28 April, 2010

ဒီသင်္ကြန်

ပြန်ရောက်လာပါပြီ။ 

ဒီသင်္ကြန်ပိတ်ရက်မှာ ရည်မှန်းမထားပဲ သီလရှင်ဝတ်ရင်း တရားစခန်းဝင်ဖြစ်ခဲ့ပါတယ်။ မေမေတို့ တက္ကသိုလ်နားက ဘုန်းကြီးကျောင်းမှာပါ။  ဒုလ္လဘ ကံထူးရှင်မဲတွေ ဖောက်ပြီး ရဟန်းခံ၊ သီလရှင်ဝတ်တာ နှစ်စဉ်လုပ်နေကြဖြစ်ပြီး စတုတ္ထအကြိမ် ရှိခဲ့ပါပြီ။ ကိုယ်လည်း သူများက သီလရှင် ဝတ်မယ်ဆိုတဲ့ အသံကြားတော့ စိတ်ထဲမှာ အရမ်း ဝတ်ချင်သွားတာနဲ့ ဘုန်းကြီးကျောင်း သွားပြီး စုံစမ်းခိုင်းတော့ မဲပေါက်ပြီး မဝတ်တဲ့လူရှိသေးလို့ အစားဝတ်လို့ ရတယ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတာပါ။ 
အကြိုနေ့ ညနေပိုင်း ဒုလ္လဘ ရဟန်း၊ သီလရှင်များ ဖြစ်ပြီးနောက် သိမ်ဆင်း လောင်းလှူကြပါတယ်။


ပြီးတော့ သီလရှင်များပါ အပါအဝင် အနီးအနား ရပ်ကွက်မှ သိမ်ဆင်း လောင်းလှူချင်သူများအတွက် ရပ်ကွက်၊ လမ်းများ အတိုင်း ကြွခဲ့ကြပါတယ်။



သင်္ကြန်အကြိုနေ့ ညနေ သုံးနာရီလောက်က စဝင်ခဲ့ပြီး နှစ်ဆန်း နှစ်ရက်နေ့ မနက်ပိုင်းမှာ ထွက်ခဲ့ပါတယ်။ နံနက်ပိုင်း ၄း၀၀၊ ၄း၃၀ မှာ အိပ်ရာက ထပြီး ၅း၀၀ မှာ ဘုရားဝတ်တက်ကာ နာရီဝက်ခန့် တရားထိုင်ရပါတယ်။ အဲဒီနောက် နံနက် အာရုဏ်ဆွမ်း စားရပါတယ်။ ခဏနားပြီး နံနက် ၇း၀၀ နာရီမှာ တရားနာ သို့ တရားထိုင်ခြင်း ကို တစ်နာရီကြာ လုပ်ရပါတယ်။ ၈း၀၀ မှာ နားပြီး ၈း၃၀ မှာ တရားနာ သို့ တရားထိုင်ခြင်း ပြန်စပါတယ်။ တစ်ချို့ရက်မှာ ဆရာတော် ကိုယ်တိုင် တရားဟောပြီး ၉း၀၀ သို့ ၉း၁၅ မှာ ပြီးဆုံးပါတယ်။ အဲဒီနောက် ၉း၃၀ လောက်မှာ ကျောင်းနေ ရဟန်းတော်များနဲ့ ဒုလ္လဘ ရဟန်းများက ဆွမ်းခံထွက်ကြရပါတယ်။ သီလရှင်များကတော့ လာရောက်ကြတဲ့ ဥပုသ်သည်များနဲ့အတူ တရားနာပြီး ကိုးပါးသီလ ခံယူကြရပါတယ်။ တရားနာပြီး ခဏအကြာ ၁၁ နာရီ ကျော်ကျော်လောက်မှာ ဆွမ်းစားကြရပါတယ်။ 



အချိုပွဲတွေ ဘာတွေ စားရင်း မွန်းတည့် ၁၂ နာရီမှာ စားသောက်ခြင်း အမှု ပြီးသွားတော့ အနားယူကြပြီး မွန်းလွဲ ၂ နာရီမှာ အလုပ်စခန်း ပြန်စပါတယ်။ သိပ်မပြည့်စုံတဲ့ ကျောင်းတိုက်မို့ ဆွမ်းစားဆောင်နဲ့ တရားနာခန်းမက အတူတူ ဖြစ်နေတော့ စားပွဲခုံတွေ ဟင်းကျန် ဆွမ်းကျန်တွေ ရှင်းလင်း သိမ်းဆည်းပြီးမှ တရားထိုင်ရာ ခန်းမ အဖြစ် ပြန်ပြင်ဆင်နိုင်မှာ မို့ပါ။ ၂ နာရီကနေ ၃ နာရီ အထိ တရားထိုင်၊ ပြီးတော့ နားပြီး ၅ နာရီမှာ ပဋိစ္စသမုပ္ပတ် တရားတော် သင်ကြား ဟောပြောပါတယ်။ ၆ နာရီမှာ ပြီးပြီးတော့ ၂ နာရီ နားပါတယ်။ ၈ နာရီမှာ တရားနာခြင်း သို့ တရားထိုင်ခြင်း ပြန်လည် စတင်ပြီး ည ၉ နာရီမှာ ပြီးဆုံးပါတယ်။

