13 May, 2013

အောင်မြင်မှုအတွက် အကောင်းမြင်ဝါဒ

အကောင်းမြင် အပြုသဘော တွေးတောခြင်းဟာ ဘဝအောင်မြင်မှု အတွက် သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ လူတိုင်းမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အကောင်းမြင်တတ်ခြင်းနဲ့ သူတို့ လုပ်နေတဲ့ အရာအပေါ်မှာ စိတ်အားထက်သန်မှု ရှိခြင်းပဲ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကြောင်း အလုပ်မှာ အောင်မြင်ကျော်ကြားနေသူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ အောင်မြင်မှုကို ရရှိဖို့ အတွက် ရိုးရှင်းတဲ့ အကြံဥာဏ် တစ်ခုကနေ စတင်ခဲ့ပြီး စစ်မှန်တဲ့ ဆန္ဒနဲ့ အပြုသဘော ရှုမြင်တတ်မှုက သူတို့ ဆန္ဒကို အမှန်တကယ် ဖြစ်လာစေခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့မှာ ခဏတဖြုတ် လုပ်ချင်စိတ်တွေ ဖြစ်လာအောင် တွန်းအားပေးတဲ့ အကြံဥာဏ်တွေကတော့ အများကြီး ရှိခဲ့ကြတာပါပဲ။ အဲဒီထဲကမှ အနည်းငယ်သော အကြံဥာဏ်လေးတွေလောက်ပဲ ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ဖြစ်လာပြီး အကောင်အထည်ဖော်တဲ့ အချိန်မှာ အခက်အခဲတွေ ရှိရင်လည်း ရအောင် ကျော်လွှားပြီး အောင်မြင်မှုဆီ ဦးတည်တတ်တာပါ။

ကျွန်တော်တို့ရဲ့ အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာဘဝ၊ ပညာရေး၊ စတာတွေမှာ ကိုယ်ပိုင် ရည်ရွယ်ချက် ရည်မှန်းချက်တွေ ထားရှိတတ်ကြပါတယ်။

အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်အောင် ဘယ်လို အကောင်အထည်ဖော်မလဲ။

ရည်မှန်းချက်တော့ ချထားပါရဲ့၊ ဒါပေမယ့် အခက်အခဲတွေ ကြုံလာတဲ့အချိန်မှာ စွန့်လွှတ်ရမှာလား။

ရုတ်တရက် ပျက်စီး ကျိုးပျက်သွားနိုင်တဲ့၊ ဖိအားတွေ ဖြစ်လာနိုင်တဲ့၊ ဘယ်တော့မှ တကယ့် ရည်မှန်းချက် အဖြစ် မရောက်နိုင်တဲ့ အကြံဥာဏ်တစ်ခု အပေါ်မှာ ကျွန်တော်တို့ စိတ်အားထက်သန် နေမိတာလား။

ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု နဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ ဘယ်လို ထိန်းသိမ်းထားမလဲ။

အောက်ပါ ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာ ကျင့်သုံး ကြည့်စေချင်ပါတယ်။

အမြဲတမ်း အပြုသဘော တွေးတောပြီး သင့် လုပ်နိုင်စွမ်းကို ယုံကြည်ပါ

အောင်မြင်တဲ့ လူတွေရဲ့ ကွာခြားချက်က စိတ်အားထက်သန်မှု ရှိတယ်၊ သူတို့ ပန်းတိုင်ကို သူတို့ ယုံကြည်တယ်၊ သူတို့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်လိမ့်မယ်ဆိုတာ သူတို့ သိထားတယ်။ သူတို့ မျှော်လင့်ရုံ မျှော်လင့်တာ မဟုတ်ဘူး၊ ဒါကို သေချာ သိထားတာပါ။ သူတို့က သူတို့ လမ်းဆုံး ပန်းတိုင်နဲ့ ပတ်သက်ပြီး အမြဲတမ်း အကောင်းမြင် အပြုသဘောပဲ တွေးတောတယ်။ သူတို့ ဘယ်တော့မှ မကောင်းမြင် အပျက်သဘောတွေ ခဏလေးတောင်မှ သူတို့ စိတ်ထဲကို အဝင်မခံဘူး။
သူတို့ ဘယ်တော့မှ အလွယ်တကူ မစွန့်လွှတ်ဘူး၊ ဒါပေမယ့် သူတို့ ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို အဆုံးအထိ တိုက်ခိုက်တတ်ကြတယ်။ သူတို့အတွက် သူတို့ ရည်မှန်းချက်ကို လွှတ်ချလိုက်တာက ရွေးချယ်စရာ တစ်ခု မဟုတ်ပါဘူး။ သူတို့ရဲ့ အောင်မြင်မှုကို တားဆီးမယ့် အရာက ဘယ်လောက် ကြီးပါစေ မကြောက်ရွံတတ်ဘူး။ ဒီလူတွေက သူတို့ရဲ့ ပန်းတိုင်ကို သွားဖို့ လမ်းမရှိရင်တောင် ကိုယ်တိုင်ဖောက်ပြီး သွားတတ်တဲ့ လူတွေပါ။

