02 May, 2010

လက်ထပ်ခြင်း၏ နောက်ပိုင်း စာမျက်နှာများ

 


မြင့်နောင် က အစိုးရ ဓါတ်ဆီဆိုင်က ဝန်ထမ်း၊ ရီမာချို က အလယ်တန်းပြ ဆရာမ ဘဝမှာ စတွေ့ခဲ့ကြခြင်း ဖြစ်သည်။ မြင့်နောင်တို့ ဓါတ်ဆီဆိုင်က ရီမာချိုတို့ အိမ်နဲ့ မျက်စောင်းထိုးလောက်မှာ ရှိသည်။ မြင့်နောင်က ဆယ်တန်းတောင် မအောင်သော ဆီထည့်ဝန်ထမ်းပေမယ့် သူ့မိသားစုကတော့ သူ့အခြေအနေနဲ့ သူ ရှိပါသည်။ သို့ပေမယ့် ရီမာချို့ အဖေကြီးကတော့ သူ့သမီးကို ဆယ်တန်းမအောင်သည့် အလုပ်သမားသာသာနှင့် လုံးဝသဘောမတူပါ။ ရှေးလူကြီးမို့ ဓါတ်ဆီဆိုင် ဝန်ထမ်းက ဘယ်လောက် အပိုဝင်ငွေ ရတယ်ပဲ ပြောပြော သူ့သမီးနဲ့ မတန်ဘူးပဲ ထင်သည်။ ပုံမှန်တော့ ရီမာချိုက သူ့အဖေကို အသေအလဲ ကြောက်ရသော်လည်း အချစ်နဲ့ ပတ်သက်လာတော့ မကြောက်တော့။ သူတို့ နှစ်ယောက် တစ်နေရာကို ခိုးပြေးကြသည်။ ခဏပဲ နေပြီး ရီမာချိုတို့ ရပ်ကွက်ထဲမှာပဲ အိမ်ငှားနေဖို့ ပြန်လာကြသည်။ မြင့်နောင်တို့ အိမ်က ရီမာချို့ အဖေကို ပြန်လာအပ်သော်လည်း သူ့အဖေက လုံးဝ အိမ်ပေါ်တက်မလာဖို့ ပြောသည်။ သူတို့ မင်္ဂလာပွဲလည်း ခပ်ကျဉ်းကျဉ်းနဲ့ ပဲ ပြီးသွားသည်။
***
နောက်တော့ ရီမာချို ယောက်ျားရ ကံကောင်းခဲ့ကြောင်း သူ့အဖေလည်း လက်မခံချင်ပေမယ့် လက်ခံလာရတာပါပဲ။ မြင့်နောင်က အသောက်အစား အပျော်အပါးမရှိ အလုပ်ကြိုးစားသူ ဖြစ်သည်။ သူအလုပ်လုပ်သော ဓါတ်ဆီဆိုင်ကလည်း တော်တော်ရသည်။ သူကလည်း ရသမျှ မိန်းမကို အပ်သည်။ ရီမာချိုကလည်း သုံးသင့်တာပဲ သုံးပြီး စုသင့်တာ စုတတ်သူမို့ သူတို့ မိသားစု တော်တော် အဆင်ပြေနေသည်။ သမီးလေး တစ်ယောက် မွေးပြီးနောက် ရီမာချို့ အဖေ အိမ်မှာပဲ ပေါင်းနေလိုက်ကြသည်။ သူ့ အမေကတော့ ရီမာချို ငယ်ငယ်ကပင် ဆုံးခဲ့ပြီ။

