Showing posts with label ဒီဇင်ဘာ. Show all posts
Showing posts with label ဒီဇင်ဘာ. Show all posts

01 December, 2016

ချိုသော မွေးနေ့ ဒီဇင်ဘာ


နှင်းစက် ဖွဲဖွဲ၊ မြူခိုးဝေဝေ၊
အေးစက်စက် အငွေ့အသက်နဲ့
ဒီဇင်ဘာက
ရောက်မြဲအတိုင်း ရောက်လာလေရဲ့။

ဓနုရာသီဖွား တစ်ယောက်ရဲ့ ဖြစ်တည်မှု အစ
သက္ကရာဇ်တစ်ခုရဲ့ နောက်ဆုံးခြေရာ
ချိုသော ဒီဇင်ဘာ။

ဒီဇင်ဘာ တွေ
တစ်ခါပြီး တစ်ခါ ရောက်ရောက် လာတော့
ဘယ်နှစ်ခါမြောက်လဲ လို့
ရေတွက် မကြည့်ချင်တော့ဘူး။
အိပ်မက် မက်ခြင်းကို နှစ်ခြိုက်သူ အတွက်
လက်တွေ့ဘဝက ခါးတားတား နိုင်လှတယ်။

ဘယ်လောက်လှတဲ့ ပန်းဖြစ်ပါစေ
ပွင့်ပြီးရင် ကြွေလေမှာ သေချာနေတဲ့အခါ
မကြွေခင် အချိန်ခဏ ဝေပြရမှာ ဘဝပါပဲ။

အိပ်မက် မက်သူက
မဖမ်းဆုပ်နိုင်တဲ့ စိတ်ကူးမိုးတိမ်ကိုပဲ တမ်းတ
ကိုယ့်ကိုယ်ကို ဗလာလူသားလို့ ထင်လားထင်ရဲ့။

တကယ်တမ်းတော့လေ
အိပ်မက် မက်သူက မရောင့်ရဲနိုင်တာသာ
လောကကို အလှဆင်နိုင်ခြင်းက
လက်ထဲ ရောက်လာတဲ့ ငွေကြေးနဲ့
တွက်ချက်ကြေးမှ မဟုတ်တာ။

မြေလေးလောက်အောင် ဆန်ကုန်သူ မဟုတ်ပါဘူး
နှစ် ၄၀ နားနီး တဲ့အထိ
ရုန်းကန်လာခဲ့တယ်၊  အားထုတ်လာခဲ့တယ်။
ငွေကြေးနဲ့ တွက်ချက်ကြေး မဟုတ်နဲ့ပေါ့။
အဓိပ္ပါယ်တွေ ရှိခဲ့ပါရဲ့လေ။

သိင်္ဂါကျော်

24 December, 2012

ခရစ္စမတ်ချစ်သူ (၃)


နှင်းသည်းသည်းထဲ
ခရစ္စမတ် မီးရောင်တွေ
လင်းလက်လှပတဲ့ ညတွေလည်း
ကောင်မလေးနဲ့ မတွေ့ခင်က
ကိုယ့်စိတ်ထဲ အေးစက်မှောင်မဲလို့။

ခရစ္စမတ်ညရဲ့ တစ်သက်မမေ့စရာ
နှင်းဝတ်စုံ ဖြူလွှလွှနဲ့ ချစ်စရာ ယုန်မလေးဟာ
ကိုယ်ရဲ့ ထာဝရကောင်မလေး ဖြစ်လာလိမ့်မယ်လို့
ကြိုမသိခဲ့ရိုးအမှန်ပါ။

ကောင်မလေးနဲ့ ချစ်ခြင်းထပ်တူကျပြီးတဲ့နောက်
ညတွေ ဘယ်လောက် ဆိုးနေနေ
ကိုယ့်စိတ်ထဲ လှပနွေးထွေးလို့။

နှင်းတွေမကျပေမယ့်
ခရစ္စမတ်ကတော့ အေးမြမြဲ
မီးရောင်စုံတွေ မခမ်းနားပေမယ့်
ခရစ္စမတ်ကတော့ လှပမြဲ။

ကောင်မလေးရေ
မင်းသာ ငါ့အနားမှာ ရှိနေပေးပါ
ခရစ္စမတ်တိုင်းလည်း လှနေမယ်။
နေ့တွေ ညတွေတိုင်းလည်း
လှနေမှာ အသေအချာ။

 (သိင်္ဂါကျော်)

ခရစ္စမတ်ချစ်သူ
ခရစ္စမတ်ချစ်သူ (၂)

24 December, 2010

ထူးမခြားနား ဒီဇင်ဘာ



ဒီဇင်ဘာတွေသာ အများကြီး ဖြတ်ဖြတ်သွားတယ်

ငါ့ဘဝထဲ ဘာမှလည်း မည်မည်ရရ မရှိခဲ့ပါဘူး။

Sweet December မှာ ငါ့ကိုမွေးလို့ ဒီဇင်ဘာကို ငါချစ်တယ်၊
ဒီတစ်ခုကလွဲရင်
လွမ်းစရာ အမှတ်တရလည်း မရှိ၊
ပျော်စရာ အမှတ်တရလည်း မရှိ၊
ဒီဇင်ဘာ.. ဒီဇင်ဘာ.. မြည်တမ်းနေရင်းလည်း
ငါ့ရင်ထဲမှာတော့ ဘလာဟင်းလင်း သက်သက်ပါ။