သူတို့က တကယ့်ကို အရည်အချင်းရှိတဲ့ လူတွေ ဖြစ်ပြီးတော့ ကျွန်တော်တို့နဲ့ အရမ်းကို ကွာခြားနေသလား။ ထူးဆန်းသလိုတော့ ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လည်း ကျွန်တော်တို့ ရည်မှန်းချက်ကို အာရုံစူးစိုက်ဖို့ ကူညီပေးမယ့် ကျွန်တော်တို့စိတ်ထဲက အောင်မြင်ခြင်းမီးတောက်ကလေး ကို ရိပ်သိမ်းနိုင်ကြပါတယ်။ အဲသလို အောင်မြင်ဖို့ဆိုရင် သင်လည်း ဘဝကို အပြုသဘော နည်းလမ်းနဲ့ပဲ ချဉ်းကပ်ရပါလိမ့်မယ်။ ဒါက အောင်မြင်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး အဆင့်ပဲ ဖြစ်ပါတယ်။ သင်က အကောင်းမြင်သမား တစ်ယောက် မဟုတ်ဘူး၊ အပြုသဘော တွေးတတ်တဲ့သူ မဟုတ်ဘူး ဆိုရင်တော့ သင်ဘယ်လို နည်းလမ်းမျိုးတွေနဲ့ပဲ ကြိုးစား ကြိုးစား သင့် ရည်မှန်းချက်ကို ရောက်ဖို့က အခွင့်အလမ်း အနည်းငယ်သာ ရှိမှာပါ။ အပြုသဘော တွေးတောတတ်မှုက သင့်ကို သင့်ရဲ့ အောင်မြင်မှုဆီကို လမ်းပြပေးမှာ ဖြစ်ပါတယ်။

တိကျ သေချာတဲ့ ရည်မှန်းချက်ကို သတ်မှတ်ပါ

ရည်မှန်းချက်ကို ပေါက်မြောက်နိုင်ဖို့အတွက် ပထမဆုံး တိကျ သေချာတဲ့ ရည်မှန်းချက်တစ်ခု သတ်မှတ်ခြင်းဟာ အဓိက အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာဖြစ်ချင်တယ် ဆိုတဲ့ ရည်မှန်းချက်ကို သေချာ ဆုံးဖြတ်ချက် မချနိုင်ဘူး ဆိုရင်တော့ အောင်မြင်ဖို့အတွက် လမ်းမရှိနိုင်ပါဘူး။

သင့်ကို ရည်မှန်းချက်ကနေ လွတ်မြောက်သွားစေမယ့် တံတား ဟူသမျှကို ဖျက်ဆီးပစ်ပါ။ သင့်ကိုယ်သင် ဒီ ရည်မှန်းချက် လမ်းဆုံးကနေ မလွတ်မြောက်နိုင်ဘူးလို့စိတ်ကူးကြည့်မယ် ဆိုရင် ဒါကို အောင်မြင်ဖို့အတွက် သင့်အစွမ်း ရှိသမျှနဲ့ တိုက်ခိုက်မှာ ဖြစ်ပါတယ်။ လမ်းဆုံးရင် သင့်ရည်မှန်းချက်ကို ရောက်ကို ရောက်မယ် ဆိုတဲ့ အပြုသဘော အတွေးကလည်း သင့်လုပ်ငန်းကို မှန်ကန်တဲ့ လမ်းဆီ ဦးတည်ပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေပါ

သင့်ဆန္ဒ သင့်ရည်မှန်းချက် အောင်မြင်ဖို့နဲ့ ပတ်သက်ပြီး သင့်ကိုယ်သင် ပုံမှန် သတိပေးနေသင့်ပါတယ်။ ဥပမာ သင့်မှာ စီးပွားရေး ရည်မှန်းချက် တစ်ခု ရှိတယ် ဆိုရင် နောက်တစ်ဆင့် ဘာလုပ်မယ် ဆိုတာမျိုး အစီအစဉ်ဆွဲထား သင့်ပါတယ်။ အဲဒီနောက် သင် ပုံမှန် မြင်နေနိုင်မယ့် နေရာမျိုးမှာ ဘာလုပ်စရာတွေ ရှိနေတယ် ဆိုတာ ကပ်ထားပါ။

လူတိုင်း သူတို့ရဲ့ ရည်မှန်းချက်ကို မေ့မသွားအောင် သတိပေးနေဖို့ ကိုယ်ပိုင် နည်းလမ်း ရှာဖွေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ကလည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုမှသာ သင် ဘယ်လောက် အောင်မြင်ချင်နေတယ် ဆိုတာကို မေ့မသွားပဲနဲ့ အောင်မြင်မှုကနေ သွေဖည်မသွားအောင် လုပ်ပေးနိုင်တာ မို့ပါပဲ။တစ်ချိန်တည်းမှာပဲ သင့်ကို တွန်းအားပေးမယ့်အပြင် သင့်ရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပိုမို နားလည်လာအောင် အကူအညီ ပေးနိုင်မယ့် အချက်အလက်တွေ ဗဟုသုတတွေကို ရှာဖွေဖို့လည်း မမေ့သင့်ပါဘူး။ သင့်ရည်မှန်းချက်နဲ့ သင့်လျော်တဲ့ စာအုပ်တွေ၊ web site တွေကို ဖတ်ရှု၊ ကြည့်ရှုခြင်း ကလည်း ကောင်းမွန်တဲ့ စတင်ခြင်း ဖြစ်ပါတယ်။

စိတ်ကူးသစ်တွေ ရယူပါ

ရည်မှန်းချက် အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ လူတွေရဲ့ စိတ်အားထက်သန်မှုကို လေ့လာတာကလည်း သင့်ကိုယ်ပိုင် စိတ်အားထက်သန်မှုကို အမြင့်ဆုံးအဆင့် ရောက်အောင် ထိန်းသိမ်းထားနိုင်ဖို့ အတွက် အရေးကြီးပါတယ်။ အောင်မြင်နေတဲ့ လူတွေကို မပြိုင်ဆိုင်နိုင်ရင်တောင် အပြုသဘောအတွေးနဲ့ စတင်ပြီး အောင်မြင်သူတွေကို ဥပမာယူပြီး သူတို့ အတွေ့အကြုံတွေကို ကိုယ်ပိုင် တိုးတက် အောင်မြင်မှုအတွက် အကူအညီပေးနိုင်မယ့် ဗဟုသုတ အရင်းအမြစ်တွေ အဖြစ် သဘောထား ကြည့်မြင်သင့်ပါတယ်။

အကြီးဆုံး အမှားကတော့ သင်က အရာအားလုံးသိပြီးသား ဖြစ်လို့ ဘယ်သူကမှ အသိအမြင် ထပ်မပေးနိုင်တော့ဘူးလို့ထင်နေတာပါပဲ။ တစ်ချို့အရာတွေကို သင့်ထက် ပိုကောင်းအောင် လုပ်နိုင်ပြီး အောင်မြင်အောင် လုပ်နိုင်နေတဲ့ လူတွေ ဆီကနေ လေ့လာပြီး သင့်ရဲ့ ချို့ယွင်းချက်တွေကို ပိုကောင်းအောင် ကြိုးစားသင့်ပါတယ်။

