06 April, 2010

သစ္စာဖြင့် တည်ဆောက်သော နှလုံးသား


“ခင်ဗျားမှာ ထောက်ပံစရာ မိသားစု မရှိဘူး ဆိုပြီး ဘာလို့ ဒီလောက်တောင်ကြိုးစားနေရတာလဲဗျ၊ မိန်းမယူဖို့လား”
ခင်မင်သူ တစ်ချို့က ပြောရလောက်အောင်ပင် သူက နေ့ရော ညရော အလုပ်တွေ ကြိုးစားလုပ်ခဲ့သည်။ ကျန်းမာရေး မထိခိုက်အောင် စားသောက်တာကလွဲလို့ ဘာမှ ဟော့ဟော့ရမ်းရမ်း မသုံးစွဲ။ အပျော်အပါး ဆိုတာ ဝေလာဝေး။ သူ့အတွက်တော့ ပိုက်ဆံများများ ရှာနိုင်ပြီး အိမ်ပြန်နိုင်ဖို့ကသာ အဓိက ဦးတည်ချက်ဖြစ်ပါသည်။ သူ့မှာ ဒီကို မလာခင်ကပင် မိဘများက မရှိခဲ့တော့ပါ။ အဖေ့ အစ်ကို ဦးလေး တစ်ယောက်၏ အဆက်အသွယ်နှင့် ဒီကို ရောက်လာခဲ့ခြင်း ဖြစ်သည်။ အခုတော့ ထိုဦးလေး စိုက်ထားပေးခဲ့သော အကြွေးတွေကိုလည်း ဆပ်နိုင်ပြီးပါပြီ။ သူ့ရဲ့ တစ်ခုတည်းသော ဦးတည်ရာက သူမ ဆီကို ပြန်ဖို့ပင်။ သို့သော် အခုအချိန်မှာ သူမ ဘယ်နေရာမှာ ဘယ်လိုနေထိုင်သလဲ ဆိုတာတောင် သူသေချာမသိ။ သူမ သူ့ကို စောင့်နေလိမ့်မည် လို့ သူယုံကြည်ထားသည်ကတော့ ဘယ်တော့မှ ပျက်လိမ့်မည် မဟုတ်ပါ။
***
အောင်စစ်ပိုင် နှင့် မေလရိပ်တို့က အလယ်တန်း ကတည်းက တစ်ကျောင်းတည်း တက်ခဲ့သော သူငယ်ချင်းတွေ။ လရိပ်က ထို မြို့သစ် အထက်တန်းကျောင်းမှ ကလေး အများစုနှင့် အခြေအနေ မတူသော်လည်း သူမ အဒေါ်ဆရာမက ထိုကျောင်းမှာ တာဝန်ကျသဖြင့် သူမက ထိုကျောင်းကို လိုက်တက်ခဲ့ခြင်း ဖြစ်သည်။ အောင်စစ်ပိုင် တို့ မိသားစုက သာမန် လက်လုပ်လက်စားတွေ။ သားသမီးက သူ တစ်ယောက်တည်း ရှိသဖြင့်သာ ကျောင်းတွေ ဘာတွေ ထားနိုင်ခြင်း ဖြစ်သည်။ လရိပ် မိဘတွေ ကတော့ မြို့ထဲမှာ အတော်အတန် ချမ်းသာသူတွေ ဖြစ်သည်။ ငယ်ငယ်ကတော့ သူတို့လည်း အခြေအနေတွေ အဆင့်အတန်းတွေလည်း မသိရှိပဲ ခင်မင်ခဲ့ကြသည်။ ကြီးလာတော့လည်း သံယောဇဉ်တို့ တိုးပွားပြီး ၅၂၈ ကနေ ၁၅၀၀ ကို ကူးပြောင်းခဲ့ကြသည်။ ၉ တန်း နှစ်မှာပင် သူတို့ ချစ်သူအဖြစ် ရောက်ခဲ့ကြသည်။ သို့ပေမယ့် အရင်ကတည်းက သွားအတူ လာအတူ သူငယ်ချင်းတွေမို့ ဘယ်သူမှ မရိပ်မိကြ။ သူတို့ နှစ်ယောက်လုံးကလည်း စာတော်ကြသူတွေ ဖြစ်သဖြင့် ဆရာ၊ ဆရာမ တွေကလည်း ချစ်ခင်ကြသည်။ သူတို့နှစ်ယောက်ကို ချစ်သူ အနေနှင့်ဆိုလည်း သူတို့ကတော့ သဘောတူကြမှာပင်။ သူမ အဒေါ်ကလည်း အောင်စစ်ပိုင်ကို ရိုးရိုးအေးအေး ကျောင်းသားတစ်ယောက် အနေနှင့် ချစ်ခင်သူမို့ နည်းနည်းတော့ ရိပ်မိပုံ ရပေမယ့် မသိချင်ယောင် ဆောင်နေသည်။

ပြဿနာက ဆယ်တန်းအောင်ပြီးမှ စသည်။ သူတို့နှစ်ယောက်အကြောင်းကို လရိပ်မိဘတွေ သိသွားတော့ မိုးမီးလောင်တော့သည်။ လရိပ်ကို ရန်ကုန် ချက်ချင်း ပို့ဖို့ပြင်သည်။ တက္ကသိုလ်တက်ရလျှင်လည်း ရန်ကုန်မှာ တက်ရမယ့် အတူတူ ခုကတည်းက ရန်ကုန်မှာနေပြီး သင်တန်းတွေတက်ရင်းစောင့်ဖို့ စီစဉ်သည်။ အောင်စစ် အတွက်ကတော့ တက္ကသိုလ်တက်ရဖို့ပင် မသေချာသော အခြေအနေ။ မေမေက အတော် မကျန်းမမာ ဖြစ်နေသည်။ ဖေဖေကလည်း မေမေ့ ဆေးဖိုးကိုပင် မနည်း ရှာနေရသော အခြေအနေ။ အောင်စစ်က စာမေးပွဲ ဖြေပြီးကတည်းက ဝပ်ရှော့မှာ အလုပ်ဝင်လုပ်နေရပြီ။ လရိပ်က ရန်ကုန် မသွားခင် ပြေးလာပြီးပြောသည်။ “ထွက်ပြေးကြစို့” တဲ့။ သူမ ရန်ကုန်ကို တစ်ယောက်တည်း မသွားချင်ပါ ဟု ဆိုသည်။ သူ့အတွက်တော့ စဉ်းစားစရာပင် မလိုသော အခြေအနေ။ ဘယ်လိုမှ မဖြစ်နိုင်တာ သူသိသည်။ သူမ ကို သူ ချစ်ပါသည်။ သို့သော် သူတို့ အသက်တွေ တော်တော် ငယ်ကြသေးသည်။ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေး။ လရိပ်ကို ချော့မော့ပြီး ပြန်လွှတ်လိုက်ရသည်။ ရန်ကုန်ရောက်မှ စာရေးပါ၊ သူလာတွေ့ပါမည် ဟု ကတိပေးလိုက်ရသည်။