တရားထိုင်တာနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက အဘိုးရော အမေရော ပြောဆိုကြတာနဲ့ စာအုပ်တွေ ဖတ်ထားတာနဲ့ နည်းစနစ်တွေကိုလည်း သိနေပေမယ့်လည်း မလုပ်ဖြစ်ပါဘူး။ ခပ်ငယ်ငယ်ကမှ တစ်ခါတရံ ၁၅မိနစ်လောက် ထိုင်ဖူးသေးပေမယ့် ခုနောက်ပိုင်းတော့ လုံးဝကို ဘာမှလည်း မလုပ်ဖြစ်တာပါ။ ခုတရားစခန်းဝင်တော့မှပဲ စနစ်တကျ လုပ်ဖြစ်သွားပါတယ်။ ကိုယ်က သူများထက်ပိုပြီး အတွေးများတတ်တဲ့ လူမို့ ပြေးလွှားနေတဲ့ စိတ်ကလေးကို တည်ငြိမ်အောင်ထိန်းဖို့ အတော်ကြိုးစားရပေမယ့် တတ်နိုင်သမျှ ရတဲ့ အချိန်လေးမှာတော့ အကျိုးရှိအောင်တော့ ကြိုးစားလုပ်ခဲ့ပါတယ်။ အမှန်တကယ်တော့ တရားစခန်းဝင်မှ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အားတဲ့အချိန်လေးတွေမှာ တတ်နိုင်သလောက် ဘာဝနာ အလုပ်ကို လုပ်နေသင့်တာပါ။ တချို့က တရားစခန်းဝင်တယ်၊ ဝင်တယ် ဆိုပြီး အိမ်လည်း ပြန်ရောက်ရော တရားဆိုတာ ဘယ်နေမှန်းမသိ လုံးဝမေ့ပစ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေထဲပဲ ပြန်နစ်နေတတ်ကြတာပါ။ တကယ်တော့ ကိုယ် ဘယ်အချိန်သေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အရာပါ။ အသက်ငယ်သေးတာပဲ ဆိုပြီး သေမင်းကလည်း မခေါ်ပဲ နေမှာ မဟုတ်ပါ။ အဲဒီတော့ ကိုယ် သွားတဲ့အချိန်မှာ ဒါန၊ သီလ၊ ဘာဝနာ နဲ့ ထိုက်သင့်သလောက် ပြည့်နေအောင် ကြိုးစားကြရမှာပါ။ (တကယ်တမ်းတော့ ကိုယ်လည်း မလုပ်ဖြစ်ပါဘူး... ဒါပေမယ့် မေ့လျော့နေတဲ့ စာဖတ်သူများကို သတိပေးချင်လို့ပါ ) 


ကိုယ်တို့ အားထုတ်ခဲ့တာ မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ တရား နည်းလမ်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပတ် စက်ဝိုင်းကြီးကိုတော့ ပြန်ရှင်းမပြချင်တော့ပါဘူး။ မိုးကုတ် တရားစခန်း ဝင်ဖူးတဲ့ သူတိုင်း သိမှာပါ။ ဆရာတော် ဟောတာကလည်း ရှင်းလင်း ပြတ်သားပြီး နားလည်လွယ်ပါတယ်။ (ဒါပေမယ့် စာမေးပွဲစစ်မယ်လို့ ပြောတော့ ဘယ်သူမှ မလှုပ်ကြပါဘူး..။ :D)