အပျက်သဘော မကောင်းမြင်တတ်တဲ့ သူတွေကို ရှောင်ကြဉ်ပါ

သင်ကိုယ်တိုင် တစ်ခါမှ မတွေးဖူးတဲ့ အရာတွေကို သင့်ပတ်ဝန်းကျင်က လူတစ်ချို့က တမင်ပဲ ဖြစ်ဖြစ် အမှတ်တမဲ့ပဲ ဖြစ်ဖြစ် အပျက်သဘော ပြောပြီး သင့်ရည်မှန်းချက်ကို ပျက်စီးစေတတ်ပါတယ်။ ယုံကြည်မှုနဲ့ လုပ်ဆောင်နိုင်တဲ့ အရာ တစ်ခုခုကို ကြိုးစားမကြည့်ပဲနဲ့ ဘဝကို အပျက်ဘက်ပဲ ရှေးရှုနေတဲ့ မကောင်းမြင်တတ်တဲ့ လူတွေ သင့်ပတ်ဝန်းကျင်မှာ ရှိနေရင် သင့်ရည်မှန်းချက်ကို ရောက်အောင် ကြိုးစားတဲ့ နေရာမှာ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အဲသလို လူတွေက သင့် စိတ်အားထက်သန်မှုကို လျော့နည်းစေပြီး သင့်စိတ်ထဲက အကောင်းမြင်စွမ်းအင်တွေကိုပါ ပြောင်းလဲစေကာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်စေမှာ ဖြစ်လို့ပါပဲ။

အမြဲတမ်း အပြုသဘော တွေးတောတတ်တဲ့ အကောင်းမြင် ဝါဒီတွေနဲ့ နီးနီးကပ်ကပ် ရှိနေရင်တော့ သင့်ကို ကြိုးစားမြဲ ကြိုးစားဖို့ တွန်းအားပေးတတ်တဲ့ အတွက် သင့်ရည်မှန်းချက်ကို လွယ်လွယ်ကူကူ ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင့်ရည်မှန်းချက်တွေ သင့်အိပ်မက်တွေကို မှားယွင်းတဲ့ လူတွေကို သွားမပြောမိပါစေနဲ့၊ သူတို့ရဲ့ ဝေဖန် အကြံပေးမှုတွေ အောက်မှာ သင့်ကို စိတ်ပျက်စေမှာ မို့လို့ပါပဲ။

သင့်ရည်မှန်းချက်နဲ့ ပတ်သက်ပြီး သင့်ကို နားလည်ပေးပြီး အထောက်အကူ ပေးနိုင်တဲ့လူ၊ ဒါမှမဟုတ် သင်နဲ့ ရည်မှန်းချက် တူညီတဲ့ သူတွေနဲ့ မျှဝေပါ။ ဒီလိုလူတွေနဲ့မှ အတွေ့အကြုံတွေ ဗဟုသုတတွေ အချင်းချင်းမျှဝေပြီး အားနည်းချက်တွေ အခက်အခဲတွေ အတွက်လည်း တစ်ယောက်နဲ့ တစ်ယောက် ကူညီ ထောက်ပံ့နိုင်ကြမှာ ဖြစ်ပါတယ်။

အကောင်းဘက်က တွေးတော ခံစားပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

နောက်တစ်ချက်က သင့်ကိုယ်သင် သဘာဝအတိုင်း ဘယ်လို ခံစားမိသလဲ ဆိုတာပါပဲ။ သင်ကိုယ်သင် ကောင်းမွန်တယ် လို့ ခံစားမိသလား ဒါမှမဟုတ် သင်က မှန်ကို ရှောင်တတ်တဲ့လူလား။ သင့်ရဲ့ပုံပန်းသဏ္ဍန်၊ အဝတ်အစား၊ ကိုယ်အလေးချိန်၊ သပ်ရပ်သန့်ရှင်းမှု စတာတွေကိုရော ဂရုစိုက်ရဲ့လား၊ ဒါတွေကို ပြုပြင်ဖို့အချိန်မပေးနိုင်ဘူးလား။