ရောဂါသည် မေမေက ဘာမှမဖြစ်ပဲ ဖေဖေက အက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားသည်။ အောင်စစ် အတွက် အရိပ်တစ်ခု ပြိုလဲသွားသလိုပင်။ မေမေက အိပ်ရာထဲပြန်လဲ သွားတော့ အောင်စစ်ပဲ အစစ စီစဉ်ရသည်။ မကြာပါ။ မေမေကလည်း စိတ်ထိခိုက်ပြီး ဖေဖေ့နောက် လိုက်သွားသည်။ တစ်လကျော်ကျော်သာ ကွာသည်။ အောင်စစ် အတွက် ဖြေဆည်ရာမရအောင် ဖြစ်ရသည်။ အသိုက်ပျောက်တဲ့ငှက်တစ်ကောင်လို ဘာလုပ်ရမှန်းမသိပဲ လောကကြီးထဲ တစ်ယောက်တည်း ကျန်ခဲ့ရသည်။ ရှေ့လျှောက် သူတစ်ယောက်တည်း ဘဝကို ဆက်လျှောက်ရတော့မည်။ ကံကောင်းထောက်မစွာနှင့် အဖေ့ကို နှစ်ပေါင်းများစွာ အဆက်အသွယ် မလုပ်ပဲ ပစ်ထားခဲ့သော အဖေ့အစ်ကိုက ဆက်သွယ်လာသည်။ အောင်စစ် စိတ်ပြေလက်ပျောက် သဘောနှင့် ဦးလေးခေါ်ရာ ရန်ကုန်သို့ လိုက်သွားမိသည်။ ရန်ကုန်မှာ လရိပ်နှင့် ပြန်ဆုံကြသည်။ လရိပ်က ရန်ကုန်ရောက်ကတည်းက တစ်ပတ် တစ်ခါလောက် စာထည့်ခဲ့သည်။ သူကလည်း သူ့မိဘတွေ မဆုံးခင်ကတော့ အမြဲတမ်း စာပြန်ခဲ့သည်။ လရိပ်က ကွန်ပျူတာ တက္ကသိုလ် ဝင်ခွင့်ရသည် ကို သူသိရသည်။ သူကတော့ အဝေးသင်ပဲ တက်ဖို့ လျှောက်ထားသည်။

ဦးလေးက ဒီမှာ အလုပ်လုပ်ရင်း အဝေးသင်တက်မယ့်အစား နိုင်ငံခြား သွားပြီး အလုပ်လုပ်ဖို့ အကြံပေးသည်။ ထိုဦးလေးက ဘဝကို ပျော်ပျော်ဖြတ်သန်းနေသော လူပျိုကြီး။ ကုန်ကျစားရိတ်အားလုံးလည်း ဦးလေးကပဲ စိုက်ပေးပြီး အစစအရာရာ စီစဉ်ပေးဖို့ တာဝန်ယူသည် ဆိုမှတော့ တွယ်တာစရာ မရှိသော အောင်စစ်အတွက် ငြင်းဆန်စရာ မရှိပါ။ ခုလိုအခြေအနေနှင့်ဆို လရိပ်မိဘတွေကလည်း သူတို့ကို သဘောတူဖို့ မျှော်လင့်စရာ လုံးဝမရှိပါ။ အိမ်ထောင်တစ်ခု တည်ထောင်နိုင်ဖို့ သူပိုက်ဆံရှာရမည် ဟု အောင်စစ်က ဆုံးဖြတ်လိုက်သည်။ လရိပ်ကို ပြောပြတော့ သူမကလည်း တက္ကသိုလ်မှာ မာစတာ ပြီးအောင် တက်ချင်သေးတာမို့ သူမ ကျောင်းတက်နေတဲ့ ကာလအတွင်း အောင်စစ် တစ်ခြားမှာ အလုပ်သွားလုပ်ဖို့ သဘောတူလိုက်သည်။

အောင်စစ် နောက်နေ့သွားမယ်ဆို ဒီနေ့လို နေ့မျိုးမှာ လရိပ်ကို သွားနှုတ်ဆက်တော့ အခြေအနေက တစ်မျိုးဖြစ်နေသည်။ လရိပ်ကို လူတစ်ယောက် နှင့် စေ့စပ်ဖို့ သူမ မိဘတွေက ပြောလာသည်ဟု ဆိုသည်။ အဲဒီလူက နောက်နှစ်ရက်လောက် နေရင် လာတော့မည်။ အဲလို လောရခြင်း အကြောင်းမှာလည်း သူတို့နှစ်ယောက် အကြောင်း သူမ မိဘတွေက ရိပ်မိသွားသောကြောင့်ပင် ဖြစ်သည်။ လရိပ်က သူ့ကို မသွားတော့ဖို့ ပြောသည်။ လောလောဆယ် သူမက စာမေးပွဲဖြေပြီး ကျောင်းခဏ ပိတ်ထားသောကြောင့် နှစ်ဦးသား ထွက်ပြေးပြီး တစ်နေရာမှာ ဘဝသစ် ထူထောင်ကြဖို့ စိတ်ကူးကို ပြောလာသည်။ အောင်စစ်က လက်မခံနိုင်ပါ။ အစစ စီစဉ်ပြီးနေသော ကိစ္စတစ်ခုကို သူမဖျက်ချင်ပါ။ ကုန်ကျထားတာကလည်း မနည်းဘူး မဟုတ်လား။ လရိပ်ကို နားလည်အောင် ပြောပြတော့ သူမက သူမပါ လိုက်ချင်သည်ဟု ဆိုလာပြန်သည်။ ဒီလိုတော့လည်း သူက သူမရဲ့ ရှေ့ရေးကို မဖျက်ဆီးချင်ပါ။ နှစ်ယောက်သား သဘောတူညီချက် မရနိုင် ဖြစ်နေသည်။ လရိပ်က သူ့မိဘတွေကို လွယ်လွယ်ကူကူ ငြင်းဆန်မရနိုင်မှာကိုလည်း သိထားသည်။ အောင်စစ် အတွက်လည်း လောလောဆယ် ဘာမှမတတ်နိုင်ပါ။ သူတို့နှစ်ယောက် တွေ့ဆုံခြင်းက မကျေမလည်နှင့်ပင် ပြီးသွားသည်။  