ခရစ္စမတ် ကို စိတ်ကူးနဲ့ရူး
အနားမှာ ရှိစေချင်တဲ့သူ ကလည်း
ဘယ်တော့မှ လာမှာမဟုတ်ခဲ့ဘူး။

ရေခဲမှုန်တွေ ကြဲပက်သလို
အေးစက် ကြမ်းရှ လေပြည်ထဲ
ငါတစ်ယောက်တည်း လမ်းလျှောက်လို့...။

“ဘဝကို ပျော်သလိုပဲနေတယ်”
အမြဲတမ်း ကြွေးကြော်နေရင်းလည်း
အထီးကျန်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...
ကိုယ့်ဘဝကို မနှစ်သိမ့်နိုင်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...နဲ့
အတွင်းလှိုက်စားဆဲ ဒဏ်ရာတွေလည်း မပျောက်နိုင်ဘူး။

ဒီလိုနဲ့ပဲ
ဒီဇင်ဘာက ထုံးစံအတိုင်း
၃၁ ရက်မှာ ပစ်ဖို့ အဟောင်းတွေ စုထား တဲ့
ငါ့ကို သတိပေးရင်း ဖြတ်လျှောက်သွားတယ်။
အသစ်က ဘာလဲ၊ အဟောင်းက ဘာလဲ၊
ငါကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး...
New Year ဆိုလည်း ကြိုလိုက်ရုံပေါ့။
မပြည့်နိုင်တဲ့ ဆုတောင်းတွေလည်း တောင်းဆဲပဲ။

၂၀၁၀ က တာဝန်က အနားယူပြီး
၂၀၁၁ က ခြေလှမ်းအသစ် စတော့မယ်၊
ငါ့ကိုယ်ငါတော့
ထူးမခြားနားတွေထဲက ခုထိ ဆွဲမထုတ်နိုင်သေးဘူး။

သိင်္ဂါကျော်
23.12.2010

22 December, 2009

ခရစ္စမတ်ချစ်သူ


ဒီဇင်ဘာ မို့ အပူချိန် Minus ရောက်နေပေမယ့် နှင်းတွေတော့ မကျသေးပါ။ ထုံးစံအတိုင်း မနက်မိုးအလင်းမှာ နေရောင်လင်းလာပေမယ့် အပူဓါတ်ကိုတော့ သိပ်မရ။ ကိုရီးယားမှာ နှစ်နှစ်ရှိခဲ့ပြီမို့ ဒီရာသီဥတုနဲ့တော့ အကျွမ်းတဝင် ရှိနေပါပြီ။ သူက ဒီဇင်ဘာမွေး၊ အေးတာကိုလည်း သဘောကျသူမို့ ဒီနိုင်ငံ ရာသီဥတုကို စိတ်မပျက်ပါ။ ကြိုးစား ရုံးကန်ရပေမယ့်လည်း ဒီမှာ စာသင်ရတာကိုလည်း သဘောကျပါသည်။ ဆရာတွေကလည်း တော်ကြသည်။ သဘောကောင်းကြပါသည်။ တစ်ခုပဲ ရှိသည်။ ဘာသာရေးနှင့် ပတ်သက်လို့တော့ ဆရာက အရမ်းဆွဲဆောင်ချင်သည်။ အဲဒီဆရာကလည်း သူတို့ အတန်းရဲ့ အဓိက ဆရာမို့ ငြင်းဆန်ဖို့ မဖြစ်နိုင်ပါ။ သူကယောင်္ကျားလေးလည်း ယောင်္ကျားလေးမို့ ဘာသာရေးကို ပြင်းပြင်းထန်ထန် မလုပ်ဖြစ်ပေမယ့် မိရိုးဖလာ ယုံကြည်မှုကတော့ ဖျောက်ဖျက်မရသော ယုံကြည်မှု အဖြစ်ရှိနေခဲ့ပြီးသား။ သူ့မိဘတွေကလည်း ဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဆိုတော့ ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး သိသင့်သလောက် သိသော်လည်း ဆရာ့ကို ပြန်ရှင်းပြလောက်သည်အထိ မတတ်ကျွမ်းတော့ ဒီအတိုင်းပဲ ပြောတာနားထောင်နေလိုက်သည်။ အဲလိုနဲ့ပဲ သူအပါအဝင် မြန်မာကျောင်းသား အားလုံးက ဆရာတွေနှင့် ဆက်ဆံရေး အဆင်ပြေဖို့ပဲ ရည်ရွယ်ပြီး Sunday School လည်း အပတ်တိုင်း တက်ဖြစ်နေကြသည်။ သောကြာ ညနေတိုင်း ရှိသော Bible Study ချိန်ကိုလည်း မပျက်ကွက်ရဲပါ။ ဆရာပြောဖူးသော စကားတစ်ခွန်းကို တော့ သူ ဘယ်တော့မှ မမေ့။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ များလို့ ဆင်းရဲနေတာ … တဲ့။ သူတို့ မြန်မာတွေ အားလုံး မခံချင်ပေမယ့် ပြန်မပြောတတ်လို့ ငြိမ်နေခဲ့ရသည်။ မပြန်ခင် တစ်နေ့နေ့ တော့ ဆရာ နားလည်အောင် ပြန်ပြောခဲ့ချင်ပါသည်။