ဒီအချက်ကို တစ်ခြားဘက်က ကြည့်ကြပါစို့။ တကယ်လို့သင်သာ သင့်ရည်မှန်းချက်ကို အောင်မြင်ပြီးပြီ ဆိုရင်ရော ဒါတွေကို ကောင်းမွန်အောင် ဘယ်လို လုပ်မှာလဲ။ အခုနဲ့ အတူတူပဲဖြစ်မှာလား၊ ပြောင်းလဲမှာလား။ ဒီမေးခွန်းကို ပြောင်းပစ်မှာပေါ့ ဖြေတယ် ဆိုရင် အခုကတည်းက စတင်ပြီး သင်အောင်မြင်ပြီးသားလို့ စဉ်းစားပြီး ပြောင်းလဲလိုက်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကိုယ့်ပုံပန်းသဏ္ဍန်ကိုလည်း စတင် ပြောင်းလဲလိုက်ပါ။

သင်ဟာ အောင်မြင်မှု လမ်းမပေါ် ရောက်နေပြီလို့ ခံစားနေသင့်ပါတယ်။ သင် အောင်မြင်မယ်လို့ ယုံကြည် တွေးတောပြီး အဲဒီအတိုင်း ပြုမူနေထိုင်တဲ့ အခါ သင်ဟာ အောင်မြင်မှုနဲ့ ပိုပြီး နီးကပ်လာပါလိမ့်မယ်။

သင့်အောင်မြင်မှုအတွက် ကိုယ်တိုင် ပြင်ဆင်ပါ

ဥပမာ သင်က အဆင့်မြင့် ရာထူးကြီးသူ တစ်ဦး ဖြစ်ချင်တယ် ဆိုပါစို့။ သင့်အထက်အရာရှိတွေ ဘယ်လိုပုံစံ ဝတ်စားဆင်ယင်သလဲ၊ ဆံပင်ပုံ ဘယ်လိုထားသလဲ ဆိုတာမျိုး သတိထားကြည့်ဖူးပါသလား။ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ရှိနေတဲ့ သူတို့ ပုံစံနဲ့ သင်နဲ့ ကွာခြားနေတယ် ဆိုတာကိုရော သတိထား ကြည့်ဖူးပါသလား။ သင့်ရည်မှန်းချက်က သူတို့ထဲက တစ်ယောက် ဖြစ်ဖို့ ဆိုရင် ခုကတည်းက စတင်ပြီး အဝတ်အစား အမူအယာ၊ ဆက်ဆံပုံ စတာတွေကို အတုခိုးသင့်ရင် ခိုးရပါမယ်။

သင့်စိတ်ထဲမှာ ရှိတဲ့ သင့်ရဲ့ ပုံရိပ် အစစ်အမှန်ကို သင်ဖန်တီးနိုင်ပြီ ဆိုရင် သင့်ရည်မှန်းချက်ကို ရနေပြီးတဲ့ လူလို စတင်ပြီး ပြုမူလှုပ်ရှားပါ။

အခုကပဲ စတင်လိုက်ပါ

သင့် ရည်မှန်းချက်ကို အောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ အဆင့်ကတော့ သင့်ရဲ့ စတင် လုပ်ဆောင်မှုကို မနက်ဖြန်မှ၊ နောက်တစ်နေ့မှ၊ တနင်္လာနေ့မှ စလုပ်မယ် ဆိုပြီး မရွှေ့ဆိုင်းဖို့ပါပဲ။ အဲသလို ရွှေ့ဆိုင်းနေခြင်းက သင့်အားနည်းချက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သဘော ဖြစ်စေပါတယ်။

သင် တစ်စုံတစ်ရာကို အမှန်တကယ် အောင်မြင်ချင်တယ် ဆိုရင် အခုကပဲ စတင်လိုက်ပါ။ အခုလောလောဆယ်ဟာ မှန်ကန်တဲ့ အချိန်ပါပဲ။ ရွေ့လျှားမှုတိုင်း၊ ခြေလှမ်း တစ်ဆင့်ချင်းတိုင်းဟာ သင့် ရည်မှန်းချက် ပန်းတိုင်ကို ဦးတည်နေသင့်ပါတယ်။


 
ကျွန်တော်တို့ရဲ့ အောင်မြင်မှုက ကြိုးစားအားထုတ်မှု၊ အချိန်၊ ယုံကြည်မှုနဲ့ အဲဒါတွေကို ခွဲဝေ အသုံးချတတ်မှုနဲ့ ပတ်သက်နေပါတယ်။ ကြိုးပမ်းအားထုတ်မှုက ရလာတဲ့ အကျိုးအမြတ်က ကျွန်တော်တို့ ရည်မှန်းချက်ကို အောင်မြင်အောင် တွန်းအားပေးတဲ့ လုပ်ချင်တဲ့ စိတ်ဆန္ဒတွေအပေါ်မှာ အခြေခံပါတယ်။

