08 April, 2010

အကောင်းမြင်၊ အဆိုးမြင် နှင့် လက်တွေ့ကျသောအမြင်

(မနက်ဖြန် သင်္ကြန်ပိတ်ရက်မို့ အိမ်ပြန်ပါတော့မယ်။ ဇာတိမြို့မှာ internet ဆိုင်တွေ ရှိပေမယ့် connection ကတော့ သိတဲ့ အတိုင်း သိပ်ကောင်းတာမဟုတ်လို့ Post အသစ်လည်း တင်ဖြစ်မယ် မထင်ပါ။ Blog ပေါ်ကနေ သုံးပတ်လောက် ပျောက်နေမယ့် အကြောင်း ခွင့်တိုင်သွားပါတယ်နော်..။ မသွားခင် ကိုဇော်ရဲ့ အမြင်များ ဆိုတဲ့ Tag post လေးကို ခပ်တိုတိုပဲ ရေးတတ်သလိုရေးပြီး တင်လိုက်ပါတယ်။)
-------------------------------------------------------------------------------------------------------------
"The pessimist complains about the wind; the optimist expects it to change; the realist adjusts the sails."
—William A. Ward

“အဆိုးမြင်သမားက လေမုန်တိုင်းထန်ရင် ဘယ်လိုလုပ်မလဲလို့ တွေးတယ်၊ အကောင်းမြင်သမားကတော့ ရာသီဥတုကောင်းသွားမှာပါလို့ မျှော်လင့်တယ်၊ လက်တွေ့သမားကပဲ ရွက်တွေကို ညှိရတယ်” လို့ William A. Ward က ပြောပါတယ်။

ကိုယ့်ကို အကောင်းမြင်သမားလားလို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အဆိုးမြင်သမားလား လို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး တစ်ခါတလေလည်း အကောင်းမြင်ပေးနိုင်တာ ရှိသလို တစ်ခါတလေလည်း အကောင်းမြင် မပေးနိုင်တာမျိုး ရှိတတ်တာပဲလေ။ များသောအားဖြင့်တော့ အမှန်ကို အမှန်အတိုင်း မြင်နိုင်အောင် တတ်နိုင်သမျှကြိုးစားပါတယ်။

အားလုံးသိကြတဲ့ ပုံပြင်ထဲကလို အကောင်းမြင်သမားက ရေတစ်ဝက်ရှိတဲ့ ဖန်ခွက်ကို တွေ့တော့ ရေတစ်ဝက်တောင် ရှိသေးတာပဲ လို့ ပြောတယ်၊ အဆိုးမြင်သမားကတော့ ရေတစ်ဝက်ပဲ ကျန်တော့တယ် လို့ ပြောပါတယ်။ တကယ်တော့ ဒီရေကို ခပ်ကတည်းက အပြည့်မလိုချင်လို့ တစ်ဝက်ထဲ ခပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ခွက်ထဲမှာ ရေတစ်ဝက်ရှိနေတဲ့ အဖြစ်မှန်ကိုသာ မြင်ဖို့ အရေးကြီးတာပါ။

ကိုယ်တို့ မြန်မာတွေကလည်း တကယ်တော့ အကောင်းမြင်သမားတွေများပါတယ်။ ကိုယ့်ဘဝကိုယ် ရောင့်ရဲတင်းတိမ် ကျေနပ်နေတတ်တာကလည်း အကောင်းမြင်တတ်တာပဲ မဟုတ်လား။ အဲလိုသာ အမြဲ အကောင်းမြင်ပြီး ကိုယ့်အခြေအနေကိုယ် ကျေနပ်နေရာကနေ တိုးတက်ဖို့ မကြိုးစားဘူး ဆိုရင်လည်း အဲဒါ ကောင်းတဲ့ ရလာဒ် မဟုတ်ပါဘူး။ ကိုယ့်အခြေအနေ ဘယ်လောက်ဆိုးနေတယ် ဆိုတာကိုလည်း အဆိုးမြင်သမား ရှုထောင့်ကနေ မြင်တတ်ဖို့ လိုပါတယ်။ ဆိုးတာကို ကောင်းတယ်လို့ အတင်းကြီး အကောင်းမြင်နေပြီး ပြင်ဆင်ဖို့ မကြိုးစားတာမျိုးကလည်း မမှန်ဘူးလို့ ထင်ပါတယ်။ ဆိုးတာကို ဆိုးတယ်လို့ အမှန်ကို အမှန်အတိုင်း မြင်တတ်မှသာ ပိုပြီးကောင်းအောင် ပြင်ဆင်ဖို့ အခွင့်အလမ်း ရှိမှာပါ။