သူမနှင့် စတွေ့ရတာလည်း Sunday School မှာပဲ ဖြစ်ပါသည်။ သူမတို့ အဖွဲ့က သူတို့ တက္ကသိုလ်က Conference တစ်ခုကို တက်ရောက်ရန် လာခြင်း ဖြစ်သည်။ သူမတို့ကလည်း သူတို့ ဆရာရဲ့ ဖိတ်ခေါ်မှုနဲ့ ရောက်လာကြသူများမို့ ရောက်ရောက်ချင်း ညဘက်မှာပဲ Sunday School ကို ရောက်လာကြခြင်း ဖြစ်သည်။ သူတို့အဖွဲ့ထဲက မိန်းကလေးတွေ အားလုံး နှင်းကာကုတ်အင်္ကျီရှည်ကြီးများ ဝတ်ထားကြသည်။ အပူပိုင်းနိုင်ငံက လာသူများ ထုံးစံ အတိုင်း ဒီရာသီဥတုကို စိုးရိမ်တကြီးနှင့် ပြင်ဆင်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဒီနိုင်ငံက မိန်းကလေးများကတော့ ဒီလို အင်္ကျီမျိုး ဝတ်လေ့မရှိကြပါ။ ဘယ်လောက်ချမ်းချမ်း ဖက်ရှင်ကျကျပဲ ဝတ်လေ့ရှိကြသည်။ အဲဒီလို နှင်းကာဂျာကင်မျိုးကို ယောင်္ကျားလေးများသာ ဝတ်လေ့ရှိတာပါ။ သူမတို့ ပုံစံက တစ်ခြားနိုင်ငံက ဆိုတာ သိသာနေသည်။ ထိုအဖွဲ့ကို မြင်မြင်ချင်းမှာပင် သူမကို သတိထားမိသွားခြင်း ဖြစ်သည်။ သူမက ချောလွန်း၊ တောက်ပလွန်းလို့တော့ မဟုတ်ပါ။ သူမက သူတကာထက် ဘာမှ ထူးထူးခြားခြား မရှိပါ။ သို့ပေမယ့် မျက်နှာလေးက ကလေးဆန်လွန်းသည်။ အညိုရောင် ဆံပင်ရှည်လေးများ အနားသတ်ထားသော မျက်နှာက အရုပ်မ မျက်နှာမျိုးလေး…။ အနက်ရောင် မျက်လုံးဝိုင်းလေးများက တောက်ပနေသည်။ ဓမ္မသီချင်း ဆိုဖို့ တန်းစီကြတော့ သူမက သူ့ဘေးမှာ ဖြစ်သွားသည်။ သူမ အရပ်ကလေးက သူ့ ပခုံးကိုပင် မမှီချင်။ ဖျတ်ခနဲ သူမကို ခိုးကြည့်မိတော့ မျက်တောင်စိပ်စိပ်တို့ ဝန်းရံထားသော မျက်ဝန်းတစ်စုံကို ဘေးတိုက် မြင်လိုက်ရသည်။ ပွင့်လိုက် ဟလိုက် နှုတ်ခမ်းလေးကို ကြည့်ရင်း သူ့ရင်တွေ ခုန်ချင်သလို ဖြစ်လာသည်။ projector screen က ဆိုနေကြ သီချင်းစာသားများကိုပင် မမြင်ချင်တော့။

သီချင်း ဆိုပြီး အချင်းချင်း မိတ်ဆက်ပေးတော့မှ သူမ နာမည်ကို သိလိုက်ရသည်။ သူမတို့ အဖွဲ့ အားလုံးနှင့် မိတ်ဆက်ပေးသော်လည်း သူမှတ်မိလိုက်တာ သူမ နာမည် တစ်ခုတည်းသာ ဖြစ်ပါသည်။ သူမ နာမည်က နှင်းဖြူဖြူ တဲ့။ သူမက နာမည်နှင့် လိုက်အောင်တော့ အသားမဖြူပါ။ သို့ပေမယ့် ထိုနာမည်လေးကို ကြားလိုက်ရသော သူ့ရင်မှာတော့ အေးမြမြလေး ခံစားလိုက်ရသည်။ သူမပြုံးလိုက်တော့ ပိုချစ်စရာ ကောင်းသွားသည်။ သူမမျက်နှာက သူတွေ့ဖူးသမျှ ကောင်မလေးတွေထဲမှာ အပြစ်အကင်းစင်ဆုံး…၊ အဖြူစင်ဆုံး ပုံစံ ပေါက်သည်။ ထိုတနင်္ဂနွေညက သူ့အတွက် အဓိပ္ပါယ်ရှိသွားလေပြီ။ အဲဒီညက သူမ အတွက် ကဗျာတစ်ပုဒ် ရေးဖြစ်သည်။