သူသွားကာနီး သူမကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ပါ။ သူ့မှာ စိတ်တထင့်ထင့်နှင့်ပင် လေဆိပ်ကို ဆင်းခဲ့ရသည်။ သို့သော် သူမက လေဆိပ်ကိုတော့ မှီအောင် လိုက်လာခဲ့ပါသည်။
“လရိပ် ... တော်သေးတာပေါ့ကွာ၊ ဖုန်းဆက်မရလို့ ကိုယ်က စိတ်ပူနေတာ...”
“တော်ပါ.. သူများဘက်ကို နည်းနည်းမှ မကြည့်ပဲ သူလုပ်ချင်ရာ လုပ်မယ့်သူကများ..”
“ကိုယ်လုပ်တာကလည်း တကယ်တော့ ကိုယ်တို့နှစ်ယောက် အတွက်ပဲလေကွာ..”
“လရိပ်လည်း သိပါတယ်.. ဒါပေမယ့် အောင် မရှိတုန်း လရိပ် အိမ်က ပေးစားတဲ့လူနဲ့ ယူလိုက်ရရင်တော့ မတတ်နိုင်ဘူး”
“အဲလို မပြောပါနဲ့ကွာ..၊ ကိုယ်တို့ အရင် အစီအစဉ်အတိုင်း လရိပ်က ကျောင်းပြီးအောင်တက်လေ၊ ကျောင်းမပြီးခင် “အိမ်ထောင်မပြုချင်သေးဘူးလို့ လရိပ် အိမ်ကို ပြောထားပေါ့ကွာ.. ကိုယ်နဲ့လည်း မတွဲတော့ဘူး ဆိုရင် လရိပ် အိမ်က စိတ်ချမှာပါ”
“အလကား ပြောတာ၊ စိတ်မပူပါနဲ့ အောင်ရယ်၊ လရိပ်က အောင် ပြန်လာတဲ့အထိ စောင့်မှာပါ၊ အောင့်ဘက်ကလည်း သစ္စာမဖောက်ကြေးနော်..၊ တစ်ခုခုဆို လရိပ်က အောင့်ကို လာသတ်မှာ သိလား”
“ဟားဟား.. စိတ်ချပါကွာ.. လရိပ်ကလွဲရင် ကိုယ့်ဘဝမှာ ဘယ်သူမှ မရှိပါဘူး”

အဲလိုနှင့်ပင် အောင်စစ်က ချစ်သူနှင့် အဝေးမှာ ကြမ်းတမ်းသော လမ်းကို စလျှောက်ခဲ့သည်။  သူ့ပညာအရည်ချင်းနှင့် ရသော အလုပ်ဆိုတာကလည်း ပင်ပင်ပန်းပန်း အလုပ်များသာ ဖြစ်ခဲ့သည်။ သူ့ဦးလေး စိုက်ထားသော အကြွေးများကို ဆပ်အပြီးမှာ သူလည်း အချိန်ပိုင်း နှင့် အလုပ်လုပ်ရင်း ကျောင်းပါ ဆက်တက်ဖြစ်ခဲ့သည်။ လရိပ်ကို ရောက်ကာစကတော့ စာရေးဖူးသည်။ လရိပ်က အိမ်က သိသွားမည် စိုးသောကြောင့် စာမရေးပါနှင့် ဆိုသောကြောင့် သူ စာမရေးဖြစ်တော့။ လရိပ်ဆီက ပထမပိုင်း တစ်စောင် နှစ်စောင် စာလာသေးသော်လည်း နောက်ပိုင်း မလာတော့။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်သားရဲ့ ယုံကြည်ချက်နှင့် သစ္စာကတော့ မပျက်နိုင် ဟု သူ စိတ်ထဲက သိနေပါသည်။
*****
လေဆိပ်ကို ခြေချလိုက်ကတည်းက ကြိုဆိုမယ့်သူ တစ်ယောက်မှ မရှိပေမယ့်လည်း သူ့ရင်မှာ နွေးထွေးလာသည်။ မတတ်သာလို့သာ ခွဲခွာလာရသော မွေးရပ်မြေ။ ချစ်သူ ရှိသော မြေ။ သူ့ကျေးဇူးရှင် ဦးလေးကလည်း ပြီးခဲ့သော နှစ်ကပင် ဆုံးသွားခဲ့ပြီ။ ဆုံးသွားပြီးမှ သူသိရသဖြင့် ပြန်မလာဖြစ်ခဲ့ပါ။ ခုတော့ သူဟာ တစ်ကောင်ကြွက်စစ်စစ်။ ချစ်သူကလွဲလို့ ဘယ်သူမှမရှိ။ တကယ်တော့ အဲဒီ တစ်ယောက်တည်းသော ချစ်သူကလည်း ဘယ်ဆီ ရောက်ပြီး ဘာတွေ လုပ်နေတယ်ဆိုတာ သေချာမသိရသော သူ့အဖြစ်က ဆိုးဆိုးဝါးဝါး ဇာတ်နာလှသည်။

လရိပ်က အရင်ကိုင်သော mobile ဖုန်းကိုလည်း မကိုင်တော့ပါ။ အရင် နေသော အိမ်မှာလည်း မနေတော့ပါ။ သူတို့ ဇာတိမြေကို သွား စုံစမ်းကြည့်တော့... အဲဒီမှာလည်း တစ်မိသားစုလုံး မရှိတော့ပါ။ ရန်ကုန်ပြောင်းသွားတာ သုံးနှစ်လောက်တောင် ရှိပြီ ဟု ပြောကြသည်။ ရန်ကုန်မြို့ကြီးထဲ သူမကို လွယ်လွယ်ကူကူ ရှာတွေ့ရန် မလွယ်ကူမှန်း သိသော်လည်း သူကတော့ လက်လျှော့လိမ့်မည် မဟုတ်ပါ။

ချစ်သူကို မတွေ့ရသော်လည်း သူလျှောက်ရမည့်လမ်းကတော့ ရပ်တန့်ထားလို့ မရနိုင်ပါ။ ဒီမြေပေါ် ပြန်နေရချိန်မှာ သူ့ဘဝအဓိပ္ပါယ် ရှိသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း.. ချစ်သူ မရှိသော သူ့ဘဝက အရင်လိုပဲ အဓိပ္ပါယ် ကင်းမဲ့နေဆဲ...။ စက်ရုပ်တစ်ရုပ်လို သူ အလုပ်တွေ လုပ်နေဆဲ...။ အချစ်ရေးသာ ကံမကောင်းသော်လည်း စီးပွားရေးမှာတော့ သူက ကံကောင်းတယ်လို့ ပြောလို့ရနိုင်သည်။ သူ လုပ်သမျှက အောင်မြင်ခဲ့သည်။

သူပြန်ရောက်ပြီး တစ်နှစ်ပြည့်ကာနီး အချိန်လောက်ကျမှ လရိပ် သူငယ်ချင်း ချိုချို နှင့် သူတွေ့ခဲ့ပြီး လရိပ်တို့ မိသားစု ဘယ်မှာနေသည်ကို သိခဲ့ရသည်။ လရိပ် မိဘတွေလည်း အရင်လောက် အခြေအနေမကောင်းတော့ပဲ အရင်လိုလည်း မာန်မာန မပြင်းထန်တော့ကြောင်း သိရတော့ သူ့အတွက် မျှော်လင့်ချက်ရှိလာသည်။ သူကလည်း အရင်က အောင်အောင်မှ မဟုတ်တော့ပဲလေ...။ စီးပွားရေး လုပ်ငန်းရှင်ကလေး တစ်ယောက် ဖြစ်နေပြီပဲ။ တကယ်တော့ လရိပ် အိမ်ထောင်မကျသေးဘူး ဆိုတာကပင် သူ့အတွက် အကြားချင်ဆုံး စကားတစ်ခွန်း ဖြစ်ခဲ့သည်။ ကျန်တာ ဘာပဲဖြစ်ဖြစ် သူ ဂရုမစိုက်ချင်။ သူမျှော်လင့်သလိုပင် ချစ်သူက သူ့ကို စောင့်နေခဲ့သည်။
*****
လရိပ် အိမ်ကို ရောက်တော့မှ သူမျှော်လင့်မထားသော အခြေအနေတစ်ခုလည်း ရှိနေခဲ့သည်ကို တွေ့ရတော့သည်။ သို့သော် သူ့စိတ်ကတော့ ဘာမှ ပြောင်းလဲမည် မဟုတ်ပါ။