အတိုဆုံး နဲ့ ကိုယ်သိသလို တရား နည်းစနစ်လေး တော့ပြန်ပြောပါရစေ...။ ကြာရှည်ထိုင်နိုင်မယ့် ပုံစံနဲ့ ကိုယ်နှစ်သက်သလို ထိုင်နိုင်ပါတယ်။ (ခြေထောက်တစ်ခုနဲ့ တစ်ခု မဖိပဲ တင်ပလ္လင်ခွေထိုင်ကတော့ အကောင်းဆုံးပါ) ခါးကို ခပ်ဆန့်ဆန့် သင့်လျော်သလိုထားနိုင်ပါတယ်။ အထိုင်ပြင်ပြီးရင်တော့ နှာသီးဖျားက ဝင်လေ ထွက်လေကို သိနေရမှာ ဖြစ်ပါတယ်။ အာနာပါန ကမ္မဌာန်း သက်သက်ကပဲ စိတ်တည်ငြိမ် သမာဓိ ရစေခြင်း၊ ရောဂါများ ပျောက်ကင်းစေခြင်း အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဝိပဿနာ အနေနဲ့ ပွားများမယ် ဆိုရင်တော့ ပုံမှန် အသက်ရှုနေရင်း နှာသီးဖျားကို ရိုက်ခတ်ပြီး ဝင်သွားတဲ့လေ၊ ထွက်သွားတဲ့လေကို သိနေရင်း စိတ်တည်ငြိမ်လာပြီ ဆိုရင် ကိုယ့်ရဲ့  ခန္ဓာကိုယ် တစ်ခုလုံးကို စိတ်အာရုံ အသိနဲ့ ခြုံကြည့်ပြီး ဝေဒနာ (ယားနာ၊ နာတာ၊ ကျင်တာ၊ အေးတာ၊ ပူတာ စသည်) ဖြစ်ပေါ်နေတဲ့ နေရာကို သိစိတ်ကို ပြောင်း သိရပါမယ်။ ဝေဒနာ ရဲ့
ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောလေးကို သိနေရမှာ ဖြစ်ပါတယ်။

ကိုယ် တရားစခန်း ဝင်ခဲ့တဲ့ ကျောင်းက ပြည်မြို့ သံတချောင်းလမ်း၊ ပြည်တက္ကသိုလ် အနီးက မဟာဇေယျုံကျောင်းတိုက်မှာပါ။ ဆရာတော်ကလည်း သက်တော် ငယ်ရွယ်ပြီး လက်ရှိ ပဲခူးတိုင်း ဥက္ကဌ ဖြစ်ပါတယ်။ အဲဒီကျောင်းက ဘုန်းကြီးကျောင်းသင် ပညာရေးကို အကောင်အထည်ဖော်နေတဲ့ ကျောင်းတစ်ကျောင်းပါ။ အနီးအနား ပတ်ဝန်းကျင်က ကျောင်းသားများအပြင် မတတ်နိုင်ရှာတဲ့ ခပ်ဝေးဝေး ရွာများက ကျောင်းသားများပါ လာရောက်တက်ကြပါတယ်။ သူငယ်တန်းမှ ဆယ်တန်းအထိ ဆရာ၊ ဆရာမများကို ပုံမှန် လခပေး ငှားရမ်းထားပြီး သင်ကြားစေပါတယ်။ ဆရာတော်က တရားပွဲများ လိုက်လံဟောကြားရင်း ရရှိသော အလှူငွေများကို အဲဒီ ပရဟိတ လုပ်ငန်း အတွက် သုံးစွဲနေတာပါ။ ဆယ်တန်း စာမေးပွဲကြီး နီးလာရင်လည်း နာမည်ကြီး ကျူရှင်ဆရာများကို ငှားရမ်းပေးပြီး ဆယ်တန်း ကျောင်းသားများကို  Guide လုပ်ပေးစေပါတယ်။ ကျူရှင်တက်ဖို့ မတတ်နိုင်တဲ့ ဘယ်သူမဆို လာရောက် တက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ 


ကိုယ်တို့ ညအိပ်ရတဲ့ အဆောင်က ကလေးတွေရဲ့ ကျောင်းဆောင်ပါ။ မမြင်ဖူးတာ ကြာပြီဖြစ်တဲ့ မြေဖြူနဲ့ ရေးတဲ့ ကျောက်သင်ပုံးတွေ ရှိပါတယ်။ ကလေးတွေရဲ့ ထိုင်ခုံ ခပ်စုတ်စုတ်လေးတွေကို စုပြီး ကုတင်လုပ်ပေးထားတာပါ။ အိမ်က လူတွေကလည်း ကိုယ့်ကို သီလရှင်ဝတ်ချင်တာ ကြိုမပြောလို့ ဆိုပြီး ပြောကြပါတယ်။ ကြိုပြောရင် ပိုပြီးပြည့်စုံတဲ့ ကျောင်းမှာ ဝတ်ဖို့ စီစဉ်ပေးမှာပေါ့လို့ ဆိုပေမယ့် ကိုယ့်အတွက်တော့ ခဏတဖြုတ် တရားအလုပ်လုပ်ခိုက်မှာ ပြည့်စုံတာ မပြည့်စုံတာကို စကားထဲ ထည့်မပြောချင်ပါ။ ဘုန်းကြီးကျောင်း ပညာရေး၊ ကလေးတွေ အတွက် လှူချင်စိတ်နဲ့ နောင် တရားစခန်းတွေ ပြည့်ပြည့်စုံစုံ ဖွင့်နိုင်အောင် ကျောင်းတိုက်အသစ် ဆောက်လှူချင်တွေတော့ ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုယ်တို့ မိသားစုက နှစ်ဆန်းတစ်ရက်နေ့မှာ အရုဏ်ဆွမ်း တစ်နပ်စာ လှူခဲ့ပြီး ထွက်တဲ့ နေ့မှာလည်း တတ်နိုင်သလောက် နည်းနည်း ထပ်လှူခဲ့ပါသေးတယ်။ ပရဟိတ အလှူကို စိတ်ဝင်စားကြသူများ အတွက် ဒီကျောင်းတိုက်ကိုလည်း လှူနိုင်ပါတယ်လို့ သတင်းပေးလိုက်ပါရစေ..။