*****

သူတို့ ကျောင်းကို သူမတို့ အဖွဲ့ သုံးရက်လောက် လာသည်။ သူမ လာတိုင်းမှာ သူသွားနှုတ်ဆက်ဖြစ်သည်။ သူမကလည်း သူ့ကို မှတ်မိသွားပြီ။ တစ်ညကတော့ ကျောင်းထဲကနေ လိုင်းကား အတူစီးပြီး ညဈေးကို အားလုံး အတူတူ သွားဖြစ်ကြသည်။ နှင်းမကျပေမယ့် အေးစက်နေသော လေက မျက်နှာကို ခပ်ပြင်းပြင်းတိုးဝှေ့နေသည်။ ဒီလို ညမျိုးမှာ သူမ လက်ကို တွဲပြီး လျှောက်ချင်မိသည်။ သူမက ကလေး တစ်ယောက်လို အပြစ်ကင်း ပွင့်လင်းသည်။ ခရစ္စမတ်စ် အတွက် ထုံးစံ အတိုင်း လမ်းတိုင်းမှာ အကြီးအကျယ် မီးတွေ ထွန်းပြီး ပြင်ဆင်ထားကြတာကို တွေ့တော့ သူမက ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်။ သူမတို့ မိန်းကလေးတွေကို ဓါတ်ပုံရိုက်ပေးရသည်။ ဦးထုပ်တွေဆောင်း၊ မာဖလာတွေ ပတ်နှင့်မို့ မျက်နှာကိုပင် သိပ်မမြင်ရချင်ပါ။

နောက်တစ်ရက် ကျတော့ ခရစ္စမတ်…။ ဆရာတို့ ခြံကျယ်ကြီးထဲမှာ ပွဲလုပ်တော့ ကျောင်းကလူတွေ အားလုံးနှင့် အတူ သူမတို့ ဧည့်သည်အဖွဲ့လည်း ပါသည်။ သူမ နှင့် သူ အတွေ့အကြုံတွေ တော်တော်များများ ပြောဖြစ်ကြသည်။ သူမတို့ အားလုံးနှင့် သူတို့ ဒီက မြန်မာ ကျောင်းသား အားလုံးလည်း ရင်းနှီး သွားကြသည်။ အမှန်တော့ သူတို့ မြန်မာအားလုံးက ဗုဒ္ဓဘာသာတွေ…။ ဒါပေမယ့် ထုံးစံအတိုင်း ခရစ္စမတ်စ် သီချင်းတွေ အတူ ဆိုကြသည်။ မုန့်တွေ အတူစား.. ဝိုင် အတူ သောက်ကြရင်း အားလုံး ပျော်ပျော်ပါးပါး နွှဲကြသည်။
 

ပြန်ကာနီးတော့ နှင်းတွေ စကျလာသည်။ တဖြည်းဖြည်း… တဖွဲဖွဲ… တစ်စတစ်စ နဲ့ သူတို့ ဦးထုပ်တွေပေါ်မှာ နှင်းစက်တွေ ကပ်ငြိကုန်ကြသည်။ သူမကတော့ ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်။ လမ်းတွေ ပေါ်မှာ အဖြူရောင် ဝါဂွမ်းတွေ တစ်ဆုပ်စီကြဲထားသလို ပြန့်ကြဲနေသည်။ လမ်းဘေး သစ်ပင်တွေ ပေါ်မှာလည်း နှင်းတွေ တစ်ဆုပ်စီ တစ်ခဲစီ...။ လက်တွဲတဲ့ အခြေအနေ မဟုတ်ပေမယ့် သူမ အတူ ယှဉ်လျှောက်နေရင်း စည်သူလွင် ရဲ့ သီချင်းတစ်ပုဒ်ကို သတိရမိသည်။ 

“ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ တွေ့ခဲ့သူ ချစ်ဦး … အေးချမ်းခြင်းများ ပေးအပ်မယ့်သူ မင်းရယ်… ဒီရင်ခွင်မှာလေ..  ထာဝရ မင်းပဲ ရှိနေမယ်..”
“ဒီ ခရစ္စမတ်စ် ရာ ငွေနှင်းလေး ကျချိန်မှာ ပျော်ခဲ့ပေါ့ မင်းရယ်ငါ .. အို အချစ်များစတဲ့ နေ့မှာပဲ..
အို အချစ်ဆိုတာ ကြယ်ရောင်ရယ်လင်းပြီ .. အချစ်သက်သေရယ်.. တိုင်တည်ထားခဲ့ပြီ ..”

သူမဘက်က သူနဲ့ ပတ်သက်ပြီး တစ်ခုခု လှုပ်ခတ်မှု ရှိမရှိ သူ မသိပေမယ့် … သူ့ရင်ထဲမှာတော့ သူမ ရှိနေခဲ့ပြီ ဆိုတာ သေချာသည်ထက်သေချာနေခဲ့ပြီ။ စိတ်ဝင်စားဖူးသော ကောင်မလေးတွေ ရှိပေမယ့် ဒီလောက်အထိ နှစ်နှစ်ကာကာ တစ်ခါမှ မဖြစ်စဖူး…။ မြင်မြင်ချင်းမှာပင် သူမက သူ့ဖူးစာရှင်ရယ်လို့ နှလုံးသားက သိရှိသွားခဲ့တာ…။ တစ်ချိန်မှာ သူ့နှလုံးသားကို သူမ နားလည်လာမည့် နေ့သို့ ရောက်လိမ့်မည် လို့ သူ မျှော်လင့်ပါသည်။
*****