လရိပ်က ငြင်းဆန်သည့် ကြားမှ သူက လက်ထပ်ဖြစ်အောင် လက်ထပ်ခဲ့သည်။ ခုလိုအချိန်မှတော့ လရိပ် မိဘများကလည်း မကန့်ကွက်ကြတော့ပါ။

သူတို့အိမ်မှာ အိမ်အကူ အဒေါ်ကြီးတစ်ယောက် ခေါ်ထားသော်လည်း လရိပ်က ချက်တာပြုတ်တာကို ကိုယ်တိုင် စီစဉ်တာများသည်။ အရင်က အောင်စစ် တစ်ယောက်တည်း နေစဉ်က ခြောက်သွေ့တိတ်ဆိတ်နေခဲ့သော အိမ်ကလေးမှာ ယခုတော့ အသက်ဝင် တောက်ပလာသည်။ လရိပ်က သူ့ဘီးတပ် ကုလားထိုင်လေးနှင့် သူ့ဟာသူ လျှောက်သွားဖို့လည်း အသားကျနေပြီ။ အဒေါ်ကြီးကို ခြံထဲမှာ ပန်းခူးခိုင်းပြီး ဘုရားပန်းအိုးတွေ သူ့ဟာသူ လဲသည်။ ဧည့်ခန်းထဲမှာလည်း လှတပတ ပန်းအိုး ထိုးတတ်သည်။ အောင်စစ် အလုပ်သွားသော အချိန်တွေမှာ သူ့ ကွန်ပျူတာ ကလေး နှင့် အချိန်ကုန်တတ်သည်။ အောင်စစ်က နေ့လည်ဘက် တစ်ခါလောက်တော့ ဖုန်းအမြဲဆက်သည်။ ညနေဘက် တစ်ခါတရံ နောက်ကျမည် ဆိုလျှင်တော့ နောက်တစ်ခေါက် ထပ်ဆက်တတ်သည်။ စက်ရုပ်လို လှုပ်ရှားနေဖြစ်သော သူ့ဘဝအတွက် လရိပ်က ပျော်ရွှင်စေသော အလင်းရောင်ကလေး...။ သူ့နံဘေးက ထပ်ချပ်မကွာ မလိုက်နိုင်စေကာမူ လရိပ် အိမ်မှာ ရှိနေခြင်းက သူ့ဘဝကို အဓိပ္ပါယ်ပြည့်ဝစေသည်။ တစ်ခါတရံတော့လည်း ညစာစားပွဲတွေ၊ ဧည့်ခံပွဲတွေမှာ လရိပ်နှင့် အတူတွဲ၍ တက်ချင်မိသည်။
*****
“အောင်၊ ဒေါ်မို့မို့ထွဋ် ဆိုတာ ဘယ်သူလဲ ဟင်”
“ဘာဖြစ်လို့လဲ၊ အမျိုးသမီးဝတ်အင်္ကျီ တံဆိပ် တစ်ခု ထုတ်တဲ့ လုပ်ငန်းရှင် တစ်ယောက်ပဲ၊ သူကိုယ်တိုင်လည်း ဒီဇိုင်းနာ တစ်ယောက်ပဲလေ၊ လရိပ်က အဲဒီနာမည်ကို ဘယ်လိုလုပ်သိတာလဲ”
“ဒီလိုပဲ သိတာပေါ့၊ အောင်နဲ့ အရမ်း အတွဲညီတာပဲလို့ လူတကာက ပြောကြတယ်တဲ့”
“ဘာ၊ ဘာဖြစ်တယ်”
“ဒင်နာတွေမှာ ဆိုလည်း အတူတူ တွဲပြီး တက်နေကြ ဆို”
“နေစမ်းပါဦး၊ ဒီကိစ္စ ဘယ်သူက ချွန်ပေးလိုက်တာလဲ၊ ဒင်နာတွေမှာတော့ ဒီလိုပဲ သွားရင်းလာရင်း တွေ့ကြတာပဲ၊ သူကလည်း အတွဲမပါ၊ ကိုယ်ကလည်း အတွဲမပါတော့ တစ်ခါတလေလည်း အတူထိုင်ဖြစ်ကြတာပေါ့၊ အဲဒါနဲ့ပဲ လျှောက်ပြောစရာလားကွာ၊ လူတွေကလည်း ခက်ပါတယ်”
“အောင်က အဲလို မိန်းမမျိုးကို ယူခဲ့သင့်တာလေ၊ အခု လရိပ်ကို လက်ထပ်ခဲ့တာ နောင်တများ ရနေပြီလားလို့”
အဲဒီစကားတစ်ခွန်းကတော့ သူ့အချစ်ကို စော်ကားရာ ကျသည်ဟု သူထင်ပြီး ဒေါသထွက်သွားသည်။
“ဟုတ်တယ်၊ နောင်တရတယ်၊ ငါ့အလုပ်မှာ အထောက်အကူ မရတဲ့ မိန်းမမျိုး၊ ငါ့ဘေးမှာ အမြဲတမ်း တွဲမလိုက်နိုင်တဲ့ မင်းလို မိန်းမမျိုးကို ယူမိတာ နောင်တရတယ် သိလား”
စိတ်ပေါက်ပေါက်နှင့် ပြောချင်ရာ လျှောက်ပြောပြီး သူထွက်လာခဲ့သည်။ လရိပ် ဘယ်လို ဖြစ်ကျန်ခဲ့သည်ကို သူမသိတော့။ ကားလျှောက်မောင်းပြီး ကော်ဖီဆိုင်မှာ ခပ်ကြာကြာထိုင်သည်။

