမှ မရှင်းနိုင်ရင် နောက်မလာနဲ့တော့လို့ ပြောဖို့သွားတာပဲ”
“အဲဒီမှာ ခင်ဗျားတို့ စကားများပြီး လက်လွန်သွားတာလား”
“မဟုတ်တာဗျာ ဘယ်နဲ့၊ ဒါလောက်လေးနဲ့ သတ်ရမှာလား၊ သူနဲ့ ကျွန်တော်က အရင်ကတည်းက မိတ်ဆွေတွေ၊ သူ့ကောင်လေးအတွက်နဲ့ ငွေတွေကုန်နေတာ၊ ကိုယ့်ဆေးဖိုးကိုယ်တောင် မပေးနိုင်ဘူးလေ၊ အဲဒါကို အမြင်ကပ်လို့ကို သွားတောင်းတာပဲ၊ ကျွန်တော်က သူ့ကို ဆက်ကုမပေးတော့ဘူး ဆိုပြီးထွက်လာတော့ သူက လက်ကို လှမ်းဆွဲတယ်လေ၊ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ သူ့ကို တွန်းပစ်ခဲ့တော့ ဆိုဖာပေါ် လဲကျကျန်နေခဲ့တာပဲ၊ ဒါပဲ”
သူ့ပုံစံနှင့် သူ့မျက်လုံးများက တည်ငြိမ်သည်။ လိမ်ပြောနေပုံ မပေါက်။ သူ့စကားများကလည်း ကျိုးကြောင်း ဆီလျော်သည်ဟု ထင်ရသည်။ သို့သော် ခိုင်ခိုင်သီ အပေါ်ထားသော သူ့သဘောထားကတော့ သူပြောသလောက်ထက် မကတာ သေချာသည်။
***

နေထွဋ်ကတော့ နိုင်နိုင်မော်၏အဒေါ် အိမ်သို့ သွားပြီး နိုင်နိုင်မော်ကို တွေ့လိုက်သည်။ ကျော်ခိုင်စိုးက ခရီးသွားနေသည်ဟု ပြောသော်လည်း အမှန်တော့ ခိုင်ခိုင်သီ နှင့် စိတ်ဆိုးပြီး ခိုင်ခိုင်သီ့အိမ်မှ ဆင်းလာကာ အဒေါ်အိမ် ပြန်နေခြင်း ဖြစ်သည်။ ခိုင်ခိုင်သီက သူ့အစ်ကိုကို နိုင်နိုင်မော် ခရီးသွားနေလို့ သူ့အိမ် လာနေဖို့ အလွယ်ပြောလိုက်ခြင်း ဖြစ်နိုင်သည်။

နိုင်နိုင်မော်က ခိုင်ခိုင်သီနှင့် အတူလုပ်ခြင်း မဟုတ်ပဲ ဓါတ်ပုံစတူဒီယိုကြီး တစ်ခုမှာ အလုပ်လုပ်သည်။ တကယ်တော့ သူမက ယောက်ျားလျာမလေး တစ်ယောက်ဖြစ်ပြီး ယောက်ျားလေးတစ်ယောက်လိုပင် ဝတ်စားနေထိုင်သူ ဖြစ်သည်။ ကျော်ခိုင်စိုးပြောသော ပုံစံအတိုင်း ဆံပင်ထောင်ထောင်နှင့် ရှုပ်ယှက်ခတ်နေသော အင်္ကျီ၊ ဘောင်းဘီများ ဝတ်ဆင်တတ်သူ ဖြစ်နေသည်။ သို့သော် ကျော်ခိုင်စိုး ပြောသော အရပ်အမောင်းလောက်တော့ မရှိပါ။ သူမအရပ်က သာမန် မိန်းကလေး အရပ် ၅ပေ ၃လက်မ၊ ၄ လက်မ လောက်သာ ရှိမည်။ မျက်နှာကတော့ လောလောလတ်လတ် ငိုထားပုံမျိုးနှင့်။