မြင်မြင်ချင်း ချစ်တယ် ပြောလိုက်ရင် သူမ မယုံကြည်မှာစိုးသည်။ ပြီးတော့ ဧည့်သည်ကို စော်ကားသလို ဖြစ်သွားမှာ စိုးသည်။ ဒါနဲ့ပဲ ခရစ္စမတ် အပြီး နောက်တစ်ရက်မှာ သူမတို့ ပြန်သွားသည် အထိ သူဘာမှ မပြောလိုက်ရပါ။ ဒါပေမယ့် mail တော့ တောင်းထားလိုက်ပါသည်။ သူမရဲ့ gmail ကို invite လိုက်တော့ သူမက လက်ခံလိုက်ပေမယ့် online မှာတော့ သိပ်မတွေ့ဖြစ်ကြပါ။ သူက ညဘက်ကျမှ သုံးဖြစ်သည်။ သူမက နေ့လည်ပဲ သုံးတာများသည်။ သူက forward mail တွေရော... သာကြောင်း မာကြောင်း မေးသည့် mail တွေရော အားတဲ့အချိန်မှာ ပို့ခဲ့ပါသည်။ သူမက တစ်ခါတလေ မှာတော့ ခပ်တိုတို စာပြန်ပါသည်။ သူမ ကျောင်းပိတ်ရက် အိမ်ပြန်မှာတို့… စာမေးပွဲရှိလို့ စိတ်ညစ်နေတာတို့… စသည်ဖြင့် သူမ ဘက်ကလည်း အကြောင်းကြားချင်တာရှိလျှင် သူ့ကို mail ပို့တတ်လာသည်။

နောက်တော့ သူ နေ့ခင်းဘက် သုံးဖြစ်လျှင် သူမနှင့် တစ်ခါတလေ chat ထဲမှာ တွေ့ဖြစ်သည်။ နှုတ်ဆက်ကြသည်။ ကိုယ်လုပ်နေသော Research ရဲ့ အခက်အခဲတွေ အကြောင်း၊ အတွေ့အကြုံတွေ အကြောင်း မျှဝေ ဖြစ်ကြသည်။ တဖြည်းဖြည်းနဲ့ သူတို့ နှစ်ယောက် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလို ဖြစ်လာသည်။ တကယ်တော့ သူက သူမထက် ၅ နှစ်လောက်တော့ ကြီးပါသည်။ အဲဒါကြောင့်လည်း သူမက သူ့ကို သူငယ်ချင်း တစ်ယောက်လို အပြင် အစ်ကိုကြီး တစ်ယောက်လိုလည်း သဘောထားသည်ဟု ပြောဖူးပါသည်။ သူကတော့ သူမကို ညီမလေး တစ်ယောက်လိုတော့ သဘောမထားနိုင်ပါ။ ဒါပေမယ့် သူ့အချစ်ကလည်း ဖြူဖြူစင်စင် အချစ်သာ ဖြစ်ပါသည်။ ပိုင်ဆိုင်ရတာ.. မပိုင်ဆိုင်ရတာကို အရေးမလုပ်လိုတဲ့ အချစ်မျိုးနဲ့ သူမကို ချစ်မြတ်နိုးမိနေခြင်းသာ။ သူ့ဘက်က ဘယ်လောက် ချစ်နေပေမယ့် လူချင်းတွေ့တာ မဟုတ်ပဲနဲ့တောင် သူမကို ဖွင့်ဟဖို့ ခက်နေခဲ့ပါသည်။ သူမက ရိုးရိုးသားသား ခင်မင်နေတာကို သူက ဖွင့်ပြောလိုက်မှ စိတ်ဆိုးပြီး အခင်အမင် ပျက်သွားမှာလည်း စိုးသည်။ သူ တစ်ယောက်တည်း သူမကို တိတ်တိတ်ဆိတ်ဆိတ် ချစ်နေခွင့် ရတာနဲ့ပဲ လောလောဆယ်တော့ ကျေနပ်နေရပါသည်။
*****

သူမနှင့် စတင်ခင်မင်ခဲ့ပြီး နှစ်နှစ်မြောက် ခရစ္စမတ်မှာ သူ မြန်မာနိုင်ငံကို ခဏပြန်လာခွင့် ရခဲ့ပါသည်။ ကျောင်းကတော့ မပြီးသေး…။ နောက်ထပ် တစ်နှစ်ကျော်လောက် ကျန်ပါသေးသည်။ သူ့အမေကလည်း ကျန်းမာရေး မကောင်းတာ အကြောင်းပြပြီး ပြန်လာခိုင်းသောကြောင့် ခရစ္စမတ် ပိတ်ရက်မှာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ပြန်ဖို့ စီစဉ်နေကတည်းက သူမကို သတိရပြီး သူမကို တွေ့ဖြစ်အောင် သွားတွေ့မည်ဟု စိတ်ကူးနှင့် ပျော်နေခဲ့သည်။ သူ တစ်ယောက်တည်း ပြုံးနေမိသောကြောင့် သူငယ်ချင်းများကပင် စနောက်ကြသေးသည်။