ရီမာချို့မှာ ပြောစရာအပြစ် ဆို၍ ဆရာမ အဆင့်အတန်းနှင့်တောင် မလိုက်အောင် နှုတ်ကြမ်း လျှာကြမ်း မကြိုက်ရင် မကြိုက်သလို ပြောတတ် ဆိုတတ်ခြင်းပင် ဖြစ်သည်။ အဲလို ပြောပေါက်တွေနဲ့ပဲ မြင့်နောင်နှင့် အမြဲ ရန်ဖြစ်ရသည်။ အမြဲလိုလိုကတော့ မြင့်နောင်ကပဲ လျော့လိုက်ရတာပင်။ မြင့်နောင်ကလည်း သူ ဝင်ငွေကောင်းနေသော အချိန်မှာ မိဘနှင့် ကျောင်းမပြီးသေးသော ညီမများကို ထောက်ပံချင်သည်။ နည်းနည်း ပါးပါး ထောက်ပံ့တာကို ရီမာချိုက မသိသလို နေနိုင်ပေမယ့် အချီကြီးတွေ ပေးလျှင်တော့ သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ရပြီ။ ရီမာချိုက ကိုယ့်သားသမီးတွေ နောင်ရေးအတွက် စုဆောင်းထားချင်သည်။ သူ့အဖေ နဲ့ စိတ်ဝေဒနာသည် သူ့အစ်မကိုတောင် သူက ဘာမှ သိပ်ထောက်ပံစရာမလိုပဲ သူတို့ စုဆောင်းစာနဲ့ သူတို့ စားနိုင်သောက်နိုင်သည်။ ထို့ကြောင့် ကိုယ့်ဘက်ကို မပေးသလို သူ့ဘက်ကိုလည်း မပေးစေချင်။ မြင့်နောင်ကတော့ ရီမာချိုလည်း သူ့ဘက်ကို ပေးချင်သလောက် ပေးလို့ရသည်။ သူ့ဘက်ကို ပေးတာကိုလည်း လိုက်မပိတ်ပင်စေချင်။ ရီမာချို အပေါက်ဆိုးမှုကြောင့် သူ့ဘက်က မိသားစုနှင့် သိပ်ခင်ခင်မင်မင် ကြည်ကြည်လင်လင် မရှိ။ အဲဒီ ပြဿနာတစ်ခုကလွဲပြီးတော့ သူတို့လင်မယားမှာ တစ်ခြား ပြဿနာ မရှိပါ။ မြင့်နောင်က သားသမီးကိုလည်း ချစ်တတ်သည်။ ဇနီးကိုလည်း တတ်နိုင်သလောက် သည်းခံသည်။
***
ရီမာချိုက သားလေး တစ်ယောက် ထပ်မွေးသည်။ သမီးတစ်ယောက်၊ သားတစ်ယောက် ဆိုတော့ သူတို့အတွက် ပြည့်စုံသွားပြီ။ နည်းနည်းလည်း စုမိဆောင်းမိ ရှိလာသောကြောင့် တစ်ခြား အဆင်ပြေသော ရပ်ကွက် တစ်ခုမှာ အိမ်ကလေး ဝယ်ပြီး သူတို့ သီးသန့် ပြောင်းနေကြသည်။ စီးပွားရေး အဆင်ပြေသလောက် လင်မယား နှစ်ယောက်ကတော့ တကျက်ကျက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အမြဲ ဖြစ်နေကြသည်။ တစ်ချို့ကလည်း ရီမာချို့ကို ယောင်္ကျားကို ဒီလောက် မပြောဆိုဖို့ သတိပေးကြသည်။ ယောင်္ကျားက အိမ်မှာ မပျော်လျှင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုလည်း ရီမာချိုကတော့ ဂရုမစိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြင့်နောင်ကလည်း သူ့မိန်းမနှင့် ကလေးနှစ်ယောက်ကလွဲလျှင် ကျန်တာ အပျော်အပါး ဘာမှ စိတ်မဝင်စားပါ။ အပေါင်းအသင်းကောင်းလို့ အရက်ကလေး ဘာလေး သောက်ရင်သာ သောက်မည်။ အပျော်အပါးကတော့ လုံးဝမလုပ်။ အရက်သောက်လာရင်တောင် မိန်းမနှင့်က ရန်ဖြစ်ရသေးသည်။ ဒါကြောင့် သူ အရက်လည်း သိပ်မသောက်ဖြစ်ပါ။ မိန်းမနှင့် ရန်မဖြစ်ချင်သောကြောင့် မိသားစုကို ထောက်ပံ့တာလည်း တတ်နိုင်သလောက် မိန်းမ မသိအောင်သာ ခိုးပေးရသည်။ အဲဒါ သိသွားလျှင်တော့ ပွဲကြီးပွဲကောင်း ရန်ဖြစ်ကြပြီသာ မှတ်ပေတော့။ တစ်ခုကောင်းတာက ဘယ်လောက်စိတ်ဆိုးဆိုး မြင့်နောင်က မိန်းမကို နာအောင်ကြင်အောင် ရိုက်တာ နှက်တာတော့ တစ်ခါမှ မလုပ်ဖူးပါ။ တစ်ခါတလေ ရီမာချိုကတောင် လက်ပါတတ်သေးသည်။ မြင့်နောင်က မကျေနပ်လျှင် နံရံကို ထိုးတာ ဘာညာသာ လုပ်ရင်လုပ်မည်။ မိန်းမကိုတော့ မလုပ်။ အဲဒါကြောင့်လည်း ရီမာချို့ရဲ့ သူငယ်ချင်းတွေက သူမကို နည်းနည်း လျော့ဖို့ ပြောကြတာဖြစ်သည်။ မလိုသူတွေကလည်း ဒီလောက်တောင် ယောက်ျားအပေါ် မကြင်နာတတ်တဲ့ မိန်းမ ကျန်ခဲ့ရလိမ့်မည် လို့ အတင်းပြောကြတာတွေလည်း ရီမာချိုကြားပါသည်။

ဘယ်သူတွေ ဘယ်လို ပြောပါစေ ရီမာချိုတို့ကတော့ ပြည့်စုံသော မိသားစု ဘဝလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နေနေဆဲ။ မြင့်နောင် အလုပ်ကလည်း အရင်ကလောက်တော့ မကောင်းသည့်ပြင် သူ့ညီမတွေကလည်း ကျောင်းတွေပြီးလို့ အလုပ်အကိုင်ကိုယ်စီနှင့် ဖြစ်ကုန်ပြီမို့ အထောက်အပံပေးစရာ သိပ်မလိုတော့။ သူတို့နှစ်ယောက်လည်း အရင်လောက်တော့ စကားမများတော့ပါ။ သမီးနဲ့ သားကလည်း တော်တော်ကြီးလာပြီမို့ ရီမာချိုကလည်း သူတို့ကို သိပ်ဂရုစိုက်စရာ မလိုတော့၍ ကျူရှင် ဘာလေး ပြပြီး အပိုဝင်ငွေရှာသည်။ အစစ အဆင်ပြေနေသော မိသားစု ဘဝမှာ သမီး အထက်တန်း စတက်သော နှစ်ကျမှ မမျှော်လင့်တာတွေ ဖြစ်လာခြင်း ဖြစ်သည်။
***
မြင့်နောင် အလုပ်ပြောင်းရသည်။ ဝေးဝေးလံလံ မဟုတ်သော်လည်း အိမ်နဲ့ နည်းနည်းတော့ လှမ်းသွားသည်။ အဲဒီမှာ အဲဒီ မိန်းမ နှင့် တွေ့ခြင်း ဖြစ်သည်။ ကြားကာစကတော့ ရီမာချိုက မယုံသေး။ သူနဲ့ ကိုယ် အိမ်ထောင် သက်တမ်း တစ်လျှောက် ရန်တချိန်းချိန်း ဖြစ်နေပေမယ့် အဲဒီလို ကိစ္စမျိုးတော့ တစ်ခါမှ မပါခဲ့ပါ။ သူ အဲဒီလို ကိစ္စမျိုး ဝါသနာ မပါဘူးပဲ ထင်ခဲ့သည်။ ကိုယ့်အပေါ်ကို အဲဒီလို လုပ်ရက်လိမ့်မယ် လို့လည်း တစ်ခါမှ မတွေးစဖူး။ သူ့ကို မဟုတ်ပဲ ဖွင့်မေးမိရင်တောင် သူစိတ်ဆိုးမလား လို့ ထင်နေသည်။ နောက်ဆုံး ကိုယ်တိုင် သွားကြည့်တော့မှ ကိုယ့်မျက်စိနဲ့ကိုယ် မြင်လာရမှ ယုံတော့သည်။ မြင့်နောင်က အိမ်တစ်အိမ် ငှားပြီး အဲဒီ မိန်းမ နှင့် အတူတူ နေနေသည်။ တစ်ခါတရံ သူအကြောင်းရှာပြီး ညဘက် အိမ်မပြန်ခဲ့တာတွေကို ခုမှ သဘောပေါက်သည်။