သူ ပြန်ကာနီးမှာ စိုးမင်းနိုင်၊ ဝဏ္ဏ တို့နှင့် တွေ့သည်။ သူတို့က မူလတန်းကနေ ဆယ်တန်း အထိ ခင်မင်ခဲ့သော အကြောင်းသိ သူငယ်ချင်းတွေ။ အခု စိုးမင်းနိုင်ကလည်း ရန်ကုန်မှာ အခြေချနေသည်။ အိမ်ထောင်မကျသေး။ ဝဏ္ဏ ကတော့ ဇာတိမှာပဲ အိမ်ထောင်ကျပြီး အခုကတော့ အလုပ်ကိစ္စနှင့် ခဏ လာခြင်း ဖြစ်သည်။ သူတို့က အတင်းခေါ်သဖြင့် စိုးမင်းနိုင်အိမ်ကို ပါသွားသည်။ လရိပ်ကို ဖုန်းဆက်မလို့ လုပ်ပြီးမှ လောလောဆယ် စကားများလာတာကို သတိရပြီး တမင် မဆက်ပဲ ထားလိုက်သည်။ တစ်ညလောက်တော့ ပစ်ထားလိုက်ဦးမည်။ သူ့ကိုများ ဒေါ်မို့မို့ထွဋ် လို အမျိုးသမီးနှင့် စကားနာထိုးရတယ်လို့...။ သူ့ထက် အသက်လည်းကြီးသေး.. ဆေးဆိုးပန်းရိုက်မျက်နှာနှင့် ဆရာလုပ်ဖို့လည်း ဝါသနာပါသော ထို အမျိုးသမီးကိုများ အောင်စစ် က ကြိုက်လိမ့်မည်ဟု ထင်သလား...။ လရိပ်ကလေးက တော်တော် ခက်သေးသည်။ အောင်စစ် တစ်သက်မှာ သူမ တစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာကို မယုံကြည်နိုင်သေးတာပဲလား...။ သူမ ကိုယ်သူမပဲ အားငယ်နေတာလား... မသိပါ။

မဆုံတာကြာပြီ ဖြစ်သောသူငယ်ချင်း သုံးယောက် ဆုံဖြစ်ကြတာမို့ ညဘက် ဘီယာသောက်ရင်း စကားပြောကြတာ တော်တော်ညနက်သွားသည်။ တော်သေးသည်က နောက်နေ့က တနင်္ဂနွေမို့ ကုမ္ပဏီပိတ်လို့ တော်သေးသည်။ မနက်ကျတော့လည်း နောက်ကျမှ နိုးလာကြသည်။ သူက နိုးနိုးချင်း ပြန်ချင်သော်လည်း သူတို့ကတားထားသဖြင့် မပြန်ဖြစ်သေးပဲ လက်ဖက်ရည်ဆိုင်ကို ပါသွားသည်။ အလုပ်တာဝန်တွေ မေ့ထားပြီး လူငယ်တွေလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားပြောဖြစ်ကြသည်။ သူတို့လည်း အဲဒီလို လွတ်လွတ်လပ်လပ် မနေဖြစ်တာ ကြာပြီ မဟုတ်လား..။

အိမ်ကို ပြန်ရောက်တော့ တော်တော်ကြီးကို နေမြင့်နေလေပြီ။ လရိပ်ကို ပြန်ချောဖို့ စဉ်းစားရင်း လိုက်ရှာတော့ ဘယ်မှာမှ မတွေ့ရ။ အဲတော့မှ သူပျာသွားသည်။ အဒေါ်ကြီးကို အော်ခေါ်တော့မှ မီးဖိုခန်းထဲက ထွက်လာပြီး လရိပ် အိမ်ပေါ်က ဆင်းသွားကြောင်း ပြောသည်။ သူမ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ခေါ်၍ ထိုသူငယ်ချင်းက လာခေါ်သွားကြောင်း သိရသည်။ ပြဿနာက မကျယ်သင့်ပဲ ကျယ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ လရိပ် သူငယ်ချင်း ဆိုတာ ချိုချိုပဲ ဖြစ်နိုင်သည်။ ချိုချို့ အိမ်ကို သူ သိသောကြောင့် ချက်ချင်း လိုက်သွားမိသည်။ လရိပ် အဲလောက်ထိ ဖြစ်သွားမယ် မထင်မိခဲ့။ ညက ဖုန်းမဆက်မိတာလည်း သူ့အမှားပါ။ လရိပ်နှင့် လက်ထပ်ပြီးကတည်းက တစ်ခါမှ ညဘက် ညနက်အောင်ပင် အပြင်မထွက်ခဲ့ဖူးပါ။
*****

တကယ်တော့ လရိပ်က အိမ်က ဆင်းလာခြင်း မဟုတ်ပါ။ ချိုချို့ကို ဖုန်းဆက်တော့ ချိုချိုက သူ့မင်္ဂလာဆောင်အတွက် တိုင်ပင်စရာရှိ၍ လာမည် ဆိုသောကြောင့် နင်မလာနဲ့ ငါ့ကို လာခေါ်ဟု ပြောပြီး လိုက်သွားခြင်း ဖြစ်သည်။ အဒေါ်ကြီးကိုတော့ တမင်ရွဲ့ပြီး မှာခဲ့ခြင်း ဖြစ်သည်။ သူက ညက ဖုန်းတောင် မဆက်ပဲ ဘယ်မှာ သွားအိပ်နေသလဲ... ပြန်လာမှ ရှာပါစေတော့ လို့ တမင်ကို ချိုချို့ အိမ်ကို သွားနေခြင်း ဖြစ်သည်။ ချိုချို့ အိမ်မှာလည်း သူ့မိဘတွေ ခရီးသွားနေလို့ ဘယ်သူမှ မရှိပါ။ သူတို့ နှစ်ယောက်ပဲမို့ လွတ်လွတ်လပ်လပ် နေနေကြခြင်းဖြစ်သည်။ အောင်စစ် လည်း ချက်ချင်း ရောက်လာမည်ဟု မထင်ပါ။

အောင်စစ်က ချိုချိုတို့ အိမ်ကို တစ်ခါရောက်ဖူးသည်မို့ ခက်ခက်ခဲခဲ မရှာရပဲ ရောက်သွားသည်။ ခြံတံခါးက ပိတ်မထားပဲ ဟ နေသောကြောင့် ခေါ်မလို့ ပြင်ပြီးမှ မခေါ်ပဲ ဝင်လာခဲ့လိုက်သည်။ ခြံထဲကို ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ဆံပင်ရှည်ရှည် မိန်းကလေးတစ်ယောက်၏ နောက်ကျောကို မြင်ရတော့ လရိပ်လို့ ထင်လိုက်သည်။ သူမက ပန်းခူးနေခြင်း ဖြစ်သည်။ နောက်မှ လရိပ်က ဒီလို သွားလာနေဖို့ မဖြစ်နိုင်တာကို သတိရသွားသည်။ သို့သော် သူမက ပန်းခူးပြီး၍ အိမ်ဘက်သို့ လှည့်လာသောအခါ အောင်စစ်နှင့် တည့်တည့် တိုးတော့သည်။ တကယ်ပင် လရိပ် ဖြစ်နေသည်။ သူမလက်ထဲမှာ နှင်းဆီပန်းများ...။ သူမသည် ပုံမှန်လိုပင် သွားလာနေသည်။ သူ့ကို မြင်လိုက်တော့မှ လန့်ပြီး လက်ထဲက ပန်းများပင် လွတ်ကျမလို ဖြစ်သွားသည်။