သူပြန်လာမည် ဆိုတာ သူမကို ပြောလိုက်ပါသည်။ သူမကို ချစ်နေတဲ့ အကြောင်းကိုပါ ဇွတ်တိုးပြီး ပြောလိုက်သည်။ သူနှင့် တွေ့လျှင် အဖြေပြန်ပေးဖို့ စဉ်းစားပါလို့… ပြောပြီး သူမ ဘာမှ ပြန်မပြောခင်မှာ သူက အရင် ထွက်ပစ်လိုက်သည်။ စိတ်ဆိုးလည်း တွေ့မှပဲ တောင်းပန်တော့မည် ဟု စိတ်ကူးသည်။ သူမ အဆောင်ကို သူသိထားသည်။ သွားတွေ့ဖြစ်အောင် တွေ့ရမည်လေ..။

သို့ပေမယ့် သူ ရန်ကုန်ရောက်တော့ သူမက အဆောင်မှာ မရှိတော့ပါ။ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ အိမ်ပြန်သွားလေပြီ။ သူမအိမ်က မန္တလေးမှာ ဆိုတာ သိပေမယ့် လိပ်စာ အတိအကျ မသိပါ။ သူမက သူ့ကို စိတ်ဆိုးလေသလား မသိ၊ အိမ်ပြန်တာကို သူ့ကိုလည်း ပြောမသွားပါ။ သူ့မှာ သူမကို တွေ့ချင်လွန်းလို့ အရူးတစ်ပိုင်း ဖြစ်ရတော့သည်။ online တက်တော့လည်း သူမကို မတွေ့ရပါ။ အိမ်ပြန်တုန်းမှာ internet နဲ့လည်း အဆက်ဖြတ်ထားပုံရသည်။ သူမကို mail ပို့ပြီး တောင်းပန်ရင်း တွေ့ချင်ကြောင်း ပြောထားပေမယ့် reply ပြန်မလာပါ။ လေးရက်လောက် အချိန်ကုန်သွားသည်။ သူနေမှာက ၁၀ ရက် တည်း…။ သူမကို မတွေ့ရပဲ ပြန်ရတော့ မလားမသိပါ။

ကံကောင်းချင်တော့ မန္တလေးက သူငယ်ချင်းတွေက သူ့ကို ခရစ္စမတ်လာဖို့ ဖိတ်ကြသည်။ တစ်ယောက်က ခရစ်ယာန်မို့ သူတို့ ခြံထဲမှာ ပွဲလုပ်နေကြ။ ကျောင်းတက်တုန်းက တစ်ခါရောက်ဖူးသည်။ အခု သူပြန်ရောက်နေတာ ကြားပြီး လာလည်ဖို့ ဖိတ်ခြင်း ဖြစ်သည်။ သူကလည်း မန္တလေးကို သွားချင်နေတာနဲ့ အတော်ဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမ ရှိသော မြေကို နင်းရတော့လည်း သူမနှင့် ပိုနီးစပ်လာသလို ခံစားရသည်။ မလာခင် သူမကို သူ မန္တလေး လာမည့် အကြောင်းလည်း mail ပို့လိုက်သည်။ ပြီးတော့ ကဗျာတစ်ပုဒ် လည်း ပို့လိုက်သေးသည်။

မန္တလေးရောက်တော့ Internet ဆိုင်ဝင်ပြီး mail စစ်တော့ သူမ ဆီက စာတစ်စောင် ရောက်နေတာတွေ့တော့ သူပျော်သွားသည်။ သူမက အိမ်ဖုန်းနံပါတ် ပေးထားပြီး နောက် ငါးရက်လောက် မန္တလေးမှာ ရှိဦးမည် ဟု ရေးထားသည်။ အိမ်က ယူလာသည့် သူ့ mobile ဖုန်းနှင့် ချက်ချင်း ဆက်တော့ သူမနှင့် တန်းတွေ့သည်။ သူမက သူ့ကို စိတ်မဆိုးတော့ပါ ဟု ပြောသော်လည်း အိမ်လိပ်စာကိုတော့ လုံးဝမပေး။ အိမ်မှာက သူမ မိဘတွေပါ ရှိမှာ ဆိုတော့ သူ့ကို မလာစေချင်တာ သူ နားလည်နိုင်ပါသည်။ သူမရှက်နေဦးမည် ဆိုတာလည်း နားလည် ပေးလိုက်ပါသည်။ သူမ ရန်ကုန်ပြန်ရောက်ချိန် သူမပြန်ခင် တစ်ခါလောက် တွေ့ဖို့ကိုပင် သူမက သေချာကတိမပေးပါ။ အခုတော့ ဖုန်းပြောရတာလောက်နဲ့ပင် ကျေနပ်လိုက်ရပါသည်။
*****

ခရစ္စမတ်ညချမ်းက ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် လှပမြဲ လှပနေပါသည်။ သူငယ်ချင်းရဲ့ ခြံထဲမှာ လူတွေ စုံနေလေပြီ။ သူလည်း သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာပြီမို့ စကားပြောလို့ မကုန်နိုင်အောင် ဖြစ်နေဆဲ မှာပဲ.. တစ်ချိန်က သူမနှင့် အတူ ရှိခဲ့ဖူးသော ခရစ္စမတ် တစ်ညကိုလည်း သတိရနေသေးသည်။