“ခင်ဗျားတို့ နှစ်ယောက် ဘာကိစ္စနဲ့ စကားများခဲ့တာလဲ”
“သူ ဇော်နိုင်ထွဋ်နဲ့ တွဲနေတာ ကျွန်တော် မကြိုက်ဘူး၊ အဲဒါကြောင့်ပဲ ခဏခဏ စကားများရတာပဲ၊ ဇော်နိုင်ထွဋ် ဆိုတဲ့ကောင်က ကောင်းတာလည်း မဟုတ်ဘူး၊ ပိုင်လုံးပဲ၊ အဲဒါကို ပြောတာလည်း နားမထောင်ဘူးလေ၊ ဒီတစ်ခါတော့ အဲဒီကောင်နဲ့ မဖြတ်ရင် အိမ်ပေါ်က ဆင်းတော့မယ် ဆိုပြီး ဆင်းလာခဲ့တာပဲ”
“ခင်ဗျား မနေ့ညက ခိုင်ခိုင်သီ့တိုက်ခန်းကို ရောက်ခဲ့သေးတယ် မဟုတ်လား”
“မရောက်ပါဘူး၊ ဘာလုပ်ဖို့လည်း ကျွန်တော် ဆင်းလာကတည်းက တစ်ခါမှ ပြန်မသွားဘူး”
“ခင်ဗျား ရောက်ပါတယ်၊ ဝရံတာမှာ အချိန်တော်တော်ကြာ ရပ်နေခဲ့တယ်၊ ပြီးတော့ ခင်ဗျား သူ့ကို လည်ပင်းညစ်ပြီး သတ်ခဲ့တယ်၊ ဘာလို့လဲ ဆိုတော့ သူက ခင်ဗျားထက် တစ်ခြား ယောက်ျား တစ်ယောက်ကို ပိုချစ်နေတာကို ခင်ဗျားမကြိုက်ဘူး မဟုတ်လား”
“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျွန်တော်က သူ့ကို ဒီလောက်ချစ်တာ ဘာလို့သတ်ရမှာလဲ၊ မနေ့ညက အဲဒီတိုက်ခန်းကို ရောက်တာတော့ မှန်တယ်၊ ကျွန်တော်လည်း တံခါးဖွင့်တဲ့ code ကို သိပြီးသားဆိုတော့ ကိုယ့်ဟာကိုယ် ဝင်နေကြပဲလေ။ သူတို့ အိပ်နေတုန်း ဧည့်ခန်းမှာကျန်ခဲ့တဲ့ ကျွန်တော့် MP4 လေး ပြန်ယူဖို့ သွားတာဗျာ၊ မနက်ဖြန်အပြီး ကူးရမယ့် ဓါတ်ပုံတွေ အဲဒီထဲမှာ ပါနေလို့၊ အဲဒါယူပြီးတော့ ပြန်တော့မလို့လုပ်တော့ သူထွက်လာသံ ကြားတာနဲ့ ဝရံတာ ထွက်နေလိုက်တာ၊ လူတစ်ယောက် ဝင်လာသံကြားတယ်၊ ဒေါက်တာ သီဟအောင်ပဲ၊ သူတို့ စကားများကြသေးတယ်၊ နောက်တော့ ပြန်သွားတယ်၊ ကျွန်တော်ချောင်းကြည့်တော့ သူက ထိုင်နေတုန်းပဲမို့ မဝင်သေးပဲ နေရတယ်၊ ခဏနေတော့ ဇော်နိုင်ထွဋ် လာတယ်၊ သူက သူ့အစ်ကို ရှိတယ် ပြန်သွားလို့ ပြောတယ်၊ ကျွန်တော်လည်း နားမထောင်ချင်တော့လို့ တံခါးနားက ခွာပြီး ဝရံတာလက်ရမ်းနားကနေ အပြင်ဘက်ကို ကြည့်နေလိုက်တယ်၊ တစ်ခုခု ကျသွားသံလည်း ကြားတယ်၊ ကျွန်တော် ချောင်းကြည့်လိုက်တော့ သူအထဲဝင်သွားတာနဲ့ မြန်မြန်ထွက်ပြီး ပြန်လာလိုက်တယ်၊ အဲဒါပဲ။ ကျွန်တော် ပြန်လာတုန်းက သူ ဘာမှ မဖြစ်သေးဘူး”
“ဝရံတာမှာ ခင်ဗျား ရှိနေတာ ဘယ်သူမှ မသိလိုက်ဘူးပေါ့”
“ညဘက်ဆိုတော့ တံခါးနား ကပ်ကြည့်မှ မြင်ရမှာလေ၊ ဘယ်သူမှ တံခါးနား မလာကြတော့ မသိဘူးပေါ့”
“ဟုတ်ပြီလေ၊ ခုလို အမှန်အတိုင်းဖြေတာ ကျေးဇူးပဲနော်၊ နောက် မေးစရာပေါ်လာမှပဲ လာတော့မယ်”
***