သိင်္ဂါကျော်

17 comments:

soesoe said...

thar du. thar du. thar du....

ဒဏ္ဍာရီ said...

သာဓု သာဓု သာဓု ....... ခေါ်ပါတယ် သူငယ်ချင်းရေ.... ဒို့တွေ မလုပ်နိုင်သေးတဲ့ အလုပ်ကို သိတတ်စွာ လုပ်ခဲ့လို့လည်း လေးစားမိပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

khin oo may said...

သာဓု သာဓု သာဓု

အဖြူရောင်နတ်သမီး said...

သာဓု ၃ကြိမ်ခေါ်ပါတယ် မကြီးရေ...

Nge Naing said...

သိင်္ဂါရေ သာဓု သာဓု သာဓုပါ။

ချော (အစိမ်းရောင်လွင်ပြင်) said...

အိုး သိင်္ဂါလဲ သီလရှင်ဝတ်ဖြစ်တယ်လား
ကောင်းလိုက်တာ အားကျစရာပါဘဲ
ကိုယ်တွေမ၀တ်နိုင်သေးခင်
ဝတ်နိုင်တဲ့သူတွေအားလုံးကို
လေးစားအားကျမိပါတယ်..
တရားရဲ့ အရိပ်နဲ့ အေးချမ်းခဲ့တဲ့အချိန်အခါလေးတွေကို
အမြဲတမ်းပြန်လည်မြင်ယောင်ရင်း
ချမ်းမြေ့ရွှင်လန်းပါစေသိင်္ဂါရေ...

သဒ္ဓါလှိုင်း said...

အော်.. သီလရှင်ဝတ်ခဲ့တာကိုး...
သာဓု...သာဓု...သာဓု ခေါ်ပါတယ်.။ အားလည်းကျ
ပါတယ် သိင်္ဂါရယ်..။ နောက်လည်း တရားရဲ့အရိပ်မှာ
ခိုလှုံနိုင်ပြီး သာသနာအကျိုးကို သယ်ပိုးနိုင်ပါစေ..။
ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ ကြွေးသစ်ချနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်။။
ခင်တဲ့
သဒ္ဓါ

sosegado said...

သာဓု သာဓု သာဓု
လေးစားဂုဏ်ယူမိပါတယ်။

snow said...

အန်တီက သူ့သမီးကို ကြည့်ပြီး သဘောကျကျေနပ်နေပုံပဲနော်... :D

mee mee said...

သာဓု သာဓု သာဓု.. စကားမစပ် အလှူငွေတော်တော်ရခဲ့လား.. :P

မယ်ကိုး said...

သီလရှင် ဝတ်ခဲ့တဲ့မမကို တကယ်ပဲ လေးစားမိပါတယ် =)

purplemay said...

အစ်မရေ ...ရင်ထဲက လှိုက်လှိုက်နဲ့ကို သာဓုခေါ်သွားပါတယ် ..။
ကိုယ့်မှာတော့ အရှုပ်တွေလုပ်ပြီး ပူနေချိန် အစ်မပိုစ့်လေးက ဖတ်လိုက်ရတာတောင် အေးချမ်းတယ် ။ တကယ် တရားအားထုတ်ခဲ့တဲ့ အစ်မကိုယ်တိုင် ဘယ်လောက်အေးချမ်းမယ်ဆိုတာ တွေးပြီး အားကျမိပါတယ်..။

မောင်ဘကြိုင် said...

သာဓု သာဓု သာဓုဗျာ

မြစ်ကျိုးအင်း said...

မွန်မြတ်တဲ့ ကုသိုလ်ယူ တရားရှာရင်း သင်္ကြန်ကာလကို ဖြတ်သန်းခဲ့တာ သိပ်ကို ကောင်းမွန်တဲ့ ဖြတ်သန်းမှုပါပဲ။

SHWE ZIN U said...

ညီမေ၇

သိပ်ကောင်းတာဘဲ သာဓု ပါနော်

မမရွှေစင်

may16 said...

အရမ်းကောင်းတာပဲ ညီမရေ သာဓုပါရှင်

ကြည်ဖြူပိုင် said...

သာဓု သာဓု သာဓုပါမမ