သူငယ်ချင်းက သူနှင့် လက်ထပ်တော့မည့် ချစ်သူ ကောင်မလေးနဲ့ သူ့ကို မိတ်ဆက်ပေးမည် ဆိုပြီး မိန်းကလေး အဖွဲ့တစ်ခုနား ခေါ်သွားသည်။ အဲဒီမှာပဲ သူ့ခရစ္စမတ်က ပိုလင်းလက် သွားတော့သည်။ ထိုမိန်းကလေး အဖွဲ့ထဲမှာ သူမပါသည်။ သူမက သူ့သူငယ်ချင်းနှင့်ရော၊ သူငယ်ချင်းရဲ့ ချစ်သူနဲ့ပါ ငယ်သူငယ်ချင်းတွေ ဖြစ်နေသည်။ ကဲ ကောင်မလေးရေ.. ဘာတတ်နိုင်သေးလဲ.. ခုတော့ မင်း မရှောင်နိုင်တော့ဘူး မဟုတ်လား…။ ဖူးစာမှန်လို့ ပြန်တွေ့ကြတယ်လို့ မှတ်လိုက်ရမလား ကောင်မလေးရေ…။

သူငယ်ချင်းတွေက သူတို့ နှစ်ယောက်သိနေကြတာကို အံသြနေကြသည်။ သူမကို တွေ့ရလို့ သူပျော်သွားတာကိုလည်း သူငယ်ချင်းတွေက ရိပ်မိကုန်ကြပြီး ထုံးစံအတိုင်း စကြနောက်ကြတော့သည်။ သူမကလည်း သိပ်တော့ စိတ်ဆိုးပုံမရ…။ သူများတွေ ရှေ့မှာ မို့လား မသိ… အရယ်အမော မပျက်ပါ။ နောက်တော့ သူငယ်ချင်းများက ရှောင်ပေးကြပြီး သူတို့နှစ်ယောက်တည်း စကားပြောဖြစ်ကြသည်။ အဲလိုတော့လည်း သူမက အေးအေးဆေးဆေးပါပဲ။ မပြန်ခင် အလုပ်တွေ ရှုပ်နေလို့ သူ့ကို mail မပို့ဖြစ်တဲ့ အကြောင်း ပြောသည်။ သူပြောထားတာကို ဘယ်လို သဘောရသလဲ ဆိုတော့ စိတ်မဆိုးပါဘူး ဆိုပြီး ဝေ့လည်ကြောင်ပတ်လုပ်နေသည်။ ဂျင်းဘောင်းဘီရှည်၊ အနွေးထည်ရှည်ရှည် နှင့် သိုးမွေးဦးထုပ်လေး ဆောင်းထားသော သူမ ပုံစံက ကလေးလိုလို ချစ်စနိုးနှင့် အသည်းယားစရာလေး ဖြစ်နေသည်။ အအေးဓါတ်ကြောင့် ရဲနေသော သူမပါးလေးကို ဖျစ်ပြီး စချင်စိတ်ကိုတောင် မနည်းထိန်းထားရသည်။ ပွင့်ပွင့်လင်းလင်း အဖြေမပေးသေးပေမယ့် သူမ သူ့အပေါ် ရက်စက်မှာ မဟုတ်ဘူး ဆိုတာတော့ ယုံကြည်နေမိသည်။

ပျော်ပျော်ပါးပါး သီချင်းဆိုကြတော့ အားလုံး မဆိုမနေရဆိုပြီး သူငယ်ချင်းတွေက ကျပ်ကြသောကြောင့် သူမက Last Christmas သီချင်းကို ဆိုသည်။ သူမ အသံက Taylar Swift အသံနှင့်ပင် တူသလို ထင်ရပြီး ချိုချိုအေးအေးလေး…။ 


ကိုယ့်အလှည့်ကျတော့ စည်သူလွင်ရဲ့ ခရစ္စမတ်နေ့ချစ်သူ သီချင်းကို ဆိုလိုက်သည်။
“ခရစ္စမတ်မှာ စတွေ့ခဲ့ရတဲ့ ကျွန်တော့ရင်ထဲက တစ်စုံတစ်ယောက် အတွက်ပါ” ဆိုတော့ အားလုံးက လက်ခုပ်တီးကြသည်။



“ ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ ချစ်ခဲ့ကြသူ မင်းရယ် ….

ဒီ ခရစ္စမတ်စ် ရာ ငွေနှင်းလေး ကျချိန်မှာ ပျော်ခဲ့ပေါ့ မင်းရယ်ငါ .. အို အချစ်များစတဲ့ နေ့မှာပဲ..
အို အချစ်ဆိုတာ ကြယ်ရောင်ရယ်လင်းပြီ .. အချစ်သက်သေရယ်.. တိုင်တည်ထားခဲ့ပြီ .. အိုး…

ကိုယ်တို့ နှစ်ဦး ချစ်တာ အားလုံးသိထားခဲ့ ... ကြင်နာခွန်းဆက်မယ်..တို့ရဲ့ ခရစ္စမတ်စ် လေး..

ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ တွေ့ခဲ့သူ ချစ်ဦး … အေးချမ်းခြင်းများ ပေးအပ်မယ့်သူ မင်းရယ်… ဒီရင်ခွင်မှာလေ..  ထာဝရ မင်းပဲ ရှိနေမယ်..