မြင့်နောင် အိမ်ပြန်လာချိန်မှာ ကလေးတွေ တစ်ခြား လွှတ်ပြီး နှစ်ယောက်သား ပွဲကြမ်းကြတော့သည်။ ရီမာချို က ကိုယ့်ကို ကြောတယ် ထင်ရင် တစ်ခြား ကိစ္စ အသေးအဖွဲတောင် သည်းမခံခဲ့တာ...။ ဒီလို ကိစ္စမျိုးကတော့ ဘယ်ရလိမ့်မလဲလေ။ သူ့ကို ဖွင့်မေးလို့ သူကဝန်ခံတော့ ရီမာချို ဒေါသ ထွက်လိုက်တာ ပြောမနေပါနဲ့တော့။ အဲဒီ မိန်းမကို ဖြတ်မလား၊ ငါ့ကို ကွာမလား ဆိုတော့ အဲဒီ မိန်းမကိုလည်း မဖြတ်နိုင်ပါ၊ ကလေး တွေ ရှိနေလို့ ကိုယ့်ကိုလည်း မကွာနိုင်ပါ တဲ့။ ကလေးတွေ မရှိရင်တော့ ကွာမယ် ဆိုတဲ့ သဘော။

သူ့ကို ရီမာချို ဘယ်လောက်ပဲ ချစ်ချစ်၊ ဘယ်လောက်ပဲ လိုအပ်လိုအပ်၊ ဒီကိစ္စမှာတော့ လုံးဝ အသနားလည်း မခံနိုင်၊ မျက်ရည်ခံလည်း မထိုးနိုင်၊ အရှုံးလည်း မပေးနိုင်ပါ။ နောက်တစ်နေ့မှာ မြင့်နောင် မရှိတဲ့အချိန် အဲဒီမိန်းမကို သွားတွေ့တော့ သူမလည်း ခပ်မာမာပါ။ ကြည့်ရတာကတော့ ကြေးကြီးစား ပုံစံမျိုး။ အဲဒီမိန်းမက အရင်က ကြေးကြီးစား ရယ်လို့ ပတ်ဝန်းကျင်က ပြောတာလည်း ရီမာချို ကြားပါသည်။ သိပ် လည်း အသက်မငယ်တော့။ ရီမာချိုထက် တစ်နှစ် နှစ်နှစ် လောက်ပဲ ငယ်မည်။ မျက်နှာကတော့ အပေါစား မိတ်ကပ် မျက်နှာနှင့်။ ခုတော့ အကောင်းစား မိတ်ကပ်လည်း ဖြစ်ချင်ဖြစ်မည်ပေါ့။ ချောသလား ဆိုတော့လည်း ပြောရလောက်အောင် အချောအလှကြီး မဟုတ်။ မြင့်နောင် ဘာကို ကြိုက်သွားသလဲ လို့ ရီမာချို စဉ်းစားလို့ပင်မရ။ အတော် အံသြမိသည်။

သူ့ အငယ်မကို သွားတွေ့တာ သိတော့ မြင့်နောင်က စိတ်ဆိုးသေးသည်။ ကလေးတွေကို အစက ဖုံးထားသေးသော်လည်း အခုတော့ အားလုံး သိနေကြပြီ။ သားက ဘာသိဘာသာ နေပေမယ့် သမီးကတော့ ရှက်လို့ ငိုရှာသည်။ အစကတော့ သူနောင်တ ရလာရင် ပြန်လက်ခံဖို့ စိတ်ကူးသော်လည်း သူက တော်တော်ကို မွှန်နေပြီမို့ ဆေးမမီတော့ သော အခြေအနေ ဖြစ်နေသည်။ အဲဒီတော့လည်း ရီမာချိုက ကွာပေးဖို့ပဲ ပြောလိုက်သည်။ “ကလေးတွေကို ငါ့ဟာငါ ရအောင် ရှာကျွေးမယ်၊ ဘာမှ စိတ်မပူနဲ့၊ ကွာပြီးရင် နင်လည်း ကလေးတွေကို လုံးဝ တွေ့စရာ မလိုတော့ဘူး၊ ငါတို့မိသားစု နဲ့ နင်နဲ့ ဒီဘဝ ဒီမျှပဲ ၊ အပြီး ပြတ်ပြီ” ရယ်လို့ မြင့်နောင်ကို ပြောလိုက်သည်။ ရီမာချို့ အတွက် ငိုရမှာတောင် မျက်ရည်ခမ်းနေသည်။ မြင့်နောင်ကို မုန်းတီးသော အမျက်သည် ဘယ်တော့မှ မပြေနိုင် ဟု ထင်မိသည်။
***
မြင့်နောင် ဝယ်ပေးထားသော အိမ်မှာ မနေချင်သောကြောင့် ရီမာချိုတို့ သားအမိတတွေ အဖေ့အိမ် ပြန်နေကြသည်။ အဖေ့အိမ်က ရီမာချို့ကျောင်းနှင့်လည်း ပိုနီးသည်လေ။ သူကလည်း ထိုအိမ်မှာ ပြန်လာမနေတော့ပဲ သားနှင့် သမီးအတွက် ပေးလိုက်ပြီ ဟု ဆိုသောကြောင့် ထိုအိမ်ကို အငှားထားထားသည်။ ကွာရှင်းပြီးတော့ မြင့်နောင်က ကလေးတွေ စားရိတ်ကိုတော့ လစဉ်ထောက်ပံ့သည်။ ရီမာချိုက ကလေးတွေကို အဖေနှင့် မတွေ့ရဟု ပြောထားသော်လည်း သားငယ်ကတော့ အမေ မသိအောင် တစ်ခါတရံ သွားသွားတွေ့သည်။ သမီးကတော့ အမေလိုပဲ စိတ်နာနေပုံနှင့် အဖေကို အတွေ့မခံ။ သမီး စိတ်ထဲမှာလည်း ခံစားမှုတစ်ခုတော့ ဝင်နေမှာ သေချာသည်။ ငယ်ကတည်းက စာအသင့်အတင့် တော်ခဲ့သော သမီးက ကိုးတန်းကို ကျသောကြောင့် ဆပ်ပလီ ပြန်ဖြေလိုက်ရသည်။