ကျွန်တော်တို့မျှော်လင့်ချက်တွေကို မပျက်ပြားစေပဲ၊ မစွန့်လွှတ်ပဲ ကိုယ်ကိုယ်တိုင်အပေါ် ယုံကြည်သင့်ပါတယ်။ ကျွန်တော်တို့ အိပ်မက်ခဲ့တဲ့ အရာတွေကို အောင်မြင်ဖို့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုတယ်လို့ ရိုးရိုးလေးပဲ ယုံကြည်ထားလိုက်ပါ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ သစ္စာဖောက်ရင် ကိုယ့်နောက်ကျောကိုယ် သစ္စာဖောက်တဲ့ သဘောပါပဲ။

သွားရမယ့် လမ်းတစ်လျှောက်မှာ ကြုံတွေ့လာမယ့် အခက်အခဲတွေ အပေါ်မှာ အာရုံမစိုက်ပဲနဲ့ အောင်မြင်လာတဲ့အခါ ဘယ်လောက်များ ကျေနပ်စရာ ကောင်းမလဲ ဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်ထားပါ။ အပြုသဘောအတွေးက ကျွန်တော်တို့ကို လိုချင်တဲ့ ဆန္ဒတွေဆီ ရောက်ဖို့ ဦးဆောင်ပေးပါတယ်။ အရာရာတိုင်းကို အောင်မြင်အောင် ကြိုးစားနိုင်တယ် ဆိုတဲ့ စိတ်ဓါတ်ကလေးက သင့်ကို ပျော်ရွှင်မှုနဲ့ ယုံကြည်မှုကို ဖြစ်စေမှာပါ။

ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ဆန္ဒတွေ၊ အိပ်မက်တွေကို အမှန်တကယ် ဖြစ်စေဖို့အတွက် အချိန်က ရောက်နေပါပြီ။ ကျွန်တော်တို့ကို တားနိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။



Alex Chris ရဲ့ Thinking positive is the key to your success ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

10 May, 2013

မေဦးမိုး


ငြီးငွေ့တေးသွားတွေ ဆိုညည်းနေတုန်း
ပြတင်းပေါက်ထဲ မိုးငွေ့တွေ ရိုက်ခတ်လာတယ်
မိုးခေါင်ရေရှားရပ်ကွက်က ငါးတွေ ရယ်မောစပြုလာပေါ့။
ပက်ကြားအက် စိတ်ဓါတ်တွေကတော့
ရေအိုင်ထဲလို အလွယ်တကူ ဖြည့်ဖို့ လွယ်မှာမဟုတ်ဘူး။

ဝိုင်တစ်စက်မှ မသောက်ပဲ မူးနေသူပါ..
အလိမ်အညာအငွေ့တွေ မိနေခဲ့တာ အတော်ကြာပြီးတဲ့နောက်
နွေနှောင်းရဲ့ ရူးသွပ်အရိပ်တွေ ပြန်မလိုချင်တာ အထာကျရဲ့။

မင်းမသိတဲ့ငါနဲ့ ငါမသိတဲ့မင်းရဲ့ ဇာတ်လမ်းပဲ
မိုးတိမ်ညိုတွေရဲ့ အစကို ရှာမတွေ့နိုင်သလိုမျိုး
ဘယ်သူက စခဲ့မိမှန်းတောင် မသိလိုက် မသိဘာသာနဲ့
ဖြုန်းခနဲ ရွာချလိုက်လေတယ်။

မေက မေလို မကျင့်ကြံနိုင်မှတော့
ငါ့တစ်ကိုယ်စာ အတ္တကို ဘာကိစ္စ ထိန်းသိမ်းရမလဲ
မိုးဆိုတာ ရွာချင်တဲ့ အချိန် ရွာမှာပါ
အကြောင်းရင်း သိဖို့က ငါ့အလုပ်မှ မဟုတ်လေတာ။