“လရိပ်၊ လရိပ်လား..”
“အောင်”
ခုချိန်မှာတော့ သူ့အပြစ်ထက် ကိုယ့်အပြစ်က ပိုကြီးနေပြီး ရှင်းဖို့ခက်နေလေပြီ ဟု လရိပ်က တွေးမိသည်။ ချိုချိုကလည်း အသံကြားသဖြင့် အိမ်ထဲမှ ထွက်လာသည်။
“လရိပ် ခြေထောက် ကောင်းသွားပြီလား...”
အောင်စစ်က အံသြတကြီး မေးသည်။
“လရိပ် ခြေထောက်က ကောင်းနေတာ ကြာလှပြီလေ...၊ ရှင့်ကို ပြောဖို့ ခက်နေလို့တဲ့၊ ကဲ ခုတော့ တွေ့သွားပြီ၊ လရိပ်မရေ ရှင်းပြလိုက်တော့”
ချိုချိုက အရှုပ်ထဲ မပါချင်သလို ပခုံးတွန့်၍ အိမ်ထဲပြန်ဝင်သွားသည်။
“ကောင်းနေတာ ကြာပြီ ဟုတ်လား.. ကိုယ်တို့ လက်မထပ်ခင်ကတည်းက ကောင်းနေတာပေါ့ ဟုတ်လား၊ ဘာဖြစ်လို့ မပြောတာလဲ၊ ဘာဖြစ်လို့ ညာထားရတာလဲ”
“လရိပ် တောင်းပန်ပါတယ် အောင်ရယ်၊ လရိပ် ဒီလို ဘဝမျိုးမှာဆို အောင် လက်ထပ်ရဲပါ့မလားလို့ စမ်းကြည့်ချင်တာနဲ့ ဟန်ဆောင်နေရင်းက နောက်တော့ ပြောဖို့ ခက်သွားလို့ပါအောင်ရယ်..”
“အဓိပ္ပါယ်မရှိတာကွာ.. ဒါ ကိုယ့်အချစ်ကို မယုံကြည်တာပဲ၊ လရိပ် ဒုက္ခိတ ဖြစ်သွားတာနဲ့ ကိုယ်က စိတ်ပြောင်းသွားလိမ့်မယ်လို့ ထင်တာလား၊ ဟာ... တကယ်ပဲကွာ.. ဟိုမှာ အလုပ်လုပ်နေတုန်းကရော၊ ဒီမှာရော.. ကိုယ့် အနီးအနားမှာ မိန်းကလေးတွေ ရှိသားပဲ.. ကိုယ်က ခင်ခင်မင်မင်တောင် သိပ်မနေခဲ့ဘူး...။ လရိပ်ကလွဲလို့ ကိုယ့်အချစ်ကို ပေးစရာ ဘယ်သူမှ မရှိဘူး၊ ကိုယ့်အတွေးထဲမှာ လရိပ် တစ်ယောက်ပဲ ရှိခဲ့တာ၊ သိရဲ့သားနဲ့ကွာ.. ကိုယ့်ကိုများ.. ကိုယ့်အချစ်ကိုများ စမ်းချင်ရတယ်လို့... ကိုယ်တကယ် စိတ်မကောင်းဘူး”