သူပေးသော ပိုက်ဆံကို ကလေးတွေ အတွက်ကလွဲလို့ ရီမာချိုက ကျန်တဲ့ နေရာမှာ လုံးဝမသုံး။ ကျူရှင်ပြပြီး အိမ်စားရိတ် ရှာသည်။ အဲလို ရှာပြန်တော့ ကလေးတွေကို မျက်နှာလွှဲ သလို ဖြစ်ပြီး သမီးက ဆယ်တန်း နှစ်မှာ ကျပြန်သည်။ မဖြစ်ဘူး ဆိုပြီး သမီးဘက်ကို အာရုံစိုက်ကာ Guide လေး ဘာလေး ငှားရုံမက ကိုယ်ကလည်း ကြပ်မတ်ပေးရတော့သည်။ သားကိုလည်း လမ်းမှားရောက်မှာ စိုးသောကြောင့် ဂရုစိုက်ရသေးသည်။ သားကတော့ သူ့အဖေနှင့် အဆင်ပြေသည်။ သူ့အဖေကလည်း သူ့သားသူတော့ ဆုံးမပုံရပါသည်။ ရီမာချိုကတော့ သူ့အကြောင်းကို လုံးဝ မသိချင်သောကြောင့် သူ့အကြောင်း ပြောမယ် ဆိုသူတွေကို တားမြစ်၍ လုံးဝ မသိခဲ့ဘူးသူလို မေ့ပျောက်ထားသည်။ သား နဲ့ သမီးကိုတော့ အဖေ နဲ့ မတွေ့ရဘူး ဘာညာ တားမြစ်မနေချင်တော့လို့ ဒီတိုင်းပဲ လွှတ်ထားလိုက်သည်။ သူ့ နာမည်ကို ပါးစပ်ထဲကို ထည့်မပြောချင်တာလည်း ပါသည်။

မြင့်နောင် ထိုမိန်းမ နှင့် ကွဲသွားပြီ ဟု ပြောသံလည်း ကြားရသည်။ ရီမာချိုကတော့ ဘာမှ မေးမြန်းစုံစမ်း မနေပါ။ သား နှင့် သမီးက အဖေ အကြောင်း သိပုံရသော်လည်း အမေ ရှေ့မှာ မပြောရဲကြ။ သမီး က တက္ကသိုလ် တက်နေစဉ် သား ဆယ်တန်းအောင်တော့ DSA ပါသွားသည်။ သား နဲ့ သမီးက လိမ္မာကြသောကြောင့် ရီမာချို စိတ်ချမ်းသာရသည်။ ကိုယ့်သမီးလေးကို အိမ်ထောင်ရေး ကံမကောင်းမှာတော့ ရီမာချို အရမ်း စိုးရိမ်သည်။ သား ချည်း မွေးထားမိရင် ကောင်းမှာလို့တောင် တွေးမိသည်။ ကိုယ့်အိမ်ထောင်ရေးကလည်း စတင်ကာစကတော့ ကံကောင်းလိုက်တာ လို့ အများက ပြောကြရတဲ့ အိမ်ထောင်ရေးပါပဲ။ ခုလို ပြိုကွဲလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မလဲ။ လောကကြီးက မထင်တာတွေလည်း ဖြစ်တတ်သည်။ ယောက်ျားများရဲ့ စိတ်ကိုလည်း တသမတ်တည်း တွက်ထားလို့မရ။ ရီမာချို အခုတော့ အချစ်ကိုလည်း မယုံကြည်တော့။ အချစ်နှင့် တည်ဆောက်သော အိမ်ထောင်ပေမယ့်လည်း လက်ထပ်ပြီးနောက်မှာ ဘယ်နှစ်နှစ်လောက်အထိ တည်မြဲနေနိုင်ပါသလဲ။ ဘယ်သူမှ မသေချာပါ။
***
နှစ်တွေ ကြာခဲ့တာ ၅ နှစ်ပေမယ့် ဒီထက်မက ကြာနေပြီ လို့တောင် စိတ်ထဲထင်ချင်သည်။ အဲဒီနှစ်တွေ အတွင်း အဖေနှင့် အစ်မ လည်း ဆုံးခဲ့ကြသည်။ လောကကြီးမှာ ရီမာချို တစ်ယောက်တည်းပဲ ကျန်ခဲ့တော့သည်။ သမီး နှင့် သား ရှိလို့ တော်သေးသည်။ မြင့်နောင် အပေါ် ချစ်ခြင်းကြောင့် ဖြစ်ရသော အမုန်းတရားများလည်း ရီမာချို့မှာ မရှိတော့ပါ။ ချစ်ခြင်း မုန်းခြင်း မဟုတ်သော ဥပေက္ခာတရား ထားနိုင်လာသည်။ ကိုယ်နှင့် မသိသူ တစ်ယောက်လို သူ ကောင်းကောင်း ဆိုးဆိုး ဘယ်လိုမှ မနေသော စိတ်ကို မွေးဖို့ ကြိုးစားထားသည်။ မကြားချင်ပေမယ့်လည်း မြင့်နောင် သတင်းတွေက ကြားနေရသည်။