မေက မေပီပီသသ ခဏတောင် မနေနိုင်ခဲ့တာ
အဲဒီ မိုးတွေ စလာကတည်းကပေါ့..။
ငါ့ပန်းပွင့်ကလေးတွေ အနားသတ်မလှမှာစိုးလို့
စိုရုံရွာဖို့ တောင်းပန်ချင်တာတောင် မရတဲ့အခါ
သည်းကြီးမည်းကြီးကိုသာ မငြိုငြင်ဖို့ ရှိပါတော့တယ်..။

မေက မုတ်သုန်ကို ကြိုဆိုရမှာလား မကြိုဆိုရမှာလားတောင် မသေမချာနဲ့ပဲ
ကောင်းကင်ရဲ့ မျက်ရည်နဲ့ နွေနှောင်းတွေကို လှပစေ..
ဘယ်အချိန်ကတည်းက မာကျောအေးခဲ နေတဲ့ နှလုံးသားမို့လည်း
ရွာချချိန်မှာတောင် အေးခဲ နေခဲ့တာလေ..။

သိင်္ဂါကျော်
 

02 May, 2013

ကြူတတ်သူ မဟုတ်ပါ

အသိခေါက်ခက် အဝင်နက်နေခဲ့တယ်
စိတ်အာဟာရလို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးပြီး
အချစ်ခံရအောင် ကြိုးစားနေခဲ့မိသလိုလို။

ပျော်ပျော်ပါးပါး သန့်သန့်ရှင်းရှင်းလေးပါ
ကျွန်မကို နွေးထွေးစေတဲ့ စာကြောင်းလေးတွေ လက်ခံပေးရုံ
သူတို့ကို နာကျင်စေရမှာ စိုးလို့ပါ
တမင်တကာ မပြတ်သားခဲ့မိရုံ။

မချစ်တတ်ဘူးလို့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
အချစ်ကို သိမ်းထားရုံ သိမ်းထားခဲ့မိတယ်
ဘယ်သူ့ကိုမှ ထွက်မသွားခိုင်းရက်ဘူး။
ကျွန်မနှလုံးသားကိုသာ အနာကျင်ခံပြီး
ထွက်သွားချိန်ကို စောင့်ပါ့မယ်။

ကျွန်မကို မိုက်မဲတယ်လို့ ပြောချင်ကြသလား
အများကြီးစီစစ်ပြီးမှ သူငယ်ချင်းအနည်းငယ်လောက်သာ ရွေးချယ်ထားတာပါ၊
ချစ်ခြင်းရဲ့ ဖြစ်ပျက်သဘောတရားကို နားလည်နေပေမယ့်
ယုံကြည်လောက်အောင် ပြောကြတဲ့အခါ
လက်ရှိ ခံစားချက်လေးကို ယုံပေးလိုက်တယ်
တခဏလေးပဲဖြစ်ဖြစ် စိတ်ချမ်းသာရပါစေပေါ့။

ကျွန်မကို မျက်နှာများတယ်လို့ စွပ်စွဲချင်ကြသလား
message တစ်ကြောင်းစာမှ ကတိတွေ မပေးခဲ့ဖူးသူပါ
ချစ်ခြင်းတရားကို မျက်နှာလွဲခဲပစ် မပြုလိုရုံ သက်သက်သာ။

လူတိုင်းဟာ ချစ်ခြင်းတရားမှာ သာယာတတ်ရဲ့
အိပ်မက်ဆိုတာ နိုးလာတဲ့အချိန်မှာ ပျက်ပြယ်မယ်သိသိနဲ့ပဲ
မက်ခဲ့ဖူးကြသလိုမျိုး
အပြင်လောကမှာ ဘယ်သူ့ရဲ့ ဂရုစိုက်မှုကိုမှ မခံရဖူးတဲ့ ကျွန်မလိုလူက

စိတ်ရင်းမှန် ဟုတ်မဟုတ် မသိနို်င်တဲ့ နှစ်လိုစရာ message တွေအပေါ်မှာ ပျော်ဝင်ရင်း
ခေတ္တခဏလောက် အထီးကျန်မှုကနေ ရှောင်ထွက်လိုရုံ သက်သက်သာ။

သိင်္ဂါကျော်