အောင်စစ်က တကယ် စိတ်နာချင်သည်။ သူက ပြောပြီး လှည့်ထွက်သွားတော့ လရိပ်က နောက်ကလိုက်ပြီး သူ့လက်ကို ဆွဲထားသည်။
“လရိပ် သိပါပြီ အောင်ရယ်၊ အောင်အချစ်ကို လရိပ် ယုံပြီးသားပါ၊ လရိပ်လည်း အောင့်အပေါ် သစ္စာရှိခဲ့တာပဲ၊ ဒီခြေထောက်တွေ ဘယ်လိုဖြစ်ခဲ့ရတယ် ဆိုတာ အောင် သိရဲ့လား ဟင်၊ အောင် တစ်ခါမှ မမေးဖူးဘူး မဟုတ်လား”
“ဒါကတော့  ဘာကြောင့်ပဲဖြစ်ဖြစ်လေ မင်း စိတ်ဆင်းရဲနေမှာ စိုးလို့ ကိုယ်က မမေးတာပဲ၊ ကဲ ပြောစမ်းပါဦး ဘယ်တုန်းက ဖြစ်ပြီး ဘယ်တုန်းက ကောင်းသွားတာလဲ၊ ဟင်...၊ မင်္ဂလာပွဲကို သူများတွေလို လှလှပပ လျှောက်လို့ ရရဲ့သားနဲ့ ဘီးတပ်ကုလားထိုင်ပေါ်က ကျင်းပရတာ တော်တော်ပျော်စရာ ကောင်းတယ်ပေါ့ ဟုတ်လား..၊ ကိုယ့်မှာတော့ မင်းကို သနားလိုက်ရတာ”
“အောင် မရှိတဲ့ နောက်ပိုင်း မေမေတို့က လရိပ်ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြတယ်လေ၊ ပထမ တစ်ခါတော့ အဲဒီ တစ်ယောက်က နားလည်မှု ရှိလို့ သူ့ဘက်ကပဲ ဖျက်ပေးလိုက်တယ်၊ နောက်ထပ် စပ်ပေးတာတွေကိုလည်း လရိပ်က အမျိုးမျိုး အကြောင်းပြပြီး ငြင်းခဲ့တာ၊ နောက်တစ်ခါတော့ မေမေတို့က လုံးဝ ငြင်းမရအောင် လုပ်တယ်၊ ဖေဖေ အလုပ်ကလည်း မကောင်းတော့ အဲဒီလူ ဆီမှာ အကြွေးတွေ အများကြီး တင်နေတယ်လေ၊ သူကလည်း လရိပ်ကို ရအောင် ယူမယ်လို့ ဆုံးဖြတ်ထားတဲ့လူ၊ မင်္ဂလာပွဲနားနီးလာတော့ လရိပ် ထွက်ပြေးလို့မရအောင်ကို အိမ်မှာ ပိတ်ထားကြတယ်၊ အဲဒါလည်း လရိပ်လည်း သေသွားရင်လည်း အေးတာပဲ ဆိုပြီး အပေါ်ထပ် ဝရံတာပေါ်က ခုန်ချလိုက်တာ၊ ကံကောင်းချင်တော့ ခေါင်းက မြက်ခင်းပေါ်ကို ကျပြီး ခြေထောက်နှစ်ဘက်ကျိုးသွားတယ်၊ ကျောရိုးလည်း ခိုက်မိပြီး အောက်ပိုင်းသေသလို ဖြစ်သွားတယ်လေ၊ မေမေ တို့လည်း အဲတော့မှ စိတ်မကောင်း ဖြစ်သွားကြတာ၊ ဟိုလူကိုလည်း ရှိတာရောင်းချပြီး အကြွေးဆပ်လိုက်တယ်၊ သူကလည်း လရိပ် ခုလိုဖြစ်သွားမှတော့ မယူချင်တော့ဘူးလေ”
“ဝရံတာပေါ်က ခုန်ချတာ.. လရိပ်ကလေးရယ် ဘာလို့ အဲလောက်တောင် ရူးရတာလဲကွာ၊ မသေကောင်း မပျောက်ကောင်း၊ လရိပ် တစ်ခုခု ဖြစ်သွားရင် ကိုယ်ဘယ်လို လုပ်ရမှာလဲ ဟင်၊ အဲလောက် အကျပ်အတည်း ဖြစ်နေရင်လည်း ကိုယ့်ကို ဆက်သွယ်ပါတော့လားကွာ..”
“အောင့်ကို ဆက်သွယ်ပါသေးတယ်၊ ဒါပေမယ့် အဲဒီစာတွေက ပြန်ရောက်လာတယ်လေ”
“ကိုယ် အိမ်ခန်း ပြောင်းသွားတာ ထင်တယ်၊ လရိပ်တို့ အိမ်ပြောင်းသွားလို့ ကိုယ်လည်း ဆက်သွယ်လို့ မရတော့ လိပ်စာအသစ် ပေးလို့လည်း မရတော့ဘူးလေ”
“တကယ်တော့ အောင် တင်မဟုတ်ဘူး၊ မေမေတို့ ဖေဖေတို့လည်း လရိပ် ပြန်ကောင်းနေတာကို မသိသေးဘူး၊ ချိုချို တစ်ယောက်ပဲ သိတာ၊ အောင် မလာခင်လေးတင် မေမေတို့က လရိပ်ကို ကုပေးနေတဲ့ ဆရာဝန်ကလေးကို သဘောကျနေသေးတာလေ၊ လရိပ် သာ ကောင်းသွားပြီ ဆိုလို့ကတော့ စပ်ဟပ်ဦးမှာပဲ၊ အဲဒါကြောင့် မေမေ တို့ကို ပညာပေးချင်တာနဲ့ ဒီအတိုင်းနေနေတာ”
“ဖြစ်မှဖြစ်ရလေ၊ ကိုယ့်ရဲ့ လရိပ်ကလေး ဒုက္ခတွေ ခံလိုက်ရတာကွာ၊ ကိုယ်က မသိပဲ စိတ်ဆိုးမိတော့မလို့၊ ဒါပေမယ့် ကိုယ့်ကို တစ်ယောက်ယောက်နဲ့ မသင်္ကာဖြစ်ရင်တော့ ကိုယ်က စိတ်ဆိုးမှာနော်..၊ လရိပ် ဘာဖြစ်ဖြစ် ကိုယ်က မပြောင်းလဲပဲ ချစ်မှာ သိလား၊ ကိုယ့်ကိုလည်း ယုံပေးနော်”
“လရိပ်က အောင့်ကို ယုံပြီးသားပါ၊ ဟိုကိစ္စက အောင့်ကို စတာပါ၊ ဒါလေး ပြောတာနဲ့ အောင်က စိတ်ဆိုးပြီး ထွက်သွားတာကိုး၊ ဘယ်မှာ သွားအိပ်နေတာလဲ ပြော”
“ညတုန်းက ကိုယ်က တကယ်တော့ ခဏပဲ သွားတာပါကွာ၊ မမျှော်လင့်ပဲ ဟိုကောင်တွေနဲ့ တွေ့နေလို့၊ စိုးမင်းနိုင် နဲ့ ဝဏ္ဏ လေ မှတ်မိတယ် မဟုတ်လား၊ ကိုယ့်သူငယ်ချင်းတွေ၊ ခုမှပြန်တွေ့တာ၊ အဲဒါ သူတို့ခေါ်တာနဲ့ စိုးမင်းနိုင်အိမ်ကို ပါသွားတာ၊ ဖုန်းကတော့ တမင်သက်သက် ညစ်ပြီး မဆက်တာ၊ ကိုယ့်ကို မဟုတ်တာ ပြောချင်တဲ့ ကောင်မလေး နေပါစေ ဆိုပြီး ပစ်ထားလိုက်တာ၊ ဒီမနက် ပြန်လာတော့ လရိပ် အိမ်ပေါ်က ဆင်းသွားပြီ ဆိုလို့ ကိုယ့်မှာကွာ တကယ် heart ကို ထိသွားတာပဲ”
“သွားပါ သူများကလည်း တစ်ညလုံး ဘယ်လောက်စိတ်ဆင်းရဲရတယ်မှတ်လဲ၊ အိပ်လို့တောင် မပျော်ဘူး၊ အောင်များ ပြန်လာမလားလို့ မျှော်နေရင်းနဲ့ ဟင့်”

လရိပ်က ညတုန်းက ခံစားမှုကို ပြန်သတိရသွားပြီး မျက်ရည်ဝဲလာသည်။ သူ တကယ်ပဲ လရိပ်ကို စိတ်ပျက်သွားပြီလားလို့ ငိုခဲ့ရတာ နာရီပေါင်းများစွာ...။ အရင်တုန်းက ငိုခဲ့ရသော အချိန်တွေ ကျော်လွန်ခဲ့ပြီမှတ်ကာမှ ပြန်ရောက်လေပြီလားလို့ စိတ်ထဲမှာ ဝမ်းနည်းမှုက ခုထိတောင် မပြေချင်သေးပါ။
“ဟေ့ ဘာလို့ ငိုရတာတုန်း၊ ကိုယ်တောင်းပန်ပါတယ်ကွာ၊ မငိုနဲ့တော့နော်၊ ခု အားလုံးပြီးသွားပြီပဲ၊ နောက်ဆို ကိုယ်လည်း မရွဲ့တော့ဘူး၊ လရိပ်လည်း ကိုယ့်အပေါ် ဘာမှ မညာရဘူး၊ ဟုတ်ပြီနော်၊ ကိုယ့်ကို သံသယရှိရင်လည်း ဖွင့်မေး၊ လရိပ်မှာ တစ်ခုခု ပြဿနာရှိရင်လည်း ကိုယ့်ကို ပြော ဟုတ်လား၊ ဒီဘဝမှာတော့ ကိုယ်တို့ကို ဘယ်အရာကမှ မခွဲနိုင်တော့ပါဘူးကွာ”
လရိပ်ကို ရင်ခွင်ထဲ ဆွဲသွင်းရင်း သူ ပြောမိသည်။ လရိပ် ခံစားခဲ့ရသော ဒုက္ခက သူ့ထက် များခဲ့ပါသည်။ သူတို့ နှစ်ယောက်ရဲ့ သစ္စာမှန်လို့သာ ခုလို ပြန်ပေါင်းစည်းရတာပါ။
“အောင့်ကို ကျေးဇူးတင်ပါတယ်၊ လရိပ်ဆီကို ပြန်လာခဲ့တာကိုပါ၊ ဒီတစ်သက် ဒီလို အချိန်ကို ရောက်နိုင်ပါတော့မလားတောင် ထင်ခဲ့ရပါတယ် အောင်ရယ်၊ လရိပ် အောင့်ကို မဆုံးရှုံးချင်လို့ သဝန်တိုမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါနော်...”