သူ ပထမ နေသော မိန်းမနှင့် ကွဲသွားကြသည်။ ထိုမိန်းမ အကျင့်မကောင်းမှန်း သူ နောက်သိလာတော့ သူတို့ အိမ်ထောင်ရေး အဆင်မပြေကြတော့ခြင်း ဖြစ်သည်။ ထိုသတင်းတွေကို ရီမာချို၏ ယောက္ခမအိမ်က ဖောက်သည်ချ ကြခြင်း ဖြစ်သည်။ သူတို့ကလည်း အရင်က ရီမာချိုကို သိပ်ကြည့်မရပေမယ့်လည်း သားအတွက် အိမ်ထောင်ဘက်ကောင်းရယ်လို့ လက်ခံထားရာကနေ ဒီလို ဖြစ်လာတော့ သူတို့ သားကို ကြည့်မရကြတော့။ ညီမများကလည်း ကန့်ကွက်သည်။ နောက်ထပ် မိန်းမကို သူတို့အိမ်က လုံးဝ အသိအမှတ်မပြုခဲ့။ အဲလို ပြောဆိုပါများတော့ သူတို့ အိမ်ကိုပါ အလာကျဲသွားသည်။ အလုပ်မကောင်းတာ အကြောင်းပြ၍ ထောက်ပံ့တာမျိုးလည်း လုံးဝ မရှိတော့။ ပထမအိမ်ထောင်က ကလေးတွေလည်း ထောက်ပံ့ရသေးသည် ဟူသော အကြောင်းပြချက်ကောင်းနှင့် မိဘ ဘက်ကို လုံးဝ လှည့်မလာတော့ပါ။

ထို မိန်းမ နှင့် ကွဲပြီး သိပ်မကြာခင်မှာပင် နောက်ထပ် မိန်းကလေး တစ်ယောက်နှင့် ထပ်တွေ့သည် ဟုဆိုသည်။ ဒီတစ်ယောက်ကတော့ သူ့ထက် ဆယ်နှစ်လောက်ငယ်သည်။ ပညာကတော့ မတတ်။ သူများ ဆိုင်မှာ အကူဝန်ထမ်း လုပ်ရသော မိန်းကလေး။ အရင် တစ်ယောက်ထက်တော့ ရိုးရိုးသားသား ရှိပုံရသည်။ အဲဒီ မိန်းကလေး နှင့် တော့ အတည်အတံ့ ဖြစ်နေသည်။ အိမ်ကို ငှားနေရာက အပိုင်ဝယ်လိုက်သည်။ နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက်လည်း ထပ်ရသည်။ ဒါတွေကတော့ ရီမာချို မစုံစမ်းလည်း လူသတင်း လူချင်းဆောင်ပြီး ကြားနေရပါသည်။ သူ့မိသားစုနှင့်လည်း သူမရှိမှပင် ပိုပြေလည်နေပါသည်။ သူတို့မှာလည်း မြေးဆို၍ ရီမာချို့ သားနှင့် သမီးပဲ ရှိတာမို့ ချစ်ကြပါသည်။ သမီး နှင့် သားက အရွယ်ရောက်လာတော့ ပိုနားလည်လာလို့လား မသိ။ သူတို့ အဖေ အကြောင်းကို ရီမာချို မတားပါပဲနှင့် မပြောကြတော့ပါ။ သူတို့ အဖေကို လမ်းတွေ့လျှင် ကောင်းကောင်း နှုတ်ဆက်ကြသော်လည်း ငယ်ငယ်တုန်းကလို သူ့အဖေအလုပ်ကို လိုက်သွားပြီး တကူးတက သွားတွေ့တာမျိုး မလုပ်တော့ပါ။ သူတို့ အပေါ် အဖေ နှင့် အမေ ဘယ်သူ့ မေတ္တာက စစ်မှန်သည်ကို သိလာပြီ ဟုထင်သည်။
***
ယောက်ျား တစ်ယောက်နှင့်ပင် ယောက်ျားတွေရဲ့ သစ္စာကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးသော ရီမာချိုသည် နောက်ထပ် အိမ်ထောင်ပြုဖို့ကိုလည်း လုံးဝ စိတ်ကူးထဲ မရှိတော့ပါ။ ယောက်ျားတွေရဲ့ သစ္စာ ဆိုပေမယ့်လည်း အားလုံးကိုတော့ မဆိုလိုပါ။ ရီမာချို့ အဖေ ကတော့ ရီမာချို နှင့် ဥာဏ်ရည်မမီသော အစ်မ တို့ ခပ်ငယ်ငယ်ကပင် အမေ ဆုံးပါးသွားခဲ့သော်လည်း သမီးနှစ်ယောက်ကို လူလားမြောက်အောင် ရှာဖွေကျွေးမွေး၍ နောက်အိမ်ထောင် မပြုခဲ့သူ ဖြစ်သည်။ ရီမာချိုက “အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာများမှာ အချစ်မဟုတ်တော့ပဲ မေတ္တာတွေ သစ္စာတွေ ပါလာရမှာပေါ့” ဆိုသည့် ဝင်းဝင်းလတ် ရဲ့ ဝတ္တုထဲက စကားကို သဘောကျခဲ့ဖူးသည်။ လက်ထပ်ပြီး နောက်ပိုင်း စာမျက်နှာများထဲက ကိုယ့်အိမ်ထောင်ဘက်ရဲ့ သစ္စာ နှင့် မေတ္တာက ဘယ်လောက်အထိ ကြာရှည်တည်တံ့မယ်ဆိုတာ မိန်းကလေး တစ်ယောက်က လက်မထပ်ခင် ဘယ်လိုများ သိနိုင်ပါ့မလဲလေ။ ဒါကြောင့်လည်း အိမ်ထောင်ပြုတယ်ဆိုတာ ကံစမ်းမဲ နှိုက်ရသလိုပဲလို့ ပြောကြတာပေါ့။ ရိုးမြေကျ ပေါင်းနိုင် မပေါင်းနိုင် ဆိုတာက ပေါက်ဖို့ ခက်ခဲတဲ့ ကံစမ်းမဲ ဖြစ်နေပေမယ့်လည်း ပိုးဖလံမျိုးတွေကတော့ မီးကို မတိုးပဲမှ မနေနိုင်လေတော့ အဲဒီ ကံစမ်းမဲကို လည်း လူတိုင်းလို နှိုက်နေကြတုန်းပါပဲ။ ပေါက်တဲ့လူလည်းပေါက်၊ မပေါက်တဲ့လူလည်း ဘဝတွေ အရှုံးခံကြရင်းနဲ့ပေါ့...။