စိမ်းဝတီက ဇော်နိုင်ထွဋ်ကို ကားပွဲစားတန်းတွေမှာ လိုက်ရှာသော်လည်း သူရှိသော နေရာနှင့် လွဲနေပြီး မတွေ့ခဲ့ရ။ သူ့အဆောင်မှာ သွားမေးတော့လည်း မနက်ကတည်းက ထွက်သွားသည်ဟု ဆိုသည်။ နေဝင်ကာနီးမှ ကောင်မလေး တစ်ယောက်နှင့် စားသောက်ဆိုင် တစ်ခုမှ ထွက်လာသော ဇော်နိုင်ထွဋ် ကို တွေ့ရသည်။ သူ့သူငယ်ချင်းများ အပြောအရ အခုရက်ပိုင်း ကောင်မလေး အသစ်တစ်ယောက်ကို စလိုက်နေသည် ဟုဆိုသည်။ ကောင်မလေးက ခပ်ငယ်ငယ် စတိုင်လ် ခပ်မိုက်မိုက်၊ သဌေးသမီးမှန်းတော့ ပုံစံကြည့်တာနှင့် သိသာသည်။ ခိုင်ခိုင်သီမှာ သူ့အတွက် ပေးစရာ မရှိတော့မှန်း သိသွားသော ဇော်နိုင်ထွဋ်က နောက် သဌေးသမီးတစ်ယောက် ရှာတွဲနေပုံရသည်။ သူ့ပုံစံကလည်း ခေတ်လူငယ် တစ်ယောက်ပုံစံ ဖြစ်သဖြင့် ခိုင်ခိုင်သီ့ အစ်ကို ပြောသော လူပုံစံနှင့် နီးစပ်သည်။ သူ့အရပ်ကလည်း ရှည်သည်။

ကောင်မလေးက သူ့ကားသူ မောင်းပြီး ပြန်သွားတော့မှ စိမ်းဝတီ သူ့နားသွားပြီး ကတ်ပြားထုတ်ပြရင်း လာရင်းအကြောင်းကို ပြောရသည်။ သူတို့ အနီးအနား ကော်ဖီဆိုင်ထဲမှာ စကားပြောဖြစ်ကြသည်။
“ခိုင်ခိုင်သီ အသတ်ခံရတာ ခင်ဗျား သိပါတယ်နော်”
“ဗျာ၊ ကျွန်တော် မသိပါဘူး၊ ဘယ်တုန်းကလဲ”
သူ ဟန်ဆောင်နေသည် ဆိုလျှင်တော့ အတော်ဟန်ဆောင်ကောင်းသည်ဟု ဆိုရမည်။
“ညတုန်းက ခင်ဗျားပြန်သွားပြီး မကြာခင်မှာပဲ အသတ်ခံရတာ”
“ကျွန်တော်မသတ်ဘူး၊ ကျွန်တော် မသတ်ဘူးနော်၊ ကျွန်တော်ပြန်လာတုန်းက အကောင်းကြီးပဲဟာ”
“ခင်ဗျား သတ်တော့ သတ်ချင်နေတယ် မဟုတ်လား”
“သတ်ချင်တာတော့ သတ်ချင်တာပေါ့ဗျာ၊ သူက ချိုချို့ကို ကျွန်တော့်အကြောင်း ပြောပြမယ်လို့ ခြိမ်းခြောက်တယ်လေ မနေ့ညက တောင်းပန်ပြီး သူ့ကို လမ်းခွဲစကား ပြောဖို့သွားတာလည်း သူက သူ့အစ်ကို ရှိနေတယ်၊ ဘာမှ မပြောချင်ဘူး ဆိုလို့ ပြန်ခဲ့ရတယ်၊ သူက ကျွန်တော့်ကို ဘယ်တော့မှ လွှတ်မပေးဘူး ဆိုလို့ စိတ်တိုပြီး ကျွန်တော်တို့ နှစ်ယောက် ရိုက်ထားတဲ့ ဓါတ်ပုံကိုတောင် ချခွဲလိုက်မိသေးတယ်”
“သူ့အစ်ကိုက အိပ်နေပြီပဲ၊ ခင်ဗျားတို့ နှစ်ယောက် စကားများ ရန်ဖြစ်ပြီး လက်လွန်သွားတာများလား”
“မဟုတ်တာဗျာ၊ ဘာမှကို မလုပ်ခဲ့ရဘူး၊ သူ့ကိုလည်း မလုပ်ရဲလို့ ဓါတ်ပုံကိုပဲ လုပ်ခဲ့ရတာ၊ သူ့အခန်းထဲမှာ ခဏလေးပဲ ပြန်ခဲ့တာ”
“ဟုတ်ပါပြီလေ၊ ဒါပေမယ့် ခင်ဗျား ဟဲန်းဖုန်း နံပါတ်လေးတော့ ကျွန်တော့်ကို ပေးထားပါဦး၊ လိုအပ်ရင် ထပ်မေးရအောင်ပါ၊ ဒီနေ့ ကျွန်တော် ခင်ဗျားကို ရှာရတာ တစ်နေကုန် သွားတယ်ဗျာ”
***