ဒါပေမယ့် အဆိုးကို မှန်မှန်ကန်ကန် မြင်တာထက် ပိုပြီး အရာရာကို အပျက်သဘောချည်း မြင်နေတာမျိုးကတော့လည်း မကောင်းပါဘူး။ ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို မလုပ်ခင်ကတည်းက မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘောနဲ့ ရှုမြင်တာမျိုးကလည်း မအောင်မြင်မှုကို ဦးတည်နေတဲ့ အမြင်မျိုးပါ။ ပြဿနာ တစ်ခုကြုံလာရင် အဆိုးတွေပဲ တွေးတောပြီး ငြီးတွားနေရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြဿနာတွေကို အပြုသဘော အမြင်နဲ့ ရှုမြင်ပြီး စိတ်ရှည်သည်းခံမှုနဲ့ အဖြေရှာမှသာ ဘဝမှာ အောင်မြင်မှုတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အဆိုးမြင်တာရော အကောင်းမြင်တာရော နှစ်ခုစလုံးမှာ အစွန်းရောက်လွန်းတာကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ အဓိကတော့ လက်တွေ့ကျတဲ့ အမြင်နဲ့ ကြိုးစားအားထုတ်မှုပါပဲ။

လေ့လာချက်တွေအရ အကောင်းမြင် အပြုသဘော ဝါဒီတွေဟာ အသက်ပိုရှည်ကြတာကို တွေ့ရပါတယ်တဲ့။ အကောင်းမြင်သမားတွေမှာ သေဆုံးနှုန်း ၃၀ ရာခိုင်နှုန်းသာ ရှိပြီး အဆိုးမြင်ဝါဒီတွေမှာတော့ သေဆုံးနှုန်း ၅၇ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ အဆိုးမြင်ဝါဒီတွေမှာ heart attack နဲ့ တစ်ခြားရောဂါတွေ ပိုဖြစ်နိုင်ပြီး စိတ်ခံစားချက်ကြောင့် ဖြစ်ရတဲ့ ရောဂါတွေလည်း ပိုဖြစ်လွယ်တယ်လို့ ဆိုပါတယ်။

 အပြုသဘောအမြင်ဟာ ကောင်းမွန်တယ် ဆိုတဲ့အကြောင်း သေချာစေတဲ့ အကြောင်းတွေလည်း ရှိပါတယ်။ ဖြစ်နိုင်တယ်လို့ စိတ်ပိုင်းဖြတ်ပြီး အပြုသဘောနဲ့ ကြိုးစားခဲ့တဲ့အတွက် ရည်မှန်းချက် ပြည့်မြောက်ခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ပထမဆုံး ကိုယ်ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် အဆိုးကို အဆိုးအတိုင်း မြင်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးအမြင်နဲ့ကြည့်ပြီး ဘာတွေ လိုအပ်နေသလဲ၊ ဘာတွေ ပြုပြင်ဖို့ လိုနေသလဲ ဆိုတာ လက်တွေ့ကျကျ သုံးသပ်ကြည့်ရပါမယ်။ ပြီးရင်တော့ ဒါကို ပြင်ဖို့မလွယ်ဘူး၊ မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘော အတွေးမျိုး မတွေးပဲ အပြုစိတ်ထားနဲ့ လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးထားဖို့လိုပါတယ်။ အဲဒါမှသာ ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင် ပြင်ဆင်လို့ မရနိုင်တဲ့ ပတ်ဝန်းကျင်က အရာတွေကိုတော့ အဆိုးမြင်နဲ့ချည်း ကြည့်ပြီး စိတ်ပျက်လက်မှိုင်ချမနေပဲ အကောင်းဘက်က လှည့်တွေးသင့်ရင်လည်း တွေးရပါမယ်။ တစ်ချို့အရာတွေကျတော့လည်း လက်တွေ့ကျကျ မြင်နိုင်မှ အဆင်ပြေသွားတာပါ။ စာဖတ်သူရော ကိုယ့်ကိုယ်ကို ဘယ်လိုထင်ပါသလဲ...။ အကောင်းမြင်သမားလား...။ အဆိုးမြင်သမားလား...။ လက်တွေ့ကျကျ မြင်တတ်သူလား...။