(အရင် စိတ်ကူးယဉ်ပြီး ရေးတဲ့ Happy Ending ဝတ္တုများကို အပြင်လောကမှာ မဖြစ်နိုင်ဘူးလို့ ပြောကြသူများ အတွက် တကယ့် အဖြစ်ကို အခြေခံတဲ့ ဝတ္တုအတိုလေးပါ။ နောက်လည်း ရေးပါဦးမယ်။ တကယ့် အဖြစ်အပျက်များက စိတ်ကူးယဉ် ဇာတ်လမ်းများလို မလှပကြပါဘူး။)

သိင်္ဂါကျော်
2.5.2010
5:20 PM

22 comments:

ဝက်ဝံလေး said...

တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းလို ဘယ်လှမလဲ မ ရယ် ဒါတွေက အပြင်မှာ တကယ်ဖြစ်နေတာတွေပဲ
ကောင်းပါတယ် အမ ဇာတ်လမ်းလေးက ယောက်ျား အားလုံးကိုမဆိုလိုပါဘူး ဒါပေမယ့် ၉၉ ရာခိုင်းနှုန်းကတော့ အဲလိုမျိုး (အဲလိုမျိုး ဆိုတာ အိမ်ထောင်ကျပြီး နောက်မီးလင်းတာကို ပြောတာပါ ကွဲတာလဲရှိသလို မကွဲတာလဲ ရှိမှာပေါ့ ) တွေချည်းပါပဲ
မ နော် တရားရပြီးတောထွက်မသွားနဲ့ဦးနော် သမီးတို့ စာမဖတ်ရဘဲ နေမယ် ဟဲဟဲ

ဝက်ဝံလေး said...

ဘယ်သူတွေ အသစ်တင်လဲ ဆိုတာ ကြည့်ပြိး သူများတွေ အိမ် အရင်သွားတယ်လေ ပြီးတော့ မ ဆီကို လာခဲ့တာ နောက်ဆုံးပိတ် ဘာလို့လဲ ဆိုတော့ စာ အေးဆေး ဖတ်ချင်လို့ ဟီးးးးးး နောက်ဆုံးမှ လာတယ် ဆိုလို့ စိတ်မဆိုးနဲ့ သမီးက အမှန်တိုင်းပဲ ပြောတတ်တယ် ဟိ

မြစ်ကျိုးအင်း said...

ဖြစ်လေ့ရှိတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းမျိုး ဆိုပေမယ့် နောက်ထပ်လည်း ဖြစ်နေကြအုံး မှာပါပဲ။ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားချစ်ခင်မှုနဲ့ အိမ်တွင်းရေး သာယာ အောင် ကိုယ်စီ စွမ်းဆောင် နိင်ရင် တည်တံ့တဲ့ အိမ်ထောင်ရေးတွေ များလာမှာပဲ။
ယောကျာ်းပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် သွားရင်းလာရင်းနဲ့ မထင်မှတ်တဲ့ အချိုးအကွေ့တစ်ခုခုနဲ့ ကြုံရတတ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အမူအကျင့်ကို အလွတ်ရအောင် လုပ်ထားသင့်ပါတယ်။
ဒါမှ ခြေလှမ်းပျက်စပြုထဲက သတိထားမိမှာ။
အပင်ငယ်တုန်း ဆွဲနှုတ်တာ ပိုလွယ်တဲ့ သဘောမျိုးပါပဲ။

(တွေးမိသလောက် ပြောကြည့်တာပါ အိမ်ထောင်သည်မဟုတ်ပါကြောင်း)

♥ကိုဇော်♥ said...

အရေးထဲ အပေါ်က လူက ကြွားသွားသေးတယ် :P

ဘယ်အရာ မဆို နှစ်ဘက် မျှနေဖို့ပဲ လိုတာပါပဲ။
တစ်ယောက်ကို တစ်ယောက် နိုင်ခြင်းက ဒီလို ပြဿနာတွေ စလာတာပါ။ အင်းလေ. . ဖြစ်ချိန်သင့်၍ ဖြစ်ရသည် လို့ပဲ ပြောရမှာပေါ့။

Nge Naing said...

ညီမလေးရေ စာအရေးအသားရော အကြောင်းအရာရော သိပ်ကိုကောင်းပါတယ်။ ဒီအဖြစ်အပျက်တွေက အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်တွေပါ။ ဒါကြောင့် အိမ်ထောင်ရေးမှာ အချစ်တခုတည်းနဲ့ မရဘူးလို့ အစ်မအမြဲပြောတယ်။ အချစ်ဆိုတာ အကြောင်းပြချက်မရှိဘဲ လူတယောက်အပေါ် သူ့အလိုလို ချစ်နေတဲ့ ခံစားချက်မို့ အကြောင်းပြချက် မရှိဘဲနဲ့လည်း ဒီအချစ်ခံစားမှုက ပျောက်သွားတတ်ပါတယ်။ ဒါကြောင့်အချစ်ဆိုတာ မတည်မြဲဘူး။ ကလေးတွေ ရသွားပြီးနောက်ပိုင်း လင်မယားနှစ်ယောက်ကြားမှာ အချစ်ကို တည်မြဲချင်ရင် တယောက်ကိုတယောက် အထင်ကြီးလေးစားစရာ တခုခု ရှိနေပြီး အပြန်အလှန် လေးစားမှု၊ နားလည်မှု ရှိနေမှ အချစ်ကို ဆက်လက်တည်တံ့အောင် ထိန်းသိမ်းလို့ရပါတယ်။

SHWE ZIN U said...