နှင်းမှုံတွေ ပျံကြဲတဲ့ လမ်းပေါ်မှာ အချစ်များနဲ့ နွေးစေပါ အို လက်ချင်းတွဲလို့ သွားမယ်.. ချမ်းနေရင် ထွေးဖက်လို့ထား… တို့ အချစ်စိတ်ကြောင့် ကြယ်ရောင်များ လင်းလာ အနွေးဆုံး…
ကိုယ်တို့ နှစ်ဦး ချစ်တာ လောကကြီးသိခဲ့.. ကြင်နာခွန်းဆက်မယ်.. ခရစ္စမတ်စ် လေး..

ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ တွေ့ခဲ့သူ ချစ်ဦး … အေးချမ်းခြင်းများ ပေးအပ်မယ့်သူ မင်းရယ်… ဒီရင်ခွင်မှာလေ..  ထာဝရ မင်းပဲ ရှိနေမယ်.. ”




သူမကို ကြည့်လိုက်တော့ သူမကလည်း ပြုံးနေသည်။ သူ ဆိုပြီး ဆင်းလာတော့ သူမက ပြောသည်။ “နှင်းလည်း ဒီသီချင်းကို အရမ်းကြိုက်တာ..” တဲ့။ သူမမျက်လုံးထဲမှာလည်း ကြည်နူးမှု အရိပ်အယောင်တွေကို သူ မြင်နေရပါသည်။ နှင်းတွေ မကျပေမယ့်လည်း နှင်းဖြူဖြူ ဆိုသော ကောင်မလေး တစ်ယောက် ရှိရုံနှင့်ပင် သူ့ခရစ္စမတ်က လှနေပါသည်။ သူမ အပေါ် သူ့ မြတ်နိုးခြင်းတွေ အတွက်လည်း အသွားအပြန်ရှိလိမ့်မည် လို့ ယုံကြည်ထားပါသည်။ ကိုယ့် တစ်သက်တာလုံးမှာ နှင်းဖြူဖြူ တွေ ထာဝရ ကျစေချင်တာပါ ကောင်မလေးရယ်…။

သိင်္ဂါကျော်
22.12.2009
10:32 PM


01 December, 2009

ချိုသော မွေးနေ့ ဒီဇင်ဘာ



နှင်းမကျတဲ့ နေရာမှာ မွေးပေမယ့်
ဒီဇင်ဘာရဲ့ နှင်းတွေကို ငါချစ်တယ်
ခပ်ပြင်းပြင်း မတိုက်တဲ့ မြောက်လေထဲ
နှင်းရနံတွေ ဝေနေတာကို ကြိုက်တယ်။

တိတ်ဆိတ်တဲ့ တောအုပ်ထဲ
သစ်ပင်ထိပ်ဖျားမှာ အဖြူရောင်နှင်းတွေ
နေမပြင်းခင် ဝေနေတာကို သဘောကျတယ်၊
ခပ်ဖွဲဖွဲပဲပေါ့…
ဆောင်းဦးသစ်ရွက်တွေကိုတော့
မချွေစေချင်ပါဘူး။

လရောင်အောက်မှာ
ဦးထုပ်မဆောင်းပဲ လမ်းလျှောက်နေတုန်း
ပထမဆုံးနှင်းတွေ ကြွေတာမြင်လို့
ပျော်သလို အပျော်မျိုးက
ဒီဇင်ဘာရဲ့ အလှတရားပဲ။

တောင်ပေါ်သူ မဟုတ်ပေမယ့်
နှင်းမြူဆိုင်းတဲ့ တောင်တန်းတွေကိုလည်း
မက်မက်မောမော ကြည့်ချင်တယ်။
အဲဒီနှင်းစက်တွေကို တောင်းပန်ချင်တာ
မြက်ခင်းစိမ်းပေါ်ကိုတော့
ကြိုက်သလောက် ဖြန့်ကျဲလိုက်ပေါ့၊
ဆောင်းပန်းပွင့်တွေ အပေါ်တော့
ညင်ညင်သာသာလေးပဲ ကျပါနော..။

“ပြည်မှာဆောင်း” ဆိုတဲ့
ခင်ဝမ်း သီချင်းကို ကြားရင်
ဘယ်နေရာ ရောက်ရောက်
မွေးရပ်ကို လွမ်းတယ်။

1st December ရဲ့ နံနက်ခင်း မှာ
ဒီလောကထဲကို စရောက်ခဲ့တယ်
ချမ်းသာ ဆင်းရဲ ဘယ်လိုပဲ ဖြစ်ဖြစ်
ဘုရားအလို အတိုင်းပဲလို့
ပျော်ပျော်နေခဲ့ပါတယ်၊
သမီးကို ခေါ်ဆောင်ခဲ့လို့
ကျေးဇူးပါပဲ မေမေ…။

ချမ်းအေးတဲ့ ဟေမန်ဆောင်းကို ချစ်တယ်…
Sweet December ကို ချစ်တယ်…
ငါ့ကို ချစ်တဲ့
သူငယ်ချင်းတွေ အားလုံးကို ချစ်တယ်…
ခရစ်ယာန် မဟုတ်ပေမယ့်
ခရစ္စမတ်စ် ကိုလည်း ချစ်တယ်…
ဒီဇင်ဘာရေ…
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
ခွန်အားပေးပါနော်…။

သိင်္ဂါကျော်
1.12.2009
2:11 PM