သိင်္ဂါကျော်
8.4.2010
9:40 PM

13 comments:

မြစ်ကျိုးအင်း said...

ကိုယ့်ကိုကိုယ် အကောင်းမြင်သူလို့ ထင်မိတာပါပဲ။ လက်တွေ့ကျကျတွေးလေ့ရှိပြီး ရာဇဝတ်သား တစ်ယောက်မှာတောင် သူ့အကြောင်းပြချက်တော့ ရှိမှာပဲလို့ တွေးပေးလေ့ရှိတယ်။ ပြဿနာ တစ်ခုခုဖြစ်တိုင်း ဘယ်လိုခွင့်လွှတ်ရမလဲဘဲ တွေးဖြစ်တယ်။ ခက်တာက ခွင့်လွှတ်တတ် အလျော့ပေးတတ်တော့လည်း လူက တန်ဖိုးမဲ့ သလို နောက်ဆုံးမှပဲ ကိုယ့်ကို ထည့်တွက်ခံရတယ်။

လင်းကြယ်ဖြူ said...

အဆိုးမြင်သမား က ခွက်ထဲမှာ အရည် တစ်ဝက် လျော့
နေတာလို့မြင်တယ်....
အကောင်းမြင်သမား က ခွက်ထဲမှာ အရည် တစ်ဝက် ပြည့်နေပါလားလို့မြင်တယ်......အဲ ..
ဘီယာ ကြိုက်တဲ့ ငနဲကတော့ ငါ့ဘီယာကို ဘယ်ကောင်
တစ်ဝက်သောက်သွားတာတုန်းကွ ဆိုပြီး ဒေါသထွက်နေ
လေရဲ့....း )

အပြုသဘောပါတဲ့ စာစုတစ်ခုပါပဲ.....း )
ပျော်ပါစေ

*.*.*

မြတ်နိုး said...

ကောင်းလိုက်တဲ့ပို့စ်လေး..

အားကျလိုက်တာ... ပိတ်ရက်ရှည်ကြီး

ပိတောက်တွေများများရိုက်ပါ။ ငုဝါပန်းတွေရော..နော်..

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ......
တစ်ကယ်တော့ ကျွန်တော်တို့တွေ မြင်တတ်ဖို့ပဲ အရေးကြီးတာပါဗျာနော့်........။
(သူကတော့ သင်္ကြန်မှာ အိမ်ပြန်နှပ်တော့မယ်ပေါ့ဗျား.......း))
ခင်မင်တဲ့
ဏီလင်းညို

Flower said...

ကောင်းလိုက်တဲ့စာသားလေးတွေ
ကိုယ့်ကိုယ်ကိုလဲ ပြန်သတိပေးရဦးမယ်
အဆိုးမြင်မိတာတွေ များနေလို့
သင်္ကြန်မှာ ပျော်ရွှင် အဆင်ပြေပါစေသိင်္ဂါရေ
နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ ပျော်ပါစေ..း)း)

သဒ္ဓါလှိုင်း said...