အပြင်မှာ တကယ်ဘဲ ဒီလိုတွေ ရှိပါတယ်
စာထဲကတော့ ချစ်ကြိုက်ညား တွေပေါ့ ကောင်းတယ် အားပေးနေပါတယ်နော်

ခင်တဲ့
ရွှေစင်

သဒ္ဓါလှိုင်း said...

တကယ့်အဖြစ်အပျက်လေးကို ၀တ္ထုရေးထားအဖြစ်
ရေးထားတာလည်း နင့်နင့်နဲနဲပါပဲ။

ခင်တဲ့
သဒ္ဓါ

မျက်မှန်လေး said...

ဟုတ်တယ်နော်။အိမ်ထောင်ရေးဆိုတာ တစ်ခါတစ်လေ ထီထိုးရသလိုဘဲ။

sosegado said...

စိတ်ဝင်တစားကြီးကို ဖတ်သွားပါတယ်၊ ရီမာချိုလို အမျိုးသမီးတွေနှင့် ဒဏ်ရနှင့် ရင်သွေးလေးတွေအတွက် ဝန်လေးခံစားမိပါတယ်၊

ညီမလေး said...

ယောကျာ်းတွေက ဘာလို့ဖောက်ပြန်ကြတာလဲ
ဇာတ်လမ်း မှာဘဲလို့ထင်ခဲ့တာ ကိုယ်တိုင်ကြုံမှဘဲ
ညီမအကြောင်းကို ရေးနေသလိုပါဘဲ
ညီမရဲ့ ပထမဦးဆုံး အမှားက သူကို လက်ထက်ခြင်းဘဲ

ချော (အစိမ်းရောင်လွင်ပြင်) said...

စိန်ကဲကျောက်ကဲထက်လူကဲက ပိုခတ်ရခက်တယ်လို့လဲ
ဆိုထားတယ် မဟုတ်လား
လူတစ်ယောက်စိတ်ကို အတွင်းကျကျအကဲခတ်နိုင်ဖို့က
သိပ်ကိုခက်ခဲပါတယ်. တစ်ချို့တွေက အပြင်မှာတစ်မျိုး အတွင်းစိတ်ကျတစ်မျိုး ရှိတတ်လေတော့
ယုံစားမိတဲ့ မိန်းမသားတွေဘ၀က အမှားတွေနဲ့ဘဲပေါ့
တစ်ချို့ကျတော့ အိမ်ထောင်မကျခင်ရော ကျပြီးတော့ပါ
ကောင်းနေပေမဲ့ ကြာသွားပြန်တော့ ဖောက်ပြန်ကြပြန်တယ်
မြန်မာမှုနယ်ပယ်မှာတော့ မိန်းမဖြစ်သူဖောက်ပြန်တာက ရှားပြီးတော့
ယောက်ျားတွေက များပါတယ်..
နားလည်မိတာတော့ အိမ်ထောင်ရေးဆိုတာ
သိပ်ကို လေးနက် ခက်ခဲပါတယ်... စစ်ပွဲနဲ့တူမယ်လို့ထင်ပါတယ်
အနိုင်နဲ့အရှုံးရှိမယ်
ဗျူဟာတွေများစွာလိုတယ်
ချစ်ခြင်းမေတ္တာ ကိုယ်ချင်းစာစိတ်၊ လေးစားအထင်ကြီးစိတ်၊ ငွေကြေး၊ နားလည်မှု အစရှိသဖြင့်ပေါ့နော်..

ဆောင်းနှင်းရွက် said...

ဟင်းးးး
အဲ့လိုတော်တော်များတယ် လို့
သိမ်းကြုံးပြီး မစွတ်စွဲချင်ပါဘူးးး ....
ဒါပေမယ့် အဲ့ဒါတွေက ရှိနေဆဲပဲ ...
အဲ့လိုမျိုးတွေ မရှိကြရင် ဘယ်လောက်ကောင်းမလဲ ..
အိမ်ထောင်မှု ၊
ဘုရားတည် ၊
ဆေးမှင် စုပ်ထိုး ဆိုတာ
ဖျက်လို့မှ မရတာ ...

ရွှေရတုမှတ်တမ်း said...

ယောကျာင်္းနဲ့ မိန်းမ ခံစားမှုခြင်းမတူပါ..
မယ်ကိ post ထဲကလို..ကြက်ဖတကောင်လျင်ကြက်မတကောင် ထားပေး
၇န်စိတ်ကူးမှာ မိန်းမတယောက်၏အတွေးသာဖြစ်၏။
ကိုမျှစ်ချိုးတို့..ကြော်ညာကိုလဲတွေ့မိကြောင်း..သာဓုခေါ်သွားပါကြောင်း....

Moe Myint Tane said...

တကယ့်လက်တွေ့ဘ၀ထဲက ရေစီးကြောင်းတွေဟာ ဒီလိုပါဘဲလေ။ သင်ခန်းစာယူစရာ သံဝေဂရစရာတွေ အများကြီးပါဘဲ။ နောက်ထပ်ဇာတ်လမ်းတွေ စောင့်မျှော်နေပါတယ်ခင်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အဖြူရောင်နတ်သမီး said...