(CSI ဇာတ်လမ်းတွဲတွေကြည့်ရင်း အားကျလို့ရေးတာပါ၊ CSI NY ဇာတ်လမ်း တစ်ခုမှ idea အနည်းငယ် ယူပါတယ်)

သိင်္ဂါကျော်

11 comments:

လသာည said...

တအား စိတ်ဝင်စားစရာကောင်းတယ်။ သိင်္ဂါကျော်ရေးတဲ့ စုံထောက်ဝတ္တုလေးတွေ တကယ် ဖတ်ကောင်းတယ်..

အခု ဒါဆို တရားခံ ဘယ်သူဖြစ်မလဲ မသိဘူးနော်..
အပိုင်း-၂ မြန်မြန်ရေးပေးး))။

သဒ္ဓါလှိုင်း said...

ဝတ္ထုလေးကစိတ်ဝင်စားစရာကောင်းလိုက်တာ..။
တရားခံဘယ်သူဆိုတာလည်းသိချင်နေတယ်။။
မျှော်နေမယ်နော်...သိင်္ဂါ

ခင်တဲ့
သဒ္ဓါ

ချော (အစိမ်းရောင်လွင်ပြင်) said...

ဇာတ်ရှိန်မြှင့်လာပြီ
ဒုတိယပိုင်းမြန်မြန်လေးရေးနော်
အဲခါမှ အစအဆုံးတစ်ခါ ထပ်ဖတ်ဦးမယ်..
စိတ်ဝင်စားတယ်

Anonymous said...

plz....be quick..

thanks for this story.
I love to read.


Myatnoe

busymozzee said...

ဖတ်လို့ တကယ်ကောင်းတယ် သင်္ဂါရေ.... စိတ်ဝင်စားစရာကြီး... CSI ကို တို့လဲ အရမ်းကြိုက်တယ်.... မကြည့်ဖြစ်တာတောင်ကြာပေါ့

busymozzee said...
This comment has been removed by the author.
ရွှေရတုမှတ်တမ်း said...

ဆရာမကြီးကတော့..လက်စွမ်းပြပြီ

♥ ကိုဇော် ♥ said...

စိတ်ဝင်စားတယ်။
ရေးတောင်မှ ရေးချင်လာပြီ..မထွက်လို့..:P
မျှော်နေတယ်နော်...အပိုင်း ၂ ကို။

ဝေလင်း said...

ငယ်ကတည်းက ကြိုက်တာဗျ
စုံထောက်ဝတ္ထုက။
နောက်တစ်ပိုင်းမြန်မြန်တင်ပေါ့..
နေ့လည်က အချိန်မရလို့ ခုမှတစ်ခေါက်လာဖတ်ရတယ်..

SHWE ZIN U said...

နောက်တပိုင်း ဖတ်ချင်လှပြီဗျ.. မြန်မြန်လေးနော်

မောင်ဘကြိုင် said...

အစ်မ လက်ရာလေး သေသပ်တယ်ဗျ ကြိုက်တယ်