 
လရိပ်က မျက်ရည်များကြားမှ သူ့ကို ပြောမိသည်။ ဒီတစ်ခါ ကျတဲ့ မျက်ရည်ကတော့ ဝမ်းသာလို့ကျတဲ့ မျက်ရည်ပါလေ။ လရိပ်အတွက် ထာဝရ ငြိမ်းချမ်းမှု ပေးမယ့် သူ့ရင်ခွင်မှာ တစ်သက်စာ လုံခြုံတော့မှာပါ။ နောက်ကို သူ့ဘေးမှာ လရိပ် အမြဲတမ်း လိုက်နေတော့မှာပါ။ သစ္စာနဲ့ တည်ဆောက်သော နှလုံးသား အချင်းချင်း နားလည်မှုက ဘယ်အခါမှ ပျက်နိုင်လိမ့်မည် မဟုတ်ပါချေ။

သိင်္ဂါကျော်
6.3.2010
12:16 AM

13 comments:

ကေသရီ said...

သိင်္ဂါရေ နူးညံ့သိမ်မွေ့တဲ့ အချစ်ဝတ္တုလေးကို ဖတ်လိုက်ရတာ အရမ်းကောင်းပါတယ်။ အချစ်စစ်မှန်ရင် ပြန်လည်ဆုံဆည်းရတယ်လို့ ကြားဖူးတယ်။ လရိပ်တို့ အဖြစ်အပျက်လေးက ကြေကွဲစရာတွေ ရောလျှက်ရင်း ကြည်နူးစရာလေးတွေနဲ့ ဇာတ်သိမ်းသွားတယ်။ နောင်လည်းစာလာဖတ်ပါဦးမယ်နော်။

ကေသရီ said...

သိင်္ဂါရေ နူးညံ့သိမ်မွေ့တဲ့ အချစ်ဝတ္တုလေးကို ဖတ်လိုက်ရတာ အရမ်းကောင်းပါတယ်။ အချစ်စစ်မှန်ရင် ပြန်လည်ဆုံဆည်းရတယ်လို့ ကြားဖူးတယ်။ လရိပ်တို့ အဖြစ်အပျက်လေးက ကြေကွဲစရာတွေ ရောလျှက်ရင်း ကြည်နူးစရာလေးတွေနဲ့ ဇာတ်သိမ်းသွားတယ်။ နောင်လည်းစာလာဖတ်ပါဦးမယ်နော်။

ချော (အစိမ်းရောင်လွင်ပြင်) said...

သစ္စာနဲ့တည်ဆောက်ထားတဲ့ အားကျစရာ
အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ
ဖတ်ခွင့်ရတာ ကြည်နူးစရာကောင်းတယ်
အောင်စစ်လို ချစ်တတ်သူမျိုးကိုလေးစားမိတယ်
ခုလိုခေတ်မှာ ရှာမှရှားဖြစ်နေပြီ သိင်္ဂါရေ...
ဘာဘဲဖြစ်ဖြစ် သိင်္ဂါရဲ့အရေးအဖွဲ့နဲ့ ချစ်သူ၂ယောက်ရဲ့အချစ်ကြားမှာ နစ်မြောသွားရပါတယ်..

သဒ္ဓါလှိုင်း said...

သိင်္ဂါရေ..
ဝတ္ထုဖတ်ပြီးမျောသွားလိုက်တာ...။ သိပ်ချစ်တတ်တဲ့
ချစ်သူကောင်လေးနဲ့ကောင်မလေးကအားကျအတုယူစရာ
ပေါ့နော်။အပြင်လောကမှာလည်းအခုလိုသိပ်ချစ်တတ်တဲ့၊
သိပ်ပြီးသစ္စာရှိကြတဲ့ချစ်သူတွေဖြစ်နိုင်ကြပါစေလို့။

ခင်တဲ့
သဒ္ဓါ

ဝေလင်း said...

အားပါး.. စာတကယ် ရေးနိုင်တဲ့ သူပေပဲ။
ဝတ္ထုတိုလေး တကယ်ကောင်းတယ်။ ကျွန်တော်သာဆို ရေးပြီးသားစာထိုင်ရိုက်ဆိုတောင် ရိုက်နိုင်မှာမဟုတ်ဘူး။ blog သာရေးနေတာ စာရိုက်က တကယ်ပျင်းတာ။ အဲလိုဝတ္ထုတိုလေးတွေ ရေးတတ်ချင်တယ်ဗျ။

ဆောင်းနှင်းရွက် said...

အားးပါးးး
တကယ် စာရေးကောင်းတယ် ဗျာ ..

ကမ္ဘာပေါ်မှာ
ဝေးနေရတဲ့ ချစ်သူတိုင်း
အဲ့လို
သစ္စာတရားနဲ့ ယုံကြည်မှု့တွေ
တစ်ယောက်နဲ့ တစ်ယောက် အမြဲ
ရှိနေကြရင် ဘယ်လောက် ကောင်းမလဲနော် .. :)

♥ကိုဇော်♥ said...

ဆွတ်ပျံ့ကြည်နူးဖွယ်လေးပဲ....
ဒီလိုလေးတွေ တကယ် သစ္စာရှိရှိ ချစ်တတ်ကြရင် ကောင်းမယ်..
ချစ်တတ်ကြပါစေ...

ဝက်ဝံလေး said...

မ ရေ အဲလိုအချစ်မျိုးတော့ ဝတ္ထုထဲပဲရှိတယ်နဲ့တူတယ်နော် များသောအားဖြင့် အနေဝေးရင် သွေးအေးသွားတတ်ကြတာပဲလေ
ဘာပဲပြောပြော ဇာတ်လမ်းကောင်းလေးကိုတော့ အစ က နေ အဆုံးထိဖတ်သွားပါတယ်နော်
ပျော်ရွှင်ပါစေ မ ရေ

shwezinu said...

အမယ်လေး တော်သေးတာပေါ့ ဘာများဖြစ်သွားမလည်း လို့ စိုးရိမ်နေတာ
စာရေးကောင်းတယ် ရှည်ရှည်လေး ရေးစမ်းပါဗျာ.. နဲနဲလေး ထပ်တိုးပြီးတော့ များများဖတ်ရအောင်..

ကျေးဇူး
ရွှေစင်

Anonymous said...

ဒီဇာတ်လမ်းမျိုးကရိုးတယ်နော်..ဒီဇာတ်လမ်းမျိုးကအပြင်မှာမရှိနိုင်ပါတော့ပါဘူးဟာ..

flowerpoem said...

အဲလိုချစ်သူမျိုး၇တဲ့လူက အရမ်းကံကောင်းတာပဲ...

Angel Shaper said...

ဇာတ်လမ်းက အရမ်းဖတ်လို့ကောင်းတယ်။
အပြင်မှာတော့ အင်းးးးးးးးတော်တော်လေးကို ရှားမယ်ထင်ပါတယ်နော် :))))))

လသာည said...

ဝတ္တုလေးက ဖတ်လို့တအားကောင်းတာပဲ။ ကိုယ့်တွေ့လေးကို အခြေံခံတာလားဟင် :D
သိဂါင်္ကျော်လည်း အဲလိုအချစ်မျိုး ရရှိပိုင်ဆိုင်နိုင်ပါစေနော်။