ကံကိုပဲ ပုံချရမလား...
အထိန်းမတော်လို့ဟုပဲ အပြစ်တင်ရမလား...
ယောက်ျားတွေက ဒီလိုပါပဲ ဟု ဝါးလုံးရှည်နဲ့ရမ်းရမလား...
ဘယ်လိုပဲဖြစ်ဖြစ် ...
လွတ်ထွက်မသွားခင်ကတည်းက ထိန်းသိမ်းထားတတ်ဖို့က အရေးကြီးပါတယ်...
လွတ်ထွက်သွားပြီးမှတော့ ဘာမှလုပ်လို့မရတော့ဘူးပေါ့...
လူတယောက်ကို ထိန်းဖို့ထက် အဲဒီလူရဲ့စိတ်ကို ထိန်းနိုင်ဖို့က ပိုအရေးကြီးပါတယ်..။
သူ့ရဲ့စိတ်တွေ ကိုယ့်အပေါ်မှာ အမြဲရှိနေစေဖို့ သူ့ကိုလည်း ကိုယ့်ရဲ့စိတ်ထဲမှာ နှစ်ထားနိုင်ဖို့ ကြိုးစားရပါသေးတယ်..။
ကြိုးနှစ်ပင်လိုပေါ့...
စိတ်နဲ့ခြည်ထားတဲ့“ကြိုး” ...ပြတ်ရိုးထုံးစံမရှိဘူးပေါ့....

နောင်တချိန်မှာ ညီမလည်း အိမ်ထောင်ကျရအုံးမှာမို့ သင်္ခန်းစာယူရင်းနဲ့ပဲ..အိမ်ထောင်သည်တိုင်း အိုအောင်မင်းအောင်ပေါင်းနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်...

purplemay said...

အစ်မရေ့....ဖတ်ကောင်းတယ် ။ အစ်မ အရေးလေးလဲကြိုက်တယ် ။ ဆရာမ ၀င်းဝင်းလတ်ရဲ့ စကားလေးကိုလည်း သဘောကျမိတယ်...။

လသာည said...

အေးအေးဆေးဆေး ဇိမ်နဲ့ဖတ်သွားတယ်..
သင်္ခန်းစာယူစရာ တွေးစရာလေးတွေ အများကြီးပဲ။ ဖတ်ကောင်းတယ်။ တအားနဲ့ ကြိုက်တယ် ..

မြန်မာပြည်ကိုလွမ်းတယ် said...

ဖတ်လို့ကောင်းလိုက်တာ..တကယ်လဲအပြင်
မှာရှိနေတာပါပဲ...အချစ်ဆိုတာ..ဘာလဲတောင်
မသိတော့ဘူးအစ်မရေ..

Law Shay said...

ဝတဿထုရှည်ဆိုဒ်ကို ၀တဿထုတိုလုပ်ထားတော့ကာ ဖတ်ရတာ အက်ဆေးနဲ့ တူလှပါတယ်။

၃ နာရီကျော်ကြာတဲ့ ရုပ်ရှင်ကြီးကို အကျဉ်းချုပ်ရေးထားသလိုပဲ ခံစားချက်တွေ ပေါ့နေတယ်။

နေ့အိပ်မက် said...

မိန်းမဘက်ကလိုတယ်ထင်တာပဲ..... :) ထင်တာပြောတာပါ

အိမ့်ချမ်းမြေ့ said...

ဒီစာလေးကို ၂ခေါက်ရှိပြီ.. မလေးလာဖတ်တာ..။

မိန်းမက နှုတ်ကြမ်းတာက.. စတာပဲလား..။

ယောင်္ကျားတွေဖောက်ပြန်ချင်တိုင်း.. မိန်းမအထိန်းအသိမ်းညံ့ဖျင်းလို့ဆိုတဲ့ အတွေးတွေကြောင့်လား.. တစ်ကယ်ပဲ အထိန်းအသိမ်း ညံ့ဖျင်းလို့လား။

အချစ်တွေကုန်ဆုံးသွားလို့ နောက်တစ်ယောက်ကိုချစ်သွားတဲ့ အခါမျိုးတွေမှာကော..ဒီကြားထဲ မိန်းမက တစ်ချိန်လုံးကြိမ်းမောင်းနေမယ်ဆိုရင်ကော...။

အိမ်ထောင်ထိန်းသိမ်းနေရရင်တဲ့ မိန်းမတစ်ယောက်ဟာ.. ရည်းစားဘ၀လို ပတ်ချွဲနှပ်ချွဲ တစ်ချိန်လုံး လုပ်မနေနိုင်ကြတော့လို့လား..။ ဒီလိုမျိုးကြီး တစ်ချိန်လုံး လုပ်နေရတော့မှာလား..။

Men are visual! ဆိုတဲ့ သူတို့ကိုပဲ သဘောထားကြီးပေးရတော့မှာလား...။ I think women are somewhat visual as well. အဟွန်း..။

ကလင်တန်မိန်းမလို.. ယောင်္ကျားကိုခွင့်လွှတ်လိုက်ပြီး ဆက်ပေါင်းတဲ့ မိန်းမတွေကြတော့လည်း Gain/Loss Ratio ကို သိပ်တွက်တတ်လွန်းသွားတဲ့ ဥာဏ်ကြီးရှင် မိန်းမမျိုးတွေလို.. လူပုံအလယ်မှာ အနိုင်ပိုင်းနိုင်လိုက်တဲ့ပုံ ဖန်တီးပြီး နေကြရတော့မှာလား...။

မိန်းမတွေအတွက်ကော....

နောက်ဆုံးတော့ Are we all really monogamous? ဆိုတဲ့ မေးခွန်းကိုပဲ မေးမိပါတော့တယ်။ Genetically .. I don't think humans are monogamous. ဒါကို ဘာသာတရား၊ အသိတရားတွေနဲ့ ထိန်းချုပ်ထားကြတယ်လို့လည်း ထင်မိပါတယ်။

သိပ်ကောင်းပါတယ်...။ ဒီထက်ချဲ့ရေးလိုက်ရင်တော့ အတိုင်းထက်အလွန်ကိုဖြစ်မယ့်စာလေးပဲဖြစ်ပါတယ်။

မင်းအိမ်ဖြူ said...

တကယ်ဖြစ်တက်ပါတယ် ၊၊ တစ်ချို့စကားလုံးလေးတွေ အတွက် ဆွေးနွေးစရာ ဖြစ်မိပေမယ့် ဖြစ်တက်တဲ့ သဘော မို့ ဘာမှ ထပ် မပြောလိုတော့ပြီ....


ပျော်ရွှင်ပါစေ

မင်းအိမ်