အမြဲအကောင်းမြင်နိုင်အောင်ကြိုးစားနေပါတယ်သိင်္ဂါရေ.။
သိပ်ကောင်းတဲ့အမြင်လေးပါပဲနော်။အားလုံးလည်း
အမှန်ကိုအမှန်အတိုင်းမြင်နိုင်ပြီးအကောင်းဆုံး
အကောင်းမြင်နိုင်ဖို့မျှော်လင့်မိပါတယ်။
နှစ်သစ်ကူးသင်္ကြန်မှာ ပျော်ရွှင်စရာ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရေလည်းလောင်းလိုက်တယ်နော်.....ဗွမ်းးးးးးးးးးး

ခင်တဲ့
သဒ္ဓါ

ကေသရီ said...

သိင်္ဂါရေ
“အမြဲအကောင်းမြင်ပြီး ကိုယ့်အခြေအနေကိုယ် ကျေနပ်နေရာကနေ တိုးတက်ဖို့ မကြိုးစားဘူးဆိုရင်လည်းအဲဒါကောင်းတဲ့ ရလာဒ် မဟုတ်ပါဘူး” ဆိုတဲ့ စာလေးကို အရမ်းကြိုက်ပါတယ်။ လက်တွေ့ကျကျ မြင်တတ်သူဖြစ်အောင်ကြိုးစားဖို့ လိုတာပေါ့နော်။

ကိုဇော် said...

မြင်တာချင်းအတူတူ .. အဆိုးကို မြင်တော့ ကိုယ်ကလည်း ဘယ်စိတ်ချမ်းသာ ရမလဲ. . . အကောင်းကို မြင်သော နှစ်ဦး နှစ်ဖက် စိတ်အေးချမ်းတာပေါ့. . .

ရေးပေးတဲ့ အတွက် ကျေးဇူးပါ . . .

ပျော်ရွှင်ပါစေ
ကိုဇော်

ဂျစ်တူး ( မုံရွာ ) said...

သဋ္ဌက်န်ရက်မှာဘလောက်တခုလုံးရွှေဝါရောင်တွေသန်းနေ
လို့ လှပသစ်လွင်နေတာပါလားဟရို့ 
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ

မြတ်မွန် said...

မမရေ..သိပ်ကောင်းတဲ့ အတွေးပိုစ့်လေးပါပဲ။
ပညာရသွားပါတယ်။
မမကတော့ အကြာကြီးပျောက်အုံးမယ်ပေါ့။
မျှော်နေမယ် မမကျော်

မိုးဦးစံပယ် said...

"ပထမဆုံး ကိုယ်ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် အဆိုးကို အဆိုးအတိုင်း မြင်နိုင်ဖို့ လိုပါတယ်။"
အဲဒီစာသားကို အကြိုက်ဆုံးပဲ။

အဖြူရောင်နတ်သမီး said...

အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတဲ့အရာမို့...
အဆိုးကိုမြင်တွေ့ရက်သားနဲ့ (လူမိုက်အားပေးသလို)အကောင်းဘက်ကိုတော့မတွေးမိတာအမှန်ပါပဲ..။
အဲ...အဆိုးကို အကောင်းဘက်ရောက်အောင်တော့ တတ်နိုင်သလောက် ပို့ဆောင်လမ်းညွှန်ပေးရမှာပေါ့..။

တတ်နိုင်သလောက်တော့ အကောင်းမြင်ကြည့်ပေးပါတယ်....


တန်ဖိုးရှိသောစကားလုံးများကို မှတ်သားသွားပါတယ်...မသိင်္ဂါရေ...

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေရှင်....

purplemay said...

ညီမကကျတော့ အရင်တုန်းက သူများတွေဆိုရင် အကောင်းသိပ်မြင်တတ်တယ် ။ ကိုယ့်ကိုကိုယ်တော့ တတ်နိုင်သလောက် အမှန်အတိုင်းမြင်နိုင်အောင် ကြိုးစားခဲ့ပါတယ် ။ ခုတော့ သူများတွေကိုလည်း အမှန်အတိုင်း မြင်တတ်နေခဲ့ပြီ ။ အတွေ့အကြုံကြောင့် ထင်ပါရဲ့.....။ ရေးတတ်သလိုလေးရေးထားတာကို သေသေချာချာ ဖတ်တတ်သလိုလေး ဖတ်သွားပါတယ် အစ်မရေ...း)